အဖေ့ နှစ်ပတ်လည်နေ့ဟာ ဘယ်နေ့လည်းဗျာ
အဖေ
အဖေများနေ့လို့ ကလေးတွေပြောဆိုသံကြားတော့ သား အဖေ့ကို သတိရမိပါတယ်အဖေ၊
ဒါပေမယ့် တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးခဲ့တဲ့ အဖေ့ရုပ်ရည်ဟာ ဘယ်လိုပါလိမ့် ၊
မယ်ဒလင်တီးပြီး တေးသွားလေးတွေနဲ့ အထက်တန်းပြ ဆရာမရဲ့ နှလုံးသားကို
ဆုပ်ကိုင်စေမိခဲ့သူမို့ အဖေဟာ ခေသူမဟုတ်တာတော့ သေချာမှာပါ ၊
ဒါပေမယ့် ယမကာကျေးကျွန် ဖြစ်လာတဲ့နောက်မှာ မသာယာတော့တဲ့ အဖေတို့ အိမ်ထောင်ရေး ရှုပ်ထွေးခဲ့မှာပဲလေ ၊
တစ်နေ့ အဖေဟာ ရ လသားအရွယ် ကျနော့်ကို ချီပြီး ဘုံဆိုင်တစ်ခှမှာ သူငယ်ချင်းတွေနဲ့ စတည်းချနေသတဲ့ ၊
အဲဒီအချိန် သားပျောက်တဲ့ အမေက ဟိုဟိုဒီဒီ လိုက်စုံစမ်းရင်း သင်္ဘောဆိပ်အထက်ဘက် အဲဒီဆိုင်မှာ အဖေ့ကို တွေ့ခဲ့ပါတယ် ၊
အဖေဟာ အဖေ့ဘော်ဒါတွေကို ဒါ ငါ့သားကွ ငါ့သား လို့ပြောရင်း ကြွားနေတယ်ဆိုပဲ ၊
အမေ ခေါ်ထုတ်ခဲ့လို့ ဆိုင်ထဲကထွက် အိမ်ဘက်ပြန်လာရင်း စကားများ ရန်ဖြစ်ရာက စပြီး ပေါင်းနက်ချောင်း တံတားပေါ်မှာ ကျနော့်ကို လုခဲ့ကြတယ်တဲ့ ၊
ပေါင်းနက်ချောင်း ဆိုတာ ဧရာဝတီမြစ်ထဲ စီးဝင်တဲ့ ချောင်းကလေးပါ ၊ အဲဒီတံတားဘေးမှာက ရွှေကူသင်္ဘောဆိပ်ပေါ့ ၊
ညနေမှောင်ရီစမို့ အသွားအလာများတဲ့အချိန်မို့ အမေတို့ရန်ပွဲဟာ ခပ်သေးသေးမြို့ကလေးအတွက် ခေါင်းကြီးပိုင်းသတင်း ဖြစ်ခဲ့ပါတယ် ၊
ဒီမယ် ကိုတင်မောင်ဝင်း ရှင့်သားကို ရှင့်လို အရက်သမားမဖြစ်စေချင်ရင် အခု လွှတ်လိုက်လို့ အမေပြောလိုက်ချိန်မှာ
ကျနော့်ကို ဆွဲကိုထားတဲ့ အဖေ့လက်တွေဟာ ဖြေလျော့သွားခဲ့ပါသတဲ့ ၊
တစ်ကျောင်းတည်းရှိတဲ့ အထက်တန်းကျောင်းက အထက်တန်းပြဆရာမမို့ လူသိများလှတဲ့ အမေဟာ
ရှက်တာကော သိက္ခာအတွက်ပါ အတော့ကို စိတ်ညစ်ခဲ့ပါလိမ့်မယ် ၊ စိတ်ကလည်း ကြီးသူမို့ နောက်နေ့မနက် ၆ နာရီထွက်တဲ့ အဆန်သင်္ဘောနဲ့ ဗန်းမော်ကို အပြီးပြောင်းခဲ့ပါတယ် ၊
မေလထဲမှာပါ ၊ ကျောင်းပြောင်းဖို့အတွက်ကိုတော့ အမေ့ကို သံယောဇဉ်ရှိပြီး နားလည်ပေးခဲ့တဲ့ ခရိုင်ပညာဝန်က ကူညီပေးခဲ့ပါတယ် ၊
ကျောင်းတွေဖွင့်တော့ အမေက အမေတာဝန်ကျတဲ့ အ – ထ – က ၁ ကိုသွား ၊ သားဖြစ်တဲ့ ကျနော်က အိမ်မှာ အမေ့အမ ကြီးကြီးနဲ့ပေါ့ ၊
နောက် သားက ကျောင်းတက်ရမယ့်အရွယ် အမေ့ကျောင်းမှာပဲ တက်ခဲ့ရပါတယ် ၊ နောက်တော့ အမေဟာ ရန်ကုန်ပြောင်းဖို့ အသည်းအသန် ကြိုးစားခဲ့ပါတယ် ၊
တကယ်ပဲ အမေဟာ မြန်မာ့အသံမှာ အစီအစဉ်ကြေညာသူအဖြစ် အလုပ်ရခဲ့ပြီး ရန်ကုန်ကို ပြောင်းခဲ့ကြပါတယ် ၊ ကျနော် ၂ တန်းစာမေးပွဲအပြီးမှာပါ ၊
နောက်မှ သိရတာက အဖေက ရွှေကူကနေ ဗန်းမော်ကို တက် တက်လာပြီး ကျနော်တို့ကို စုံစမ်းတယ်ဆိုပဲ ၊
ကျနော့်ကိုလည်း အိမ်ရှေ့ကနေ တိတ်တိတ်လေး လာ လာ ကြည့်သတဲ့ ၊ ( ကြီးကြီးက နောက်မှ ပြောပြတာပါ )
ရွှေကူက သတင်းတွေက မိုင် ၄ဝ သာသာ ဗန်းမော်ကိုရောက်ဖို့ ဘာ ခက်တာ မှတ်လို့ ၊
အဲဒါတွေကြောင့် အမေဟာ ဝေးကွာလှတဲ့ ရန်ကုန်ကို မရမက ပြောင်းတာ ဖြစ်ပါလိမ့်မယ် ၊
အမေ့မှာ အဖေနဲ့ပတ်သက်တာ ဘာမှ မရှိတာမို့ ကျနော် အဖေ့ကို ဓါတ်ပုံလေးတောင် မမြင်ဖူးတာ မထူးဆန်းပါဘူးဗျာ ၊
စိတ်ကြီး စိတ်နာတဲ့ အမေကို ကျနော်က အဖေ့မွေးနေ့ မမေးရဲသလို အဖေ ဘယ်နေ့မှာ ဘယ်လို ဘဝပြောင်းရတယ်ဆိုတာ မသိခဲ့ပါဘူး ၊
လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ရွှေကူရောက်တုန်း အမေ့အသိတွေကို အဖေ့အကြောင်းမေးတော့ မိုးတွင်းကြီး တစ်ရက်မှာ အဖေလူ့လောကကို စွန့်သွားခဲ့တယ် ၊
ကျနော် အသက် ၉ နှစ် ၁ဝ နှစ်အရွယ်လောက်ပေါ့ ၊ ဘယ်နေ့ဆိုတာတော့ သူတို့ မမှတ်မိကြပါဘူး ၊
မိုးတွေတအားရွာနေတဲ့ အချိန် ဗန်းမော်က စုန်လာတဲ့ မန္တလေး သင်္ဘော မဆိုက်ခင် သင်္ဘောဆိပ်က ခုံတန်းလေးပေါ်မှာ ့ ့ ့ ့ ့ ။
အဖေရာ သား အဖေ့ကို လွမ်းပါတယ် ၊ သားဟာ အခု အဖေဘဝရောက်နေပြီမို့
ကျနော့်သားကို ကျနော် သိပ်ချစ်သလို အဖေလည်း ကျနော့်ကို ချစ်ခဲ့မှာ သေချာတာပေါ့ ၊
သူများတွေက အဖေမွေးနေ့ ဒါမှမဟုတ် ကွယ်လွန်ပြီးရင်လည်း ဘယ်နေ့ကို ဘယ်နှနှစ်မြောက်ဆိုပြီး ကုသိုလ်ပြု အမှတ်တရ ရေးသားနိူင်ကြပေမယ့်
ကျနော့် အတွက်တော့ ဘယ်နေ့ ဆိုတာမသိ ဘယ်နှနှစ်ဆိုတာ မသိသူမို့
မိုးတွေရွာတိုင်း မျက်ရည်ဝိုင်းရင်း မြင်ဖူးခြင်းမရှိပေမယ့် သတိရစွာ ရှိလျက်ပါအဖေ ၊ ။
15 comments
kyeemite
June 19, 2013 at 3:57 pm
စိတ်မကောင်းပါဘူးကိုမျိုးသန့်ရေ
ငါသာဆိုရင်ကော ဘယ်လိုခံစားရလေမလဲ လို့တွေးပြီးလည်းကိုယ်ချင်းစာမိပါတယ်ဗျာ
အခုတော့ အဖေမရှိတော့ပေမဲ့ လက်တွေ့ရှိနေတဲ့ သားလေးကို ဖခင်မေတ္တာအပြည့်အဝပေးနေတာမြင်ရလို့
ဝမ်းသာပီတိဖြစ်မိပါရဲ့ဗျာ…
kyeemite
June 19, 2013 at 4:03 pm
မေ့လို့ဗျို့…တွေ့ဆုံပွဲကျရင် သားတော်မောင်ကိုခေါ်ခဲ့ပါနော..
သူ့အဖေဆုယူတာကြည့်ပြီး ဂုဏ်ယူပါစေဗျာ.. 😆
Myo Thant
June 19, 2013 at 4:09 pm
ဟုတ်ကဲ့ပါဗျာ
သူကတောင် သူမပါပဲ မသွားရဘူး လို့ပြောနေသူပါ ၊
e tone
June 19, 2013 at 4:08 pm
သူများတွေ အဖေအကြောင်းရေးကြလျှင် … ရင်ထဲ သိပ်မကောင်းဘူး ။ 😥
ကိုယ်တိုင်ကျတော့ ၊ သက်ရှိထင်ရှားရှိနေတဲ့ အဖေနဲ့ မာနချင်းပြိုင်လို့ ၊ မျက်နှာချင်းဆိုင်တောင် စကားမပြောနှုတ်ဆိတ်နေခဲ့မိတယ် ။ ဆုံးရှုံးသွားပြီးမှ ပြန်အစားထိုးမရတဲ့ အရာတွေထဲက တန်ဖိုးအကြီးဆုံးဟာ မိဘဆိုတာ သိပေမယ့် …. နေသားတကျဖြစ်နေတဲ့ အမူကျင့်တွေကို မစွန့်နိုင်သေးဘူးပဲ …
Myo Thant
June 19, 2013 at 4:13 pm
ဘယ်လိုပဲဖြစ်စေ
သူတို့ကြောင့် ကိုယ် လူဖြစ်ခဲ့ရတာပဲလို့
တစ်ချက်လေးတွေးရုံနဲ့တင်
ကြင်နာစရာတွေ ဝင်လာနိူင်ပါစေဗျာ ၊
Ma Ma
June 19, 2013 at 4:23 pm
ဖတ်ရသိရတာ စိတ်မကောင်းစရာပါပဲ။
ဒီစာကိုဖတ်ပြီး ဦးသုခရဲ့ အဖေနဲ့သား ၂ဦးကြားတွင် ဝတ္တရားကိုယ်စီရှိကြသည် ဆိုတဲ့ ဇာတ်လမ်းတိုလေးကို သွားသတိရမိတယ်။
ဦး ကြိမ်
June 19, 2013 at 5:05 pm
အဖေနေ့ အမေနေ့ လို့သတ်မှတ်တာထက် နေ့တိုင်းနေ့တိုင်း မမေ့ မလျော့
အဖေ အမေတို့ရဲ ့ဂုဏ်ကျေးဇူးတွေကိုနှလုံးသားထဲမှာပုံဖော်သတိရ ဖို့
သားသမီးတွေတိုင်းမှာတာဝန်ကိုယ်စီရှိ သင့်ပါတယ်
ကိုရင်စည်သူ
June 19, 2013 at 6:19 pm
ရင်ထဲမှာ အောက်မေ့သတိရပြီး ကျေးဇူးသိတတ်နေတဲ့နေ့တိုင်းဟာ
အဖေများနေ့တွေပါပဲဗျာ.. ကိုရင်ကြီးမျိုးသန့်ခင်ည.. 🙂
လေးဖြူဆိုတဲ့ အဖေသီချင်းတောင် သွားပီးသတိရတယ်…
လှိုင်းထန်လေထဲမျောတဲ့အခါ အထီးကျန်လာတဲ့ အတွေးထဲမှာ
အမြဲမြင်ယောင်တမ်းတမိတယ်.. အဖေ…။
ဘဝဒဏ်ချက်များ အိပ်မက်မှာ… မျက်ရည်တွေစို့ရတဲ့အခါ
အမြဲမြင်ယောင်တမ်းတမိတယ်.. အဖေ…။
Myo Thant
June 20, 2013 at 4:36 pm
ဟုတ်ပါပြီ ကိုရင်စည်ရေ့
အလင်း ဆက်
June 19, 2013 at 8:28 pm
အဖေ နဲ ့ပက်သက်ပြီး..ဖတ်ရရင်..
ကျွန်တော့်မှာ.ပြောစရာတွေ အများကြီး..ရှိ လာတယ် ။
ဒါပေမယ့်..
ပြောဖို ့ရာက…….
=============
ဖတ်ရှု ခံစားသွား ပါတယ်ဗျာ…။
Ko chogyi
June 20, 2013 at 7:53 am
ပို့စ်နဲ့တော့ မဆိုင်ဘူးပေါ့
ရွှေကူဆိပ်ကမ်းအရမ်းကောင်းသွားပြီပဲ
ဆိပ်ခံတွဲလည်းရှိနေပြီ
အရင်က ကုန်းပေါ်ကို ကုန်းဘောင်ပြားတိုက်ရိုက်ထိုးပြီးဆင်းရတာ
Foreign Resident
June 20, 2013 at 8:46 am
သင်္ဘောလေးကို သဘောကျတယ် ။
သေးပြီး ရှင်းနေတာပဲ ။
Myo Thant
June 20, 2013 at 8:54 am
အဲဒါ ဆိပ်ခံတွဲပါ အဘဖောရေ၊
သိပ်မကြာခင်ကမှ လာချထားပေးတာ တဲ့ ၊
အရင်ကဆို သင်္ဘောကကမ်းဘေးအထိကပ် သစ်သားကုန်းဘောင်ထိုးပြီး အဆင်းအတက်လုပ်ရတာပါ ၊
ဦးကြောင်ကြီး
June 20, 2013 at 9:33 am
ကိုဂျီးမျိုးသန့်
ဂျိုကြီးထိုးဆန့်
ငိုငြီးပိုးလန့်
ဆိုတီးဒိုးဒန့်
ယိုမြည်းအိုးဖန့်
ခိုစီးဗျိုးဟန့်
သိုမှီးတိုးဖြန့်
ပျိုနီးရိုးခန့်..။
TNA
June 21, 2013 at 11:33 pm
ဖတ်ရင်းနဲ့စိတ်မကောင်းလိုက်တာ ကိုမျိုးသန့်ရေ။ အဖေ့အမျိုးတွေရောမရှိကြတော့ဘူးလား။ ကိုယ်ချင်းစာ မိပါတယ်။ ကျွန်မဆိုလဲသိချင်မှာပဲ။ အမေကတော့ တော်တော်ကိုနာကျည်းသွားပုံရတယ်နော်။ စိတ်မကောင်း လိုက်တာ။