“ရေးတော့အဖေ ဖတ်တော့အမေ´´
“ရေးတော့အဖေ ဖတ်တော့အမေ´´
ရန်ကုန်မြို့၊ အင်ယားလမ်းမှာရှိတဲ့ အထက်တန်းကျောင်းတစ်ခုမှာ ကျောင်းတက်ကျောင်းဆင်းချိန်ဆိုရင် ကျောင်းသူကျောင်းသားတွေကို လာရောက်ကြိုကြတဲ့ ကားတွေက အစီအရီနဲ့ ပြည့်ကြပ်ကာရှိနေကြတာ တစ်ပတ်လုံးကျောင်းဖွင့်ရက်တိုင်း မြင်တွေ့နေကျမြင်ကွင်းတစ်ခုလို့ဆိုရမယ်လေ။ ကျောင်းဆင်းခေါင်းလောင်း ဘဲလ်သံပေါ်ထွက်လာတာနဲ့ ကျောင်းသူကျောင်းသားတွေ စာသင်ခန်းထဲကနေထွက်လာကြပြီး ကျောင်းဝင်း အပြင်ကိုလှမ်းထွက်ကြတာများ အဲဒီကျောင်းအနီးတဝှိက်မှာ ကားရောလူရောအပြည့်အလျှံပါဘဲလေ၊ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး ပါကင်ထိုးထားတဲ့ကားတွေဆီ သက်ဆိုင်ရာကျောင်းသူကျောင်းသား တွေလည်းရောက် အစီအရီထွက်သွားလိုက်ကြလို့ မိနစ်အနည်းငယ်အကြာမှာဘဲ အခုတော့သူမဟုတ်သလိုမျိုး လမ်းကိုရှင်းလင်း ကာ ဆူညံသံတွေလည်း တိုးတိတ်သွားခဲ့တယ်လေ၊ အဲဒီကျ ကျောင်းဝင်းတံခါးလည်း ပိတ်ပြီပေါ့။
အဲဒီအချိန်မှာ အဖြူနဲ့အစိမ်း ကျောင်းဝတ်စုံဝတ်ဆင်ထားတဲ့ ကျောင်းသူလေး တစ်ဦးနဲ့ ကျောင်းသားလေး တစ်ဦးတို့ကတော့ ကျောင်းရှေ့က အုတ်ခုံလေးမှာ ထိုင်နေလျှက်သား ရှိနေစဲပေါ့။ သူတို့နှစ်ဦးဟာ တစ်တန်း တည်းသား အတန်းဖော်တွေပါ။
ကျောင်းသား – “မြနှင်း ဒီနေ့ နင်တို့အိမ်က ကား ရောက်မလာသေးပါလား၊ ခါတိုင်းဆို ကျောင်းမဆင်းခင် နင်တို့အိမ်က ကားကကြိုရောက်နေပြီး ကားမောင်းတဲ့ဦးလေးကြီးကတောင် နင်ကျောပိုးအိတ်နဲ့ ထမင်းဂျိုင့် ဆွဲခြင်းကို လာစောင့်ယူနေကျလေ´´
ကျောင်းသူ – “အေးဟယ် ဒီနေ့ကားဘာများဖြစ်သလဲ ခုထိမရောက်သေးဘူးဟ၊ ငါ့အဖေက ငါ့ကို ကျောင်း သွား ကြိုတဲ့အခါ အိမ်ကနောက်ကျထွက်လို့ လမ်းပိတ်ဘာပိတ်နဲ့ ကားနောက်ကျရင် ကားမောင်းတဲ့ဦးလေးကြီး ကို မင်းတို့ကိုယ်သွားရမယ့်ခရီးနဲ့ အချိန်နဲ့မတွက်ဘူး ဘာမဆိုကြိုမလုပ်ဘူး အပြောခံရမှာစိုးလို့ အဲဒီ ကားမောင်းတဲ့ ဦးကြီး က ငါ့ မစောင့်ရအောင် အစောကြီးကျောင်းရောက်အောင်လာတာလေ၊ အခု မရောက် သေးဘူးဆိုတော့ ကားများလမ်းပျက်နေလို့လားမသိဘူး´´
ကျောင်းသား – “အဲဒီ နင်ကားမောင်းတဲ့သူဆီမှာ ဖုန်းရှိတယ်မလား´´
ကျောင်းသူ – “အေး ရှိတယ် အဖေတို့ကပေးထားတယ်´´
ကျောင်းသား – “ဒါဆို ဟိုရှေ့စတိုးဆိုင်က ဖုန်းနဲ့ဆက်ကြည့်ပါလား ငါလိုက်ခဲ့ပေးမယ်လေ´´
ကျောင်းသူ – “ခဏတော့ စောင့်ကြည့်လိုက်ပါအုံးမယ်လေ ဒါနဲ့ နင်အိမ်ကကားရော မရောက်သေးဘူးနော်´´
ကျောင်းသား – “ငါကတစ်ခါတလေ ဒီလိုဘဲစောင့်ရတာမို့ မထူးတော့ပါဘူး´´
ကျောင်းသူ – “အရင်နေ့တွေက ငါ့ အိမ်ကကားကရောက်နှင့်နေတော့ နင် အခုလို စောင့်ရတာ ငါ မသိဘူး လေ၊ ဒါနဲ့နေပါအုံး ဘာလို့အဲလိုစောင့်ရတာလဲ အဲလိုနောက်ကျရင် နင်အဖေကရော ကားမောင်းတဲ့ဦးကြီးကို မဆူဘူးလား´´
ကျောင်းသား – “ကားမောင်းတာ ငါ့အဖေကိုယ်တိုင်ဆိုတော့ ဘယ်သူသွားဆူရမှာလဲဟ ပြီးတော့ နင်တို့ အိမ်လို နင့်အဖေက ကားတစ်စီး နင်အမေက ကားတစ်စီး နင်ကျောင်းသွားပြန်ကြိုပို့ဖို့က ကားတစ်စီး အဲလို ဟုတ်ဘူးဟ ငါ့ကို ကျောင်းပို့ကျောင်းကြိုလုပ်တဲ့ကားနဲ့ ငါ့အဖေက တက်စီ(အဌားကား) ဆွဲတာလေ၊ တစ်ခါ တလေ ကျောင်းပို့ဖို့အိမ်ကထွက်ရင်းနဲ့ လမ်းမှကားဌားမယ့်သူတားရင် အဖေကရပ်ပေးပြီး အဆင်ပြေတယ်ဆို ခရီးသည်ကို ခေါ်တင်လာလို့ ခရီးသည်က ၃-၄ ယောက်ဆို ငါက ကားနောက်ခန်းပြောင်းပြီး ကျောင်းကိုလိုက်ရ တာဟ´´
ကျောင်းသူ – “နင်အဖြေကလည်း ရပ်မပေးနဲ့ပေါ့ နင်ကို ကျောင်းအရင်ပို့ပြီးမှ အဌားလိုက်လည်းရတာ ပဲလေ´´
ကျောင်းသား – “အဲလိုဆိုရင် ခရီးတစ်ခေါက်စာ အဖေပိုက်ဆံဘယ်ရမလဲ၊ ငါတို့အိမ်စရိတ်ကို အဖေ တက်စီ ဆွဲလို့ရတဲ့ငွေနဲ့ဘဲရပ်တည်နေရတာလေ´´
ကျောင်းသူ – “နင်အမေကလည်း ရုံးမှာလုပ်တယ်မလား´´
ကျောင်းသား – “အရင်ကတော့ အမေကရုံးမှာလုပ်တယ် ငါ့ညီမလေး မွေးပြီး ညီမလေးငယ် သေးတာရယ် ငါ့အဖွားကလည်း မနှစ်က နေမကောင်းဖြစ်ထားတော့ အိမ်မှာက အဖွားနဲ့ ညီမလေး ဘဲထားခဲ့လို့ မဖြစ်တာနဲ့ အမေကအလုပ်ထွက်ပြီး အိမ်မှာနေရတယ်လေ၊ ဒါတောင် နေ့လည်ခင်း အားနေလို့ အကျီလက်ချုပ်နဲ့ကြယ်သီး တပ် အလုပ်တော့ အဖေက ပြန်ရင်းနဲ့စက်ချုပ်ဆိုင်က ဝင်ယူလာပေးလို့ လုပ်ရတာဟ´´
ကျောင်းသူ –“ဪ အဲလိုလားဟာ နင်ကစာတော်ပါတယ် ဆရာဝန်ကြီးတွေ အင်ဂျင်နီယာကြီးတွေ ဖြစ်မှာပါ အဲဒီကျရင်တော့ နင်တို့မိသားစု ဒီထက်ပို အဆင်ပြေမှာပေါ့ဟာ၊´´
ကျောင်းသား-“ငါ ဆရာဝန်ကြီး အင်ဂျင်နီယာကြီးတော့ မမှန်းပါဘူးဟာ ဆယ်တန်းအောင်လို့ရှိရင် ဗိုလ်သင်တန်းဖြေပြီး စစ်ထဲဝင်မလို့လေ´´
ကျောင်းသူ – “ဟင် နင်ကလေ အတန်းထဲမှ ပထမ ဒုတိယ ကနေတောင် အောက်အဆင့်မဆင်းတဲ့ဉ္စာ ဆေးကျောင်းအမှတ်လောက်တော့ အသာလေးမှီမှာပါ နင်ကလည်း အားလျော့လိုက်တာ ယောက်ျားလေး မဟုတ်တဲ့အတိုင်းဘဲ´´
ကျောင်းသား – “ အားလျော့လို့ဟုတ်ပါဘူးဟာ ငါတို့အခုနေတဲ့တိုက်ခန်းက ငါ့တို့အပိုင်မဟုတ်ဘူးဟ သူများဆီက ဌားနေရတာ တစ်နှစ်တစ်ခါ အိမ်လခပေးရတာ၊ အဲဒီလို တစ်နှစ်ပြည့်လို့ အိမ်လခ ပေးရတဲ့အခါ အိမ်ရှင်အဒေါ်ကြီးကို အိမ်လခမတိုးဖို့ ငါ့အဖေနဲ့အမေ ငို မတတ်တောင်းပန်ပြောတာကြားရရင် ငါ့စိတ်ထဲ မကောင်းဘူးဟ ငိုချင်တယ်၊ အဲဒီတော့ စစ်ဗိုလ်ဖြစ်ရင် တပ်ထဲမှာ နေဖို့အိမ်ပေးတယ်ဆိုတော့ အဲလိုတွေလည်း ငါ့အဖေနဲ့အမေ မတောင်းပန်ရတော့ဘူး အိမ်ဌားခလည်း မပေးရတော့ ပိုက်ဆံလေးလည်း ပိုလို့စုမိတာ ပေါ့ဟာ´´
ကျောင်းသူ –“အဲလိုဆိုရင်တော့ ငါလည်းမပြောတတ်ဘူးဟ ငါ အဲဒီလိုတွေ ငါသိပ်နားမလည်ဘူးဟ စာကျက်မယ် စားမယ် တီဗွီကြည့်မယ် လိုချင်တာရှိရင် အဖေပြောလိုက် အမေချွဲလိုက်နဲ့ဘဲ ငါနေ နေတာ´´
ကျောင်းသား – “အင်းပေါ့လေ နင်အဖေက လက်ရေးလှလှရေးတတ်ခဲ့တော့ နင်အမေက အထစ်အငေါ့မရှိ ဖတ်လို့ရတာပါပေါ့ဟာ´´
ကျောင်းသူ – “နင်စကားက အစမ်းပါလား ဘာကိုပြောတာလဲ ငါမသိဘူးဟ´´
ကျောင်းသား – “ငါ့ကို ငါ့အမေက ပြောဖူးတယ်စကားလေးရှိတယ် ငါနင်ကိုပြန်ပြောပြမယ် ဒီလို
“သား မိသားစုတစ်ခုမှာ အဖေနဲ့အမေရှိတဲ့အခါ အဖေတွေက စီးပွားရှာကြတယ် ငွေရှာကြတယ် အမေတွေက အိမ်ထောင်တာဝန် သားသမီးတာဝန်တွေ ထိန်းနေကြတာပေါ့၊ အဖေတွေက စီးပွားငွေ ကြိုးစားရှာကြတဲ့အခါ မိသားစု ဘဝလှအောင် ကိုယ်ရှာတဲ့စီးပွားငွေကို မဖြုန်းတီးဘဲ မိသားစုနဲ့ ကိုယ့်အတွက် လိုအပ်တာဘဲ သုံးရင် အဲဒီအဖေတွေဟာ ဘဝစာမျက်နှာကို လက်ရေးလှလှရေး တတ်ကြတာပေါ့၊ အဲလိုဆိုရင် အဲဒီမိသားစုရဲ့အမေတွေအတွက် ကံကောင်းတာပေါ့ ဖြုန်းတီးငွေ မရှိလို့ လောက်ဌတဲ့အပြင် စုမိဆောင်းမိလေးရှိတော့ နာရေးဖျားရေးဖြစ်ရင် ရင်မမောရသလို နာရေးဖျားရေး မရှိတော့လည်း ပိုလျှံစုမိပြီး ကြီးလာတော့ ချမ်းသာစွာနေရတာပေါ့သားရယ် မိသားစုတစ်စုမှာ ဘဝ စာမျက်နှာကို ရေးတော့အဖေ ဖတ်တော့အမေ တဲ့ မှတ်ထားနော်သားတဲ့´´
ကျောင်းသူ – “နင် အမေပြောတဲ့စကားက အရမ်းကြီးနားမလည်ပေမယ် ငါ့ စိတ်ထဲ ကျေနပ်သလိုဘဲဟ၊ ဟယ် ဟိုမှာ ငါ့အမေကားလာနေပြီဟ ဒါဆို ငါ့ကြိုတဲ့ကားက ပျက်လို့နဲ့တူတယ် ငါ့သွားတော့မယ်နော်´´
အဲဒီအချိန်မှာဘဲ စလွန်းကားလေးတစ်စီးသူတို့နားကိုရောက်ကာရပ်လိုက်ပြီး ကားမောင်းလာတဲ့ အမျိုးသမီးကြီး က သူ့ဘက်က ကားတံခါးမှန်လေးချပြီး
အမျိုးသမီးကြီး – “သား မောင်စိုးမင်း က လာမကြိုသေးဘူးလား´´
ကျောင်းသား – “ဟုတ် အန်တီ အဖေ ကားအဌားရလို့ လိုက်ပို့နေတယ်နဲ့တူတယ် မရောက်သေးဘူး´´
အမျိုးသမီးကြီး – “သမီးကြိုတဲ့ကားက လမ်းမှာစက်ရပ်သွားလို့ဆိုပြီး အန်တီဆီ ဖုန်းဆက်တော့မှ အိမ်က အပြေးလေးမောင်းလာရလို့ နောက်ကျသွားတာလေ သမီးနဲ့အဖော်စောင့်ပေးလို့ ကျေးဇူးနော်၊ အန်တီတို့ သွားမယ်နော်သား´´
ကျောင်းသား – “ဟုတ်ကဲ့ အန်တီ´´
ကျောင်းသူ – “ သွားပြီနော်ဟ တာ့ တာ´´
ကျောင်းသား – “ အေးပါ တာ တာ့´´
ရပ်ထားတဲ့စလွန်းကားလေး ထွက်ခါသွားပြီး မကြာမှီမှာဘဲ တက်စီဗန်ကားလေးတစ်စီး အဲဒီနေရာလေးကို ရောက်ကာရပ်လိုက်ပြီး ကားမောင်းလာတဲ့သူက ဆင်းကာ တက်စီဗန်ကားရဲ့ နောက်ခန်းတံခါးလေး ပင့်မြှောက် ဖွင့်ပေးလိုက်တယ်ဆိုရင်ဘဲ ခုနကျောင်းသားလေးက အလိုက်သိစွာ ကားနောက်ခန်းလေးကို ဝင်သွားကာထိုင် လိုက်ပါတယ်လေ၊ ကားထဲမှာလည်း အခြားလူ လေးယောက်လောက်က အစီအရီထိုင်နေကာ ခဏနေတော့ အဲဒီတက်စီကားလေးလည်း ရပ်ထားတဲ့ ထိုနေရာကထွက်သွားတယ်ပေါ့ အခုတော့ ကျောင်းတံခါးလည်းပိတ် တိတ်ဆိတ်စွာ ကျောင်းတော်ကြီးက ကျန်ခဲ့လေသတည်း။
စာဖတ်ပရိတ်သတ်ကြီးကျေးဇူးပါ။
ခင်ခ။
(ကိုယ့်အတွေးနဲ့ကိုယ် ရေးပုံက………)
21 comments
Myo Thant
July 13, 2013 at 2:39 pm
အင်းလျားလမ်းဆိုတော့ ဩဂတ်စတင်းပေါ့ ၊
အ – ထ – က ၂ ကမာရွတ်
ကောင်းတယ်ကိုခရေ
အင်း ကျနော်ကတော့ ရေးလည်းကိုယ် ဖတ်လည်းကိုယ်ပေါ့နော် ။
ခင် ခ
July 13, 2013 at 2:50 pm
ယေဘူယျ များသောအားဖြင့် မိသားစု သဘာဝအနေနဲ့ ရေးတော့အဖေ ဖတ်တော့အမေ ပေါ့ဗျာ။
အဖေလည်းကိုယ်ဘဲ အမေဆိုလည်း ကိုယ်ဘဲလို့ ထူးခြားရှိသူတွေကတော့ ကိုယ်ဘဲရေးဖတ်မို့ ကိုယ်တိုင်ရေးပုံတူ ပေါ့ဗျာ။
ဟုတ် ဩဂတ်စတင်း အထက(၂) ကမာရွတ် အခြေခံပြီးရေးတာပါ။ရန်ကုန်ရောက်တုန်းက အဲဒီကျောင်းရှေ့က ကားနဲ့အသွား အုတ်ခုံလေးမှာ ထိုင်နေတဲ့ ကျောင်းသူလေး တစ်စုကို တွေ့ခဲ့ ရတဲ့ မြင်ကွင်းလေးကို စိတ်ကူးပုံဖော်ရေးတာပါ။
အလင်း ဆက်
July 13, 2013 at 3:05 pm
အပြန်အလှန် စကားပြောဟန် ရေးတဲ့ လေးခ ကို
အားကျမိပါအိ ။
ကျောင်းသားလေး ဘဝထဲ ဝင်ခံစားမိပါအိ
အဖေတွေ လက်ရေးလှလှရေးမှ ဆိုတဲ့
အတွေးစကားလေးကို ကြိုက်မိပါအိ
လေးစားစွာဖြင့်
ခင် ခ
July 13, 2013 at 3:09 pm
မောင် အလင်းဆက်လည်း လက်ရေးလှလှရေးနိုင်တဲ့ အခွင့်အလမ်းတွေ ရပါစေလို့ ဆန္ဒမွန်ဖြင့်ပါ။
အလင်း ဆက်
July 13, 2013 at 5:26 pm
ကျွန်တော် လက်ရေးလှ လှ ရေးသမျှကို
အသံကြည်ကြည်လင်လင်နဲ ့ရွတ်ဖတ်နိုင်မယ့်
သားကောင်းမိခင် ဖြစ်မယ့်
မိန်းမတော်တစ်ယောက် လိုပါဒယ်
😆
ခင် ခ
July 13, 2013 at 5:55 pm
အဲဒါတော့ ကိုယ်တိုင်ရှာပေါ့ကွယ် ဒို့လည်းတတ်နိုင်ဘူးလေ
အရီးခင်လတ်
July 13, 2013 at 3:23 pm
“အဖေတွေက စီးပွားငွေ ကြိုးစားရှာကြတဲ့အခါ မိသားစု ဘဝလှအောင် ကိုယ်ရှာတဲ့စီးပွားငွေကို မဖြုန်းတီးဘဲ မိသားစုနဲ့ ကိုယ့်အတွက် လိုအပ်တာဘဲ သုံးရင် အဲဒီအဖေတွေဟာ ဘဝစာမျက်နှာကို လက်ရေးလှလှရေး တတ်ကြတာပေါ့၊”
လောကကြီးမှာ
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ပိုင် လက်ရေး နဲ့ ဘဝ ကို လှအောင် ရေးနေကြတဲ့ အဖေ တွေ ရှိသလို
(ဒီနေ့ခေတ် ဆိုရင်ပေါ့) ကွန်ပျူတာ မှာ ကြိုက်သလို လှပတဲ့ လက်ရေးပြောင်းပြီး ဘဝကို ရိုက်စား နေကြ တဲ့ အဖေ တွေ လဲ ရှိတယ် မဟုတ်လား ကိုခ ရေ။
ဘယ်လိုဘဲ ရေးရေး ကိုယ့်မိသားစုလေး အတွက်ဘဲ ကြိုးစား နေရင်ကို ဟုတ်လှပါပြီ။
အတွေးလှလှလေး အတွက် ကျေးဇူးပါ။ 😛
ခင် ခ
July 13, 2013 at 3:36 pm
“(ဒီနေ့ခေတ် ဆိုရင်ပေါ့) ကွန်ပျူတာ မှာ ကြိုက်သလို လှပတဲ့ လက်ရေးပြောင်းပြီး ဘဝကို ရိုက်စား နေကြ တဲ့ အဖေ တွေ လဲ ရှိတယ် မဟုတ်လား ကိုခ ရေ။´´
ဆိုလို့ အရီးရေ တစ်ခါတလေတော့လည်း ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝကို ပြန်တွေးမိပြီး သင်္ခန်းစာ ရကာ နောက်လူတွေ မဖြစ်ရအောင် ပြောင်းရေးကြတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ရေးသူစေတနာ ဖတ်သူအကျိုး ဆိုရင်လည်း စာကောင်းပေကောင်းမဟုတ်တောင် စာညံပေညံတော့ မဖြစ်တန်ကောင်းလောက်တယ်ထင်တာဘဲလေ။
surmi
July 13, 2013 at 3:52 pm
အိမ်ရောက်မှ ကလေးတို့အမေကိုဖတ်ခို်င်းရမယ်
တွေ့လား ဒို့ ဦးခပြောတာ ငါကရေးတဲ့သူ
နင်ကစာဖတ်သူ လို့ 🙂
အတွေးလေးတွေကောင်းပါ့ဦးခ ရေ ..
•*¨နန်းတော်ရာသူ •*¨
July 13, 2013 at 5:37 pm
အရသာရှိတဲ့ရသလေးနဲ့စကားပုံအသစ်လေးကို အရသာရှိရှိဖတ်သွားတယ် ဦးခရေ
ခင် ခ
July 13, 2013 at 5:47 pm
ကိုဆာမိရယ် ဒီမှာဟင်းချက်နေတာ မအားရတဲ့အထဲ ရှင်ကတစ်မျိုးဆိုရင်တော့ ကျွန်နဲ့
ဆိုင်ဘူးနော်။
နန်းတော်ရာရေ ဖတ်သွားလို့ကျေးဇူးပါ။ စကားပုံတော့ မဟုတ်ရပါဘူးဗျ။ တောင်ရေးမြောက်ရေး ပါဗျ
မဟာရာဇာ အံစာတုံး
July 13, 2013 at 6:03 pm
မိုက်ဒယ် ….
အစကတော့ ရေးတော့ အဖေ ဖတ်တော့ အမေ ဆိုဒါ ဘာမှန်း သိဝူးး
ဖတ်လိုက်ရဒေါ့မှ …
ဂလိုကိုး ဆိုဒါ သိတွားဒယ် …
“နင်အဖေက လက်ရေးလှလှရေးတတ်ခဲ့တော့ နင်အမေက အထစ်အငေါ့မရှိ ဖတ်လို့ရတာပါပေါ့ဟာ”
.. ဆိုဒဲ့ စကားလေးကို အားဂျီး ခိုက်တွားဒယ် …
ကျုပ်လည်း လက်ရေး လှလှလေး ရေးဒတ်ဖို့ …
လေးကြောင်းမျဉ်း စာအုပ် တွားဝယ်လိုက်အုံးမယ် ….
ခင် ခ
July 13, 2013 at 9:19 pm
ဘဝစာမျက်နှာ လေးကြောင်းမျဉ်း မောင်ရင်ဘယ်ဆိုင်မှာများ ဝယ်မှာပါလိမ့်
Nyein Nyein
July 13, 2013 at 6:04 pm
တချို့အဖေတွေကျတော့လည်း လက်ရေးလှချင်ပေမယ့် လှအောင်ရေးနိုင်ဖို့အခြေအနေမရှိတာမျိုးလည်း ရှိမှာပေါ့နော်……… ဘယ်အဖေ မဆိုတော့ လက်ရေးလှအောင် ရေးချင်မှာပါ။
လေးခင်ခရေ…. တွေးစရာလေးတွေ ရလိုက်လို့ ကျေးကျေးပါ။
ခင် ခ
July 13, 2013 at 9:24 pm
လက်ရေးမလှသော် လက်ရာမြောက်တဲ့ အဖေဆိုပြီး နောက်ပ်ိုစ့်တစ်ခုရေးဖို့
အတွေးရလိုက်မိတယ် ငြိမ်းငြိမ်းရေ။ အတွေးစိတ်ကူးရစေတဲ့ကွန်မန့်
အတွက်ကျေးဇူးနော်။
Ma Ma
July 13, 2013 at 8:32 pm
မိသားစုတစ်စုဆိုတာ ဆိုင်းဝိုင်းတစ်ဝိုင်းလိုပဲလို့ အဖေက ပြောဖူးတယ်။
သူ့နေရာနဲ့သူ တာဝန်ကျေမှ သာယာနာပျော်ဖွယ်ဖြစ်မယ်လေ။ 🙂
ခင် ခ
July 13, 2013 at 9:52 pm
မှန်တာပေါ့ အမ မမ ရေ။ ဒိုးတူဘောင်ဖက် တက်ညီလက်ရှိကြတဲ့ မိသားစုဟာ ပျော်စရာတွေ ပြည့်နေမှာပါလေ။
ဦး ကြိမ်
July 14, 2013 at 4:57 am
ဆန်မရှိအဖေရှာ ချွေတာတော့အမိ ဆန်ရအောင်ဘယ်လိုရုန်း လုံးလုံးမှမသိ
ဆီမရှိအဖေရှာ ချွေတာတော့အမိ ဆီရအောင်ဘယ်လိုရုန်း လုံးလုံးမှမသိ………။
လွမ်း…….လိုက်တာအဖေတို့ အမေတို့ရယ်………..
ရေးတဲ့ ကိုခင်ခကို ကျေးဇူး အထူးပဲ တင်ပါတယ်…။
ko pauk mandalay
July 15, 2013 at 3:32 pm
ကိုခရေးတဲ့စာတွေထဲမှာ ဒီပိုစ်လေးကို အတော်လေးကြိုက်တယ်ဗျို့။
kyeemite
July 15, 2013 at 3:48 pm
ကိုခရဲ့ အတွေးစာစုကိုကြိုက်တယ်ဗျာ..
လက်ရေးလှအောင်ရေးကြအောင်…ဆိုလို့ မဆီမဆိုင်
သွားသတိထားမိတာက အခုခေတ် ခလေးတွေတော်တော်များများ(အထူးသဖြင့်ယောက်ကျားလေး)
လက်ရေးညံ့သဗျာ..ကျုပ်သားအပါအဝင်ပေါ့..
ဘဝစာမျက်နှာမှာရေးတဲ့ လက်ရေးတွေတော့ဘယ်လိုလာမယ်မသိ… 🙄
uncle gyi
July 15, 2013 at 10:55 pm
အဲဒီစာစုကိုမတွေ့ဖူးတာအမှန်ပဲဗျို့
အမှန်တော့မိသားစုဖြစ်လာကတည်းကအားလုံးတက်ညီလက်ညီရှိမှ
ဘာနဲ့တူသလဲဆိုတော့လှေတစီးလှေလှော်သားတွေညိီမှလိုရာရောက်သလိုပေါ့