ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ – လင်းထက်ဆွေ-စုစည်းတင်ပြသည်

kaiJuly 1, 20131min61411

ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ

Date: 2012/4/11
ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ
(လင်းထက်ဆွေ-စုစည်းတင်ပြသည်)

ဗုဒ္ဓဘာသာ မှာ အခြားသော ဘာသာတရားများ နဲ့ မတူ ထူးခြားတဲ့ အချက်ရှိတယ်။ ဘာသာတရားတိုင်းမှာ တော့ ဂိုဏ်းကွဲတွေ ရှိကြတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျမ်းစာ အရတော့ ဆိုင်ရာ ဂိုဏ်းကွဲတွေ အားလုံးက တစ်ခုတည်းသော ကျမ်းစာ ကို လက်ခံ ကြတာ ပဲ များပါတယ်။ ဗုဒ္ဓဘာသာ မှာ အခြားသော ဘာသာတရားများ နဲ့ မတူတာက ဂိုဏ်း အသီးသီး မှာ မိမိ တို့ ကိုယ်ပိုင် ပိဋကတ်စာပေ တွေ သီးခြားစီ ရှိနေတာ ပဲ ဖြစ်တယ်။ ထေရဝါဒ ဂိုဏ်းမှာက ပါဠိပိဋကတ် ရှိနေပြီးတော့ မဟာယာနဗုဒ္ဓဘာသာ မှာ တော့ သက္ကဋပိဋကတ် ကို ဘာသာပြန်ဆိုထားတဲ့ တိဗက်ပိဋကတ် တရုပ် ပိဋကတ် မွန်ဂိုလီးယားပိဋကတ် စသဖြင့် ရှိနေပါတယ်။ ဂိုဏ်းကွဲတွေ အားလုံး က လဲ မိမိ တို့ ဂိုဏ်း ရဲ့ ပိဋကတ် ဟာ မူလ ဘုရားဟော ပိဋကတ် ဖြစ်ကြောင်း အသန့်စင် အမွန်မြတ်ဆုံး ဖြစ်ကြောင်း ယုံကြည်ကြတာ ပါပဲ။ ဒါဆိုရင် ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပေါ်လာပါတယ်။ ဘယ်သူ့ ပိဋကတ်က မူလ ဘုရားဟောပိဋကတ် အစစ်အမှန်လဲ ဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်း တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

ဂန္ဓာရဒေသ မှ ပေါ်တော်မူ ဓမ္မစာပေများ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ဝ ကျော်လောက်က ဗုဒ္ဓဘာသာဝင်ရဟန်းတော်တွေ ဟာ သစ်ခေါက်ပုရပိုက်တစ်ချို့ မှာ ပိဋကတ်ကျမ်းစာတွေ ကို ရေးသားပြီး မြေအိုးတွေထဲ မှာ ထည့် လို့ (အခု ပါကစ္စတန်နိုင်ငံ ဂန္ဓာရဒေသ မှာ ရှိတဲ့) သဲကန္တာရ ထဲ မှာ မြုပ်ထားခဲ့ပါတယ်။ သူတို့ ဘာရည်ရွယ်ချက် နဲ့ ဒီလို မြုပ်ထားခဲ့သလဲ ဆိုတာ ဘယ်သူ မှ မသိပါဘူး။ မြင့်မြတ်တဲ့ ဓမ္မစာပေတွေ ကို အလေးအမြတ်ပြု စွန့်ထားခဲ့တာလား။ စေတီထူပါ တစ်ခုခု မှာ ပဲ ထည့်သွင်းဋ္ဌာပနာ ဖို့ ရန် စီစဉ်ခဲ့တာလား။ ရာစု များစွာ ကို ဖြတ်ပြီး ဗုဒ္ဓရှင်တော် ရဲ့ ဓမ္မတရားတွေ ကို ရာစုခေတ်သစ်ကလူသားတွေဆီ ရောက် အောင် အချိန်စုဘူး (Time-Capsule) ထဲ ထည့် ပို့ လိုက်တာ ဆိုရင်တော့ ဒီ ရဟန်းတော် တွေ ရဲ့ လုပ် ဆောင်ချက် အောင်မြင် တယ်လို့ပဲ ဆိုရမှာ ဖြစ်တယ်။ ဒီလုပ်ရပ် ဟာ ဘယ်လောက် ကြီးကျယ်ခမ်းနားတယ် ဆိုတာတောင် သူတို့ သိချင်မှ သိပေလိမ့်မယ်။

ဒီ ပေါ်တော်မူ ဓမ္မစာပေတွေ ကို ရှာဖွေတွေ့ ရှိခဲခြင်းဟာ ရှေးဟောင်းဗုဒ္ဓဘာသာ စာပေလေ့လာမှု ဆိုင်ရာနယ်ပယ် ကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တာကြောင့်ပဲ ဖြစ်တယ်။ ရှေးဟောင်းဗုဒ္ဓဘာသာ စာပေလေ့လာသူ ပညာရှင်တွေ အတွက် အရင်က မှားယွင်းနေတဲ့ အမြင်ဟောင်းတွေ ကို အသစ်ပြန်လည် ပြန်ဆင်နိုင်ခွင့် ရလာခဲ့တယ်။ ထူးခြားတဲ့ အမြင်သစ် တွေ လဲ ရလာစေခဲ့ ပါတယ်။ အရင်ကရှိခဲ့တဲ့ ဘာသာရေး ဂိုဏ်းဂဏ စွဲ တွေနဲ့ ယူဆခဲ့တဲ့ အမှားတွေကိုလဲ ထောက်ပြ လာနိုင်ခဲ့ကြပါတယ်။

ဒီလို အသစ်ရှာဖွေတွေ့ရှိချက် ဟာ ရှေးဟောင်းဗုဒ္ဓဘာသာ စာပေလေ့လာမှုဆိုင်ရာနယ်ပယ်ကနေ လက်တွေ့ ဓမ္မကျင့်စဉ် အားထုတ်နေသူတွေအထိ ပျံ့နှံ့ရောက်ရှိလို့ အမြင်ပြောင်းစေခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ဂိုဏ်းဂဏတွေ (ထေရဝါဒ မဟာယာန ဇင် ဝဇိရာယာန) အကြား ရှိနေတဲ့ အတ္တစွဲတွေ ဂိုဏ်းဂဏစွဲ စိတ်တွေ ကို ပြောင်းလဲ စေနိုင်ခဲ့ ပါတယ်။ ဒီနေ့ခေတ် ရဲ့ ပို့စ်မော်ဒန်ယဉ်ကျေးမှု ဝန်းကျင် ကလဲ ဗဟု အမှန်တရားတွေ အပြိုင်လက်ခံ နေကြရတဲ့ ကာလ မှာ ဒီ တွေ့ရှိချက် ဟာ ဂိုဏ်းဂဏစွဲ သန်တဲ့ ဗုဒ္ဓဘာသာ လောက အတွက် အလင်းတစ်ချက် ပြိုးပျက်လိုက် သလို ပါပဲ။

ဒီ ပိဋကတ်ကျမ်းစာတွေ စတင်တွေ့ရှိခဲ့တာ ၁၉၉၄ ခုနှစ်လောက်က ဖြစ်ပါတယ်။ ဖေါက်ထွင်းသူတစ်စု ဟာ ရှေးဟောင်း ဗုဒ္ဓဘာသာ သစ်ခေါက်ပုရပိုက် (၂၉) ခုလောက် ပါတဲ့ မြေအိုးတွေ ကို အာဖဂန်နိုင်ငံ အရှေ့ပိုင်း နဲ့ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ထိစပ်ရာ ဒေသတစ်ဝိုက်မှာ တူးဖော် တွေ့ ရှိခဲ့ ကြတယ်။

ဒီ နေရာ က ရှေးအခါ က ဂန္ဓာရတိုင်း လို့ ခေါ်တဲ့ နေရာဒေသပဲ ဖြစ်တယ်။ ခရစ်နှစ် အစ ပိုင်း ရှေးအခါက ဗုဒ္ဓဘာသာ စာပေ ယဉ်ကျေးမှု တွေ အကြီးအကျယ် ထွန်းကားခဲ့တဲ့ နေရာလဲ ဖြစ်တယ်။ ဘီစီ (၄) ရာစု ကနေ အေဒီ (၃) ရာစု အထိ ဂန္ဓာရတိုင်း မှာ ယဉ်ကျေးမှုတွေ လူ့ အဖွဲ့ အစည်းတွေ ဆက်တိုက်ထွန်းကားခဲ့တယ်။ အစပထမ က ဒီဒေသ ဟာ အာခေမိနစ် အင်ပါယာ ( Achaemenid Empire) ရဲ့လက်အောက်ခံဒေသဖြစ်တယ်။ နောက်တော့ အလက်ဇန်းဒါးဘုရင် ရဲ့ မက်ဆီဒိုနီယန် အင်ပါယာ ( Macedonian Empire) အောက် ကျရောက်တယ်။ ဂရိကိုလိုနီတွေ နဲ့ ဘက်ထရီရှား အိန္ဒိယ တိုင်းရင်းသားတွေ အကြားကူးလူးဆက်ဆံမှုတွေ ဖြစ်ခဲ့တယ်။ ဘီစီ (၁) ရာစုလောက်ကစတင်လို့ ဆီသိယန် (Scythian) ပါသီယန်(Parthian) ကုရှန်(Kushan) မျိုးနွယ်တွေ က ဒီ ဒေသ ကို လွမ်းမိုးအုပ်စိုးခဲ့ကြပါတယ်။ နာမည်ကျော် ဂန္ဓာရ အနုပညာ လက်ရာတွေ လဲ ပေါ်ပေါက်ခဲ့ပါတယ်။

တူးဖေါ်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းဗုဒ္ဓဘာသာ သစ်ခေါက်ပုရပိုက် တွေ ကို ပါကစ္စတန်နိုင်ငံ ပက်ရှဝါ မြို့တော် ရဲ့ ရှေးဟောင်း ပစ္စည်းဈေးကွက်မှာ စတင် တွေ့လာရပါတယ်။ ဒီအချိန်ဟာ တာလီဘန်အစွန်းရောက်တွေ အာဖဂန်နစ္စတန်နို်င်ငံ ဘာမီယန် ဒေသ က ဗုဒ္ဓရုပ်ပွားတော် ကြီး ကို ဒိုင်းနမိုက် နဲ့ ဖြိုချတဲ့ ကာလလဲ ဖြစ်ပါတယ်။ ဗြိတိသျှအမျိုးသား စာကြည့်တိုက်က ဒီ ရှေးဟောင်း ဗုဒ္ဓဘာသာ သစ်ခေါက်ပုရပိုက် တွေ ကို ဝယ်ယူစုဆောင်းခဲ့ပါတယ်။

ဂန္ဓာရီဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ စုဆောင်းမှုများ
အင်္ဂလန် ကို ရောက်ရှိလာတဲ့ ဒီ ရှေးဟောင်းဗုဒ္ဓဘာသာ သစ်ခေါက်ပုရပိုက်ကျမ်းစာ အလိပ်တွေ ကို ရှေးဟောင်းပစ္စည်း လေ့လာသူ ပညာရှင်တွေ က ဂရုတစိုက် ကိုင်တွယ် ဖြည်ထုတ် လို့ လေ့လာ ကြတဲ့ အခါ သူတို့ တစ်ခါ မှ မမြင်ဘူးတဲ့ ရှေးဟောင်း အက္ခရာတစ်မျိုး နဲ့ ရေးသားထားတာ ဖြစ်လို့ ဘယ်လိုမှ အဓိပ္ပါယ်မဖေါ် နိုင်အောင် ဖြစ်ခဲ့ ကြတယ်။ ဒီ ရှေးဟောင်း အက္ခရာတစ်မျိုး ဟာ ဂန္ဓာရတိုင်းမှာ ပေါ်ပေါက်ခဲ့ ဖူးတဲ့ ဂန္ဓာရီ အက္ခရာ (Gandhari Alphabets) ဖြစ်မယ်လို့ ထင်ကြတဲ့ အတွက် ဒီ ကျမ်းစာတွေ ကို အနက်ဖွင့်ပေးနိုင်မဲ့ပညာရှင်အနည်းငယ်ထဲ က တစ်ဦးတည်းဖြစ်တဲ့ အမေရိကန် နိုင်ငံ ဝါရှင်တန်တက္ကသိုလ် က သက္ကဋ နဲ့ ဗုဒ္ဓစာပေ ပညာရှင် ရစ်ချတ် ဆော်လမွန် (Richard Salomon) ဆီ ကို မိတ္တူ ကူးပြီး ပို့ပေးခဲ့ ပါတယ်။

လေ့လာစစ်ဆေးချက်တွေ အရ အဖြေထွက်လာတာကတော့ ဒီ ရှေးဟောင်း ဗုဒ္ဓဘာသာ သစ်ခေါက်ပုရပိုက်ကျမ်းစာ သိပြီးသမျှ ဗုဒ္ဓဘာသာဆိုင်ရာ စာပေ တွေထဲ မှာ ရှေးအကျဆုံး မှတ်တမ်းတင်ထားတဲ့ ပိဋကတ်စာပေ ဖြစ်တယ် ဆိုတာပါပဲ။ အခု ဒီ ကျမ်းစာတွေကို ဗြိတိသျှစာကြည့်တိုက် စုဆောင်းမှု (British Library Collection) လို့ ခေါ်တွင်ပြီး ဒါတွေ ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုတဲ့ လုပ်ငန်း ကို ရှေးဦးဗုဒ္ဓဘာသာစာပေလက်ရာများ ပရိုဂျက် (Early Buddhist Manuscript Project) အမည်နဲ့ ဆော်လမွန်က ဦးစီးပြီး လုပ်ဆောင်နေပါတယ်။ နောင်ဆယ်စုနှစ်တစ်ခု အတွင်း မှာ ဒီလို ဂန္ဓာရီ အက္ခရာနဲ့ ရေးသားထားတဲ့ ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ တွေ အလျှိုလျှို ထပ်မံ တွေ့ ရှိလာ ပါတယ်။ ဒီကနေ့ အချိန်ထိ ဆို တစ်ကမ္ဘာလုံးမှာ ဂန္ဓာရီ အက္ခရာနဲ့ ရေးသားထားတဲ့ ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ စုဆောင်းမှု ငါးခု လောက်တောင် တွေ့ ရှိခဲ့ ပြီ ဖြစ်ပါတယ်။ ရာပေါင်းများစွာသော ပိဋကတ် ကျမ်းစာတွေ နောက်ထပ် ရာပေါင်းများစွာသော ဓမ္မစာပေ အပိုင်းအစတွေကို စုဆောင်းတွေ့ရှိခဲ့ ပြီဖြစ်ပါတယ်။

အခုအချိန်အထိတော့ ကမ္ဘာပေါ်မှာ ဂန္ဓာရီဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ စုဆောင်းမှု (၅) ခုလောက်ရှိတယ် သိရပါတယ်။

(၁) ဗြိတိသျှစာကြည့်တိုက် စုဆောင်းမှု (British Library Collections) က ၁၉၉၄ ခုနှစ် က စခဲ့တယ်။ လက်ရေးမူတွေ ဟာ ဂန္ဓာရဒေသ သုံး ခါရိုဌီ ( Kharosthi) အက္ခရာ တွေ နဲ့ မှတ်တမ်းတင်ထား တာ ဖြစ်တယ်။ ရစ်ချတ်ဆော်လမွန် ရဲ့ အလိုအရ ဆိုရင်တော့ ဂန္ဓာရီ ပိဋကတ်တွေ ဟာ ရှေးဟောင်း ဓမ္မဂုတ္တက ဂိုဏ်း ရဲ့ ကျမ်းစာတွေ ဖြစ်နိုင်တယ်လို့မှန်းဆ ရပါတယ်။ ဗြိတိသျှစာကြည့်တိုက် က စုဆောင်းခဲ့တဲ့ ပုရပိုက်စာလိပ် တွေ ဟာ နာဂရာဟာရ ဒေသ အနီး ရှိ ရှေးဟောင်း ဓမ္မဂုတ္တက ဂိုဏ်း ရဲ့ စာကြည့်တိုက် က ဖြစ်နိုင်တယ်လို့ ဆိုတယ်။ ဓမ္မပဒ အဝါဒါန သုတ္တ တွေ နဲ့ အဘိဓမ္မာ ဆိုင်ရာ ကျမ်းတွေ ပါဝင်ပါတယ်။

(၂) ဆီနီယာ စုဆောင်းမှု (The Senior Collections) က တော့ ဗြိတိသျှလူမျိုး ရှေးဟောင်ပစ္စည်းစုဆောင်းသူ ဆီနီယာ ရဲ့ ဝယ်ယူစုဆောင်းမှု ပါပဲ။ ပိဋကတ်တစ်ခုလုံး နီးပါး စုဆောင်းရရှိထားပါတယ်။ ဒီ စုဆောင်းမှုမှာ တော့ မြေအိုးတွေ အပေါ်မှာ မက်ဆီဒိုနီးယား အင်ပါယာ သုံး လ အမည်တွေ ရေးထိုးထားပါတယ်။ ကုရှန်မင်းဆက်တွေ နဲ့ ဆက်စပ်နေ ပါတယ်။ အေဒီ (၁) ရာစု လောက်မှာ ပြုစုခဲ့တဲ့ ပိဋကတ်တွေ ဖြစ်မယ်လို့ ဆုံးဖြတ်ကြပါတယ်။ သက္ကဋပိဋကတ် ရဲ့ သံယုတ္တနိကာယ် တစ်ခု လုံး နဲ့ တိုက်ဆိုင်တူညီမှု ရှိတဲ့ ပိဋကတ် ကို တွေ့ ရပါတယ်။

(၃) ရှိုယန်း စုဆောင်းမှု (The Schoyen Collection) ကတော့ ဘာမီယန်ဒေသ က လှိုဏ်ဂူတွေ ထဲ က ရ ရှိခဲ့တာ ဖြစ်ပါ တယ်။ နော်ဝေးလူမျိုး ရှေးဟောင်ပစ္စည်းစုဆောင်းသူ မာတင် ရှိုယန်း က ဝယ်ယူစုဆောင်းခဲ့ ပါတယ်။ အေဒီ (၂) ရာစု လောက်မှာ ပြုစုခဲ့တဲ့ ပိဋကတ်တွေ ဖြစ်မယ်လို့ ဆုံးဖြတ်ကြပါတယ်။ ဒီ စုဆောင်းမှု မှာ နောက်ပိုင်း သက္ကဋ ပိဋကတ် တွေ လဲ ပါဝင် နေပါတယ်။ အဘိဓမ္မာ ဝိနည်း နဲ့ မဟာယာနသုတ္တန် တွေ ပါဝင်နေပါတယ်။

(၄) ဝါရှင်တန်တက္ကသိုလ် စုဆောင်းမှု မှာ တော့ ရှေးဟောင်း အဘိဓမ္မာဂိုဏ်းတစ်ခုရဲ့ ကျမ်းတွေ ပါဝင်ပြီး ၂၀၀၂ မှာ တွေ့ ရှိစုဆောင်းခဲ့တာဖြစ်တယ်။

(၅) ခိုတန် ဓမ္မပဒ (The Khotan Dharmapada) ကတော့ ၁၈၉၂ ခုနှစ်မှာ တရုပ်နိုင်ငံတောင်ပိုင်း ဆင်ကျန်ပြည်နယ် အရင်က ခိုတန်ပြည် ရှိခဲ့တဲ့ဒေသမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဂန္ဓာရီပြာကရစ် ဘာသာနဲ့ ရေးထားတဲ့ ဓမ္မပဒ ဖြစ်ပြီး ၁၉၆၂ ခုနှစ်မှာ ဂျွန် ဘရိုး (John Brough) က ဘာသာပြန်ဆို ခဲ့ ပါတယ်။

ဒီပိဋကတ်ကျမ်းစာ တွေ ဟာ ဘီစီ (၁) ရာစု ကနေ အေဒီ (၃) ရာစု အထိ နှစ်ပေါင်း ၄၀ဝ လောက်အတွင်း ဂန္ဓာရဒေသ မှာ ရေးသားမှတ်တမ်း တင်ခဲ့ ကြတဲ့ ကျမ်းစာတွေ ဖြစ်ပါတယ်။ ဂန္ဓာရီဗုဒ္ဓဘာသာ ပိဋကတ် ကျမ်းစာ တွေ ဟာ ရှေးအကျဆုံး ဗုဒ္ဓဘာသာ ပိဋကတ် ကျမ်းစာ တွေ တင်မကပဲ တောင်အာရှဒေသ တစ်ခုလုံး မှာ အခုထိတွေ့ရှိရသမျှ လူသားတို့ ပေထက် အက္ခရာ တင်ရေးသားထားတဲ့ စာပေလက်ရာတွေ ထဲ မှာ လဲ ရှေး အကျဆုံး ဖြစ်ပါသတဲ့။ ဗုဒ္ဓဘာသာ ပိဋကတ် ကျမ်းစာ တွေ ကို ပေထက် အက္ခရာတင် ရေးသားမှု စတင်တဲ့ အချိန်ကာလ လောက်မှာ ပဲ ဒီ ဂန္ဓာရီ ဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ တွေ ပေါ်ပေါက် ခဲ့ လိမ့်မယ်လို့ ပညာရှင်တွေ ခန့်မှန်းကြပါတယ်။

ဒီတွေ့ရှိချက်မတိုင်ခင် က ဗုဒ္ဓဘာသာဆိုင်ရာ လက်ရေးမူတွေ ကို တွေ့ရှိခဲ့ ကြဖူးပါတယ်။ တစ်ခု ကတော့ တရုပ်ပြည် အနောက်မြောက်ပိုင်း က တက်ကလာမာကန်သဲကန္တာရ(Taklatmakan Desert)အနီးမှာ ရှိတဲ့ ထွန်းဝမ် (Dunhuang) အရပ် မှာ တွေ ခဲ့ တာပါ။ (၂၀) ရာစု အစပိုင်းလောက်မှာ ထွန်းဝမ် အရပ်က လှိုဏ်ဂူတွေ ထဲ မှာ တရုပ်ဘာသာစကား တိဗက်ဘာသာစကား စသည်တို့ နဲ့ ရေးသားထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ လက်ရေးမူတွေ အမြောက်အများ တွေ့ခဲ့ကြ ပါတယ်။ ဒီ ဗုဒ္ဓဘာသာဆိုင်ရာ လက်ရေးမူတွေ ကတော့ အေဒီ (၈) ရာစု ကနေ အေဒီ (၁၂) ရာစု အတွင်း ရေးသားခဲ့ ကြတာတွေ ဖြစ်ပါတယ်။

ထိုနည်းတူပဲ ၁၉၃၁ နှစ် မှာ အိန္ဒိယနိုင်ငံ ကာရာကိုရမ်တောင်တန်းတွေ နား က ဂီးလ်ဂစ် (Gilgit) အရပ်မှာ ရှေးဟောင်း သက္ကဋဘာသာနဲ့ ရေးသားထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ လက်ရေးမူတွေ တွေ့ရှိခဲ့ ပါသေးတယ်။ ဒီလက်ရေးမူတွေကတော့ အေဒီ (၆) ရာစု ဝန်းကျင်က လက်ရာတွေ လို့ ပညာရှင်တွေ သတ်မှတ်ကြပါတယ်။ ဒီ ဗုဒ္ဓဘာသာဆိုင်ရာ လက်ရေး မူ တွေ ထဲ မှာ နာမည်ကျော် မဟာယာနကျမ်းစာတွေ ဖြစ်တဲ့ ဝဇိရစ္ဆေဒိကာပညာပါရမိတာသုတ္တန် သဒ္ဒမ္မပုဏ္ဍရိကသုတ္တန် စတာ တွေ ပါဝင် နေပါတယ်။ ဒီ ဗုဒ္ဓဘာသာဆိုင်ရာ လက်ရေးမူတွေ နဲ့ နိုင်းယှဉ်ရင်တောင် ဆိုခဲ့တဲ့ ဂန္ဓာရီ ဗုဒ္ဓဘာသာ ပိဋကတ် ကျမ်းစာ တွေ ဟာ ရာစုနှစ်ပေါင်း များစွာ ရှေးကျ နေတာ ကို တွေ့ ရပါတယ်။

လေ့လာမှု အစပိုင်းမှာတော့ ဂန္ဓာရီဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ တွေ ဟာ အရင်က သိနှင့်ပြီးတဲ့ ပါဠိပိဋကတ် နဲ့ တိဗက် ပိဋကတ် တရုပ်ပိဋကတ် ဘာသာပြန်တွေ ထဲ မှာ ပါပြီးသား ဓမ္မ နဲ့ ဝိနယတွေ ကိုပဲ ဂန္ဓာရီဘာသာ စကားနဲ့ရေးထားတာ ပဲ လို့ ထင်ခဲ့ ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းတွေ့ရှိချက်တွေ အရ အရင်က မသိခဲ့တဲ့ အဘိဓမ္မာဆိုင်ရာ ကျမ်းစာတွေ အခြား သုတ္တန်ဒေသနာကျမ်းတွေ အဋ္ဌကထာ ကျမ်းတွေ သျှတ္တရကျမ်းတွေ ကိုပါ တွေ့ ရှိလာခဲ့ ပါတယ်။ ဒီအထဲ မှာ ခေတ်ပြိုင် ဂန္ဓာရဒေသ ရဲ့ သမိုင်း မှတ်တမ်းတွေ ပါ တွေ့ရတယ်။ နောက်ပြီး မဟာယာနဗုဒ္ဓဘာသာ ရဲ့ ရှေးအကျဆုံး ပညာပါရမီတာ သုတ္တန် ကျမ်းတွေ နဲ့ အခြား မဟာယာနဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းဂန် အများအပြား ကို တွေ့ရပါတယ်။

ပိဋကတ်သမိုင်း အမြင်ပြောင်းလဲခြင်း
ဒီ ဂန္ဓာရီ ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ တွေ ကို ရှာဖွေ့ တွေ့ရှိနိုင်ခဲ့ ခြင်းဟာ ဗုဒ္ဓဘာသာစာပေသမိုင်းလေ့လာမှု အတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ အလို ကတော့ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ် ကျမ်းစာ တွေ ထဲ မှာ ဗုဒ္ဓဓမ္မနဲ့ ပတ်သက်ပြီး အတွေးအမြင် အသစ်အဆန်း မပါရှိပါဘူး။ ပဉ္စမမြောက် သစ္စာတရား တစ်ခု ထပ်တိုးထည့်ထားတာမျိုး မဂ္ဂင် (၈) ပါး လမ်းစဉ်မှာ နောက်ထပ် အင်္ဂါ အသစ်တွေ တိုးထားတာ မျိုး တွေတော့ မရှိပါဘူး။ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ တွေ ဟာ အရင့်အရင် က ရှာဖွေတွေ့ရှိခဲ့တဲ့ ဗုဒ္ဓဘာသာ ပိဋကတ်စာပေတွေ နဲ့ အနှစ်သာရသင်ကြားမှုတွေ က အတူတူ ပါပဲ။ ဒါပေမဲ့ ဗုဒ္ဓဘာသာ ပိဋကတ်စာပေ အုပ်စု အသစ် တစ်ခု ကို တွေ့ ရှိလိုက် ရတာ ဟာ ဗုဒ္ဓဓမ္မ ကို ကျင့်သုံးနေသူတွေ အတွက် တော့ ထူးခြားလှတဲ့ အမြင်တွေ ကို ပေးပါတယ်။

ဗုဒ္ဓဘာသာ ပိဋကတ်စာပေ လောက မှာ ငါ့ပိဋကတ်က မူလ အစစ် သူ့ပိဋကတ်က မူလ အစစ်မဟုတ် ဆိုတဲ့ အငြင်းပွားမှု တွေ ရှိခဲ့တာ တွေ ကို ဒီ တွေ့ ရှိချက်က အဖြေ တစ်ခု ပေးနိုင်လို့ ပါပဲ။ ဘယ်လို အဖြေမျိုးပေးမယ်ထင်ပါသလဲ။ဂိုဏ်းဂဏ တစ်ခုခု ရဲ့ ပိဋကတ် ကို အနိုင်ပေး လိုက်တာ မျိုး မဟုတ်ပဲ ဒီ ငြင်းခုန်မှု တွေ ရဲ့ အခြေခံ အနုမာန အယူအဆ မှားကြောင်း ကို ပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရှင်တော် ဗုဒ္ဓဟာ မိမိ ဗောဓိဉာဏ်ကို ရရှိတော်မူပြီးတဲ့ အခါ (၄၅) ဝါ လုံးလုံး အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂင်္ဂါမြစ်ဝှမ်းလွင်ပြင် မှာ တရားရေအေးတိုက်ကျွေးတော်မူခဲ့ ပါတယ်။ တပည့်သာဝကတွေ ထဲ က မှတ်ဉာဏ် အကောင်းဆုံး ရှင်အာနန္ဒာက ရှင်တော်ဗုဒ္ဓရဲ့ တရား တွေ ကို တစ်လုံးမကျန် တစ်သဝေမတိမ်း မှတ်သားခဲ့ပြီး ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် ပထမသင်္ဂါယနာတင်တဲ့ အခါ ဒီလို မှတ်သားခဲ့တာတွေ ကို ရှင်အာနန္ဒာက ပြန်လည်ရွတ်ဆို ပြပါတယ်။ ကျန်ရဟန်းတော် ၅၀ဝ ကလဲ ထပ်မံ ရွတ်ဆိုကြပြီးတော့ တစ်ခုတည်းသော သန့်စင်မွန်မြတ်တဲ့ ဗုဒ္ဓဓမ္မရဲ့ ပိဋကတ်တွေ ကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုတယ်။

ဗုဒ္ဓဘာသာဂိုဏ်းတွေ အားလုံးက မိမိတို့ ရဲ့ ဆိုင်ရာ ပိဋကတ်စာပေ ဟာ ဆိုခဲ့တဲ့ ပထမသင်္ဂါယနာတင်တဲ့အချိန်မှာ ရှိနေ ခဲ့တဲ့ မူလပိဋကတ်တွေဖြစ်တယ်လို့ ပဲ အခိုင်အမာ ပြောဆိုကြပါတယ်။ ဗုဒ္ဓဘာသာဂိုဏ်းတွေအားလုံးက အခုလက်ရှိ ပစ္စုပ္ပန်မှာ တည်ရှိနေတဲ့ မိမိတို့ ရဲ့ ဆိုင်ရာ ပိဋကတ်စာပေဟာ ပထမသင်္ဂါယနာတင်ပိဋကတ်စာပေ နဲ့ တစ်လုံးမကျန် တစ်သဝေမတိမ်း ထပ်တူဖြစ်ကြောင်းလဲ ယုံကြည်ကြပါတယ်။ ဒီ လို မှ မတူ ရင် မိမိတို့ ရဲ့ ဆိုင်ရာ ပိဋကတ်စာပေဟာ ဘုရားဟော အစစ် မဖြစ်နိုင်တော့ လို့ အားကိုးအားထားပြုလောက်စရာလဲ မဖြစ်နိုင်ဘူး လို့ လဲ ယူဆကြပါတယ်။ ဒါကတော့ အံ့ဩစရာကိစ္စပါပဲ။ အံ့ဩစရာကိစ္စ လို့ ဆိုရာမှာ ဗုဒ္ဓဘာသာဟာ မတည်မြဲမှု အနိစ္စတရား ကို တွင်တွင်ကြီး ဟောကြားပေမဲ့ မိမိတို့ရဲ့ ဆိုင်ရာ ပိဋကတ်စာပေဟာ သမိုင်းစဉ်တစ်လျှောက် ဝစ္စပေါက် တစ်လုံးသော်မှ အပြောင်းအလဲ မဖြစ်နိုင်ဘူး လို့ ထင်မြင်ယူဆကြတာ ကို ဆိုလိုပါတယ်။ ဗုဒ္ဓဘာသာဟာ အစိုးမရမှု အနတ္တတရား ကို တွင်တွင်ကြီး ဟောကြားပေမဲ့ မိမိတို့ရဲ့ ဆိုင်ရာ ပိဋကတ်စာပေဟာ သမိုင်းစဉ်တစ်လျှောက် ရဟန်းတော်များ က အစိုးရ ပိုင်နိုင်စွာ လုံးဝ မဖိတ်မစင် လက်ဆင့်ကမ်းနိုင်ခဲ့တယ် လို့ ထင်မြင်ယူဆကြတာ ကို ဆိုလိုပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ က ဒီလို ယုံကြည်ကြပေမဲ့ သမိုင်း က အလုပ်လုပ်ပုံ ကတော့ တစ်မျိုးတစ်ဘာသာ ဖြစ်တယ်။ ဒီနေရာမှာ သမိုင်း ရဲ့ အမှန်တရားတွေ အချက်အလက် အထောက်အထားတွေကို မျက်ကွယ်မပြုပဲ ပကတိအရှိ အတိုင်း မြင်အောင်ကြည့် နိုင်ခဲ့ ရင် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ တစ်ယူသန် ဂိုဏ်းဂဏအစွဲ တွေကနေ လွတ်မြောက် ပြီးတော့ ဂိုဏ်းတွေ အကြားရှိနေတဲ့ ကွဲပြားခြားနားချက်တွေ ကိုလဲ သဘောထားကြီးကြီး နဲ့ လက်ခံ နိုင်လာမှာ ဖြစ်တယ်။

ဗုဒ္ဓပိဋကတ် စာပေသမိုင်း ကို သစ်ပင်မိုဒယ်ဖြင့်ကြည့်ခြင်း
ရစ်ချတ်ဆော်လမွန် ရဲ့ အလိုအရ ဆိုရရင် အစဉ်အလာအရ ဗုဒ္ဓစာပေပညာရှင်တွေဟာ အရင်ကာလတည်းက ဗုဒ္ဓပိဋကတ် စာပေသမိုင်း ကို သစ်ပင်မိုဒယ် (Tree Model) နဲ့ မြင်ယောင်ကြည့်ခဲ့ ကြတယ်လို့ ဆိုပါတယ်။ ဒီ မိုဒယ်အရဆိုရင် အခက် တွေ က လိုက် ရင် အကိုင်း တွေ ကို ရောက်မယ် အကိုင်းတွေ က တစ်ဆင့်ဆက်လိုက်ရင် ပင်စည် ကို ရောက်မယ် ပင်စည် က နေ ဆက်လေ့လာ ရင် အမြစ်ဆီ ကို နောက်ဆုံးရောက်မယ် ဆိုတဲ့ အမြင်ပါ။

အခု လက်ရှိ ရှိနေတဲ့ ထေရဝါဒ ဂိုဏ်းရဲ့ပါဠိပိဋကတ် ပြီးတော့ မဟာယာနဗုဒ္ဓဘာသာ ရဲ့ သက္ကဋပိဋကတ် ကို ဘာသာပြန် ဆိုထားတဲ့ တိဗက်ပိဋကတ် တရုပ်ပိဋကတ် မွန်ဂိုလီးယားပိဋကတ် စသဖြင့် တွေဟာ အကိုင်းအခက်တွေလို့ သဘောထား လိုက်ရင် ဒီ အကိုင်းအခက်တွေ အားလုံး ဆုံဆည်းရာ မူလပင်စည်သဖွယ် ဖြစ်တဲ့ ရှေးအကျဆုံး ပိဋကတ်တစ်ခု ရှိနေမယ်။ ဒီ ရှေးအကျဆုံး ပိဋကတ်တစ်ခု ဟာ အမြစ်သဖွယ်ဖြစ်တဲ့ ရှင်တော်ဗုဒ္ဓရဲ့ တိုက်ရိုက် သွန်သင်ဆုံးမချက်တွေကနေ ဖြစ်ပေါ် လာတာပဲ ဖြစ်ရမယ်လို့ ပညာရှင်အများ က သစ်ပင်မိုဒယ် ကို လက်ခံပြီး ဒီ ပိဋကတ် ကို တွေ့လိမ့်နိုး နဲ့ ရှာဖွေခဲ့ ကြတာ ဖြစ်ပါတယ်။

ဒါဆိုရင် အခု ရှာဖွေတွေ့ရှိခဲ့တဲ့ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ တွေဟာ ဒီ သစ်ပင်မိုဒယ်အရ ပင်စည်သဖွယ် မူလ ပိဋကတ်များ ဖြစ်နေလေရော့လား။ ပညာရှင်တွေ ဟာ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ တွေ ကို စေ့စေ့ငုငု လေ့လာ ကြည့်တဲ့ အခါ သူတို့ မျှော်လင့် သလို ဒါဟာ ပင်စည်သဖွယ်မူလပိဋကတ် မဟုတ်တဲ့ အပြင် ဗုဒ္ဓစာပေ ရဲ့ သမိုင်းဟာ သူတို့ တွေးထင်ထားတဲ့ သစ်ပင်မိုဒယ် နဲ့ လဲ အံမဝင်ဘူး ဆိုတာ တွေ့ခဲ့ကြပါတယ်။

ဗုဒ္ဓပိဋကတ် စာပေသမိုင်း ကို မြစ်ဝကျွန်းပေါ်မိုဒယ်ဖြင့်ကြည့်ခြင်း
ဗုဒ္ဓဘာသာဆိုင်ရာ ပိဋကတ်စာပေဟာ တစ်ခုတည်းသော မူလရင်းမြစ် က နေ ဆင်းသက်ဖြာထွက်ပြီးတော့ ပိဋကတ်စာပေ အသီးသီး ဖြစ်ထွန်းပေါ်ပေါက်လာတယ် ဆိုတဲ့ အနုမာန အယူအဆ ကို မှားမှန်း သဘောပေါက်လာကြ ပါတယ်။ အတိတ် သမိုင်း ကို ပြောင်းပြန်ဆန်တက်ပြီး လေ့လာတဲ့ အခါ မျှော်လင့်ထားသလို တစ်ခုတည်းသော မူလရင်းမြစ် ပိဋကတ် ကို မတွေ့ရပဲ ရင်းမြစ်အမျိုးမျိုး ကနေ စတင်လာတဲ့ ပိဋကတ်စာပေအသီးသီး ရဲ့ အပြန်အလှန် ယှက်နွယ် ဆက်သွယ်နေမှု ကို ပဲ တွေ့ရပါတော့တယ်။

အကိုင်းအခက်တွေ အချင်းချင်းလိမ်ယှက်ထွေးရှုပ်နေတဲ့ ခြုံတောပမာ ဒါမှမဟုတ် မြစ်သိမ်မြစ်မွှာ မြစ်လက်တက်ပေါင်း များစွာ ယှက်နွယ်ဆက်သွယ်နေတဲ့ မြစ်ဝကျွန်းပေါ်တစ်ခုပမာ ပဲ ပိဋကတ်စာပေအသီးသီး ဟာ ဆက်သွယ်နေကြတာမို့ တစ်ခုတည်းသော မူလရင်းမြစ် ပိဋကတ် အနုမာန ကို နောက်ဆုံးမြေမြုပ်သင်္ဂြ ိုဟ် လိုက်ရပါတော့တယ်။ အခု လက်ရှိ ရှိနေတဲ့ ထေရဝါဒ ဂိုဏ်းရဲ့ပါဠိပိဋကတ် ပြီးတော့ မဟာယာနဗုဒ္ဓဘာသာ ရဲ့ သက္ကဋပိဋကတ် ကို ဘာသာပြန် ဆိုထားတဲ့ တိဗက်ပိဋကတ် တရုပ်ပိဋကတ် မွန်ဂိုလီးယားပိဋကတ် စသဖြင့် တွေဟာ ဘယ်ဟာက မှ မူလပိဋကတ် ဖြစ်တယ်လို့ မပြောနိုင်တော့ လို့ ပါပဲ။

ဒီလို အခြေအနေ မှာ ဗုဒ္ဓဘာသာ ဂိုဏ်းအသီးသီးဟာ ဘယ်သူ့ ကို မှ ဘယ်သူ တစ်မူးပိုမသာသင့်တဲ့ အခြေအနေပါပဲ။ ရှေးဦး ဗုဒ္ဓဝါဒ ဟာ အာဂုံဆောင် ဓမ္မအစဉ်အလာ (Oral Tradition) တစ်ခု သာ ဖြစ်ပြီး ပိဋကတ်စာပေ မှန်သမျှရဲ့ အစ ကို ခြေရာကောက် တာတွေ ဟာ ဒီလိုပဲ သမိုင်းအချိုးအကွေ့တစ်နေရာမှာ ဝေဝေဝါးဝါး ရပ်တန့် သွားရတာ မဆန်းဘူး လို့ ဒေါက်တာ ဆော်လမွန် က ဆိုပါတယ်။ ဒီ သမိုင်း ရဲ့ အချိုးအကွေ့တစ်နေရာမှာ ရဟန်းတော်တွေ ဟာ ရှင်တော်ဗုဒ္ဓရဲ့ တရားတော်တွေ ကို အာဂုံဆောင် ထိန်းသိမ်းလာရာ က နေ ပိုလို့ ခိုင်မြဲတည်တံ့နိုင်တဲ့ စာပေမှတ်တမ်းအသွင် ကို ကူးပြောင်းခဲ့ ကြတဲ့ ကာလ ဟာ ထူးခြားတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်ပြီး ပိဋကတ် စာပေ မှန်သမျှရဲ့ အစ လို့ လဲ ဆိုနိုင်ပါတယ်။

ထေရဝါဒအစဉ်အလာရဲ့ အဆိုအရ ပါဠိပိဋကတ် ကို ဘီစီ (၁) ရာစုခန့်မှာ သီဟိုဠ်မှာ ပေထက်အက္ခရာတင်ခဲ့ တယ်လို့ ဆို သော်လဲ ဒီကနေ့ အထိ အစောဆုံးရှာဖွေတွေ့ရှိထားတဲ့ ပါဠိပိဋကတ် လက်ရေးမူ တွေ ဟာ အေဒီ (၈) ရာစုထက် မစော ပါဘူး။ အခု ရှာဖွေတွေ့ရှိခဲ့တဲ့ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ တွေဟာ ဘီစီ (၁) ရာစုခန့်မှာ ရေးသားခဲ့တယ်လို့ သိရပြီဖြစ်တဲ့ အတွက် ပါဠိပိဋကတ် ကို ဘီစီ (၁) ရာစုခန့်မှာ သီဟိုဠ်မှာ ပေထက်အက္ခရာတင်ခဲ့ တယ်ဆိုတဲ့ ထေရဝါဒအစဉ်အလာရဲ့ အဆို ဟာ ဖြစ်နိုင်ခြေရှိ ပါတယ်။ အိန္ဒိယ ရဲ့ နေရာဒေသတစ်ခုမှာ စာရေးသားခြင်းအတတ် ကို ကျင့် သုံး နေကြပြီဆို အခြားနေရာဒေသတွေ မှာ လဲ ခေတ်ပြိုင်အရေးအသား နဲ့ စာပေမှတ်တမ်းတင်မှုတွေ ရှိနေမှာ အမှန်ပါပဲ။

သမိုင်းကို ဆန်တက်၍ မူလပိဋကတ်ကိုရှာပုံတော်ဖွင့်ခြင်း
တကယ်လို့ တစ်ခုတည်းသော မူလရင်းမြစ် ပိဋကတ် ကိုသာ ရှာဖွေတွေ့ခဲ့မယ်ဆိုရင် အာဂုံဆောင်ရာကနေ စာပေ အရေး အသားအဖြစ် စတင်မှတ်တမ်းတင်တဲ့ ကာလ မှာ ပဲ ရှာတွေ့ နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လဲ ဗုဒ္ဓစာပေ ပညာရှင် တွေ ဟာ ရှေးအကျဆုံး အရေးအသား ဖြစ်တဲ့ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ တွေ ကို တွေ့ရှိခဲ့ချိန်မှာ ဒါဟာ မူလ ပိဋကတ်များ ဖြစ်လေမလား ရယ်လို့ တွေးထင်ခဲ့ကြတာ ဖြစ်တယ်။ ပညာရှင်တွေ အသုံးပြုတဲ့ နည်းကတော့ ဂန္ဓာရီ ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ တွေ ကို ပါဠိ သက္ကဋ တိဗက် တရုပ် စတဲ့ ပိဋကတ်မူတွေ နဲ့ တိုက်ဆိုင်စစ်ဆေး နိုင်းယှဉ် ကြည့် တဲ့နည်းပါပဲ။ ဒီလို နိုင်းယှဉ်ကြည့်ခဲ့လို့ ရှိခဲ့ပြီး ပိဋကတ်မူတွေ နဲ့ အများဆုံးတူညီနေတဲ့ အပိုင်း ဟာ မူလပိဋကတ် ဖြစ်ပြီး ဒီ ပိဋကတ် ကို ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာတွေထဲ မှာ ရှာတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲကြတာပဲဖြစ်တယ်။

ဒါပေမဲ့ မျှော်လင့်တဲ့အတိုင်း အဖြေကထွက်မလာပဲ အထင်နဲ့ အမြင်လွဲခဲ့ပါတယ်။ ဆော်လမွန် က ဥပမာတစ်ခု ထုတ်ပြ တယ်။ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ မှာ ပါတယ် ခဂ္ဂဝိသာဏသုတ် ကို ပါဠိ သက္ကဋ တိဗက် တရုပ် စတဲ့ ပိဋကတ်မူ တွေ နဲ့ တိုက်ဆိုင်စစ်ဆေး နိုင်းယှဉ်ကြည့်တဲ့ အခါ ထူးခြားချက်တွေ ကို တွေ့ လာရတယ်။

ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ မှာ ပါတယ် “ခဂ္ဂဝိသာဏသုတ်” ဟာ အစီအစဉ်နဲ့ သုတ် ဖွဲ့စည်းတည်ဆောက်ပုံ အရ ထေရဝါဒ ပါဠိပိဋကတ် လာ ခဂ္ဂဝိသာဏသုတ် ရဲ့ အစီအစဉ်နဲ့ သုတ် ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ဆင်တူတာကို တွေ့ ရပါ တယ်။ ဒါပေမဲ့လဲ အထဲမှာ ပါဝင်နေတဲ့ စာသားတွေ နဲ့ ဝေါဟာရတွေ က သက္ကဋ ပိဋကတ် ရဲ့ ခဂ္ဂဝိသာဏသုတ် နဲ့ သွားပြီး တူညီ နေတာ ကို တွေ့ ရပါတယ်။ ဒီတော့ ဂန္ဓာရီပိဋကတ်ဟာ ပါဠိပိဋကတ်နဲ့ ပိုနီးစပ်သလား သက္ကဋ ပိဋကတ် နဲ့ ပို နီးစပ် သလား အပြတ် ဆုံးဖြတ်လို့ မရနိုင် တဲ့ အသွင် ကို ဆောင်နေပါတယ် လို့ ဆော်လမွန် က ပြောပါတယ်။

အတိအကျပြောရရင်တော့ ဂန္ဓာရီပိဋကတ်ဟာ ပါဠိပိဋကတ် သက္ကဋ ပိဋကတ် နှစ်ခုလုံး နဲ့ တစ်မျိုးစီ ဆင်တူ နီးစပ်တယ် လို့ ပဲ ဆိုနိုင်ပါလိမ့်မယ်။ နောက်ထပ် သုတ္တန် အများအပြား ကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့ အခါ မှာ လဲ အလားတူပဲ ဖြစ် နေတာ ကို တွေ့ လာရတော့ နောက်ဆုံး ပညာရှင်တွေ ကောက်ချက်ဆွဲ လိုက်တာကတော့ ဂန္ဓာရီပိဋကတ်ဟာ ပါဠိ ပိဋကတ် သက္ကဋ ပိဋကတ် တွေ ထက် စောပြီး အရင် ရှိနေနှင့်တဲ့ မူလရင်းမြစ် ပိဋကတ်မဟုတ်ပဲ နှစ်ပေါင်းများစွာ သမိုင်းရဲ့ အံဝှက်ထဲ မှာ ပျောက်ကွယ်နေခဲ့တဲ့ ပါဠိပိဋကတ် သက္ကဋ ပိဋကတ် တွေနဲ့ ခေတ်ပြိုင် ညီနောင် ပိဋကတ် တစ်ခုသာ ဖြစ်လိမ့်မယ်လို့ ယူဆခဲ့ ကြပါတော့တယ်။

ဒီ တွေ့ရှိချက်နဲ့ အတူ ဗုဒ္ဓစာပေပညာရှင်တွေ ဟာ မူလရင်းမြစ် ပိဋကတ် တစ်ခု ကို ဆုပ်ဆုပ်ကိုင်ကိုင် ရှာဖွေ တွေ့ နိုင် လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် ကို အပြီးတိုင်စွန့်ခဲ့ကြပါတော့တယ်။ မူလရင်းမြစ် ပိဋကတ်တစ်ခု ရှိခဲ့မယ်ဆိုလဲ ရှေးဦး အာဂုံဆောင် ကာလ မှာ ရှိခဲ့တာပဲ ဖြစ်မယ်။ရုပ်ဝတ္တုစာပေအမှတ်အသား အသွင်နဲ့တော့ ဘယ်အခါ မှမတွေ့နိုင်တော့ဘူး လို့ သာ ကောက်ချက်ချခဲ့ ကြ ပါတော့တယ်။

သူတို့ တွေ့ရှိခဲ့တဲ့ အချက် ကတော့ ဘီစီ (၁) ရာစု မှာ ပါဠိပိဋကတ်နဲ့ အပြိုင် အခြားဘာသာစကားတစ်ခုနဲ့ ပိဋကတ် တစ်ခုက အိန္ဒိယပြည်ရဲ့ အခြားနေရာဒေသ တစ်ခုမှာ ရှိနေခဲ့တာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဝါရှင်တန်တက္ကသိုလ် က သက္ကဋစာပေ ပါမောက္ခ ကောလက် ကောက်စ် ( Collett Cox) ရဲ့ မှတ်ချက်က တော့ လက်ရှိ ပိဋကတ်နှစ်ခု ရှာတွေ့ ရင် ဘီစီ (၁) ရာစု မှာ ပါဠိပိဋကတ်နဲ့ အပြိုင် အခြားဘာသာစကားတွေနဲ့ အခြားသော ပိဋကတ် တွေ ရှိနေနိုင်တယ် လို့ ဆိုပါတယ်။ ၁၈၉၂ ခုနှစ် ကတည်းက ဂန္ဓာရီ ဘာသာစကားနဲ့ ရေးသားထားတဲ့ ဓမ္မပဒ လက်ရေးမူ တစ်ခု ကို ရှာဖွေတွေ့ ရှိပြီးလဲ ဖြစ်ပါတယ်။ အိန္ဒိယ မှာ စာအရေးအသား စတင်ပေါ်ပေါက်ချိန်ကစလို့ ယဉ်ကျေးမှု ထွန်းကား တဲ့ တိုင်း ဒေသတွေ အားလုံးမှာ ဒီလို အလားတူ သာသာကွဲတွေနဲ့ မှတ်တမ်းတင်ထားကြမဲ့ ပိဋကတ်တော်မူကွဲ တွေ အများကြီး ရှိနေနိုင်မယ် လို့ လဲ ကောက်စ် က မှန်းဆခဲ့ ပါတယ်။

ရင်းမြစ် မူလ ပိဋကတ်စာပေ အနုမာနကျဆုံးခြင်း
ဒီတော့ ဒီ အချက် က ဘာကိုညွန်ပြနေသလဲ။ ဗုဒ္ဓဝါဒ ဟာ အစကတည်း က ရင်းမြစ်အမျိုးမျိုးနဲ့ ဒေသ အသီးသီးမှာ ဆရာစဉ်သမားစဉ် အဆက်ဆက်နဲ့ အသီးသီး ရှိနေနိုင်ပြီး ဒီ ဆရာစဉ်သမားစဉ် တွေ အားလုံး ရဲ့ မူလရင်းမြစ်ဟာလဲ ရှင်တော်ဗုဒ္ဓ ရဲ့ သင်ကြားချက်တွေ ပဲ ဖြစ်လိမ့်မယ်။ ခေတ်ပြိုင် ဂျိန်းဘာသာဆိုင်ရာစာပေမှတ်တမ်းတွေ မှာ လဲ ဒီသဘော မျိုး ဖေါ်ပြထာတာကို တွေ့ ရတယ်။ ရှင်သာရိပုတ္တရာ ရှင်အာနန္ဒာ စတဲ့ ဗုဒ္ဓရဲ့ သာဝကကြီးတွေ ကို သီးခြား သမဏ အစုအဖွဲ့ တွေ ရဲ့ ခေါင်းဆောင်တွေ အဖြစ် ရေးသား မှတ်တမ်းတင်ခဲ့ တာ တွေ ရှိပါတယ်။

ကမ္ဘာ့ထိပ်သီး ပါဠိစာပေပညာရှင် ဖြစ်တဲ့ အော်စကာ ဖွန် ဟိုင်နျူဘား ( Oskar von Hinuber) က ဘယ် ပါဠိစာပေ ပညာရှင် မှ မူလရင်းမြစ်ပိဋကတ်တော် တစ်ခုရှိ ခဲ့မယ်ဆိုတဲ့ ထင်မြင်ယူဆချက်အနုမာန မရှိကြတော့ဘူး လို့ ဆိုပါ တယ်။ ဟိုင်နျူဘား ရဲ့ အမြင်အရ ဆိုရင် ပါဠိပိဋကတ်မှာ ဖေါ်ပြထားတဲ့ ပထမသင်္ဂါယနာပွဲ ဟာ ရှေးဦးသံဃာအဖွဲ့အစည်း အတွင်းမှာ အတွင်းပဋိပက္ခများ အားပြိုင်မှု များ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ အဓမ္မဝါဒတွေ အားမကောင်းခင် ဓမ္မ နဲ့ ဝိနယ ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ပထမသင်္ဂါယနာပွဲကို ကျင်းပခဲ့ရတာလို့ ဆိုတဲ့အတွက် အယူအဆရေးရာပိုင်း မှာ အမြင် မတူညီမှုတွေ ရှိနိုင်တယ်လို့လဲ ယူဆရပါတယ်။

ပထမသင်္ဂါယနာပွဲ မှာ ပါဝင်ကြမဲ့ ရဟန်းတော် ၅၀ဝ ကလွဲလို့ ကျန်တဲ့ ရဟန်းတွေ အားလုံး ကို (သံဃကံ ပျက်မှာစိုးတဲ့ အတွက်) ရာဇဂြိုဟ်ပြည် က နေ မင်းအာဏာ နဲ့ နှင်ခဲ့တာ ကလဲ စိတ်ဝင်စားဖို့ ကောင်းတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ (၄၅) နှစ်ပတ်လုံး ဗုဒ္ဓဟောကြားခဲ့သမျှတရား အကုန်လုံး ကို ရဟန်းတော် ၅၀ဝ က အသိအမှတ်ပြု ခြင်း ဖြစ်နိုင်မဖြစ်နိုင် ဆိုတာ ကို လဲ စဉ်းစားစရာ အဖြစ် ဟိုင်နျူဘား က တင်ပြပါတယ်။ ပထမသင်္ဂါယနာပွဲ အပြီး ဝါကျွတ်ချိန်မှာ ဒက္ခိဏဂီရိ ဇနပုဒ်ကနေ ရာဇဂြိုဟ် ကို နောက်ပါ ရဟန်း တွေ နဲ့ အတူ ရောက်လာတဲ့ အရှင်ပုရာဏ က သင်္ဂါယနာတင်ထားတဲ့ ဓမ္မ ဝိနယ တို့ ကို မလေ့လာနိုင်တော့ပဲ မိမိ ဘာသာ မိမိ ဘုရားရှင်ထံ က ကြားသိခဲ့ ရတဲ့ အတိုင်း ဆောင်မယ်ပြောဆိုခြင်း ကို ထောက်ရင် ပါဠိပိဋကတ်အပြင် အခြား အခြားသော ဘာသာစကားများနဲ့ အာဂုံဆောင်ထားတဲ့ ပိဋကတ်တွေ လဲ ရှိနိုင်တယ်လို့ ယူဆစရာ ရှိပါတယ်။

ဒီ အဖြစ်အပျက်လေး က အလွန် အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင် က ရှေးအခါ ကာလ ကတည်းက ဗုဒ္ဓဘာသာမှာ ဒေသ အလိုက် ဆရာ အလိုက် ဂိုဏ်းကွဲ အမျိုးမျိုး ရှိနေနိုင်ကြောင်း လက်ခံထားကြတယ် ဆိုတာ ကို ဖေါ်ပြ နေတယ်လို့ ဟင်နျူးဘား က ဆိုပါတယ်။ ဘာသာရေးမှာ တော့ ဂိုဏ်းဂဏအစွဲ ဆိုတာ ရှိပါတယ် ကိုယ့်ဂိုဏ်းက ကျမ်းစာ က မှ အစစ်ဆုံး အမှန်ဆုံး လို့ ယုံကြည်တတ်ကြတာ သဘာဝပါပဲ။ ဒါမှလဲ ဒီကျမ်းစာတွေ ဟာ အားကိုးလောက် တယ် လို့ ဘာသာဝင်တွေ က လက်ခံကြမှာ ဖြစ်လို့ပါပဲ။ ဒီလို ယူဆ လိုက်တဲ့ အခါ မှာ အခြားဂိုဏ်းတွေ ရဲ့ ပိဋကတ် ကျမ်းစာတွေ က အတုအယောင်တွေ ပြင်ဆင်သွတ်သွင်းချက်တွေ အမှားတွေ အဖြစ်လဲ ဆိုကြမှာ ပါပဲ။

ပိဋကတ်စာပေ သည် သမိုင်း၏ ထုတ်ကုန်
တကယ်တော့ သမိုင်းလေ့လာမှုတွေ က ဖေါ်ပြနေတဲ့ အမှန်တရား က တော့ ဒီ ပိဋကတ်စာပေတွေ ဟာ နတ်ရေကန်ထဲ က ထွက်ပေါ်လာသလို ဘွားကနဲ ဖြစ်ပေါ်တည်ရှိလာတာ မျိုးမဟုတ်ပဲ ခေတ် အဆက် ဆက် အထပ်ထပ် ရေးသားစုဆောင်းခဲ့ ကြတဲ့ စာပေ အစု အဝေး တွေ ပဲ ဖြစ်ပါတယ်။ သမိုင်း ရဲ့ အလှည့် အပြောင်းမျိုးစုံ ကို ဖြတ်သန်းပြီးမှ ပေါ်ပေါက် လာတဲ့ စာပေ တွေ ပဲ ဖြစ်ပါတယ်။ ဘာသာရေး အဖွဲ့အစည်း တွေ အနေနဲ့ ကတော့ သမိုင်းဖြစ်စဉ် ကို မျက်ကွယ်ပြု လို့ မိမိ ရဲ့ ကိုယ်ပိုင် ပိဋကတ် ကိုပဲ အကောင်းဆုံး လို့ မြင်တတ်ကြတာ ဓမ္မတာ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဗုဒ္ဓဘာသာ စာပေ ရဲ့ သမိုင်း က နောက်ဆုံး မှာ ညွှန်ပြနေတဲ့ အမှန်တရားက တော့ ဒီလို ပကတိ သန့်စင်ပြီး လူသားတို့ ရဲ့ ဖန်တီးမှုတွေ နဲ့ ကင်းတဲ့ မူလ ပိဋကတ်တစ်ခု ဆိုတာ ဟာ စိတ်ကူးယဉ် အိပ်မက် တစ်ခု ပဲ ဖြစ်တယ် လို့ စတန်းဖို့ဒ် တက္ကသိုလ် က ဘာသာရေး စာပေ ပါမောက္ခ ပေါလ် ဟာရစ်ဆန် (Paul Harrison) က ဆိုပါတယ်။

ရှေးဟောင်း ပိဋကတ်စာပေတွေ ကို ဘာသာပြန်နေတဲ့ ပါမောက္ခ ဟာရစ်ဆန် က ဘာသာပြန်လုပ်ငန်းရဲ့ အခက်အခဲ ကို လဲ ရှင်းပြတယ်။ ဘာသာပြန်သူတွေဟာ မူကွဲ အမျိုးမျိုး ဖြစ်နေတဲ့ လက်ရေးမူတွေကို တိုက်ဆိုင်ပြီး အပိုတွေကို ဖယ်ထုတ် ရင် စစ်မှန်တဲ့ အတွင်းသား အကြောင်းအရာ က ကျဉ်းသထက်ကျဉ်းလာမယ် နောက်ဆုံး ဘာမှထပ်ပြီး ထုတ်ပယ်စရာ မလို တော့တဲ့ အခြေအနေ ကို ရောက်ရင် ဒါဟာ မူလနဲ့ အနီးစပ်ဆုံး မူပဲ ဖြစ်မယ်လို့ ယူဆပြီးတော့ အလုပ်လုပ်ကြပါတယ်။ ဒါပေမဲ့ အလုပ်လုပ်ရင်းတွေ့ ရှိလာရတာကတော့ ပို၍ ပို၍ ကွဲပြားမှုတွေ ပဲ ဖြစ်ပါသတဲ့။

ပါမောက္ခ ဟာရစ်ဆန် ရဲ့ အလိုအရ ဆိုရင် ဒီလို မတူကွဲပြား ဝေဝါးတဲ့ အခြေအနေကို တွေ့ ရတာ ကိုက ဗုဒ္ဓဓမ္မ က ညွှန်ပြ နေတဲ့ အနတ္တ အသာရ သုညတ သဘောတရားတွေ ပါပဲ။ လူ ရဲ့ အတွင်းစိတ်ထဲ မှာ ခိုင်မာတဲ့ စစ်မှန်တဲ့ သန့်စင်တဲ့ ထူးခြားတဲ့ တစ်သီးတစ်သန့်ဖြစ်တဲ့ အတ္တ ကို စွဲနေတယ်။ မိမိ ရဲ့ ပိဋကတ် က လဲ ခိုင်မာတဲ့ စစ်မှန်တဲ့ သန့်စင်တဲ့ ထူးခြားတဲ့ တစ်သီးတစ်သန့်ဖြစ်တဲ့ အတ္တ လိုပဲ တစ်ခုတည်း စစ်စစ်မှန်မှန် ကို ရှိရမယ်လို့ အထင်ရောက်နေပါတယ်။ သမိုင်း က ပြတဲ့ အမှန်တရားကတော့ ဒီလို အတ္တနဲ့တူတဲ့ မူလပိဋကတ်တစ်ခု မရှိဘူး ဆိုတာပဲ ဖြစ်တယ် လို့ ဟာရစ်ဆန် က သုံးသပ်ပါတယ်။ ဒါပေမဲ့ လဲ လူ့စိတ်သဘာဝမှာ အတ္တအစွဲ က အနုသယ အနေနဲ့ ကပ်ငြိနေ တော့ ဒီ အစွဲ ကို ချွတ်ရ အတော်ခက်ပါတယ်။

အရင်က သစ်ပင်မိုဒယ် ကို လက်ခံခဲ့ ကြတဲ့ ပညာရှင်တွေ ဟာ အတိတ်က နေ အနာဂတ် ကို ပိဋကတ်စာပေ စီးဆင်းတဲ့ ထောင်လိုက်တစ်လမ်းသွား ဖြစ်စဉ် (One-way vertical Influences) တွေ ကိုပဲ တွေးခဲ့ ကြတယ်။ ခေတ်ပြိုင်ရှိနေတဲ့ ဗုဒ္ဓဘာသာဂိုဏ်းတွေ အချင်းချင်း အလျားလိုက် အပြန် အလှန် လွှမ်းမိုးဆက်သွယ်မှု ဖြစ်စဉ် (Cross-Horizontal Influences) တွေ ကိုတော့ ထည့်တွက်ပုံ မရဘူးလို့ ဟာရစ်ဆန် က သုံးသပ်ပါတယ်။ ဒါအပြင် ပိဋကတ်စာပေ မူ အသီးသီး က နေ ကူးရေးကြတဲ့ အခါ မရည်ရွယ်ပဲ နဲ့ မူသစ်တွေ ဖန်တီးနေမိတတ်တာတွေ လဲ ဖြစ်နိုင်တယ်လို့ သူ က ဆိုပါတယ်။

ဒါကြောင့် ရှေးဟောင်း ပိဋကတ်လက်ရေးမူတွေ ကို လေ့လာတဲ့ အခါ ပိုစောတာ နည်းနည်းနောက်ကျတာ လို့တော့ရှိနိုင် တယ်။ ဘီစီ (၂) ရာစု က ဂန္ဓာရီ ပိဋကတ်လက်ရေးမူတွေ က အေဒီ (၁၈) ရာစု သီဟိုဠ် ပိဋကတ် လက်ရေးမူတွေ တော့ ပို ရှေးကျလို့ ရှေးဦး ဗုဒ္ဓဝါဒ ကို ပိုလို့ ထွန်းလင်းပြနိုင်မယ်လို့ ပဲ ပြောလို့ရမယ် တစ်စုံတစ်ခုသော ပိဋကတ်လက်ရေးမူ ကို ပဲ မူလ ပိဋကတ် ဖြစ်ပါတယ်လို့ ပြောဖို့ ခိုင်မာတဲ့ အထောက်အထားမရှိဘူးလို့ ဟာရစ်ဆန်က ထောက်ပြပါတယ်။ သမိုင်းကို ဆန်တက်လို့ အတိတ်ကို ပြန်သွားတဲ့အခါ မဟာယာန နဲ့ မဟာယာနမဟုတ်တဲ့ ဂိုဏ်းတွေ ရဲ့ အကြားမှာ အနားသတ် ခွဲခြားထားတဲ့ မျဉ်းကြောင်းဟာ ဝေဝါးသထက် ဝေဝါးလို့ သွားပါတယ်။ မဟာယာနမဟုတ်တဲ့ ဂိုဏ်းတွေ ရဲ့ အကြားမှာ လဲ အပြန်အလှန် လွှမ်းမိုးမှုတွေ ကူးစက်မှုတွေ အယူဝါဒ ဆင်တူမှုတွေ တွေ့လာရလို့ ဗုဒ္ဓစာပေ ရဲ့ သမိုင်းဟာ လှေကြီးထိုး ရိုးရိုး မဟုတ်ဘူး ပဲ ရှုပ်ထွေးပွေလီတဲ့အသွင်ရှိတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။

ပိဋကတ်ဟူသမျှ ဗုဒ္ဓဝစန (ဘုရားဟော)ဖြစ်ကြောင်း
တကယ်တော့ ရှင်တော် ဗုဒ္ဓ ကိုယ်တိုင်က မိမိ ရဲ့ သွန်သင်ဆုံးမချက်တွေ ကို လူသားအားလုံး အတွက် ရည်စူးခဲ့တာပဲ ဖြစ်လို့ လူမျိုးတစ်မျိုး ဒေသတစ်ခု ဘာသာစကားတစ်ခု ရဲ့ ဘောင်ထဲ မှာ အသေချုပ်နှောင် ထားချင်တဲ့ ဆန္ဒမျိုးမရှိခဲ့ပါဘူး။ ကောသလတိုင်း မဂဓတိုင်း နဲ့ အိန္ဒိယပြည် အရှေ့ပိုင်းတစ်ခွင် မှာ သာသနာပြုခဲ့စဉ်မှာ ဆိုင်ရာဒေသနဲ့ သင့်လျှော်တဲ့ ဒေသိယဘာသာ စကားတွေ (Dialects) ကို သုံးပြီး ပြောခဲ့မှာ အမှန်ပါပဲ။ ရှေးဦး သံဃာ အဖွဲ့အစည်း ကလဲ ဗဟိုချုပ်ကိုင်မှု မရှိပဲ လွတ်လပ်စွာ ဖွဲ့စည်းထားတဲ့ ရွှေ့လျှား သံဃာ အဖွဲ့အစည်း မျိုး ဖြစ်ဟန်တူပါတယ်။ ရဟန်းတော်တွေ ဟာ မိမိ တို့ ဥပနိဿယပြု ရမဲ့ ဆရာတစ်ဆူဆူ ထံ မှာ ဝန်းရံ လို့ ဝိနည်းတော် အတိုင်း ကျင့်သုံးနေထိုင်ကြပြီး ဒုက္ခလွတ်မြောက်ရေး တရားတွေ အားထုတ် ခဲ့ ကြတာ ဖြစ်ပါတယ်။

ရှင်တော်ဗုဒ္ဓ ကိုယ်တိုင်လဲ မိမိ ရဲ့ သွန်သင်ချက်တွေ အသွင်အမျိုးမျိုးနဲ့ နေရာဒေသအသီးသီးမှာ ပျံ့နှံ့ ရောက်ရှိနေ လိမ့် မယ် ဆိုတာ ကြိုတင်မြင်ခဲ့ ဟန်တူပါတယ်။ ပါဠိပိဋကတ် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါက်မှာ ပါရှိတဲ့ မဟာပဒေသ တရား (၄) ပါး အရ ဆိုရင် ပေါ်ပေါက်လာသော တရားသစ်ဟူသမျှကို ချက်ချင်း လက်ခံခြင်း ငြင်းပယ်ခြင်းမပြုပဲ ဘုရားရှင်ဟော တော် မူခဲ့ပြီးသော ဓမ္မဝိနယ ပိဋကတ်များတွင် သွတ်သွင်းတိုက်ဆိုင်စစ်ဆေးကြည့်ပြီးမှ လက်ခံခြင်း ငြင်းပယ်ခြင်း ပြုကြရန် ဟောကြားချက် ရှိတာ ကို ထောက်လို့ ရှင်တော်ဗုဒ္ဓ ဟာ ပိဋကတ်စာပေ နဲ့ ပတ်သက်လို့ တော်တော်လေး လစ်ဘရယ် ဖြစ်သူလို့ မြင်ရပါတယ်။ စာပေ ရဲ့ ၏ သည် မရွေ့ ဆိုတာထက် စာပေ က ပေးတဲ့ သင်ကြားမှု အနှစ်သာရ ကိုပဲ ဂရုစိုက် တော်မူပါတယ်။

အေဒီ (၈) ရာစုတွင် ပေါ်ထွန်းခဲ့တဲ့ မဟာယာန ရဟန်းတော် ဒဿနပညာရှင် သန္တိဒေဝ ရဲ့ သိက္ခာသမုစ္စယ ကျမ်းမှာလဲ ဘုရားဟော (ဗုဒ္ဓဝစန) ဖြစ်ကြောင်း လက်ခံရန် အကြောင်းတရား (၄) ပါးကို ဖေါ်ပြထားခဲ့တာကို အောက်ပါအတိုင်း တွေ့ နိုင်ပါတယ်။
(၁) သစ္စာဓမ္မကိုညွန်ပြ ခြင်း မိစ္ဆာဓမ္မကို ပယ်ရှားခြင်း
(၂) ဓမ္မဝါဒ ကို သင်ကြားခြင်း အဓမ္မဝါဒ ကို မဟောကြားခြင်း
(၃) ကိလေသာတရား ခေါင်းပါးရေးကိုညွန်ပြခြင်း ကိလေသာတရား ပွားစီးရေးကို မညွန်ပြခြင်း
(၄) နိဗ္ဗာန်နှင့် အလျှော်ဖြစ်ခြင်း သံသရာလည်မှုနှင့် ဆန့်ကျင်ခြင်း

ဒီအချက် က ဂန္ဓာရီပိဋကတ် ရှာဖွေတွေ့ရှိမှု မှာ ထင်ရှားလို့နေပါတယ်။ မဟာယာန နဲ့ မဟာယာနမဟုတ်တဲ့ ဂိုဏ်းတွေ ရဲ့ စာပေတွေ ကို ဒီမှာ ရောထွေးပြီးတွေ့ ရလို့ ပါပဲ။ ဒီအချက်က ညွှန်ပြနေတာကတော့ ဒီ ပိဋကတ်တွေ ရေးသားတဲ့ အချိန် တုန်းက မဟာယာနဗုဒ္ဓဘာသာ ဟာ သီးခြားဂိုဏ်းတစ်ခု မဟုတ်သေးပဲ မဟာယာနမဟုတ်တဲ့ ဂိုဏ်းတွေ ရဲ့ အတွင်းထဲ မှာ သန္ဓေတည် ရှိနေခဲ့မယ် ဆိုတာ ထင်ရှားနေပါတယ်။ မဟာယာနဗုဒ္ဓဘာသာ ကျင့်ကြံတဲ့ ရဟန်းတွေဟာ မဟာယာန မဟုတ်တဲ့ ဂိုဏ်းတွေ ရဲ့ ဝိနည်းတွေ နဲ့ အညီ နေထိုင်ကြလိမ့်မယ်လို့လဲ မှန်းဆနိုင်ပါတယ်။ ဟာရစ်ဆန် ရဲ့ အလိုအရ ဆိုရင် ဂန္ဓာရီပိဋကတ် မှာ ပါတဲ့ မဟာယာနသုတ္တန်တွေဟာ တော်တော်လေး ဖွံ့ဖြိုးတိုးတက်တဲ့ အဆင့် ကို ရောက်နေ တာမို့ ဒီသုတ္တန်တွေ ရဲ့ အစ ဟာ ဂန္ဓာရီပိဋကတ် ထက်တောင် အလွန်ရှေးကျနိုင်ကြောင်း ယူဆပါတယ်။

ရှေးဦး မဟာယာနဗုဒ္ဓဘာသာ ဟာ ပညာရှင်တွေ တွေးထင်ယူဆကြတာထက်တောင် များစွာ ရှေးကျ ပေါ်ပေါက်လာနိုင်ပေမဲ့ ဟာရစ်ဆန် ရဲ့ အလိုအရ ဗုဒ္ဓလွန်ပြီးမှ မဟာယာနဗုဒ္ဓဘာသာ ပေါ်ပေါက်တာ ကို တော့ လက်ခံရမယ်လို့ဆိုပါတယ်။ လေ့လာကြည့်တဲ့အခါမှာ မဟာယာနဗုဒ္ဓဘာသာ သုတ္တန်တွေ နောက်မှာ သာဝကယာန လမ်းစဉ်ရောနေတဲ့ သုတ္တန်တွေလဲ ရှိတာကို ကြည့်ရဖြင်းအားဖြင့် ဒီကာလ ဟာ အယူအမြင်တွေ ကျင့်စဉ်တွေ ထွေပြားစည်ပင်ချိန် သီးပွင့်ဝေဆာချိန်ဖြစ်မယ် လို့မှန်းဆရ ပါတယ်။ အာသောက မင်းမတိုင်ခင် အချိန်အထိ ဗုဒ္ဓဘာသာဟာ လွတ်လပ်စွာ ပွင့်လန်းနေတဲ့ ဂိုဏ်းဂဏပေါင်းစုံ ရှိ နေမယ်လို့ မှန်းဆရပါတယ်။ ပညာပါရမီတာ လမ်း သုခဝတီ လမ်း ဗုဒ္ဓ ကို ကိုးကွယ်တဲ့ လမ်း အစုံ ရှိနေချိန် ဖြစ်ပြီးတော့ ဒီ ဂိုဏ်းဂဏပေါင်းစုံ အားလုံး ပေါင်းစည်းမှု အဖြစ် မဟာယာနဗုဒ္ဓဘာသာ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်။

ဗုဒ္ဓဘာသာသမိုင်း ကို လေ့လာကြည့် ရင် ဂိုဏ်းဂဏတွေ နဲ့ သူတို့ အသီးသီးဆောင်ထားကြတဲ့ ပိဋကတ်စာပေတွေ ဟာ မြစ်လက်တက်တွေ မြစ်မွှာတွေ လို ကွဲထွက်လိုက် ပြန်ပေါင်းစည်းလိုက် နဲ့ ကွန်ယက်သဖွယ် စီးဆင်းနေ တာပဲ ဖြစ်တယ်။ သစ်ပင်လို ဗဟိုချက်မ ရင်းမြစ် တစ်ခုတည်း က မဟုတ်ပဲ ရင်းမြစ်များစွာ ကနေ စီးဆင်းလာတာ မျိုး သာ ဖြစ်ပါတယ်။
မဟာယာနဗုဒ္ဓဘာသာ ပေါ်ပေါက်လာခဲ့ တာဟာ ရှေးဦး ဗုဒ္ဓ ဘာသာကို အခြေခံ ဆင့်ကဲတိုးတက် လာခဲ့သော ဖြစ်စဉ် ရဲ့ သမိုင်းဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ သမူဟသဘော (Historical Cultural Synthesis) သာ ဖြစ်ပါတယ်။ နောက်ဆုံးတော့
ဗုဒ္ဓဘာသာရဲ့ အသွင်မှန်သမျှဟာ (ဝိမုတ္တိရသ) တစ်ခုတည်းဆီ ကိုပဲ ဦးတည်နေတာ ကို ပဲ တွေ့ရပါတော့တယ်။

ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ ဆိုတဲ့ မေးခွန်း အတွက်အဖြေ
အထက်မှာ တင်ပြခဲ့သလို ပိဋကတ်စာပေ တွေ ဟာ ပြောင်းလဲတိုးတက်ပြီး အချင်းချင်း လွှမ်းမိုးကူးစက် ပေါင်းစပ် မှုတွေ ရှိခဲ့ တဲ့အခြေအနေမှာ ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ ဆိုတဲ့ မေးခွန်း အတွက် တစ်ခုတည်းသော အဖြေမရှိနိုင်ပါဘူး။ ဒါပေမဲ့ ဂိုဏ်းဂဏစွဲ အယူအဆ (Sectarianism) က ဗုဒ္ဓ ရဲ့ နုတ်မြွက်တရား ကို မိမိတို့ သာ ပိုင်ဆိုင်တယ် လို့ထင်နေပါ တယ်။ ပိဋကတ်စာပေ တွေ ဟာ ပြောင်းလဲတိုးတက် အချင်းချင်း လွှမ်းမိုးကူးစက် ပေါင်းစပ် မှုတွေ ဖြစ်ခဲ့တယ် ဆိုတာ ဟာ မြစ်တစ်ခု စီးဆင်းနေသလိုပါပဲ မိမိ ပိဋကတ်စာပေ ဟာ မြစ်အညာ ကလား မြစ်အကြေ ကလား ဒါတွေ အားလုံးရောစပ် နေတာလား မသိနိုင်ပေမဲ့ ဂိုဏ်းဂဏစွဲ အယူအဆ သန်သူတွေကတော့ မိမိ ပိဋကတ်စာပေ ဟာ မြစ်အညာ က အသန့်စင် အကြည်လင်ဆုံး ရေ အဖြစ် ယူဆကြတာ ပါပဲ။ ဒီ စွဲလန်းမှု နဲ့ ပဲ ပိဋကတ်စာပေတွေ ကို အသက်နဲ့လဲလို့ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းခဲ့ ကြတာ ဖြစ်တယ်။

ဘာသာရေး ဂိုဏ်းတွေ က ဗုဒ္ဓ ရဲ့ နုတ်မြွက်တရား ကို ဟောခဲ့တဲ့ ဝန်းကျင် (Context) ကနေ ဆွဲထုတ်ပြီး စကားလုံး ဝေါဟာရ ပညတ်တင်ထားလိုက်ရင် ငြိမ်သက် တည်တံ့ခိုင်မာ ပြီး အပြောင်းအလဲ မရှိသော အနက် အဓိပ္ပါယ် ကိုဆောင် နေမယ် လို့ ထင်ကြပါတယ်။ ဥပမာ ဆိုရရင် ဗုဒ္ဓရဲ့ နုတ်မြွက်တရား ကို ရတနာသေတ္တာထဲမှာ ကျောက်မျက်ရတနာကို ထည့်သိမ်းထားသလို ဒီရတနာ သေတ္တာကို မျိုးဆက် တစ်ခုပြီးတစ်ခု ပကတိမပြောင်းလဲ ပဲ လက်ဆင့်ကမ်းသွားနိုင် လိမ့်မယ် လို့ထင်မြင်ကြပုံပါပဲ။ တကယ်တော့ ဘာသာ စကား က အလုပ်လုပ်ပုံ က ဒီလောက်မရိုးစင်းပါဘူး။ သူတို့ထင်မြင်သလို နှမ်းဆီ ဟာ နှမ်းစေ့ထဲမှာ ကိန်းပြီး တည်ရှိနေသလို အနက် အဓိပ္ပါယ် တွေ ဟာ စကားလုံး ဝေါဟာရ ပညတ် တွေထဲ မှာ ပကတိမပြောင်းလဲ ပဲ ထာဝရတည်နေ တာမျိုး မဟုတ်ပါဘူး။ ဘာသာစကားရဲ့ အနက်အဓိပ္ပါယ် တွေ ဟာ ဆိုင်ရာ ယဉ်ကျေးမှု နောက်ခံ ဝန်းကျင် သမိုင်းနဲ့ လူမှုရေး အခြေအနေ နောက်ခံ ဝန်းကျင် တွေ ထဲ မှာ ကြီးပြင်းလာရတဲ့ လူသားတွေ ရဲ့ စကားလုံး ဝေါဟာရ ပညတ်တွေ ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုချက် တွေသာ ဖြစ်တယ်။ ဆိုင်ရာယဉ်ကျေးမှုနောက်ခံ ဝန်းကျင် သမိုင်းနဲ့ လူမှုရေး အခြေအနေ နောက်ခံ ဝန်းကျင် တွေ ပြောင်းလဲ နေသလို အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကလဲ လိုက်ပါပြောင်းလဲနေမှာ ဖြစ်တယ်။

ဗုဒ္ဓ ရဲ့ နုတ်မြွက်တရား ကို ပိဋကတ်စာပေ အဖြစ် မှတ်တမ်းတင်ထားတဲ့တွက် ရှင်တော်ဗုဒ္ဓ ဟောခဲ့တဲ့ တရားတော်တွေ ကို သိရ တယ်ဆိုတဲ့ ကျေးဇူးတော့ ရှိတာ အမှန်ပဲ။ ဒါပေမဲ့ဒီတရားတွေ ရဲ့ အနက်မှန်ကို သိဖို့ ကတော့ ဒီတရားတွေ ကို ဟောခဲ့ တဲ့ ဘီစီ (၅) ရာစု ကာလ အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှု နောက်ခံ ဝန်းကျင် သမိုင်းနဲ့ လူမှုရေး အခြေအနေ နောက်ခံ ဝန်းကျင် တွေ ကို နားလည် မှသာ ဖြစ်နိုင် မယ်။ဘီစီ (၅) ရာစု ကာလ အိန္ဒိယနိုင်ငံရဲ့ နောက်ခံ အခြေအနေ တွေ ကို ပို သိလေ ဒီတရားတွေ ရဲ့ အနက်မှန်ကို ပိုနားလည်နိုင်လေလေပါပဲ။

ဒါပေမဲ့ ယဉ်ကျေးမှု နောက်ခံဝန်းကျင် သမိုင်းနဲ့ လူမှုရေး အခြေအနေ နောက်ခံဝန်းကျင် တွေ ဆိုတာ အလွန်ကျယ်ဝန်း အပြန်အလှန်ဆက်နွယ်နေ တစ်ခဏ ပြီးတစ်ခဏ ပြောင်းလဲနေတဲ့ အနိစ္စတရား ခယ ဝယ တရားတွေ ပဲ ဖြစ်တယ်။ ဒါအပြင် ဗုဒ္ဓ နဲ့ တရားနာသူတွေ ရဲ့ သီသန့် ပုဂ္ဂလိက ဆက်နွယ်မှုတွေ ကလဲ ရှိနေပြန်တဲ့ အခါ တရားကို ဟောအပြီးမှာ တရားတော် ရဲ့ အနက်စစ်အနက်မှန် ဟာ ဆက်သွယ်မှု ဖြစ်ပွားပြီး နောက်ခံဝန်းကျင် ပြောင်းတာနဲ့ အတူ ပျောက်ကွယ် သွားပါတယ်။

ဘာသာရေး ဂိုဏ်းတွေ က ဒါကို ထိန်းချုပ်ဖို့အတွက် အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကို တရားသေ ဖြစ်အောင်ပြုလုပ် ထားတဲ့ အဋ္ဌကထာ ဋီကာ စာပေတွေ နဲ့ ဗုဒ္ဓ ရဲ့ နုတ်မြွက်တရား ကို ဘောင်ခတ်ဖို့ကြိုးစားခဲ့ ကြတာ ကို တွေ့ရတယ်။ ဒီလိုကြိုးစားပေမဲ့လဲ အဋ္ဌကထာ ဋီကာ စာပေတွေ ကိုယ်တိုင် က စကားလုံး ဝေါဟာရပညတ်တွေ နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီးတော့ ဒီ စကားလုံးဝေါဟာရပညတ်တွေ ကိုယ်တိုင်ကလဲ အနက်ဖွင့်ဆိုချက်တွေ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ အဋ္ဌကထာ ဋီကာ စာပေတွေ ဆိုတာ ကိုယ်တိုင် က ဂိုဏ်းဂဏစွဲ အမြင်တွေ ကနေထွက်ပေါ်လာတဲ့ စာပေတွေ ဖြစ်လို့ ဂိုဏ်းဂဏ ရှုထောင့် မတူတဲ့ အမြင်တွေ က လက်ခံမှာ မဟုတ် တော့ နိုင်းရရှုထောင့် အမြင်တွေ သာ ဖြစ်နေပြန်ပါ တော့တယ်။

ဒီတော့ ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ ဆိုတဲ့ မေးခွန်း အတွက် အဖြေ ကတော့ ဗုဒ္ဓ ညွှန်ပြခဲ့တဲ့ ဝိမုတ္တိရသ ကို ပေးတဲ့ တရား မှန်သမျှ အရှေ့ဖြစ်ဖြစ် အနောက်ဖြစ်ဖြစ် တောင်ဖြစ်ဖြစ်မြောက်ဖြစ်ဖြစ် ၁၀၀% ပြည့် ဗုဒ္ဓဓမ္မ ပဲ ဖြစ်တယ်လို့ ဆို ရမှာ ပါပဲ။ ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းကွဲ အသီးသီး မှာ ရှင်တော်ဗုဒ္ဓ ရဲ့ တရားတော် အခြေခံတွေ ဖြစ်တဲ့ သစ္စာ(၄)ပါး မဂ္ဂင် (၈)ပါး ပဋိစ္စသမုပ္ပါဒနိဒါန (၁၂)ပါး လက္ခဏာရေး (၃)ပါး သတိပဋ္ဌာန် (၄)ပါး ဗောဓိပက္ခိယတရား (၃၇) ပါး ဝိမုတ္တိတရား စတာတွေ က အတူတူ ပဲ ဖြစ်ပါတယ်။ သမိုင်းနောက်ခံ ယဉ်ကျေးမှုနောက်ခံ အခြေအနေတွေ ကွဲပြားမှုကြောင့် သာ ဓမ္မ ကို ဖေါ်ဆောင်တဲ့ နည်းဗေဒ တွေ ကျင့်စဉ်တွေ ကွဲပြားခြားနား နေကြတာ ဖြစ်ပါတယ်။

ဒီရှုထောင့် ကကြည့်ရင် ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းကွဲ အသီးသီး ဟာ နေရာဒေသ အသီးသီးမှာ တစ်ကွဲစီ ဖြစ်နေတဲ့ ညီနောင် တွေ နဲ့ တူပါတယ်။ ညီနောင်တွေ အားလုံး မိမိ မျိုးရိုးရဲ့ ဂုဏ်လက္ခဏာတွေ တစ်ခုမဟုတ်တစ်ခုတော့ ပိုင်ဆိုင်နေ ကြတာ ပါပဲ။ မျိုးရိုးရဲ့ ဗီဇ လက္ခဏာတွေ ဟာ ညီနောင်တွေ အားလုံးဆီမှာ ပျံ့နှံ့တည်ရှိနေတာ ကို ထောက်ပြီး အားလုံးဟာ တစ်အူတုံဆင်း ပဲ ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါကြောင့်မို့ မိမိဂိုဏ်း က သာ အစစ်မှန်ဆုံးဖြစ်တယ် မိမိ တရား ကသာ ရွှေစင်လက်ကောက်ဖြစ်တယ် အခြားသော ဂိုဏ်းတွေ က အတုအယောင် အရောနှောတွေ ဖြစ်တယ် တန်ဖိုးမရှိတဲ့ ကြေးလက်ကောက်တွေ ဖြစ်တယ် လို့ ဘယ်ဂိုဏ်း ဂဏ ကမှ ပြောပိုင်ခွင့်မရှိ သလို ဒီလို ပြောဆိုခြင်းဟာ ဗုဒ္ဓဘာသာ ပိဋကတ်စာပေတွေ ရဲ့ ဖြစ်ထွန်းတိုးတက်တဲ့ သမိုင်း ကို မသိကျိုးကျွံပြုရာ ကျနေပါတယ်။

ဓမ္မတရား အမှန် ကို ဘယ်လို ရှာကြမလဲ
ဗုဒ္ဓဝါဒရဲ့ ဓမ္မတရား အမှန် ကို ဘယ်လို ရှာကြမလဲ ဆိုတာ ရှင်တော်ဘုရား က ကာလာမသုတ်ထဲ မှာ ညွှန်ပြထားတယ်။ အကြင် ဓမ္မတရား တစ်ရပ်ဟာ…

(၁) ကျင့်သုံးကြည့်တဲ့ အခါ မိမိ အတွက် ကုသိုလ်တွေ တိုးပွားပြီးတော့ အကုသိုလ်တွေ ကို လျှော့ပါးစေရင်
(၂) လောကမှာ ရှိတဲ့ ပညာရှိသူတော်ကောင်းတွေ က ချီးမွမ်းအပ်တဲ့ တရားဖြစ်ရင်

ဒီ ဓမ္မတရား ဟာ ကျင့်ဆောင်ထိုက်တဲ့ ဓမ္မတရား ပဲ ဖြစ်တယ်။ အကြင် ဓမ္မတရား တစ်ရပ်ဟာ

(၁) ကျင့်သုံးကြည့်တဲ့ အခါ မိမိ အတွက် အကုသိုလ်တွေ တိုးပွားပြီးတော့ ကုသိုလ်တွေ ကို လျှော့ပါးစေရင်
(၂) လောကမှာ ရှိတဲ့ ပညာရှိသူတော်ကောင်းတွေ က ကဲ့ရဲ့အပ်တဲ့ တရားဖြစ်ရင်

ဒီ ဓမ္မတရား ဟာ မကျင့်ဆောင်ထိုက်တဲ့ ဓမ္မတရား ပဲ ဖြစ်တယ်။

ဒီတော့ မေးစရာ ဖြစ်လာပါတယ်။ ကျင့်သုံးကြည့်တဲ့ အခါ မိမိ အတွက် ကုသိုလ်တွေ တိုးပွားပြီးတော့ အကုသိုလ်တွေ ကို လျှော့ပါးစေတဲ့ ဓမ္မတရား လောကမှာ ရှိတဲ့ ပညာရှိသူတော်ကောင်းတွေ က ချီးမွမ်းအပ်တဲ့ ဓမ္မတရား ဟာ ဘယ်လို ဓမ္မတရား မျိုး ဖြစ်လေမလဲ။ ဒီလို ဓမ္မတရား စစ်စစ် ရဲ့ ဂုဏ်လက္ခဏာ (၆) ခု ရှိတယ်လို့ ဟောကြားထားပါတယ်။

(၁) ပထမ ဂုဏ်လက္ခဏာ ကတော့ အစ အလယ် အဆုံး သုံးပါး၌ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသော ဓမ္မတရား (သွက္ခာတ ဓမ္မ) ဖြစ်ရမယ်။ ဓမ္မဆိုတာ ခရီးတစ်ခု လိုပဲ။ လမ်းဟာ အစ အလယ် အဆုံး အပိုင်းအားလုံးမှာ အပြစ်အနာအဆာမရှိ အမှားအယွင်းမရှိ ပဲ ပြည့်စုံ နေတဲ့ ဓမ္မတရား ဖြစ်ရပါမယ်။

(၂) ဒုတိယဂုဏ်လက္ခဏာ ကတော့ လက်ငင်းလက်တွေ့ ကျင့်ကြံသိမြင်နိုင်တဲ့ တရား (သနိ္ဒဋ္ဌိက ဓမ္မ) ဖြစ်ရမယ်။ စစ်မှန်တဲ့ တရား ဟာ လေပေါ်မှာ စိတ်ကူးယဉ်ဆောက်ထားတဲ့ ဆင်စွယ်ရဲတိုက်မဟုတ်ဘူး။ လက်တွေ့ ဘဝ ထဲ မှာ ကျင့်ကြံပြီး ကျင့်သုံးမှု ရဲ့ အကျိုး ကို လက်ငင်းလက်တွေ့ ရရှိခံစားစေနိုင်ရမယ်။

(၃) တတိယ ဂုဏ်လက္ခဏာ တော့ အချိန်မရွေး နေရာမရွေး ကျင့်ဆောင်နိုင်တဲ့ ဓမ္မတရား (အကာလိက ဓမ္မ) ဖြစ်ရမယ်။ အ-ကာလိက ဆိုတာ ဘဝ ရဲ့ ဘယ်လို အချိန်မျိုး မှာ ဖြစ်ဖြစ် ဆင်းရဲချမ်းသာ သုခ ဒုက္ခ အမြင့်အနိမ့် အချိန်အခါ အမျိုးမျိုး ဘဝ ရဲ့ အယုတ်အလတ်အမြတ် အရွယ်မရွေး အမြဲ ကျင့်သုံးထိုက်တဲ့ တရား ဖြစ်ရမယ်လို့ ဆိုချင်ပါတယ်။

(၄) စတုတ္တ ဂုဏ်လက္ခဏာ ကတော့ လာပါ ရှုပါ စုံစမ်းပါဟု ဖိတ်ခေါ်ခြင်းငှာ ထိုက်တဲ့ ဓမ္မတရား (ဧဟိပဿိက ဓမ္မ) ဖြစ်ရပါမယ်။ ဓမ္မတရား ဟာ လျှို့ဝှက်နက်နဲပြီး လူတစ်ချို့လောက်ပဲ သိနိုင်တဲ့ စိတ်ကူးယဉ်လူလွန်တရားတွေ မဖြစ်ရဘူး။ မိမိ လူမျိုး မိမိ ယဉ်ကျေးမှုထဲ မှာ ပဲ ကွက်ကွက်ကလေး ကျင့်သုံး နိုင်တဲ့ တရားမျိုးလဲမဖြစ်ရဘူး။ အသိဉာဏ်ရှိတဲ့ စွမ်းနိုင်တဲ့ လူသားတိုင်း လက်တွေ့စမ်းသပ်ကြည့် လို့ ရပြီးတော့ ရလာဒ်တွေ အချင်းချင်း လဲ တိုက်ဆိုင်စစ်ဆေး အဖြေထုတ်ကြည့် နိုင်တဲ့ ဓမ္မတရား ဖြစ်ဖို့ လိုပါတယ်။

(၅) ပဉ္စမ ဂုဏ်လက္ခဏာ ကတော့ မိမိတို့၏စိ်တ်သန္တန် ၌ အမြဲဆောင်ထား ကပ်ထားခြင်းငှာ တည်အောင်ကျင့်ခြင်းငှာ ထိုက်သော ဓမ္မတရား (ဩပ နေယျိက ဓမ္မ) ဖြစ်ရပါမယ်။ ဓမ္မတရား တစ်ခု ဟာ ရိုသေစွာကျင့်ဆောင်ခြင်း (သက္ကစ္စ ဓမ္မ) ဖြစ်ဖို့ လို သလို စဉ်ဆက်မပြတ်ကျင့်ဆောင်ခြင်း (သာတစ္စ ဓမ္မ) လဲ ဖြစ်ရပါမယ်။ မိမိ စိတ်သန္တန် ကို တရား နဲ့ အမြဲ ရွဲစိုထုံးမွမ်းထား အပ်တဲ့ ဓမ္မတရား မျိုးလဲ ဖြစ်ရ ပါမယ်။ ရံခါ ကျင့်လိုက် မကျင့်လိုက် ပူးလိုက်ကွာလိုက် ဖြစ် နေတဲ့ တရားမျိုး မဖြစ်စေရပါဘူး။

(၆) ဆဋ္ဌမ ဂုဏ်လက္ခဏာ ကတော့ ပညာရှိသူတို့သည် မိမိတို့၏ ဉာဏ်တို့ဖြင့် အသီးသီးကိုယ်ပိုင် ကိုယ်တိုင်သိအပ် သော ဓမ္မတရား (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဓမ္မ) ဖြစ်ရပါမယ်။ ဓမ္မ ဟာ အဆင့် အမျိုးမျိုး အလွှာ အမျိုးမျိုး ရှိသလို ရှုထောင့်အမျိုးမျိုး နည်းလမ်းအဖုံဖုံ လဲ ရှိပါလိမ့်မယ်။ ဓမ္မ ဟာ တစ်ခုတည်း သဘော ဖြစ်သလို ဓမ္မ ဟာ အများသဘော ကို လဲ ဆောင်ပါတယ်။ မိမိ အလွှာ အဆင့် ရှုထောင့် အသီးသီး က နေ ဓမ္မရသ ကို မိမိ အတိုင်းအတာ နဲ့ မိမိ ကိုယ်တိုင် ကိုယ်ကျ ထိသိခံစား (ကာယသစ ္ဆိကရဏ) ဖြစ်နိုင် ပါတယ်။ ဉာဏ်ဖြင့် သက်ဝင်ကျက်စား (ဉာဏသစ ္ဆိကရဏ) ဖြစ်နိုင်ပါတယ်။

ဒီ ဂုဏ် လက္ခဏာတွေ နဲ့ ပြည့်စုံသော ဓမ္မတရား ဟာ အမှန်တကယ် လက်ခံ ကျင့်သုံးထိုက်တဲ့ ကျင့်သုံးကြည့်တဲ့ အခါ မိမိ အတွက် ကုသိုလ်တွေ တိုးပွားပြီးတော့ အကုသိုလ်တွေ ကို လျှော့ပါးစေတဲ့ ဓမ္မတရား လောကမှာ ရှိတဲ့ ပညာရှိ သူတော်ကောင်းတွေ က ချီးမွမ်းအပ်တဲ့ ဓမ္မတရား ဖြစ်ကြောင်း ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ ဒီ အနက်ဖွင့်ချက် ကို လက်ခံ နိုင်ရင်တော့ ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းဂဏ အသီးသီးဟာ ရှင်တော် ဗုဒ္ဓရဲ့ တရားဝင် အမွေခံ သားသမီးတွေ ပဲ ဖြစ်ကြတယ်လို့ ဆိုနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

ရည်ညွှန်း။
Linda Heuman, Whose Buddhism is Truest?, Tricycle Magazine, Summer 2011
Salomon, Richard. Ancient Buddhist Scrolls from Gandhāra, University of Washington Press, Seattle, 1999
Salomon, Richard. A Gāndhārī Version of the Rhinoceros Sutra: British Library Kharoṣṭhi Fragment Univ. of Washington Press: Seattle and London, 2000.


မှတ်ချက်။ ။ http://taste-of-dhamma.blogspot.com/2013/01/blog-post.html
မှတိုက်ရိုက်ကူးယူပါသည်။ မူရင်စုဆောင်းသူမှ ( ပြန့်ပွားစေလိုသောဆန္ဒရှိမည်ထင်ပါသဖြင့် )ကူးယူတင်ပြခြင်းကိုလက်ခံခွင့်လွတ်စေလိုပါကြောင်း…။

11 comments

  • โทรศัพท์มือถือ

    July 1, 2013 at 7:14 am

    တစ်ခေါက်တော့ ဖတ်ပြီးပြီ သူကြီးရေ… မင်္ဂလာပါ…
    ယခုလို အသိအမြင်လေးတွေ တိုးခွင့်ရတဲ့အတွက် အထူးကျေးဇူးပါ…
    နောက်တစ်ခေါက် ပြန်ဖတ်ပြီမှ မရှင်းတာလေးတွေကို ပြန်မေးပါ့ဦးမယ်….

  • ဦးကြောင်ကြီး

    July 1, 2013 at 8:32 am

    သဂျီးကတော့ ရောက်အုံးတော့မှာပဲ…. 😈

  • kai

    July 1, 2013 at 4:25 pm

    အင်မတန်အရေးကြီးတဲ့အချက်ကလေးတွေပါ..
    တရားဂုဏ်တော်တဲ့..

    ကိုယ်သိတာတွေ.. သူတပါးက.. ဘုရားဟောပါဆိုပြီးပြောနေတာတွေကို.. တိုက်စစ်ကြည့်သင့်လှပါတယ်..။

    =
    (၁) ပထမ ဂုဏ်လက္ခဏာ ကတော့ အစ အလယ် အဆုံး သုံးပါး၌ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသော ဓမ္မတရား (သွက္ခာတ ဓမ္မ) ဖြစ်ရမယ်။ ဓမ္မဆိုတာ ခရီးတစ်ခု လိုပဲ။ လမ်းဟာ အစ အလယ် အဆုံး အပိုင်းအားလုံးမှာ အပြစ်အနာအဆာမရှိ အမှားအယွင်းမရှိ ပဲ ပြည့်စုံ နေတဲ့ ဓမ္မတရား ဖြစ်ရပါမယ်။

    (၂) ဒုတိယဂုဏ်လက္ခဏာ ကတော့ လက်ငင်းလက်တွေ့ ကျင့်ကြံသိမြင်နိုင်တဲ့ တရား (သနိ္ဒဋ္ဌိက ဓမ္မ) ဖြစ်ရမယ်။ စစ်မှန်တဲ့ တရား ဟာ လေပေါ်မှာ စိတ်ကူးယဉ်ဆောက်ထားတဲ့ ဆင်စွယ်ရဲတိုက်မဟုတ်ဘူး။ လက်တွေ့ ဘဝ ထဲ မှာ ကျင့်ကြံပြီး ကျင့်သုံးမှု ရဲ့ အကျိုး ကို လက်ငင်းလက်တွေ့ ရရှိခံစားစေနိုင်ရမယ်။

    (၃) တတိယ ဂုဏ်လက္ခဏာ တော့ အချိန်မရွေး နေရာမရွေး ကျင့်ဆောင်နိုင်တဲ့ ဓမ္မတရား (အကာလိက ဓမ္မ) ဖြစ်ရမယ်။ အ-ကာလိက ဆိုတာ ဘဝ ရဲ့ ဘယ်လို အချိန်မျိုး မှာ ဖြစ်ဖြစ် ဆင်းရဲချမ်းသာ သုခ ဒုက္ခ အမြင့်အနိမ့် အချိန်အခါ အမျိုးမျိုး ဘဝ ရဲ့ အယုတ်အလတ်အမြတ် အရွယ်မရွေး အမြဲ ကျင့်သုံးထိုက်တဲ့ တရား ဖြစ်ရမယ်လို့ ဆိုချင်ပါတယ်။

    (၄) စတုတ္တ ဂုဏ်လက္ခဏာ ကတော့ လာပါ ရှုပါ စုံစမ်းပါဟု ဖိတ်ခေါ်ခြင်းငှာ ထိုက်တဲ့ ဓမ္မတရား (ဧဟိပဿိက ဓမ္မ) ဖြစ်ရပါမယ်။ ဓမ္မတရား ဟာ လျှို့ဝှက်နက်နဲပြီး လူတစ်ချို့လောက်ပဲ သိနိုင်တဲ့ စိတ်ကူးယဉ်လူလွန်တရားတွေ မဖြစ်ရဘူး။ မိမိ လူမျိုး မိမိ ယဉ်ကျေးမှုထဲ မှာ ပဲ ကွက်ကွက်ကလေး ကျင့်သုံး နိုင်တဲ့ တရားမျိုးလဲမဖြစ်ရဘူး။ အသိဉာဏ်ရှိတဲ့ စွမ်းနိုင်တဲ့ လူသားတိုင်း လက်တွေ့စမ်းသပ်ကြည့် လို့ ရပြီးတော့ ရလာဒ်တွေ အချင်းချင်း လဲ တိုက်ဆိုင်စစ်ဆေး အဖြေထုတ်ကြည့် နိုင်တဲ့ ဓမ္မတရား ဖြစ်ဖို့ လိုပါတယ်။

    (၅) ပဉ္စမ ဂုဏ်လက္ခဏာ ကတော့ မိမိတို့၏စိ်တ်သန္တန် ၌ အမြဲဆောင်ထား ကပ်ထားခြင်းငှာ တည်အောင်ကျင့်ခြင်းငှာ ထိုက်သော ဓမ္မတရား (ဩပ နေယျိက ဓမ္မ) ဖြစ်ရပါမယ်။ ဓမ္မတရား တစ်ခု ဟာ ရိုသေစွာကျင့်ဆောင်ခြင်း (သက္ကစ္စ ဓမ္မ) ဖြစ်ဖို့ လို သလို စဉ်ဆက်မပြတ်ကျင့်ဆောင်ခြင်း (သာတစ္စ ဓမ္မ) လဲ ဖြစ်ရပါမယ်။ မိမိ စိတ်သန္တန် ကို တရား နဲ့ အမြဲ ရွဲစိုထုံးမွမ်းထား အပ်တဲ့ ဓမ္မတရား မျိုးလဲ ဖြစ်ရ ပါမယ်။ ရံခါ ကျင့်လိုက် မကျင့်လိုက် ပူးလိုက်ကွာလိုက် ဖြစ် နေတဲ့ တရားမျိုး မဖြစ်စေရပါဘူး။

    (၆) ဆဋ္ဌမ ဂုဏ်လက္ခဏာ ကတော့ ပညာရှိသူတို့သည် မိမိတို့၏ ဉာဏ်တို့ဖြင့် အသီးသီးကိုယ်ပိုင် ကိုယ်တိုင်သိအပ် သော ဓမ္မတရား (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ဓမ္မ) ဖြစ်ရပါမယ်။ ဓမ္မ ဟာ အဆင့် အမျိုးမျိုး အလွှာ အမျိုးမျိုး ရှိသလို ရှုထောင့်အမျိုးမျိုး နည်းလမ်းအဖုံဖုံ လဲ ရှိပါလိမ့်မယ်။ ဓမ္မ ဟာ တစ်ခုတည်း သဘော ဖြစ်သလို ဓမ္မ ဟာ အများသဘော ကို လဲ ဆောင်ပါတယ်။ မိမိ အလွှာ အဆင့် ရှုထောင့် အသီးသီး က နေ ဓမ္မရသ ကို မိမိ အတိုင်းအတာ နဲ့ မိမိ ကိုယ်တိုင် ကိုယ်ကျ ထိသိခံစား (ကာယသစ ္ဆိကရဏ) ဖြစ်နိုင် ပါတယ်။ ဉာဏ်ဖြင့် သက်ဝင်ကျက်စား (ဉာဏသစ ္ဆိကရဏ) ဖြစ်နိုင်ပါတယ်။

    ဒီ ဂုဏ် လက္ခဏာတွေ နဲ့ ပြည့်စုံသော ဓမ္မတရား ဟာ အမှန်တကယ် လက်ခံ ကျင့်သုံးထိုက်တဲ့ ကျင့်သုံးကြည့်တဲ့ အခါ မိမိ အတွက် ကုသိုလ်တွေ တိုးပွားပြီးတော့ အကုသိုလ်တွေ ကို လျှော့ပါးစေတဲ့ ဓမ္မတရား လောကမှာ ရှိတဲ့ ပညာရှိ သူတော်ကောင်းတွေ က ချီးမွမ်းအပ်တဲ့ ဓမ္မတရား ဖြစ်ကြောင်း ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ ဒီ အနက်ဖွင့်ချက် ကို လက်ခံ နိုင်ရင်တော့ ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းဂဏ အသီးသီးဟာ ရှင်တော် ဗုဒ္ဓရဲ့ တရားဝင် အမွေခံ သားသမီးတွေ ပဲ ဖြစ်ကြတယ်လို့ ဆိုနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

  • San Hla Gyi

    July 1, 2013 at 8:50 pm

    ကောင်းတာက ဒီလိုလုပ်လိုက်ပါ။ ထေရဝါဒ ဗုဒ္ဓဘာသာက လူတွေအတွက် ပြောတာပါ။ ကိုယ့်ဘာသာကိုယ် ယုံကြည်တာ ကိုးကွယ်ကြ။ အခုလက်ရှိ မြန်မာပြည်မှာ ရှိနေတဲ့ တရားတွေ မှန်တယ်လို့ ယုံကြည်ရင် ကျင့်ကြံကြ။ မဟာယနကလူကလဲ ထေရဝါဒနဲ့ လာမဆွေးနွေးနဲ့တော့။ ဂိုဏ်းအသီးသီးဟာ ဗုဒ္ဓရဲ့ သားသမီးတွေ အတူတူပဲဆိုပြီး ကောက်ညှင်းသံကလေးနဲ့ လုပ်မနေနဲ့။ ကိုယ့်ဘာသာကိုယ် မဟာယနလမ်းစဉ်ကို ကျင့်ကြံ။ ထေရဝါဒဘက်ကလည်း ဘာမှတောင် သတိထားမိမှာ မဟုတ်ဘူး။ ဘာလို့လည်း ဆိုတော့ လမ်းခွဲပြီးကတည်းက လမ်းကြောင်းနှစ်ခုဟာ သိပ်ဆွေးနွေးလို့ မရတော့ဘူး။ နောက်မှ ပေါ်တဲ့ မိုးပြာဆရာတော်တွေကလည်း ကိုယ့်ဘာသာကိုယ် ဇောက်ထိုးမိုးမျှော်သိုင်းကို ကျင့်ကြံကြ။ ထေရဝါဒ ရှိတဲ့ နေရာကိုလာပြီး သံင်္ဂါယနာတင်တာက ဘယ်လို အကုန်အကျများတာတွေ ဘာတွေ လာမဝေဖန်နဲ့တော့။ ဝေဖန်ရင် ပြဿနာ တတ်လိမ့်မယ်။ ကိုယ့်ဘာသာကိုယ် နေကြ ဟုတ်ပြီလား။

  • weiwei

    July 2, 2013 at 9:08 am

    ဒီဆောင်းပါး ဖတ်ရတာ အကျိုးများပါတယ် …
    ဗုဒ္ဓဘာသာလို့ အမည်ခံထားသူတွေ ဖတ်ရှုလေ့လာသင့်တဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ် ..

  • kai

    July 3, 2013 at 1:45 am

    First-ever human head transplant is now possible, says neuroscientist

    By Christopher Mims @mims July 1, 2013
    Huge implications for some disorders, at a cost

    Paraplegics with qualifying injuries (i.e., enough spinal cord left intact to allow for a head transplant) could in theory regain the full use of a (donor) body. Likewise, patients with muscular dystrophy could be given whole new lives. Aside from the enormous technical challenges a head transplant would present, another potential barrier is cost. Canavero estimates that the total cost of a head transplant would be at least €10 million euros ($13 million.)

    • Ma Ma

      July 3, 2013 at 7:24 am

      ခေါင်းပြောင်းတယ်ဆိုတဲ့စကား တကယ်ဖြစ်လာတော့မှာလားးးးး
      Head transplant လုပ်နိုင်ပြီဆိုရင် လူတစ်ကိုယ်လုံး စက်ပစ္စည်းတွေကို ဖြုတ်တပ်လို့ ရလောက်တယ်။
      အဲလိုနည်းနဲ့ မသေဆေးများဖော်နိုင်မှာလား။ 😮

    • kai

      July 3, 2013 at 7:42 am

      ပြောချင်တာက…
      ကိုးကွယ်ရာဆိုတဲ့ဘာသာကြီးတွေ.. ဖန်ဆင်းခံရပါတယ်ဆိုတဲ့.. ဘာသာသာသနာတွေရဲ့..သဘောတရားရေးရာမှာ.. မေးခွန်းတွေအများကြီးဖြစ်လာနေတယ်လို့ပါ…

      ဆိုတော့…
      ဗုဒ္ဓဘာသာရော..
      ဘယ်လိုတွေးမလည်း.. ဘာလည်း.. ဘယ်လည်း… လိုလည်း.. လို့လည်း…။

    • ဦးကြောင်ကြီး

      July 3, 2013 at 9:00 am

      ဆော့ဖ်ဝဲနဲ့ ဟက်ဒ်ဝဲ အက်ရှင်တွေကို ကျပန်း ရမ်ဒမ်မိုက်စ် လုပ်ဆောင်ချက်ကနေ ပေါင်းစပ်မှု အသစ်တွေ အလိုအလျောက် ပွားလာနိုင်ပြီး အဲဒီ ကျပန်းဖြစ်တည်မှုကို စနစ်တကျ အစီအစဉ် ပြုလုပ်နိုင်ရင် စိတ်အတု ဖန်တီးဖို့ သိပ်မဝေးတော့ ထင်တယ်…။
      ကံကို အဲဒီသဘောလို့ ရုပ်ဝါဒီများ ယုံကြည်တယ်ဆိုတော့… ငရဲအတု နတ်ပြည်အတု များမကြာမှီ လာမည်… မျှော်… 😆

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 3, 2013 at 12:23 pm

    ဒီပိုစ့်ထဲမှာ (Tree Model) သဘောရယ်
    အနုမာန ဆိုတဲ့စကားကို ကြိုက်တယ်
    အဲ့သည်ရှေးဟောင်းကျမ်းပြောရမလား ဘာပြောရမလဲ
    အဲ့သည်ကျမ်းတွေမှာ သုံးဆယ့်တစ်ဘုံဆိုတာပါသလားရယ်
    ပါခဲ့ရင် ကမ္ဘာသစ်တွေရယ် အေလီယန်တွေရယ်ကို ဆက်ဆပ်တွေးကြည့်ပြီး
    ကြေနပ်လောက်တဲ့သဘောကိုတွေ့ရင်
    အရက်ကြွေးတွေ ကြေအောင်ဆပ်ပြီး
    တောထွက်မယ်ဟေ့ တောထွက်မယ်

  • အလင်း ဆက်

    July 3, 2013 at 9:23 pm

    အေးအေးဆေးဆေး အချိန်ယူ ြုပီး.. ဖတ်ရမယ့် စာပဲ. ။
    သိမ်းလိုက်ပြီ ။

    ကြားဖူးတဲ ့ စကားကတော့…
    ပါပလူမျိုး.ကိုးဆယ့်ကိုး….ဒဲ့ ။

    😆

Leave a Reply