ကျွန်တော်ပြောပြချင်တဲ့ ကျွန်တော်နဲ့ သူတို့အကြောင်း
လွန်ခဲ့သော ဆယ်စုနှစ်များက သူတို့ကိုလူတွေကရောဂါကူးလွယ်တဲ့ လူပေလူတေ တွေလို့မြင်ကြတယ်…
တကယ်တော့ မြန်မာနိုင်ငံရယ်ခေတ်နောက်ကျမှုကြောင့် လက်လုပ် (Hand Made ) တွေကိုပဲ တွင်တွင်အသုံးပြုခဲ့လို့ ပေတေ နေခဲ့ပြီး ကမာ္ဘနဲ့အညီရင်ဘောင်တန်းချင်ခဲ့ကြသူတွေပါ။
လွန်ခဲ့သော ဆယ်စုနှစ်များက သူတို့ကိုလူတွေက မူးယစ်ဆေးဝါးနဲ့ မကင်းသူတွေလို့ မြင်ကောင်းမြင်ခဲ့ကြလိမ့်မယ်……………
တကယ်တော့ သူတို့ဟာ သူတိုရဲ့လက်တွေနဲ့ပုံတစ်ပုံကို ဖန်တီးနေချိန်မှာ ရေငတ်တာတောင်မေ့လျော့ပြီး ဈာန်ဝင်နေတဲ့သူတွေပါ။
လွန်ခဲ့သော ဆယ်စုနှစ်များက သူတို့ကို လူကြမ်းလူရိုင်းကြီးတွေလို့ ထင်မြင်ခဲ့ကြလိမ့်မယ်…………
တကယ်တော့ သူတို့ဖန်တီးချင်တဲ့ အနုပညာဆိုတာ အလွယ်တကူဖန်တီးလို့မရပဲနဲ့ ယုံကြည်လက်ခံတဲ့ သူတစ်ချို့ရဲ့ အရေပြားပေါ်မှာသာ သူတို့အနုပညာကိုထုဆစ်ခွင့်ရခဲ့ကြသလိုပဲ သူတို့ရဲ့ အရေပြားကိုလဲ (Canvas) တစ်ခုလိုသဘောထားခဲ့လို့ ပြေပြစ်လှပတဲ့ပုံတွေရလာဖို့အတွက် ကြမ်းတမ်းတဲ့သူတစ်ယောက်အသွင်ဖြစ်ခဲ့ရသူတွေဖြစ်တယ်။
အထက်က ကျွန်တော်ရေးခဲ့တဲ့ စာသားတွေက ကျွန်တော့် အတွက်မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်က ဒီခေတ်လို Tattoo Accessories တွေတအားပေါလဲပေါ ဝယ်လဲဝယ်ရလွယ်တဲ့ ခေတ်မှာ Tattoo Artist ဖြစ်လာတဲ့ အောက်သက်မကြေတဲ့ Tattooist တစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော် ငွေအပ်ခုနှစ်ချောင်းကို ဝါးတူထိပ်မှာချည်ပြီး ဖူဂျီတံဆိပ် Water Colour အမဲတစ်ပုလင်းနဲ့ ကျွန်တော့်အစ်ကိုဝမ်းကွဲရဲ့ ပေါင်မှာလက်တည့်စမ်းဖူးတယ်ဗျ။ ဒါပေမယ့် ဆေးကဝင်တစ်ချက်မဝင်တစ်ချက်ဆိုတော့ သုံးလေးစက်လောက်လဲထင်ရော ကျွန်တော်လဲ ဆက်မလုပ်ချင်တော့ဘူး “စက်ရောက်မှပဲ ထပ်ထိုးတော့ဗျာ’’ ဆိုပြီး ရပ်ပစ်လိုက်တယ်။
ကျွန်တော်လို ခေတ်မှီတဲ့ Tattoo စက် ၊ ဆေး ၊ ပစ္စည်းဝယ်ပြီး စလေ့ကျင့်ခဲ့တဲ့ သူတစ်ယောက်အတွက်တောင်မှ ပုံတစ်ပုံဖြစ်ဖို့ ကိုယ်တိုင်ရေးကြည့်မှ လွယ်မယောင်နဲ့ခက်မှန်းသိခဲ့ရတာပါ။ ကျွန်တော် စရေးဖြစ်တော့ ကျွန်တော့်ရဲ့ အရေပြား Canvas ကျေးဇူးရှင်က ကျွန်တော့် အစ်ကိုဝမ်းကွဲဗျ ။ သူကလဲ ကျွန်တော်စာရွက်ပေါ်မှာဆွဲတဲ့ ပုံထွက်ကိုမြင်တော့ ရဲရဲကြီးယုံတယ်လေ ဗျာ။ အဲဒါနဲ့ ကျွန်တော့် ကုမ္ပဏီက အစ်မတစ်ယောက်က USA မှာသူ့အမျိုးတွေရှိတယ်ဆိုတော့ ကျွန်တော်လဲ အကူအညီတောင်း ပြီးမှာခိုင်းလိုက်တာ စက်တစ်လုံးနဲ့ ပစ္စည်းအစုံပါတဲ့ Box တစ်ခုရောက်လာပါလေရော ။ မှတ်မှတ်ရရ ၂၀၀၈ ခုနှစ်လောက်ကပါ ကယ်ရီခနဲ့ ပစ္စည်းဖိုးဒေါ်လာငါးရာကျတယ်။
ကျွန်တော်လဲ သိပ်အချိန်မဆွဲပါဘူး ရောက်ရောက်ချင်းနေ့ပဲ အရေပြားပေးမယ့်သူ စိတ်ပြောင်းသွားမှာစိုးတာနဲ့ ရုံးဆင်းတော့ ဘီယာတွေပါတွေ တိုက်ပြီး အိမ်ကိုပင့်ရတာပေါ့။ အဆင်သင့်လေတော့ ကျွန်တော်ရလိုက်တဲ့ တက်တူးစက်ဗူးထဲမှာ ဘယ်လိုထိုးရမယ် ဘယ်နေရာမှာ ဘယ်လိုအပ်မျိုးသုံးရမယ်ဆိုတဲ့ အခွေကလဲပါတယ်ဗျ ။ အဲဒါနဲ့ အခွေဖွင့်ကြည့်ပြီး ညီအစ်ကိုနှစ်ယောက် ဘီယာဗူးတွေကိုယ်စီနဲ့ဆော်ဖို့ပြင်ကြတာပေါ့။
3RL လို့ခေါ်တဲ့ကောက်ကြောင်းအပ် ( Line ဆွဲတဲ့အပ် အသေးဆုံးဆိုဒ်) ကိုစက်မှာချိတ် အပ်မလှုပ်အောင် သားရေကွင်းပတ် ဆေးကိုဆေးခွက်လေးထဲထည့်ပြီးတုံး ရှိသေးတယ် “ ဟေ့ရောင် (ဟေ့ကောင်) မင်းစက်ဝယ်လာတယ်ဆို ငါ့လဲလက်မောင်းမှာပုံသေးတစ်ပုံလောက်ထိုးပေး” ဆိုပြီး အတင်းကို အရေပြားထိုးပေးနေတဲ့ Canvas အလှူရှင်နောက်တစ်ယောက်ပေါ်လာပါတယ် အဒေါ်အငယ်ဆုံးရဲ့ယောက်ျားပါ။ သူကကျွန်တော်တို့ တာမွေမှာနေတာမဟုတ်ဘူး မြောက်ဒဂုံကိုပြန်ရမှာ အတင်းအစမ်းသပ်ခံချင်လို့ ဝင်လာတာ။ အဲဒါနဲ့ ကျွန်တော်လဲ နေ့ချင်းညချင်းတက်တူးဆရာကြီးဖြစ်သွားပါပြီ ကျွန်တော့်အစ်ကိုဝမ်းကွဲကိုတောင် ချော့မော့ပြီး ရက်ချိန်းတောင်ပြန်ပေးလိုက်သေးတယ်။ ကျွန်တော်တို့ အရင်နေခဲ့တဲ့တိုက်ခန်း ၆လွှာရဲ့ ဝရံတာမှာ ထိုးတာပေါ့။ အဲဒီတုန်းက ကျွန်တော့်အဖေမဆုံးသေးတော့ အဖေကိုးကွယ်တဲ့ နံကရိုင်း နတ်စင်ကဝရံတာမှာရှိတယ်။ နတ်စင်ပေါ်မှာလဲ အရက်တစ်ပြားက အဆင်သင့်ဆိုတော့ ကျွန်တော့်ဦးလေးက သူ့ချလို့ရလားဆိုပြီး မျက်စပစ်ပြတယ် ။ ကျွန်တော်ကလဲ အမေမသိအောင်ကိုင်လိုက်ဆိုပြီး ကျပ်ပေးလိုက်တယ် ။ (မှတ်ချက်- ထိုစဉ်က ကျွန်ုပ်သည် လုံးဝအရက်မသောက်တတ်ပါ ဂဇက်ဒုတိယအကြိမ်တွေ့ဆုံပွဲပြီးမှာ ရွာဆော်ကြီးများဖြစ်သော ကိုအာဂ၊ ကိုရဲစည် ၊ ကိုမတ် နှင့် ကိုကမ်းဝေး တို့နှင့်တွေ့မှ သောက်ဖူးသွားချင်းသာဖြစ်ကြောင်း)
တက်တူးစရေးရတာမလွယ်ပါဘူး ဝီစကီအစိတ်ပြား တစ်ပြားစာလောက်အလေးချိန်ရှိပြီး လှုပ်နေတဲ့စက်ကို ငြိမ်အောင်ထိန်းပြီး ရေးရတာတစ်မျိုး နောက်ပြီးအရေပြားပေါ်မှာရေးရတာဆိုတော့ အပ်ဝင်သွားတဲ့အတိမ်အနက်ကိုမှန်းရတာလဲမလွယ်ပါဘူး။ နောက်ပြီး အရေပြားပေါ်မှာ ကိုယ်လိုချင်တဲ့ကာလာအနေအထားရအောင် ဆေးထင်ဖို့ဆိုတာကလဲ တစ်ခေါက်ထဲဆွဲရုံနဲ့မထင် သုံးလေးခါလောက်ရေးရတယ် အဲဒီတုန်းကပေါ့။ သုံးလက်မပတ်လည်လောက်ရှိတဲ့ ကနုတ်လေးတစ်ခုကို ကျွန်တော် စိမ်ပြေနပြေထိုင်ထိုးနေလိုက်တာ ၄နာရီလောက်အချိန်ကြာသွားတယ်။ အဲဒီတုန်းက အခြေအနေကတော့ ဘာမှလဲ သိပ်နားမလည်သေးတော့ အုန်းဆီသုတ်လိုက်ထိုးလိုက် ပြီးရင်အုန်းဆီလေးပွတ်ပေးလိုက်နဲ့ ဟုတ်နေတာပဲ။ မိန်းမကတော့ တစ်ချိန်လုံးဗျစ်တောက်ဗျစ်တောက် အလကားပိုက်ဆံ လေးငါးသိန်းဖြုန်းပြီး စက်တွေလျှောက်ဝယ်တယ် ပြီးတော့လဲအရေမရအဖတ်မရ အချိန်ကုန်ခံတဲ့ဟာတွေဘာညာပေါ့ (အခုတော့ ပါးစပ်ပိတ်သွားပါပြီ တက်တူးနဲ့ပတ်သတ်ပြီး အခိုင်အမာ မိတ်ရလာတာရယ် အဲဒီကရတဲ့ဝင်ငွေလေးကလဲ မဆိုးဘူးလို့ပြောလို့ရတာရယ်ကြောင့် -ဪမိန်းမတွေများ)
ကျွန်တော်ထိုးကာစတုန်းက ပုံသေးတွေဆိုသိပ်မထိုးပေးချင်ဘူး ပုံကြီးပဲရေးချင်တယ် တကယ်တော့အခုနေပြန်စဉ်းစားကြည့်ရင် ဖင်မနိုင်ပဲ ပဲကြီးဟင်းစားတာပါ။ ပုံကြီးတစ်ပုံသာပြီးသွားတယ် ဟိုနေရာဆေးလွတ် ဒီနေရာအနာဖြစ်နဲ့ အဆင်မပြေပါဘူး ဒါပေမယ့်လဲ အရေပြား Canvas အလှူရှင်ရှိတုန်း ပုံကြီးကြီးပဲကစ်ချင်နေတယ်။ အဲဒီလိုတစ်ဖြေးဖြေးနဲ့ လက်ရာလေးမှန်ဆေးသားလေးညက်လာတော့ နည်းနည်းလူသိလာတယ် တစ်ယောက်စကားတစ်ယောက်နားဆိုသလိုပေါ့။ ဒါပေမယ့် အဲတုန်းက တကယ့်ဆရာကြီးတွေရေးထားတဲ့ပုံနဲ့ယှဉ်ရင်ဆီနဲ့ရေပါပဲ။ အဓိက ကတော့ ကျွန်တော်က သင်္ဘောသားရုံးမှာ ဝန်ထမ်းလုပ်နေတာဆိုတော့ ပုံလေးတွေဖုန်းထဲထည့်ထား သင်္ဘောသားတွေကိုပြ ဘယ်ဈေးဘယ်လိုယူလဲပြောပြ သူတို့လဲ ကြည့်ပြီးကြိုက်တော့ထိုးကြတာပါ။
တကယ်တော့ TATTOO ARTIST ဆိုတာ ကျွန်တော့်လို ခေတ်ကောင်းချိန်မှာ ဝင်လုပ်တဲ့သူတောင်မှနှစ်နှစ်လောက်က ကိုယ်ထိုးပေးလို့ရတဲ့ကြေးနဲ့ ကိုယ့်ရဲ့ ပစ္စည်းဖိုးနဲ့က လုံးလည်ချာလည်လိုက်နေတာပါ။ သေချာတယ် အဲဒီတုန်းက ဒီအလုပ်တစ်ခုတည်းသာ လုပ်တဲ့သူဆိုရင် ငတ်တလှည့်ပြတ်တလှည့်ပဲသွားရမှာ ။
အခုအချိန်မှာ Tattoo Studio တစ်ခုနဲ့တစ်ခုက ကျန်းမာရေးနဲ့ သန့်ရှင်းရေအပိုင်းကော Quality ပိုင်းရောက အပြိုင်အဆိုင်ထိ်န်းလာကြပါပြီ။ Foreigner တွေတောင်မှ မြန်မာနိုင်ငံရောက်မှ ထိုးကြတာတွေရှိတယ် ။ မြန်မာ့ Tattoo Artist တွေကိုကမာ္ဘကသိလာတဲ့သဘောပါ။
ဆယ်လီဘရစ်တီတွေဆိုရင်လဲ ဒီခေတ်မှာ Tattoo မရှိရင်ခေတ်မမှီတော့သလိုကို အပြိုင်အဆိုင်ထိုးလာကြပါတယ် ။ နောက်တစ်ခုက ဆယ်ကျော်သက်တွေ လက်မှာ Tattoo တွေနဲ့ ကျွန်တော်တို့ ကြောင့်ပျက်စီးနေသလိုလိုထင်ကြပါလိမ့်မယ် ။ တကယ်တော့ Tattoo Studio တော်တော်များများဟာ ၁၈နှစ်မပြည့်သေးသူတွေကို မထိုးပေးပါဘူး။ ၁၈နှစ်မပြည့်သေးသူ ဆယ်ကျော်သက်တွေကို ထိုးပေးတဲ့သူဆိုရင်လဲ သူတို့ အချင်းချင်းထိုးတာ ဒါမှမဟုတ် Studio နဲ့ နာမည်မရသေးတဲ့ ပွဲဈေးတန်း တန်းတက် တွေပဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပညာလဲ တတ် ခေတ်လဲမှီတဲ့ Artist တွေက ပိုက်ဆံထက်နာမည်ကိုပိုကြည့်ကြပါတယ် ။ ယခုလက်ရှိ Golden Dragon Tattoo Studio တို့ Sliver Needle Tattoo Studio တို့လိုမျိုးကျွန်တော်နဲ့ရင်းနှီးတဲ့ ကျွန်တော်လဲလေးစားရတဲ့ သူတွေလိုပေါ့ဗျာ။
တကယ်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက Tattoo Artist တွေအပေါ်မြင်ခဲ့တဲ့အမြင်တွေ အခုခေတ်မှာလူတော်တော်များများမှာမရှိတော့ပါဘူး။ နာမည်ကျော်တွေအားလုံးလိုလို Tattoo ထိုးနေကြတာကိုကြည့်ရင်ပေါ့။
ဒါပေမယ့် ရှေးရိုးစွဲတွေလဲ ရှိပါသေးတယ် ကျွန်တော် အခုအိမ်နဲ့တွဲဖွင့်ထားတဲ့ စတူဒီယိုအတွက် အိမ်ရှေ့ဆန်းရှိတ် မှာ ဆိုင်းဘုတ်တင်နေတုန်းပေါ့ ခေါင်းရင်းတိုက်က လူကြီးထွက်လာပါတယ် ဘေးပတ်ဝန်းကျင်ပြောပြထားတာကတော့ ခေါင်းရင်းကအိမ်က ဆရာဝန်တဲ့ အဲဒီလူကြီးပဲဖြစ်မှာပေါ့ ။
ကျွန်တော့်ကိုလာမေးတယ် “TATTOO ဆိုတော့ မင်းကိုယ်တိုင်ထိုးတာလား” ကျွန်တော်ကလဲ ကောင်းကောင်းမွန်မွန်ပါပဲ “ဟုတ်ကဲ့ပါဦးလေး” ဆိုတော့သူက “အေးကြည့်လဲ လုပ်အုံးကွအဲဒါမျိုးတွေက AIDS တွေဘာတွေကူးတတ်တယ်” အဲဒါပြောပြီးသူပြန်ဝင်သွားပါတယ် ။ ကျွန်တော်ကတော့သူ့ကိုစိတ်ထဲကပဲပြောလိုက်ပါတယ် “ဦးလေးတို့ ဆေးရုံမှာခွဲစိတ်တာထက်သန့်တယ်” လို့။ တကယ်ပါဗျာ ဒီခေတ်မှာ ကျွန်တော်ရယ် ကျွန်တော့်ထက်အဆင့်မြင့်တဲ့ သူတွေအားလုံးက AIDS မပြောနဲ့ B ပိုးမကူးအောင်ပါစီစဉ်ထားကြပါတယ်။ မယုံရင် နိုင်ငံခြားက Tattoo Artist တွေထိုးတာကို YouTube မှာကြည့်ပါ ။ ဒီက Studio တွေလဲအဲလိုပဲ လိုက်လုပ်ကြတာပါ။ တကယ်တော့ဒီခေတ်မှာ Tattoo ကြောင့်ရောဂါကူးတယ်ဆိုတာမရှိသလောက်ရှားသွားပါပြီ။
မာစွပ်တွေ၊ ကလပ်တွေသွားပြီး ပြည့်တန်ဆာတွေနဲ့ဆက်ဆံတာ ကွန်ဒုံးသုံးလို့ HIV မကူးရင်တောင် အနည်းဆုံး ကိုယ်ခံအားမကောင်းရင် B ပိုးလောက်တော့ လက်ဆောင်ရတတ်ပါတယ်။ အဲဒါလူမျိုးတွေက Tattoo လာထိုးပြန်တော့မသိရင် Tattoo ကပဲကူးသလိုလိုဖြစ်သွားတတ်တာမျိုးပါ။တက်တူးလာထိုးသူအချင်းချင်းလဲမကူးအောင် ကျွန်တော်တို့ Tattooist တွေလဲ အန္တရာယ်မဖြစ်အောင် ကျွန်တော်တို့က ကာကွယ်ထားပါတယ်။
တကယ်တော့ တက်တူး ဆရာတိုင်းကောင်းတယ်ရယ်လို့ ပြောတာမဟုတ်ပါဘူး ။ အရက်ဖိုးရဖို့ တက်တူးထိုးပေးတဲ့သူ၊ ဆေးရှူရဖို့တက်တူးထိုးပေးတဲ့သူ ၊ မြန်မြန်ပြီးမြန်မြန်ပိုက်ဆံရ ဆိုပြီးအလွယ်တကူထိုးပေးနေတဲ့သူတွေ မှာလဲ တကယ်လက်ရာမွန်တွေရှိပါရဲ့နဲ့ သူတို့ရဲ့ ရှိရင်းစွဲအကျင့်လေးတွေကိုမပြင်ပဲ တက်တူးလောကကိုနာမည်ဖျက်နေကြတဲ့သူတွေလဲအများကြီးပါ။
နောက်တစ်ခုပြောချင်တာက အထိုးခံမယ့်သူကလဲ အလွယ်မလို်က်ဖို့ပါပဲ ပုံထင်ရင်ပြီးရောဆိုတဲ့ သူမျိုးတွေတော့ထားပေါ့ဗျာ။ တစ်အချက် ထိုးပေးမယ့်သူရဲ့ ကျန်းမာရေးနဲ့ သန့်ရှင်းရေးအတွက်တစ်ခါသုံးပစ္စည်းတွေ သုံးသလား ဘယ်လိုပြင်ဆင်ထားလဲကြည့်ပါ။နောက်ပြီးမှ ဈေးနှုန်းနဲ့လက်ရာကိုကြည့်ကြပါ။ အဲဒီနှစ်ခု အဆင်မပြေရင် တစ်သက်လုံးမထိုးပါနဲ့ ။ သေရာပါမယ့်ပုံဖြစ်လို့ တစ်ပုံဆိုမှတစ်ပုံ ကောင်းအောင်စဉ်းစားချင့်ချိန်ပြီးမှ မိမိရဲ့ အရေပြားပေါ်တင်ကြပါလို့ ပြောချင်ပါတယ်။
သေရာပါမယ့်ပုံလို့ ပြောရတာကလဲ ဒီခေတ်မှာ Tattoo Removal စက်တွေပေါ်နေပါပြီ။ ဒါပေမယ့်ဆင်ဖိုးထက်ချွန်းဖိုးကြီးဆိုသလို တစ်လက်မကို တစ်သိန်းလောက်ကျတာမို့ နောက်ပြီး သုံးခေါက်လောက် ပူစပ်ပူစပ်နဲ့ အနာခံရတာမို့ ပြန်ဖျက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် အထိုးခံမယ့်သူဖက်ကလဲ သူများယောင်တိုင်းလိုက်မယောင် ကြစေဖို့ ကိုယ့်ရဲ့ ပြန်မဖျက်ဖို့ ခက်ခဲတဲ့ သေရာပါတက်တူးကို သေချာစဉ်းစားပြီးမှ ထိုးကြစေဖို့ကို Tattoo Artist တစ်ယောက်ရဲ့ အမြင်ဖက်ကနေကြည့်ပြီးရေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျား…….. ။
သံသယ …..
ငါ့အဘိုးသည် ၊ ထိုးကွင်းမင်ကြောင် ၊ ရုပ်တစ်ထောင်နှင့် ။ အဘိုးသားသည် ၊ ကျားကနှစ်ကောင် ၊ ကြောင်ကနှစ်ကွင်း ၊ တက်အဆင်းနှင့် ။ ငါ့တွင်တမူ ပေါင်ဖြူဖြူကြောင့် ၊ သူအိုဆံကြား တစ်ချောင်းသွားနှင့် ဘွားဘွားချစ်မှချစ်ပါစ။ ကိုလေး(အင်းဝဂုဏ်ရည်) ၊ ၁၉၃၆။
22 comments
KZ
July 24, 2013 at 3:40 pm
ဒီလို ကိုယ်တွေ့လေးကို ပါဖြည့်ပြီး ရေးသွားတဲ့ ပညာရပ်တစ်ခုရဲ့ ဗဟုသုတကို ဖတ်ရတာ နှစ်သက်ပါတယ်ဗျ။
တက်တူးကို
၁) အနုပညာ အရသော်လည်းကောင်းး
၂) နည်းပညာ အရသော်လည်းကောင်းး
၃) အသက်မွေးမှု ပညာရပ် အနေနဲ့သော်လည်းကောင်းးးး
၄) ရှေးကတည်းက ရှိခဲ့တဲ့ အရာအနေနဲ့ လည်းကောင်းးး နှစ်သက်တဲ့ အထဲ ပါပါတယ်။
အသားနာမှာကြောက်လို့ ကိုယ်တိုင်မစမ်းရဲတာသပ်သပ်ပဲ။
တက်တူး ပုံတွေ လည်း ဆက်တင်ပါဦးဗျ။ 🙂
ကိုသု
July 24, 2013 at 3:50 pm
ပထမ ဆုံး Comment အတွက် ကို KZ ကို ကျေးဇူးပါ။
အလင်း ဆက်
July 24, 2013 at 7:48 pm
မမခိုုင်ဇာ ပြော သွားသလိုပါပဲ.. ။
————————
ကိုသု
July 24, 2013 at 8:25 pm
KZ ဆိုတာ မခိုင်ဇာလားမသိဘူး ကျွန်တော်လဲ ရွာထဲ မဝင်တာကြာတော့ နာမည်ပြောင်းထားရင်မသိတော့ဘူးဗျာ။
KZ
July 25, 2013 at 8:51 am
ဟုတ်ပါ့။ ဟုတ်ပါ့။
ကျုပ်ကို မှတ်မိလို့ တော်သေးးးး
kyeemite
July 24, 2013 at 4:18 pm
ကိုသုရေးပြတော့လည်း တော်တော်စိတ်ဝင်စားမိသွားတယ်
ဒါပေမဲ့ ထိုးလောက်အောင်တော့ စိတ်မပါဘူးဗျ..ဒါနဲ့..
(မှတ်ချက်- ထိုစဉ်က ကျွန်ုပ်သည် လုံးဝအရက်မသောက်တတ်ပါ ဂဇက်ဒုတိယအကြိမ်တွေ့ဆုံပွဲပြီးမှာ ရွာဆော်ကြီးများဖြစ်သော ကိုအာဂ၊ ကိုရဲစည် ၊ ကိုမတ် နှင့် ကိုကမ်းဝေး တို့နှင့်တွေ့မှ သောက်ဖူးသွားချင်းသာဖြစ်ကြောင်း)
ဟီဟိ..တကယ့် နယ်စည်းမခြားသမဂ္ဂခေါင်းဆောင်တွေနဲ့တွေ့သွားတာကိုး..
အသောက်ပညာတစ်ခုတိုးသွားတာပေါ့နော.. 😆
အာဂ
July 24, 2013 at 5:24 pm
ဪ လူကြီးတွေကို မှ ဖျက်ဆီး တက်တဲ့ အနော်မောင်အာဂ ပါလားနော်…ဟီးဟိး…။
GARFIELD
July 25, 2013 at 9:40 am
ဒါတောင် ကျုပ်မအားလို့ ကံကောင်းသွားတယ်မှတ်ပါ…
ဂါဂါး
အာဂ
July 24, 2013 at 5:27 pm
ကျွန်တော်လက်မှာ အခုထိရှိတုန်းပဲ…။ အပ်ချုပ်တဲ့ အပ်ငါးခြောင်းကို တီဗွီ အန်တီနာ ကိုပြားပြီးတော့ သရေပင်နဲ့တွဲချည်ပြီး..။ ယူနီဘော မှင်နဲ့ ထိုးဘူးတယ်။ မင်ကုန်သွားတော့ ဆက်မထိုးဖြစ်တော့ဘူး။အခုအထိဒီလက်ရာက ကျန်နေတုန်း ဟိဟိ..။ ဘာပဲပြောပြောအဲဒီတုန်းက အိမ်က သဘောမတူဘဲ ခိုးထိုးရတာ အရသာရှိတယ်။နောက် အရက်လည်း မူးလာတယ်..။ ဟိဟိ..။ ကိုသုဝေစာမူလေးက ဖတ်လို့ကောင်းပါ..။
ကိုသု
July 24, 2013 at 6:12 pm
တကယ်တော့ ကျွန်တော့် Studio ကသုံးတဲ့ စက်တွေ Accessories တွေကိုဓာတ်ပုံရိုက်ပြီး ပါတင်မလို့။ ကြေငြာတယ် ထင်မှာစိုးလို့ မတင်တော့တာ ဟီးဟီးးးးးးးးးးးးးး
ဦးကျောက်ခဲ
July 24, 2013 at 6:58 pm
ကိုသုဝေ… ခင်ဗျားပို့စ်ကို ဖတ်မိမှ…
ကန်တော်ကလေး ဒေါ်သိန်းတင်လမ်းထဲက ကျောက်စ်ဘော်ဘော် ပန်းချီဆရာ ဘ.စ “ကဗျာကြီး” ကို အမှတ်ရမိသေးတယ်ဗျာ။ ငမူးကို တက်တူးထိုးပေးတာ၊ ဟိုမောင်က အသံပြဲနဲ့အော်တာမို့ ဒုတ်တင်ပေးလိုက်တာ အမြှုပ်ထွက်သွားပါလေရော။ ကဗျာကြီးလည်း ရနှစ် အောင်းသွားတယ်ဗျာ၊ အခု သက်ရှိထင်ရှား ရှိသေးရဲ့လား မသိ… ဟီဟိ
Min Zarni
July 25, 2013 at 8:38 am
ကျနော် ထိုးမယ်ဗျာ..
ရန်ကုန်ရောက်ရင် ဆက်သွယ်ပါ့မယ်..
တကယ်တော့ ကျနော်. .妖精 ဆိုတဲ့ စာလုံး ထိုးချင်တာ ..
ဒါမှမဟုတ် لا تبكيشي. ပေါ့…။
Ko chogyi
July 25, 2013 at 8:39 am
ဗဟုသုတတစ်ခုတိုးလို့
မှတ်သားသွားပါတယ်။
GARFIELD
July 25, 2013 at 9:52 am
ဘီလူး… ဘီလူး… ဘီလူး…
ဘီလူးရုပ်ထိုးချင်ပါတယ်ဆို…
ဘီလူးရုပ်ရှာမရရင်… မီကီမောက်(စ)ရယ်… ဒေါ်နယ်ဒတ်ရယ်ကို ဘယ်ညာလက်မောင်းမှာထိုးပြီး…
ကြောပြင်မှာ ဂါးဖီးလ်ရုပ်တင်လိုက်မှာနော်…
ဂါဂါး
ကိုသု
July 25, 2013 at 10:10 am
အကြည်တော်ထဲက ဘီလူးပုံဆိုရင် ကဖက်ကို ဖရီးဗျာ
လူကလေး
July 25, 2013 at 11:37 am
တက်တူးအကိုဂျီးနဲ့ခင်ရတာ ဝမ်းသာစရာ
လူကလေးအကိုဝမ်းကွဲလည်းတက်တူးထိုးတယ်ဗျ.. သူ့ှဆီလာတဲ့သူတွေဆိုထိုးပေးပြီး သူ့ကျတော့ တပုံမှမရှိဘူး .. သူကပြောသေး.. “နာတယ်.. ဟဲ့ ..အရူးမရဲ့” ဒဲ့လေ..
ကိုသု
July 25, 2013 at 12:24 pm
သူကိုယ်တိုင်ထိုးပြီး တစ်ပုံမှမရှိဘူဆိုတော့။ ကိုသော် လား
လူကလေး
July 25, 2013 at 5:41 pm
ဟုတ်ဘူး . မင်းသူ တဲ့.. သိမှာမဟုတ်ပါဘူးဗျာ သူကနာမည်မကြီးပါဘူး
ရွာစားကျော် မင်းနန္ဓာ
July 25, 2013 at 1:16 pm
တတ်တူးထိုးတာ အတော်နာသလားဗျ.. အနီးစပ်ဆုံး ဘယ်လို သိနိုင်မလဲ..
ကျနော့်လို ခပ်တောင့်တောင့် ဘော်ဒီရှိတဲ့လူတွေဆို အိုကေပါ့မလား.. ဟီး
(ကိုယ်က နည်းနည်း ပုံကြီးကြီး ထိုးချင်စိတ်ပေါက်နေလို့..)
နွယ်ပင်
July 25, 2013 at 1:45 pm
အခုရော ပုံပိစိလေးတွေ ထိုးပေးချင်တဲ့စိတ် ချိသေးလားဟင်
တစ်လက်မသာသာ မီကီမောက်(စ) ပိစိလေး ထိုးချင်ရို့ပါချင့် …
padonmar
July 25, 2013 at 10:48 pm
သုဝေရေ
ရန်ကုန်ဘဆွေရေးတဲ့ မြန်မာပြည်သားထဲမှာ ရှေးမြန်မာတွေ ထိုးကွင်းမင်ကြောင်ထိုးကြတာကို ပုံဖော်ထားတာ သိပ်ကောင်းတာပဲ။
အမေရက်ပေးတဲ့ မင်ခံပုဆိုးနဲ့ ချစ်သူရက်ပေးတဲ့ မင်ခံပုဆိုးစည်းပြီး မင်ကြောင်အထိုးခံတာ ကွာတဲ့အကြောင်း၊
သတ္တိရှိတဲ့သူမှ ပေါင် နှစ်ဖက်လုံးမှာ ထိုးကွင်းလှလှထိုးနိုင်တာဖြစ်ကြောင်းတွေ ဖတ်ရတော့ သဘောကျသား။
ဒါပေမယ့် ဇွဲတို့၊သတ္တိတို့ကို ဘုရားပွဲဈေးမှာ မသန့်တဲ့စုတ်တွေနဲ့ ထိုးတဲ့ ခေတ်မှာတော့ အားမပေးချင်တော့ဘူး။
AIDS ရောဂါသည်ဆိုရင် ကိုယ်ပေါ်မှာ တက်တူးရှိတာလည်း လက္ခဏာ ၁ခုပါပဲ။
ခုလို စနစ်တကျ အနုပညာ တစ်ရပ်အနေနဲ့ ထိုးပေးနေကြတယ်ဆိုတာ ဂဃနဏ သိရတော့
အားမပေးတောင် နှာခေါင်းမရှုံ့တော့ပါဘူး။
နောင်ပြင်ရန်ခက်သည့်အမျိုးဆိုတာတော့ မမေ့ကြစေချင်ပါ။
cobra
August 10, 2013 at 4:56 pm
သားတစ်ကိုယ်လုံးလာကြည့် TATTOO အပြည့်ရှိတယ်
အဲ..လက်၂ချောင်းကလွဲလို့
အသက်၁၅နှစ်မပြည့်ခင်မှာခြေသလုံးအောက်နားမှာနာဇီပုံစရှီနေပီ
အဲ့တုန်းက ပန့်ခ်ကိုရူးသွတ်တာကိုး….ထိုးပြီးတော့အဲ့နေရာကိုပက်တီးစီးပြီးအိမ်ပြန်တယ်
အဲ့နေ့တော့ အိမ်ကမသိသေးဘူးကြာတေ့ာလည်းသိတာပေါ့
အမေက တငိုငို…အဖေက တဆူဆူ……
နောက်တော့လည်းထိုးရင်းထိုးရင်းနဲ့ဘာမှမပြောတော့ပါဘူး။
ဖြစ်ချင်တော့….ကျွန်တော်နေတဲ့လမ်းထဲမှာလူငယ်နည်းတယ်
ရှိတဲ့လူငယ်တွေကလည်းတယောက်မှမထိုးကြဘူး
အဲ့တော့ ပတ်ဝန်းကျင်ရဲ ့ $တင်းတွေပြောခံရတာပေါ့
သားအမျိုးတွေအဆိုးဆုံးပဲ…..
အဲ့ကိစ္စကြောင့်လည်းအဒေါ်နဲ့စကားမပြောတာခုထိပဲ
သူ့ကိုပြန်ပြောလိုက်လို့
ပြန်ပြောလိုက်တဲ့စကားကတော့……
ရှေးဘုရင်ခေတ်တွေတုန်းက လုံမပျိုတွေညနေခင်းရေခပ်ဆင်းချိန်မှာ
လုလင်ပျိုတွေကလည်း ခြင်းလုံးအစွမ်းပြကြတယ်
ဘုရင်ခေတ်ဆိုတော့ ခါးထောင်းကျိုက်တာပေါ့လေ
အဲ့မှာစတာပဲ
ပေါင်မှာထိုးကွင်းမရှိတဲ့လုလင်ပျိုတွေကို လုံမပျိုတွေကလှောင်ကြတယ်
“ယောက်ျားရင့်မာကြီးတွေကြားမှာ မိန်းမတွေကခြင်းဝင်ခတ်နေတယ်”
လို့အလှောင်ခံကြရတယ်(ဒီစကားဟာကျွန်တော့်ကိုတက်တူးပေးသူရဲ ့အဖိုးဖြစ်သူအသက်၈ဝကျော်
အဖိုးပြောပြတာပါ)။နောက်ပိုင်းသူများလက်အောက်ရောက်နေတဲ့အချိန်မှာမြန်မာ့မှင်ကြောင်ကပျောက်
မလိုဖြစ်နေပင်မယ့် ထိုးတဲ့သူတွေရှိနေသေးတယ်ဆိုတာ သိရပါတယ်။
လွတ်လပ်ရေးရပြီးစခေတ်မှာတော့ ဦးကျော်တို့ခေတ်ပေါ့ ဘာဂေါ်လီဂိုဏ်းတို့ပေါ်တဲ့အချိန်ပေါ့
အဲ့အချိန်မှာတော့သူတို့ပြောတာမှန်ပါလိမ့်မယ်
လူဆိုး၊လူမိုက်၊ခါးပိုက်နှိုက်၊အရက်သမား၊ဘိန်းစားတွေကသာ TATTOO တွေထိုးကြတာကိုး
ဒါပေမယ့် အန်တီခုခေတ်ကဒီလိုမဟုတ်တော့ဘူး
အလှအပ တစ်ခုအနေနဲ ့အသားနာခံထိုးနေတာပါ
TATTOO ရှိတိုင်းလည်းလူမိုက်မဟုတ်ပါဘူး
အသားမှာအရုပ်ရှိရင် ပိုလှတယ်ထင်လို့ထိုးတာပါလို့
အချက်ကျကျ ရှင်းပြလိုက်တော့ လူကြားထဲပြန်ပြောပါတယ်ဆိုပြီး
စကားမပြောတော့ဘူး မပြောလည်းနေပေါ့ သူရှာကျွေးတာစားနေတာမှမဟုတ်တာလေ
ပြောချင်တာတော့ ဒါပါပဲ
ထပ်ပြောချင်တာကတော့ ရွာထဲမှာထိုးတတ်တဲ့ ကိုသုရဲ ့ လက်ရာ
တစ်ပုံလောက် နံခြားတွေထဲမှာထိုးချင်ပါတယ် အဲ့နေရာလေးလွတ်နေလို့ပါ။