မန်းဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း (အမှတ်နှစ်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံး မင်္ဂလာပါဗျို့
ကဗျာပြခန်း အမှတ်နှစ်က ကြိုဆိုပါတယ်
ကဗျာလေးတွေကို အေးအေးဆေးဆေး ခံစားနိုင်အောင် လုပ်ပေးထားပါတယ်။
အစကဗျာကနေ အဆုံး ကဗျာအထိ ခံစားချက် အမျိုးမျိုးကို ပေးစွမ်းနိုင်မှာပါခင်ဗျာ။
ဒါဆို အေးအေးဆေးဆေး ကြည့်ကြပါခင်ဗျ။
*** အချို့အချို့သော ပုံများတွင် စာသားများအား ထင်ရှားစွာ မမြင်ရပါက အဆိုပါ ပုံပေါ်တွင် Click တစ်ချက်နှိပ်၍ ကြည့်ရှုခံစားနိုင်ပါကြောင်း ***
>>> ကဗျာစာသားချည်းသာ ဖတ်ရှုလိုပါလျှင် <<<
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ရွှေလရောင်
သခင်ကိုယ်တော်မှိုုင်း
(၁၈၇၆ – ၁၉၆၄)
မြို့လုလင် သာတဲ့ကွန်းဆီသို့
တို့သခင် စာဖွဲ့လို့ ညွှန်းလိုက်ကဲ့
ဒါနဲ့ လွမ်းကြပေတော့ကွာ။
မြို့သူကြီးရယ်လို့
တို့ထီး နေတမျှပေပေါ့
ရွှေလရောင် ဘွဲ့သတင်းရယ်နဲ့
ဦးမင်းရောင် ဗိုလ်ဝင်ခံလို့မို့
ဟိုအလျင်ယမန် စစ်အင်ကျင်းတယ်
ခင်းတဲ့ဗျူဟာ။
မြတ်လောကီ သဘာဝတွင်ဖြင့်
ဓာတ်လောကီ ခါမရတာမို့
မြန်မာမျာ့ ဘုန်းသမ္ဘာ
ရှုံးပါပေါ့ ကံတမျိုး။
မန်းအပျက်မှာ
စန်းလဂ် မသာမယာမို့
ဗမာ ဗမာချင်းတောင်မှ
အတင်းရန်မူလို့
ရန်သူကို ရန်ဟူ၍မမှတ်တဲ့ပြင်
ကိုယ့်တပ်ကိုယ် ပြန်ကာနင်းကြတဲ့
ဖျင်းလှတဲ့ ကမြင်းမအကောင်ဗိုလ်တချို့ရယ်က
ကိုယ်ဖို့ အလွတ်ရုန်းရော့မယ်လို့
တောင်ကုန်းသာသာယာယာ မြင်းမဏိစခန်းဆီက
တရှောင်ရှောင်ပုန်းကာ အတွင်းသိတဲ့
မင်းအမိဖမ်းချင်ကြတဲ့ပြင်
ပရမ်းပတာ တော်ရာလျော်ရာပြေးကြတော့
အရေးရှင် မကြံသာသနဲ့
ကံကြမ္မာ ရှေးဝဋ်ကြွေးပေထင့်
လေးတိုင်စဉ် ရွာအတွင်းတွင်ဖြင့်
အင်္ဂလိပ်တွေ အတင်းကြိတ်မဟေ့လို့စမ်းခဲ့တဲ့
တဖောင်ဖောင်သတင်း တပြောင်ပြောင်လင်းခဲ့တဲ့
တောင်တွင်းကသခင်ကို အောင်တြင်းမရခင်ဖမ်းတဲ့ပြင်
အကြမ်းပတမ်း မလုပ်ကောင်းသော်လဲ
ဦးခေါင်းဖြတ်ကာ အသေသတ်ကြသတဲ့
မကျေနပ်ရှာသူ ချောင်တပဲ့ဗန်းတို့ရဲ့
ပြေရပ်မှာ တဘောင်နဲ့လွမ်းကြပေတော့
တောင်တမန်းမြို့ နေလနှစ်ဆောင်အညှိုးတွင်ဖြင့်
ပြေမြန်မာ့တဘောင်မစိုးရရှာတဲ့
အခေါင်မမြန်း အမှောင်သန်းသမို့ အောင်ပန်းညှို့ခဲ့ရတဲ့
အောင်ဆန်းတို့ ရွှေလရောင်အဖိုး။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ရင်ကွဲသူ
ညီညွတ်ခြင်းကိုလိုလားလို့
မညီမျှခြင်းတွေကို
ညီမျှခြင်းချဖို့ကြိုးစားရင်း
ကိုယ်ကိုယ်တိုင်ဒေါသနဲ့စစ်ခင်းရတဲ့အခါ
ရင်ကွဲနာကျသမို့
ငါကသဲတပွင့်တောင်ဖြစ်ဖို့
မထိုက်တန်တဲ့သူ။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
အငယ်အနှောင်းမြို့
မြို့ကလေးမှာ . . .ညနေခင်းတွေဆို
သနပ်ခါးနံ့သင်းသင်းတွေ သယ်ယူလာတဲ့လေညှင်းဟာ
မြစ်ပြင်ကိုဖြတ်သန်းပြီး ကုန်းတွင်းပိုင်းကို
သတင်းအစုံအလင်နဲ့ ဝင်ရောက်လာကြပြီ
နီယွန်မီးရောင်ဟာ . . .
လိုအပ်တာထက်ပိုပြီး မှုန်ဝါးလာ
အမှောင်ကလည်း သဘာဝကိုချိန်သားကိုက်ဖို့
လမ်းရှင်းပေးထားပြီး
ညဟာ . . .အနာဂတ်ကို ကြိုတင်တွေးထားလေ့မရှိတဲ့
အဖြစ်အပျက်တို့မှာ ပါဝင်ပတ်သက်လို့
လမ်းတွေဟာ တစ်စုံတစ်ရာကို မျှော်လင့်နေသလို
ပြတင်းတံခါးတွေကလည်း တစ်စုံတစ်ရာကို ရေငုံနှုတ်ပိတ်လို့
မီးခဲပြာဖုံးနေတဲ့မြို့ကလေး နိုးထလာပြီ
မြို့ကလေးဟာ . . .
သူ့ရဲ့ လိုအင်တွေ ပြည့်ဝဖို့အတွက် လန်းဆန်းတက်ကြွနေပေမယ့်
အဝေးမိုးသားမှာ ညှို့နေတဲ့ တိမ်တွေကို မျှော်ပြီး
မျက်ရည်တို့ စို့တတ်တယ် . . .
နေရောင်ခြည်မကျရောက်တဲ့မြို့ကလေးဟာ
ကိုယ့်ဘာသာ အမြီးအမောက်တည့်အောင်ပြုပြင်ရင်း
တောင်းဆိုခြင်းမရှိတဲ့ မေးခွန်းတွေအောက်မှာ ပိနေတယ်
မြို့ကလေးဟာ မိမိရဲ့အဝင်တံခါးဝမှာ မင်္ဂလာပါလို့
လိုလိုလားလာ း ဖိတ်ခေါ်တတ်ပေမယ့်
မိုးခိုသူတို့ လက်ပြ နှုတ်ဆက်သွားချိန်မှာ
မှိုင်းမှိုင်းပျပျလွမ်းဝေး တိတ်ဆိတ်လို့လေ
အခုတော့ မြို့ကလေးအကြောင်း
တစ်စွန်းတစ်စ ကြားမိတယ ်
မြို့ကလေးဟာ ယဉ်ယဉ်ကျေးကျေးသားသည်အမေ
တစ်ယောက်ဖြစ်လို့
မြို့ကလေးဟာ ဖွယ်ဖွယ်ရာရာ ဝမ်းနည်းတည်ငြိမ်လို့
မြို့ကလေးဟာ နောက်တော့လည်း မြို့ှုကလေးပီပီ
မြို့ကလေးရဲ့ သိက္ခါ အတိုင်း
ရေကြည့်ရာ မြက်နုရာ ကဗျာကို
ပီပြီ့ပပြင် ရွတ်ဆိုလို့
သားချော့တေးတစ်ပုဒ်ကို
ဘဝနဲ့ရင်းပြီး ညဉ်းရင်းပေါ့ . . ..။ ။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
အောင်နိုင်သူ
ဒါနနဲ့သီလမပါ သေခါမှသိ
ဖိနပ်နဲ့ရေဗူးမပါနွေခါမှသိ ———–တဲ့
ရှေးဆိုရိုးလေးရှိခဲ့တယ်
ဒါပေမဲ့လဲ ငါတယောက်ထဲ
ရေဗူးမပါ ထီးဗလာနဲ့
ပေတရာထက်ငါထွက်ခဲ့တယ်
နွေနေရက်စက်
ချွေးကထွက်လဲ ငါ့ခြေထောက်ပေါ်ငါရပ်နိုင်ဖို့
ရှေ့ကိုကြိုးစားငါတက်လှမ်းသည်
နေရာတနေရာရခဲ့ပြီ။
တနေ့တလံ ပုဂံဘယ်မရွေ့
ဆိုထုံးလေးကိုနှလုံးမူလို့
ငါ့မြင်းငါစိုင်း စစ်ကိုင်း ရောက်ရောက်
ငါ့လှေငါထိုး ပဲခူး ရောက်ရောက်
ငါကြိုးစားလဲ ရှေ့သွားမရ
ကန့်လန့်ခံသည် ငါသည်လှုပ်မရပါတကား။
ဆူညံအော်ပွက်ငရဲခန်းထဲ
အော်ဟစ်သူထဲငါပဲမပါပဲ
ငါ၏နေရာ မပျောက်စေရာ
ငါ့မှာကြိုးပမ်းအံ့မခမ်းတည်း။
နီစိမ်းဝါရောင်စဉ်ဖြာလည်း
ငါမပါပဲရပ်မြဲရပ်လျှက်
ငါရှေ့မတက် ခရီးခက်။
ဆဲသံဆိုသံတညံညံနဲ့
အော်သံဆူပွက် ရှေ့ကိုဆက်သော်
သည်းထိပ်ရင်ဖို လှိုက်ကနဲဖိုသည်
ရှိုက်ကနဲငိုသည်
မြင့်တုံနိမ့်ညားငါခံစားလဲ
ငါကား ငါ့ဟာငါ့နေရာဟု တွန်းကာထိုးတိုက်မိုက်ခဲ့ပြီ။
ငါ၏နေရာရောက်သည်ခါဝယ်
စိတ်ဝယ်အေးချမ်းငါအောင်ပန်းကိုလက်ကမ်းယူကာချူခဲ့ပြီ။
ရည်ရွယ်ချက်များပြည့်စုံသွားလည်း
ငါကားဆင်းသက်မြေပြင်ထက်ဝယ် ကျူးရင့်လိုက်သည်
အသက်နဲ့ ခန္ဓာမြဲမြံစွာဖြင့် “မထသ” ကြီးငါစီးခဲ့ပြီ
ငါကားအောင်နိုင်သူပါတကား။ ။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
မှုန်ရီဝေဝေ မန္တလေး
ဆောင်းအဆင်း
နှင်းကြွင်းကမူန်ရီရီ။
ညိုနီနီ နန်းမြို့ရိုး ရယ်ကြောင့်
လွမ်းစိတ်က ဝေစီ။
ဟန်ချီချီ
လာပြန်ပြီ
လက်ပံနီတွေက
ပေးပြန်သည်ဒီအလွမ်းရယ်နဲ့
နန်းတစ်ခို
အလွမ်းပိုအောင်
ထန်ုးညိုညို
ညီနောင်အစုရယ်က
စိမ်းပြာလဲ့ ရေပြင်ဆီ
ပြေးဝင်ခစား
တားမရပါ
အလွမ်းဆာ
ငါ့ရဲ့စိတ်တွေက
ဝေးးးးးးးးးကာလ ဟို အတိတ်ဆီကို
မနှေးအမြန်
အပြေးပြန်လို့သွား…….။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
လဗျာကဗြွတ်
ဟေ့လဗြွတ်
ပလွတ်ပလွတ်
အဲဒီလိုကွယ်
ကဗျာရွတ်..
ကောင်းကင်တမွတ်
ကြယ်ကိုဆွတ်
အဟွတ်အဟွတ်
ဘယ်ကောင်ဘွတ်..
စာမှာအထွဋ်
အာသာတွတ်
ငါဟာမဂွတ်
တဏှာဝဋ်..
လာညာအချွတ်
ပျာတာဖွတ်
သာယာကညွတ်
စွာတာခွပ်..။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
အမျှ …အမျှ …
သူငယ်ချင်း ….
မင်းသိမလား
ငါတို့ဘာသာ
ယူ ဝါဒမှာ
ပေးဝေအမျှ
ကြားပါကမူ
စိတ်ကတူစွာ
သာဓုသာဓု
အာရုံပြုလို့
သဘောတူမျှ
ညီညွတ်ကြလျှင်
ကုသိုလ်ရှင်လိုရသတဲ့ ။
သူငယ်ချင်း ……..
မင်းသိမလားပဲ
ဒို့များနေရာ
ဒို့ပြည်ရွာတွင်
ထောင် မှာချုပ်ထား
ရာဇဝတ်သားသည်
အများသိမှု
မှတ်သားပြုလေ
လူပေ လူဆိုး
သူခိုး ဓါးပြ
ထို ဗာလတို့
အကုသိုလ်များလုပ်သတဲ့ ။
သူငယ်ချင်း…….
မင်းသိမလားပဲ
ရောင်နီကွယ်ပျောက်
ညကိုရောက်လျှင်
ညစဉ်မပြတ်
ထပ်ထပ်ရွတ်ဆို
ကြည်ညို ဖွယ်တမ်း
အချုပ်ခန်းက
အမျှ အမျှ
ပေးဝေငှသံ
ကြားရပြန်သော်
ကြံဖန်တွေးသိ
ကျောချမ်းမိသည်
မင်းစဉ်းစားကြည့်
ဝေသည့်အမျှ
အကုသလ ကို
ဘယ်လိုသာဓုခေါ်မှာလဲ ။ ။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
“ရွှေသည်ငါနဲ့ မထိုက်လေပြီ။´´
တစ်ခါပြောကြည့် မရပြန်တော့
နောက်တစ်ခါ ထပ်ပြောမယ်
နည်းနည်းလျှော့ပါကွယ်
ဒါလည်းမရ ခေါင်းခါပြတော့
ရှိတဲ့ငွေလည်း မပြည့်သေးလို့
ခြေဦးပြန်လှည့် ဆိုင်ကထွက်သည်၊
နှစ်နဲ့လကြာ စုလာငွေလေး
ထပ်ကာတိုးတော့
နောက်တစ်ခေါက်တစ်ခါ သွားဖြစ်ပြန်သည်
ထိုအခါဈေးတက် ဝယ်ရန်ခက်လို့
ခြေဦးပြန်လှည့် ဆိုင်ကထွက်သည်
ဒါနဲ့ဆိုရင် အကြိမ် အခါ မရေနိုင်ပါ၊
နှစ်တွေကြာပေါ့ အိုစာမင်းစာ
ရွှေစလေးတော့ စုမယ်ကြံကာ
ဝန်ထမ်းရတဲ့ လစာထဲမှ
မစားမရက် ချိုးခြံလျှက်နဲ့
ဒီတစ်ခါတော့ အတော်ရသမို့
လာမည့်တနင်္ဂနွေ ဆိုင်သွားမယ်လေ
အကြံထုတ်လို့ ပြုံးကာနေခဲ့
စနေညမှာ ဆေးရုံရောက်တာ
အစာအိမ်မှာ အနာဖြစ်သတဲ့
ရွှေဝယ်မဲ့အကြံ နှောင်းခဲ့ပြန်ပြီ
စုထားငွေလည်း သွားပေါ့ဆေးဘိုး
ဆေးရုံကဆင်း အလွမ်းပြေလေး
ဆိုင်ရှေ့ငေးကာ နေခဲ့ရတယ်
ရွှေသည်ငါနဲ့ မထိုက်လေပြီ။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ချစ်ခြင်းကဗျာ..
သူစိမ်းတစ်ယောက်လိုသိခွင့်ရ၊ သူစိမ်းအနေနဲ့ ခင်မင်ခွင့်ရပေမယ့်
အသစ်ထွန်းညှိလိုက်တဲ့ ဖယောင်းတိုင်ငယ်ပမာ အတွေးထဲ တဝဲဝဲလင်းခဲ့ရ..။
ဝင်ချင်မှဝင်လာပါ။ ကိုယ့်နှလုံးသားထဲရောက်နှင့်နေပြီ။
ပြန်ချိန်တန်ပြန်ပါ။ ကိုယ့်နှလုံးသားထဲ ထာဝရနေရာယူနှင့်ပြီလေ။
အတိတ်တံခါးကို ဖွင့်မပြချင်ဘူး။ အနာဂတ်တံခါးမှာပဲ တစ်ရက်တည်းဖြစ်ဖြစ်
မိုက်မိုက်မဲမဲလွမ်းခွင့်ပြုပါ.. ချစ်ရသူရာ..
အပြစ်ကင်းတဲ့ချစ်ခြင်းကဗျာ။
အိပ်မက်ထဲကနေ မြင်တွေ့ဖူးတဲ့ ရင်းနှီးမှုအနည်းစုနဲ့ပဲ ကိုယ်ချုံ့ချုံ့လေးနေပါရစေ။`
လတစ်စင်းရဲ့နှလုံးသားလောက်မဖြူစင်ပေမယ့်… ကိုယ့်နှလုံးသားက
မိန်ရာသီသို့ ရောက်လို့လာ…. အပြစ်ကင်းတဲ့ချစ်ခြင်းကဗျာ…။
လူဆိုတာ သီးခြားနေတတ်တဲ့ သတ္တဝါမဟုတ်ဘူး အချစ်ရှိတယ်။
အေးမြတဲ့မေတ္တာရှိတယ်… ပူလောင်တဲ့ ရယူလိုမှုလဲရှိရဲ့.။
ဘဝဆိုတာ လက်တွဲရတုန်းမှာ အင်အားအရှိဆုံးအချိန်ပါ။
အချစ်အတုမဟုတ်ပေမဲ့ စစ်မှန်တဲ့ မေတ္တာတရားဖြင့် ခံယူပါရစေ ချစ်ရသူရာ။
ကြင်နာခြင်းတွေ အများကြီးနဲ့ ဒီကမာ္ဘမှာ နာကျင်စရာအတိတ်မလိုပါဘူးကွာ
မင်းစိတ်ချမ်းသာဖို့ ငါ့အဓိက။ ထာဝရအတွက် ငါ့သစ္စာ။ အပြစ်ကင်းတဲ့ ချစ်ခြင်းကဗျာ။
အမှောင်တွေ သိပ်သည်းလို့လာ အလွမ်းတွေ
မျက်စိကြောင်နေတုန်းပဲကွာ…။
ဟိုဝင်ရိုးစွန်းတန်းရဲ့ ထောင့်တစ်နေရာ … မင်းအတွက်
ထွန်းလင်းထားတဲ့ ငါ့ကြယ်စင်လေး တစ်နေရာမှာ…
ချစ်ခြင်းအတွက် လောကဓံဆိုတာ ချိုမြိန်စရာ
ကမ်းနံဘေးကနေ အလွမ်းအဆွေးအကြောင်း မပြောဆိုသင့်ပေရာ
မင်းအတွက်တော့ ကဗျာတစ်ပုဒ်စပ်ဆိုပါရစေ…
အပြစ်ကင်းတဲ့ ချစ်ခြင်းကဗျာ… ။ ။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
အိမ်လွမ်းသူ
ချယ်ရီပန်း နဲ့ တောင်ပြာတန်း
ရှမ်းအိုးစည်နဲ့ စတော်ဘယ်ရီ
မိုးအေးအေးနဲ့ နှင်းဖွေးaဖွး
ရိုးသားတဲ့ဟန် နဲ့ဝဲတဲ့စကားသံ
ကျွဲခလောက်သံစီစီနဲ့ အိုးစည်သံညီညီ
ပန်းနှမ်းဝါ လွင်လွင် နဲ့ပင်စိမ်းသီးချဉ်ချဉ်
ငါမြင်ယောင်တယ် ငါကြားယောင်တယ်
သတိရတယ်လွမ်းတယ်.ပြန်ချင်တယ်.
ငါဟာအိမ်လွမ်းသူ. ရယ်ပါ
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
အရိပ်မဲ့ခြေရာများ
ပန်းကလေးရယ်မှမနွမ်းခင်
ဖန်ဆင်းသည့် မိုးစက်တွေက
အရောင်အသွေး အမျိုးမျိုးနဲ့
ပွင့်ဖတ်ကယ် လေယူယိမ်း
မွှေးခဲ့သည့်သွင်
အချစ်ငှက်ငယ် အတောင်မညောင်းခင်
ဆောင်နှင်းသည့် တောင်ပံတစ်စုံက
ဘယ်မှညာ သူလေယိမ်းလို့
ပျော်မြူးသည့်သွင်
နှလုံးသားငယ် ကြွေမွမသွားခင်
ပေးဖူးတဲ့ အကြင်နာရင်ခွင်က
အနမ်းမိုး သူလေတိမ်းလို့
လွမ်းခဲ့သည့်သွင်
ငါ့ရင်ခွင် အမုန်းဒဏ်သင့်သည်
အဆုံးပြန်မရတဲ့ အမုန်းဒဏ်များရဲ့
နှစ်မျောခဲ့ မေတ္တာတရားလဲ
အခုတော့ မင်း သစ္စာ ဆိုတဲ့ စကားလုံးလေးက
ထက်ကောင်းကင် မိုးသားကြားမှာ
ပျောက်ဆုံးခြင်း အက္ခရာ တစ်စုံလားကွယ်
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
အဝေးးး အဝေးကြီးပဲ
ကာဆီးထားတဲ့တာင်တန်းတွေရှိတယ်..
မမြင်နိုင်တဲ့ ချောက်ကမ်းပါးတွေရှိတယ်..
နက်ရှိုင်းလွန်းတဲ့ ပင်လယ်သမုဒ္ဒရာရှိတယ်..
ကျယ်ပြောလွန်းတဲ့ ကန္တာရ လွင်ပြင်ရှိတယ်..
ဘာကြောင့်များ ငါ ပျံသန်းချင်နေပါလိမ့်..
မိုးကုပ်စက်ဝိုင်းရဲ. အစွန်းတစ်ဘက်မှာ ဘာတွေရှိမလဲ..
ယုံကြည်မှူကိုဘယ်သူတောင်ပံတပ်ပေးလိုက်သလဲ..
သိပ်မဝေးပါဘူးလို.တော့…
ငါ…. အိပ်မရတဲ့ညတိုင်းပြန်တွေးကြည့်တယ်..
ဒီလိုနဲ့ပဲ..
နောက်ဆုံးတော့…
ရက်တွေပြောင်း..
လတွေဟောင်း…
နှစ်တွေညောင်း..သွားတာကလွဲပီး
ဘာဆို…ဘာမှ……
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ဆက်လက်စီးဆင်းနေပေးပါ….
သူ….
တကယ်ဆို သူဟာ မြစ်တစ်စင်းဖြစ်တယ်
သူ့ရင်ခွင်မှာ ခိုလှုံတိုင်း လုံခြုံနွေးထွေးတဲ့
လွှမ်းခြုံရစ်သိုင်းမှုကိုခံစားခွင့်ရခဲ့တယ်…။
သူ…
တကယ်ဆို သူဟာမြစ်တစ်စင်းဖြစ်တယ်
သူ့ရင်ခွင်မှာ ငယ်စဉ်ဘဝတလျောက်လုံး
ကူးခတ်ပျော်ပါးခွင့်လဲ ရခဲ့တယ်…။
သူ…
တကယ်ဆို သူဟာမြစ်တစ်စင်းဖြစ်တယ်
သူ့မျက်မှာပြင်ပေါ်က တဖျတ်ဖျတ်လတ်နေတဲ့
လှိုင်းကြက်ခွပ်ကလေးတွေကြောင့်
နှစ်နှစ်ခြိုက်ခြိုက် ကြည်နူးခွင့်လဲ ရခဲ့တယ်…။
သူ….
တကယ်ဆို သူဟာ မြစ်တစ်စင်းဖြစ်တယ်
သူ့ရင်ခွင်ကို ဖြတ်သန်းပြီး
ကိုယ်လိုရာခရီးဆီကို
ရွက်လွှင့်သွားလာခွင့်လဲ ရခဲ့တယ်…။
သူ…
တကယ်ဆို သူဟာ မြစ်တစ်စင်းဖြစ်တယ်
ဘဝရဲ့ ရှင်သန်ရပ်တည်ချက်အတွက်
သူ့ရင်ခွင်ကိုမွှေနှောက်ပြီး
ရှာဖွေစားသောက်ခွင့်လဲ ရခဲ့တယ်…။
သူ…
တကယ်ဆို သူဟာ မြစ်တစ်စင်းဖြစ်တယ်
ခက်ထန်/ပျော့ပြောင်းတဲ့လောကဓံအကြောင်းကို
သူ့စီးဆင်းမှုကနေ
ဆည်းပူးသင်ယူခွင့်လဲ ရခဲ့တယ်…။
ဟုတ်တယ်
သူဟာ ပင်လယ်ဆီကို ဦးတည် စီးဆင်းနေတဲ့မြစ်
နှေးကွေးလေးလံစပြုလာတဲ့
သူ့လှုပ်ရှားမှုတွေကို ငေးကြည့်ရင်း
ကိုယ်ဟာ မြစ်တစ်စင်းရဲ့ ဥပက္ခောရနံ့ကို
အထိတ်တလန့် ခံစားမိလာခဲ့တယ်…။
သူ့ရဲ့ နုပျိုစဉ်ကာလတွေမှာ
သူဟာ ဒေါသတကြီးစီးဆင်းနေတဲ့
ရေတံခွန်တစ်စင်းလဲ
ဖြစ်ကောင်းဖြစ်ခဲ့မယ်…။
ပြေပြစ်တဲ့ ဘဝခရီးမှာ
ငြိမ့်ညောင်းကြည်လင်စွာ
ဖြတ်သန်းကောင်းလဲ ဖြတ်သန်းခဲ့မယ်..။
တောတောင်လျှိုမြောင်တွေကြား
တဟုန်ထိုးပြေးဆင်းရင်း
အခက်အခဲများစွာကို ထိုးဖောက်ခဲ့ရဖူးမယ်…။
နောက်ကျိပိတ်ဆို့နေတဲ့
ရေသေအိုင်တစ်ခုလို အရှုံးပေး
ရပ်တန့်ကောင်းရပ်တန့်ခဲ့ဖူးမယ်…။
အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့
ရှင်သန်စီးဆင်းနေဆဲ မြစ်တစ်စင်းဟာ
သက္ကရာဇ်တွေတစ်ခုပြီးတစ်ခု
အမှတ်တမဲ့ ကျော်ဖြတ်ရင်း
အင်မတန်နှေးကွေးလေးလံနေခဲ့ပြီ…။
ပင်လယ်ဟာ သူ့ဘဝအတွက်
အေးငြိမ်းရာအရပ် ဖြစ်ကောင်းဖြစ်လိမ့်မယ်
ဒါပေမဲ့…
မြစ်တစ်စင်းရဲ့ ဥပေက္ခာရနံ့ကို
ရှူရှိုက်ရဲတဲ့ကိုယ်ခံအားမျိုး
ကျနော် မပိုင်ဆိုင်သေးဘူး…။
နှစ် ခြောက် ဆယ် သက် တမ်း ရှိ နေ ပြီ ဖြစ် တဲ့
မြစ် တစ် စင်း ရဲ့ ဂီ တ ကြောင့်
ကျ နော့် ဘ ဝ စိမ်း လန်း သာ ယာ ခဲ့ သ လို
ကျ နော် ဆမ်း ပေး မဲ့ လ ရောင် အောက် မှာ
မြစ် အို တစ် စင်း ရေ…
ဘောင် ဘင် ဆန် အောင်
ဆက် လက် စီး ဆင်း နေ ပေး ပါ…။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
“မိန်းမသားဘဝ”
စိတ်ကောက်ကြည့်တယ်
ပြန်ချော့လေမလားရယ်လို့….
စိတ်ဆိုးကြည့်တယ်
တောင်းပန်လေမလားရယ်လို့…
ချွဲနွဲ့ကြည့်တယ်
ပျော့ပျောင်းလေမလားရယ်လို့…
မူရာပိုကြည့်တယ်
ဂရုစိုက်လေမလားရယ်လို့…
စကားတင်းဆိုကြည့်တယ်
အလိုက်သိလေမလားရယ်လို့…
သို့ပင်တစေ၊ ထိုသူလေကား
သနားနည်းလျက်၊ စကားစဲ၏
မလဲမယိုင်၊ စိတ်ခိုင်လေသော်
ပျိုမေကညာ၊ နားလည်စွာဖြင့်
သိက္ခာစောင့်စည်း၊ ရှက်အားကြီးသည်
ဤကား မိန်းမသားဘဝပေသတည်း။ ။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
သူ
သူ….
လမ်းလျှောက်လာတယ်……။
သူ….
လှေကားထောင်တယ်…….။
သူ…..
ကြောက်သွားတယ်……..။
သူ…..
လည်ပြန်ကြည့်တယ်……။
သူ…..
တံမြက်စည်းလှည်းတယ်……။
သူ…..
ရပ်နေတယ်………။
သူ….
ခဏခဏတော့ မော့ကြည့်တတ်တယ်……….။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ကဗျာတွေကို ခံစားပြီးရင်ဖြင့် ပြခန်းအဝင်ဝကို ပြန်သွားပြီး မှတ်ချက်ကလေးတွေ ချန်ထားခဲ့ပေးပါဦး ဗျို့။
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)