ဆရာတော်ဦးဇောတိက တရားတော်မှ ကောက်နှုတ်ချက်

notsyntheticsFebruary 26, 20101min1313

ကိုယ့်သားသမီးတွေကို ကြီးလာတဲ့အခါမှာ ဘယ်လိုဖြစ်စေချင်သလဲ၊ ကိုယ့်သားသမီးဟာ ခန္ဓာကိုယ်လည်း ကျန်းမာရမယ်။ စိတ်လည်း ကျန်းမာရမယ်။ သူငယ်ချင်း အပေါင်းအသင်းကောင်း၊ မိတ်ဆွေကောင်းများ ရမယ်။ မိတ်ဆွေကောင်းတွေနဲ့လည်း အပေးအယူ အပြန်အလှန်ရှိပီတော့ တစ်ယောက်ကို တစ်ယောက် နားလည်တဲ့ ချစ်ခင်လေးစာတဲ့ ဆက်ဆံရေးမျိုး ဖြစ်ရမယ်။ ပညာရပ်အမျိုးမျိုးကိုလည်း နာလည်းရမယ် သိရတယ်။ စားဝတ်နေရေးလည်း အဆင်ပြေရမယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်နို်င်ရမယ်။ ဒီထက်လည်း ထပ်ဖြည့်လိုက်ပါဦးနော်။ မိဘမေတ္တာနဲ့ ဖြည့်မယ်ဆို ဖြည့်စရာတွေ အများကြီး ရှိသေးတယ်။ ဘာသာ တရားနဲ့ ပတ်သက်တဲ့ အသိအမြင်လည်း နက်နက်နဲနဲ သဘာဝကျကျ သိတဲ့ သူတွေ ဖြစ်ရမယ်။ လူကောင်းသူကောင်း ဖြစ်ရမယ်။ အကျင့်စာရိတ္တကောင်းတဲ့ သူတွေ ဖြစ်ရမယ်။  တရားထူး အသိဉာဏ်ထူးကို ရနိုင်တဲ့ သူတွေလည်းဖြစ်ရမယ် စသဖြင့်ပေါ့။ အဲဒီလို မျှော်လင့်ရင် သူတို့အတွက် ငါတို့ ဘာတွေ စီစဉ်ပေးရမယ်။ မိဘတစ်ဦးတည်းလည်း မတတ်နိုင်ဘူး။ ကျောင်းက ဆရာ ဆရာမတွေချည်းပဲလည်း မတတ်နို်င်ဘူး။ မိဘဘက်ကလည်း လုပ်ပေးနိုင်သလောက်လည်း လုပ်ပေးရမယ်။ ဆရာဆရာမတွေဘက်ကလည်း တတ်နိုင်တာ လုပ်ရမယ်။ တခါတလေ မိဘတွေ မတတ်နိုင်တာဆိုရင် တတ်နိုင်တဲ့ သူတွေနဲ့ ထိတွေ့ပေးရတယ်။ ဘုန်းကြီးကိုယ်တိုင် အဲဒီလို လုပ်ပေးတာပဲ။ စာအုပ်ကောင်းလေးတွေ ရှာပေးတယ်။ တိတ်ခွေကောင်းတွေ ရှာပေးတယ်။ တခါတလေ စာဖတ်ပြတယ်။ ဖတ်ပြရင်းနဲ့ ဆွေးနွေး ပေးတယ်။ သူတို့ ဒုက္ခတွေ အခက်အခဲတွေ ကြုံရတဲ့ အခါ ကိုယ့်ကို လာပြောလို့ ရှိရင် ဖြတ်လမ်းနည်းနဲ့ မဖြေရှင်းပေးဘူး။ နက်နက်နဲနဲ နားလည်အောင် ထပ်ခါ ထပ်ခါ ဒါကို ဆွေးနွေးပေးတယ်။ ဒါကြောင့် ဘာကြောင့် ဖြစ်ရတာလဲ၊ ဘယ်လို သဘောထားကြောင့် ဖြစ်ရတာလဲ။ ဘယ်လို လုပ်ရင် အဆင်ပြေမလဲ။ နောင် ဒီလို အခက်အခဲမျိုး မကြုံရအောင် ဘယ်လို သဘောထားရမလဲ၊ ဘယ်လို ပြောရမလဲ၊ ဘယ်လို ဆိုရမလဲ။ နေတာ ထိုင်တာ ပြောတာ စားတာ၊ သောက်တာ ဝတ်တာက အစ ဘာမှ မကျန်အောင် ဆွေးနွေးတယ်။ ကိုယ့်ကိုကိုယ် ဂုဏ်သိက္ခာရှိတဲ့ သူတစ်ယောက်ဖြစ်ရမယ်။ ကို်ယ့်ကိုကိုယ် လေးစားရမယ်။ ကိုယ့်ကို သူများလည်း လေးစားရမယ်။ အဲဒီလို ဖြစ်အောင် ‘ဘယ်လိုနေရမလဲ။ အဲဒီလို သင်ပေးတော့လည်း တတ်လာတာပါပဲ။ ”ဒီလိုလူ” ဖြစ်လာအောင် ဆိုပီ ရည်ရွယ်ချက် ထားရတာပဲ။ သားသမီးတွေကိုလည်း ပြောပြစေချင်တယ်။ ပြောပါများရင် သူတို့ သဘောပေါက်လာမယ်။မိဘတွက သားသမီးတွေကိုတော့ ချစ်ကြပါတယ်။ ပညာတွေ သင်ပေးတယ်။ ဘွဲ့တွေရစေချင်တယ်။ အလုပ်တွေ ကြီးကြီးကျယ်ကျယ် လုပ်စေချင်တယ်။ ပိုက်ဆံတွေ အများကြီး ရှိစေချင်တယ်။ ဒါတွေ အားလုံး ကောင်းပါတယ်။ လိုအပ်ပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်နဲ့ အသိဉာဏ် ရင့်ကျက်မှု။ မြင့်မြတ်မှုကို အထောက်အကူပေးဖို့ အရေး မပါလာရင် တကယ်အဆင့်မြင့်တဲ့ မေတ္တာလို့ မပြောနိုင်သေးဘူး။အပျော်အပါး လုံးဝကင်းတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ လောကီမှာ အပျော်အပါးကို ထိန်းထိန်းသိမ်းသိမ်း ခံစားတတ်အောင် သင်ပေးပြီ နောက်တစ်ဖက်ကလည်း တရားနဲ့ ပတ်သက်တဲ့ အသိအမြင်လေးတွေ ရင့်ကျက်လာအောင် လုပ်တတ်ဖို့ သင်ပေးဦးမှ ဖြစ်မယ်။ ဒါမှ မိဘဝတ္တရား ကျေမယ်။ မိဘမေတ္တာကလည်း ပိုပြီတော့ လေးနက်ပီပြင်လာမယ်။လူတော် လူကောင်းဖြစ်အောင် ကြိုးစားရမယ်လို့ ပြောကြတယ်။ ဘုန်းကြီးတွေကြည့်တယ်။ လူကောင်းဖြစ်ဖို့ အရင်ကြိုးစားရမယ်။ လူကောင်းက တော်မှ ကောင်းတာတွေကို ထိထိရောက်ရောက် လုပ်နိုင်မယ်။ မကောင်းတဲ့သူတွေတော်ရင်မကောင်းတာတွေကိုများများလုပ်လိမ့်မယ်။ဒါကြောင့်ကလေးတွေကို

ကောင်းတဲ့သူကိုအားကျအောင်သင်ပေးရမယ်။စာအုပ်ကောင်းတွေကိုဖတ်ပြရမယ်။မိဘတွေဟာသားသမီးတွေကို

ပြောရဲဆိုရဲတဲ့ သူတွေ ဉာဏ်ရှိတဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါပေမဲ့ အိမ်မှာ လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ပြောခွင့်မရရင် ဘယ်လိုလုပ်ပီ ပြောရဲဆိုရဲတဲ့သူ ဖြစ်လာတော့မလဲ၊ လွတ်လပ်မှုဟာ အိမ်ကနေ စရမယ်။ မိသားစု ဆက်ဆံရေးမှာ လွတ်လပ်မှုရှိမှ အပြင်လောကမှာ လွတ်လပ်မှုရှိအောင် ဆက်ဆံတတ်မယ်။ မိဘတွေ လွပ်လပ်မှုကို ဘယ်လောက်တန်ဖိုး ထားသလဲ ဆိုတာသားသမီးတွေကိုဘယ်လောက်လွပ်လွပ်လပ် ဆွေးနွေးခွင့်ပြောခွင့်လုပ်ခွင့် ပေးသလဲဆိုတာနဲ့တိုင်းတာလို့ရတယ်။ကိုယ့်အိမ်ဟာ လွတ်လပ်မှု အပြည့်ရတဲ့ နေရာ ဖြစ်ရမယ်။ အပြင်လောကမှာ မရနိုင်တဲ့ လွတ်လပ်မှုတွေကို အိမ်မှာရမှ အဲဒီအိမ်ဟာ လွတ်လပ်တဲ့ အိမ်လို့ဆိုနိုင်မယ်။ လွတ်လပ်သော အိမ်ဖြစ်မှ ပျော်စရာကောင်းသောအိမ် ဖြစ်မယ်။လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ပထမဆုံး လွတ်လပ်တဲ့ အိမ်ထောင်ဖြစ်အောင် လုပ်ရမယ် အိမ်မှာ freedom of speech (လွတ်လပ်စွာ ပြောဆိုခွင့်) ရှိရမယ်။ သဘောထား အယူအဆတွေ  မတူတာတွေကို မကြောက်မရွံ့ ပြောလို့ရတဲ့ နေရာဟာ ကိုယ့်အိမ်ပဲ ဖြစ်ရမယ်။ သားသမီးတွေ လွတ်လပ်တဲ့ စိတ်ဓာတ်ရှိဖို့ အိမ်ကနေ စပြီး လေ့ကျင့်ပေးရမယ်။သဘောထား အယူအဆ မတူတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောခွင့်ဆိုခွင့်ဆွေးနွေးခွင့်တော့ရှိသင့်တယ်။ ဒီလို ဆွေးနွေးခွင့် ပေးမှလည်းပဲ ဒီသားသမီးတွေမှာ စဉ်းစားနိုင်တဲ့ အရည်အချင်း ဆုံးဖြတ်နိုင်တဲ့ အရည်အချင်း၊ တာဝန်ယူနိုင်တဲ့ အရည်အချင်း ရလာမယ်။သားသမီးကို ချစ်ရင် စဉ်းစားခွင့်ပေးပါ။။ မိဘကနေရာတကာ စဉ်းစာမပေးပါနဲ့။ မိဘက သားသမီးအစား စဉ်းစား ဆုံးဖြတ်ပေးတာ ချစ်ရာ မရောက်ဘူး။ သားသမီးတွေ သူ့ဟာသူ စဉ်းစာတတ်အောင် လမ်းကြောင်းရုံတင်ပေပြီး သူတို့ဟာ သူတို့ ဆုံးဖြတ်တတ်အောင် အားပေးပါ။ စဉ်းစားတတ်၊ ဆုံးဖြတ်တတ်မှသာ လွတ်လပ်တဲ့သူ ဖြစ်လာမယ်။ဘယ်လိုကိစ္စမျိုးဖြစ်ဖြစ် သူ့ဟာသူ စဉ်းစား။ သူ့ဟာသူ ဆုံးဖြတ်၊ သူ့ဟာသူ တာဝန်ယူ၊ မှားသွားရင်လည်း သူ့ဟာသူပြင်၊ အဲဒီလို နေသွားမှသာ တကယ့်ပြင်ပလောကမှာလက်တွေ့ဘဝကိုရင်ဆိုင်ရတဲ့အခါကိုယ့်ဟာကိုယ်စဉ်းစားဆုံးဖြတ်နိုင်တဲ့

တာဝန်ယူနိုင်တဲ့သူတွေ ဖြစ်လာနိုင်တယ်။ နောက်ဆုံးဘယ်သူ့ကိုမှ အားမကိုးတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နို်င်တဲ့ သူတွေ ဖြစ်လာနိုင်တယ်။လူဟာ ကိုယ့်အသိဉာဏ်။ ကိုယ့်အတွေးအခေါ်။ ကိုယ့်ခံစားချက်နဲ့ ကိုယ့်ဟာကိုယ် နေရမှသာ ကိုယ့်ကိုယ်ကို အားရမှု၊ ကျေနပ်မှု ရှိတယ်။ ကိုယ့်ကိုယ်နဲ့ သူ့စိတ် နေရမယ်ဆိုရင် ဘယ်လိုမှ အားရမှု ကျေနပ်မှု မရှိဘူး။ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ၊ ကိုယ်ပိုင်ခံစားချက် မရှိရင် သူဟာ သီးခြားရပ်တည်နိုင်တဲ့ လူသားတစ်ယောက်ဖြစ်တယ်လို့ မပြောနိုင်ဘူး။သားသမီးလုပ်ရင် လွဲမှာ၊ မှားမှာစိုးလို့ မိဘကချည်း အစစ အရာရာ လိုက်လုပ်ပေးလို့ရှိရင် ဒီသားသမီးက ကြီးလာတဲ့အခါ ဘာမှ မလုပ်တတ်တော့ဘူး။ လုပ်လည်း မလုပ်ချင်တော့ဘူး။ ဒီလိုကလေးတွေဟာ အစွမ်းအစမဲ့တဲ့သူတွေ စိတ်အားငယ်တဲ့သူတွေ ဖြစ်လာမယ်။မိဘတွေအနေနဲ့ အလုပ်သင့်ဆုံး အလုပ်က ကိုယ့်အပေါ် မှီခိုတာ၊ အားကိုးတာ၊ နဲသထက်နဲအောင် လုပ်ပေးရမယ်။ ကူညီရမယ်။ ပြုစုပျိုးထောင်ပေးရမယ်။ သားသမီးလေးတွေ တဖြည်းဖြည်း ကြီးလာလေလေ ကိုယ့်အပေါ် မှီခိုနေရတဲ့ အဖြစ်ကနေ သူ့အားသူကိုးနိုင်အောင် အခွင့်အရေး ပေးရလေလေပဲ။ သူ့ကိစ္စသူ တာဝန်ယူနိုင်အောင် သူ့ကို အားပေးရမယ်။ နည်းလမ်းပေးရမယ်။ သားသမီးကို ချစ်တယ်ဆိုရင် သူ့မှာရနိုင်တဲ့ အရည်အချင်း မှန်သမျှ များများရအောင် သူ့ကို အခွင့်အရေး ပေးရမယ်။မိဘတွေက သားသမီးတွေကို သူ့ဘာသာ တွေးခေါ်မြော်မြင်ပြီးတော့ တီထွင်ကြံဆပြီးတော့ ကိုယ့်ထက်ကောင်းအောင် လုပ်နိုင်ရမယ်။ ဒီလိုဖြစ်အောင် အထောက်အကူပေးသင့်တယ်။ နည်းလမ်းပေးသင့်တယ်။ ဒါမှ တကယ်ချစ်ရာရောက်မှာ။တကယ်ချစ်ရင် လူကြီးဖြစ်ခွင့်ပေးရမယ်။ သူ့အတိုင်းအတာလေးနဲ့ သူ တဖြည်းဖြည်း လူကြီးဖြစ်အောင် နည်းမျိုးစုံနဲ့ အကူအညီပေးရမယ် သူ့လွတ်လပ်မှု သူရှာနေတာကိုမိဘတွေက မေတ္တာကရုဏာအပြည့်နဲ့ ကောင်းတဲ့နည်းနဲ့အထောက်အကူ ပေးလိုက်ပါ။ တစ်နေ့ မိဘတွေ မရှိတော့တဲ့ အခါမှာ သူ့အားသူ့ကိုးပြီးတော့ သူ့အသိဉာဏ်နဲ့ သူ စဉ်းစားပြီး ဆုံးဖြတ်ပြီး သူ့စားဝတ်နေရေး၊ သူ့မိသားစု စားဝတ်နေရေးကို သူ့ဟာသူ့ လုပ်သွားရမှာ၊ အဲဒါကို ဘယ်အချိန်ကစပြီ ပြင်ဆင်ရသလဲဆိုတော့ ၁၄-၁၅ နှစ်အရွယ်က စပြီး ပြင်ဆင်လိုက်ရတာပဲ။ခေတ်ကာလကို နားလည်ပြီတော့ အခြေအနေအရ သူ့ဟာသူ အဆင်ပြေဆုံးဖြစ်အောင် နေတတ်သွားဖို့ သူ့ကို အထောက်အကူပေးရမယ်။ သူ့အတွက် အဆင်ပြေအောင် မိဘက ကြိုတင်ပြီးတော့ အသိဉာဏ်ကြီးကြီးနဲ့ ပြင်ဆင်ပေးလိုက်မှသာ တကယ်ချစ်ရာ ရောက်လိမ့်မယ်။တစ်နေ့ ငါတို့ သားသမီးတွေဟာ ငါတို့ကို ခွဲခွါပြီး ရပ်ဝေးကို သွားနေရမှာ၊ အဲဒီအခါမှာ သူတို့ ဘယ်လိုနေမလဲ၊ ထိုင်မလဲ၊ ဘယ်လိုလူတွေနဲ့ ဆက်ဆံမလဲ၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ စဉ်းစားတတ်ပြီလား။ အလေ့အကျင့် ရှိနေပြီးလား၊ သဘောပေါက်ပြီးလားဆိုတာ စဉ်းစားထားသင့်တယ်။စဉ်းစားထားပြီးတော့ အခုကတည်းက သွားတာ လာတာ နေတာ ထိုင်တာ ပေါင်းတာ သင်းတာ၊ ဘယ်အချိန် ဘယ်အခါ ဘယ်နေရာကို သွားသင့်တယ်။ အန္တရယ်မရှိအောင် ဂုဏ်သိက္ခာ မထိခိုက်အောင် ဘယ်လို နေသင့်တယ်။ ဘယ်လို လူကို မပေါင်းသင့်ဘူး။ ပေါင်းသင့်တယ် ဆိုတာကအစ လူကဲခတ်တတ်အောင် မိဘက သင်ပေးဖို့ လိုတယ်။ဒီလိုသင်မပေးခဲ့ရင်ဗြုန်းကနဲထွက်သွားတဲ့အခါမှာသူတို့အကြီးအကျယ်ဒုက္ခရောက်လိမ့်မယ်။

ဒီမှမဟုတ်ရင်သံယောဇဉ်ကြီးပြီ သောကဖြစ်နေတာကိုတကယ့် မေတ္တာလို့အဓိပ္ပါယ်ကောက်နေလိမ့်မယ်။

ငါ့မှာတော့သူ့ကို ချစ်လိုက်ရလို့ သောကတွေ ဖြစ်လိုက်ရတာလို့ တွေးမယ် နော်။ အဲဒါ မေတ္တာမဟုတ်ဘူး။ အဲဒါ သမုဒယ သံယောဇဉ်၊ ပူလောင်တယ်။ မေတ္တာဟာ ဉာဏ်နဲ့ ယှဉ်တယ်။ ဉာဏ်နဲ့ ယှဉ်တဲ့ အတွက်ကြောင့် ပူလောင်မူကို မဖြစ်စေဘူး။သူ့ကိုမြင်ရင် ဝမ်းသာတာတို့၊ ပျော်တာတို့၊ သူ့ကိစ္စတွေ အမျိုးမျိုးဆောင်ရွက်ပေးတာတို့၊ သူ့အတွက် အနစ်နာခံတာတို့ဟာ မေတ္တာရဲ့ အရေးပါတဲ့ အသွင်သဏ္ဍာန် ဖြစ်ပါတယ်။ ဒါပေမဲ့ မေတ္တာရဲ့ အမြင့်ဆုံးအဆင့် ရောက်တဲ့အခါမှာ မေတ္တာဟာ ခံစားမှု မဟုတ်တော့ဘူး။ အသိဉာဏ်နဲ့ နားလည်ပြီးတော့ အကောင်းဆုံး အသင့်တော်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးတာ ဖြစ်သွားတယ်။ မေတ္တာဆိုတာ ခံစားမှု မဟုတ်တော့ဘဲ အကျိုးကိုလိုလားခြင်း ဖြစ်သွားတယ်။ အကျိုးကို လိုလားခြင်းဆိုတာ အသိဉာဏ်ဖြစ်သွားပြီးနော်။ တကယ်မေတ္တာစစ်မှန်သွားရင် ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့ တွေးတာ မဟုတ်ဘူး။ သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲ ဆိုတာကို တွေးပြီး အဲဒါကို လိုလားတယ်။

(ဆရာတော် ဦးဇောတိကတရားတော်မှကောက်နုတ်တင်ပြသည်။)

3 comments

  • kai

    February 26, 2010 at 2:28 am

    “လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ပထမဆုံး လွတ်လပ်တဲ့ အိမ်ထောင်ဖြစ်အောင် လုပ်ရမယ် အိမ်မှာ freedom of speech (လွတ်လပ်စွာ ပြောဆိုခွင့်) ရှိရမယ်။”
    ကြိုက်လို့ကုဒ်တာပါ။ တင်ပေးတဲ့အတွက် ကျေးဇူးပါပဲ။
    နောက်တခုကြီုက်တာက..
    ”မေတ္တာဟာ ဉာဏ်နဲ့ ယှဉ်တယ်။ ဉာဏ်နဲ့ ယှဉ်တဲ့ အတွက်ကြောင့် ပူလောင်မူကို မဖြစ်စေဘူး။”
    ရိုးရိုးလေး(ဟော)ပြောသွားပေမဲ့ အင်မတန်ထိရောက်တဲ့ (တရား)စကားတွေလို ့အသိအမှတ်ပြုမိပါတယ်။

  • notsynthetics

    February 26, 2010 at 2:47 am

    ဟုတ်ပါတယ် ရိုးရိုးလေးနဲ့ထိမိတဲ့စကားလုံးတွေပါဘဲ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဘို့ လွတ်လပ်တဲ့အိမ်ထောင်ဖြစ်အောင်လုပ်ရမယ် ..၊ ဒါမှလဲတစ်အိမ်ထောင်ခြင်းကနေ ပွားများလာပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာဖြစ်လာမှာပါ..။
    မှန်ပါတယ် မေတ္တာစစ်မှန်ကနောက်ဆုံး ဉာဏ်နဲ့ ယှဉ်တော့တာပါဘဲ..။
    လာရောက်အချိန်ယူပြီးဖတ်ပေးလို့ကျေးဇူးတင်ပါတယ်…။

  • susunosuki

    April 19, 2010 at 10:19 am

    အရှင်ဘုရားတို့လည်း တဖြည်းဖြည်း နဲ့ ဗုဓ္ဒတရားတော်ထက်စာရင် လူဘောင်အဆင်ပြေစေမယ့်
    သွန်သင်မှု့တွေ ပိုလုပ်လာတာတွေရတယ်
    ကျွန်တော်ကတော့ဒါ ကို ကြိုဆိုတယ်
    လူတွေက ယဉ်ကျေးပါမှ နာယူတတ်တာ မို့လား

Leave a Reply