အသုဘ ခန္ဓာ အကြောင်း…
ခုတလော ကျနော် အနာကြီးရောဂါသည်တွေရဲ့ ကလေးများအတွက် ပညာရေး ထောက်ပံ့ဖို့ဆိုပြီး အလှူခံတွေ နေ့တိုင်း သွားကောက်နေရတယ်။ အဲဒီလို သွားရင်းလာရင်းနဲ့ စဉ်းစားမိတာတစ်ခုရှိတယ်။ အနာကြီးရောဂါ အကြောင်း ပေါ့။ တကယ်တော့ တို့ခန္ဓာကြီးကအနာကြီးတစ်ခုလိုပါပဲ။ တချိန်လုံး ပြည်ပုပ် တွေ ထွက်နေလိုက်တာ။ မျက်လုံးကလည်း ပြည်တွေ ထွက်တယ်၊ နှာခေါင်း ကလည်း တရွှဲရွှဲနဲ့၊ နားထဲ ကလော်ကြည့်ပါလား ။ဘာတွေ့လဲ ပြော..။ ပါးစပ် ကဆို အပုပ်ရည်တွေချည်းပဲနော်။ခန္ဓာက ထွက်လာသမျှ တစ်ခုမှ ကောင်းတာ မရှိပါလား။ ဒီတော့ ကိုယ့်ကိုကိုယ်တောင် ပြောမိတယ်။ အနာကြီးရောဂါသည် အစစ်က တခြားအနာကြီးရောဂါသည်တွေရဲ့ ကလေးတွေအတွက် ကောက် လိုက်ပါဦး လို့သာပြောပြီး ရန်ပုံငွေတွေ ရှာခိုင်းနေရတယ်။
ဒီတော့ ရေချိုးရင်းနဲ့ ဘာတွေးမိလဲဆိုတော့ တို့ ဒီအနာခန္ဓာကြီးကို ဖန်ဆေးပေးနေပါလားလို့။ ရေ အခါခါချိုးရင် ဖန်အခါခါဆေးတာပေါ့နော်။ ဒါလည်း လုံလောက်မှာ မဟုတ်ပါဘူး။ အချိန်ပြည့် ပြည်တစိုစို၊ ချွေးတစိုစိုနဲ့ အနာကြီးက ထုတ်ပေးနေတာလေ။ နောက် ရေချိုးပြီးလို့ သနပ်ခါးလိမ်းတယ်ဆိုရင်ပဲ ဪ.. ဒါ ဒီအနာကြီးကို ဆေးလူးပေးနေရ ပါလားလို့ တွေးမိပါရဲ့။ အင်္ကျ ီအဝတ်အစားဝတ်တော့ရော ဘာထူးလဲ။ ဒီအနာကြီးကို ကျပ်စည်းပေးရတာပေါ့။ ဒီ ကျပ်စည်းရတာကို ပဲ သောင်းချီ၊ သိန်းချီ အကုန်ခံပြီး ပြိုင်နေတာတွေ ရှိတယ်နော်။
သူ့ပတ်တီး၊ ငါ့ပတ်တီး ဘယ်ဟာက ဘယ်လောက်တန်တယ်ဆိုပြီးတော့လေ။ ဒီပတ်တီး ကိုမှ စိန်တွေ တပ်ပြီး ဂုဏ်ယူချင်နေကြသေးတယ်။ ဪ ဒုက္ခပါပဲ။ ပတ်တီးကလည်း တံဆိပ်အစုံထွက်တယ်နော်။ အကုန် ရောဂါသည် တွေချည်းပဲဆိုတော့ ပတ်တီးမပါလို့ မှ မရတာနော့။ အဲဒီတော့ ဒီတံဆိပ်တွေ အပေါ်မှာ လိုက်ပြီး မာန်တက်နေကြတာတော့ တော်တော့်ကို ဆိုးပါတယ်။ တချို့ကျ လည်း မလုံတလုံတွေဝတ်ပြီး ကိုယ့်ရဲ့စက်ဆုပ်ဖွယ် အနာကြီးကို ကြွားနေ လိုက်တာ။ ဒုက္ခ ဒုက္ခ။ ဒါကို အငမ်းမရ လိုက်ပြီး သရေယိုတာတော့ ပြည်ယိုနေတဲ့အနာကို သကာရည် ဖုံးတဲ့အပေါ် အညာမိနေကြတာနေမှာပေါ့။ မသိပါဘူး။ သနားလည်း သနားမိပါရဲ့။ ကဲ.. ထားပါတော့။
နောက် ထမင်းစား တယ်။ ဒါကတော့ ဒီအနာအတွက် ဆေးသောက်ပေးနေရတာ၊ ဓာတ်စာ ကျွေးနေရတာပဲမဟုတ်လား။ ဒီလိုဆေးလေးတွေ ပါးစပ်ကနေ အချိန်မှန် ကျွေးပေးမှ ပြည်ပုပ်တွေ ပြန်ထွက်လာမှာပေါ့။ ဒါကတော့ စွန်ု့ထုတ်တာကို ပြောတာပါ။ ကဲ.. ဒါဆိုတစ်နေ့တနေ့ အနာကို ဓာတ်စာကျွေးလိုက် ခန္ဓာတွင်းက အညစ် အကြေးတွေ စွန့်လိုက်၊ ဖန်ဆေးလိုက်၊ ကျပ်စည်းလိုက်နဲ့ အားရတယ်ကိုမရှိပါဘူး။ ဒိလို လုပ်ပေးနေတာတောင် ဒီအနာကြီး က သက်သာ ပျောက်ကင်း သလား ဆိုတော့ ဝေးပါသေးတယ်။ အသေဘက် ကို တစ်နေ့ တစ်နေ့ အမြန်ခုတ်မောင်းနေလိုက်တာ မောနေပါပြီ။ အခုဆိုရင် မရဏ ဘူတာကို ဆိုက်ရောက်ဖို့ သိပ်မလိုတော့ပါဘူးလေ။ ရောက်တော့မှာပါ့။ ခုလား ? ။ ခဏနေလား ? ။ မကြာမီလာမည် မျှော် ရမှာပေါ့နော်။
အော်.. ခုမှပဲ အနာကြီးဒုက္ခသည် အစစ်နဲ့ တွေ့ရတော့တယ်လို့ မှတ်ပါနော်။ ကဲ.. ဒီနေ့တော့ သူ့ကို ဖန်ဆေးပြီး ကျပ်စည်းမယ်၊ ပြီးရင် ဆေးလိမ်းပေးမယ်။ ဓာတ်စာ ကျွေးလို့ ပြည်ပုပ်အညစ်အကြေးတွေ ထုတ်ပေး ရမှာမို့ မအားရှာတဲ့ ကျနော့်အဖြစ်ကို နားလည်တဲ့အနေနဲ့ ဒီလောက်နဲ့ပဲ တော်ကြမယ် နော်။
9 comments
မောင် ပေ
May 26, 2013 at 6:56 pm
ငါ သည် မုချ အိုရမည်
ငါ သည် မုချ နာရမည်
ငါ သည် မုချ သေရမည်
အချိန်တွေက စကားပြောမည် ( မှတ်ချက် အချိန်တွေက စကားပြောမည် ဆိုတာ ကိုယ့်ဖာသာထပ်ဖြည့်ထားတာ )
ထို ့ကြောင့် မအိုခင် ၊ မနာခင် ၊ မသေခင်
ဒါန ၊ ဘာဝနာ အားထုတ်ရင်း အချစ်တရားများဖြင့် ရှင်သန်သွားကြပါကုန်
ဝှူးလေး ၊ လေးစားပါတယ်
kyaw hteik
May 26, 2013 at 7:46 pm
ဟုတ်ပါတယ်။ကျနော်တို့တတွေက အပုပ်ကောင် ရုပ်ဆောင်နေတာကိုမသိကြဘူး။ ငါ့ခန္ဓာ ငါ့ရုပ်
ငါ့ရည်ဆိုပြီ မန်တက်နေကြတာပါ။ အချိန်တန်တော့ ဒီအပုပ်ကောင်ကြီး ကိုစွန့်ခွာသွားကြရမှာပါ။
kai
May 27, 2013 at 4:27 am
Perception is unique to every individual and is simply one’s interpretation of reality. The phrase “Is the glass half empty or half full” can be referred to as a philosophical question.
ဦးကြောင်ကြီး
May 27, 2013 at 8:55 am
သာဂျီးကတော့ သူ့ခန္ဓာဂျီး မပုပ်ဘူးတဲ့.. ရေမွှေးတနေ့ ဆယ်ကြိမ်ဆွတ်တယ် ဆိုလား…. အီအီးပါရင်တောင် ဖင် စပရေးဖြန်းပီးမှ ပါလို့ နံဗူးဒဲ့… အခုလည်း ကိုဘေးနွားဂျီးကို ဂျင်းဆနွင်း ဆား အချိုမှုန့်နယ်ပီး ကင်နေလေရဲ့.. တယ်မွှေးဆိုဗဲ… :eee:
အရီးခင်လတ်
May 27, 2013 at 4:45 pm
ကိုယ့်ခန္တာကြီးကို တင်စားပြီး ပြောနေတာမှတ်တယ်။
ကုသိုလ်ယူပြီး တကဲ့ အနာကြီး ရောဂါသည်တွေကို လုပ်ပေးဖို့က တစ်ခြား ပရဟိတ အလုပ် နဲ့ မတူ သမို့ အဲလို လုပ်ပေးသူတွေကို အတော်လေး ချီးကျူးရမယ်။
ရှိလဲရှိကြပါတယ်။
ရှားတော့ရှားမယ်။
လင်းဇော် ထက်
May 27, 2013 at 5:13 pm
ချီးကျူးပါတယ်ဗျာ အပြန်ခရီးအတွက် အထောက်အကူပြုတဲ့ လက်မှတ်တစ်စောင်ပေါ့ဗျာ
kyeemite
May 28, 2013 at 10:01 am
“ခုတလော ကျနော် အနာကြီးရောဂါသည်တွေရဲ့ ကလေးများအတွက် ပညာရေး ထောက်ပံ့ဖို့ဆိုပြီး အလှူခံတွေ နေ့တိုင်း သွားကောက်နေရတယ်။”
ကောင်းလေစွ..ကောင်းလေစွ..ကောင်းလေစွ
နွေဦး
May 28, 2013 at 12:07 pm
အော်…ငါ့ခန္ဓာကား..အနာပြည်ပုတ် တစွတ်စွတ်နဲ့
ပါတ်ဝန်းကျင် မြင်မကောင်း ပေမဲ့
ငါ့ခန္ဓာ ငါပြန်ကြည့်ပြီး အလှပြင်စရာ ပတ်တီးတွေ တန်ဆာဆင်လို့..
လူရာဝင်အောင် ဖန်တီးပေမဲ့
အတွင်းသဏ္ဍာန် စိတ်မနော နံနေရင်တော့
ဆယ်ခါပြန် အပြင် ကိုအလှဆင်ပေမဲ့
လူတကာရှောင်ဖယ်ကာပြေးလိမ့်မလွဲ…။
Ma Ma
May 28, 2013 at 3:38 pm
သံဝေဂဉာဏ်ရင့်သန်လာရင် တရားရဖို့ နီးပြီ။
ပုထုဇဉ်ဆိုတဲ့ ကိုယ်တိုင်တော့ သံဝေဂရလိုက်၊ မေ့သွားလိုက်နဲ့ပဲ……. :eee: