ဟန်ဆောင်ကောင်းတဲ့သူ
.
.
.
.
.
.
.
.
.
.
.
ကွန်ပျူတာရှေ့မှာ မလှုပ်မယှက် နဲ့ ထိုင်နေတာ နာရီအတော်တောင် ကြာပေါ့
ဘေးကို ဝေ့ကြည့်လိုက်ပြန်တော့ စာရွက်တွေက ပြန့်ကျဲလို့။
လူကတော့ ဒီအတိုင်း ငြိမ်တုန်း၊ တွေးတုန်းပဲ။
ကိုယ်တိုင်လဲ ဘာဖြစ်နေတယ်ဆိုတာကို သိတယ်။
ဘာကြောင့် ဖြစ်တယ် ဆိုတာလဲ သိတယ်။
ဘယ်လိုလုပ်ရင် အဆင်ပြေသွားမယ် ဆိုတာကိုလဲ သိတယ်။
အနာလဲသိ ဆေးလဲရှိပါရဲ့နဲ့ အခုအချိန်အထိ ဒီလောက် ဖြစ်နေတာ မဟုတ်သေးဘူး။
စိတ်က အရာတော်တော်များများကို အလိုမကျ ဖြစ်နေမိတယ်။
အပြင်ပန်းမှာ ပြုံးပြုံးရွှင်ရွှင် နေတတ်တဲ့ အကျင့်ကိုလဲ အတော် အမြင်ကတ်နေပြီ။
ဘာကြောင့်များ သူများတွေလို ဖွင့်ဟ ပေါက်ကွဲ မပစ်လိုက်နိုင်ရတာလဲ…..
လုပ်နေတဲ့ အလုပ်မှာလဲ ယုံကြည်ချက်တွေက ပျောက်ဆုံး။
တက်နေတဲ့ ကျောင်းမှာလဲ တက်ချင်စိတ်တွေက ကုန်ခမ်းလို့ နေလေရဲ့။
ဒီလို ခံစားချက်ကို ဘယ်လို နာမည်တပ်ရင် ကောင်းမလဲ
စိတ်ဓာတ်တွေလဲ ကျ ယုံကြည်ချက်တွေလဲ ယိုင်နဲ့နဲ့ ဖြစ်နေတော့ လူကလဲ ပုံမှန်မဟုတ်တာ သေချာသပေါ့။
ရင်ဆိုင်နေရတဲ့ အလိုမကျမှုတွေက တပုံတပင်
အကုန်လုံးကို အဆင်ပြေအောင် ဘယ်လို တွေးပေမင့် ဒုံရင်းကိုပဲ ပြန်ရောက်နေတာ များနေတယ်။
ဒီလို ခံစားချက်၊ ဒီလို အခြေအနေတွေကို တွေ့လဲ တွေ့ဖူးခဲ့ပြီ။
အကောင်းဆုံး ကျော်လွှားနိုင်အောင် အဖြေရှာလို့ အင်အားတွေလဲ ပေးခဲ့ဖူးသပေါ့။
သူများတွေကို အကောင်းဆုံးနည်းလမ်းတွေပေး၊ အားတက်သရောနဲ့ နားထောင်ဆွေးနွေး အဖြေရှာပေးခဲ့တဲ့သူ ဖြစ်ပါရဲ့နဲ့
ကိုယ်တိုင်ကြုံမှ ဘာလို့ တွေဝေ တွန့်ဆုတ် နေမိတာလဲ။
ပြောရမယ်ဆိုရင် လုပ်ခဲ့သမျှ လုပ်နေသမျှ အရာတွေဟာ သူများတိုက်တွန်းလို့ လုပ်တာတွေလဲ တစ်ခုမှ မပါဘူး။
တက်မယ့်ကျောင်းကို ရွေးတုန်းကလဲ ကိုယ်တိုင်ပဲ ဖြစ်ချင်လွန်းလို့ တက်ချင်လွန်းလို့ တကူးတက ရွေးခဲ့တာ။
လုပ်တဲ့ အလုပ်ကိုလဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ ပြောင်းခဲ့တာ ပဲလေ။
အခုမှ ဘာလို့ ရှေ့ဆက်ချင်စိတ်တွေ ပျောက်နေပါလိမ့်
ဒီလောက် တွေဝေတွန့်ဆုတ်နေတဲ့ စိတ်ကို ဘယ်လို ဖျောက်ရမှာပါလိမ့်။
သူများတွေကို စာလုပ်ပါ စာလုပ်ပါ နဲ့ တဖွဖွပြောခဲ့ အားတက်သရော စာရှင်းပြတဲ့သူက ဘာကြောင့် ကိုယ်တိုင် စာလုပ်ဖို့ကို အကြောင်းအမျိုးမျိုးပြ ငြင်းချက်ထုတ်ချင်နေသလဲမသိ။
လေးနှစ်လောက် လုပ်လာခဲ့တဲ့ ဆရာစိတ်ကြောင့်ပဲလား…..
ဆရာလုပ်ချင်စိတ်တွေပဲ များနေပြီးတော့ စာလုပ်ချင်စိတ်ပဲ ပျောက်သွားတာလား….
ဘေးလူတွေ အမြင်မှာတော့ ကိုယ်က ဆရာကြီးပဲလေ။
သူများတွေကို စာလုပ်ခိုင်းလိုက် စာရှင်းပေးလိုက်၊ ဆရာ/မတွေနဲ့ အချေအတင် ဆွေးနွေးလိုက်နဲ့ တကယ့် စာဂျပိုးပဲ။
တကယ်တမ်း ကိုယ်တိုင် ဘာဖြစ်နေတယ် ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။
ဒီအခြေအနေတွေကို အခုအချိန်မှာ ရင်ဆိုင်နေရတာက ကိုယ်တိုင်မဟုတ်ဘဲ တခြားတစ်ယောက်သာဆိုရင် အားတက်သရော အကြံဉာဏ်တွေ ပေးနေမယ့်သူက
ကိုယ်တိုင်ဖြစ်တဲ့အခါမတော့ ထောင့်ပေါင်းစုံက လှည့်တွေးလို့ ဆင်ခြေပေါင်းစုံနဲ့ ကျားကန်နေမိတယ်။
သူများတတွေ လာတိုင်ပင်တုန်းက အားတက်သရော နားလည်မှုပေးလို့ အဖြေရှာပေးခဲ့တာ တခြားလူတစ်ယောက်လို့တောင် ထင်နေမိတယ်။
ကိုယ့်ကို တစ်ခုခု လာပြောတိုင်းမှာ It’s my own risk ဆိုပြီး မိုက်မဲစွာနဲ့ ပြောချင်နေမိတာလဲ အခါခါ။
ဘယ်သူမကြိုက်တာမှမလုပ် ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ် ဆိုပြီး တွေးပြန်တော့လဲ အစကတည်းက လုပ်ချင်တာပဲ လုပ်လာခဲ့တဲ့ကောင် ဆိုတော့ မတိုးပြန်။
ဘယ်ဟာ မကောင်းဘူး ဘယ်ဟာ ကောင်းတယ် ဘယ်ဟာကို လုပ်သင့်တယ် ဆိုတာတွေကို သိနေပါရဲ့နဲ့
မလုပ်ဘဲ ရှောင်ဖယ်ဖယ် လုပ်နေတဲ့ ဒီကောင်ကြီးကို ဘယ်လိုများ ဆုံးမရမှာပါလိမ့်
ဪ…. အသိတွေ များလွန်းလို့ တက်တဲ့ ပြဿနာဆိုတာ ဒါမျိုး ထင်ပ
ကိုယ်ကြိုက်တာ ကိုယ်လုပ်တယ် ကိုယ်ဖြစ် ကိုယ်ခံမယ် ဆိုပြီးတော့ နေခဲ့ရင်း
စာမေးပွဲ result မှာ နာမည်မပါဘဲ နေခဲ့တုန်းကလည်း
ရင်ဘတ်ထဲက ဆစ်ခနဲ တစ်ချက် နာသွားတာလေးရယ်၊ မျက်နှာလေး ကွက်ခနဲ ပျက်သွားတာရယ်က လွဲပြီး ဘာမှတောင် မဖြစ်ခဲ့တဲ့သူ
ကြည့်ပြီးပြီးချင်းမှာတင် ဖြစ်သင့်တာတွေကို ဇယ်ဆက်အောင် လုပ်ရင်း
သူများတွေအတွက် တကူးတကတောင် ကောင်းသတင်း ပါးလိုက်သေး။
ဒီလိုနဲ့ အပေါင်းအဖော်တွေ အသီးသီးအသက ဘွဲ့ယူစဉ်ကလည်း
ပြုံးပြုံးရွှင်ရွှင်နဲ့ ဘဝတူတွေကိုတောင် အားပေးနေသေးတာပဲကို။
ကိုယ်တိုင်လဲ အကောင်းဘက်ကနေ လှည့်တွေးရင်း ရတဲ့အခွင့်အရေးကို ရအောင်ယူမဟဲ့ လို့ ကြုံးဝါးခဲ့တာတွေ
အပတ်တကုတ်နဲ့ လေလုံးထွားခဲ့တာတွေ
အခု ဘယ်ချောင်ရောက်သွားပါလိမ့်
တကယ်တော့ ငါဟာ ကောက်ရိုးမီးလို လူစားပဲ
တခဏပဲ တောက်နိုင်တယ်။
စေ့စေ့တွေးကြည့်မယ်ဆိုရင် သူများတွေထက်တောင် ပို ညံ့တဲ့သူ။
သူများတွေကို လမ်းညွှန်ပေးတဲ့ကောင်က ကိုယ်တိုင်တွေ့နေတဲ့ လမ်းကိုကျ လျှောက်သွားရမှာ ပျင်းသတဲ့လား။
အစ ကတည်းက ဒီနယ်ပယ်မှာ ကျင်လည်ချင်ပါရဲ့ ဆိုပြီးတော့
တက်လမ်းရှိတဲ့ အလုပ်ကိုတောင် စွန့်ခွာခဲ့ပါရဲ့နဲ့
အခုမှ ဘာကြောင့် ယုံကြည်ချက်မဲ့နေရတာလဲ…
ကျောင်းနဲ့ ပတ်သက်ရင် အလုပ်ကို အကြောင်းပြ အလုပ်မှာက ကျောင်းကို အကြောင်းပြပြီး ရေသာခိုနေတတ်တာ ဘယ်တုန်းကတည်းကပါလိမ့်
ငါက အစကတည်းက လမ်းရိုးကို မလိုက်ချင်တဲ့ အကောင် ဖြစ်နေလို့ပဲလား…
သူများထက်ထူး နဖူး ချိုပေါက်ပြီးတော့ မနိုင်ဝန် ထမ်းသလိုပဲ ဖြစ်နေတာလား….
တွေးရင်းတွေးရင်း စိတ်ဓာတ် ပို ကျလာတယ်။
အလုပ်ကို အကြောင်းပြ စာမလုပ်တာလဲ များနေပြီ။
ဒီလိုပုံနဲ့ ဆက်သွားရင် ဘာဖြစ်မယ်ဆိုတာကတော့ တွေးစရာတောင် မလိုတော့ဘူး
ဒီလောက် လူတွေကြားမှာ ဘာလို့ အထီးကျန်သလို ခံစားနေရတာလဲ
သူများတွေရဲ့ ပြဿနာတွေကို နားလည်ခံစား အကြံပေးခဲ့ပါရဲ့နဲ့ ကိုယ်တိုင်ဖြစ်မှ ဘာကြောင့်များ နားမလည်နိုင်ပါလိမ့်
ငါ့ဘေးမှာ ဘယ်သူမှ မရှိဘူး ဆိုတဲ့ အတွေးကို မတွေးမိဖို့ ကြိုးစားနေရင်း ဘာကြောင့်များ အခါခါ တွေးမိနေရတာလဲ
ဖတ်ခဲ့တဲ့ စာတွေ၊ မှတ်ခဲ့တဲ့ အဆိုအမိန့်တွေက ကိုယ်တိုင်ဖြစ်လာတော့ မတိုးတော့တာလား…
သိတာတွေ များလွန်းနေလို့ပဲ သူများစကားကို နားမထောင်ချင်တာလား…
အတွေးတွေက လွန်းထိုးနေတယ်။
ဒါကြောင့်မို့ ပြောခဲ့ကြတာနေမှာ…
မသိတာ၊ မရှိတာထက် မလုပ်တာက ပိုခက်သတဲ့။
ငါဟာ အဲဒီလို လူစားပါလား…
ဪ……တကယ်တော့
ငါဟာ လူလိမ်ပဲ…
ကိုယ်တိုင်တောင် မလုပ်နိုင်တဲ့ အရာတွေကို သူများတွေ သွား လုပ်ခိုင်းနေတယ်။
ဖြစ်နိုင်မယ် မထင်တဲ့ အရာတွေကို မဖြစ်ဖြစ်အောင် လုပ်ဖို့ အင်အားတွေ သွား ပေးနေမိတယ်။
ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ သူများကို လက်ညိးထိုးနေမိတယ်။
ကိုယ့်ပြဿနာကိုတောင် မရှင်းနိုင်ဘဲ သူများပြဿနာတွေကို လူတတ်ကြီးလုပ်လို့ သွား ရှင်းပေးနေသေးတယ်။
ငါဟာ တကယ့်ကို လူညံ့တစ်ယောက်ပါပဲလေ…..
ဘယ်တော့မှလဲ လူတော်တစ်ယောက် လူကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး………….
ငါဟာ ဟန်ဆောင်နေသူ တစ်ယောက်ပါလား……
22 comments
surmi
August 6, 2013 at 10:35 pm
ဖြစ်တတ်ပါတယ်
ဖြစ်ဖူးပါတယ်
ထပ်လည်းဖြစ်ချင်ဖြစ်ဦးမှာပဲ
ဒီတော့ …..
လက်ရှိ အခန်းထဲကထွက်လိုက်ပါ ။
ပြီးရင်အားလူံးကို မေ့ထားလိုက်
လုပ်ချင်တဲ့နေရာ လုပ်နိုင်တဲ့နေရာက နဲနဲခြင်းပြန်စ ။
အဓိက ..လက်တွေ့ဘဝကမလွတ်စေနဲ့
ဒါဆို OK ပါ 🙂
Mr. MarGa
August 6, 2013 at 10:56 pm
ဦးဆာရေ
လောလောဆယ် ဘေးထွက်ထိုင်လို့ မရတဲ့ အခြေအနေမှာ ရောက်နေတယ်ဗျ
လူက ဘေးထွက်ချင်ပေမင့် အချိန်တွေက ရပ်ထားလို့ မရဘူးလေ
နောက်လဆိုရင် တစ်နှစ်လုံးစာ အဆုံးအဖြတ်ပေးမယ့် အချိန် ရောက်ပြီလေ
ချာချာလည်တာ အဲဒါတွေကြောင့်လဲ ပါတယ်ဗျ
ကိုပေါက်(မန္တလေး)
August 6, 2013 at 10:55 pm
လုပ်ရင်းလုပ်ရင်း မပြီးဆုံးနိုင်တဲ့အလုပ်တွေကို တွေ့ရတဲ့အခါ ဒီလိုဖြစ်တတ်ပါတယ်.။
အကောင်းဆုံးက အိမ်ပြန်တဲ့အခါ ပြန်နေကြလမ်းအတိုင်းမပြန်ဘဲ တစ်ရက် တစ်လမ်းကနေပါတ်ပြန်
ဒီနေ့ မန်းလေးတောင်အရှေ့ဘက်က ပြန်ရင်နောက်နေ့ ဧရာဝတီမြစ်နံဘေးကပြန်
ဒါဆိုရင် ပိတ်နေတဲ့ စိတ်တွေပွင့်သွားမယ်
Mr. MarGa
August 6, 2013 at 11:01 pm
အဲလိုလေးလဲ ဆိုးဘူးနော်…
နက်ဖန်ကစပြီး
အိမ်ကစောစောထွက်ရမယ်
လမ်းရှာရအောင်လို့
မန်းလေးမြို့ကို ပတ်ပလိုက်မယ်
TNA
August 6, 2013 at 11:02 pm
ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှု့ရလာပြီဆိုရင် အားလုံးဟာ စိတ်ဓါတ်ကျစရာချည်းဖြစ်နေတော့တာပါပဲ။ အကောင်းဆုံးကတော့ အားလုံးကနေ ခဏဝေးအောင်နေလိုက်ပါ။ စိတ်ရှင်းအောင်ရုပ်ရှင်ကြည့်တာမျိုး။ သူငယ်ချင်းတွေနဲ့သွားတာမျိုး။ ခရီးထွက်ပလိုက်တာမျိုး အလုပ်တခုမှမပါပဲ လွတ်လွတ်လပ်လပ်ကိုယ်ထင် တာလုပ်ကြည့်လိုက်ပါ။ ပြီးမှ ကိုယ့်အလုပ်ကိုယ်ပြန်ဆက်လုပ်ပါ။ အဆင်ပြေသွားမှာပါ။ လက်ရှိဘဝကိုခဏတာညီးငွေ့သွားတာ စိတ်ဖိစီးတာကြောင့်ပါ။ အကောင်းဆုံးကတော့ တပါတ်လောက် အားလုံးကိုမေ့ပြီးခရီးထွက်လိုက်တာအကောင်းဆုံးဖြစ်မှာပါ။
Mr. MarGa
August 6, 2013 at 11:12 pm
အွန်…
ဗြဲ….ငိုချင်လာပြီ
နောက်လအထိ ဘယ်လိုမှ ခရီးထွက်လို့ မရသေး
စာမေးပွဲများ ဆက်တိုက်ရှိနေလို့
ကိုယ်ထင်တာ လုပ်ဖို့ကို လောလောဆယ် လုပ်ချင်ပါရဲ့နဲ့ မလုပ်နိုင်သေးတာဗျို့….. 🙁
ကျော်စွာခေါင်
August 6, 2013 at 11:32 pm
ကိုဂ
စိတ်ကို လျှော့ချပါ…
စိတ်တည်ငြိမ်သွားပြီဆိုမှ.. မှန်ရှေ ့သွားပြီး ကိုယ့်ကိုယ်ကို စေ့စေ့စပ်စပ်ကြည့်ပါ…။
ကိုယ်က ဟန်ဆောင်နေသူဆိုရင် မှန်ထဲက မဖြစ်မနေကိုယ့်လမ်းကိုဖောက်တတ်တဲ့ သိပ်တော်တဲ့ လူကို ကြည့်ပါ…။
သူများတွေ မြင်နေရတာက ဟန်ဆောင်တတ်တဲ့ လူဆိုရင်..
ကိုဂ ရှေ ့က မှန်ထဲမှာ ပေါ်နေတဲ့ သူက သိပ်တော်တဲ့လူ… ဟုတ်ပြီနော်..။
ဟန်ဆောင်တဲ့ လူက မူရင်း အစစ်ရှေ ့မှာ.. ကြည့်ရင်း ကြည့်ရင်း နာကျည်းစိတ် ခံပြင်းစိတ် ရှက်စိတ် ဖြစ်လာပြီ ဆိုရင်
……
……
ကိုဂ ..
အခုတိုက်ပွဲက အသက်တစ်ချောင်းအတွက် တိုက်တဲ့ပွဲ မဟုတ်ဘူး
သိက္ခာ နဲ ့အရှက် အတွက် တိုက်ပွဲ….။ ကျရှုံ းရင် ပိုနာတယ်…
ကိုဂ လူတော် တယောက်ပါ… လုပ်ချလိုက်စမ်းပါ။
လူတော်တိုင်းကို ခင်မင်စွာ အားပေးလျှက်
ကျော်စွာခေါင်
lele kyi
August 7, 2013 at 5:23 am
သကြားမင်းဆိုတော့ဒလိုပါပဲဖြစ်တတ်ပါတယ်။ဟီးးး
ကိုယ့်ကိုများစောင်းရေးနေသလားမှတ်ရတယ်။ အဲ့လိုဖြစ်နေရင် ကျမတော့ သွားပြေးပလိုက်တယ်။ဒါမှမဟုတ်ရင် ရေသွားကူးပလိုက်တယ်။ ကိုယ့်ကိုကိုယ့် မောပန်းအောင်လုပ်ပြီး ဒဏ်ခတ်ပလိုက်တယ်။
Ma Ma
August 7, 2013 at 7:14 am
ကျောင်းတက်တုန်းက ဖြစ်ဖူးတယ်။
စာမေးပွဲနီးပြီ စာကျက်ရမယ်ဆိုတဲ့ အသိစိတ်နဲ့၊
စာမဖတ်ချင်ဘူး ပျင်းတယ် ဆိုတဲ့ စိတ် နှစ်ခု လွန်ဆွဲပြီး စာကြည့်စားပွဲမှာ ငိုင်တိငိုင်တိုင်ထိုင်ပြီး အချိန်ကုန် စာမရ။ စိတ်တွေလည်း ရှုပ်ထွေးနောက်ကျိနေတာပဲ။
နောက်တော့ သူငယ်ချင်းတစ်ယောက်က အကြံပေးတယ်။
>>စိတ်ကို လွှတ်ပေးလိုက်ပါ တဲ့။
စာမဖတ်ချင်ဘူး ပျင်းတယ်။
ဒါဆို မဖတ်ဘူး အိပ်မယ်ဆိုပြီး တစ်နေကုန် သီချင်းနားထောင်လိုက် စားလိုက် အိပ်လိုက်နဲ့ နေလိုက်တယ်။
တစ်ရက်ပဲ အချိန်ပေးလိုက်ရတယ် စိတ်ကပေါ့ပါးသွားပြီး နောက်နေ့တွေကျတော့ စာဖတ်လို့ ကောင်းလိုက်တာ။ အရင်လို လွန်ဆွဲတဲ့စိတ်တွေ ပေါ်မလာတော့ဘူး။ 🙂
ဦးကျောက်ခဲ
August 7, 2013 at 8:46 am
ဦးကျောက်လည်း ထိုနည်းလည်းကောင်း…
လောကကြီးမှာ စိတ်ကိုအတင်းထိန်းချုပ်ပြီး ကိုယ့်ကိုယ်ကို လိမ်တာအဆိုးဆုံး…
ဆိုတော့… လုပ်ချင်တာအရင်လုပ်၊ ပြီးရင် လုပ်သင့်တာကိုဖြစ်အောင်လုပ်…
စိတ်ဓာတ်မကျနဲ့ သဂျားရေ…
😀
KZ
August 7, 2013 at 8:57 am
သူ့ကိုသူ သိသွားရှာပြီ။
“သူ သိသွားပြီ။ ဘယ်လိုများ သူလေသိ”
လုပ်သင့်တာနဲ့ လုပ်ချင်တာဆို
လုပ်ချင်တာကို အရင် လုပ်လိုက်ပါ။
လုပ်သင့်တာကို တခြားလူတွေ လုပ်ကြပါလိမ့်မည်
လုပ်ချင်တာများသည် အရသာရှိ၍
လုပ်သင့်တာများသည် ပင်ပန်းလှသည် လို့ အော်ပီကျယ်ရဲ့ ကျကျမ်းမှာတော့ ဖတ်ဖူးတာပဲ။
ခွိခွိ။ 😀
ကိုယ့် အတွက်ကို စိတ်ပျော်တတ်ရာ အပန်းဖြေနည်းလေး ရှာထားသင့်ပါတယ်ဆို။
Be Strong and Be Flexible at the same time ပါဆို။ 🙂
kyeemite
August 7, 2013 at 10:05 am
မနက်စောစောထပီး နာရီဝက်လောက်စီ
တရားထိုင်ကြည့်လိုက်ပါ..ကောင်းသွားမှာပါ..
ခင်တဲ့… 🙂
ကိုယ်လည်းသူများသာပြောတာနော…ကိုယ်ကျတော့လုပ်ချင်တာလုပ်တာ..ခွိေွိ 😀
ဦးကြောင်ကြီး
August 7, 2013 at 10:28 am
လုပ်သင့်ဒါနဲ့ လုပ်ချဉ်ဒါဆို လုပ်ကောင်းဒါကို ရွေးရသကွဲ့…
Foreign Resident
August 7, 2013 at 10:34 am
ဦးမာဃ ရယ် ။
၁ ။
ထိပ်တန်း ရောက်နေတဲ့သူတွေအားလုံး ၊
ဒီလို အခြေအနေဆိုးတွေကို ဖြတ်သန်းလာပြီးမှ ၊
ထိပ်တန်း ရောက်လာကြတာပာကွယ် ။
အား မ လျှော့စမ်းပါနှင့် ။
သင် လုပ်နိုင်ပါတယ် ။
၂ ။
အဘ ကတော့ ၊ အပေါ်က ရွာသူားတွေနှင့် သိပ်မတူဘူး ။
လုပ်ချင်တာ နှင့် လုပ်သင့်တာ ၂ ခု ရွေးရတဲ့ အချိန်တိုင်းမှာ ၊
လုပ်သင့်တာ ကိုပဲ ဦးစားပေး ရွေးချယ် တယ် ။
အဘ သင်္ဘောလိုက်တာကို ဘယ်တုန်းကမှ မလုပ်ချင်ခဲ့ပါဘူး ။
၃ ။
ငယ်တဲ့ အချိန်မှာ စိတ်ဆင်းရဲ အနစ်နာ ခံမလား ၊
ကြီးတဲ့အချိန်မှာ မျက်နှာငယ် ဒုက္ခ ရောက်ခံမလား ဆိုတဲ့ ၂ ချက်ထဲမှာ ၊
အဘ က ငယ်တဲ့ အချိန်မှာ စိတ်ဆင်းရဲ အနစ်နာ ခံဖို့ကို ရွေးခဲ့တယ် ။
လုံမလေးမွန်မွန်
August 7, 2013 at 1:34 pm
ငါ ဖြစ်ဖူးတယ် သဂျား… လမ်းပျောက်နေသလို… လူက လေထဲလွင့်နေသလို…. ကိုယ့်ကိုကိုယ်ပျောက်ဆုံးနေတာ….
ငါကတော့ အဲ့လိုဖြစ်ရင် ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေလိုက်တယ်…. အချိန်ပြည့် မရပ်မနား အလုပ်တွေလုပ်ပစ်လိုက်တယ်..ဘာမှမတွေးဖြစ်အောင် အိပ်ချိန်ကလွဲလို့ အလုပ်ထဲမှာ စိတ်ကိုနှစ်ထားတယ်… ဒီလိုနဲ့ ငါ့ကိုငါ ပြန်တွေ့သွားတယ်…
နောက်တစ်ခုကတော့ သူငယ်ချင်းကောင်းတစ်ယောက်ကို ရင်ဖွင့်တယ်… သီချင်းသွားဆိုတာမျိုး…စိတ်ကိုအပန်းဖြေလိုက်တယ်…
နင့်အတွက်တော့ ပထမနည်းက ပိုအဆင်ပြေမယ်ထင်တယ်…
ဖြစ်တတ်ပါတယ် သဂျား… ဒါပေမယ့် ခဏပါ..အဆင်ပြေသွားလိမ့်မယ်… နော်…
ခင် ခ
August 7, 2013 at 1:46 pm
ဟန်ဆောင်ကောင်းတဲ့သူတွေ နောင်များတွင် ဟန်ကိုယ့်ဖို့ ဆိုတဲ့အတတ်ကို ကျွမ်းကျင်စွာ တတ်မြောက်သွားကြလေသတည်း။ ဒါလည်း ကျွမ်းကျင်ရာ လိမ္မာလို့ ပြောရမယ်ထင်။
အရီးခင်
August 7, 2013 at 1:54 pm
ဖိုးသိကြား ရေ
ဆရာတော်တစ်ပါး ရဲ့ တရား လေးပါ။
အားလုံးမဟုတ် ဘဲ လိုတယ် ထင်တာ ဖြတ်တင်ပေး ပါတယ်။
ဖတ်ကြည့် ပြီး လက်တွေ့ ကျင့်ကြံ ကြည့်ပါ။
မသိနိုင်တဲ့ မနက်ဖြန် နဲ့ ပြန်မရနိုင် တဲ့ အတိတ် ကို ကြည့်နေမဲ့ အစား
လက်ရှိ အချိန် ကိုသာ အသိမှန်၊ သတိမှန် လေးနဲ့ တန်ဖိုးထား ကြိုးစားပါ။
နောက်နေ့ ဘာဖြစ်ဖြစ် – ဖြစ်ချင်တာ ဖြစ်ပေါ့။ 😉
(မျှဝေပေးတာ မနီနီဝင်း ဆိုသူပါ)
=====================================
လေးစားရပါသော ဓမ္မမိတ်ဆွေများသို့…..
လွန်ခဲ့တဲ့(၇)နှစ်ခန့်က သူငယ်ချင်းမိတ်ဆွေထံမှ လက်ဆောင်ရထားတဲ့ စာစောင်လေးပါ။
အောက်စဖို့ဒ် ဗုဒ္ဒဝိဟာရ သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တဲ့ OXFORD BUDDHA VIHARA, Volume 1, Issue 3 ,
ဝိပဿနာတရား သင်ကြားပြသမှုကဏ္ဍမှာ “ဆရာတော် ဒေါက်တာ ဦးဓမ္မသာမိ” ရေးသားထားတဲ့ တရားတော်များ ဖြစ်ပါတယ်။ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထုတ်ဝေထားခြင်းဖြစ်ပါတယ်။
မှန်မှန်ကန်ကန် စိတ်ထားတတ်ဖို့ (Skillful Focus)
(ဆရာတော် ဒေါက်တာ ဦးဓမ္မသာမိ၏ “Different Aspects of Mindfulness (1999)” မှ ဘာသာပြန်ကို ကူးယူရိုက်နှိပ်၍ ဖေါ်ပြခြင်း ဖြစ်သည်။)
ဘဝမှာ လူတိုင်းအမှားတွေ ပြုမိကြတယ်။ သဘောပြောရရင် ကျောင်းမှာလေ့ကျင့်ခန်းအလုပ်မှားတာ၊ မိဘသူငယ်ချင်းတွေနဲ့ တခါတခါ စကားများမိတာ၊ ဒီနေ့လုပ်ရမဲ့အလုပ်ကို မလုပ်မိတာ၊
ဒါမှမဟုတ် ဘဝကိုပြောင်းလဲစေနိုင်တဲ့ ဆုံးဖြတ်ချက်အမှားမျိုးပြုမိတာ စသည်တို့ပေါ့။
အဲဒီအမှားတွေကိုပဲ စိတ်စွဲနေရင် မိမိကိုယ်ကို ယုံကြည်မှုရှိနိုင်မှာ မဟုတ်တော့ဘူး။ စိတ်လည်းမပျော်ရွှင်နိုင်တော့ဘူး။
တဘက်မှာလည်း လူတစ်ယောက်အနေနဲ့ မိမိကောင်းတာတွေ အများကြီးလုပ်ခဲ့မိမှာပါပဲ။
အဲဒီကောင်းကွက်တွေကို ပြန်လည်ရှာတွေ့ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နိုင်ဖို့ရာ သတိတစ်လုံးသာလိုပါတယ်။
မိမိလုပ်ထားတဲ့အကောင်းတွေကို နှလုံးသွင်းဖို့နဲ့ အဲဒီအကောင်းတွေကို အခြေခံထားပြီး ရှေ့ဆက်လှမ်းဖို့ရာ အင်မတန်အရေးကြီးပါတယ်။
“ဒီနေရာမှာ မိမိလုပ်မိတဲ့ မကောင်းမှုတွေ၊ အမှားတွေကို လျစ်လျူရှုရမယ်လို့ မဆိုလိုပါဘူး။အဲဒီအမှားတွေကနေ သင်ခန်းစာယူရမှာပေါ့။ ဒါပေမဲ့ အဲဒီအမှားတွေကိုပဲ မပြတ်စဉ်းစားနေမယ်ဆိုရင်တော့ ဒီဘဝနေနည်း တယ်ဟန်မကျလှဘူး။”
မိခင်ကိုတောင်အလွတ်မပေးဘဲ လက်ညှိုးတစ်ထောင်ရအောင်ဖြတ်ယူဖို့ ကြိုးစားဖူးတဲ့ အင်္ဂုလိမာလဟာ သူ့ရဲ့အတိတ်ဖြစ်ရပ်ပေါ်မှာပဲ စိတ်စွဲလန်းနေခဲ့မယ်ဆိုရင် သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲဖို့ အခွင့်အလမ်းနဲ့ ရဟန ္တာဖြစ်ဖို့ အခွင့်အလမ်းတွေ လက်လွတ်ဆုံးရှုံးသွားမှာပဲ။
ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင်လည်း ခြောက်နှစ်လုံးလုံး လမ်းမှားကျင့်ကြံအားထုတ်ခဲ့မှု အပေါ်မှာပဲ နောင်တရစိတ်ပျက်လို့သာနေမယ်ဆိုရင် သဗ္ဗညုတဘုရားအဖြစ်ရောက်ရှိခဲ့မှာ မဟုတ်ဘူး။ “ဗုဒ္ဓဟာ အမှားတွေကနေ သင်ခန်းစာယူတယ်။ ပြီးတော့ အဲဒီအမှားတွေကို စွန့်ပစ်ဖယ်ရှားတယ်။ အဲဒီနောက် လမ်းသွယ်အသစ်တစ်ခုကို ချက်ချင်းနှလုံးသွင်းတော်မူတယ်။ အဲဒီလမ်းသွယ်အသစ်ဟာ ဒို့များသိနေကြတဲ့ အလယ်အလတ်လမ်းစဉ်ပါပဲ။”
အဲဒီတော့ စိတ်ဓါတ်မကျပါနဲ့။ စိတ်မစူးစိုက်နိုင်ချိန်ထက် စိတ်စူးစိုက်နိုင်တဲ့အချိန်ကို နှလုံးသွင်းပါ။ စိတ်စူးစိုက်နိုင်တဲ့အချိန်ကို အခြေခံပြီး ဆက်လက်ကြိုးစားပါ။ စိတ်ပျံလွင့်ခဲ့တာတွေ၊ စိတ်ပျံလွင့်လို့ စိတ်ပျက်ခဲ့တောတွေကို စိတ်ထဲထည့်မထားပါနဲ့။ အတိတ်ကိုသွားခွင့်ပြုလိုက်ပါ။ သူ့ကိုဆွဲမထားရင် အတိတ်က သူ့ဟာသူသွားမှာပဲ။
“မှန်မှန်ကန်ကန်နှလုံးသွင်းဆင်ခြင်မှုဟာ လောကကြီးထဲမှာ ကောင်းတဲ့အရာတိုင်းရဲ့ အစလည်းဖြစ်၊ အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။” စိတ်အရည်အသွေး တစ်မျိုးလည်းဖြစ်တယ်။ မှန်မှန်ကန်ကန် နှလုံးသွင်းတတ်ရင် စိုးရိမ်မှု၊ သောက၊ စိတ်အနှောင့်အယှက်ဖြစ်မှု၊ အိပ်မပျော်မှု၊ အစားမဝင်မှု၊ ကြောက်ရွံ့မှု၊ ဒေါသဖြစ်မှု၊ မုန်းတီးမှုနှင့် တွယ်တာမှုတို့ လျော့နည်းအားနည်းလာရပါတယ်။ တဆက်တည်းမှာပဲ မှန်ကန်တဲ့အတွေးကြောင့် ချစ်ခင်မှုမေတ္တာ၊ သနားကြင်နာမှုကရုဏာ၊ တန်ဖိုးထားတတ်မှု မုဒိတာနဲ့ ငြိမ်းချမ်းမှုတို့လည်း စတင်ပေါက်ဖွားလာပါလိမ့်မယ်။
အဲဒီမှန်ကန်တဲ့ နှလုံးသွင်းဆင်ခြင်မှုသာ မရှိရင် မိဘကမိမိအပေါ်မှာ လုပ်ပေးခဲ့တာတွေကို တန်ဖိုးထားတတ်ချင်မှ ထားတတ်မှာ။
ဘဝအကြောင်းငြီးတွားဖို့ အမြဲတမ်း အပြစ်တစ်ခုမဟုတ်ရင်တစ်ခု လိုက်ရှာနေလိမ့်မယ်။
ဘယ်တော့မှ လိုချင်တာမရခဲ့ဖူးတဲ့ ပုံစံမျိုးပေါက်နေမယ်။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မှာမရှိတာ ချို့ယွင်းနေတာကိုပဲ ကိုယ်ကလိုက်တွေးနေလို့ပဲ။
သဘောအားဖြင့် ပညာအရည်အချင်း၊ အလုပ်အကိုင်၊ ပိုက်ဆံ၊ အိမ်ရာ၊ မိသားစုဘဝနဲ့ နာမည်ကျော်ကြားတဲ့ မိသားစုဘဝ ရှာတယ် ဆိုကြစို့။
လူတစ်ယောက်က သူဆက်လက်လုပ်ကိုင် ရှာဖွေနေချိန်မှာပဲ သူရရှိပြီးသားအရာတွေကိုကြည့်ပြီး ပီတိဖြစ်နိုင်တယ်။
တစ်ယောက်က လက်ရှိအလုပ်ဆက်လုပ်နေချိန်မှာပဲ ကိုယ်ရရှိထားတာကို ဥပေက္ခာပြုထားမယ်။
ဘယ်လိုဖြစ်ဖြစ် သူတို့နှစ်ယောက်စလုံး ဆက်အလုပ် လုပ်နေတယ်။
ဒါပေမဲ့ ပထမ တစ်ယောက်က စိတ်ချမ်းသာမှုရှိပြီး ဒုတိယတစ်ယောက်ကတော့ စိတ်ဖိစီးမှုပိုများတယ်။
သူတို့ကြား ထူးခြားတာက နှလုံးသွင်းရာ focus point ပါ။
“စိတ်ချမ်းသာမှုဆိုတာ ကမ ္ဘာပေါ်မှာ အရာရာတိုင်း အကောင်းတကာ့အကောင်းဆုံးကို ရရှိပိုင်ဆိုင်မှုအပေါ်မှာ မူမတည်ပါဘူး။
နှလုံးသွင်းမှန်ကန်မှုအပေါ်မှာသာ မူတည်ပါတယ်။ အဲဒီမှန်ကန်တဲ့နှလုံးသွင်းမှုကို သတိတရားက ဖြစ်စေပါတယ်။”
=====================================
အလင်းဆက်
August 8, 2013 at 12:15 pm
ချစ်သော သကြားရေ
ခညားက မှ
ကိုယ့် ညံ့တာ ကိုယ်သိသေးတယ်
ညံ့တဲ့အချက်ကိုသိနိုင်တာကိုက တော်လို့ပါ နော်
ကျွန်တော်ဆို
ကိုယ် ညံ့တာတောင် ကိုယ် မသိနိုင်တဲ့သူပါ ။
စိတ်ဖိစီးမှု ရှိနေတဲ့ ခံစားချက်တွေကို
ကိုယ်ချင်းစာ မိပါတယ်ဗျာ
ဗုံဗုံ
August 8, 2013 at 3:49 pm
မြစ်ရေကြီးနေတဲ့အချိန်မှာ စစ်ကိုင်းတံတားပေါ်ကနေ
ဒိုင်ဗင်ထိုးချလိုက်…
အဲ့ဒါဆို ကိုယ်တော်သလား ညံ့သလားသိလိမ့်မယ်..
ဒါနဲ့…ကြာဇံလား မုန့်ဟင်းခါးလား မှာခဲ့အုံးနော်..
Mr. MarGa
August 8, 2013 at 6:24 pm
ရတယ် ရတယ်
အဲသလောက် မဆိုးလို့
ဒီအတိုင်းပဲ နေတော့မယ်
Mr. MarGa
August 8, 2013 at 6:20 pm
အခုလိုမျိုး
ကျွန်တော့်ပို့စ်မှာ ဝင်ရောက်ပြီးတော့
စိတ်သက်သာအောင် အားပေးကူညီ သွားတဲ့
ဦးဆာ
လေးပေါက်
အန်တီသဲ
ကိုကျော်စွာခေါင်
lele kyi
အန်တီမမ
ဦးကျောက်ခဲ
ဂျီးဒေါ်ဆွိ
ဦးကြီးမိုက်
ဦးကြောင်
ဘဖော
မွန်မလေး လုံလုံ
လေးခ
အရီးခင်
အလက်ဆင်း
အားလုံးကို ကျေးဇူးပါ။
တကူးတက စာမပြန်တာကိုလဲ ခွင့်လွှတ်ကြပါဗျ
အခုတလော စာပြန်နိုင်လောက်အောင် အခြေအနေ မကောင်းသေးလို့ပါ
အားလုံးရဲ့ အကြံပေးချက်၊ အားပေးချက်တွေအတွက်
တကယ်ကို ကျေးဇူး အကြီးကြီး တင်ပါတယ်။
ကျွန်တော် ရင်ဆိုင်ဖို့ အင်အားတွေ အများကြီး ရလိုက်ပါတယ်ဗျာ….
မဟာရာဇာ အံစာတုံး
August 9, 2013 at 2:51 am
ဟန်ဆောင် ကောင်းတဲ့သူ
သံရောင်ပြောင်းနဲ့တူ
ညူတူတူ စိတ်ထားနဲ့
သင်ဟန် ပြောင်းတော့ တမူ …
ဂလူ .. ဂလူ .. အူ .. အူ …