နေရာ

Yin Nyine NwayJuly 8, 20131min57742

ကျမ စမ်းချောင်းမှ အဆောင်တခုမှာနေတုန်းက အခန်းဖော်တယောက်နဲ့ ကြုံခဲ့ဖူးတယ် ….
သူမကတော့ အသားဖြူဖြူလေးနဲ့မို့ ချစ်စရာကောင်းနေပါတယ်…
တနေကုန် ဘယ်မှ မသွားပဲ ကျမ ကုတင်ဘေးက စားပွဲခုံပေါ်တင်ထားတဲ့ စာအုပ်တွေကိုသာ ယူယူဖတ်တတ်ပါတယ် …
ကျမတို့ အဆောင်က ည 8နာရီဆိုရင် ပိတ်တယ်ဆိုပေမဲ့ …တခါတလေ ည 8နာရီအထိပြန်မရောက်ပါဘူး …
အမြဲအေးအေးဆေးဆေးနေတတ်ပြီး အဆောင်လစာကို ပုံမှန်နောက်မကျတမ်းပေးတတ်တာကြောင့်
အဆောင်မှူးက အထူးတလည် လာရောက်စစ်ဆေးတာမရှိပါဘူး ….
သူကလည်းလည်တယ် ..
လစာပေးရမဲ့ ရက်မျိုးဆို သူဘယ်တုန်းကမှ အပြင်မထွက်ပဲ
ကျမစာအုပ်တွေက်ုသာ သဲကြီးမဲကြီးဖတ်နေတတ်တယ် …
စကားတလုံးမှမပြော….
ကျမကလည်း ဒီဇိုင်းအလုပ် လုပ်နေရင်း အထက်တန်းကျောင်းသူ သုံးလေးယောက်ကို စာပြနေတော့
အလုပ်ချိန် 10နာရီမှ ဆိုပေမဲ့ မနက်ပိုင်း 6နာရီလောက်ကတည်းက ထသွားနေရတာမို့
သူဘယ်အချိန်သွားလဲ ဘာလုပ်လဲဆိုတာ တခါမှမမေးမိသလို
သူ့နာမည်ကိုတောင် ကျမ မသိရတဲ့ ဘဝပါ ….

အတန်းပညာ ဘယ်လောက်ရှိပြီလဲ … ဘယ်ကလဲ … ဆိုတာ သိချင်ပေမဲ့ မေးဖို့ ပါးစပ်က မရဲမဝံ့
စစလာချင်းကတည်းက သူကကြိုရောက်နေသူဖြစ်ပြီး
ကျမကတော့ နေစရာ အခက်အခဲ တခုကြောင့် ထိုအဆောင်ကိုပြောင်းရတယ်ဆိုပေမဲ့
နေချင်လို့တော့မဟုတ် ….
ရောက်လာတော့လည်း အခန်းဖော်က ဖော်ဖော်ရွှေရွှေမရှိတော့ နေရာတာပင် စိတ်မပါ
ညအိပ်စရာနေရာ တခုအဖြစ် သတ်မှတ်ထားသောကြောင့်သာ ထိုနေရာမှာ နေရာခြင်းဖြစ်တာကြောင့် သူဘာတွေလုပ်လုပ် ကျမ စိတ်မဝင်စားပါ …
ခွင့်ပြုချက်တောင် မတောင်းဘဲ ကျမစာအုပ်တွေကို ယူယူဖတ်နေတာတော့ သဘောမကျပေမဲ့
ပညာဒါနလို့သာသတ်မှတ်ထားလိုက်တယ်….
တနေ့ ကျမ အလုပ်လုပ်နေသော အလုပ်ကို အပျော်အပါး အမြဲလိုက်စားတဲ့ ကာစတမ်မာ တယောက် ရောက်လာခဲ့တယ်…
ဒီဇိုင်းတခု အပ်ဖို့လာရင်း ဆရာနဲ့ စကားပြောဖို့ လက်ဘက်ရည်ဆိုင်သွားကြတယ်
သူထသွားတော့ သူ့ဆီမှာ ကပ်တလောက် လိုစာအုပ်မျိုးလေး ကျန်ခဲ့တယ်
သူပြန်လာယူမယ်ထင်တာ က တကြောင်း … ကိုယ့်ရှေ့မှာမပြောချင်လို့ လက်ဘက်ရည်ဆိုင် သွားတာကို အလိုက်ကန်းဆိုးမသိ လိုက်ပေးရင် မဖြစ်တာကတကြောင်းကြောင့် ထိုကပ်တလောက်ကို ဒီအတိုင်းလေး ထားဖြစ်ခဲ့တယ်
တအောင့်နေတော့ ဆရာပြန်လာပြီး ကပ်တလောက်ကို ယုူကြည့်ပြီးပြောပြတယ်
ကြိုက်ရာရွေးပါတဲ့
အစတော့ ဘာမှန်းမသိဘူး
ကောင်မလေးပုံတွေ အများကြီး
လှလှပပ ဝတ်စားပြီး အလှ ဓါတ်ပုံတွေ တချို့ကလဲ ပေါ်လို့
တချို့ကလည်း ယဉ်ယဉ်ကလေး ….
အတူတူအလုပ်လုပ်တဲ့ ကောင်လေးက အဲဒါ အဟွာတွေလေ တဲ့
ကျမ မျက်လုံးပြူးသွားတယ်
အဲ ကပ်တလောက်မှာ ကျမ အခန်းဖော်ကြီးပါနေလို့ …..
မျက်လုံးပြူးတာထက် စိတ်မကောင်းတာပါ …
မှတ်မိနေတာက အမြဲကျမရှေ့က တန်းမှာ ချိတ်ထားတဲ့ အကျင်္နဲ့ …. သူတပ်နေကျ ရင်ထိုးကလေး
အဲရင်ထိုးကို ကျမ မမေ့
ကျမ 8တန်းမှာ ဂုဏ်ထူးပါလို့ အနော့် ပေါ့ပေါ့ လက်ဆောင်ပေးတဲ့ ရင်ထိုးနဲ့ တပုံစံထည်း
10တန်းနှစ် အဆောင်ကနေ ခရီးထွက်ကြရင်း
ပုဂံကနေအပြန် လမ်းမှာ ကျကျန်ခဲ့တာ
အခုထိအမှတ်ရနေဆဲ ….
ဟုတ်ချင်မှလည်း ဟုတ်မှာပါလေလို့ ဆုတောင်းရင်း.. အဲကိစ္စကိုမေ့ထားလိုက်တယ် …

တနေ့မှာတော့ ကျမ ရုံးကနေအပြန် ကလေးတွေ စာမေးပွဲပြီးလို့ စာသင်စရာမရှိတော့ကြောင့်
အဆောင်ကို စောစောရောက်ခဲ့တယ် …
အဆောင်ရောက်တော့ သူမက အဆောက်အောက်က ပလပ်ဖောင်းပေါ်မှာ ဘာစောင့်နေလဲ မသိ …
ညနေစာ ကျမအောက်ဆင်းစားတော့ သူမက မသွားသေး ….
ကျမသူငယ်ချင်းရောက်လာတော့ သူမနဲ့ ဆုံတယ် ……
ကျမ က နင်နဲ့ သိလားမေးတော့ …. ကျမသူငယ်ချင်းက စပ်ဖြီးဖြီး ….
ကျမ မနေနိုင်ဘူး…. ထမင်းဆိုင်ရောက်တော့ … ကျမပ အဲကောင်မလေးက ငါ့ကုတင်နဘေးက အဆောင်ဖော်လေ ပြောတော့
ကျမသူငယ်ချင်းက ဘာလို့ အဲအဆောင်မှာ နေရတာလဲ ဆိုတဲ့အကြောင်းနဲ့
အဲကောင်မလေးက ထိုလုပ်ငန်းကို လုပ်နေတယ်ဆိုတဲ့အကြောင်းပြောပြတယ် …
အမှန်တကယ်ကတော့ ကျမအဆောင်က 85လွာကနေ 8လွာအထိရှိပြီး
7လွာ 8လွာက သူတွေကတော့ အဲအလုပ်လုပ်စားနေတာဆိုတာ ကျမသိပြီးသားပါ …
ကျမနေတဲ့ အလွာမှာ သူတယောက်ပဲရှိမယ်လို့ ကျမထင်တယ်
ကျန်တာတော့ကျမ မသိပေမဲ့
လောလောဆယ် ကိုယ်တွေ့ မြင်နေတာ သူတယောက်ထဲလေ…
ဒါလည်း သူ့ဘဝနဲ့ သူမလို့နေမှာပါ …

တနေ့ ကျမ ဘေးအခန်းက ကျမကျောင်းက စီနီယာအမ တယောက်ပြောင်းလာပါတယ်
သူက ကိုယ်နဲ့ ရင်းနှီးနေတဲ့အတွက် ကျမ ဘာတွေတတ်လဲဆိုတာ သူမသိပြီးသား ….
ကျမ ကျောင်းကတည်းက ဆံပင်တွေ အမျိုးမျိုး ကျစ်တတ်တာကို သူမသိတယ် ..
ဒါ့ကြောင့် တနေ့သော ရုံးပိတ်ရက်မှာ သူမ အပြင်သွားဖို့ ဆံပင်ကျစ်ခိုင်းရင်း တဆောင်လုံးကပါ ဝိုင်းကျစ်ခိုင်းကြပါတော့တယ် …

တဆောင်လူံးမှာ ကျမ အခန်းဖော်လည်း အပါအဝင်ပေါ့
အဲနေ့မှာပဲ သူနဲ့ ကျမ ပထမဆုံး စကားစပြောဖြစ်ခဲ့တယ် …

ဆံပင်လေးတွေက ဆံလုံးသေးပြီး ချောချောမွေ့မွေ့ရှိမှန်းကို ကျမလက်ရဲ့အထိအတွေ့ သိနေရတယ် …
ဆံပင်ကျစ်ရင်း ကျမ အကြောင်းကို သူမ မေးတော့ ကျမ ဘာဖြေရမယ်မသိ။
“ဘာအလုပ်လုပ်တာလဲဟင် မနက်ဆို အစောကြီးထထသွားတယ်နော် ….” ဒီလိုကောင်မလေးကို ကျမ ဘဝအမှန်ကို ပြောဖို့သင့်သလား …. ပြီးမှ ကျမ အားနာသွားတယ် …. မဟုတ်ဘူးလို့ စိတ်က မှတ်ယူလို့မရ …
“ကျမလား … ကျမ ကျောင်းတတ်နေတာပါ ” ကျမလိမ်ပြီးဖြေမိလိုက်တယ် … သူမ ထပ်မမေးတော့ … တခန်းလုံး အသံဆိတ်သွားသည် …
သူမဟာ ကမ်စတန်မာ ကို လိုက်လျောညီထွေပေါင်းတတ်သလို အလိုက်သိသော ကောင်မလေးဖြစ်နိုင်ပါတယ် ..

မင်းကော် …. လို့ မေးလိုက်ချင်သော်လည်း မမေးဖြစ်ခဲ့ ….

ဆံပင်ကျစ်ပေးတာကို ခံရင်း သူမ ကျမ ကြားရုံသာ သီချင်းကို ခပ်တိုးတိုးလေး ညည်းနေတယ် ….
သီချင်း ညည်းနေရင်း ချစ်သူမရှိဘူးလား …. တဲ့။
ရှိပါတယ် …. လို့ ကျမပြန်ဖြေလိုက်မိတယ် ။

မင်းမှာကောလို့ မေးတော့ သူမကတော့ ရှိခဲ့ပါတယ်တဲ့။ သူမမှာလည်း ချစ်သူရှိခဲ့တယ်ပေါ့ ။
ရှိခဲ့တယ်ဆိုတော့ ခုပြတ်သွားပြီပေါ့ ဘာလို့ ပြတ်သွားတာလဲလို့ မေးချင်ပေမဲ့ သူ့မျက်နှာမှာ ဒေါသကိုမြင်တော့ သူမထပ်မမေးဖြစ်တော့ဘူး ….

ကျမစာအုပ်တွေ ယူယူဖတ်နေလို့ ဘာစာအုပ်တွေ ယူဖတ်ဖြစ်လဲမေးတော့…..Minna no Nihongo ဂျပန်စာအုပ်တချို့နဲ့
chicken soup for the soul အပိုင်းတွေ … ကျမ မင်းလူကြိုက်တော့ မင်းလူထွက်သမျှ ဝယ်တတ် ပေမဲ့ သူက မင်းလူ စာအုပ်မကြိုက်လို့
မဖတ်ဘူးတဲ့ ခင်ခင်ထူး ကိုတော့ သူ့ရွာအကြောင်းတော်တေ်ာများများပါလို့ ဖတ်တယ်ပြောတော့ …
မင်းဘယ်နှစ်တန်းရောက်ပြီလဲ မေးမိလိုက်တယ် …. သူမက နောက်ဆုံးနှစ်ရောက်ပြီတဲ့။
အိုးဟိုး … အဲဒီလိုကောင်မလေးက တက္ကသိုလ်ကို နောက်ဆုံးနှစ်ထိရောက်နေပါလား။

ဒီနှစ်က ပိုက်ဆံမရှိလို့ မတက်ဖြစ်တော့ဘူးပြောရင်း သူ့အကြောင်းကို အေးအေးဆေးအေးပင် ပြောပြနေတော့တယ် …
” အဖေဆုံးပြီးကတည်းက အမေကို ရွာမှာထားခဲ့ပြီး … ပညာရေးအရ ရန်ကုန်ကို လာခဲ့မိတဲ့အကြောင်း …
အစကတော့ အဒေါ်တယောက်နဲ့နေကြောင်း …
အရင်တုန်းက မြို့ထဲက စတိုးဆိုင်မှာ လုပ်တာပဲ။ လခက သုံး လေးသောင်းလောက်ပဲရကြောင်း
အဒေါ်အိမ်မှာ နေတာဆိုတော့ အလကားနေရင်မကောင်းတာကြောင့် လခထဲက ပေးရကြောင်း ….
တနေကုန် မတ်တပ်ရပ်ပြီး လုပ်တာတောင် တလုံးနေမှ လေးသောင်းရသာရကြောင်း ….
ပိတ်ရက်ကမရှိ ပျက်ရင်လည်း ဖြတ်တာကြောင့် … အဲအလုပ်မှာ စိတ်မပါတော့ကြောင်း..
အလုပ်မှ သန့်ရှင်းရေး အဒေါ်ကြီးတယောက်က အလုပ်တခု ရှာပေးကြောင်း …
အဲ..အလုပ်မှာ သက်သာကြောင်း ..
အချိန်ပိုင်းလေးသာ လုပ်ရသောကြောင့် အချိန်ပိုများ ထွက်လာတာကြောင့် အပြင်သင်တန်းများတတ်လာနိုင်ကြောင်း…
အပိုအလျံလေးရတော့ ရွာကိုလည်း ပြန်ထည့်ပေးနိုင်ကြောင်း …..
နောက်ပိုင်း အဒေါ်က တခြားမြို့ပြောင်းသွားတာကြောင့် ဒီအဆောင်မှာ လာနေဖြစ်ကြောင်း ပြောပြနေတော့တယ် …

အဲ့ဒါနဲ့ ခုလုပ်နေတဲ့ အလုပ်လုပ်လုပ်ဖြစ်တာပဲလားလို့ ကျမ ခနဲ့ သံနဲ့ မေးမိပြီးမှ အားနာသွားမိတယ် ….
အဒေါ်က မရိပ်မိဘူးလား”လို့ မေးမိတော့
ညီမဒီအလုပ်လုပ်နေမှန်း အဒေါ်သိပါတယ်….. တဲ့။
ကျမ ဆံပင်ကိုင်ထားသော လက်တောင် သတိမထားမိအောင် ကျမဘာကိုတွေးနေလဲ ကိုယ်ပြန်စဉ်းစားမိတာ ခန ခန။

ခုအလုပ်ကတစ်လကို နှစ်သိန်းလောက်ရတယ်။အဝတ်အစားဖိုးပြန်နှုတ်ရင် တစ်သိန်းကျော်လောက်တော့ ကျန်မှာပေါ့။ အင်း .. သုံးလလောက်လုပ်ပြီးရင် အလုပ်ထွက်တော့မယ် …. သူမအပြောကို ကျမ မကြားတကြား … ထွက်ကော ထွက်ဖြစ်မှာလား …. သူပြောတဲ့ 3လ မြန်မြန်ရောက်ပါစေပဲ ဆုတောင်းနေမိတယ် …အင်း .. ဒီအလုပ်ကထွက်ပြီး ဘာဆက်လုပ်မှာလဲလို့ ကျမမေးတော့ သူမက ကျောင်းပြန်တက်မှာပေါ့တဲ့။
ကျောင်းပြီးတော့ကော….. ကျောင်းဆရာမ အတတ်သင်ထပ်တက်မယ်တဲ့….
ဒါက တက္ကသိုလ်ဝင်တန်းဖြေတဲ့ အမှတ်နဲ့ ခေါ်တာမဟုတ်လားလို့ ကျမမေးတော့ သူမက မဟုတ်ဘူး။ ဘွဲ့ရတွေလည်း တက်လို့ရတဲ့ဟာ ရှိတယ်လို့ဖြေတယ်…တတ်တတ်ကြွကြွ ဖြေနေပုံက တကယ်လုပ်တော့မဲ့အတိုင်း
ပြီးတော့ သူမ ခပ်တွေတွေဖြစ်သွားပြန်တော့ ကျမ စိတ်မကောင်းဖြစ်သွားတယ် ….

ကျမကတော့ ကျောင်းပြီးရင် ဘာလုပ်ရမှန်းကို မသိဘူးဟု ပြောမိတော့ လူဆိုတာ ရည်မှန်းချက်ရှိရတယ် တဲ့။
မှန်တယ် … ကျမမှာ ရည်မှန်းချက် ပျောက်နေတယ် …
သူများအတွက်ကိုသာ ကျမ ဝင်စဉ်းစားနေပြီး
ကျမအတွက်ကျတော့ကော
ကျမသာ သူမနေရာမှာဆိုရင်ကော ဒီလိုလုပ်ဖြစ်မှာလား ….

တခါတခါ သုံးစရာမရှိတော့တဲ့ ကျမ ပိုက်ဆံအိပ်က ကျမ အဆောင်ရှေ့မှာတောင်းစားနေတဲ့ သူတောင်းစားခွက်လောက်တောင် တန်ဖိုးမရှိ
သို့သော်လည်း… ကျမ တခါမှ အဲလို လုပ်စားမယ်လို့မတွေးမိ
စိတ်လည်းမကူး.. ကျမ အဆင်မပြေလည်း ပြေအောင်နေသလို
သူမကိုလည်း ကြိုးစားပြီးနေစေချင်ခဲ့တာအမှန် …

ဟိုတလောက ကျမ အမျိုးသားနဲ့ ကျမ ရန်ကင်းစင်တာသွားတော့
ရန်ကင်းစင်တာနားမှာ ကျောင်းစိမ်း/ဖြူနဲ့ သူမကို ထပ်တွေ့တယ်
ရန်ကင်းက ဆရာဖြစ်သင်တန်းကျောင်းမှာ သူတတ်နေတာ နောက်2လဆို ပိုစတင်ကျပြီတဲ့

သူမကတော့ သူမဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ဖြစ်အောင်လုပ်သွားပေမဲ့
ကျမမှာတော့
ဖြစ်ချင်တဲ့ Programmer လား … developer လား … designer လားမသိဘဲ ….
ဖြစ်ရာဘဝမှာ ပျော်အောင်နေ နေနေရဲ့ ….
ကျမ သူမထက် ကံကောင်းနေပေမဲ့
ရည်မှန်းချက်ပန်းတိုင်မှာတော့ သူမကို မမှီနိုင်ပါ …..

တွေ့လိုက်တဲ့ ခဏတာမှာ ကျမကို ကျမ ရှက်မိတာတော့အမှန်ပင် ….

သူ့အတွက်ဆုတောင်းပေးတဲ့ 3လကို ကျမ လိုချင်လိုက်တာ….

နွေးသီး
8-7-2013
မအားမလပ်ကြားမှ ခိုးကြောင်ခိုးဝှက်ရေးရချိန် …..

42 comments

  • Myo Thant

    July 8, 2013 at 1:30 pm

    ကောင်းတယ်ဗျာ
    ကြိုက်၏

    • Yin Nyine Nway

      July 8, 2013 at 1:56 pm

      ကျေးဇူးတင်ပါတယ် ချင့် ….
      မျိုးစောင့်ဥပဒေ ကိုဖတ်မိရင်း ….
      ပြည်တန်ဆာဥပဒေကို ဖတ်ရင်း… တခါက ကြုံဖူးတဲ့တကယ့် အဖြစ်အပျက်လေးပါ …

  • အလင်း ဆက်

    July 8, 2013 at 1:42 pm

    စာကို အဆုံးသတ် သွားပုံလေး တော်တော် ကြိုက်မိတယ် ။
    =========
    ပြီးတော့
    အဲဒီ ဟိုဟာ လုပ်စားရတဲ့ မိန်းကလေးးတွေကို ကျွန်တော်
    အထင်မသေးဘူးဗျ

    တခြား အရင်းအနှီးမရှိလို ့
    ကိုယ့်ခန္ဓာကို ရင်းနှီးစားသောက် ရတဲ့ သူတို့ဘဝ ကို
    သနားမိတယ်

    =======
    အဲဒီ လို လုပ်ကိုင် စားသောက်နေရတဲ့ ဘဝ နဲ့
    မိမ်းကလေးတွေ ထဲမှာလည်းးး
    လျှော့တွက်လို့မရ တဲ့
    မိန်းမတော်လေးတွေ ရှိပါလားးးလို ့
    တွေးမိသွားပါတယ်

    တဆက်တည်း ဒိုင်ယာနာ ကြီးရဲ့
    အဲဒီ လို မိန်းကလေးတွေကို
    ကြင်ကြင်နာနာ ဆက်ဆံ ခဲ့တာလေးကိုလည်း
    ပြန်တွေးမိသွားတယ်

    လိုရင်းတိုရှင်းပြော ရ ရင်တော့
    ဒီ ပိုစ့်ကို ဖတ် သွား တယ်

    😆

    • Yin Nyine Nway

      July 8, 2013 at 1:59 pm

      အရင်တုန်းကတော့ ရွံတာပေါ့ အလင်းဆက်ရယ် …
      နောက်တော့ သူတို့လည်း သူတို့ ဘဝနဲ့ သူတို့ဆိုတာ သိတော့
      သနားလာတယ် ….
      ဒါ့ပေသိ … အတင်းကြီး လုပ်နေကြတဲ့သူ
      အချောင်ရရင် ပြီးရော လုပ်စားနေတဲ့ သူကိုတော့ အမြင်ကပ်နေတုန်းပဲ

  • သများလည်း ဂုထိ အိယောင်ဝါးပဲ …
    ရိုးရိုးပဲ ချရင်ကောင်းမား၊ ရှယ်ချရင် ကောင်းမား။
    တိုက်ဂါးလား၊ မြန်မာလား ….။
    ဒဂယ်ကို အိယောင်ဝါး ဖစ်နေဒုန်းဘာဘဲ … :mrgreen:

    နောက်တာပါ …
    ရည်မှန်းချက် ဆိုတာ ချိန်ပြီးပစ်တဲ့ မြှားလိုမျိုး ဖြစ်သင့်ပါတယ်။
    အဲ .. ပစ်မှတ် တစ်ခုတည်းကိုပေါ့ …။
    အားပေးသွားပါတယ်ဗျာ ..။ ရေးထားတာလေး မိုက်တယ်။

    • Yin Nyine Nway

      July 8, 2013 at 2:01 pm

      အားပေသွားလို့ ကျေးကျေးပါ …
      ချိန်တော့ ချိန်နေတာပဲ … ….. ချိန်တာများသွားတာလား …. မသိတော့တာတော့အမှန်ပဲ

  • ရဲစည်

    July 8, 2013 at 2:40 pm

    တကယ့်အဖြစ်အပျက် ဆိုတဲ့ အတွက်ကြောင့်
    ဒီအမျိုးသမီးကို အတော်ကို ချီးကျူးရမှာဘဲ ….
    သူကလေးတွေကို စာသင်ရင် သူများထက် ခံစားချက် ပိုပြင်း ပိုကောင်းမယ်လို့ ထင်တယ် ….. ။
    ကျနော်နဲ့ ခင်တဲ့ အမျိုးသမီး မိတ်ဆွေတယောက်ရှိတယ်။ တခါသား ပို့စ်တခုထဲမှာတောင် တပိုင်းတစ ထည့်ရေးဖူးတယ်
    မိသားစု အတွက် အလွန်နိမ့်ပါးစွာနဲ့ ပေးဆပ်လိုက်ရပီးနောက် အဲ့ဘဝမှာ ရပ်နေ မျောမနေဘဲ တဆစ်ချိုးကို ရအောင် ချိုးကွေ့ပြောင်းလဲခဲ့တဲ့သူ …. အခုတော့ ကိုယ်ပိုင်မိသားစုနဲ့ တည်ငြိမ်စွာ ရပ်တည်နေနိူင်သူ ဖြစ်နေပီ …
    ပတ်ဝင်းကျင်က ပထမတော့ နှာခေါင်းရှုံ့ကျပေမဲ့ ( သိသွားလို့ ) ကြံ့ကြံ့ခံပီး ဘဝကို ရုန်းထွက်ခဲ့တာ ဒီနေ့ထိ လေးစားတုန်း

    နောက်တယောက်က 2MB တက်လက်စ ရည်းစား၊ အပေါင်းအသင်းနဲ့ ကိုယ်တိုင်ယိမ်းယိုင်ခဲ့တာမို့ အဲ့ဘဝမှာ မျောသွားတယ်။

    ဆိုတော့ ဒီအမျိုးသမီး ၂ယောက် ကျင်လည်ခဲ့တဲ့ ဘဝဖြတ်သန်းမှု တူခဲ့ပေမဲ့ စိတ်ဓာတ်၊ ရည်မှန်းချက်နဲ့ ဇွဲမတူတာကြောင့် လားရာမတူတော့ဘူးဗျ …

    ဒီပို့စ်ကို ဖတ်ပီး ပြောချင်တာ တခုက အဲ့ ဆရာမလေးကို မနွေးတီး ပြန်မတွေ့ဘူးဆိုရင် … သူ့ကို ထင်နေတဲ့ အထင် ?????
    နောက်ပီး အဲ့တုန်းက သူ့မျက်လုံးတွေကို သေချာကြည့်ဖြစ်ခဲ့မယ်ဆိုရင် ?????

    ကျနော် အခုနောက်ပိုင်း ဘယ်သူတွေနဲ့ စကားပြောပြော သူရို့မျက်လုံးတွေကနေ ကိုယ့်အတွက် သင်ယူနေမိတော့တယ်။

    Thanks for your Post ….

    • အာကိုဂျီး ရဲစိ

      ညက်စိ မမျင်ဒဲ့ လူဒွေနဲ့ တွေ့ရင်ဂေါ
      ဘယ်နေရာဂ သင်ယူမှာဒုံးဟင်င်
      ချိတ်ဝင်စားနွန်းနို့ မေးကျိဒါဘာ …

      • ရဲစည်

        July 8, 2013 at 3:15 pm

        နင့်နဲ့ငါ ၂ယောက်ချင်းတွေ့မှ ပြောပြမယ် …
        မျက်မမြင်တွေဆို ဘယ်နားကြည့်ရလဲလို့ … ဟွင်း ဟွင်း

        ဇဂါးမစပ် ၄ထောင့်စပ်မရေ … နာ့တသက် မျက်မမြင် လူလိမ်လူကောက် မမြင်ဖူးဘူး ဘာဖြစ်လို့လဲတော့ မသိ …

    • Yin Nyine Nway

      July 8, 2013 at 2:56 pm

      ဟုတ်တယ် …
      ကိုရင်ရဲစည် ပြောသလိုပဲ
      သူနဲ့သာ ပြန်တွေ့ဖြစ်ရင် ……
      တကယ်ရော တတ်ဖြစ်မှာလား ဆိုတဲ့အတွေး ကမှန်သွားမှာ …..
      နောက်ပြီး သူ့ကို သာ ပြန်မတွေ့ဖြစ်ရင်
      ဖြစ်နေတဲ့ ဘဝကို ပြန်သုံးသပ်မိမှာ မဟုတ်ဘူး….
      သူက အတွေးတွေ အများကြီးပေးလိုက်တယ် …..
      အားတတ်စရာကော စိတ်ဓါတ်ကျစရာကောပေါ့ ……

  • Ma Ma

    July 8, 2013 at 3:19 pm

    ကိုယ့်ဘဝတက်လမ်းကို ကိုယ့်ဘဝနဲ့ရင်းပြီး အောင်မြင်အောင် လုပ်သွားတာ ချီးကျူးစရာပဲ။
    ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းကို ကျော်ဖြတ်ပြီး ကိုယ်လိုချင်ရာ ဘဝပန်းတိုင်ကို အရောက်လှမ်းတဲ့ မိန်းကလေးကို ချီးကျူးမိပါတယ်။ 🙂

    ကောင်းတဲ့အတွေးနဲ့ မြင်တတ်တွေးတတ်တဲ့ ယဉ်ငြိမ်းကိုလည်း ချီးကျူးတယ်။ 🙂

    • Yin Nyine Nway

      July 8, 2013 at 3:29 pm

      ကျေးဇူးပါ အန်တီမမ …
      တခါတလေ… သူတို့ ဘဝတွေက သနားစရာ…
      တခါတလေ…. အမြင်ကပ်စရာကောင်းတယ် ….
      တခါကတော့ အဲလို မိန်းကလေး တယောက်နဲ့ ကြုံလို့
      သူကတော့ ဒီမိန်းကလေးလို မဟုတ်ဘူး
      လှလှလေး ဝတ်ချင်တယ် ကြမ်းကြမ်း မလုပ်ချင်လို့
      သူ့ကို ဆုံးမတော့ သူ ဘာပြန်ပြောလဲဆိုတော့
      မလုပ်နဲ့လို့ အမ ပြောနေတာ အမက ကျမကို တင်ကျွေးထားနိုင်လို့လားတဲ့
      အဲလိုကောင်မလေးမျိုးလဲ ရှိသေးတာပဲ

  • ခင် ခ

    July 8, 2013 at 3:37 pm

    လူတွေဟာ ဘဝ ခရီးကို လျှောက်ကြတဲ့အခါ လွယ်သည်လည်းရှိသလို ခတ်သည်လည်းရှိ တတ်ကြပါတယ်။
    ဘဝမှာ အလုပ်တွေ အဆင်မပြေတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့အခါ ဘာလို့အဲလိုလုပ်မိ သွားတာလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးရလောက် အောင်ဖြစ်ခဲ့တဲ့ အခြေအနေတွေ ရှိခဲ့ကြပါတယ်။
    အဲဒီလို လုပ်ဖြစ်သွားကြတဲ့သူတွေဟာ မှားနေလားလို့ပြောရရင် မှားတယ်လို့မဆိုနိုင်ပေမယ့် အဲဒီလိုတော့ မဖြစ်စေချင်ဘူးလေ ဒါပေမယ့် တစ်ချို့ကျတော့လည်း အဲဒီလို လုပ်ဖြစ်သွားပြီးနောက်ပိုင်းမှာ အရလွယ်တော့ အလွယ်ကြိုက်ကာ ဆက်လုပ်နေကြတာပါဘဲ။ ဒါပေမယ့် စာရေးသူညွှန်းတဲ့သူကတော့ ချီးကျုးစရာပါ သူဘဝအတွက် သူရည်ရွယ်ရာလမ်းကို ပြန်ရွှေးသွားနိုင်စွမ်းရှိ ခဲ့လိုပါဘဲဗျာ။

    • Yin Nyine Nway

      July 8, 2013 at 3:45 pm

      သူပြောသလိုပေါ့ လေးခရယ် …
      တလကို 2သိန်းလောက်ရတယ်
      အဝတ်စားဖိုးနှုတ်လိုက်ရင် 1သိန်းလောက်ကျန်တယ်ဆိုတာ …
      အနော်တောင် senior developer 1သိန်းကျော်ကျော်ပဲရတာလေ
      သူရွေးခဲ့တာ မှန်တယ် … သူ့ဘဝ မှန်ဖို့ပေါ့
      တချိုှုတောင် တခြားနိုင်ငံမှာ အိမ်ဖော်လုပ်ပြီးနေတဲ့သူတပုံကြီးမှာ
      သူလည်း သူအဆင်ပြေရာ လုပ်တာနေမှာပါ ..
      ဒါ့ပေတိ … သူ့ဘဝကို သူပြန်လျောက်တာတော့ အနော့်အတွက်
      လေးစားစရာကော ..ကြိုးစားစရာကော ဖြစ်လာတယ် …..

  • surmi

    July 8, 2013 at 4:15 pm

    ဟုတ်​ကဲ့ဗျာ
    ​​လေး​လေးစားစားဖတ်​ရင်​း ​တွေးစရာ​တွေ​ရေးစရာ​တွေ
    အများကြီးရသွားပါတယ်​ ။
    ဘဝထဲကဘဝ​တွေအ​ကြောင်​း ဆက်​ပြီး​စောင်​့​မျှော်​​နေပါ့မယ်​

    • Yin Nyine Nway

      July 8, 2013 at 4:59 pm

      လောလောဆယ် မဲ့မဲ့အကြောင်းရေးရင်း
      အိမ်ပြန်လမ်းပေါ်က အကြောင်းလေးကို အတွေးကိုယ်စီနဲ့ရေးလိုက်နေတယ် …
      ကော်နတ်ရှင်ကောင်းဖူး 🙂

  • Mr. MarGa

    July 8, 2013 at 7:32 pm

    ဘာပဲဖြစ်ဖြစ်
    သူ့ရဲ့ စိတ်ဓာတ်ကို လေးစားမိပါတယ်
    ကိုယ်တွေမတော့ အခုထိ ရည်မှန်းချက်က ဝါးတားတား ဖြစ်နေတုန်းပဲကိုး

  • မောင် ပေ

    July 8, 2013 at 8:08 pm

    ဘဝ ဇါတ်ခုံမှာ ၊ သရုပ်တက်ဆောင်ရပြီ ဆိုရင်ဖြင့်
    ကျရာဇါတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်မှသာလျှင်
    လူတော်လူကောင်း ဖြစ်လတ္တံ ့ပါ မမနွေးရေ

  • uncle gyi

    July 8, 2013 at 11:21 pm

    ဆားဒယ်ကိုသတိရသဗျာ
    ချာလည်ချာလည်းနဲ့လိုရာသွားရတာ
    မလွယ်လိုက်တဲ့ဖြစ်ချင်း
    ဘောက်တူးနဲ့သွားသူတွေကတော့
    လိုရာကိုအလွယ်တကူရောက်သွားတာ
    ဘယ်လိုပဲချာလည်ချာလည်
    ရောက်အေင်သွားမယ်ဆိုတဲ့စိတ်ရှိရင်
    ရောက်သွားတာတော့အမှန်ပဲဗျို့

    • Yin Nyine Nway

      July 9, 2013 at 9:38 am

      ဟုတ်တယ် အန်ကယ် …..
      ဘွမှာ ရည်မှန်းချက် တခုကိုတော့ ရောက်အောင်သွားရမှာ
      ရည်မှန်းချက်ထက်
      လမ်းစပျောက်ရင်ဖြစ်ဖြစ် လမ်းရောရင် ဖြစ်ဖြစ်
      လိုရာခရီးမရောက်တော့ဘူး

  • KZ

    July 9, 2013 at 8:31 am

    လူ တစ်ယောက်ချင်းစီမှာ ကိုယ့် ကိုယ်ပိုင် အခြေအနေပေါ်မူတည်ပြီး ရွေးချယ်ရတဲ့လမ်း၊ လျှောက်ရတဲ့ လမ်းတွေ ကွာတာပဲနော်။

    ကိုယ့် လျှောက်ခဲ့တဲ့ လမ်း၊
    လျှောက်နေတဲ့ လမ်း။
    လျှောက်ရမဲ့ လမ်းက ကိုယ်နဲ့ အဆင်ပြေမယ်။ အတတ်နိုင်ဆုံး သူများကို မထိခိုက်ဘူးဆိုရင် အကောင်းဆုံးပေါ့။

    နောက်ဆုံးရုပ်ပိုင်းဆိုင်ရာ ဘာကိုမှ အရေးတယူမစဉ်းစားချင်တော့ပဲ စိတ်ဓာတ်လေးတွေကိုပဲ ကြည့်ချင်တော့တယ်။
    စိတ်ဓာတ်ကောင်းရင် ဘယ်လို လူမျိုးဖြစ်ဖြစ် ပြောဆိုဆက်ဆံရတာ အဆင်ပြေပါရဲ့။

    နွေးရဲ့ အမြင်နဲ့ အရေးလေးက ကောင်းလိုက်တာ။ 🙂

    • Yin Nyine Nway

      July 9, 2013 at 10:04 am

      ကျေးဇူးတင်ပါတယ် မခိုင်ဇာ ….

      ထောင်မြင်ရာစွန့်ဆိုပေမဲ့ … တချို့ကတော့ ရာနဲ့ပဲ ကျေနပ်သွားကြတယ် ….
      အဲလိုမဖြစ်အောင် နေရမယ်ထင်တယ်

  • ဦးကြောင်ကြီး

    July 9, 2013 at 10:41 am

    အသိညဏ် ရှိတဲ့သူတယောက် လို့ဆိုရမှာပေါ့ဗျာ…။ စိုးရိမ်မိတာ အဲလို အလွယ်လမ်းလိုက်တာ အဟုတ်ထင် သွားမှာကိုပဲ… ဂျပန်မှာဆို အလယ်တန်းကျောင်းသူဘဝနဲ့ အဲလို အချိန်ပိုင်း ဝင်ငွေရှာတတ်နေကြပီ…။ ဖိထားပြန်တော့လည်း နစ်နာ၊ ဖွင့်လွန်းပြန်တော့လည်း လွတ်ထွက်… လုကံ ဝကံ……

    • Yin Nyine Nway

      July 9, 2013 at 11:20 am

      သမီးမွေးရင် ဂျပန်မှာ ကျောင်းမထားဘူး….. တော်ကြာ အချိန်ပိုင်း ဝင်ငွေရှာရင် တေဘီဆြာ …

  • Moe Z

    July 9, 2013 at 10:53 am

    စဉ်းစားနေတာ အဲ့ဒီဆရာမလေးအတွက်..
    တစ်ချိန်ချိန် သူနဲ့ပတ်သတ်ခဲ့ဖူးတဲ့သူတစ်ယောက်ယောက်ကို
    ကျောင်းသားမိဘအဖြစ်နဲ့ ပြန်တွေ့ရင် ဘယ်လိုနေမယ်မသိ
    အာ..တော်ပြီ မတွေးတော့ဘူး 🙂

    • Yin Nyine Nway

      July 9, 2013 at 11:16 am

      အဲဒါပဲ ကိုမိုးဇက်
      အနော် တွေးနေတာ အဲတာ
      ကိုယ့်ကလေး တယောက်ကို ဒီလို ဆရာမမှာ အပ်မလားဆိုတာလေး…
      ဒါ့ပေတိ .. ဘယ်သူမှတော့ ကိုယ့်အထုပ် ဖွင့်ချမှာတော့ မဟုတ်လောက်ဘူး….

  • kyeemite

    July 9, 2013 at 11:50 am

    တကယ့်အဖြစ်အပျက် ဆိုတဲ့ အတွက်ကြောင့်
    ဒီအမျိုးသမီးကို အတော်ကို ချီးကျူးရမှာဘဲ ….ရည်ရွယ်ချက်ကို
    မရောက်ရောက်အောင်သွားခဲ့လို့….
    ဆရာမ လစာကဘယ်လောက်များရလို့လဲ..နော..
    အဲဒီလောကကိုပြန်မသွားဘူးဆိုရင်တော့ ဖြင့်ချီးကျူးစရာပါ..
    တစ်ခုတွေးမိသေးတာက ဆရာမလုပ်နေရင်း…ဟိုလောကတုန်းကဆက်ဆံခဲ့ဖူးသူတွေနဲ့
    ဆုံခဲ့ရင်ကော…ဘယ်လိုရင်ဆိုင်ပါ့မလဲ..သိချင်သား.. 🙄

    • Yin Nyine Nway

      July 9, 2013 at 1:34 pm

      လေးလေးမိုက်ရေ …..
      အခု ကျောင်းဆရာမတွေ လစာကောင်းနေတယ်
      ရိုးရိုးလစာအပြင်ကို ထောက်ပံ့တွေက ရှိသေးတယ်
      ရွာမှာကျလို့ကတော့ ထမင်းအတွက် မပူရ
      နေဖို့မပူရတဲ့အပြင် ပြန်ရင်တောင် တရွာလုံးလက်ဆောင်ထည့်ပေးလိုက်သေးတယ် …..

  • Crystalline

    July 9, 2013 at 2:39 pm

    ရင်ငြိမ်းကတကယ့်ကိုအရေးကောင်းတာပဲ.. အဆောင်နေအတွေ့အကြုံလေးတွေထပ်ဖတ်ချင်ပါသေးတယ်.. ဆရာမလေးလည်း သူလျှောက်ချင်တဲ့လမ်းအတိုင်း အတားအဆီးမရှိလျှောက်လှမ်းခွင့်ရစေချင်ပါတယ်..

    • ဦးကြောင်ကြီး

      July 10, 2013 at 9:12 am

      ဦးကြောင်ကြီး အဆောင်မှာ ခရစ်စတယ်လေး လာနေရင် ထာမင်းလည်းကျွေးမယ် မုန့်ဖိုးလည်း ပေးမယ်… ဂိမ်းလည်းဆော့ရမယ်.. နှိပ်လည်းနှိပ်ပေးမယ်…. လာနေမား…. :8-O

  • padonmar

    July 9, 2013 at 9:01 pm

    ဒီလို ပတ်ဝန်းကျင်နားမှာ ကိုယ့်ကိုကိုယ် မယိမ်းယိုင်အောင်ထိန်းခဲ့တဲ့ နွေးသီးကိုရော
    ခဏတာ ငွေနောက်လိုက်ပေမယ့် ဒီဝင်ငွေကို မမက်ပဲစွန့်ထိုက်ချိန်မှာ စွန့်နိုင်ခဲ့တဲ့ အခန်ဒဖော် ၂ ယောက်လုံးကို ချီးကျူးပါတယ်။

  • ko win

    July 9, 2013 at 9:30 pm

    ဖတ်ရှုအားပေးသွားပါဂျောင်း။ ခံစားတွေးတောသွားပါဂျောင်း။အဲဂလိုမျိုးလေးတွေနဲ့ မိတ်ဆွေလည်းဖွဲ့ခဲ့ဖူးပါဂျောင်း။
    အတ္တာဟိ အတ္တနော နာထောပါဂျောင်း။ သဗေသတ္တာ ကမ္မသကာပါဂျောင်း။….

  • TNA

    July 9, 2013 at 9:38 pm

    စိတ်ဝင်စားစရာပါပဲ။ သူ့က ဒီဘဝကို ခဏတာနားခိုရာအဖြစ်အသုံးချပြီး သူ့ကောင်းမွန်တဲ့ရည်မှန်းချက် ကိုအောင်မြင်အောင်အကောင်အထည်ဖော်နိုင်တာ အားကျစရာပါပဲ။ သူ့သက်သာတဲ့ဘဝကိုရုန်းထွက်နိုင် တာချီးကျူးစရာပါပဲ။ အခုလမ်းလွဲလိုက်နေပြီးရုန်းမထွက်နိုင်တဲ့ကောင်မလေးတွေဖတ်မိစေချင်လိုက်တာ။

  • Crystalline

    July 10, 2013 at 11:23 am

    ရင်ငြိမ်းရဲ့အဆောင်သူဘဝ ၁-၄ ကိုရင်မောစွာနဲ့ဖတ်သွားတယ်.. ဒီလောက်ခက်ခဲတဲ့ဘဝကို ကြံ့ကြံ့ခိုင်လျှောက်နိုင်ခဲ့လို့လည်းချီးကျူးပါတယ်.. အခုတော့ အဲဒါတွေအားလုံးက ကျန်ခဲ့ပါပြီး.. ချစ်သောသူ ကိုကိုနဲ့ပျော်နေရပြီးလေ..နော်.. 🙂

    • Yin Nyine Nway

      July 12, 2013 at 11:04 am

      ခုလို ပြန်ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်ချင့် …. 🙂
      ကိုကိုနဲ့ပျော်တဲ့ဘဝက ခုမှရတာပါ …..
      အဆောင်မှာ အဆင်မပြေသမျှ သူ့ကိုလည်းမပြောရဲ…မပြောရဲတာထက် သူကောကိုယ်ရောခံစားရရင် မကောင်းတော့
      မပြောဖြစ်ဘူး
      ကိုယ့်ဘာကိုယ်ဖြေရှင်းရင်း နောက်ဆုံး အဆာင်မှ အဆင်ပြေသွားတော့တယ်
      ကိုယ့်ဘဝကိုယ်လျှောက်မယ်လို့ နှစ်ယောက်စလုံး ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ အတူတူနေလိုက်တယ်
      မင်္ဂလာမဆောင်ခင် 3လ အလိုလောက်မှာ
      သူ့ဘက်လဲ မထောက်ပံ့ ကိုယ့်ဘက်ဆိုတာဝေလာဝေးဘဝမှာ
      အဆင်ပြေတာရှိသလို မပြေတာလဲရှိတယ်
      ခုတော့ 2ယောက်စလုံးက ခက်ခဲတာက စခဲ့တာမို့
      ဘာဖြစ်ဖြစ်မကြောက်တော့ဘဲ အဆင်ပြေသွားပါပြီ

  • အရီးခင်လတ်

    July 10, 2013 at 2:20 pm

    အဆောင်သူ ဘဝ လေးတွေ က ဒီနေ့ ခေတ်မှာ ပိုပြီးများလာတာနော်။
    အရီးတို့ အချိန်တုန်းက အဆောင်နေသူ ဆိုတာ တက္ကသိုလ်ကျောင်းဆောင် နေသူ တွေ ဘဲ များတယ် ထင်တယ်။
    သူတို့ ကလဲ ကျောင်းပြီး ရင် ရပ်ရွာပြန်ပြီး အလုပ်ဝင်ကြတာ၊ တော်ရုံ မြို့ပေါ် မှာ အလုပ်မရှာကြဘူး။
    အစိုးရ အလုပ် ကလွဲလို့ လဲ တစ်ခြားမှ မရှိတာလေ။
    အခုတော့ မြို့ပေါ်မှာ က ပိုပြီး လခကောင်း တဲ့ ပုဂ္ဂလိက အလုပ်တွေ အရမ်းများလာတာကိုး။
    ဘဝစုံ ကြားမှာ အောင်မြင်သူရှိ ရှုံးသူရှိပေါ့။
    ဇာတ်လမ်းလေးတွေ မျှလို့ ကျေးဇူးနော်။

    တူနှစ်ကိုယ်ဘဝ မှာ အတော် အသားကျသွားပြီလား။
    ဘယ်နှစ်ခါ Fight ပြီး ပြီလဲ။
    ဟိုဘက် Post မှာ ကကြီးမိုက် ချွန်ထားတယ်။
    Fight it တဲ့။
    သူ့ကြည့်ရတာတော့ သူ့မီး နဲ့ ဆို Fight တောင် မFight ရသေး အလံဖြူ ပြ မဲ့ ပုံ။ 😆

    • Yin Nyine Nway

      July 12, 2013 at 11:33 am

      တုနှစ်ကိုယ်ဘဝက အသားကျနေပါဘီ အရီး
      ဖိုက်တာကတော့ တော်တေ်ာများနေဘီ 😛
      နားလည်မှုတဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေးမလို့
      ကိုယ်က နားမလည်ဘဲ သူပဲ နားလည်ပေးနေရတယ် 😛
      ဗိုက်ဗိုက်က ကလေးချိတုန်းလေး အနိုင်ယူထားတာပါ

  • ရည်မှန်းချက်ထားပြီး ရအောင် ရုန်းထွက်နိုင်ခဲ့တဲ့ သူ့ကို လေးစားပါတယ်… လုပ်ရဲတဲ့.လုပ်နိုင်တဲ့ သတ္တိကိုလည်း ချီးကျူးပါတယ်… ကိုယ်တွေသာဆိုရင်တော့ သူ့လို လုပ်ရဲမှာမဟုတ်လို့ ထမင်းငတ်ကိန်း ကြုံနိုင်မယ်ထင်တယ်.. 🙂

    အနော်လည်း အဆောင် (၄) နှစ်နေခဲ့ရတယ်… တက္ကသိုလ် တတိယနှစ်မှာ အဆောင်ပြောင်းတော့ အဆောင်သစ်က အခန်းဖော်က အဲ့ဒါ…အဆောင်မှူးကလည်း မသိဘူး… စရိုက်ကလည်း လုံးဝကို စရိုက်ကြီး… စွာတေးလန် အနော်တောင် ကြောက်တယ်.. :mrgreen: နောက်မှ ရေးဦးမယ်…

    အရမ်းကောင်းတဲ့ ပို့စ်အတွက် ကျေးဇူးပါ…..

    • Yin Nyine Nway

      July 12, 2013 at 11:43 am

      ကျေးဇူးတင်ပါတယ် မွန်မွန်
      အဆောင်က နေဖူးမှသိတာ
      တချို့အဆောင်က အဆောင်မှူးကောင်ပေမဲ့ အခန်းဖော်မကောင်းတာလဲရှိတယ်
      တချို့အဆောင်ကျတော့ အခန်းဖော်ကောင်းသလောက ်အဆောင်မှူးမကောင်းတာ လဲရှိတယ်
      အဆောင်နော 5နှစ်မှာ တော်တေ်ာလေး သင်္ခန်းစာရသွားတယ်
      အဓ်ကတော့ လူတွေ လူတွေ အကြောင်းပေါ့

  • Shwe Ei

    July 12, 2013 at 12:36 pm

    ပုံမှန်အတိုင်းဆိုရင်တော့ ခန်ဒါရင်းပြီးရှာစားတဲ့လူကို အပေါင်းအသင်းမလုပ်ချင်တာ လူတိုင်းဘဲ…

    အကြောင်းစုံသိရလို့ လေးစားသွားတယ်ဆိုတာက နောက်တပိုင်းပေါ့လေ…

    အခုလောလောလတ်လတ် ကိုယ့်ရှေ့မှာ အိုက်လိုလူမျိုးမြင်ရင် မျက်နှာလွှဲမိတာကအရင်ဖြစ်နေတုန်း။

    သို့သော် လူတွေကို အဝတ်အစား အပြင်အဆင် နေပုံထိုင်ပုံ အပြောအဆို အလုပ်အကိုင် စတာတွေနဲ့ အချိုးချပြီး သုံးသပ်တာ ဆုံးဖြတ်တာ မလုပ်မိအောင် အတတ်နိုင်ဆုံးကြိုးစားတယ်။

    အကြောင်းမသိဘဲ မကောင်းထင် မကောင်းမြင်မိပြီးမှ မဟုတ်မှန်းသိရင် ကိုယ့်လိပ်ပြာကိုယ်မလုံဘူး။

    ဘယ်သူမှမသိလဲ ကိုယ်သိတယ်လေ 🙂

    • Yin Nyine Nway

      July 12, 2013 at 12:57 pm

      ကျေးဇူးပါ မမအိ …..
      ဟုတ်တယ် ..သူတို့တွေမပြောနဲ့
      ကိုယ်တောင် တခါတခါ ယုန်ထင်ကြောင်ထင် ခံရဖူးတာပဲလေ …
      သူတို့တွေရှိတတ်တဲ့ နေရာတွေ မသိတော့
      သူတို့ Sign လည်းမသိတော့ ခံရတာများတယ်
      အရင် Do Do Ko Ko မှာလုပ်တုန်းက
      ကျောက်မြောင်းဘက်ပြန်ရင်
      ပန်းဆိုးတန်းဘက်က အနော့်သူငယ်ချင်းတွေကို
      ဘယ်လောက်လဲ ဘာလေး ညာလေး မေးတတ်ကြတယ်
      ဒါတောင် ဝတ်စုံတူနဲ့နော်
      စနေလို တနင်္ဂနွေလို အပြင်ဝတ်ဆိုရင်တော့ ပြောမနေနဲ့တော့ ….. 🙁

Leave a Reply