ဗိုလ်ချုပ်သို့မဟုတ်
ဗိုလ်ချုပ်သို့မဟုတ်….
နတ်မောက်…
မင်းဘာမှထက်မလုပ်နဲ့
ထိန်လင်းကို..မင်းငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာလောက်တာဝန်ကျေပြီ။
ဒေါ်စု…
သူ့အမေဆိုတဲ့အတိုင်း ခင်ဗျားစိတ်ဓတ်မာလှပါတယ်
ခင်ဗျားငွေတိုးချေးသလို
ခင်ဗျားဆီတွေလှောင်ထားသလို
သူ့ကိုလည်း
ခေတ်ကြီးထံအပြီးအပိုင်..ချေးလိုက်တယ်လို့မြင်ပါ
ကျနော်တို့လည်း ရင်ထဲမှာ
အမြဲသိုလှောင်ထားမယ်။
ခင်ကြည်
ညည်းယောကျင်္ားကိုသေချာကြည့်ထား
သမီးကလေး..ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီလက်ဖြန့်တဲ့လူသား
နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းကစိတ်မပျက်စေနဲ့။
ဗိုလ်ထွန်းလှ
ခင်ဗျားဆရာကိုကြည့်ပြောထားဦး
လမ်းဘေးမှာအကြော်ဝင်စားနေတာ
နှောင်းလူတွေသိရင်
မျက်နှာမထားတက်အောင် ရှက်နေရှာဦးမယ်။
ဆရာတော်ဦးသောဘိတ
ဒီတစ်ခါပဲကြမ်းတမ်းမိလို့
ဒီခလေးကိုမရိုက်ပါနဲ့
ရရင်ရ…မရရင်ချဆိုတာ
ကျွန်တော်တို့အတွက်ပါ ဘုရား။
ရဲဘော်ကျော်စိန်
ခင်ဗျား..ကားမောင်းရင်
သတိကိုငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့…
အတိတ်ကြီး၊ပစ္စုန်ပန်ကြီး၊အနာဂတ်ကြီး။
ဟေ့လူ..ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ
သူ့ဟာသူ ငါးမူးတန်းကကြည့်ကြည့်..တစ်မတ်တန်းကကြည့်ကြည့်
သွားမတားပါနဲ့
ဘဝမှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့သူ
စိတ်လွတ်ကိုယ်လွတ် ခံစားပါစေဗျ။
ဗိုလ်မှူးကြီး ဆူဇူကီး
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနုတ်ဆက်ရင်း
ခင်ဗျားကိုတိုက်သင့်ရင် တိုက်ရမှာပဲလို့ပြောခဲ့တဲ့
အညာသားလေးကို
အဲဒီသတ္တိစကားကို..သေချာမှတ်ထား
နှောင်းမြန်မာတွေမှာ…အဲဒီလိုပြောရဲတာ
တစ်ကောင်မှ မရှိဘူး။
အမွိုင်….
မင်းမြေကိုသူနင်းလိုက်တေ့ာ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ကြယ်တစ်လုံးကို..နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိဂုဏ်ယူမဆုံးဘူး..မဟုတ်လား။
ဦးစော………
ခင်ဗျားကိုမေ့ထားပါ့မယ်
ခွှင့်လွှတ်လို့တော့ မရသေးဘူး
ဒါပေမယ့်..စိတ်မပူပါနဲ့
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီး
မစ္စတာနေရူး
ခင်ဗျားသူ့ကို..လောင်းကုတ်ကြီးပေးလိုက်တာ
ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး..နွေးနေရတာ။
ပဲခူးဆောင်…
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်ပစ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့ အဝတ်တွေ တန်းပေါ် မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့
ကျွန်တော်တို့..ဇိမ်နဲ့နေနေရတာ
ညိုညိုစိန်….
ညည်းတစ်သက်လုံး…မင်းသမီးလုပ်လာတာ
အနယ်နယ်အရပ်ရပ်
ရွှေဘိုညချမ်းကလို..သူရဲကောင်းမျိုးတွေ့ဖူးသလား
တွေ့ဖူးရဲ့လား။
ကျုပ်မှာ ကာမပိုင်နဲ့ဗျ..တဲ့
မိန်းခလေးတန်မဲ့ လက်ဆွဲနုတ်ဆက်မယ့်ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား
ဆာစတက်ဖို့ကရစ်ပ်
သူခင်ဗျားအကျင်္ီအိတ်ကြီး ပြဲသွားအောင်
ဖောင်တိန်ကိုဆွဲလုလိုက်တာ..မအံဩနဲ့
၃၂ နှစ်နဲ့သေခဲ့တာတောင်..
သူအခုထိ
ကျွန်တော်တို့နှလုံးသားတွေကို..ဆွဲလုနိုင်သေးတုန်း
ဦးဌေးမြိုင်..(သို့) ဒဂုန်တာရာ
ဇွတ်ချစ်မယ်ဆိုတဲ့ သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေကိုပဲ သူက ကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ
နှလုံးသားမရှိတာ မဟုတ်ပါဘူး။
နှလုံးသားရှိလွန်းလို့ပါ။
ဂျူဗလီဟော…ကျေးဇူးပြုပြီး
ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့
ခင်ဗျားကိုမြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။
ရဲဘော်ကလေးတွေ
စိတ်မကောင်းမဖြစ်နဲ့
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား
ငွေသော်တာရောင်ခြည်…ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ပျော်နေခဲ့တာလေ။
ပြည်ထဲရေးဝန်ကြီး…ဦးမြ
ခင်ဗျားမှားတယ်
သူ့ရုံးခန်းရှေ့ပ တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။
ကိုကျော့မောင်…
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူ့အပင်ပန်းခံသင်ယူခဲ့တဲ့ ပညာရပ်တွေထဲမှာ
အဲလို အပိုဆာဒါးတွေ မပါဘူး။
မေမြို့
ဝမ်းနည်းစိတ်ကို ကြိတ်မှိတ်ထားတော့
နိုင်ငံရေးလောက ကထွက်ရင်
ခြံစိုက်မယ်၊စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃ တောက် စိုက်ဝင်သွားပြီး..
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ……
ဟိန်း
ကျွန်တော်အခု..မန္တလေးမှာဗျာ။ ရွာထဲကလူတွေနဲ့ ရုတ်တရက်နုတ်မဆက်ဘဲ..ခွဲလာခဲ့ရလို့ မနေနိုင် မထိုင်နိုင်တာနဲ့ အချိန်လှပြီး စာလာတင်ပေးတာပါ။
ရွာသူရွာသား မန္တလေးသားများရှိရင်..ခင်မင်ချင်ပါတယ်။ လာတွေ့ရမှာပေါ့နော်။ ကျနော်က မသွားတက်ဘူး။ ၁ လခွဲနီးပါးလောက် ဝေးကွာနေရဦးမှာ ဖြစ်ပါတယ်။
ပို့စ်တွေကို အတိုးနဲ့ပြန်ဆပ်ပါ့မယ်။ အခု ဗိုလ်ချုပ်အတွက် ကဗျာလေးလာတင်ပေးတာပါ…သူ့ရက်နီးပီလေ။
09402547031 ကို pm ပို့ဆက်သွယ်နိုင်ပါတယ်။ ကျနော်ကတော့ မသိတော့ ထိုင်စောင့်နေပါ့မယ်။ 🙂
မန္တလေးမှာ သင်တန်းတက်ရတာ..ပျော်လည်းပျော်..ဂုဏ်လည်းယူမိသလို..မပျော်လည်းမပျော်ပါဘူး။
ပျော်တာကတော့ ယခုတက်နေသောသင်တန်းမှာ မြန်မာ့လေတပ်က Mig-29,F-35 မောင်းတဲ့ Pilots အစစ်တွေနဲ့ ညီအစ်ကိုကဲ့သို့ ခင်မင်ခွင့်ရခြင်းဖြစ်ပီး..
မပျော်တာကတော့ ဘယ်မှမသွားတက်လို့ပါ.. 😀
လေးစားလျှက်
11 comments
အလင်း ဆက်
July 7, 2013 at 4:31 pm
ဒီကဗျာလေး ဖတ်ဖူးပါတယ် ။ ကဗျာကောင်းလေးမို ့ ပြန် ဖတ် ပြန်ခံစားသွားပါတယ်
•*¨နန်းတော်ရာသူ •*¨
July 7, 2013 at 7:31 pm
မျက်ရည်ဝဲမတတ်ခံစားရတဲ့ကဗျာလေးပဲဆရာရယ်
ပြန်ရှဲလို့ရမလား
kotun winlatt
July 7, 2013 at 7:41 pm
မန်းးလေးးးရောက်နေပီဆိုတော့ကာ..ကျုပ်ရွာနဲ့ နီးလာပြီပဲ..ပြီးတော့ ပိုင်းလော့တွေနဲ့ ခင်တယ်ဆိုတော့ကာ.. လေယာဉ်နဲ့လာခဲ့ဗျာ…ကျုပ်ရွာမှာ ကောက်ရိုးပုံပုံထားမယ်.. ရောက်ရင် ခုန်းဆင်းလိုက် အဲ့တာ အဆင်ပြေမယ်…..အော်..မေ့တော့မလို့ မန်းးဒလေးးးဂ ကပေကြီးရော အပါခေါ်ခဲ့..စမ်းးဘာဗျာ….။
ဟဲ..ဒါက မိတ်ဆက်.. အခု အတည်ပြောတော့မယ်…
ကဗျာလေးးဂွတ်၏။
ဦး ကြိမ်
July 7, 2013 at 10:14 pm
ဝမ်းနည်းစရာကောင်းတာက ခုခေတ်လူငယ် အများစုက
ကဗျာကို စာလိုပဲ ဖတ်ကြတော့တယ်
မတွေးကြတော့ဘူး
ဝမ်းတထွာကိစ္စကပို အရေးကြီးတယ်လေ…………။
အရီးခင်လတ်
July 8, 2013 at 2:38 am
ပန်းတိုင် မရောက်ခင် ကျွန်မတို့ရဲ့ သခင် အောင်ဆန်း ကို လက်လွတ် လိုက်ရတယ်။
အခုလဲ ဒေါ်အောင်ဆန်းစုကြည် ကို ဦးစောလို သူတွေ ဝိုင်းနေတာ မြင်နေတယ်။
လက်လွတ်လိုက်ကြတော့ မှာလား။
နောက်မှ ပြန်လိုချင်တိုင်း မရတော့ ဘူး။
ဒီအချိန်မှာ မှ သခင် အောင်ဆန်း ကိုယ်ပွါး ကို တိုင်းပြည်က မသုံးနိုင်ရင် ဒီလို အခွင့်အရေးမျိုး ဘယ်တော့မှ မရတော့ဘူး။
ဒေါ်အောင်ဆန်းစုကြည် ကို မသုံးနိုင်ရင် တိုင်းပြည်က ဟိုမရောက်ဒီမရောက် ဖြစ်နေချိန် အရာရာ ပိုဆိုးသွားမှာ။
အမှန်တော့
တိုင်းပြည်အတွက် ကိုယ့်အကျိုး တွေ ကို စွန့်လွှတ်ထားတဲ့ ခေါင်းဆောင်ကောင်း တွေ ရဲ့ အင်အားကို အသုံးမချနိုင်လောက်ဖြစ်နေတာ ကျွန်မတို့ အတော်အသုံးမကျ လို့သာပါဘဲ။
ကိုယ်တိုင်လဲ အဝေးက ဟောင်နေတာ မဟုတ်လား။
တိုင်းပြည်ထဲက လုပ်ပိုင်ခွင့် ရှိသူများရှင့်။
ဒီ အတိုင်း ရေလိုက် ငါးလိုက်ဘဲ နေမနေကြပါနဲ့။
အမှန်တရားဘက်က ရပ်လိုက်ပေးကြပါ။
ဒီတစ်ခါထဲပါဘဲ။
နောက်လဲ ဒီလို အခွင့်မရနိုင်တော့ပါဘူး။
KZ
July 8, 2013 at 8:15 am
ခဏခဏ အသတ်ခံရတယ် ၊ ဘယ်တော့မှ မသေဘူး ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဟောဒီမြို့ကလေးမှာ …
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊
ပြုခြင်းဟာ မရှင်းမလင်း …… ။
သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။
ပြောချင်တာက …
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို
မကွယ်နိုင်ဘူး သမိုင်းကို … အဲ့လို။
ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။
မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။
”မောင်ဖာ … မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ” တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။
အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊ အက်ဆေးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊ ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။
ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
”အချိန်ပိုင်း တည်းခိုနိုင်သည်” ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။
သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။
ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုစိန်နဲ့ အတွေ့၊ စာရိတ္တသတိ္တကို လှစ်ခနဲအပြ
”ကျုပ်မှာ ကာမပိုင်နဲ့ ဗျ” တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။
သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။
သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
”ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်” ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။
တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
”’ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ”’ တဲ့ ။
ပထမတော့…
ရယ်ချင်စရာကြီး / ပြုံးချင်စရာကြီး / သဘောကျချင်စရာကြီး / အားနာချင်စရာကြီး / အူယားချင်စရာကြီး ။
နောက်တော့..
မဲ့ချင်စရာကြီး / လေးစားချင်စရာကြီး / ငိုချင်စရာကြီး / ကြည်ညိုချင်စရာကြီး / ရင်ထဲ ဆို့ချင်စရာကြီး ။
၃၂ နှစ်သားကလေးဟာ …
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ ကျည်ဆန် ၁၃ တောင့်ရသွားတယ်။
အဝတ်အစားကောင်းကောင်း မရှိဘူး၊ သွေးအိုင်ထဲ လဲ နေတယ်။
ဗိုက်မရွှဲသွားဘူး၊ ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။
ခဏခဏ အသတ်ခံရတယ် / ဘယ်တော့မှ မသေဘူး ။
သတ်ကွင်းနေရာ ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။
”ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ” တဲ့ ..
၉ရ နှစ်နှစ် ရှိပြီ .. ။ ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။
ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။
မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်
ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။
ကျုပ်တို့ဟာ ရာဇဝင်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇဝင်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ..
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်
သတိတရား နဲ့ ပြည့်စုံကြကုန် ။
ဟိန်း (17.7.2012) ခရမ်းရိပ်မဂ္ဂဇင်း ၊ ဩဂုတ် 2012
မောင်ခိုင်မာ (စမ်းချောင်း)
July 8, 2013 at 8:35 am
Thz..KZ that is next great poem for our general…
KZ
July 8, 2013 at 9:32 am
ကဗျာရှင် က ဟိန်း တဲ့။
၂ ပုဒ်လုံး သူရေးတာ။ 🙂
ရဲစည်
July 8, 2013 at 11:18 am
အသက် ၃၂နှစ် ကွယ်လွန်ခဲ့ရတဲ့ တကယ့် တုနှိုင်းစရာ မရှိတဲ့ ပါရမီရှင်ပါ …
သူ့အကြောင်းတွေးရင် …
ကျုပ်ကတော့ ဦးစောနဲ့ နောက်တယောက်ကို သနားတယ်
ဟို ငနဲ အမွှေစိန်ကြီးကို ရေလည်တင်းတယ် ….
သားစဉ် မြေးဆက် အထိ တိုင်းပြည်ကို ဖျက်ဆီးချင်တဲ့ သူတွေ …
မဟာရာဇာ အံစာတုံး
July 8, 2013 at 11:44 am
ဒီကဗျာ ဖတ်ဖူးတယ် …
အခုလည်း ထပ်ဖတ်ဖြစ်တယ် ..
ဖတ်တိုင်းလည်း ..
အနိမ့်အမြင့် ရင်သို့ ထိဆဲပါပဲ …။
မင်းမင်း
July 9, 2013 at 4:58 pm
သေပြီးသား ဗိုလ်ချုပ်ကို လေးစားရသလို
သက်ရှိထင်ရှား ရှိနေသူ ကိုလည်း အလေးထားရမှာ
ပေါ့ဗျာ ။