လိုတာပေး၏ မပေး၏…………….လိုတာရ၏ မရ၏
“လိုတာပေး၏………………. မပေး၏ လိုတာရ၏ …………မရ၏”
အခုရက်သွားရင်းလာရင်းတွေ့တဲ့သူက
“လေးအောင် နည်းနည်းဝလာတယ်”တို့
ခင်မင်ရင်းနှီးသူတွေက
“ဝိတ်ချအုံး ဘိုက်ကြီးကို နည်းတာမဟုတ်ဘူး”တို့ပြောသံကြားရင် စိတ်တိုပါတယ်။
မှန်ကြည့် ကြည့် မကြည့်ကြည့် ပုံပျက်ပန်းပျက် ဖြစ်နေပြီဆိုတာတော့ ကိုယ့်ကို ကိုယ်သိနေလို့ပါ။
“ကိုယ့်ဝမ်းနာကိုယ်သာသိ “ဆိုတဲ့ စကားပုံလေးအတိုင်းပါဘဲ။
မီးဒုက္ခရေဒုက္ခတွေနဲ့ အိပ်ရေးပျက်တာတွေများတာကြာပေါ့။
ညတစ်ချက်နှစ်ချက်ထိုးအထိ ရေစောင့်ပြီးတင်။
ရေတင်ရမယ့်အချိန် မီးမလာရင ်မီးစက်မောင်း ပြီး ရေတင်ရတယ်
ဆိုတော့ ပင်ပန်းတာပေါ့။
ဖြစ်ချင်တော့ ရေစောင့်တင်ရင်း အိပ်ချိန်လွန်သွားရင် တော်တော်နဲ့အိပ်မပျော်။
အဲတော့ ဟိုလုပ်ဒီလုပ် ဟိုဟာဖွင့်ကြည့် ဒီဟာဖွင့်ကြည့်နဲ့ မိုးလင်းခါနီးမှအိပ်တဲ့အခါလဲရှိပြန်ပါတယ်။
အရင်ကတော့ ညဆယ်တစ်နာရီလောက်ဆို အိပ်။
မနက်ငါးနာရီထ ငါးနာရီ ဆယ့်ငါးဆို အိမ်ကထွက်လို့ ကန်တော်ကြီးဘက်လမ်းလျောက်ပါတယ်။
ကျုပ်တို့မန်းလေးကန်တော်ကြီးကလမ်းလျောက်လို့ကောင်းပါတယ်။
တစ်ခုဘဲရှိပါတယ် မနက်ဝေလီဝေလင်းမှာ မီးမဖွင့်ဘာမဖွင့်တဲ့မောင်းလာတတ်တဲ့
အစောဆုံးခင်းတဲ့ ပုတီးကျောက်ဝိုင်းသွားတဲ့ဆိုင်ကယ်ရယ်၊
ခေါက်ရေပြည့်အောင်မနက်အစောကြီး ဝုန်းဒိုင်းကြဲမောင်းတတ်တဲ့သဲကားရယ်၊
ကားအမြင့်ကြီးပေါ်ကနေ အောက်ကို ဘာမှ မကြည့်ဘဲစွတ်မောင်းတဲ့ ဓါတ်ဆီ ဒီဇယ်သယ်တဲ့ကားကြီးတွေကိုဘဲကြောက်ရတာပါ။
ကျုပ်နေတဲ့တိုက်ခန်းကနေ ပြည်ကြီးမွန်ရှိတဲ့ လိပ်ဗျူးထိခပ်သွက်သွက်လေးလျောက်ရင်
နာရီဝက်။
ဟိုမှာ ကော့ကော်ကန်ကားလေး ဆယ်မိနစ်လောက်လုပ်။
စည်ပင်ကလုပ်ပေးထားတဲ့ လူကြီးဆော့စရာ လေးတွေဟိုလွှဲဒီလွှဲ ဟို့လှည့်ဒီလှည့် ဆယ်မိနစ်လောက်လုပ်
အပြန်ကျရင် လမ်းလျောက်ဖော်တွေနဲ့ ဟိုအကြောင်းဒီအကြောင်းလေးပြောရင်း လျောက်ခဲ့ရင်
အလွန်ဆုံး (၇)နာရီဆိိုအိပ်ပြန်ရောက်နေပါပြီ။
အခုတော့ အဲလို့လမ်းမလျောက်နို်င်တာ သင်္ကြန်မတိုင်ခင် မတ်လအကုန်လောက်ကစတာပါဘဲ။
လမ်းသာမလျောက်နို်င်တာ အစားအသောက်က အရင်အတိုင်းမရော့ ဆိုတော့
လူကလဲ ဝ သထက်ဝလို့ ပေါင်ချိန်တွေလဲတိုးတော့ပေါ့။
လူကလဲ ခါးတုတ် ပြီး ဗိုက်ပူသူတော်ဖြစ်နေတာကြာပေါ့။
*************************************************************************
ကျုပ်လွန်ခဲ့တဲ့ ဆယ်နှစ်စွန်းစွန်းလောက်က ဒီကန်တော်ကြီးတို်က်ခန်းကို စပြောင်းလာတာပါဘဲ။
အဲဒီတုန်းက ဒီတိုက်ခန်းတွေကို နေတဲ့လူတွေလဲနည်းပါသေးတယ်။
အခန်းစေ့တောင် လူမနေသေးဘူး။
မီးကတော့ အဲဒီအချိန်ကတည်းက လာလိုက်ပျက်လိုက်ပါဘဲ။
ပျက်ရင်တော့ အရှင်း။
လာရင်တော့ မီးအားက မှန်တယ်။
၁၅ဝနဲ့၁၈ဝကြားကတော့ ပုံမှန်ရှိပါတယ်။
ထုံးစံအတိုင်း မီးက ခွဲတမ်းဘဲပေါ့။
ဒါပေမယ့် မီးပျက်ချိန်မီးလာချိန်က မှန်တော့ ကွက်တိတွက်လို့ရပြန်တော့
လုပ်စရာရှိတာလေးကို ကြိုတင်ပြီးလုပ်ထားလို့ရပါတယ်။
မီးလာတုန်းထမင်းဟင်းချက်ထား ဘက်ထရီအိုးလေးအားပြည့်အောင်ဖြည့်ထားပေါ့။
မပြည့်စုံပေမယ့် အဆင်ပြေသေးတယ်ပြောလို့ရတယ်ပေါ့။
မီးကလဲ ပုံစံအမျုးိမျုးိနည်းအမျိုးမျုိုးနဲ့စမ်းသပ်ပြီးပေးခဲ့တာကျုပ်တို့ခံရဘူးပါတယ်။
လေးနာရီပျက် လေးနာရီလာလုပ်လိုက်။
နှစ်ရက်လာ တစ်ရက်ပျက်လုပ်လိုက်။
နေ့လာညပျက်လုပ်လိုက်။
မီးပေးလိုက်တဲ့ နည်းပေါင်းကိုစုံနေတာပါဘဲ။
လုပ်ချင်သလိုလုပ်ပေးချင်သလိုပေးဆိုပေမယ့်လည်း
မီးအားအပြည့် ရတယ်ဆိုတော့ သုံးရတာအဆင်ပြေခဲ့ပါတယ်။
ပြီးခဲ့တဲ့ဆောင်းကစပြီး ဒီမီးကလဲအရင်ကထက်ပိုပြီး ဒုက္ခတွေပေးတော့တာပါဘဲ။
ခွဲတမ်းဆိုပေမယ့်လဲ ပျက်တဲ့အချိန်မှာအတိအကျပျက်ပေမယ့်
လာတဲ့အချိန်မှာတော့ အချိန်မမှန်တဲ့အပြင် အလာပြပြီးပျက်လို့ပျက်
စောပျက်လို့ပျက်နဲ့ အတော်လေးကို စိတ်လေရပါတယ်။
ကျုပ်တို့ဘက်ကိုပေးတဲ့လိုင်းက မီးလိုင်းသုံးလိုင်းရှိတယ်ပြောပါတယ်။
ပျက်တဲ့အချိန်က တော့ သုံးလိုင်းစလုံး အကုန်ပျက်။
ဟော မီးလာချိန်ရောက်ရင်တော့ ခဏလေးလာပြီး တစ်လိုင်းကတော့ပျက်သွားတာပါဘဲ။
သူတို့အခေါ်တစ်လိုင်းအောက်တယ်ပေါ့။
ကံဆိုးတဲ့ကောင်ခံပေါ့။
အဲဒီကံဆိုးတဲ့ထဲမှာကျုပ်အမြဲပါတယ်။
ဒါနဲ့ဘဲအိမ်နားက မီးပျက်ရင်ခေါ်ပြီးခိုင်းရပြုရတဲ့ကလေးတွေကို ကောင်းတဲ့လိုင်းလေးပြောင်းပေးပါ
ဆိုပြီးခိုင်းလဲ ခဏဘဲ ကောင်း။
နောက်တော့ ဒုံရင်းပါဘဲ။
အဲတော့ ဟိုအရင်ကလို ဘာကိုမှ ကြိုလုပ်ထားလို့လဲမရ။
ခက်တာတော့ ဒီမီးနဲ့အတော့်ကိုခက်တာဗျ။
မီးလာတဲ့ မနက်ပိုင်းလေး ထမင်းဟင်းကြိုပြီးချက်ထားပြန်ရင်လဲနွေခါရောက်တော့ အခက်ဗျ။
ပူတော့ ထမင်းဟင်းကသိုးပြန်ရော။
ဆောင်းကြပြန်တော့လဲအေးတိအေးစက်။
ပူပူလေးစားချင်လို့ ညနေတော့မီးလာမယ့်ရက်ဘဲဆိုပြီးစောင့်မိပါတယ်။
ဆန်လေးရေဆေး ပေါင်းအုးိက ပလပ်တပ်ပြီး တ အောင့်လောက်လဲနေရော ဖြတ်ဆိုပျက်သွားရော။
အဲတော့ မီးသွေးမီးဖိုပြီးအမြန်ပြောင်းတယ်ရပြန်ရော။
တစ်ခါတစ်လေများဆိုရင် မီးကတော့မပျက်ဘူး။
မီးအားကတက်လိုက်ကျလိုက်။
အဲဒါကို သတိမထားမိဘဲ ထမင်အိုးတည်ထားမိရော။
ထမင်းပေါင်းအိုးကတော့ တက်သွားပါတယ်။
ဒါပေမယ့် ထမင်းက မနပ်ဘဲပွစိစိနဲ့ကျန်ခဲ့ရော။
နေ့ပိုင်းက သိပ်မသိသာပေမယ့် မီးအသုံးများတဲ့ ညပိုင်း ဆိုပိုဆိုးတယ်ဆိုတာထက်
အရမ်းဆိုးတယ်လို့ပြောနို်င်ပါတယ်။
မီးအား ၁၅ဝလောက်ကနေ လျော့လျော့ပြီးကျသွားလိုက်တာ မီးအားက ၃ဝလောက်အထိ။
အဲတော့ မီးတွေက မှိတ်ကုန်ရော။
အပြေးအလွားသွားပြီး လက်လှည့်မီးအားမြင့်စက်ကို တင်ပေးရတာပေါ့။
တင်ပေးလို့မှထိုင်ခုံမှာပြန်မထိုင်ရသေးဘူး မီးအားက
ဝုတ်ကနဲ ပြန်တက်သွားလိုက်တော့ မီးအားက ၂၀ဝကျော်သွားပြီး မီးအားဖြတ်စက်က
ဖြတ်ချလိုက်တော့ ပြန်ပြီးမှိန်ကျသွားပြန်ရော.။
မှိန်နေရာကနေ အပြီး မှိတ်သွားတော့ မီးအားပြန်တင်လိုက်တော့ တစ်ခါပြန်တက်ပြီးပြုတ်ကျသွားပြန်ရော။
တက်လိုက်ကျလိုက် ကျလိုက် တက်လိုက် ဇာတ်လမ်းခင်းတာ ည အထိပါဘဲ။
ကျုပ်တို့က လက်လှည့် မင်နူယာယ် မီးအားမြှုင့်စက်နဲ့ ဆိုလို့ အဆင်မပြေဘူးထင်လို့
အော်တိုမြင့်စက်နဲ့လူမေးကြည့်တော့ သူတို့လဲထူးမခြားနား
ကျလိုက်တက်လိုက် တက်လိုက်ကျလိုက်နဲ့တောက်တက်တောက်တက် ဇာတ်လမ်းခင်းရတာပါဘဲ။
ဒီလောက်အပြောင်းအလဲမြန်တော့ ဘယ်”ကတ်တောက်”မှလဲ အလုပ်မလုပ်နို်င်တော့ပါဘူး။
ဆိုးတာက တီဗွီအောက်စက် မီးချောင်းမီးကွေးတွေ လျှပ်စစ်နဲ့ပါတ်သက်တဲ ဒီဒဏ်ကို မခံနိုင်တော့ ခဏခဏပျက်ပေါ့။
မီးချောင်းဆို ခဏခဏကျွမ်းနဲ့ ငွေကုန်လူပန်း စိတ်မချမ်းသာတာဒီ မီးကြောင့်ပါဘဲ။
***********************************************************************
မီးဆိုတာ ပူတဲ့အမျုးိမို့ ဒုက္ခပေးတယ်ဆိုတာခံသာပေမယ့် အေးမြတယ်ဆိုတဲ့ရေကလဲ
ကျုပ်တို့ကို ဒုက္ခတွေပေးတာပါဘဲ။
ပြောရမယ်ဆိုရင်တော့ မီးက မရှိဘူးဆိုရင်အစားထိုးစရာရှိပါတယ်။
ထမင်းဟင်းချက်ဘို့ မီးသွေးမီးဖိုရှိမယ်။
ဂက်မိးဖိုရှိမယ်။
ဖယောင်းတိုင်ထွန်းလို့ရတယ်။
ခေတ်ပေါ် အယ်လ်အီးဒီမီးထွန်းလို့ရတယ်။
တီဗွီပါကြည့်ချင်တယ်ဆိုရင် အင်ဗာတာနဲ့ ဘက်ထရီတွဲပြီးသုံးရင်အဆင်ပြေတယ်။
ဓါတ်ဆီဖိုးလဲအကုန်ခံနို်င်မယ်ဆိုရင် နားအညည်းလဲခံနိုင်မယ်ဆိုရင် မီးစက်မောင်းလို့ရတယ်။
ကိုယ့်အိမ်က မီးစက်သံဆူလို့ ဘေးအိမ်က ငြူစူတာလဲ ခံနို်င်ရည်တော့ ရှိရပါမယ်။
အဲဒါတွေကို အလုပ်ရှုပ်တယ်ထင်ရင် အမှောင်ထဲထိုင်နေလို့ရတယ်။
ရေကတော့ တကယ့်ကိုမရှိမဖြစ်။
မနက်အိမ်ယာနိုးတဲ့အချိန်ကစလို့ညအိပ်ယာဝင်ချိန်ထိရေနဲ့မပါတ်သက်ရတဲ့ တာ
တစ်ခုမှမရှိသလိုပါဘဲ။
အိပ်ယာထလို့မျက်နှာသစ်တော့လဲရေလိုတယ်။
အပေါ့အလေးသွားရင်လဲရေလိုတယ်။
ရေချုိုး အဝတ်လျှော် ထမင်းချက် ဘာလုပ်လုပ်ရေမပါတဲ့နေရာကို မရှိပါဘူး။
ဒါကြောင့်လဲရေ ၏ အသက် တစ်မနက်လို့ဆိုခဲ့ကြတာပါ။
ရေမရှိရင် ဘာမှအလုပ်မဖြစ်။
ကျုပ်ဒီတို်က်ခန်းရောက်စက ရေပေါမှပေါ။
ရေပေးရေးက ရေမီတာနောက်ဖေးမှာသွယ်ပေးထားတယ် ကိုယ့်မီတာနဲ့ကိုယ်ကျသလောက်ရှင်း။
ကြိုက်တဲ့အချိန်ဖွင့် ရေက ဝေါကနဲဘဲ။
ကျုပ်တို့တိုက်ခန်းတွေကရေချုိုးခန်းအပေါ်မှာ သံရေကန် တစ်ကန်စီပါတယ်။
ဂါလံ ၁၀ဝ ဆန့်တယ်ပြောတာပါဘဲ။
ဒါပေမယ့်တော်တော်များများက သံချေးကိုက်ပြီးပေါက်နေလို့ ပလပ်စတစ်ကန်တွေအစားထည့်ထားကြတာများပါတယ်။
ကျုပ်တို့ကတော့ အပေါ်ကန်တစ်ခု စဉ့်အိုးအလတ်သုံးလုံးရှိတယ်။
ဒါတောင်မလောက်မှာစိုးတော့ ဒန်ဇလုံတွေ ပလပ်စတစ်ဇလုံတွေပါအဆင်သင့်ဆောင်ထားရတယ်။
ဟိုးအရင်ကတော့ စဉ့်အိုးထဲကရေက တစ်ပါတ်တစ်ခါလောက် မသုံးဘဲလှယ်ပေးနေရတာလေ။
ပိုက်ဖွင့်တာနဲ့ရေကျတာကိုးဗျ။
အဲဒီတုန်းက ရေမီတာက ကိုယ်သုံးသလောက်ဘဲရုံးသွားဆောင်ရတာ။
ရုံးသွားဆောင်တယ်ဆိုလို့ပြောရအုံးမယ်။
ကျုပ်တို့ရောက်စနှစ်က ရေမီတာကို မီတာလာဖတ်တဲ့စာရေးက သူနဲ့ဆောင်ရင်ရတယ်ပေါ့။
တစ်ခါဆောင်ရင် ၁၀ဝတော့အပိုပေးရတာပေါ့။
အဲဒါနဲ့ဘဲသူနဲ့ဆောင်လိုက်ကြတာပေါ့။
တစ်ခါတစ်လေလဲရုံးကို ကိုယ်တို်င်သွားဆောင်တာလဲရှိပါ့။
အဲဒီတုံးက တစ်လ ကျရင်တစ်ထောင် ထောင့်ငါးရာ ဒီလောက်ထက်မပိုပါဘူး။
အဲဒီသူကဖြတ်ပိုင်းကိုနောက်မှပေးမယ်ဆိုယူသွားတတ်ပါတယ်။
ကျုပ်တို့ကလဲ သူ့ဆီက ဖြတ်ပိုင်းပြန်မတောင်းမိတာများပါတယ်။
ရုံးက ဝန်ထမ်းကို်ယ်တိုင်အိမ်တိုင်ယာရောက်လာကောက်သွားတာကိုး။
အဲဒါဗျာ နောက် (၂)နှစ်ကျော်လောက်ကြာမှ မီတာကြွေးကျန်ဆိုနို့တစ်စာထွက်လာပါတယ်.။
အဲတော့ရုံးသွားပြောရတော့တာပေါ့။
ဒီရုံးကဝန်ထမ်းကိုဆောင်လိုက်တာပေါ့ ဖြတ်ပိုင်းတော့ပြန်မလာဘူးပေါ့။
အဲဒီတော့မှဇာတ်ရည်လည်တာ အဲဒီဝန်ထမ်းက အလုပ်ထွက်သွားပြီတဲ့။
ဆောင်ပြီးတာလက်မှတ်ပြနိုင်ရင်တော့ ထပ်ဆောင်စရာမလိုဘူး။
မပြနိုင်ရင်ထပ်ဆောင်တဲ့။
အဲဒီလူနဲ့ ဆောင်တာ တရားမဝင်ဘူးတဲ့။
ကျုပ်က “သူ ကခင်ဗျားတို့ယူနီဖောင်းဝတ်ထားတဲ့ ခင်ဗျားတို့ဝန်ထမ်းဘဲမဟုတ်ဘူးလား”လို့
မေးတော့ “ဟုတ်တော့ ဟုတ်တယ် ဒါပေမယ့်အဲဒီလုူက အလုပ်ထွက်သွားပြီတဲ့”
ဇာတ်လမ်းကိုပြတ်ရော။
ကျုပ်ဖြင့် လေးငါးထောင်ထက်မပိုတဲ့ ရေမီတာခကို သောင်းချီပြီးဆောင်လိုက်ရတယ်။
အခုတော့သူများနဲ့မပေးရဲတော့ဘူးရုံးဘဲကိုယ်တိုင်သွားဆောင်လိုက်တော့တယ်။
ရုံးသွားဆောင်မယ်ဆိုလို့တလောက လေးတင်ဖြစ်သွားတာ။
မှတ်မှတ်ရရ အိမ်ခွန်ထင်ပါတယ်။
အရပ်ဝတ်နဲ့တစ်ယောက်က ဖြတ်ပိုင်းလေးနဲ့လာရော။
ကျုပ်ကလဲ ရုံးသွားဆောင်မယ်ဆို ပြောတော့ ဘာမှမပြောဘဲဖြတ်ပိုင်းပေးသွားတယ်။
အရပ်ဝတ်နဲ့ဆိုတော့လဲ ကျုပ်က သူတို့ရုံးကမှန်းဘယ်သိမလဲ။
နောက်ရက် ရုံးသွားဆောင်တော့ ဆောင်ပြီးတဲ့ ဖြတ်ပိုင်းက နောက်ရက်မှလာယူတဲ့။
ဘာဖြစ်လို့လဲမေးတော့ အခုရက် စီမံချက်နဲ့အိမ်တိုင်ယာရောက်လိုက်ကောက်နေလို့တဲ့.။
ဒါနဲ့ဘဲအခွန်ငွေတော့ဆောင်ခဲ့ပါတယ်။
နောက်နေ့မှဖြတ်ပိုင်းသွားယူရတာပေါ့။
အမှန်ဆို ရုံးသွားဆောင်မယ်ပြောတဲ့အခါ အကျိုးအကြောင်းရှင်းပြသင့်တာပေါ့နော်။
ထားလိုက်ပါတော့။
အဲဒီတုန်းကလဲ ရေမီတာကနောက်ဖေး က အမိူက်တောမှာဖြစ်နေတာ့ ညစ်ပတ်စုတ်ပြတ်။
ဒီတော့ ဝန်ထမ်းက ဝင်မဖတ် ခန့်မှန်းခြေနဲ့ကောက်။
နောက်တော့ ဒီပြင်လူဝင်စစ်တဲ့အခါ တကယ်မီတာ မှာပြတာနဲ့ ဝင်စစ်တဲ့သူ ကြားမှ
ကွာနေပြန်ရော။
ဒါနဲ့ဘဲနောက်တော့ပုံသေနူန်း နဲ့ကောက်တာ အခုချိန်ထိပါဘဲ။
လူနည်းရင် တော့ ၂၃၄ဝကျပ်က အနိမ့်ဆုံးပေါ့။
သုံးလဲ မပေး မသုံးလဲမပေး
ရေလာလဲပေး မလာလဲပေး စနစ်ဖြစ်ခဲ့တာကြာပေ့ါ။
ကျုပ်တို့ဘက်ကိုရေပေးတဲ့အခါ မြစ်ကြမ်းပြင်ကအဝီစိရေကို စုပ်ယူပြီးရေတွန်းစက်ကနေ
တင်ပေးတယ်လို့တော့ပြောကြတာပါဘဲ။
အရင်ကတော့ လူနည်းလို့ထင်ပါတယ် ရေတွန်းစက် တွန်း တွန်း မတွန်းတွန်း
ရေကတော့ အမြဲရနေပါတယ်။
နောက်ပိုင်းမှတော့ တို်က်ခန်းစေ့ လူအစေ့ဖြစ်လာတဲ့အချိန်မှာတော့
မော်တာနဲ့မဆွဲရင်ရေက လုံးဝမရတော့ဘူး။
အရင်ကမော်တာနဲ့ဆွဲရင် ရေက တဝေါဝေါနဲ့ကျလာပေမယ့်
အခုတော့ မော်တာနဲ့ဆွဲရင်တောင်မှရေက တစက်ချင်းလာတယ်ဆိုရုံဘဲကျနေတာလေ။
ရေလာတဲ့အချိန်ကြည့်လိုက်အုံး ည ဆယ့်တစ်နာရီကျော်မှ မော်တာနဲ့ဆွဲလို့ရပါတယ်။
တစ်စက်ခြင်းလာတဲ့ရေကို စောင့်ပြီးတင်လိုက်ရတာ ညတစ်နာရီကျော်မှာဘဲ
အိမ်မှာ ရေထည့်လို့ရသမျှ အိုးတွေခွက်တွေထဲအကုန်ထည့်လို့ပြီးပါတော့တယ်။
ဒါလောက်ထည့်ထားတာတောင်မှ ချွေချွေတာတာလေး သုံးမှလောက်ငှရုံဘဲရှိပါတယ်။
အဲလိုရေစောင့်ခံနေရတော့ အိပ်ရေးပျက်တဲ့ညတွေများ လာ။
မနက်လဲ စောစောမထနိုင်။
ဒီတော့ အရင်လိုဘယ်လမ်းလျောက်နို်င်တော့မလဲနော်။
လမ်းမလျောက်နို်င်မှတော့ လူလဲပုံပျက်ပန်းပျက် ဖြစ်သွားတော့တာပေါ့နော်။
**********************************************************
အခုနောက်ပိုင်း လျှပ်စစ်မီး က ပုဂ္ဂလိက ကိုပြောင်းပေးလိုက်တယ်ပြောပါတယ်။
မီတာခွန်ဆောင်တဲ့စာရွက်လေးမှာ ကုမ္ပဏီနာမယ်လေးတော့ ပါလာပါတယ်။
မီးတက်လိုက်ကျလိုက်ဖြစ်နေတဲ့အကြောင်းကိုလှမ်းဖုန်းဆက်လိုက်တော့
“ဘယ်နားမှာလဲပြင်ပေးပါမယ်”လို့တော့ ပြန်ဖြေပေါ်ရပါတယ်။
အရင်ကလို မေးလိုက်ရင် ဟိုဆက်ပါ ဒီဆက်ပါနဲ့ ဘောလီဘောမပုတ်တော့
ဖုန်းဆက်ခတော့ သက်သာသွားသပေါ့။
ဒါပေမယ့်လဲ မီးကတော့ ညနေစောင်းတာနဲ့ တက်လိုက်ကျလိုက်ဖြစ်နေမြဲပါဘဲ။
အရပ်စကားကတော့ ရပ်ကွက်တွေထဲမှာ လုပ်ငန်းလုပ်နေသူတွေရှိပါသတဲ့။
“ လျှပ်စစ်မီးကို မတော်မတရားသုံးနေတာတွေ့ရင် တိုင်လို့ရတယ်။
ဒါပေမယ့် တိတိကျကျ တော့ပြောနိုင်ရမယ် ဟိုနားမှာလိုလို ဒီနားမှာလိုလို
မတိမကျတော့ ပြောလို့မရဘူး” ဆိုတဲ့ စကားလေးကို တော့ နားထဲကမထွက်။
ခက်တာက ကိုယ်ကလဲ ဖုံးထားတာကိုဖော်ဘို့လောက်ထိမစွမ်း။
လုပ်ငန်းတွေ မြို့ပြင်ရွှေ့ဆိုတဲ့အချိန်ကတောင် လူမြင်သူမြင်မှာမရွှေ့ဘဲနေနိုင်စွမ်း
ရှိသူတွေကလဲ ရှိဆိုတော့ အခက်သားလား။
နောက် မီတာမရှိပေမယ့် မီးတွေလင်းထိန်နေတဲအိမ်လဲတွေ့ပါ။
ဒါပေမယ့် ကိုယ်က ဘာလုပ်နိုင်တာမှတ်လို့။
လက်တွေ့မှာတော့ မီးအားက တက်လိုက်ကျလိုက်။
ဒါကလဲ မပြောတောင်မှသိနေတဲ့ကိစ္စတွေပါဘဲ။
ရေပေးရေး လဲ ရေတွန်းစက်တွေနဲ့ရေတွန်းပေးနေတယ်လို့ဆိုပြန်ပါတယ်။
အဲလိုရေတွန်းတာမှ ရေရတယ်ဆိုရင် ဘာလို့များလူအများအိပ်ချိန်မှရေတွန်း
ပေးရတယ်ဆိုတာ မသိနိုင်ပြန်ပါဘူး။
ကျုပ်တို့ရဲ့ နေ့စဉ်ဖြတ်သန်းမူ့ဘဝတွေမှာ လျှပ်စစ်မီးတို့ရေတို့ က မရှိမဖြစ်ပစ္စည်းတွေဖြစ်နေပြန်ပါတယ်။
တိုးတက်လာတဲ့ ခေတ်ပေါ်ပစ္စည်းမှန်သမျှက လျှပ်စစ်မီး ကိုဘဲအသုံးပြုနေပြန်ပါတယ်။
သောက်ရေ ချုးိရေ သုံးရေ ဆိုပြန်တော့ လဲ လူဦးရေက တစ်နေ့ထက်တစ်နေ့တိုးနေပြန်ပါတယ်။
အဲတော့ အရင်ကဖြန့်ဝေပေးသလောက် ရေ နဲ့ကမလုံလောက်တာအမှန်ပါဘဲ။
လူဦးရေတိုးတက်လာတာနဲ့အမျှ ဖြန့်ဝေပေးတဲ့ လျှပ်စစ်မီး ရော ရေ ပါ တိုးပြီးဖြန့်ပေးမှ
လူတန်းစေ့နေနိုင်မှာကလဲအမှန်ပါဘဲ။
အခုချိန်မှာတော့ သတင်းစာတွေ ဂျာနယ်တွေမှာဖတ်လိုက်ရင်တော့
နို်င်ငံတကာအဆင့်မီ နိုင်ငံတကာရင်ဘောင်တန်းဆိုတဲ့ စကားလုံးတွေက
တော့ ပလူပျံအောင်ဖတ်နေရပါတယ်။
ဘယ်နေရာမှာ မှီပြီး ဘယ်နေရာတန်းတယ်တော့မသိပါဘူး။
တကယ့်လူတန်းစေ့နေနိုင်ကြပြီလားလို့ပြန်မေးရင် လိုအပ်ချက်တွေက ဒင်းကြမ်းပြည့်လို့ပါဘဲ။
ကျုပ်တို့မှာ နေ့စဉ်နေရေးထိုင်ရေးအတွက်အခြေခံလိုအပ်ချက်တွေက မပြည့်မစုံနဲ့ပါ။
ကျုပ်ပြောချင်တာက ရှင်းရှင်းလေးပါဘဲ။
ကျန်တာတွေ အဆင့်မီချင်မီ မမှိီချင်နေ ဘာမှသိပ်အရေးမပါပါဘူး။
အခုလဲ လူတိုင်းပါးစပ်ဖျားမှာ ၁၅၀ဝ တန်လက်ကိုင်ဖုန်းဘဲ။
ဒီလက်ကိုင်ဖုန်း မကိုင်လိုက်ရလို့လဲ ဘာမှမဖြစ်ဘူးလို့ကျုပ်ကတော့ ခံယူထားတာဘဲ။
အဲဒီအတွက်ကုန်မယ့် ပိုက်ဆံတွေကို လျှပ်စစ်မီး သောက်ရေသုံးရေ လုံလောက်အောင်
ပေးနိုင်ဘို့ အသုံးချလိုက်ရင် ပိုကောင်းမယ်လို့ထင်တာပါဘဲ။
မီးနဲ့ရေလိုတာကတော့ ကျုပ်တစ်ယောက်ထဲ မဟုတ်ပါဘူး။
တစ်တိုင်းတစ်ပြည်လုံးရဲ့လိုအပ်ချက်ပါ။
ကျုပ်တို့လို မြို့ပေါ်တောင်မှ ရေဒီလောက်ခက်နေရင် မိုးခေါင်ရေရှား
အရပ်ကလူတွေပိုခက်မှာကအသေအချာပါဘဲ။
သုံးရေသောက်ရေတောင်ခက်ရင် စိုက်ပျုးိဘို့အတွက်ဆိုဝေးရောပေါ့။
လယ်ယာမြေနဲ့အသက်မွေးဝမ်းကျောင်းပြုနေသူများအတွက်က ရေမရှိဘဲ စိုက်လို့ပျိုးလို့မရ။
အခုခေတ်မှာက ဘာလုပ်လုပ်စက်ကိရိယာကို အသုံးချပြီးလုပ်တာများပါတယ်။
ဒီတော့ လျှပ်စစ်မီးမရှိဘဲ လုပ်ငန်းတွေလုပ်လို့မရ။
တိုးချဲ့လို့မရ။
ဒါတွေက တကယ့်အခြေခံလိုအပ်ချက်တွေပါဘဲ။
တိုင်းပြည်ဆင်းရဲတယ်ဆိုတာလဲအားလုံးကအသိ။
အဲတော့ လိုအပ်ချက်တွေကတော့ ဖြည့်မကုန်အောင်ရှိနေအုံးမှာပါဘဲ။
ဒီတော့ မလိုတာတွေကို ခဏနားထားပြီး အဓိကလိုအပ်တဲ့ မီးနဲ့ရေကို
မြို့တိုင်းရွာတိုင်းအတွက် စီမံကိန်းအသေအချာဆွဲဘို့လုပ်ဆောင်ဘို့တော့
လိုအပ်တယ်လိုထင်ပါတယ်။
ဟိုနားမှာရေရပြီအလျှံပယ် ဒီမှာလျပ်စစ်မီဂါဝပ်ဘယ်လောက်ထုတ်လို့ဘယ်ကိုတောင်ရောင်းစားလို့ရနေပါတယ်ဆိုပြီး
ဘယ်လောက်ဘဲပြောပြော ဘယ်လောက်ဘဲရေးရေး
လက်တွေ့မှာမီးမလာ ရေပြတ် ဆိုတဲ့ အခက်အခဲတွေ မလုံလောက်မူ့တွေကြုံနေရတာ
မျက်မြင်ကိုယ်တွေ့ပါဘဲ။
ဟိုးနှစ်ပေါင်းများစွာကတည်းက လူကြားကောင်းအောင်
ပြည့်စုံပါတယ်ဆိုတာကို စာရွက်ပေါ်မှာသာ သက်သေပြနိုင်တဲ့အဖြစ်တွေကလဲ
ပပျောက်သင့်ပါပြီ။
အဲတော့ မရှိရင်လဲဖြစ်နေသေးတဲ့ မလိုအပ်တာတွေကိုပေးနေမယ့်အစား
တကယ့်လိုအပ်ချက်တွေကိုသာပြည့်မှီအောင်ဆောင်ရွက်ပေးစေချင်ပါတယ်။
ကျုပ်ခေါင်းထဲမှာတော့ ဒီမေးခွန်းလေးကဘဲ ပြူတစ်ပြူတစ်နဲ့ ဖြစ်နေပါတယ်။
“လိုတာပေး၏………………. မပေး၏ လိုတာရ၏ …………မရ၏”
တဲ့ ။
ကဲ ကျုပ်ကိုယ်စား အများက ဖြေပေးလိုက်ကြပါအုံးဗျို့။
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
9-6-2013
17 comments
KZ
June 17, 2013 at 9:51 am
လေးပေါက်ကြီး::::။
ဖတ်ရတာ မောလိုက်တာ။
တိုက်ပါဦး။ ရေခဲရေလေး:::::
ဒီ သံသရာ က ဘယ်တော့ လွတ်မတုန်းမသိ။
မီးနဲ့ ရေ ….
ကိုယ် ဘာကို ရွေးမလဲ။
ရေနဲ့ မီးနဲ့ကြားမှာ နှစ်လုံးသားလေးဟာ မဆုံးဖြတ်ရဲဘူး::::::
ဟေး နာ နာ ….
ဟိုး နာ နာ….. 😛
နောက်ဆုံးတော့ ဘယ်သူတွေပဲ နာ သတုန်း::::::
ko pauk mandalay
June 17, 2013 at 1:53 pm
ကျုပ်လဲရေးရတာ လက်ဆစ်တွေတောင်နာလို့ပါအေ့
ဗုံ ဗုံ
June 17, 2013 at 10:22 am
မီးကမမှန် …ရေကမထွက်..ခြင်ကကိုက်..ဖုန်ကထူ….ဒီမန်းလေးကို စိတ်ကမကုန်နိုင်ဘူး… ဒီလောက်ရှိလှတာ နောက်နေ့ ကျုံးထဲ ဒိုင်ဗင်ထိုးပြီး ရေသွားကူးမယ်….ဖေပေါက်မတားနဲ့…
ခင် ခ
June 17, 2013 at 11:56 am
ကျုံးထဲ ဒိုင်ပင်ထိုးမှတော့ ဖေပေါက်တားချိန်တောင်ရမှာမဟုတ်ဘူး စည်ပင်သာယာက ဖမ်းသွားလို့လေ။
ဗုံ ဗုံ
June 17, 2013 at 12:12 pm
စည်ပင်ဝတ်စုံ ဝတ်ပြီး အမှိုက်ဆယ်ချင်ယောင်ဆောင်ပြီး ရေချိုးမှာ..လေးခလည်းမတားနဲ့
ko pauk mandalay
June 17, 2013 at 1:55 pm
ဘယ်နားသွားပြီး ဒိုင်ဗင်ပစ်မလဲ လက်ဆော့ချင်လို့ပါ
မင်းမင်း
June 17, 2013 at 10:54 am
လိုတာပေးနိုင်ဖို့နိုင်ငံတော်က
စီစဉ်ဆောင်ရွက်ပေးနေပါတယ် ခဗျား
ခုတောင်ဒီးဒုတ်တောင်စီမံကိန်းတိုင်းနေပါပြီ။
၁၀ဝ ၂၀ဝ လောက်တော့ရမယ်ထင်ပါတယ်။
အခြားနည်းလမ်းပေါင်းစုံနဲ့လဲဆောင်ရွက်နေတာမို့
ဒီဘဝတော့မှီလောက်ပါတယ် လေးပေါက် ရေ။
(ဟီးးးအဆိုးရကိုဖားတာဟုတ်ဘူး)
ko pauk mandalay
June 17, 2013 at 1:57 pm
စတာတော့ စတာပါဘဲ
ဒါပေမယ့် အဆုံးမသတ်ရသေးတာ ခက်တယ်
မောင် ပေ
June 17, 2013 at 1:16 pm
အခုခေတ်က တိုင်ရင် အရေးယူတာတော့ ကောင်းပါတယ်
ဒါပေသည့် တိုင်ခံရတဲ့သူက ပြန်ချောင်းရိုက်/လုပ်ကြံ တာ ကို လဲ သတိထားရတဲ့ခေတ်ဗျ
နောက်ပြီး လေးပေါက် အခုပို ့စ် ကို ဖတ်ရင်းနဲ ့သတိထားမိတာက
မင်းဒင် ရဲ ့သက်ခိုင် စာအုပ်ထဲက တိုက်ခန်းတွေ မှတ်တာပဲ ။
ko pauk mandalay
June 17, 2013 at 2:03 pm
အေးပေါ့
အရိုက်ခံရမှာကြောက်လို့ မတိုင်တာပေ့ါအေ့
Shwe Ei
June 17, 2013 at 2:58 pm
ရန်ကုန် မန်းလေး လိုမြို့ကြီးတွေ တောင် မီးမမှန်တာ ကျန်တဲ့ တောကြိုအုံကြားဒေသတွေတော့ ပြောမနေပါနဲ့တော့ လေးပေါက်ရေ…
လမ်းကြုံလို့ ဘိုကလေးမြို့ အကြောင်းပြောလိုက်အုံးမယ်
ညနေ (၆)နာရီမှ မီးစလာတယ်…ညဆယ်နာရီဆိုပျက်ရော
နေ့ဘက်ဆိုလဲ ထူးမခြားနား…မီးလာပဟေ့လို့အော်လိုက် မီးစက်ပြေးပိတ်လိုက်….ပျက်ပြန်ဘီဟ လို့ အော်လိုက် မီးစက်ပြေးနှိုးလိုက်….သံသရာကိုလည်လို့
အိုက်ဒါ တရက်ခြားစနစ်နဲ့လာတာ…တမြို့လုံး မီးစက်သံ တညံညံနဲ့
ဘဒူ့ ဘဒူမှ မညိုညင်ကြတော့ဝူး…ဒီ ဒွတ်ခ ရီး အတူတကွ ခံစားကြရတာကိုး… :'(
ခုချိန်ထိ အစိုးရကပေးတဲ့ လျှပ်စစ်မီး မမြင်ဖူးသေးတဲ့ ရွာတွေ အပုံရီး…..မယုံရင် ပုံပြင်လို့သာမှတ်ပေရော့ …
ko pauk mandalay
June 18, 2013 at 3:20 pm
“ဖြတ်သာသွားမယ် မနားတယ်”ဆိုတဲ့ မြို့တွေက မြန်မာပြည်မှအများကြီးပါအေ။
ဒီစာသားလေးက ဆရာစိုင်းခမ်းလိတ်ရေးခဲ့တာပါ။
Mr. MarGa
June 17, 2013 at 3:32 pm
မီး…နဲ့……ရေ
ဒီဒုက္ခတွေက အတော်ဆိုးတယ်
ကျွန်တော်တို့ကတော့ ရေဒုက္ခ မခံရဘူးဗျ
အဝီစိတွင်း တူးထားသကိုး
အဲ မီးကတော့ ခံရသဗျာ
နည်းမျိုးစုံဆိုတော့ မပြောချင်တော့ပါဘု
ခုရက်ပိုင်း ပုံမှန်လေး ပြန်လာနေလို့ နည်းန်ညး တော်သေးတယ်ပြောရမယ်နော့
kai
June 18, 2013 at 4:49 am
လျှပ်စစ်စက်ရုံဆောက်ရင်.. ပြမယ်.. ပြမယ်..
..ဆန္ဒပြမယ်..
သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေး.. ဒို့အရေး..။
စက်ရုံစီမံကိန်းတွေကို.. မြေကြီးပေါ်မှာမဆောက်ရေး.. ဒို့အရေး..။
ရေထဲမှာလည်း.. မဆောက်ရေး.. ဒို့အရေး..
..ကွိ..။
Ma Ma
June 18, 2013 at 8:24 am
ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း မပြီးခင်ကတော့ …..
အဲဒီစီမံကိန်းပြီးရင် လျှပ်စစ်ကို မလိုချင်လောက်အောင်ရမယ်လို့ ပြောခဲ့ဖူးသလိုပဲ :byae:
ko pauk mandalay
June 18, 2013 at 3:21 pm
ကိုခို်င်ရေ နားမလယ် ပါးမလယ်နဲ့ ရှေ့ရေးမတွေးဘဲ
သူများပြောတိုင်း လက်မြောက်ပြီး ဒို့အရေးနေကြတာ အရင်နဲ့ အခု အတူတူဘဲလို့ထင်ပါတယ်။
ko pauk mandalay
June 18, 2013 at 3:25 pm
MaMa ရေ
ပြောပေါင်းများလို့ ရိုးနေပါပြီ ရှင်နဲ့လိုက်တဲ့ အမည်လေးတစ်ခုတော့ ပေးပါရစေလား
လောကကြီးကို ခါးစောင်းတင်မယ့် သောက်ကြွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဆိုပြီး ကျနော်တို့ဖျက်ဆိုခဲ့ကြတယ် သီချင်းလေးကို သတိမရဘူးလားဗျို့