“အေသင်ဒီမို”
ခေတ်ကာလ လူသားများဟာ တီထွင်ဖန်တီးမှုများစွာနဲ့ ခေတ်မီတိုးတက်တဲ့ နည်းပညာအရိပ်အောက်မှာ ဘာမဆို အဆင်ပြေလွယ်ကူသက်သာနေတာတော့ မှန်ပါရဲ့။ တွေးတောဆင်ခြင် သုံးသပ်မှုပိုင်းမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ဝ တုန်းက လူသားတွေကို မမှီလောက်ဘူးလို့ တွေးမိပါတယ်။ လူ့သမိုင်းတလျှောက်မှာ အဲသည်အချိန်ကလောက် အသိဉာဏ် အတွေးအခေါ်တွေ ကွန့်မြူးဝေဆာနိုင်တဲ့ ခေတ်တစ်ခေတ် ထပ်ပေါ်မလာတော့ဘူး။ အဲသည်တုန်းကဆို တရုတ်ပြည်မှာ ကွန်ဖြူးရှပ်စ်ကြီး ရှိတယ်။ ခုချိန်ထိ သူ့အယူအဆတွေကို တူတူတန်တန် အငြင်းပွားချေပနိုင်တဲ့သူ မရှိသေးဘူး။ ကိုယ်တို့ မဇ္ဇိမအရပ်မှာဆို ဂေါတမဗုဒ္ဓပွင့်ခဲ့တယ်။ ဥရောပတိုက်တလွှားမှာလည်း တွေးခေါ်ပညာရှင်တွေ အမြောက်အများ ပေါ်ထွက်ခဲ့တယ်။ အလုပ်မလုပ်ပဲ မုတ်ဆိတ်ကြီးပွတ်ပြီး ငုတ်တုတ်ထိုင်နေရင် သမီးနဲ့အတင်းခေါ်ပေးစားခံရတယ်ဆိုတာ အဲသည်ခေတ်က ဖြစ်လိမ့်မယ်။ ရန်ကုန်တက္ကသိုလ်မှာ ဒဿနိကဗေဒလို့ခေါ်တဲ့ ဖီလော်ဆော်ဖီပညာရပ်က သင်ရိုးညွှန်းတမ်းထဲမှာပါတဲ့ တွေးခေါ်ပညာရှင်တွေဟာ ၂ဝ ရာစုက လူသားတွေထက် ဘီစီ ငါးရာစု ပတ်ဝန်းကျင်က ဆရာ့ဆရာကြီးတွေက ပိုများ လိမ့်မယ် ထင်ပါတယ်။
အဖြစ်အပျက်တွေက တစ်နေရာစီမှာမို့လို့ မဆက်စပ်မိကြပေမယ့် ခုနှစ်သက္ကရာဇ်ကလေးတွေနဲ့ ကမာ္ဘ့မြေပုံပေါ် ခြေရာကောက်ကြည့်လိုက်တော့ ခေတ်ပြိုင် (Contemporaray) ဆိုတဲ့ စကားကို ပိုနားလည်လာတယ်။ စိတ်ဝင်စားဖို့လည်း ပိုကောင်းလာတယ်။ နီပေါနဲ့ အိန္ဒိယနယ်စပ်နား ကပ္ပိလဝတ္ထုဆိုတဲ့ မန်းလေးမြို့လောက် မကျယ်ပြန့်တဲ့ ပဒေသရာဇ်နိုင်ငံငယ်ကလေးမှာ သုဒ္ဓောဓနဘုရင်ဟာ သူ့သားလက်ထက်ကျရင် စကြာဝဠာကြီးကို ပိုင်စိုးမယ့် စကြဝတေးမဏ္ဍတ်မင်း ဖြစ်ရမယ် ဆိုတဲ့ အိပ်မက်ကို မက်နေပါပြီ။ အဲ့ဒီအချိန်နဲ့ မလှမ်းမကမ်း တရုတ်ပြည်မှာတော့ ပထမမြောက်ဧကရာဇ်ကြီးက သူ့အရှေ့ရှိခဲ့ပြီးသော သမိုင်းမှတ်တမ်းများကို မီးရှို့ဖျောက်ဖျက်ပစ်ပြီး လက်ရှိတရုတ်နိုင်ငံလောက်နီးပါး အကျယ်အဝန်းရှိတဲ့ အင်ပါယာကြီးတစ်ခု ထူထောင်နေနှင့်ပြီ။ သူ့အာဏာတည်တံ့ရေးအတွက် အာကာသထဲက လှမ်းကြည့်ရင်တောင်မှ ချုပ်ရိုးကြောင်းကြီးတစ်ခုလို မြင်နေရတဲ့ မဟာတံတိုင်းကြီးကို ဆောက်နေခဲ့ပြီ။ ဥရောပ အရှေ့တလွှားမှာတော့ ဂရိတွေက အေသင်မြို့ပြနိုင်ငံထူထောင်ပြီး ဆိုကရေးတီးလို တွေးခေါ်ပညာရှိကြီးတွေ၊ ဟစ်ပိုကရေးတီးလို ဆေးပညာရှင်ကြီးတွေ ပေါ်နေခဲ့ပြီ။ သည်ကနေ့ကမာ္ဘပေါ်မှာ လေ့လာလိုက်စားစရာ ပညာရပ်ကြီးတွေရဲ့ မြစ်ဖျားခံရာဟာ သူတို့ခေတ် သူတို့အခါက ဆရာကြီးတွေ လမ်းသစ်ထွင်ခဲ့ကြတာချည့်ပဲ။ ယုံကြည်ချက်အတွက်ဆိုရင် ကိုယ့်အသက်ထက် အဆိပ်ခွက်ကို ရွေးသွားခဲ့ကြတာချည့်ပဲ။ ကမာ္ဘပြားတဲ့ တလောကလုံးကို “မပြားဘူး။ လုံးတယ်။” လို့ အခိုင်အမာရပ်တည်ရင်း စုန်းယိုးမီးရှို့ခံရလည်းပဲ သွေးကြောင်မသွားခဲ့တာ သူတို့ခေတ်ကပေါ့။
ကိုယ်တို့ခေတ် မြန်မာနိုင်ငံအဝှမ်းမှာ ၁၉၈၈ ကတည်းက သွေးချောင်းစီး မီးဟုန်းဟုန်းတောက်အောင် မကြားနိုင်သူတွေက မကြားနိုင်၊ လက်မခံနိုင်သူတွေကလည်း လက်မခံနိုင်၊ အဲသဟာကြီးအတွက် အသက်သွေးချွေးနဲ့ ဘဝတွေ ရင်းနှီးလိုက်ရသူတွေလည်း မရေမတွက်နိုင်ရှိခဲ့တဲ့ ဒီမိုကရေစီဆိုတဲ့စကားလုံးကြီး သန္ဓေတည် မွေးဖွားလာခဲ့တာလည်းပဲ အဲသည်ခေတ် အဲသည်အချိန်တုန်းက အေသင်ချိုဆွေတွေရဲ့ ကျေးဇူးကြောင့် လို့ ပြောရရင် မမှားပါဘူးကွယ်။ ကမာ္ဘတလွှားနိုင်ငံအသီးသီးမှာ လက်ရှိကျင့်သုံးနေကြဆဲဖြစ်တဲ့ ဒီမိုကရေစီ ပုံသဏ္ဍာန်အမျိုးမျိုးမှာ အေသင်မြို့သားတွေရဲ့ ဩဇာနဲ့ ကင်းတာ ဘယ်တစ်ခုရှိလို့လဲ ပြစမ်းပါဦး။ ဒါကြောင့် အေသင်မြို့ပြနိုင်ငံရဲ့ ဒီမိုကရေစီဆိုတာ ဘယ်လိုပုံစံမျိုးလည်း သိရအောင် နည်းနည်းပါးပါး တီးခေါက်ကြည့်ရအောင်နော့။
အေသင်ဆိုတာ ဘီစီငါးရာစုလောက်တုန်းက ဂရိလူမျိုးတွေ အင်ပါယာချဲ့ထွင်ကြတဲ့အခါ ဦးဆောင်ခဲ့တဲ့ မြို့ပြနိုင်ငံငယ်တစ်ခုပေါ့။ အဲဒီခေတ်က ခေါမ၊ ရောမ၊ ဂရိ အစရှိတဲ့ လက်နက်နိုင်ငံကလေးတွေ ပေါ်လာပြီး ထွန်းကားခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဟာ သည်ကနေ့ထိ စံထားထိန်းသိမ်းနေရဆဲ တသသ နှုတ်ဖျားကမချ ချီးမွှမ်းနေရဆဲပါပဲ။ လက်မောင်းအရင်းက ကျိုးပဲ့နေတဲ့ အဖရိုဒိုက်နတ်သမီးရဲ့ ရုပ်ထုပုံတူကလေးတွေတောင် တကမာ္ဘလုံးက ဧည့်ခန်းဆောင်တွေမှာ တင့်တင့်တယ် နေရာယူထားတုန်း။ ဟာကြူလီ၊ ဗီးနပ်စ်၊ ပန်ဒိုရာ၊ ကျူးပစ်ဆိုတဲ့ ဇာတ်ကောင်ကလေးတွေကို မကြားဖူးတဲ့ ၂၁ရာစုလူသားရယ်လို့ မရှိသလောက် တွင်ကျယ်နေတုန်း။ အိုဒစ်ဆီဆိုတဲ့ ကဗျာရှည်ကြီးတွေကို နောက်လူတွေ လိုက်မှီဖို့ မနီးစပ်သေးဘူး။
အေသင်မြို့ပြနိုင်ငံရဲ့ ထူးခြားချက်ကတော့ သူနဲ့ခေတ်ပြိုင် ပဒေသရာဇ်နိုင်ငံကြီးငယ်တွေလို မိုးပေါ်ကကျလာတဲ့။ ဘုရားသခင် အာဏာအပ်နှင်းထားတဲ့ နေနတ်နွယ် ဧကရာဇ်မင်းမြတ်တွေကို အလုံးစုံသော အာဏာအပ်နှင်းထားတာ မဟုတ်ပဲ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ် ဉာဏ်ကြီးရှင်များပါဝင်တဲ့ လွှတ်တော်ကြီးကနေ တိုင်ပင်စည်းဝေး အုပ်ချုပ်ကြသတဲ့။ အဲ့ဒါမျိုး သူ့အရင်က မရှိခဲ့ဘူး။ ကုသိနာရုံက မလ္လာမင်းများလို ဂဏလွှတ်တော်နဲ့ တစ်ယောက်တစ်လှည့် အုပ်ချုပ်တာတောင် မဟုတ်ဘူး။ ကမာ္ဘ့သမိုင်းကြီးကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ ကားလမက်တို့ အိန်ဂျယ်တို့ထက် အများကြီးစောတာပေါ့။ ကွာတာကတော့ သူတို့က ဘယ်သူဘာဖြစ်ဖြစ် ပစ္စည်းမဲ့လူတန်းစား အာဏာရရမယ်ဆိုတဲ့ စံနစ်မဟုတ်ဘူး။ တိုင်းပြည်အုပ်ချုပ်တဲ့အခါမှ ပညာဉာဏ်ကြီးသူတွေက ဆွေးဆွေးနွေးနွေး တိုင်တိုင်ပင်ပင်နဲ့ အများဆန္ဒကို မလွန်ဆန်ပဲ အုပ်ချုပ်ရမယ်ဆိုတဲ့ မူဝါဒပါ။
အေသင်ဒီမိုကရေစီအတွက် တင်းကြပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှုပါပဲ။ အေသင်မှာနေတဲ့ ဂရိလူမျိုးတိုင်းဟာ မဲပေးခွင့်ရှိသော နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံရပါဘူး။ နံပတ်တစ်ကတော့ မဲဆန္ဒရှင်ရဲ့ မိဘနှစ်ပါးစလုံးဟာ ဂရိလူမျိုး ဖြစ်ရမယ့်အပြင် အေသင်မှာ အခြေချနေထိုင်သူသာ ဖြစ်ရမတဲ့။ ကိုယ့်တိုင်းပြည်အရေးကို ကိုယ်တိုင်ပါဝင် ဆုံးဖြတ်ချင်တယ်ဆိုရင် ကိုယ့်အိမ်ထဲက အတွင်းလူသာ ဖြစ်သင့်သတဲ့။ သူ့ဘာသူ အပြင်ကနေ ဘာတွေပြောပြော မောရင်ရပ်သွားလိမ့်မယ်။ ကိုယ့်ကိစ္စ ကိုယ့်အရေးကိုတော့ ကိုယ့်ချင်းကိုယ့်ချင်းပဲ ဆုံးဖြတ်ကြရမယ်။ အဲသလိုမျိုး။ ဟွန့်။ အေသင်သားတွေ ယိုတဲ့ချေးများ နည်းနည်းလောက်ကျန်ရင် ပြာချပြီး တပြည်လုံးကျွေးလိုက်ချင်ပါသလေ။ အားပုဂျိကိုတော့ အတုံးလိုက်မျိုခိုင်းမယ် သိလား။ ဒါမှ နိုင်ငံသားဖြစ်ခွင့်ဆိုတာ နားလည်သွားမယ်။
ဒုတိယအချက်ကတော့ အဲသည်အေသင်သားဟာ တိုင်းပြည်အတွက် တာဝန်ကျေခဲ့ပြီးသူလည်း ဖြစ်ရဦးမတဲ့။ အခွန်တွေကျေလည်အောင် ပေးဆောင်ရမယ်။ စစ်မှုထမ်းတဲ့တာဝန်ကိုလည်း ကျေပွန်ခဲ့ဖူးရမယ် တဲ့။ (တစ်မတ်သားများ လက်ခမောင်းခပ်ချေတော့ကွယ်။) အဲသလိုမျိုး သုံးလွန်းတင်မှကြိုး၊ ဒေါင်ဒေါင်မြည်မှအိုး ဆိုတဲ့သူတွေကမှ အေသင်ပြည်သူ့လွှတ်တော်ကို ပါဝင်ခွင့်၊ တက်ရောက်ခွင့်၊ ဆွေးနွေးခွင့်၊ မဲပေးခွင့် ရကြပါလေသတဲ့။ ဒါဆိုပြီးပလား။ တော်ပြီ ရပြီ ပွဲသိမ်းပြီ လို့ထင်ပြီး ချိတ်လုံချည်လေး ခေါင်းပေါင်းကလေးနဲ့ ယောသိမ်းလိုက် ဘသားယိမ်းလိုက် လုပ်ဖို့တော့ စိတ်မကူးနဲ့ဗျ။ နားကားသွားမယ်။ သူတို့လွှတ်တော်ဆိုတာ လက်ညှိုးထောင်၊ ခေါင်းငြှိမ့်၊ လက်ခုပ်တီး၊ အိမ်ပြန် လုပ်လို့မရဘူးဗျ။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့အတွက် ကော်မတီတွေဖွဲ့ရတယ်။ တို့ဆီကလို ကော်မရှင်ဖွဲ့၍ စုံစမ်းစစ်ဆေးရန် လိုမလို စုံစမ်းစစ်ဆေးရေးကော်မရှင်မျိုး မဟုတ်ဘူး။ မလိုအပ်သော အစည်းအဝေးများ လျော့နည်းသွားစေရေး အစည်းအဝေး ဆိုတာမျိုးလည်း မရှိဘူး။ မဲပေးခွင့်ရှိသူတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ကိုယ့်သက်ဆိုင်ရာကော်မတီမှာ တက်ကြွထိရောက်စွာ ဦးဆောင်ဆွေးနွေးနိုင်ရမတဲ့။ အရေးကြီးဆုံး အရည်အချင်းကတော့ တော်ကီလွှတ်ကောင်းရမတဲ့။ ကိုယ်ကိုယ်တိုင်က ကိုယ့်စကားကို ယုံကြည်ချက် အပြည့်အဝနဲ့ ပြောနိုင်ပြီး လူအများရဲ့ ယုံကြည်မှုကိုလည်းပဲ သိသိသာသာရလာအောင် စည်းရုံးဟောပြောနိုင်စွမ်း ရှိရမတဲ့။
သူတို့လို ပြောရေးနှုတ်မှု အနုပညာအတွက် လိုအပ်တဲ့ အရည်အချင်းတွေက မနည်းပါဘူးတဲ့။ အဓိကအားဖြင့် ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင် သိရမတဲ့။ တောင်စဉ်ရေမရ လျှောက်ပြောနေတာမျိုး မဟုတ်ပဲ ကိုယ့်စကားရဲ့ ဦးတည်ချက်ကို ကိုယ့်ဘာသာ နားလည်ထားပြီးသား ဖြစ်ရမတဲ့။ သူများက မေးမြန်းစစ်ကြောလာရင် ဖြေရှင်းနိုင်ဖို့ အချက်အလက်တွေကိုလည်း ကြိုတင်ပြင်ဆင်ထားရဦးမတဲ့။ ပြီးရင် ကိုယ်ပြောမယ့် အချိန်အတိုင်းအတာတစ်ခုကို ကိုယ့်ဘာသာ သတ်မှတ်ပြီး အဲဒီအချိန်အတွင်း ချက်ကောင်းမှန်အောင် ထိထိမိမိ ပြောနိုင်ရမတဲ့။ ပြောတဲ့အခါမှာလည်း တောင်ကြည့်မြောက်ကြည့်၊ မျက်လုံးကလေး ကလယ်ကလယ်၊ ဂနာမငြိမ် အမာစိန်ဟန်နဲ့မဟုတ်ပဲ ဝင့်ဝင့်ကြွားကြွား အထက်စီးက ဩဇာသံနဲ့ ပြောတတ်ရမတဲ့။ ကိုင်း ဘယ့်နှယ်ရှိစ။ လွယ်သလား ခက်သလားရာမ။ ပြောစမ်းပါဦး။ လွယ်သလား ခက်သလား။ ဒီအရည်အချင်းနဲ့ နှုန်းမီစံကိုက်ပုဂ္ဂိုလ်ဆိုလို့ ကိုယ်တို့ဆရာကြီးကိုပဲ ပြေးပြေးမြင်ပါတယ်ကွယ်။ သူ့ဆို ရေပက်မဝင်ဘွဲ့တောင် ပေးထားကြသတဲ့။ ချက်ကျလက်ကျ ငြင်းမရအောင် ပြောနိုင်တယ်။ (ကြုံတုန်း ပေါ်တင်ကြီး လော်ဘီလုပ်ပလိုက်သည်။ ဟိ ဟိ။) ကိုယ်တို့ဆီဖြင့် အနှစ်နှစ်ဆယ်လုံးလုံး ပြည်သူကို ဘာစကားတစ်ခွန်းမှ မပြောပဲ ဟိတ်ဆိုတိတ် အုပ်ချုပ်သွားတဲ့သူကြီးကိုပဲ ပိုတော်တယ် လို့ ပြောရမလား မသိပေါင်ကွယ်။
ဒီလိုဆိုတော့ လွှတ်တော်ထဲက အေသင်သားတွေဟာ လွှတ်ပြီးကိုတော်နေကြတာပေါ့လေ လို့ အထင်တွေ စွတ်ကြီး မသွားနဲ့ဦးဗျ။ လျှို့ဝှက်ချက်ရှိတယ်။ “သူ့ချည့်သာလော” လို့ ဆက်မေးလိုက်။ “အကြံပေးနှင့်ပါဖျား” လို့ ဖြေလိမ့်မယ်။ သူတို့ကို နှုတ်မှုရေးရာ ကျွမ်းကျင်လာအောင်၊ ယထာဘူတကျကျ တွေးတတ်လာအောင်၊ ပညာဗဟုသုတ ကြွယ်ဝလာအောင် နောက်ကွယ်က သင်ကြားပို့ချပေးသော ဆကာကြီးများ ရှိပြီး ဆိုးဖစ်စ်ကြီးများ (Sophists) လို့ ခေါ်ပါသတဲ့။ ဂရိတ်ဦးဖိုးစိန်တောင် နောက်ကွယ်ကားဖုံးက စာထောက်ပေးရတဲ့ ငအောင်ထားရသေးတာပဲဟာ။ ဂရိတိုင်းပြည်မှာ ဆိုးဖစ်စ်ဆိုတာ အသိပညာပေးသူ လို့ အဓိပ္ပါယ်ရပြီး အေသင်နိုင်ငံရေး အဆုံးအဖြတ်တွေဟာ ပညာတတ်လူတန်းစား၊ ပညာရှိကြီးများ၊ တွေးခေါ်မျှော်မြင်တတ်သူကြီးများရဲ့ ဩဇာလွှမ်းမိုးတဲ့အတွက် အေသင်ဒီမိုကရေစီဟာ ငွားငွားစွင့်စွင့် ပွင့်လန်းခဲ့တာ။ ကိုယ့်ဆီကလူတွေလို “ဆောက်ကြည့်လေ။ ပြိုသွားပလား။ အဲ့ကောင် ဖြုတ်ပလိုက်၊ နောက်တစ်ကောင်ခေါ်။ အသစ်ပြန်ဆောက်။” ဆိုတဲ့ အမှားသံသရာ မှာ ကိုယ့်အိပ်ထဲချည့် ဖောင်းသထက်ဖောင်းလာတဲ့ Planning, Implementation, Evaluation ဆိုတာတွေကို ပဋိစသမုပတ် တစ်ပတ်လည်ခဲ့ပြန်ပြီကော လို့ ဖြစ်ပျက်ရှုနေရတာမျိုး ဘယ်ဟုတ်မလဲ။
အေသင်ဒီမိုကရေစီရဲ့ သင်ခန်းစာတွေကို ဒီမိုကရေစီခေါင်းစဉ်တပ်ထားတဲ့ အကွဲကွဲအပြားပြားသော အတိုက်အခံပါတီများက သင်ခန်းစာ မယူနိုင်ခဲ့ပေမယ့် ဒီမိုစကားကို နားခါးလှပါတယ်ဆိုတဲ့ အာဏာရှင်အရိပ်အောက်က မလွတ်တလွတ် သေနာပတိကြီးများကတော့ ချက်ကောင်းကကိုင်ပြီး လက်တွေ့ အသုံးချနိုင်ခဲ့ပါတယ်။ သူတို့လက်အောက်မှာ ဆိုးဖစ်စ်တွေ အများကြီးမွေးထားနှင့်တယ်။ ကိုယ့်ထဲကိုယ့်ဟာလေးတွေကို မြှောက်ကာချော့ကာ အပိုင်မွေးလို့ နိုင်ငံတကာ့နိုင်ငံ နှံ့နေအောင် ပညာသင်တွေ လွှတ်ထားပြီးသား။ ကိုယ့်ကို လက်နက်ကိုင် ပုန်ကန်ဖို့ အာခံထွက်သားပြီးသားထဲကတောင်မှ နိုင်ငံရပ်ခြားမှာ စံနစ်တကျ နိုင်ငံရေးပညာ သင်ကြားလာတဲ့သူတွေကို အကြံပေးကုလားထိုင်ကလေး တစ်လုံးပေးပြီး ကိုယ်သုံးဖို့ ဆိုးဖစ်စ်လုပ်ထားလိုက်တာလည်း ဗုံးကွဲရင် စွပ်စွဲစရာတောင် လူမကျန်တော့ဘူး။ အားအားယားယား ဖေ့စ်ဘုတ်ပေါ် လမ်းသလားနေတဲ့အကောင်တွေ အလေနတော လျှောက်ရေးသမျှကို လူငှားနဲ့ လုံးစေ့ပတ်စေ့ဖတ်ခိုင်းပြီး ကိုယ့်အတွက် ဘယ်လိုအသုံးတည့်နိုင်သလဲ မသိသူကျော်သွား သိသူဖော်စားလုပ်နေတာလည်း အတိုက်အခံထဲကတော့ တစ်ယောက်မှ မမြင်မိပေါင်ဗျာ။ (သားရေးတဲ့စာတွေကို အချိန်မရလို့ တစ်ခါမှ မဖတ်ဖူးဘူးဆိုတဲ့သူတွေကို သား သိပ်မုန်းတာပဲ မေမေ။) ကိုယ့်ကိုယ်ကိုယ် ဆိုးဖစ်စ်တစ်ယောက်အဖြစ် ဘယ်တုန်းကမှ မတွေးဖူးသော်လည်းပဲ ကိုယ်ရေးတဲ့စာတွေကို ချစ်တဲ့သူတွေက အရေးမလုပ်အားပဲ မုန်းသူတွေက အကျိုးရှိရှိ အသုံးတည့်အောင် ဖတ်ဖော်ရနေသေးတော့ ဘာပဲပြောပြော တိုင်းပြည်အတွက် အကျိုးတစ်ခုခု ရှိသွားရင် တော်ပါပြီလေ လို့ စိတ်ဖြေရတယ်။
အေသင်ဒီမိုကရေစီအကြောင်းပြောတဲ့အခါမှာ ကောင်းတာတွေချည့်ပဲ ကွက်ပြောလို့တော့ မဖြစ်သေးဘူး။ ဆိုကရေးတီးကြီးကို အဆိပ်ခွက်ကမ်းတာလည်း အဲသည် ဒီမိုကရေစီကပဲဆိုတာ ပြောရဦးမှာပေါ့။ အတွေးအခေါ်အယူအဆတွေ ပွင့်လင်းလာတဲ့အခါ အရင်တုန်းက မျက်စိမှိတ်ပြီး ယုံကြည်လာခဲ့ကြတဲ့ နတ်ဘုရားဒေဝတာများအပေါ်မှာ တကယ်ရှိမရှိ သံသယ ဝင်လာတယ်။ အမှန်တရားဆိုတာကို ရှေးရိုးစွဲအယူဝါဒတွေ စွန့်ပယ်ပြီး ရှာလာတယ်။ လူကြီးသူမပြောစကား နဲ့ ဘာသာရေး အဆုံးအမတွေအပေါ် တွေးခေါ်ဉာဏ်နဲ့ သုံးသပ်လာတယ်။ ဒီအခါမှာ ခုခေတ်စားလာတဲ့ ဟိုင်းဖလုံးကြီး သုံးလိုက်ရရင် ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ်လစ်ဇင်တို့ ကွန်ဖလစ်ဖြစ်လာတယ်။ (မှတ်ပလား။ ဂလိုပြောမှ လူရှိန်တာလေ။) ဒါကြောင့် ကလေးတွေကို ပြောဆိုသွန်သင်ရခက်အောင် မြှောက်ထိုးပင့်ကော်ပြုမှု၊ ဘာသာရေး မကြည်ညိုအောင် စည်းရုံးလှုံ့ဆော်မှုတွေနဲ့ ဆိုကရေးတီးကြီးကို ခုံရုံးတင်တဲ့အခါ ကန့်ကွက်မဲတောင် မရှိသလောက် ညီညီညွတ်ညွတ်နဲ့ သေဒဏ်ပေးခဲ့ကြသတဲ့။ ဒါလည်း ဒီမိုကရေစီကျတဲ့ အဆုံးအဖြတ်တစ်ခုပဲမို့ မှားတယ် မဆိုနိုင်သော်ငြား တိုင်းပြည်နစ်နာခဲ့တာလည်း အမှန်ပဲ။ ပညာနဲ့ အုပ်စီးဦးဆောင်မှု မရှိတဲ့ ညီညွတ်စိတ်ဝမ်းဟာ အလုံးစုံ ပျက်စီးရေးဘက်ကို အားသန်တာတော့ ကိုယ်တွေ့ကြုံလာတဲ့အခါ သိလာပါလိမ့်မယ်။ ဒါကလည်း သင်ခန်းစာယူနိုင်လောက်တဲ့ အသိဉာဏ် ရှိဦးမှပါလေ။
ကိုယ့်အလို ကိုယ့်ဆန္ဒကတော့ ပညာတတ်ဆိုတာ အာဏာရှင်တွေလို တိုင်းပြည်ငြိမ်ဝပ်အောင် အုပ်ချုပ်နိုင်စွမ်း မရှိတာ ဝန်ခံပါတယ်။ အုပ်ချုပ်ရေးဆိုတာကလည်း သီးခြား အတတ်ပညာတစ်ခုပဲကိုး။ ဒါပေမယ့် အုပ်ချုပ်တဲ့သူက ပညာရှင်တွေကို အေသင်မှာ ဆိုးဖစ်စ်တွေကို နေရာပေးတန်ဖိုးထားသလို တလေးတစား အကြံဉာဏ်ကလေးများ တောင်းခံမယ်ဆိုရင် နှစ်ဦးနှစ်ဘက်ရော တိုင်းပြည်အတွက်ပါ အကျိုးများမယ် ထင်တာပါပဲ။ တို့မေကြီးရော ဆိုးဖစ်စ်ကလေး တစ်ကောင်တလေ ယောင်ပေပေလုပ်ပေးမယ့်သူ မလိုဘူးလားဟင်။ လခတစ်ပြားမှ ပေးစရာ မလိုပါဘူး။ ဖေ့စ်ဘုတ်အကောင့်လေးဖွင့်လိုက်။ ဝက်ဝက်ကို ကွဲသွားဦးမှာ။ တော်တော်ကြာ လွှတ်တော်ထဲကနေ ဖေ့စ်ဘုတ်ကြီးကို ချက်ကင်ဝင်တတ်သွားရင် like တွေ သန်းခြောက်ဆယ်လောက်ရလာမှာ သိလား။ အဟေး အဟေး။ ပျော်စရာကြီး။
credit to Dr Soe Min
43 comments
အရီးခင်လတ်
July 13, 2013 at 8:24 pm
အားရိုရို ……
ငါဟဲ့ ဆိုးဖစ်စ် နံပါတ်တစ် 😉
ဘူသူ့ကို နောက်ကွယ်က သင်ပေးနေတာလဲ။ သိလား။
ငှဲ၊ ငှဲ၊ ငှဲ
(ကြုံတုန်း ပေါ ကြည့်တာ ကြောင်လွှတ်ကြပါ)
😆
ဒါထက်
ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ်လစ်ဇင်တို့ မျက်လုံးကလေး ကလယ်ကလယ် နဲ့ သား သိပ်မုန်းတာပဲ မေမေ။
ကြည့်ရတာ ဒီ ဆြာ လဲ ဒီ ရွာသား များလား။
😛
ဒီ Post လေး မျှပေးလို့ ကျေးဇူးပါ nicolus agral ရေ။
padonmar
July 15, 2013 at 9:22 pm
(တို့မေကြီးရော ဆိုးဖစ်စ်ကလေး တစ်ကောင်တလေ ယောင်ပေပေလုပ်ပေးမယ့်သူ မလိုဘူးလားဟင်။)
ဒီစကားမျိုး မောင်ဂီလည်း ရေးဖူးတယ်။
မောင်ဂီကတော့ ဆရာစိုးလို ပညာရှိအကြံပေး ဆိုးဖစ်စ်တွေ မထားခိုင်းပဲ ဒေါ်စုကိုယ်စား မိုက်ပေးမယ့် ဆိုးပေတွေ အနားမှာရှိစေချင်တယ်တဲ့။
kai
July 14, 2013 at 6:42 am
… ဒေါ်အောင်ဆန်းစုကြည်ရဲ့…အဓိကအားနည်းချက်က.. အဲဒါပဲ..
တည့်တည်ပြောရရင်တော့… တပည့်မမွေးတတ်တာပဲ..။ တယောက်ထဲချွန်လို့ထွက်နေတယ် တွေးမိတယ်..။
အနာဂတ်အတွက်(သူလိုလူ)ခေါင်းဆောင်ကောင်းကို လေ့ကျင့်မွေးမပေးနိုင်.. အကြံပေးတွေစနစ်တကျမထားနိုင်…
သေချာကြည့်.. သူ့ဘေးမှာ.. တယောက်မှမရှိ…။
ပြောပြရရင်.. အခုသမ္မတအုပ်စုထဲအကြံပေးတွေဖြစ်နေတဲ့သူ.. အနည်းဆုံး ၂ယောက်က.. မန္တလေးဂဇက်နဲ့အင်တာဗျုးဖူးတယ်…။
၅ယောက်မကက.. ဆက်ဆံဖူးတယ်..။
သူတို့.. အကြံပေးမဖြစ်ခင်ဟိုးအရင်.. .. စစ်အစိုးရလက်ထက်ကပေါ့…
ဒီလိုလူတွေ.. ဒီချုပ်ဖက်ပါသွားစေချင်တာလေ…
အခုတော့…။ ဂိ…။
ပြောရရင်.. လစ်ဘရယ်(ဘယ်)ကွန်ဆာဗေးတစ်(ညာ)အယူအဆလွန်ခဲ့တဲ့.. ၃နှစ်လောက်က.. မြန်မာပြည်နိုင်ငံရေးထဲ သွပ်သွင်းသင့်တယ်..ချပြတုံးက.. ဘယ်သူမှစိတ်မဝင်စား..
ဒေါ်အောင်ဆန်းစုကြည်ကို.. လစ်ဘရယ်ထဲ.. အလယ်ထားသင့်သလား..။
ဘယ်-ညာရဲ့အလယ်ထားသင့်သလား.. လိုက်မေးဆွေးနွေးတုံးက.. ဘယ်သူမှစကားမေးမရ…
အခုတော့… ဒုံချန်းချန်းပေါ့..။
သာဓုပါ.. လောကနိတိဘက်တော်သားများ….။
အရီးခင်လတ်
July 14, 2013 at 1:52 pm
အေးတဲ့ရာသီနဲနဲပူလာလို့လားမသိဘူး။
ကန့်လန့်တိုက်ချင်လာလို့ ပါ။
ဒေါ်အောင်ဆန်းစုကြည် က သူ့အနီးမှာ အားကိုးရမဲ့သူ တပည့်များရှာရာမှာ ဘယ်လို ပုံစံနဲ့ ရှာရမှာလဲ သူကြီးရယ်။
သူ့ကို အကြံပြုနိုင်မဲ့ ပညာရှိကဝိ များကိုတော့ တပည့်လို မွေးလို့ မရဘူးလေ။
သူကြီးပြောတဲ့ “သမ္မတအုပ်စုထဲအကြံပေးတွေဖြစ်နေတဲ့သူ..” တွေ ဆိုတာက သူ့ ထမင်းအိုး အကွဲခံပြီး ဒေါ်အောင်ဆန်းစုကြည် နားမှာ နေမတဲ့ လား။
လက်ညိုးထိုးရာ လိုရာရ ဘဝပိုင်ရှင် တွေ ရဲ့ အနားမှာဘဲ နေချင်မပေါ့။
တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည် ကို အင်မတန်ကြိုက်၊ အင်မတန် အားပေးခဲ့ကြတဲ့ မြန်မာပြည်က ဒိတ်ဒိတ်ကြဲ ပညာတတ်တွေ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီးမှာ ဘယ်သူမှ ပေါ်ပေါ်တင်တင် အားမပေးရဲကြတော့ တာ ဒီနေ့ ထိတောင် ရှိနေတုန်းဘဲ။
ဒါ လုပ်ဇာတ်ပြောတာမဟုတ်ဘူး။
ပြီးခဲ့တဲ့ World Forum မှာ ပညာရပ် ဆိုင်ရာမှာ အင်မတန်တော်တဲ့၊ ထက်တဲ့၊ အောင်မြင် နေတဲ့ လူတစ်ယောက် ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်။
သူ့မှာ အရမ်းကို ဂုဏ်ယူ ပျော်ရွှင် နေခဲ့လွန်း ပေမဲ့ တရားဝင် နာမည်ထုတ် ဖွင့်ပြောရဲ မယ်ထင်လို့လား။
သူ့ဝမ်းသာလုံးစို့ ခဲ့ရတာ ကို မသိမသာဘဲ Status ပြ ခဲ့တာ။
ကျွန်မ လဲကိုယ်ချင်းစာပါတယ်။
ဒီ လိုလူတွေနဲ့ မလွဲမရှောင် ပေါင်းနေ ရတဲ့ သူတွေ ဟာ သူတို့ အငြိုအညင် ဘယ်ခံရဲပါ့မလဲ။
တစ်ချို့ အာဏာရှိ သူ တွေ ရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားတဲ့ အညိုးက အခုထိ ပေါ်ပေါ်တင်တင် ပြနေဆဲဘဲ။
ဒီလို ပြည်တွင်း က လူတွေ အလယ်မှာ ရေလိုက် ငါးလိုက် နေနေ သ၍ ဒေါ်အောင်ဆန်းစုကြည် လဲ တစ်ကိုယ်တော် ဘဲ ဖြစ်နေရမှာ။
လက်ရှိ သူ့နားက သူတွေ ကလဲ သူတို့ ငယ်ဘဝ တွေ ကို ထောင်ထဲ မှာ ရင်းခဲ့ရပြီမို့ တကဲ့လက်တွေ့ မှာ ဒီလို အာဏာရှင်နားက ဆရာ တွေ နဲ့ ဘယ်လို ယှဉ်နိုင်မလဲ။
အနားမှာ ဒီလို စရာ့ ဆရာ တွေ ဝိုင်းနေတာတောင် တိုင်းပြည် တစ်ဝှမ်း ဘာများ ထူးထူးခြားခြား တိုးတက်လာ လို့လဲ ကွယ်။
လူတန်းစားတစ်ရပ်သာ ချမ်းသာပြီးရင်း ချမ်းသာ နေတာပါ ဘဲ မဟုတ်လား။
နောက် နိုင်ငံပြင်ပ က ပညာရှင်တွေ။
အဲလို လူတွေ က နိုင်ငံထဲ ပြန်ဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ပံ့ပိုးဖို့မှာ လက်ရှိသူ့အနားက လူတွေ ဘယ်လောက် သဘောထားကြီးနိုင်မလဲ ဆိုတာပါဘဲ။
အဲလို လူတွေ ကရော ဒေါ်အောင်ဆန်းစုကြည် ကို ပံ့ပိုးချင်မှာလား၊ သူတို့ ဟာသူတို့ စင်ထောင်ချင်တာလား။ ဆိုတာကလဲ ရှိသေးတယ်။
ကျွန်မ အနေနဲ့ကတော့ ကိုယ်လဲ မတတ်ပါ။ ရုပ်ရှင်ကြည့်ပြီး ဝေဖန်နေသလိုဘဲ ရှိတာပါ။
စာမသင်ရဘဲ စာသင်ခန်းအပြင်မှာ နေနေ ရတဲ့ ကလေး တွေ ကို စောင့်ရှောက်ချင်တဲ့ လေနဲ့ လုပ်ပြနေတာ မဟုတ် တဲ့ ဘယ်သူ ကို မဆို အုပ်ချုပ်သူအဖြစ် တလေးတစား လက်ခံမှာပါ။
လောလောဆယ်မတော့ အဘ တို့ က ကိုယ့်နေရာ အတွက်ဘဲ အာရုံထားနေတာ မြင်နေရဆဲမို့ တိုင်းပြည်ကို တကယ်ကောင်းစားလိုစိတ်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို တတ်နိုင်သ၍ ( လေအား နဲ့ဖြစ်ဖြစ်) အားပေးနေရတာပါဘဲ။
အချုပ်ကတော့
တိုင်းပြည်ထဲမှာဘဲ အင်အားတွေရှိနေပါတယ်။
အဲဒီ အင်အားတွေ က အမှန်တရားဘက်က ပြတ်ပြတ်သားသား မရပ်ရဲ နေသ၍ တိုင်းပြည် တစ်ပြည်လုံး မတိုးတက်ပါ။
ဒေါ်အောင်ဆန်းစုကြည်ကလဲ သူ တတ်စွမ်းသ၍ တော့ သူ့ရည်ရွယ်ရာအတိုင်း လုပ်သွားနေမှာပါ။
(အချိန်တော့ နဲ လွန်းနေပြီ)
အဘ တွေ ကလဲ သူတို့ မြဲနိုင်သ၍မြဲ အောင် နေမှာပါ။
(သူတို့ မရှိလဲ နောက်လက်ဆင့်ကမ်း ဖို့ စောင့်နေသူတွေ အပြည့်)
အဲဒီ အဘတွေ ရှိနေသ၍ မရှုပ်၊ မလှုပ်၊ မပြုတ် နေနေ တဲ့ ပြည်တွင်းက တိုင်းပြည်အင်အား တွေ အများကြီးပါ။
(သူတို့ တစ်ကိုယ်စာ ကတော့ ပူစရာ မလို မဟုတ်လဲ ဒီအတိုင်းလဲ အဆင်ပြေနေပြီးဘဲ ၊ ရွှေ့လိုက်ရင်မှ အပြိုင်အဆိုင်ပိုများ ပြီး ရုန်းနေရဦးမယ်)
တိုင်းပြည်အောက်ခြေလူတန်းစား ကလဲ သူတို့ အားနည်းချက်တွေ ကို သုံးပြီး ကစားခံ နေတာ။
(အာဏာရှင် ဆက်ရှိရင်လဲရှိ၊ ဆင်းရဲ လဲ အကြောင်းမဟုတ်၊ “ငါ” အကြောင်းဆိုတာ ပြနိုင် ရင်ပြီး)
အပြင်က နေ ဟိုလို လုပ်ပါလား၊ ဒီလို လုပ်ပါလား ဟောင် နေသူ တွေ ကလဲ အာမညောင်း။
(ရသ၍ ဆရာစတိုင်ဖမ်း တုတ်နေရတာ အရသာတွေ့)
ဒီတော့ ဘာများ မှား နေလို့တုန်း။
သူဟာနဲ့ သူတော့ အားလုံး အလုပ်ဖြစ်နေသားဘဲ။
ကျွန်မ အထင်တော့ မြန်မာပြည် နဲ့ သက်ဆိုင်သော သူတွေ အားလုံး ရဲ့ ရည်ရွယ်ချက် တွေရဲ့ လားရာတူ မနေပါဘူး။
ဒီလိုနဲ့ကတော့ တိုင်းပြည်တစ်ညီတစ်ညွတ် ထဲ တိုးတက်ဖို့ အတွက် မဖြစ်နိုင်သေးပါဘူး။
ကျွန်မတော့ ဒီလောက်ဘဲ သိတယ်။
ကိုယ်လဲ လားရာမတူ ကွဲ နေတဲ့ အထဲ ကတစ်ယောက်ဘဲ မဟုတ်လား။
🙄
kai
July 14, 2013 at 3:34 pm
ဦးအောင်ဆန်းကတော့.. လွတ်လပ်ရေးအရတိုက်တုံးက.. သူနဲ့အတူတူ..သေအတူရှင်မကွာ.. ရဲဘော်ရဲဖက်တွေ.. အနည်းဆုံး.. ၅ယောက်မကရှိခဲ့တယ်..။
ဒေါ်အောင်ဆန်းစုကြည်က.. အဖေထက်သာတဲ့သမီး..
ကမ္ဘာတန်းအဆင့်နို်င်ငံရေးသမား(ခေါင်းဆောင်)မို့.. သူ့အနေနဲ့ လက်ဆွဲတင်ပေးရမယ့်သူတွေရှိရမှာပေါ့…
ဒီလိုဖြစ်အောင်လုပ်ရမှာက.. .. သူ့အလုပ်လေ…။
အဲဒါကိုပြောတာပါ…
ဥပမာ…။
ဥပမာပါနော…
ဦးသန့်မြင့်ဦးလိုလူကို.. သူ့ဖက်ပါလာအောင်ဆွဲယူရမှာ.. ဒေါ်အောင်ဆန်းစုကြည်တာဝန်နဲ့..အလုပ်ပါ…။
တည့်တည့်ကြီးထပ်ပြောပြဦးမယ်..။
ဦးရွှေမန်းလိုလူတွေ.. ကာကွယ်ရေးဦးစီးချုပ်လိုလူတွေကို.. သူ့ဖက်ပါလာအောင်ဆွဲယူရမှာ.. သူ့တာဝန်နဲ့အလုပ်ပါ…။
တခြားချဲ့တွေးကြည့်စေလိုပါတယ်…။
သမ္မတအိုဘားမား.. မနှစ်(၂၀၁၂) ရွေးကောက်ပွဲပြိုင်ခါနီးမှာ.. နယူးဂျာစီဂါဗနာ ခရစ်စ်နဲ့အတူတူတီဗီထဲတွဲထွက်ရင်း.. ခရစ်စ်ရဲ့ထောက်ခံမှုရခဲ့တယ်..။
ခရစ်စ်ဆိုတာက.. လာမယ့် ၂၁၁၅)သမ္မတရွေးပွဲမှာ.. ရီပါ့ဗလစ်ကန်င်ဖက်က တက်လာမဲ့သမ္မတလောင်းအဖြစ်… တစ်ပြေးနေသူ..
အိုဘားမားရဲ့ပါတီ ဒီမိုကရက်တစ်ရဲ့.. ပြိုင်ဖက် ရီပါ့ဗလစ်ကန်င်ပါတီဝင်အမြင့်စားတယောက်ပါ..။.
ဒီလိုစည်းရုံးနိုင်မှုရဲ့.. ရလဒ်အဖြစ်.. (၂၀၁၂)မှာအိုဘားမားခတ်ပြတ်ပြတ်ကို နိုင်လိုက်တယ်…။
ဒါဟာ.. အိုဘားမားရဲ့ခေါင်းဆောင်မှုအရည်အချင်းပြတာပဲ..။
ဆိုတော့… ဆက်ပြောရရင်…
ခေါင်းဆောင်ဟာ.. ကိုယ်တယောက်ချည်း.. ထီးတည်းပြတ်ထွက်မသွားရသလို.. ကိုယ်လိုလူမျိုးကို ချန်ရစ်ခဲ့ဖို့. လေ့ကျင့်သင်ကြားပေးဖို့… တာဝန်လည်းရှိပါတယ်…။
နိုင်ငံရေးသမားဆိုတာ.. တိုင်းပြည်ကို ချစ်ပါရဲ့..ချစ်လှပါချည်ရဲ့.. ချစ်ချစ်ချစ်ချစ်တွေနဲ့.. ရပ်တည်လို့မရပါဘူး…။
စေတနာရှိတာနဲ့လည်းမရသလို.. သစ္စာရှိတာနဲ့လည်းမရပါဘူး..
ထောင်ကျခံ… အနှိပ်စက်ခံနိုင်တာတွေနဲ့လည်းမရပါဘူး..
တိုင်းပြည်တိုးတက်အောင်… တည်ငြိမ်အောင်… ကျန်ရစ်အောင်.. လုပ်နိုင်ရပါတယ်..
လုပ်နိုင်ဖို့က.. အဆင့်မြင့်ပညာရေးလိုပါတယ်..။ .. နိုင်ငံတကာအတွေ့အကြုံ..အသိသညာ တွေလိုပါတယ်..။
ဒီလိုလူတွေရှာဖို့.. စုစည်းဖို့.. တိုင်းပြည်ကိုအလုပ်အကျွေးပြုလာအောင်ဆွဲဆောင်စည်းရုံးဖို့က.. ခေါင်းဆောင်ကောင်းရဲ့တာဝန်လည်းဖြစ်ပါတယ်..
ဒီမှာလည်း.. ပူလာသမို့.. ငြင်းကြည့်တာပါ..
အဲ…
ဒေါ်စုကိုပါ… လက်တို့သတိပေးချင်တာဖြစ်ပါကြောင်း…။
အရီးခင်လတ်
July 14, 2013 at 5:35 pm
ဒေါ်အောင်ဆန်းစုကြည် အဲလို လုပ်ခဲ့တယ်၊ လုပ်နေဆဲ လို့ ကျွန်မတော့ တကယ်ဘဲ ယုံကြည်ပါတယ်။
– ခရိုနီ တစ်ချို့ ရဲ့ ထောက်ပံ့မှု တွေ ယူတုန်း က အသံတွေ ကြားခဲ့ရတယ်။
– တပ်မတော်နေ့ တက်တုန်းကလဲ အသံတွေကြားခဲ့ရတယ်။
– ဦးသိန်းစိန် ကို အကောင်းပြောတုန်းကလဲ အသံတွေ ကြားခဲ့ရတယ်။
– ဦးရွှေမန်း နဲ့ ပဏာသင့်လွန်း တယ်လို့ အသံတွေ ကြားခဲ့ရတယ်။
– ဒေါ်အောင်ဆန်းစုကြည် ပြောင်းသွားပြီ အရင်လို မဟုတ်တော့ဘူး ဆိုတဲ့အသံတွေ ကြားခဲ့ရတယ်။
ဒါတွေ ဟာ ရရင် ရသလောက် စည်းရုံးနေလို့ ပါဘဲ။
အဲဒီ လူတွေ ကလဲ ဒေါ်အောင်ဆန်းစုကြည် ကို ဟန်နဲ့ တင်မဟုတ်ဘဲ အမှန်လိုလား လေးစားမှာပါ။
ဒါပေမဲ့ အဲဒီသူတွေ ကိုယ်တိုင်က “ကိုယ့်အမေ အရွယ် အမျိုးသမီးကြီး ကိုတောင် “ဒေါ်” တပ် မခေါ်နိုင်ဘဲ “အောင်ဆန်းစုကြည်” လို့မဲ့ရွဲ့ ခေါ်ပြီး အင်မတန် မုန်း နေတဲ့ အသိုင်းအဝိုင်း” ကို မပယ်ရဲတဲ့ သူတွေချည်း ဖြစ်နေတော့ တာ ခက်တယ်။
သူတို့ စည်းစိမ်ပြုတ်မှာ ကြောက်နေတာက တစ်ကြောင်း၊ သူတို့ကို ဘယ်လိုမှ မဖြုတ်နိုင်ဘူး လို့ ယုံကြည် နေတာက တစ်ကြောင်း ပါ။
တကယ်လဲ ဟုတ်နေတာဘဲ။
ဒေါ်အောင်ဆန်းစုကြည် မှာလဲ အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ရှိပါလိမ့်မယ်။
ဒါပေမဲ့ သူ့ အစွမ်းကို တောင် အပြည့်အဝ မထုတ်နိုင်သေးတဲ့ အခြေအနေ ကိုလဲ နားလည် သဘောပေါက်ကြစေလိုပါတယ်။
ဥပမာ –
ဒီ ရေးသူ ဒေါက်တာစိုးမင်း လို ပညာတတ် တစ်ယောက်၊ ပြည်သူတွေ ကြားမှာ နေပြီး ဆေးကုပေးနေတာမို့ သူ့ အသိုင်းအဝိုင်း ကြားမှာ ရှင်ရိုသေ လူရိုသေ ဖြစ်နေမှာပါ။
ကျွန်မ ယုံတယ်။ ဒီလို လူသာ NLD ဘက်က ဝင်ပြီး အရွေးခံ ရင် သူ့နယ်မှာ နိုင်မလားဘဲ။
ဒါပေမဲ့ သူကရော NLD ကို ဝင်နိုင်မှာလား။
သူ ဝင်ရင်ကော သူ့ကို ဆိုင်ရာက မျက်စိစပါးမွေး မစူးဘူး၊ သူ့ အလုပ်တွေ ကို အနှောက်အယှက်မပေးကြဘူး လို့ ပြောနိုင်ပါ့မလား။
လောလောဆယ်မှာ လူတော်တော်များများ မှာ အကြောက်တရား တွေ ရှိနေဆဲ။
ကျွန်မတို့ အဝေးက အော်နေတာ၊ ဒီလို ပြောရဲလာတာ ဘာကြာသေးလို့လဲ။
တကယ်လက်တွေ့လုပ်မဲ့သူတွေကို မကြောက်နဲ့ လုပ်ဟေ့ လို့ပြောနိုင်လောက်အောင် အခြေနေ က မတည်ငြိမ် နိုင်သေးဘူး။
အဲဒါကလဲ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးမှာ ခက်ခဲတဲ့ တံတိုင်းတစ်ခုဘဲ။
ပြောကြသလိုဘဲ။
ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲ နဲ့ တိုင်းပြည်တိုးတက်အောင် မလုပ်နိုင်ပါဘူး။
မှန်ပါတယ်။ အများပါရမယ်။
အဲဒါကို ဒေါ်အောင်ဆန်းစုကြည် ဘက်က စည်းရုံးတာလဲ စည်းရုံးတာပေါ့။
ကိုယ်ကိုယ်တိုင် တွေ ကလဲ ညှစ်ကြဖို့ မလိုကြပေဘူးလား။
ကိုယ်တိုင် မညှစ်ဘဲ ညှပ်ဆွဲထုတ်ဖို့ ကို စောင့်နေရင်တော့ ကလေး ခေါင်းပိန်သွားမှာ စိုးရသေး။
အားလုံး ကို သူ့တစ်ယောက်ထဲ ပေါ်ပုံထားလို့ ကတော့ It is not fair!!!!
အတော်မက အရမ်းကို ပူလို့ စုံကန်ပြီး ကို ငြင်းကြည့်တာပါ။ 😆
နားညည်းသွားကြရင် ကြောင်လွှတ်။ 😛
kai
July 15, 2013 at 1:34 am
ဒေါ်စုအပေါ်ပုံကျမှာပေါ့…
သူကမီးစိမ်းမှမပြတာလေ…။
ခေါင်းဆောင်ဟာ.. ကိုယ့်စီပူးပေါင်းပါဝင်နိုင်ပါကြောင်း.. (အနည်းဆုံး) မီးစိမ်းလေးတော့ ပြသင့်တာပေါ့…။
ပညာရှင်ဆိုတာ..သူဌေးဆိုတာ.. (သူ့ဆိုင်ရာ) မာနလေးကိုယ်စီတော့ရှိတတ်ကြတာပဲလေ…။
ဆိုတော့…
ပါတီတခုဟာ.. ငွေချမ်းသာသူ(ခရိုနီဆိုချင်ဆို) မပါပဲ.. တည်ထောင်..တည်မြဲဖို့မဖြစ်နိုင်ပါဘူး..
ယူအက်စ်ရဲ့.. ဒီမိုကရက်ပါတီ/ရီပါ့ဗလစ်ကင်န်ပါတီတွေနောက်မှာ.. ဘီလျှံနာတွေရှိတယ်..ရှိရတယ်..။ ငွေကြေးကိုင်တွယ်အဖွဲ့အစည်းတွေ.. ရှိတယ်..ရှိရတယ်..။
ယူနီယံတွေရှိတယ်… ရှိရပါတယ်…။ ခရိုနီတွေရှိတယ်.. ရှိရပါတယ်..။
မြန်မာလူထု.. မီဒီယာ..ဖေ့ဘုတ်အသံတွေသွားနားထောင်နေလို့မရပါဘူး…
ကိုယ်လုပ်စရာကို ပြတ်ပြတ်ကလေးဦးဆောင်လုပ်သွားယုံပါပဲ…။
ဒီမှာတော့.. နိုင်ငံရေးစကား.. (Thin-Skinned) တဲ့..
မြန်မာလိုပြောရရင်…
.. ခေါင်းဆောင်ဟာ.. အရေခွံပါးလို့မရ.. အရေထူရမယ်လို့..
မင်းမင်း
July 15, 2013 at 11:16 am
ဒေါ်စု ရွေးကောက်ပွဲ ဝင်တုန်းက
ကျတော် ရုံးမှာ အဖော်တွေနဲ့ ဝေဖန်တာဒီသဘောပါပဲ။
သူ့ရဲ့အစွမ်း အစကို ပြရမဲ့ အချိန်။
ကိုယ့်လူတွေကို မြှင့်တင်ပေးရမယ်။(အရေးကြီးတာတွေ)
နောက် သူ့လူကိုယ့်ဘက်သားဖြစ်အောင်စည်းရုံးနိုင်ရမယ်။
ဒါဆို ၂၀၁၅ မှာok မယ်။ ဒီလိုသဘောတွေနဲ့မျော်လင့်ချက်ထား
ခဲ့ရတယ်။ သူ့လူတွေထဲမှာလည်း ယိမ်းချင်တဲ့သူတွေရှိတယ်။
ဦးနှောက်နဲ့ သူ့လူဖြစ်နေပေမဲ့ နှလုံးသားက ကိုယ့်ဘက်မှာရှိနေတဲ့
သူတွေကို ဆွဲယူနိုင်လိမ့်မယ် ( လုပ်စေချင်ခဲ့တာပါ) ထင်ခဲ့တယ်။
ပြောကြတာဒီ့ထက်စုံပါတယ်။ ဒဲ့မရေးသင့်တာတွေ( မရဲတာ) တွေများပါတယ်။
ဒီအချက်တွေ ကို အမတ်ဘဝ ရောက်တော့ မတွေ့ရတော့ နဲနဲ စိတ်ခုမိတယ်။
ခုတော့လဲ ထိုင် ထ လုပ်ရင် လွတ်တော်မှာ လေ့ကျင့်ခန်း ဆင်းသလိုမြင်နေရ
တာ။လွတ်တော်လဲနား လေ့ကျင့်ခန်းလဲ ဝ ပြီ(ကျန်းမာရေးဒေါင်ဒေါင်မြည်ပြီ)
ဆို ကမ္ဘာ ပတ်လို့ရပါပြီ။
padonmar
July 15, 2013 at 9:39 pm
သိပ်တော်တဲ့သူတွေမှာ အဲဒီအားနည်းချက်ရှိတတ်တယ်။
သူသိပ်တော်လွန်းတော့ သူများကို စိတ်တိုင်းမကျဘူး။
အရာရာ သူဆုံးဖြတ်မှ မှန်တယ်ထင်တယ်။
ဘေးကလူတွေကလည်း လောင်းရိပ်မိပြီး မတွေးတတ် မဆုံးဖြတ်တတ်ဖြစ်နေတတ်ပါတယ်။
ဒေါ်စု ကတော့ ပါတီတွင်းကလူငယ်တွေကို မြေတောင်မြှောက်တဲ့ အစီအစဉ်တွေလုပ်နေတာ မြင်နေရပါတယ်။
အင်္ဂလိပ်စာသင်တန်း၊ဥပဒေသင်တန်း၊စတာတွေဖွင့်ပြီး သင်တော့ပေးနေတာပဲ။
ဒါပေမယ့် နောက်မျိုးဆက်တွေမှာ နှစ်၅ဝလောင်းရိပ်ကြောင့် မစွမ်းမသန်ဖြစ်နေတော့ တော်တော်နဲ့ ခြေရာနင်းနိုင်မယ့်သူ မပေါ်လောက်ဘူး။
ဒေါ်စုအသက်လည်း မငယ်တော့ဘူးဆိုတော့ သူ့ကျန်းမာရေးတွက်လည်း စိတ်ပူရတယ်။
ဒါကြောင့် ခူးပြီးခပ်ပြီး အရန်သင့် တတ်ပြီးအသက် ၄၀-၅ဝ တန်းပညာရှင်တွေကို ဒေါ်စုကိုယ်တိုင် လက်ကမ်းပေးသင့်တယ်ဆိုတာ ထောက်ခံပါတယ်။
…..
အခု ဘကြီးစိန်ရဲ့ အကြံပေးတွေဟာ ၂၀၁၅မှာ မေစုသာ နိုင်ငံကို အုပ်ချုပ်ခွင့်ရရင် မေစုရဲ့ အကြံပေး အလိုလို ဖြစ်သွားမှာပါ။
….
၂၀၁ဝ ရွေးကောက်ပွဲတုံးက လူတော်တွေ
တော်တော်များများကို ကြံ့ဖွံ့ အမတ်လောင်းတွေ အဖြစ်တွေ့လိုက်ရတော့ သူတို့ရဲ့ စည်းရုံးရေးဟာ
တော်တော်တာသွားပါလားလို့ အသိအမှတ်ပြုလိုက်ရတယ်။
အလင်း ဆက်
July 14, 2013 at 10:07 am
အင်းးးး
ဖတ်တော့ ဖတ် ပြီးင်္ပြီ
ဘာ ပြောရင်ကောင်းမလဲ
ဘာမှ မပြောပဲ သူများပြောတာတွေ နားထောင်တာက
ပိုကောင်းမယ် ထင်တယ်
ခလေးးးက ခလေးလို နေတာပဲ
ကောင်းပါတယ်
ဂျယ်လီ သွားဝယ်ချားလိုက် ဦးမယ်ဂျာ
nature
July 14, 2013 at 5:38 pm
တော်တော်ကောင်းတဲ့အေသင်ချိုဆွေ….အဲ…အေသင်ဒီမိုပဲ။ ဖတ်ရတာ ဗဟုသုတရပြီးအကျိုးများပါတယ်။ စာပို်က်လေးကလည်းမရှည်လွန်းမတိုလွန်းပဲအနေတော်ပဲ။ ရေးထားတာဒေါင့်စေ့တော့ ဘယ်အချက်ကို ထောက်ရမလဲရှာမရဘူးဆိုးဖစ်စ်ရေ။
…ပညာနဲ့ အုပ်စီးဦးဆောင်မှု မရှိတဲ့ ညီညွတ်စိတ်ဝမ်းဟာ အလုံးစုံ ပျက်စီးရေးဘက်ကို အားသန်တာတော့ ကိုယ်တွေ့ကြုံလာတဲ့အခါ သိလာပါလိမ့်မယ်။…
ဆိုတာလေးကိုသဘောကျတယ်။
Mr. MarGa
July 14, 2013 at 9:43 pm
ပို့စ်ကလဲ ဗဟုသုတ အတော်ရတယ်
သဂျီးနဲ့ အရီးလတ်တို့ ဆွေးနွေးချက်တွေကလဲ စိတ်ဝင်စားစရာကောင်းတယ်
ဒါကြောင့် ဝင်မန့်သွားတယ်
kai
July 15, 2013 at 1:43 am
ဒါလေးကို ရွာသူားတွေသတိပြုမိစေဖို့.. ထပ်ပြီးကုဒ်လုပ်ပေးပါတယ်..။
အောက်မှာနှစ်သက္ကရာဇ်အတိအကျရအောင်ထပ်တင်ပေးပါတယ်…။
ဗုဒ္ဓကို..အလုံးစုံတတ်သိသူ… တန်ခိုးရှင်ကြီးအဖြစ်ပုံဖေါ်နေသူတွေသတိပြုစေဖို့ပါ…။
ဒါတောင်.. ဗုဒ္ဓခေတ်ထက်အများးးးကြီးစောတဲ့.. အီဂျစ်၊ မာယာမြို့ပြတွေအကြောင်းမပြောသေးဘူး…
Gautama Buddha
Born c. 563 BCE [1]
Lumbini (present-day in Nepal), or possibly elsewhere
Died c. 483 BCE (aged 80) or 411 and 400 BCE
Kushinagar (present-day in Uttar Pradesh, India)
Known for Founder of Buddhism
=
Great Wall.[4] Especially famous is the wall built between 220–206 BC by the first Emperor of China, Qin Shi Huang. Little of that wall remains. Since then, the Great Wall has on and off been rebuilt, maintained, and enhanced; the majority of the existing wall was reconstructed during the Ming Dynasty.
=
Socrates (/ˈsɒkrətiːz/;[2] Greek: Σωκράτης, Ancient Greek pronunciation: [sɔːkrátɛːs], Sōkrátēs; c. 469 BC – 399 BC)[1] was a classical Greek Athenian philosopher. Credited as one of the founders of Western philosophy, he is an enigmatic figure known chiefly through the accounts of later classical writers, especially the writings of his students Plato and Xenophon and the plays of his contemporary Aristophanes.
=
ဦးကြောင်ကြီး
July 15, 2013 at 10:52 am
လူဆိုဒါ သူ့ဘုန်းသူ့ကံနဲ့ သာဂျီးရဲ့… ကံပါသူပဲ ဖူးထိုက်တယ်… ဗုဒ္ဓဝေနေယျ၊ သာဝကဝေနေယျဆိုပီး ဆက်သွယ်မှု အကြောင်းအကျိုးကံ ရှိသေးတယ်။ ကံပါလို့ကတော့ အောက်ဆုံးအဆင့် သောတာပတ္တိမဂ် ရဖို့နဲ့တင် ဘုရားကိုယ်တော်တိုင် ကြွပေးရတယ်… နတ်ပြည်မှာ ဘုရား ပဌာန်းဒေသနာ အကျယ်ဟောစဉ် ဆွမ်းစားချိန် မြောက်ကျွန်းသွား ဆွမ်းဘုမ်းပေးတော့ မြောက်ကျွန်းသားတွေက ဘုရားကို ကိုယ်ရောင်ကိုယ်ဝါ တောက်ပတဲ့ နတ်မင်းကြီးတပါး ကြွလာတယ်လို့ပဲ အမှတ်သညာ ပြုကြတယ်… ကံမှမပါတာ… သဂျီးလို အသိခေါက်ခက် အဝင်နက်ထက်တော့ အပုံဂျီးသာဒယ် ပြောရမယ်… 😆
San Hla Gyi
July 15, 2013 at 8:21 pm
ဒီတချက်တော့ ကိုကြောင်ကြီးကို ဝင်အားပေးလိုက်တယ်ဗျာ။ ရွာသူရွာသား ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ သဂျီးပြောတာ မယုံပါနဲ့။ သူက အပါယ်သွားဖို့ ပါမစ်ရထားပြီးသားပါ။ ပြီးတော့ အတွေးအခေါ်ကလဲ အကြမ်းတဝက် အနုတဝက်လို့ ပြောရအောင် မူဆလင်တဝက် မိုးပြာတဝက်နဲ့ ရောသမမွှေထားတာပါ။
ဗုဒ္ဓဘာသာဝင်တွေအတွက် ပြောမယ်။ ကျန်တဲ့ ဘာသာဝင်တွေကတော့ ကိုယ်ယုံကြည်ရာ ပုဂ္ဂိုလ်ကို ဆက်ကိုးကွယ်ပေါ့။ ဆောင်းပါးရှင်ရေ ခင်ဗျားရဲ့ ပို့စ်နဲ့ မဆိုင်ပေမယ့် ပြောခွင့်ပြုပါ။ ဗုဒ္ဓဘာသာဝင်တွေအတွက် လူဆိုတာ အရိယာ မဖြစ်သမျှ သောကတို့ ဗျာပါဒတို့နဲ့ မကင်းနိုင်ဘူး။ အဲဒါတွေနဲ့ကြုံရင် စိတ်ဆင်းရဲရလိမ့်မယ်။ ဆောက်တည်ရာမရ ဖြစ်မယ်။ အဲဒီမှာ ပျာလောင်ခတ်ရင် ပိုမှားမယ်။ အဲဒီလိုမျိုး ကြုံလာရင် ဝိပဿနာ အားထုတ်နိုင်တဲ့လူက အားထုတ်ပါ။ အားမထုတ်နိုင်တဲ့လူက အနည်းဆုံး ဘုရားဂုဏ်တော်ကို အာရုံပြုနေ။ သူ့အလိုလို ပြေပျောက်တန်သလောက် ပြေပျောက်ပြီး တချို့ အခက်အခဲတွေလည်း လုံးဝကို မလာတော့တာ ကြုံရလိမ့်မယ်။ ကျနော့် ကိုယ့်တွေ့ပဲ။ ယုံတဲ့လူလုပ် မယုံရင် မလုပ်နဲ့။ ကြုံလို့ ရှေးရိုးစွဲဝါဒတွေ ပို့ချလိုက်တယ်။
အဲဒီမှာ မြေပုံကြည့်ပြီး ဝီကီပီးဒီယားထဲမှာ မြတ်စွာဘုရားနဲ့ ရဟန္တာတွေ ဈာန်ပျံတယ်လို့ ရေးမထားပါဘူး ဘာညာနဲ့ လုပ်တဲ့လူကို အားကျမနေနဲ့။ လူဆိုတာ ကိုယ်က လောလောဆယ် သောက မတွေ့သေးရင် အဲဒီလိုပဲလို့ မှတ်ထား။ အဲဒါ လောလောဆယ် အဆင်ပြေနေလို့။ အဲဒီလိုလူမျိုး ဒုက္ခတွေ့ရင် မရှုနိုင် မကယ်နိုင် ဖြစ်လိမ့်မယ်။
မဟာရာဇာ အံစာတုံး
July 15, 2013 at 5:03 am
ကလေးတွေကို ပြောဆိုသွန်သင်ရခက်အောင် မြှောက်ထိုးပင့်ကော်ပြုမှု၊ ဘာသာရေး မကြည်ညိုအောင် စည်းရုံးလှုံ့ဆော်မှုတွေနဲ့ ဆိုကရေးတီးကြီးကို ခုံရုံးတင်တဲ့အခါ ကန့်ကွက်မဲတောင် မရှိသလောက် ညီညီညွတ်ညွတ်နဲ့ သေဒဏ်ပေးခဲ့ကြသတဲ့။
ဒီစာကို ဖတ်မိတော့ အခု ဂဇက်ထဲက သူကြီးဦးခိုင် ကို ပြေးမြင်လိုက်မိတယ်။
ဒါပေမယ့် … သူက ဒီနှစ်ချက်လုံးနဲ့ လွတ်နေတယ် …။ ငြင်းခုန်ခြင်း ဖြစ်လာအောင် ကန့်လန့်တိုက်ပေးရုံသက်သက်ပဲ ရှိနေသေးတယ်။
ဒါက … ဒီလိုမျိုး မြင်မိလိုက်ပါတယ်လို့ ပြောတာပါ …..။
ဒီစာကို ဖတ်ပြီး ကျနော် သိချင်သွားတဲ့ တစ်ချက် ရှိသဗျ။
ဘာလဲ ဆိုတော့ …..
ဒီမိုကရေစီ ဆိုတဲ့ စကားပေါ့နော်။
ဒီစကားကိုလည်း အဲ့ဒီအေသင်မြို့သားတွေကပဲ စပြီး တီထွင်ခဲ့ကြတာလား။
ဒီစကားရဲ့ စီးဆင်းမှုကို သိချင်သွားမိတယ်။
ဘာဖြစ်ဖြစ် ….
ဒီပို့စ်က ဗဟုသုတတွေ တိုးပွားစေပါတယ်။
ဦးကြောင်ကြီး
July 15, 2013 at 8:11 am
အေသင်ဒီမိုစနစ်လိုမျိုး မြတ်စွာဘုရား အမျိုး သာကီနွယ်ဝင်တွေလည်း ကျင့်သုံးတယ် မဟုတ်လား… ဂရိစ်နဲ့ သူတို့ အရင်ဦးသလဲ သိဝူးနော်.. အုပ်စုတစုထဲကပဲ ဆင်းသာလာသလား.. ဗုဒ္ဓဘာသာ ဂရိစ်နဲ့ မက်ဆီဒိုးနီးယား တိုင်းပြည်တွေမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် အစောပိုင်း ရာစုနှစ်တွေမှာ အိန္ဒိယကတဆင့် ထွန်းကားခဲ့တယ် အဆိုရှိတယ်။ အဲဒီ့အချိန်က အိန္ဒိယကို သိမ်းပိုက်ထားတဲ့ ဂရိဘုရင်က ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်သွားပြီး ရဟနာ္တအဖြစ် ဘဝဇာတ်ချုပ်သွားတယ် ယုံကြည်ကြတယ်။ အနောက်တိုင်း သမိုင်းဆရာများကတော့ အဲဒီဘုရင်ကြီး (နာမည်မေ့နေတယ်၊ နာမည်ကြီး ပညာတတ် ဧကရာဇ် မင်းတဆူပဲ) ဗုဒ္ဓဘာသာအပေါ် စိတ်ဝင်စားမှု ရှိယုံလို့ပဲ လက်ခံတယ်…။ ဒါနဲ့ စကားအတင်းစပ် ခရစ်တော်ကိုလည်း တိဗက်ဗုဒ္ဓဘာသာကနေ ဈာန်ရသွားသူအဖြစ် တိဗက်မှတ်တမ်းတွေမှာ ဆိုတယ်…။ သူငယ်စဉ်ဘဝ သုံးလေးငါးနှစ် အထောက်အထားမရှိ ပျောက်သွားတာ အဲဒီဖက်ရောက်သွားသတဲ့…။ မြန်မာပြည်က ဂမ္ဘီရဝိဇ္ဇာလိုင်း သမားအတော်များများကတော့ ခရစ်တော်ကို နာမ်ပိုင်းဆိုင်ရာ အဆင့်မြင့် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်တယ်။ အရိမေတ္တေယျ ဘုရားပွင့်တော်မူတဲ့အခါ ကျွတ်တမ်းဝင်မယ် ဆိုလား…။ အဲဒီအချိန် ကျုပ်တို့သာဂျီးကတော့ အဂ္ဂမဟာအဝီဇိငရဲ (သူ့အတွက် သီးသန့်ပေါ်လာမှာ) အောက်ဆုံးမှာ ကားယားဂျီး ဖြစ်နေပြီ…. 😀
kai
July 15, 2013 at 10:11 am
ကိုရင်က.. လေဖမ်းဆွဲစေ့ပြီး.. ထင်ယောင်မှားဖြစ်အောင်.. ဂမ္ဘီတော့..ရတတ်သားပဲ..
တိတိကျကျလေးဖတ်ချင်ရင်..
ဆိုတော့…
အပေါ်မှာ ဆရာဒေါက်တာစိုးမင်းရေးထားတယ်လေကွယ်…
ဂဏစနစ်နဲ့.. ဒီမိုကရားစီးယားစနစ်မတူကြောင်း…
စကားအတင်းစပ်..
အဂ္ဂမဟာအဝီဇိငရဲတော့ စိတ်ဝင်စားသား..။
သွားရင်.. ခရီးစရိပ် ဘယ်လောက်ကုန်မှာလည်းဟင်င်င်…
nature
July 15, 2013 at 1:22 pm
ခရီးစရိပ်က ဘယ်လောက်မှမကုန်ဘူး autolink ဖြစ်နေလို့။ 😛
မင်းမင်း
July 15, 2013 at 11:27 am
ဦးကြောင်ရေ ကာလကိုဖော်ညွှန်းတဲ့
ပြက္ခဒိန်ကို ကြည့်ပါအုံး ။သူတို့အပြောကကိုယ့်အပြော
ဖြစ်နေမယ်။ ရက် တွေ လ တွေ ခုနှစ်တွေ သက္ကရဇ် တွေက
အလကား လျောက်သတ်မှတ်တာမဟုတ်ဘူးနော့်။
နောက် မြေပုံကိုလည်းကြည့်တတ်ရမယ်။
မြေပုံကြည့်ရင်းတန်းလန်း ခေတ် ကာလ အခြေပနေကိုလည်း
သုံးသပ်တတ်ရမယ်။
ကျနော်ဆီ တပည့်ခံမလား
လမ်းကြုံလို ့ မုန့်ကျွေးတာနော် စိတ်အဆိုးနှဲု 🙄
padonmar
July 15, 2013 at 9:49 pm
ဦးကြောင်ရေးတာ မိလိန္ဒမင်းကြီးပါ။
(သူကြီး ဘိုလိုရေးတာ ဖတ်ရမှာ ပျင်းသူတွေအတွက်)
…..
ယေရှုကို မေတ္တာကမ္မဋ္ဌာန်းကျင့်ပြီး မေတ္တာဈာန်ရတယ်လို့ တစ်ချို့ပုဂ္ဂိုလ်များက ဆိုပါတယ်။
မင်းမင်း
July 15, 2013 at 10:56 am
သိသူဖော်စား
မသိသူကျော်သွား တဲ့ ။
ဒါကြောင့် ကျော်သွားတဲ့ သူကို
မသိသူလို့ ပြောရမလား ! ဒါမှမဟုတ် ဖော်လိုက်တာထက်
ကျော်လိုက်ပြီး ရှေ့ က မြုပ်ထားတဲ့ ရွှေ အိုးကြီးပဲ အပီ ဖော်ချင်လို့လား!
ကျော်သွားပြီးမှ ကျော်တဲ့ တွင်းက ရတနာပုံ ဆိုက်နေပြီး
မျော်တဲ့တွင်းက ချေးပုံဖြစ်နေရင်လဲဒုက္ခ။
ဒါပေမဲ့ သူ့ရဲ့ မိသားစုက သူအပြန်ပါလာမှာနဲ့ လူဆက်ဖြစ်ရမှာ
ဆိုတော့လဲ …………………………………။
ဒီမို စနစ်မှာ လူကြီးဖြစ်ချင်သူတွေကို ပြောပါတယ်။
Zaw Thant
July 15, 2013 at 1:46 pm
.. ဆရာ စိုးမင်းရဲ့ စာစုကို ကိုရော comment တွေကိုရော မျက်လုံးလေး ကလည်ကလည် နဲ့ ဖတ်သွားပါတယ်.. 🙂
မိုက်ကယ်ဂျော်နီအောင်ပု
July 15, 2013 at 2:28 pm
ဟုတ်တယ်ဗျ အမှန်မှာ ကျုပ်တို့ခုလို လူလိုသူလိုမနေရတာ
ဂေါင်းဇောင်တွေစောက်သုံးမကျလို့ဖြစ်တာ
တွေးကျိဗျာ
ခေတ်အဆက်ဆက်ဘုရင်တွေကနေဒီနေ့စစ်အာဏာရှင်တွေထိ
ကျုပ်တို့ဘဲစောက်သုံးကျတယ်
လခွီးဂေါင်းဇောင်ဒေ
Ma Ma
July 16, 2013 at 10:12 am
၁။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင် သိရမတဲ့။
၂။ တောင်စဉ်ရေမရ လျှောက်ပြောနေတာမျိုး မဟုတ်ပဲ ကိုယ့်စကားရဲ့ ဦးတည်ချက်ကို ကိုယ့်ဘာသာ နားလည်ထားပြီးသား ဖြစ်ရမတဲ့။
၃။ သူများက မေးမြန်းစစ်ကြောလာရင် ဖြေရှင်းနိုင်ဖို့ အချက်အလက်တွေကိုလည်း ကြိုတင်ပြင်ဆင်ထားရဦးမတဲ့။
၄။ ပြီးရင် ကိုယ်ပြောမယ့် အချိန်အတိုင်းအတာတစ်ခုကို ကိုယ့်ဘာသာ သတ်မှတ်ပြီး အဲဒီအချိန်အတွင်း ချက်ကောင်းမှန်အောင် ထိထိမိမိ ပြောနိုင်ရမတဲ့။
၅။ ပြောတဲ့အခါမှာလည်း တောင်ကြည့်မြောက်ကြည့်၊ မျက်လုံးကလေး ကလယ်ကလယ်၊ ဂနာမငြိမ် အမာစိန်ဟန်နဲ့မဟုတ်ပဲ ဝင့်ဝင့်ကြွားကြွား အထက်စီးက ဩဇာသံနဲ့ ပြောတတ်ရမတဲ့။
အဲဒီ ၅ချက်စလုံး အလွတ်ကျက်၊ အသေမှတ်၊ ခေါင်းထဲရိုက်သွင်းသင့်တဲ့ အချက်အလက်တွေပါပဲ။ 🙂
ဦးဦးပါလေရာ
July 16, 2013 at 9:53 pm
ခက်ခက်ခဲခဲ ရွာထဲဝင်မိတော့ ပိုစ့်ကောင်းကောင်းလေးနဲ့တန်းတွေ့တာပဲ .. 🙂
ဒေါက်တာစိုးမင်းကို လေးစားပါတယ်။ သူ့လက်ရာတွေကိုလဲ အင်မတန်နှစ်သက်ပါတယ်။ ဒီသရော်စာဆောင်းပါးလေးကိုလဲ တော်တော်ကြိုက်မိပါတယ်။
တစ်ခုပြောချင်တာက-
ဒီဆောင်းပါးမှာ စာရေးသူက သူပြောချင်တာကို
အေသင်မြို့ပြနိုင်ငံရဲ့ ဒီမိုကရေစီကို ဆွဲယူ နောက်ခံထားပြီး ပြောသွားတာပဲဖြစ်ပါတယ်။
တကယ်တော့ အေသင်မြို့ပြနိုင်ငံရဲ့ ဒီမိုကရေစီဆိုတာ ယနေ့ဒီမိုကရေစီစံများနဲ့တိုင်းရင် အများကြီးကွဲလွဲနေခဲ့ပါပြီ။
အဲဒီခေတ်ဟာ ကျေးပိုင်ကျွန်ပိုင်ခေတ်ဖြစ်ပြီး လူတွေကို-
ကျေးကျွန်၊ လူဆင်းရဲ၊ အမှု့လုပ်လက်ခစား၊ မင်းမှု့ထမ်း၊ ကုန်သည်၊ စစ်သား၊ ပညာရှင်၊ စစ်ခေါင်းဆောင်
စသည် .. စသည် .. ဖြင့် အဆင့်ဆင့် – အဆင့်အတန်းခွဲခြားဆက်ဆံတဲ့ခေတ်ဖြစ်ပါတယ်။
အဲဒီအေသင်မြို့ပြနိုင်ငံရဲ့ ဒီမိုကရေစီဆိုတာ မင်းမှု့ထမ်းရဲ့ အထက်- အထက်လွှာတွေအတွက်သက်သက်သာဖြစ်ပြီး
လူများစုဖြစ်တဲ့ ရိုးရိုးလူတွေကို လူအဖြစ်တောင် ထည့်သွင်းရေတွက်ခြင်းမရှိပါဘူး။
အဲဒါလေး .. ညီငယ် ညီမငယ်တစ်ချို့ အမှတ်အယူမမှားရအောင် ဖြည့်ပြောချင်ပါတယ်။
(ဟိုက အပြောင်ပြောတာ – အတည်ယူသူတစ်ယောက်တစ်လေရှိမှာစိုးလို့ပါ…..)
kai
July 17, 2013 at 12:44 am
အေသင်ဒီမိုကရေစီကို.. ဒီခေတ်နဲ့လာညှိတာက.. ယူအက်စ်ဒီမိုကရေစီစနစ်ပါ..။
ညှိတာမှာ တကြောင်းပဲအပိုထည့်လိုက်တာနဲ့.. အခုခေတ်ယူအက်စ်ကိုမြင်ရတာပေါ့..။
“All men are created equal”
ဒီမိုကရေစီစနစ်ဟာ ပြီးပြည့်စုံတာမဟုတ်ပေမယ့် …ဒီခေတ်အချိန်နဲ့တော့ လူသားများနဲ့အကိုက်ဆုံးတခုလို့.. ယူဆနိုင်ပါတယ်..။
ဆိုတော့..
ဒီမိုကရေစီစနစ်ကောက်ယူကြတာမှာ… မြန်မာတွေမှာလိုနေတာ.. အရောင်ယူနီဖေါင်းနဲ့လူတန်းစားမခွဲတဲ့.. လူလူချင်းတန်းတူမှုဖြစ်ကြောင်း..
အဲဒီယူနီဖေါင်းကောက်ဝတ်လိုက်တာနဲ့.. စင်ပေါ်တန်းတက်(ခွင့်ရ)သွားနိုင်တဲ့.. လူနဲ့လူတန်းစားစနစ် မြန်မာလူထုအများစုက လက်မခံတဲ့နေ့ဟာ..
.. မြန်မာတွေကျိန်စာလွတ်တဲ့နေ့ဖြစ်မယ်ဖြစ်ပါကြောင်း…
.. ထပ်အားဖြည့်လိုက်ရပါတယ်ခင်ဗျ…
ဦးဦးပါလေရာ
July 16, 2013 at 10:15 pm
ဒါလေး ဖြည်ပြောသွားတာကို စာရေးသူကို ကျေးဇူးတင်မိပါတယ်။
ကျုပ်အယူအတိုင်း ရှင်းရှင်းပြောရရင်-
မှန်တာနဲ့ပတ်သက်ပြီးပြောရရင်တော့-
ဒီမိုကရေစီကျတဲ့အဆုံးအဖြတ်တိုင်းဟာ မမှန်နိုင်ပါဘူး..။ ဒီမိုကရေစီကျပေမယ့် မှားနိုင်ပါတယ်။
ကောင်းတာနဲ့ပတ်သက်ပြီးပြောရရင်တော့-
ဒီမိုကရေစီကျတဲ့အဆုံးအဖြတ်တိုင်းဟာ မကောင်းနိုင်ပါဘူး။ အကောင်းဆုံးမဟုတ်မှာတော့ သေချာသလောက်ပဲ..။
ဒီမိုကရေစီစံနစ်ဟာ အကောင်းဆုံးစံနစ်လဲမဟုတ်ပါဘူး။ သူ့ထက်ကောင်းတာကို မဖေါ်ဆောင် မရှာကြံနိုင်သေးခင်မှာ မရှိသုံးသုံးရမယ့်ဟာမျိုးပါ။
ဒီမိုကရေစီစံနစ်ရဲ့ အောင်မြင်မှု့ဟာ အကျိုးဖြစ်ထွန်းမှု့ဟာ – အဲဒီစံနစ်ကိုကျင့်သုံးတဲ့(မယ့်) လူ့အသိုင်းအဝိုင်းရဲ့ အတွေးအခေါ်၊ စာရိတ္တ၊ စွမ်းဆောင်ရည်၊ တွေအပေါ်မှာသာ မူတည်ပါတယ်။
ဒါကြောင့် စံနစ်ကိုချည်း ဖိပြီး ဇောင်းပေးတည်ဆောက်ဖို့ထက်-
စံနစ်ကိုလဲတည်ဆောက် ၊ တချိန်တည်းမှာပဲ လူထုအရည်အသွေးကိုလဲ မြှင့်တင်ဆိုတာမျိုး ဟန်ချက်ညီညီလုပ်နိုင်မှ အကျိုးရှိပါတယ်။
ဒီမိုကရေစီစံနစ်ဆိုတာ ကိုးဆယ့်ခြောက်ပါးရောဂါပျောက်တဲ့ ပျောက်စေဆေးမျိုးမဟုတ်ပါဘူး။
တိုင်းပြည်၊ လူထု ကို ဆီလျှော်အောင်အုပ်ချုပ်တဲ့နေရာမှာတော့ ကောင်းတာမှန်ပေမယ့်….
မိသားစု တစ်စု ထဲမှာကို ဒီမိုကရေစီ စံနစ်ကျင့်သုံးလို့မရပါဘူး..။
စတိုးဆိုင်မှာ ဒီမိုကရေစီစံနစ် ကျင့်သုံးလို့မရပါဘူး…။
ဆောက်လုပ်ရေးဆိုက်ထဲမှာ ဒီမိုကရေစီစံနစ်ကျင့်သုံးလို့မရပါဘူး…။
အဲဒါကတော့ မျောက်အုန်းသီးရသလို နေရာတစ်ကာ ဒီမို ရောဂါ ဖြစ်နေတာ မြင်ရလွန်းလို့ …….
padonmar
July 16, 2013 at 10:38 pm
ဒီမိုစနစ်အရ ဆုံးဖြတ်တာ မှားသွားလည်း
ဆုံးဖြတ်ရတဲ့သူတစ်ဦးတည်း မဟုတ်လို့ အပြစ်လွတ်တယ် ဦးပါရဲ့။
အမှန်ကို မဆုံးဖြတ်နိုင် ၊အကောင်းဆုံးကို မရွေးနိုင်တဲ့ ပရိသတ်လက်ထဲ ဒီမိုရောက်တော့လည်း ကိုယ်နဲ့တန်ရာသာရတယ်ဆိုတဲ့ သူကြီးစကားအတိုင်း
ပဒေသာပင်ကွယ်မှာပေါ့ ။ဒန်တန်တန်…
ဦးကြောင်ကြီး
July 17, 2013 at 8:05 am
ဦးပါလေရာပြောသလို နေရာဒိုင်း ဒမိုဂယေစီ ကျင့်သုံးမရတာ မှန်ပါတယ်။ ယေဘူယျအားဖြင့် ကာယအားကိုးတဲ့ အလုပ်တွေ၊ အတိမ်းမစောင်းခံတဲ့ နေရာတွေမှာ စကားများများပြောဖို့ အချိန်မရှိ အကျိုးများဘူး။ အယာတိုလာ မိုးပြားသဂျီး မာမွတ်လျှာပွတ် ပစ်စုတ်ပံ ဦးခိုမ်ပြောတဲ့ ယူနီဖောင်း ဝတ်လိုက်ရင် အခွင့်ထူးခံ ဖြစ်သွား၊ တိုင်းပြည်နစ်နာရတာလည်း ဟုတ်နိုင်ပါတယ်…. သို့သော် ခေတ်တိုင်းမှာ ရှိနေမှာမို့ တိုးတက်တဲ့ နိုင်ငံများမှာလဲ သူ့နည်းသူ့ဟန်နဲ့ ရှိနေတာမို့ အပြစ်လိုက်ရှာနေလို့ကတော့ မဖြစ်နိုင်တဲ့ လောကနိဗ္ဗာန် တည်ဆောက်မယ်ဆိုတဲ့ လက်ဝဲကြွေးကြော်သံလို့ နှစ်တထောင် ကျိန်စာ ကိုယ့်ဖာသာကိုယ် ပြန်မိသွားကိန်း ရှိတယ်။ အဲဒီ ဗွီအိုင်ပီပဲပြောပြော၊ ကျိန်စာပဲဆိုဆို အဲဒီအလွှာတွေသည် ပွင့်လင်းမျှတတဲ့ ဒီမိုကရေစီ လူ့မှုစနစ် ဒေါက်တိုင်များအဖြစ် ရှိနေမယ်ဆိုရင် ခေတ်နဲ့ဘောင်ဝင် အံကျဗာသည် ခင်ဗျား..။
San Hla Gyi
July 17, 2013 at 8:39 pm
တကယ်တော့ သဂျီးဟာ ပစ်စုတ်ပန် ဂိုဏ်းဆရာကြီး တယောက်ပါ။ ဘယ်သူသေလို့ ငရဲရောက်ရောက် ငါအဖော်ရရင် ပြီးတာပဲဆိုတဲ့ တကိုယ်ကောင်း ဝါဒသမားကြီးပေါ့။ အခု သူပြောတဲ့ ယူနီဖောင်း ဝတ်လိုက်ရင် အခွင့်ထူးခံဖြစ်သွားတာ တိုင်းပြည်အတွက် နစ်နာတယ် ဆိုတာလည်း အလကား ပြောတာမဟုတ်ပါဘူး။ အဓိကက ဗုဒ္ဓဘာသာတွေကို ဘုရား တရား သံဃာကို မကိုးကွယ်နဲ့လို့ ပြောနေတာပါ။ တိုင်းပြည် အခြေအနေ မကောင်းလို့ ဆင်းရဲရတာကိုပဲ ဘာသာရေးကြောင့်လို့ လက်ညှိုးထိုးချင်နေတာပါ။ အခုတလော သူလေး ပိုပိုဆိုးလာတယ်။ ဆိုးလာမှာပေါ့။ ကျနော် ကြားဖူးတာက သူက ဒီမန်းဂေဇက်ကို မိုးပြာသာသနာ ကမ္ဘာလွှမ်း ဥဒါန်းတွင်ရမည် ဆိုတဲ့ ယုံကြည်ချက်နဲ့ ထူထောင်ထားတာတဲ့။ စိတ်တိုင်းကျ သာသနာပြုမယ်ပေါ့။ အဲဒါ သာသနာပြုဖို့ ဂိုဏ်းတူညီအကိုတွေကို တရားဟောခိုင်းတော့လည်း မိုးပြာဆိုတာနဲ့ ဘယ်သူကမှ လက်မခံတော့ မအောင်မြင်ဘူး။ အခုဆို သူ့ဂိုဏ်းတူ ညီအကိုတွေတောင် သိပ်မလာရှာတော့ဘူး။ ဒီမန်းဂေဇက်ထဲမှာ ရေးထားတဲ့ မိုးပြာတရားတွေ ဥပမာ မောင်မိုးပြာ၏ ဆရာ ဘာကြောင့်ပြာတို့ ဘာတို့လဲ သိပ်ရှာလို့ မတွေ့တော့ဘူး။ သိပ်မအောင်မြင်လို့ သူ့ဂိုဏ်းတူ ညီအကိုတွေကလဲ သိပ်အစမ်းသပ် မခံနိုင်လို့ ဖျက်ပေးလိုက်ရရှာတယ်နဲ့ တူတယ်။ အဲဒီနောက်ပိုင်း သူ့ခမျာ ပိုပိုပြီး ဆိုးလာရှာတာပဲ။ သနားတော့ သနားပါတယ်။ သူပြောနေတာတွေ နားထောင်လိုက်တာနဲ့ ဤပုံကို ကြည့်ပါ အဝေးကပင် မြင်နိုင်ပါသည် ဆိုသလို ဖြစ်နေရှာတာကိုး။
အခု ပြောတာတွေဟာ တကယ်နောက်တာ ဖြစ်ပြီး ယုံချင်မှ ယုံကြပါ။ ယုံချင်လည်းယုံပါ။ မှန်ပါလိမ့်မည်။
kai
July 18, 2013 at 12:36 am
ကျုပ်နားလည်သဘောပေါက်တဲ့.. ဗုဒ္ဓသာသနာမှာ.. သူတပါးကို… ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့တာမပါဘူးဗျ…
တိတိကျကျပြောရရင်.. ဗုဒ္ဓဘာသာဟာ.. သူတပါးဆီဆုတောင်းကိုးကွယ်ဆည်းကပ်ရတဲ့ဘာသာသာသနာမဟုတ်ပေဘူး…
ဆိုတော့..
ကိုရင်.. ကျွန်စိတ်လေးများဖျောက်.. သခင်စိတ်လေးရောက်အောင်ထားပါကွယ်…။ လူသားတိုင်းဘုရားဖြစ်ခွင့်ရှိနေတဲ့.. တန်းတူမှုအမြင့်ဆုံးပေးထားတဲ့.. ဘာသာသာသနာနေပြီး.. ကိုယ့်စိတ်တန်ခိုးတွေဆွဲချလုပ်မနေပါနဲ့… လို့..
လူတဦးချင်းစီမှာ.. မမြင်ရတဲ့တန်ခိုး ဣဒ္ဓိပါဒ် တွေရှိသဗျ..
မယုံရင်.. ကိုရင်ဖူးမျှော်မာန်လျှော့ ကန်တော့ နေတဲ့လူသားကိုဦးတည်ပြီး.. အလောင်းစည်သူမင်းကြီးလို.. သစ္စာဆိုကန်တော့ကြည့်ပါလား…။
သူပြတ်ရင်ပြတ်.. မပြတ်ကိုယ်ကန်းပဲ….
အခု ပြောတာတွေဟာ တကယ်နောက်တာ ဖြစ်ပြီး ယုံချင်မှ ယုံကြပါ။
ယုံချင်လည်းယုံပါ။ မှန်ပါလိမ့်မည်။
ကွိ…
San Hla Gyi
July 18, 2013 at 6:56 pm
အဲဒါ သဂျီး နားလည် သဘောပေါက်တာကိုးဗျ။ သဂျီးနားလည် သဘောပေါက်တာလည်း အများကြီး မှားနိုင်တာပဲ ဆိုတာလည်း မမေ့နဲ့လေ။ ကျုပ်အနေနဲ့ ပြောရရင် ကိုရင်က ဗုဒ္ဓဘာသာတရားတော်မှာ သူ့အကန့်နဲ့သူ ခွဲပြီး ဆစ်ပိုင်းနားလည် ရမယ်ဆိုတာကို သဘောမပေါက်လို့ ဖြစ်နေတာဗျ။ ဖူးမျှော် မာန်လျှော့ ကန်တော့တဲ့ အခန်းတွေ အများကြီး ဗုဒ္ဓဘာသာမှာ ပါပါသဗျာ။ ကိုရင့် ထုံးစံအတိုင်း အခါတရာလောက် ကန်တော့တာတွေလည်း ကိုယ်မကြိုက်ရင် မဟုတ်နိုင်ပါဘူးဆို ပယ်လိုက် ကိုယ်ကြိုက်တာလေး တွေ့လိုက်တာနဲ့ လိုရာဆွဲပြီး တယူသန်ယူလိုက်။ အဲဒီလို ဖြစ်နေတာလေ။
လူသားတိုင်း ဘုရားဖြစ်ခွင့် ပေးထားပေမယ့် လူတိုင်း ဘုရားဖြစ်တာ မဟုတ်ဘူးဗျ။ နောက်ပြီး ဂေါတမဘုရားအလောင်းတောင် နိယတဗျာဒိတ် ရတဲ့ ဘဝတွေမှာ ရှေ့ကနောင်တော် ဘုရားတွေကို ရှိခိုးပူဇော်ရတဲ့ အခန်းတွေ တပုံကြီးပါဗျာ။ အဲဒါတွေလည်း သဂျီး မကြိုက်ရင် ကိုယ့်ဟာနဲ့ကိုယ် ပယ်လိုက်တာပဲ မဟုတ်လား။
နောက်ပြီး သဂျီးမင်း အထူးကု ဆရာဝန်ကြီး ဖြစ်မယ့် ဆေးကျောင်းသားဟာ ဆရာဝန်ကြီး မဖြစ်ခင် ဆေးကျောင်းတတ်နေတုန်း ကိုယ့်ကိုကိုယ် အထူးကုဆရာဝန်ကြီးနဲ့ တတန်းတည်းလို့ ပြောလို့ မရပေဘူးဗျာ။
သဂျီးလည်း ကိုယ်ပြောတာမှ တအားမှန်တယ် ထင်နေတတ်တဲ့ စိတ်ကလေးလဲ လျှော့ပါကွယ်။
နောက်ပြီး လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ဟာ သူများတွေရဲ့ အခွင့်အရေးဗျ။ အဲဒီတော့ သဂျီးတို့လို လူ့အခွင့်အရေးသမားတွေဟာ ကိုယ်မယုံကြည်ရင်နေ သူများယုံကြည်တာကို လိုက်ပြီး မပုတ်ခတ်နဲ့ပေါ့။ ကိုယ့်ဘာသာ ဟောချင် ပြောချင်လည်း ကျုပ်တို့ရဲ့ မိုးပြာဝါဒမှာတော့ ရှိခိုးကန်တော့တာ မပါဘူးတို့ ဘာတို့ ပြောပေါ့။ သူများ ရှိခိုးနေတာတွေ့လည်း မသိချင်ယောင် ဆောင်နေလိုက်ပေါ့။ လိုက်ပြီး ကိုယ်သိတာမှ မှန်တယ်ထင်ပြီး လိုက်မပုတ်ခတ်နဲ့ပေါ့ ကွိ။
အရီးခင်လတ်
July 18, 2013 at 8:09 pm
အို….ကာလာမလူမျိုး အမျိုးကောင်းသားတို့…၊
သင်တို့သည် လက်ခံကျင့်သုံး အပ်သော အမှန်တရား ဓမ္မတို့ကို ဤ အချက် (၁၀) ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ် အားထုတ်ကြ ကုန်လော့…။
(၁) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြား သိမှတ် လာခဲ့တာပဲလို့ “ရှေးစကား” ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါ နဲ့ဦး။
(၂) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ” ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်တယ် လို့ ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။
(၃) လူအများက ပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား “နာမည် ကျော်ကြားရုံ” နဲ့ မစုံစမ်း မဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက် ပါနဲ့ဦး။
(၄) “ရှေးဟောင်း စာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ် တကူ လက်မခံ လိုက်ပါနဲ့ဦး။
(၅) မိမိဉာဏ်ရှိသမျှ တွေးခေါ် ကြံဆထားတဲ့ “အယူအဆ” ကိုလည်းပဲ မှန်လှပြီ လို့ မသတ်မှတ် လိုက်ပါနဲ့ဦး။
(၆) အဲဒီတရား အယူအဆဟာဖြင့် ထောက်ပံ့ အမှီပြုအပ်တဲ့ “နည်းနာ နိဿယ” တွေ၊ အကြောင်းပြချက်တွေ ရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ် တကူ လက်မခံလိုက်ပါနဲ့ဦး။
(၇) မိမိဘာသာ “တွေးခေါ်ကြံစည် ဆင်ခြင်ပြီး” ဟုတ်လှပြီ လို့ သဘောကျ နှစ်ခြိုက်ရုံနဲ့လဲ မှန်လှပြီ လို့ မယူဆ လိုက်ပါနဲ့ဦး။
(၈) ဒီတရား အယူအဆတွေ ဟာဖြင့် မိမိစဉ်းစား တွေးတော ထားတာတွေနဲ့“တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက် ပါနဲ့ဦး။
(၉) အများက “လေးစားရိုသေ အပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့ ပြောတဲ့ စကားပဲ ဆိုပြီး တော့လည်း မဆင်မခြင်ပဲ မယုံကြည် လိုက်ပါနဲ့ဦး။
(၁၀) ငါတို့ ရင်းနှီး ကျွမ်းဝင်ချစ်ခင်တဲ့ “ငါတို့ဆရာသမား”ပြောကြားတဲ့ စကားပဲ ဆိုပြီတော့လည်း အပြီးသတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။
“ကာလာမ လူမျိုးတို့……သင်၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဦးစွာဆင်ခြင် သုံးသပ်ကာ…..
ဤတရားတို့ကား.. မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား.. အကျိုးမဲ့ အပြစ်ကိုသာ ဖြစ်စေသော တရားတို့တည်း။
ဤတရားတို့ကား.. ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား.. ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်း မဟုတ်သော တရားတို့ပေတည်း……ဟု ရှောင်ရှား ပယ်စွန့်သင့်သည် တို့ကို စွန့်ပစ်ကာ လက်ငင်း အကျိုးကျေးဇူး အမှန်တကယ် ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ ကျင့်သုံးပြီးမှ ယုံကြည် လက်ခံကြပါ….
ပုံ
ဗုဒ္ဓ
(ကာလာမသုတ္တန်)
—————-
ကိုစံလှကြီး နဲ့ သူကြီး — ဒီ ကြီး၂ကြီး က ဗုဒ္ဓဘုရားလက်ထက်မှာ တုန်းက
အင်မတန် ဂျစ် (မှားလို့ ချစ်) ကြတဲ့ ကာလာမလူမျိုး တွေ ဆိုဘဲ။
🙄
😆
kai
July 19, 2013 at 1:42 am
တတန်းထဲလို့.. ပြောလို့မရပါဘူး..
လူသားတဦးနဲ့တဦး.. အချိန်ကပ်မွေးတဲ့..အမွှာတောင်.. အတူတူကွ.. တတန်းထဲလို့ပြောမရပါ..
ဆိုတော့…
လူတန်းစားမခွဲ.. တန်းတူမှုနဲ့.. လူအချင်းချင်းတတန်းထဲဆိုတာ.. အဓိပ္ပါယ်ကောက်… လုံးဝမတူပါနော..။ ရောမချစေလိုကြောင်း…။
ဆေးကျောင်းသားဟာ.. အထူးကုဆရာဝန်ကြီးနဲ့.. လူသားဖြစ်တည်မှုမှာတန်းတူပါတယ်..
ဆေးပညာလေ့လာသင်ယူနေမှုအပေါ်မှာလည်းတန်းတူပါတယ်..။
တပည့်/ဆရာဖြစ်တဲ့အတွက်.. ထိုက်သင့်တဲ့..အပြန်အလှန်လေးစားမှုရှိပေးရင်လုံလောက်ပါတယ်..
ဆိုတော့..
ရိုးရာ..ဓလေ့..ထုံးစံအရ.. ကန်တော့လို့လည်းရပါတယ်..
ဒါပေမယ့်… ဘယ်သူ့ကိုမဆို.. လူသားဟာ.. (စိတ်ဓါတ်ရေးရာအရ.) မိမိကိုယ်ကိုနှိမ့်ချ.. အနန္တော အနန္တဆိုပြီး.. . ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ခြင်းမပြုသင့်ကြောင်း..
ပြုတော့ဘာဖြစ်သလည်း… ဆိုတော့..
အနှစ်၁၀၀ဝ ကျော်စမ်းသပ်ခံထားတဲ့.. ရလဒ်အဖြေ.. အခုခေတ်မြန်မာပြည်ကြီးမြင်ရသပေါ့…
ဒါပါပဲ…။
( ဒါတောင် ရှင်ဖိန်းစိတ်ဓါတ်.. သခင်ဘသောင်းတို့သခင်တွေ သွတ်သွင်းပေးခဲ့လို့..။ အရင်ကများ.. နန်းတွင်းကဆိုရင်လည်း.. ဘုရားထူး…
အင်္ဂလိပ်ဝင်လာလည်း.. ဘုရားထူး…
ဘုရား.. ဘုရား.. )
ဦးကြောင်ကြီး
July 19, 2013 at 7:31 am
ကိုစံလှဂျီးရေ….
သာဂျီးဇာတာမှာကိုက လူဂျီးသူမတွေကို စော်ကားရမည့် နက္ခတ်ပါနေတာဗျ… ဘယ်လိုမှ လုပ်အရဗူး… ဘုန်းကြီးတွေ ကန်တော့တာသာ ဒင်းက အပြစ်တင်နေတာ ကန်ထရိုက် ချပေးတဲ့ အဘတွေကြတော့ ပြုလိုက်တဲ့ဆလံ၊ မလိုက်တဲ့ဖင်၊ ထောက်လိုက်တဲ့လေးဖက်၊ ခေါ်လိုက်တဲ့အဘ…. ကောင်းဂျသေးရဲ့လား အရပ်ဂဒို့… 😥
San Hla Gyi
July 19, 2013 at 6:43 pm
ဟုတ်တယ် ကိုကြောင်ကြီးရေ။ ကျနော်က အစက သူ့ကို ဒီဇာတာ ပါလာမှန်း မသိဘူး။ နည်းနည်းပါးပါး ရလောက်သေးတယ်ထင်တာ။ သူဟာ သက်တော်ထင်ရှား မြတ်စွာဘုရားနဲ့ တွေ့ရင်တောင် အကျွတ်တရား ရဖို့ မလွယ်တဲ့အပြင် ကပ်ဖဲ့လုပ်ပြီး ဟိုဘက်က သိပ်အားကောင်းတဲ့ လူနဲ့(ဥပမာ ဘုရား ရဟန္တာတွေ) တွေ့ရင် အကျိုးမရပဲ ဒုက္ခကောင်းကောင်း ရောက်မယ့်လူမျိုးပဲ။
အဲဒီတော့ သူ့ကိုတော့ အသာထား။ ဒီရွာထဲက လူတွေက သူပြောတဲ့ ဘာသာရေးနဲ့ ပက်သက်တာတွေ ဆိုရင် လုံးလုံးစဉ်းစားမနေနဲ့။ သူပြောတာရဲ့ ပြောင်းပြန်ကို လုပ်ပေတော့။ အဲဒါ အများအတွက် အကျိုးရှိလိမ့်မယ်။
ဦးကြောင်ကြီး
July 20, 2013 at 8:13 am
အဲလောက်တောင် ဆိုးသလား.. ဒါနဲ့များ သူ့ကိုယ်သူ သာသနာပြုဒဲ့…
padonmar
July 16, 2013 at 10:33 pm
ဦးပါ၊ မလတ်၊သူကြီး တို့ ကွန်မန့်တွေကို ဆရာစိုးဖတ်မိစေချင်ပါတယ်။
သူသာဖတ်မိရင် ဒီရွာထဲ အခြေလာချချင်မှာပဲလို့ ယုံကြည်ပါတယ်။
ဦးကြောင်ကြီး
July 17, 2013 at 8:12 am
ဆြာစိုးနဲ့ ဒီနေ့ စကိုက်ပီ ပြောဖြစ်ပါတယ်… သူက အယာတိုလာ မာမွတ်ရှာပွတ် အာစွပ်နှာထွတ် ဘာဘွတ်ခိုမ်လို ၇၈၆ယောင်ယောင် ပစ်စုတ်ပံမိုးဗျားယောင်ယောင် မဟုတ်တရုတ် ကူမြူနစ်ပါတီ နိုင်ငံရေးမှူးယောင်ယောင်၊ ငါ့တဘို့ ဘယ်သူသေသေ ငတေမာ ပီးရော မြစ်ဆုံရေကာတာ စီမံကိန်းပွဲစားယောင်ယောင် ကိလေသာထူပြောသူနဲ့ မပက်သက်ချင်ဗူးတဲ့လေ….. 😆
Ma Ma
July 17, 2013 at 8:32 am
သီတဂူဆရာတော်ကြီးနဲ့တွေ့ပြီး နှိပ်နယ်ပေးရတယ်လို့ ပြောတဲ့ ရွာသားတစ်ယောက်ကိုတောင် သွားသတိရမိသေးတော့တယ်။ 😛
uncle gyi
July 16, 2013 at 10:44 pm
အေသင်မှာနေတဲ့ ဂရိလူမျိုးတိုင်းဟာ မဲပေးခွင့်ရှိသော နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံရပါဘူး။ နံပတ်တစ်ကတော့ မဲဆန္ဒရှင်ရဲ့ မိဘနှစ်ပါးစလုံးဟာ ဂရိလူမျိုး ဖြစ်ရမယ့်အပြင် အေသင်မှာ အခြေချနေထိုင်သူသာ ဖြစ်ရမတဲ့။ ကိုယ့်တိုင်းပြည်အရေးကို ကိုယ်တိုင်ပါဝင် ဆုံးဖြတ်ချင်တယ်ဆိုရင် ကိုယ့်အိမ်ထဲက အတွင်းလူသာ ဖြစ်သင့်သတဲ့။ သူ့ဘာသူ အပြင်ကနေ ဘာတွေပြောပြော မောရင်ရပ်သွားလိမ့်မယ်။ ကိုယ့်ကိစ္စ ကိုယ့်အရေးကိုတော့ ကိုယ့်ချင်းကိုယ့်ချင်းပဲ ဆုံးဖြတ်ကြရမယ်။ အဲသလိုမျိုး။ ဟွန့်။ အေသင်သားတွေ ယိုတဲ့ချေးများ နည်းနည်းလောက်ကျန်ရင် ပြာချပြီး တပြည်လုံးကျွေးလိုက်ချင်ပါသလေ။
အဲဒါအဲဒီခေတ်ကမို ့အခုခေတ်လိုဆိုလူ့အခွင့်အရေးဘာညာနဲ့ဘယ်လိုများစည်းကမ်းတွေ
ပြင်ကြမလဲမသိ
တော်ကီကောင်းတဲ့သူတွေနေရာရတာရှေးတုန်းကတည်းကပါတဲ့
ဆိုဖစ်ပဲပြောပြောတကယ်တတ်သိပညာရှင်ပဲပြောပြောသူတို့နေရတာ
တော်ကီတွေရဲ့နောက်တန်းကပါတဲ့
အဲဒါကလည်းအေသင်ချိုဆွေမွေးကတည်းကပါတဲ့
ဒါကြောင့်ယနေ့လူငယ်နောင်လူကြီး ကလေးတွေနေရာကောင်းရချင်ရင်
တော်ကီကောင်းမှရမယ်နော်
ကျုပ်ပြောတာမဟုတ်
နီကိုးပြောတာ
marga thagyar
July 17, 2013 at 1:40 pm
တွေခေါ်မျှော်မြင်မှ ုမရှိ၊အသိပညာ (wisdom)မရှိ ကျယ်ပြန်တဲ့ဗဟုသုတနဲ ့ လေ့လာသုံးသပ်နိုင်မှု ု မရှိရင်. ဒီမိုကရေစီစနစ်ဟာလဲ. ငရဲကို တွန်းပု့ိနိုင်ပါတယ်