အနွမ်းပန်း၏ ဒိုင်ယာရီ
အမေနဲ့ကျမ အဖေမရှိတော့တဲ့ဘဝမှာ
ဟောဒီရွာလမ်းအလယ်
ဈေးသည်လုပ်ခဲ့ရင်း ထမင်းပြဿနာကိုရှင်း
ပင်ပမ်းခြင်းလို့မထင် ပျော်ရွှင်ခဲ့ကြတာပဲလေ ၊
ပေါ်နေတဲ့ ရာသီစာ ရတာတွေအကုန်ရောင်း
ဟောင်းနွမ်းနေတဲ့အိမ်ကလေးမှာ
နွေးထွေးလျက်သာပေါ့ ၊
နောက်တော့လည်း ကံကြမ္မာ
ရက်စက်စွာဖန်တီးရစ် နာဂစ် တဲ့ ၊
အမိမဲ့ဘဝ သေခဲ့တာကမှတော်သေး
ဖော်ဝေး ဆွေမရှိ နေကြည့်စရာရွာပျက်
ကျမ ထွက်ခဲ့ရပြီ ၊
ဦးတည်ရာမဲ့ သွားနေခဲ့လမ်းမှာ
ရိုးသားစရာတွေ မရှိလာ
တွေ့တာတွေနဲ့ပေါင်းရင်း
ကောင်းခြင်းကလည်းမပါ
အဲသလိုသာနဲ့ ရောက်ခဲ့ရှာရ မြို့ရန်ကုန် ၊
အကြံအဖန်စုံတဲ့ မြို့တော်မှာ
နာဂစ်၏ သမီးပျို ခိုဝင်နား
ဘာများလဲလို့ သိချင်မှာ
အဲဒါမာဆတ်ပါ ၊
လာသမျှကိုဆီးကြို မောင်မောင်ကိုကိုခေါ်ဆိုပြ
နေသားတကျမဖြစ်ခင် ညစ်ချင်တဲ့စိတ်တွေကိုထုတ်
ကိုယ်လုပ်မှကိုယ်စား ကိုယ့်ကိုယ်ကိုသနားရင်
ဆက်ရှင်ပြည့်မှဆိုတာက ခြိမ်းခြောက်
ပေါက်တဲ့နဖူး ထူးလာမှာမှမဟုတ်တာ
ဒီတော့လည်းကျမခမျာ မတတ်ရှာတဲ့ မာယာ
ဖွေရှာရနည်းလမ်း အဲဒါ ဆန်းသလားရှင်
အနမ်းမနားတဲ့ သခင်များ
ကျမပါးမှာ အနမ်းရာဘယ်နှချက် မတွက်ရက်တော့ပါဘူးလေ
ဖူးနေတဲ့ နူတ်ခမ်းလေး အနားပေးချိန်ကိုမရ
ဘယ်ဘဝက ငတ်ခဲ့ကြသလဲကွယ်
အမယ် တချို့များ ကျမကို သနား
ကယ်တင်ဖို့ ကြိုးစားမတဲ့
အဲ့သလိုပြောပြီး
နောက်တစ်ဆင့်ကြီး တက်ဖို့ကြံ
ဖန်ပြလာတဲ့ အသပြာတစ်ထပ်
ကျမရပ်နေရဦးမလား ?
စဉ်းစားချင့်ချိန်တယ်ဆိုတာ ဘာမှန်းမှမသိ
အဲဒါအပြစ်ရှိသလားဟင်
မွေးလာစဉ်ကတည်းမှာ သေစာရှင်စာသာ ရ
မဝတဲ့ဝမ်းကိုကြောင်း
ဘဝစာသင်ကျောင်းမှာ သင်ရိုးတွေက ဟောင်းခဲ့ပြီပဲ
ဒီလိုနဲ့ ပြက္ခဒိန်တွေကုန်ဆုံးလာရင်း
ပြောင်းလဲခြင်းတွေလာ ကလေးသာသာအရွယ်စုံ
မြို့ရန်ကုန်မှာမှိုလိုပေါက် ဘယ်ကရောက်လာတာ အသာထား
များပြားလာတော့လည်း
သကောင့်သားဘဲတွေက ကျမတို့ကိုပစ်
ပျိုပျိုမျစ်မျစ် ချစ်စဘွယ် သူတို့ဆီမှာခစား
တဖြည်းဖြည်း ကျမအနားရ လာ
အသပြာနဲ့ဝေးကွယ် ဘေးဖယ်ရတော့မယ်လေ ၊
တစ်နေ့နေမှ တစ်ကြိမ်တောင်အနိူင်နိူင်
အဲ့သလောက်ယိုင်လာတော့လည်း
မလှတာကိုပဲအပြစ်ဆို ငိုလိုက်ရမလား
ဘယ်သွားရမှန်းမသိ လက်ထဲရှိတာအိတ်တစ်လုံး
ဆိတ်သုဉ်းနေတဲ့ကျမရှေ့ ရေး ဘာမှမတွေးချင်ပါ
မန်နေဂျာဆိုတဲ့ သတ္တဝါ အသပြာတွေဖြတ်ယူထား
ကားခလေးလောက်သာသာနဲ့ ရန်ကုန်ရဲ့ ရင်ခွင်
ဘယ်လိုခိုဝင်ရမလဲ ?
အခုတော့ ဒီ ကားမှတ်တိုင်မှာရပ်
ထမင်းတစ်နပ် နဲ့ အိပ်စရာ
ပေးလာမယ့်သူကိုမျှော်ရင်း
တွေးတောတတ်ခြင်းနဲ့ဝေးရလောက်အောင်များ
ကျမဘာလို့ ညံ့သွားခဲ့သလဲရှင် ။
12 comments
TNA
July 26, 2013 at 2:09 pm
ဒီလိုလေးရေးလိုက်တော့လဲ သူတို့ကိုအထင်မှားခဲ့မိတာ နောင်တရချင်ချင်။ တချို့လဲ တကယ့်ကို ကူရာကယ် ရာမဲ့တဲ့ဘဝမို့မလုပ်ချင်ပဲလုပ်နေရတာမို့ တခါတလေလဲသနားမိပါတယ်။
Myo Thant
July 26, 2013 at 2:24 pm
အမှန်တော့ သူတို့တွေထဲက အများစုဟာ ပညာ ( အသိ + အတတ် ) အတော်နည်းကြပါတယ် ၊
လုပ်ကိုင်စားစရာ ရှားတဲ့ ခက်တဲ့ဆီကနေ ဒီမြို့ကြီးတွေကိုရောက်လာကြတာပါ ၊
ရိုးသားစွာနဲ့ အုတ်ထမ်း မဆလာသယ် ဒါမျိုးတွေလည်း ရှိပါတယ် ၊
အသိပညာ အတတ်ပညာနည်းတော့ စဉ်းစားဆင်ခြင်မှု နည်းတတ်တာကိုး ၊
သွေးဆောင်ဖျားယောင်းတယ်ဆိုတာကိုကော သူတို့ သိကြမှာလား ၊
ပညာတွေတတ်ပြီး ကီပင်လုပ်နေရတာကို မော်ကြွားနေသူတွေတောင် ရှိသေးတာပဲ ၊
ပညာရေး နဲ့ လူမှုဘဝတွေ တိုးတက်လာမယ့်နေ့ မရောက်သမျှ
ရန်ကုန် နဲ့ မန္တလေးမှာ ကားသစ်တွေလိုပဲ သူတို့လည်း တိုးလာကြဦးမယ်ထင်ပါရဲ့
TNA
July 28, 2013 at 1:03 pm
နီးစပ်ရာနီးစပ်ရာကနေဆွယ်တော့ ပိုက်ဆံဆိုတာလွယ်လွယ်ရနိုင်တော့ သူတို့လဲစိတ်မထိန်းနိုင်ဘဲ ပါသွားတာမျက်စိရှေ့တင်နှစ်ယောက်မို့နှမျောလိုက်တာ ဦးမျိုးသန့်ရေ။
ကထူးဆန်း
July 26, 2013 at 3:01 pm
ကားသစ်တွေလိုဘဲ တိုးလာမလား..
ကားဟောင်းတွေလိုဘဲ ရန်ကုန်ရောက်လိုက် နေပြည်တော်ဖြတ်လိုက် မန္တလေး သွားလိုက် ဖြစ်မလားတော့ သိဘူး ..
ဒါပေမဲ့ သူတို့ဘဝ စာနာပါတယ် ..
kyeemite
July 26, 2013 at 4:00 pm
အော်..မြန်မာပြည်မှာဒီလိုဒိုင်ယာရီတွေ တော်တော်များနေပြီနော…
ကို ကိုလေး
July 26, 2013 at 4:56 pm
အသာအယာ ဘေးစောင်းကာကြည့်
မသာမယာ မျက်နှာတွေ့မိ
ခေါ်တင်ကာ သွားပလိုက်ချင်ပါဘိ
ဒါပေမယ့်
အုံနာကြေးလေးတောင် မရတာခက်၏
ဆက်မောင်းကာ ခရီးမျှော်မိပါသည်
ပတ်ဝန်းကျင်ကတော့ မှောင်လို့သာလာလေသတည်း။
အလင်း ဆက်
July 26, 2013 at 7:19 pm
အင်းးး
အချစ်ကဗျာ တွေ ထက်
ပို ကြိုက်မိပါတယ်
🙂
Myo Thant
July 26, 2013 at 11:27 pm
ညီလေးရေ
စာရေးလာချင် သူတို့ရင်ဘတ်ထဲဝင်
ပီပြင်မယ် မဆိုလိုပေမယ့်
ကယ်သူမဲ့ ဘဝတွေခမျာ
ဘယ်သူဟာ တရားခံလည်း
သိမြဲနဲ့ မျိုသိပ်ရ
သိခဲ့ကြ ကြာပြီပဲကွာ ၊
မဟာရာဇာ အံစာတုံး
July 26, 2013 at 8:08 pm
ကဗျာကို ဖတ်တယ် …
စိတ် မကောင်းစရာ ပါပဲ …
ဒီတော့ဗျာ …
ခီညား တာမီလေးဂို ယူဘာရစေဂျာ …
(ဘာမွှလည်း ဆိုင်ဝူးးး .. ဟီးးး)
ကိုရင်စည်သူ
July 26, 2013 at 8:23 pm
အူးလေးသန့်.. ကဗျာအရေးကောင်းတယ်..
ဟို..ဟို..လေ.. ဟိုလေ..
တမီးလေးအတွက်ဆို.. ပါရာဒို မဝယ်ပေးနိုင်သေးမယ့်..
ဆရာခိုတော့ ဝယ်ပေးနိုင်ပါတယ်ဂျာ..
အံချာ နင့်ကိုတွေ့ရင် မောရိယမန်းဆေးပေးမယ်…
အညှော်ခံဒါများနေပီ.. ဟီးးး ။
ဒိုနဲ့ အူးသန့်က ပဌာန်းဆက်ရှိပီးသား ကြားလေမသွေးနဲ့
ဂျီးဒေါ်တစ်ယောက်တောင် အန်ကယ်သန့်ကို အဆစ်ပေးဖို့ ဆုံးဖြတ်ပီးသား.. 😛
မဟာရာဇာ အံစာတုံး
July 26, 2013 at 8:33 pm
သူဂ တစ်ယောက်တည်း ပေးမှာ …
တားဂ နှီယောက် .. နှီယောက် ပေးမှာ ..
တာမီးလေးနဲ့ နီးဘာရစေဒေါ့ ခညာ …
Ma Ma
July 28, 2013 at 8:59 pm
ကူသူမဲ့၊ ကယ်သူမရှိလို့ ရေစုန်မျောလိုက်ရတဲ့ ဘဝတွေဘဝတွေ အကြောင်းကို စိတ်မကောင်းစရာ သိလိုက်ရတယ်။
နိမ့်ကျတဲ့ဘဝတွေကို ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ရောက်ရှိသွားသူတွေကို မပြောလိုပေမယ့်….
ရွေးချယ်စရာမရှိလို့ ရောက်သွားရတဲ့သူတွေအတွက်ကတော့ လောကကြီးကိုပဲ အပြစ်တင်ရမယ်။ 🙁