အိပ်ရာဝင် ကဗျာ
ကော်ဖီတွေခင်းကျင်းထား
သကြားမလို ၊ သံပုရာမလို
ငါအဲ့လို ရိုးရှင်းပစ်လိုက်တယ်…။
အလှတရားတစ်ခုကို
လှေနံဓါးထစ် ၊
ရင်တစ်ခင်းလုံး
ဆောင်းဖြစ်သွားတဲ့ အခါ
အရိုးခံတွေ
ဝင်္ကဘာဆန်လာတယ်…။
ဘယ်လို ပြန်ဆောက်တည်မလဲ………။
ခြေသံတွေ တရှပ်ရှပ်နဲ့
သဲကြိုးပြတ်နေတဲ့ စကားလုံးအဟောင်းတွေ ၊
နှလုံးသားက
ပြတ်ရွေ့တွေ များလာပုံရတယ်…။
အမှတ်တရတွေ
ဖောက်ခွဲပစ်ဖို့
ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား..၊
နှစ်ချို့ အရိပ်အငွေ့တွေ
ဖျက်သိမ်းဖို့
ကိုယ့်ကိုယ်ကိုယ် သဘောတူလက်မှတ်ထိုးရဦးတော့မယ်..။
အသေအပျောက်များတဲ့
ညတွေ
လူယဉ်ကျေးပီပီ
လိုက်လျောညီထွေနေဖို့
ဆေးခါးတွေ မျိုမျိုချပြီး
မှောက်အိပ်ခဲ့ရတာများပေါ့..။
အဲဒီလိုနဲ့
ရင်နာတတ်လာတာ……။
အတ္တမကြီးချင်ပါဘူး..
(ငါ)
စမ်းချောင်းတစ်ခုလို စီးဆင်းချင်ရုံ..၊
ပုစာ္ဆတွေ ရှင်းမထုတ်ချင်လို့
ပုစာ္ဆတွေက ငါ့ကို ရှင်းထုတ်တယ်..
မေးခွန်းများများ မေးပါ..၊
ငါဖြေချင်မှ ဖြေမယ်
အဲဒီလိုပေါ့….။
နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး
ဘဝကို တစ်နိုင်တစ်ပိုင် လွယ်ထားတော့
အကြိမ်တော်တော်များများ
ငါက ဘေးတိုက်ဖြစ်နေတတ်တယ်…၊
စိတ်မရှိနဲ့ သူငယ်ချင်း..။
ဘာရယ်မဟုတ်ပါဘူး
ငါဖွင့်ဖောက်ထားတဲ့ စုဘူးတွေလို
ကဗျာတွေ…၊
အပျင်းပြေကြရုံဆိုပဲ
တစ်စုံတစ်ရာ
ငါရတယ်..။
ပေါ့ပေါ့ပါးပါး ပြုံးပါ…။
ပီပီပြင်ပြင် ပြုံးပါ…။
ပြီးပြီးပျောက်ပျောက် ပြုံးပါ…။
ခံစားချက်တွေက
အပြတ်အပြတ် ဖြစ်နေတော့
ကဗျာ ကိုယ်၌က
ဟိုတစ်စ ဒီတစ်ပိုဒ်..။
တော်ပြီ!
အိပ်ငိုက်လာပြီ..၊
ဂွဒ် နိုက်!…………..။ ။
လင်းစက်ရာ
5 comments
အလင်း ဆက်
July 13, 2013 at 5:31 pm
good poetry
ကျွန်တော် တော်တော် လေးကို ကြိုက်မိတဲ့ ကဗျာလေးပါဗျ
အတ္တမကြီးပါဘူး
စမ်းချောင်းတစ်ခုလို စီးဆင်း ချင် ရုံ ဆိုတဲ ့
အပိုဒ်လေးကို
အကြိုက်ဆုံးပါပဲ ။
သုံးထားတဲ့ စကားလုံးတွေရော
လွတ်လပ် စွာ စီးမျော နေတဲ ့ရေးဟန်
အခင်းအကျင်းကိုရော
တော်တော် သဘောကျ သွားပါတယ် ။
ဒီလို ကဗျာ ကောင်းလေးတွေ
ထပ် ဖတ်ချင်ပါသေးတယ်ဗျာာ
မဟာရာဇာ အံစာတုံး
July 13, 2013 at 5:55 pm
ကဗျာက မိုက်တယ် …
ဒါမယ့် …
ဘာဂို ဆိုလိုဒယ်ဆိုဒါဒေါ့ သေချာမတိဘာဘူး …
ဒါပေသိ …
ကော်ဖီ ခပ်ခါးခါး သောက်ပြီး …
အိပ်ချင်လာလို့ ဂွတ်နိုက်လို့ နှုတ်ဆက်သွားဒါဂဒေါ့ တွေးစရာ …
surmi
July 14, 2013 at 1:00 am
ဆက်လက်ပြီး ဖတ်ချင်ပါသေးတယ်
စောင့်ဖတ်နေပါ့မယ်နော
တော်တော်လေးကြိုက်မပါတယ် ။တစ်ခေါက်နဲ့တစ်ခေါက်ဖတ်ရင်းဖတ်ရင်း ခံစားမှုပုံစံပြောင်းလာတယ်။
ဆိုချင်တာက … အကြိမ်ကြိမ်ဖတ် အထပ်ထပ်ခံစား မိပါတယ် ဆို့တဲ့အကြောင်းးးးးးးး
လင်းစက်ရာ
July 14, 2013 at 3:31 pm
အားပေးကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ…. ကျွန်တော်က လက်သင်လေးပါ….။ တစ်ချို့တစ်ချို့သော သူငယ်ချင်းတွေက ကျွန်တော့်ကိုမေးဖူးတယ်.. ဘယ်လိုက ဘယ်လို ကဗျာတွေ ရေးဖြစ်တာလဲ…တဲ့..။ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်….။ ငါက စာရေးချင်တာ ဒါပေမယ့် စာရေးရတာပျင်းတယ်…။ အဲ့ဒါကြောင့် ကဗျာရေးဖြစ်တာ… လို့….။ အစ်ကိုတို့လို စာတွေ အတွေးတွေကို ထိထိမိမိ ရေးတတ်ချင်တယ်ဗျာ…။ စာအများကြီးရေးရမှာပျင်းတဲ့အကျင့် ဘယ်လိုဖျောက်ရင်ကောင်းမလဲမသိဘူး..။ 🙂
အလင်း ဆက်
July 14, 2013 at 5:51 pm
ကျွန်တော်က တော့ စာအုပ်တွေ အများကြီး ဖတ်မိတာနဲ့
သူ့အလိုလို စာရေးချင်စိတ်ပေါ်လာတယ်။ စာရေးနေရ ရင် ထမင်းမေ့ ဟင်းမေ့ပဲ။
အပြင်လောက နဲ့ ကင်းကွာနေပြီး ကိုယ်ရေးနေတဲ့ စာထဲမှာပဲ အာရုံက နစ်ဝင်နေတော့
အေးချမ်းတဲ့ ဘုံတစ်ခုကို ရောက်နေသလိုပဲ။
စာရေးရတဲ့ အရသာ
စာဖတ် နေတဲ့အရသာကို မက်မောသွားလို ့
စာရေးရမှာ မပျင်းတော့ဘူး။
စာ မရေးဖြစ်တဲ့အခါ လူက နေမထိ ထိုင်မသာ ဖြစ်လာတတ်လို ့
စာရေးစာဖတ်ဟာ
ကျွန်တော့် အတွက် စွဲနေတဲ့ အမူအကျင့်တောင် ဖြစ်နေပြီ ။
လင်းစက်ရာကလည်း တွေးအား အတော်ကောင်းမယ့်ပုံပါ
ရေးအားကောင်းဖို ့က တော့
အချိန်လေး နည်းနည်းပေးကြည့်ပေါ့
မရေး မဖြစ်ဆိုပြီး ရေးရင်းနဲ ့
ရေးအားကောင်းသွားမှာပါ ။
😆