အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၇၉)
လဂျ်ဝန်တီ အဖမ်းခံရလို့ စိတ်ထဲမှာ ဝမ်းနည်းလို့ မဆုံးသေးဘူး ၊ နောက်ထပ် ကြေကွဲစရာ ကြုံရပြန်တယ်။
ရှန်ကာတစ်ယောက် ချောင်းလေးတဟွတ်ဟွတ် နဲ့ ကျွန်တော့်အခန်းကိုရောက်လာပြီး အိပ်ယာပေါ်
ပစ်လှဲချလိုက်တယ်။ သူ့ကြည့်ရတာတော် အင်အားကုန်ခမ်းနေပုံပဲ။ သူ့ခြေတွေ လက်တွေ နာကျင်
ကိုက်ခဲနေတဲ့အကြောင်း ဝူးဝူးဝါးဝါးနဲ့ ရှင်းပြသေးတယ်။ကျွန်တော် သူ့နဖူးစမ်းကြည့်တော့ အဖျားနည်းနည်းရှိ
ပုံရတယ်။
“ကဲ..ရှန်ကာရေ..မင်း အအေးမိတယ်နဲ့တူတယ်..သွား..မင်းအခန်းမှာ နားချေဦး..ငါဆေးလေးဘာလေး
ယူလာခဲ့မယ်..”
အဲဒါနဲ့ သူလည်း အိပ်ယာပေါ်က ထလို့ သူ့အခန်းကို ခြေဖျားလေးထောက်ပြီး ပြန်သွားတယ်။ ကောင်လေးကြည့်
ရတာ ဂဏှာမငြိမ်ဘူး..။ မသက်မသာခံစားနေရသလား မသိဘူး။
ညကျတော့ အကိုက်အခဲပျောက်ဆေး ပေးလည်း ရှန်ကာ ခမျာ မသက်သာဘူး။ ပိုပို ဆိုးလာသလိုပဲ။
ဒုတိယနေ့မှာတော့ အတော်ကြီးကို ပြင်းပြင်းထန်ထန်ဖြစ်လာတယ်။ လက်တောင် မမြှောက်နိုင်တော့ဘူး။
မီးဖွင့်လိုက်ရင် ဆတ်ခနဲ့ တွန့်သွားတယ်။ ခက်ခက်ခဲခဲနဲ့ပဲ သူ့ကို အဖျားတိုင်းကြည့်တော့ ကျွန်တော် လန့်
သွားတယ်။ ၁၀၃ ဒီဂရီ တောင်ဗျ။ ကဲ ..မဖြစ်ချေဘူးဆိုပြီး ဆရာဝန်ပြေးခေါ်ရတာပေါ့။ အစိုးရဆေးပေး
ခန်းမှာ ထိုင်တဲ့ သမားတော်သွားပင့်တော့ မလိုက်နိုင်ဘူးလို့ ခပ်ပြတ်ပြတ် ပြောလွှတ်လိုက်တယ်။ ဒါနဲ့
အပြင်ဆေးခန်းက ဆရာဝန်တစ်ယောက် ရှာပြီး ပင့်ဖို့ပဲ ရှိတော့တယ်။ ရတဲ့ဆရာဝန်က ခြေကြွခ ရူးပီး
ရှစ်ဆယ်တောင်းတယ်။ ဆရာဝန်က ရှန်ကာ့ကို စမ်းသပ်ကြည့်ရှုပြီးတော့ ဒဏ်ရာတွေ ဘာတွေ ရတာ
သတိပြုမိလားလို့ ကျွန်တော့်ကိုမေးတယ်။ သူ့ဒူးခေါင်းမှာ ဒဏ်ရာတစ်ခု ရဘူးတာ ပြောလိုက်တယ်။
ဆရာဝန်က ခေါင်းတညိတ်ညိတ်နဲ့ သူ့တွေ့ရှိချက်ကို ပြောပြပါတယ်။ ရှန်ကာခွေးရူးပြန်ရောဂါ ကူးစက်
ခံနေရပြီတဲ့။ ခွေးရူးတစ်ကောင်ကောင်ကိုက်လို့ ဖြစ်နိုင်သတဲ့။ ခွေးကိုက်ခံရတာနဲ့ ချက်ချင်းလိုလို
ကာကွယ်ဆေး ထိုးသင့်တာတဲ့။ ခုတော့ တော်တော်နောက်ကျသွားပြီတဲ့ ဗျာ..။ ရှန်ကာ့ အခြေအနေ
က အလွန်ကို ဆိုးရွားသွားပါပြီတဲ့။ သိပ်မကြာဘူး..ရှန်ကာ တစ်ယောက်ရေ ကို ကြောက်လာလိမ့်မယ်။
ဂဏှာမငြိမ်တဲ့ လက္ခဏာတွေ ပေါ်လာမယ်။ စိတ်တွေ ဂယောင်ချောက်ခြားဖြစ်လာမယ်။ ဆတ်ခနဲ ဆတ်
ခနဲ အကြောတွေဆွဲလာမယ်။ ဆိုင်း လာမယ်။ နောက် စကားသံတောင် ကောင်းကောင်းမထွက်နိုင်တော့
ဘဲ လည်ချောင်းထဲက အသံဖြစ်ပေါ်စေတဲ့ အင်္ဂ ါအစိတ်အပိုင်းတွေ သွက်ချာပါဒ လိုက်လာမယ်။ နောက်
ဆုံး မေ့မျောပြီး အသက်ရှူရပ်သွားမယ်..။ ရှင်းရှင်းပြောရရင် သေသွားမယ်ပေါ့။ အဲဒါတွေ အားလုံးဟာ
လေးဆယ့်ရှစ်နာရီအတွင်း ဖြစ်မှာတဲ့ဗျာ..။
ထိတ်လန့်စရာ အချက်တွေ တသီကြီးကို ဆရာဝန်က ခပ်အေးအေးပဲ ပြောပြသွားတာ။ ကျွန်တော်
ကတော့ လုံးဝကို ယူကျုံးမရဖြစ်လာတယ်။ ရှန်ကာတစ်ယောက် သေရရှာတော့မယ်လို့ ခေါင်းထဲ အတွေး
ဝင်လာတာနဲ့တင် မျက်ရည်က ပိုးပိုးပေါက်ပေါက်ကျလာမိတယ်။
“ဆရာ..ဆရာရယ်… သူ့ကို ကယ်ဖို့ နည်းလမ်း လုံးဝ မရှိတော့ဘူးပေါ့နော်…”
အသံတိမ်တိမ် ၊ခခယယ နဲ့ ကျွန်တော် မေးလိုက်တယ်။
ဆရာဝန်က ဆုတ်ဆိုင်းဆိုင်း နဲ့ –
“အေးကွာ…လွန်ခဲ့တဲ့ တစ်လလောက်အထိတော့ ဒီလိုဖြစ်ရင် ဘာမှ မတတ်နိုင်ဘူး..ဒါပေမဲ့..
ငါကြားတာတစ်ခုတော့ရှိတယ်..အမေရိက က စမ်းသပ်နေဆဲ ကာကွယ်ဆေးသစ်တစ်မျိုးတော့
တို့အိန္ဒိယကို တင်ပို့လိုက်ပြီလို့ ဆိုတာပဲ..RabCure လို့ခေါ်တဲ့ ဆေးပေါ့.. ဂုပ္ပတား ဆေးဆိုင်
ကြီးမှာပဲ ရတယ်..”
“ရာကဘ် ဂျန် ဘက်က ဆိုင်လား”
“အေး..ဟုတ်တယ်..ဒါပေမဲ့..မင်းတတ်နိုင်မယ် မထင်ဘူး..”
“ဘယ်လောက် မို့လဲ ခင်ဗျာ..” စိတ်လေးလေးနဲ့ မေးလိုက်ရတယ်။
“ရူးပီး လေးသိန်းလောက်တော့ ရှိမယ်..”
ဪ..တိုက်ပဲ တိုက်ဆိုင်လွန်းလှတယ်။ ကြမ္မာဆိုးများ ဆိုတာ မရိုးရအောင် လူကို လှည့်စားနေသလိုပဲ။
ကျွန်တော်လည်း ငိုင်ပြီး တွေးနေမိတယ်။နီတာ့ကို ဟိုသေချင်းဆိုး ဆီက ရွေးရမှာလည်း လေးသိန်းပဲ။
ရှန်ကာ့ကို ကုဖို့ကလည်း လေးသိန်း။ ကျွန်တော့်မှာ ရှိတာ လေးရာ..။
ရှန်ကာ့ကိုကုဖို့ ပိုက်ဆံ ဘယ်ကရပါ့မလဲ..။ သူ့ကို ဒီအတိုင်း တစ်ယောက်တည်း ထားခဲ့လို့ မရဘူး
ဆိုတော့ ကျွန်တော့်အခန်းကို ပွေ့ခေါ်လာခဲ့တယ်။ ရှန်ကာ က ကျွန်တော်နဲ့ အသက်မတိမ်းမယိမ်းပေမဲ့
ကိုယ်လုံးလေးကျတော့ ပေါ့ပေါ့လေးရယ်။ ခြေထောက်ကလေး၊ လက်ကလေးတွေက ပျော့ဖတ်ပြီး
တွဲလောင်းကျနေတာ။ ကျွန်တော့်စိတ်ထဲ လူတစ်ယောက်ပွေ့လာတယ်လို့ မခံစားမိဘဲ အာလူးအိတ်
ကလေး ပိုက်လာသလိုမျိုးဖြစ်နေတယ်ဗျာ..။ ကျွန်တော့်ခုတင်ပေါ်မှာ ရှန်ကာ့ကို အသာချလိုက်တယ်။
ဟိုးအရင် နှစ်နှစ်နီးပါးလောက်က ကျွန်တော်ဒီကို စရောက်တဲ့နေ့တုန်းကလိုပေါ့။ သူ့ခုတင်ပေါ်မှာ
ကျွန်တော်က အိပ်ပြီး သူက ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့တာလေ။ ဟုတ်တယ်..ခုကျတော့ ပြောင်းပြန်ပေါ့။
ကျွန်တော် ကြမ်းပြင်ပေါ်လှဲချရင်း အဲဒီအဖြစ်အပျက်ကို ပြန်တွေးနေမိတယ်။ အဲဒါက လွန်ခဲ့တဲ့ အနှစ်နှစ်
ဆယ်လောက်ကလို့ စိတ်ထဲမှာ ခံစားလာမိတာပဲဗျာ။
ရှန်ကာ တစ်ယောက် ဟိုလှည့် သည်လှည့်နဲ့ ဂဏှာမငြိမ်ဘဲ ဖြစ်နေတယ်။ အိပ်တော့ အိပ်နေ
တာပါ။ ကျွန်တော်လည်းကောင်းကောင်းအိပ်မပျော်ဘူး။အိပ်မက်ဆိုးတွေ မက်လို့။ ခွေးရူးတွေရယ်..
စကားပီပီ မပြောနိုင်တဲ့ ကလေးတွေက အိပ်မက်ဆိုးတွေထဲမှာ ဖျိုးခနဲ ဖျတ်ခနဲ ပေါ်ပေါ်လာတယ်။နောက်
ဆုံး ဖြုန်းခနဲ လန့်နိုးတော့ ည သန်းခေါင်ဖြစ်နေပြီ။ ကျွန်တော့်နားထဲမှာ အသံတစ်ခုခု ကြားလိုက်မိသ
လား တွေးမိတယ်။မေမေ..မေမေရေ..ဆိုတဲ့အသံဗျ။ တော်တော်ကျယ်တယ်လို့ထင်တာပဲ။ အဲဒီအ
သံကြောင့် ကျွန်တော်လန့်နိုးသွားသလား ဇဝေဇဝါနဲ့။ ရှန်ကာ့ကိုကြည့်လိုက်တော့ အိပ်မောကျနေတယ်။
ကျွန်တော်လည်း မျက်လုံးတွေဘာတွေ ပွတ်သပ်ပြီး ဟယ်..ငါ့အိပ်မက်နဲ့ ရှန်ကာ့အိပ်မက် မထင်မှတ်ပဲ
ဒွေးရောယှက်တင် ဖြစ်သွားတာနေမယ်လို့ ကြောင်စီစီ တွေးမိသေးတယ်။
နောက်တစ်နေ့ တစ်နေ့လုံး ရှန်ကာ ခမျာ အိပ်ယာထဲက မထနိုင်ဘူး။ တဖြည်းဖြည်း အားနည်း
သည်ထက် နည်းလာတယ်။ သေခြင်းတရားက သူ့ပေါ်မှာ အရိပ်ထိုးလာပြီ ဆိုတာ ကျွန်တော်သိလိုက်
တယ်။ ဒါပေမဲ့ ကျွန်တော်က မင်း သာမည ဖျားတာလောက်ပါ ဆိုတဲ့ ပုံစံမျိုးနဲ့ အဖြစ်မှန်ကိုဖုံးကွယ်
ဟန်ဆောင်နေရတယ်။ သိမ်မွေ့တဲ့ မျက်နှာလေး နဲ့ အကြင်နာတတ်ဆုံး အညိုရောင် မျက်လုံးတွေ
ကိုငေးရင်း နောက်ဆို မြင်ရမယ်မဟုုတ်တော့ဘူးလို့တွေးမိတာနဲ့ ကျွန်တော့်မှာ ဖြေမဆည်နိုင်လောက်
အောင် ကြေကွဲဆို့နင့်လာတယ်။ သူ့ရဲ့မပီကလာ ပီကလာနဲ့ ကွိကွိကွကွ စကားသံလေးဟာတောင်ကနေ့
အဖို့ အင်မတန် ထူးကဲ နေတယ်။ ဒါလေးတွေဟာ နောင် အမှတ်ရစရာလေးတွေဖြစ်မှာ။
ညရောက်တော့ ရှန်ကာ့ လက်တွေက တဆတ်ဆတ်နဲ့ အကြောဆွဲလာတယ်။ အရည်ကလေး
တောင် ပါးစပ်ထဲဝင်ဖို့ ခက်နေတာ။ ချာပါတီနဲ့ ပဲဟင်း တောင် တစ်ချပ်လောက် အနိုင်နိုင်စားရတယ်။
ဒါ သူ့အကြိုက်ဆုံး စားစရာနော်။ နဖူးကလည်း ချစ်ချစ်တောက်အောက်ပူလို့ဗျာ..။ အဖျားတိုင်း
ကြည့်တော့ ၁၀၅ ဒီဂရီ။
“ ကွာ အက်ရ် ဆဇ် ပါယ် ဧက်ကီ နက်ဂျ်..”
ပြောပြီး သူ ငိုတယ်။ သူ့ကိုနေသာအောင် အတတ်နိုင်ဆုံး ကျွန်တော်လုပ်ပေးတာပဲ။ ကိုယ်ကိုယ်
တိုင်တောင် ရုပ်ကော စိတ်ပါ ဟောင်းလောင်းဖြစ်ပြီးဗလာကျင်းနေတာဗျာ..သူများကို အားပေးဖို့
ဆိုတာ ဒီအချိန်မှာ တော်တော်ခက်တာ။
ကျွန်တော်လည်း ကောင်းကောင်းအိပ်မပျော်ပါဘူး။ အတိတ်က အရိပ်ဆိုးတွေက စိတ်ကို
ညှဉ်းပန်း နှိပ်စက်နေတာနဲ့ ချောက်ချောက်ခြားခြားဖြစ်နေတယ်။ သန်းခေါင်ကျော်လို့ တော်တော်ညဉ့်
နက်နေပြီ။ နှစ်ချက်ထိုးလောက်မှာ ရှန်ကာ အိပ်ယာဘက်က အသံကြားလို့ သာသာလေးထပြီး သူ့
ဘက်လှမ်းလိုက်တယ်။ လူကတော့ အိပ်ချင်မူးတူးပဲ။ ရှန်ကာ မျက်နှာကိုကြည့်လိုက်တော့ မျက်လုံး
လေးတွေ မှိတ်နေပေမဲ့ ပါးစပ်ကလေးက တလှုပ်လှုပ်နဲ့ဗျ။ ကျွန်တော်လည်း သူဘာတွေ ညည်းညူနေ
သလဲဆိုတာ ကြားရအောင် အာရုံစိုက်ပြီး နားထောင်မိတော့ ထခုန်မိမတတ်ဖြစ်သွားတယ်။ကျွန်တော်
ကျိန်ရဲတယ်ဗျာ..ရှန်ကာ စကားပြောတာ တကယ်..။ ဘာတဲ့.. သားကို မရိုက်ပါနဲ့ မေမေ တဲ့။
ကျွန်တော်လည်း သူ့အိပ်ယာကို လက်နဲ့ဆုပ်ပြီး –
“ရှန်ကာ..ရှန်ကာ.. မင်းတစ်ခုခု ပြောလိုက်တယ် မဟုတ်လား..”
ရှန်ကာကတော့ ကျွန်တော်မေးတာ ကြားမယ်မထင်ဘူး။ သူ့အိပ်မက်ကမာ္ဘထဲမှာပဲ ချာချာလည်နေပုံရတယ်။
မျက်လုံးလေးတွေ တလည်လည်နဲ့ကယောင်ကတမ်း ဖြစ်နေတာ သေချာသလောက်ပဲ။ ရင်ဘတ် က တသိမ့်
သိမ့်လှုပ်လာပြီး အကြောတွေဆွဲလာတယ်။ ပါးစပ်ကလည်း အမြှုပ်တွေထွက်လာပေမဲ့ ညည်းသံကတော့
မရပ်ဘူး။
“ သားကို ဘာလို့နှင်ထုတ်တာလဲ မေမေ….သားတောင်းပန်ပါတယ်..သားတံခါးခေါက်ခဲ့ရမှာ..
ဒါ..ဒါပေမဲ့..ဦးရီးတော်က အခန်းထဲမှာ မေမေနဲ့အတူတူ ရှိနေလိမ့်မယ်ဆို သား ဘယ်လိုလုပ်
သိမှာလဲ မေမေရယ်..မေမေ ကို သားသိပ်ချစ်ပါတယ်..သားရဲ့ ဒိုင်ယာရီ စာအုပ်ပြာလေးထဲ
မှာ မေမေ့ပုံတွေ ဆွဲထားတာ အပြည့်ပဲ သိလား..မေမေ..သားကို မရိုက်ပါနဲ့မေမေ..သား..
သား..ဘယ်သူ့ကိုမှ မပြောပါဘူးနော်..သားကတိပေးပါတယ်…မေမေ…မေမေ…မေမေ..”
ရှန်ကာ့အသံက ခြောက်နှစ်သားကလေးရဲ့အသံနဲ့ဗျ။ ပျောက်ဆုံးသွားတဲ့ သူ့အတိတ်အချိန်တစ်ခုခုကို
ပြန်ရောက်သွားတာပဲ ဖြစ်မှာ။ သူ့မှာ အမေတစ်ယောက်ရှိခဲ့တဲ့ အချိန်…၊ သူ့ဘဝ နဲ့ သူ့စကားသံလေးတွေ
က အဓိပ္ပါယ်ရှိနေခဲ့တဲ့ အချိန်ပေါ့။ သူဘာလို့ ဒီလောက် အဓိပ္ပါယ်ရှိရှိ ရှင်းရှင်းလင်းလင်း ပြောနိုင်သလဲဆို
တာတော့ မသိဘူး။ ဆရာဝန်ကတော့ သူ စကားတောင် ပြောနိုင်မှာ မဟုတ်တော့ဘူးတဲ့။ ကျွန်တော်
အဖြေရှာချင်စိတ်မရှိပါဘူးဗျာ..။ အံ့ဖွယ်သူရဲ ကိစ္စတွေကို မေးခွန်းမထုတ်တော့ဘူး။
အဲဒီည ရှန်ကာ ပြောခဲ့သမျှ ကျွန်တော်ကြားခဲ့ရတာ အကုန်ဆိုပါတော့။ နောက်နေ့ကျတော့ ရှန်ကာက
စကားပီပီ မပြောတတ်တဲ့ ဆယ့်ခြောက်နှစ်သား ပြန်ဖြစ်သွားတာပါပဲ။ ဒါပေမဲ့ သူပြောတဲ့ အပြာရောင်
ဒိုင်ယာရီစာအုပ်ကလေးကို မှတ်မိနေတယ်။ သူ့အခန်းထဲသွားရှာတော့ သူ့အိပ်ယာအောက်မှာ ဖွက်ထား
တာတွေ့တာပဲ။
ပုံဆွဲစာရွက်တစ်ချို့လည်း အဲဒီအထဲ ညှပ်ထားသေးသဗျ..။ အကုန်လုံးက အမျိုးသမီးတစ်ယောက်ထဲရဲ့ပုံ
ကိုပဲ ခဲတံနဲ့ အမျိုးမျိုး အဖုံဖုံဆွဲထားတာ။ အသေးစိတ်ကို ခြယ်မှုန်းထားတာပဲ။ပုံတွေကြည့်ရင်း ကျွန်တော်
မှင်တက်နေမိတယ်။ သူဆွဲတာ ကောင်းလွန်းလို့ဆိုတာထက် ဘယ်သူ့ပုံ သူဆွဲထားတယ်ဆိုတာကို သတိပြု
မိသွားလို့။ ဆွာပနား ဒေဝီ ရယ်လေ။
************************
“မင်း ငါ့ကို တောက်လျှောက်ဖုံးကွယ်ထားတဲ့ အကြောင်း ငါသိပြီ ရှန်ကာ..ဆွာပနားဒေဝီ က
မင်း အမေပဲ ကွ..”
သူ့ စာအုပ်ကလေးကိုင်ပြီး ရှန်ကာ့ကိုပြောလိုက်တော့ ကြောက်ရွံ့မှုနဲ့ သူ့မျက်လုံးတွေက ပြူးကျယ်လာတယ်။
ကျွန်တော့်လက်ထဲက စာအုပ်ကိုဆွဲလုဖို့ ကြိုးစားရင်း ဝူးဝူးဝါးဝါး နဲ့ ပြောတော့တာပဲ..။
“အဲဒါ အမှန်ပဲ ဆိုတာ ငါသိတယ်..မင်းက သူ့ရဲ့ ညစ်ညမ်းတဲ့ လျှို့ဝှက်ချက်ကို သွားတွေ့တာကိုး..အဲဒါကြောင့်
မင်းကို နှင်ထုတ်လိုက်တာပဲ..အဲဒီမှာပဲ မင်း ပုံမှန်ကလေးတစ်ယောက်လို စကားပြောနိုင်စွမ်း ပျောက်ဆုံးသွား
တော့တာပဲ..မင်းအမေဟာ တစ်သက်လုံး အပြစ်ရှိသလိုခံစားပြီး နေနေတာပဲကိုး..အေးလေ..ဒါကြောင့်လည်း
မင်းကို နေစရာလေးပေး..မုန့်ဖိုးလေးပေးနေတာပဲလား မဆိုနိုင်ဘူး…ဘာဖြစ်ဖြစ်ကွာ..ငါတော့ မင်းကို ကုဖို့
သူ့ဆီက ပိုက်ဆံသွားတောင်းရတော့မှာပဲ..”
“မ..မရ်..မလ်… လဂ်ဇက်ဆအော့ဇ်…ဟဂျဟူးရ်..”
သူ ငိုပြီး တောင်းပန်တယ်။ ဒါပေမဲ့ ကျွန်တော်က ဆုံးဖြတ်ပြီးပြီ။ ဆွာပနား နန်းတော်ကို သွားပြီး သခင်မ ရာနီ နဲ့
မျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်းလင်းပြောဖို့။
အိမ်ကြီးရှင် သခင်မ ရာနီက ပထမတော့ ကျွန်တော်နဲ့တွေ့ဖို့ ငြင်းတယ်။ သူနဲ့တွေ့ဖို့ ကြိုတင်ချိန်းဆိုရမယ်
တဲ့။ ဒါနဲ့ ကျွန်တော်လည်း သူ့တံခါးဝမှာ နှစ်နာရီလောက် ငုတ်တုပ် စခန်းချနေလိုက်တယ်။ နောက်ဆုံး သူ
စိတ်လျှော့ပြီး ထွက်လာတွေ့တယ်။
“ကိုင်း..မင်း ဘာ့ကြောင့် ငါ့ကို လာရှုပ်နေတာလဲ..”
ဘွားတော်က ခပ်မာမာပဲ ကျွန်တော့်ကို မေးတယ်။ ကျွန်တော်လည်း သူ့မျက်နှာစေ့စေ့ကြည့်ပြီး –
“ဒီလိုပါ သခင်မ ဆွာပနား ဒေဝီ ..ကျွန်တော် သခင်မရဲ့ လျှို့ဝှက်ချက်ကို သိတယ်…ဘာသိလာလဲဆိုတော့
ရှန်ကာ က သခင်မ သားဆိုတာပဲ…”
မဟာဆန်တဲ့ မျက်နှာထား တင်းတင်းက ကွက်ခနဲပျက်ပြီး ဖြူရော်ရော် ဖြစ်သွားတာပဲ။ ဒါပေမဲ့ ချက်ချင်း တည်ငြိမ်
အောင် ထိန်းလိုက်တော့ မောက်မာခက်ထန်တဲ့ မျက်နှာကနဂိုအတိုင်းပြန်ဖြစ်သွားသဗျ။ နောက်ပြီး အထင်အမြင်
သေးတဲ့၊ စက်ဆုပ်တဲ့ ပုံစံနဲ့ ကျွန်တော့်ကို ကြည့်တဲ့အခါမှာ ကျွန်တော် ဆွံ့အသလိုဖြစ်သွားတယ်။
“ဟယ်…အမိုက်ကောင်လေး..ငါ့ကို ဒီလို မဟုတ်မတရား စော်စော်ကားကား စွပ်စွဲဝံ့သလားဟဲ့..ငါ နဲ့ ရှန်ကာက
ဘယ့်နှယ်မှ မတော်စပ်ဘူး..မပက်သက်ဘူး..သူ့ကို သနားကြင်နာမှုလေး နဲနဲလောက်ပြလို့ မင်းက သူ့ကို ငါ့သား
လို့ စွပ်စွဲရောတဲ့လား..သွားသွား..ချက်ချင်းထွက်သွားစမ်း..မဟုတ်ရင် ဆွဲထုတ်ရလိမ့်မယ်..”
“ဟုတ်ကဲ့..ကျွန်တော်သွားမှာပါ…ရူးပီး လေးသိန်းလောက် ရပြီးရင်ပေါ့ ခင်ဗျာ..သူ့ကို ဆေးကုဖို့ ပိုက်ဆံ လိုနေ
လို့ဗျ..သူ့မှာ ခွေးရူးပြန်ရောဂါ ကူးစက်နေပြီ…”
“ဘာဟဲ့..မင်း ရူးနေပြီလား..ငါက မင်းကို ငွေလေးသိန်း ပေးမယ်များ ထင်နေသလား..”
ဘွားတော်က အသံစူးစူးနဲ့ အော်ပြောတာ။
“ကျွန်တော် ပိုက်ဆံမရရင်တော့ ရှန်ကာ တစ်ယောက် နှစ်ဆယ့်လေးနာရီအတွင်း ခွေးရူးပြန်ရောဂါနဲ့ သေမှာ..”
“မင်းဟာမင်း ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး..ငါ့လည်း လာမနှောက်ယှက်နဲ့”
အမေတစ်ယောက်အနေနဲ့ ပြောတဲ့စကားတဲ့ဗျာ..ကျွန်တော့်နားထဲမှာ ခါးသီးလိုက်တာ..။ ကြား ကြားဘူးပေါင်ဗျာ..။
ဒီလောက်တောင် အမျက်ပွားပြီး အာဃာတ ထားရသလား။
“အေး ..ဒီကောင်လေး သေလည်း အေးတာပေါ့..မြန်မြန်ဝဋ်ကျွတ်တာပဲ…ဘယ်သူ့ကိုမှ ငါ့သားလို့ နောက်ထပ်
မပြောနဲ့ကြားလား..”
ဘွားတော်က တံခါးကို ဆောင့်ပိတ်သွားတယ်။ ကျွန်တော်ကတော့ တံခါးဝမှာ မျက်ရည်အဝိုင်းသားနဲ့ ငိုင်ပြီး ရပ်နေ
မိတော့တယ်။ ကျွန်တော်ကမှရှန်ကာ့ထက် စာရင် တော်သေးတယ်လို့ ထင်လာတယ်။ ကျွန်တော့်အမေက မွေးပြီး
ပစ်သွားတာ။ သူ့ခမျာတော့ မအေတစ်ယောက်လုံး ငုတ်တုပ်ကြီး ရှိလျက်နဲ့ အသိအမှတ်ပြု မခံရဘဲ စွန့်ပစ်တာပဲခံရ
တာလေ။ ငါ့အမေရယ်လို့ ကောင်းကောင်းကြီး သိတတ်တဲ့ အချိန်ကျမှ ရက်ရက်စက်စက် စွန့်ပစ်ခံရတာကိုး။ ခု
လည်း သေတော့မဲ့ သားကို ကူညီဖို့ ငြင်းတယ်လေ။
ကျွန်တော် ဝမ်းနည်းပက်လက်နဲ့ ရှန်ကာ့အခန်းကို ပြန်လာခဲ့တယ်။ ဘွားတော်ရဲ့စကားလုံးတွေက နားထဲ
မှာ တူနဲ့နှက်သလို ပဲ့တင်ထပ်လာတယ်ဗျာ။ သူက ရှန်ကာ့ကို ခွေးရူးတစ်ကောင်လို သေစေ့ချင်တာပဲ။ အဲဒီအ
ချိန်လောက်ဗျာ ပိုက်ဆံမရှိလို့ ဒေါသထွက်တာ တစ်ခါမှ မရှိခဲ့ဘူး။ ရှန်ကာ့ကိုကိုက်တဲ့ခွေးလည်း ကျွန်တော်
ပြောချင်ပါသေးတယ်။ ကိုယ်ကိုက်မဲ့လူကို မကိုက်ခင် ဖြေဆေးလေးဘာလေးတတ်နိုင်လား အရင်စုံစမ်းပြီးမှ
ကိုက်ပါကွာ လို့။
နောက်တစ်နေ့မှာတော့ ကျွန်တော်မလုပ်တာ ဆယ်စုနှစ်လောက်ကြာပြီဖြစ်တဲ့ အလုပ်ကို လုပ်ရတော့
တယ်။ ဆုတောင်းတာလေ။ ဒူရ်ဂါဘုရားကျောင်းကိုသွားပြီး ပန်းကပ်တယ်။ ရှန်ကာ ပြန်ပြီးကျန်းမာပါစေလို့
ကျွန်တော် ဆုတောင်းတယ်။ စိန့်ဂျွန် ဘုရားရှိခိုးကျောင်းကိုသွားပြီး ရှန်ကာ့အတွက် ဖယောင်းတိုင် ထွန်းပေး
တယ်။ ကာလီ မက်စ်ဂျစ် ကိုသွားပြီး အလ္လာအရှင်မြတ်ရှေ့ ဦးတိုက်လို့ ရှန်ကာ့အပေါ် ဂရုဏာထားဖို့ တိုင်တည်
မိတယ်။ ဆုတောင်းသူရဲ့ စွမ်းအားကပဲ မပြည့်ဝဘူးဆိုရင်တောင် ရှန်ကာတစ်ယောက် နည်းနည်းလေး သက်
သာဖို့ကောင်းပါတယ်ဗျာ။ ခုတော့ ခမျာလေးမှာ တစ်နေလုံး နာကျင်ကိုက်ခဲလွန်းလို့ အော်ဟစ် ညည်းညူနေရ
ရှာတယ်။ာ အသက်ရှူတာတောင် ပုံမမှန်တော့ဘူး။
ညမှောင်လာပြီ။ လ တော့ မသာဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တန်းလျားဘက်မှာတော့ အလင်းမဲ့လှ
ချည့်လို့ ထင်ရမယ်မဟုတ်ဘူး။ ဆွာပနားနန်းတော်ဘက်က ရာပေါင်းများစွာသော မီးပွင့်တွေက
အရောင်ဟပ်နေလို့ပေါ့ဗျာ။ အဲဒီမီးပွင့်တွေကြောင့် ဆွာပနားနန်းတော်ကြီးဟာ ဧရာမ ဖယောင်း
တိုင်ကြီး ထွန်းထားသလိုမျိုး။ အဲဒီမှာ ပါတီပွဲရှိတယ်လေ။ ရဲမင်းကြီးလည်း လာတယ်။ ခရိုင် ရာဇဝတ်
တရားသူကြီးလည်း လာတယ်။ ပြီးတော့ စီးပွားရေးသမားတွေ၊ မြို့မျက်နှာဖုံးတွေ၊ စာနယ်ဇင်းသမား
တွေ..အို အများကြီးလာကြတယ်။ တေးသွား နုနု နဲ့ ရယ်မောသံတွေက တန်းလျားဘက်ကို ခပ်သဲ့သဲ့
လွင့်ပျံ့လာတယ်။ ဝိုင် ဖန်ခွက်ချင်း တိုက်လိုက်တဲ့ ခလွမ်ဆိုတဲ့ အသံ၊ စကားပြောသံ၊ ငွေသံကြေးသံ
တွေ ကျွန်တော်တို့ တန်းလျားဘက်က ကြားနေရတယ်။ ကျွန်တော့် အခန်းထဲမှာတော့ ရှန်ကာရဲ့ ခက်
ခက်ခဲခဲ အသက်ရှူသံကလွဲလို့ ကြောက်စရာကောင်းလောက်အောင် သွေ့ခြောက်တိတ်ဆိတ်
နေတာ။ နာရီဝက်လောက်ရှိတိုင်း အပြင်းအထန်အကြောဆွဲတာက သူ့ကို ဆိုးဆိုးရွားရွား ညှဉ်းပန်းနေ
တယ်။ အဲဒါထက် သူ့ကို ပိုညှဉ်းပန်းတာ ရှိသေးတယ်။ လည်ချောင်းထဲ မှာ ကျပ်ဆို့နေပြီး စေးပျစ်ချွဲကျိ
တဲ့ တံတွေး သလိပ် အမြှုပ်တွေ။ တော်တော်ကို ခံရခက်နေပုံပဲဗျာ။ ခုဆို ရေထည့်ထားတဲ့ ဖန်ခွက်မြင်
ရင်တောင် အကြောဆွဲချင်ပြီ။ လေတိုက်တောင် မခံတော့ဘူး။
အဖျား အနာအမျိုးမျိုး ကြောင့် လူတစ်ယောက်ဟာ သေနိုင်ကောင်း သေနိုင်ပေမဲ့ ဟောဒီ
ခွေးရူးပြန်ရောဂါဟာ အဆိုးဝါး အရက်စက်ဆုံးဖြစ်မယ် ထင်တယ်ဗျာ..။ ဘယ့်နှယ် အသက်ဓာတ်ကို
ဆက်ပေးတဲ့ ရေဟာ ဒီရောဂါအတွက်တော့ အသက်ကို ပျက်စီးတတ်စေသတဲ့။ ကင်ဆာဝေဒနာ
သည်ကမှ မျှော်လင့်ချက် တစ်စုံတရာ ရှိကောင်းရှိဦးမယ်။ ဒီရောဂါသည်ကတော့ လုံးဝ မျှော်လင့်ချက်
မဲ့တာ။
ရှန်ကာ တဖြည်းဖြည်း အသက်ငင်နေတာ ကြည့်ရင်း အသဲနှလုံးမဲ့တဲ့ ဟို မိန်းမကြီး ဆွာပနား ဒေဝီ
ဟာ ဘယ့်နှယ်ပါလိမ့်လို့ စဉ်းစားနေမိတယ်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဦး..သားက ဒီမှာ ပိုးစိုးပက်စက် နဲ့
သေခါနီး အသက်ငင်နေပြီ။ ဒင်းက သူ့အိမ်တော်ကြီးမှာ ပါတီပွဲတောင် ကျင်းပနေသေးတာလေ။ ဓားပြဆီက
ရတဲ့ သေနတ် မြစ်ထဲပစ်ချလိုက်တာ တော်တော်ကံကောင်းသွားတယ်။ နို့မဟုတ်ရင် နောက်ထပ် လူသတ်မှု
တစ်ခုဒီည မှာ ကျွန်တော်ကျူးလွန်မိမှာ။
ညဉ့်က တဖြည်းဖြည်း နက်လာသလို ရှန်ကာ လည်း မကြာခဏဆိုသလို အကြောတွေဆွဲလာတယ်။
တုန်တုန်ယင်ယင်နဲ့နာကျင်ညည်းညူနေပြီးတော့ ပါးစပ်ကလည်း အမြှုပ်တွေထွက်လာတယ်။ သူ့ အဆုံး
သတ်က မဝေးတော့ဘူးဆိုတာ ကျွန်တော် သိတယ်။
နောက်ဆုံး ရှန်ကာ တစ်ယောက် ဆယ့်နှစ်နာရီ လေးဆယ့် ခုနစ်မိနစ်မှာ ဆုံးသွားရှာတယ်။ ဆုံးခါနီး
သတိလည်သလိုလို ဖြစ်လာသေးတယ်။ သူ ကျွန်တော့်လက်ကို ဆုပ်ပြီး စကားတစ်လုံးပြောတယ်ဗျာ..။
ရာဂျူး..တဲ့။ နောက် သူ့စာအုပ်ပြာလေး ကျစ်ကျစ်ပါအောင်ဆုပ်လို့ ငိုရှာတယ်။ ပါးစပ်ကလည်း မေမေ..
..မေမေ..နဲ့။ ပြီးတော့ သူ့မျက်လုံးတွေ ထာဝရမှိတ်သွားတော့တာပါပဲ။
အက်ဂရာ က မြို့ပျက်ကြီးတစ်ခုလို့ တိတ်ဆိတ်သွားတယ်။ ကျွန်တော်အခန်းထဲမှာ အသက်မဲ့
တဲ့ ခန္ဓာကိုယ်တစ်ခုရယ်..လက်ထဲမှာတော့စာအုပ်ပြာလေးတစ်အုပ်ရယ်။ စာအုပ်ကလေးကို
ရည်ရွယ်ချက်မဲ့ လှန်ရင်း ခဲတံနဲ့ဆွဲထား တဲ့ မိန်းမတစ်ယောက်ရဲ့ပုံကို ငေးစိုက်ကြည့်မိတယ်။
အသဲနှလုံးမဲ့တဲ့ မိခင် တစ်ယောက်ပေါ့။ ဟင့်အင်း..သူ့ကို မိခင်ရယ်လို့..အမေရယ်လို့ ကျွန်တော်
မသုံးချင်ဘူး။ ဒီလိုသုံးတာ ဟောဒီကမာ္ဘပေါ်က တခြားအမေတွေကို စော်ကားသလိုဖြစ်သွားမှာပေါ့။
ရှန်ကာ သေတာကို ဘယ်လို တုန့်ပြန်ရမှန်း ကျွန်တော် မသိဘူး။ ဘီဟာရီလို အော်ဟစ် ဆဲဆိုရ
မလား။ ကောင်းကင်ဘုံနန်းမှာ စံမြန်းတော်မူတဲ့ နတ်ဘုရားအဆူဆူနဲ့ မြေပြင်ပေါ်က တန်ခိုးဩဇာရှင်တွေ
ကို ဆဲဆိုရမလား။ အခန်းထဲက ပစ္စည်းတွေ ပေါက်ခွဲလွှင့်ပစ် ၊ ဓာတ်တိုင်တွေဘာတွေ ကန်ကျောက်..ဒါမျိုး
လုပ်ရမလား။ နောက်ဆုံး လူးလှိမ့်ပြီး ငိုယိုရမလား။ ကနေ့တော့ မျက်ရည်တွေက ကျ ဖို့ငြင်းဆန်နေတယ်။
အသည်းထဲအူထဲကနေ လှိုက်တက်လာတဲ့ ဒေါသအစိုင်အခဲဟာ တဖြည်းဖြည်းနဲ့ အခိုးချောင်းချောင်းထွက်
လာပြီးတော့ အလျှံညီးညီးတောက်လောင်လာပါတော့တယ်။ စာအုပ်ပြာလေးထဲက စာရွက်တွေကို အစိတ်
စိတ်အမွှာမွှာဖြစ်အောင် ကျွန်တော် ဆွဲဆုတ်ပစ်လိုက်တယ်။ ပြီးတော့ ဆိုးဆိုးဆတ်ဆတ်နဲ့ ရှန်ကာ့အလောင်း
ကို ကောက်မပြီး ဆွာပနား နန်းတော်ဘက် ထွက်လာခဲ့တော့တယ်။
****************************************************
10 comments
အရီးခင်
August 8, 2013 at 7:24 pm
ရုပ်ရှင်မှာ က တစ်ချို့ အခန်းတွေ မပါဘူးလားမသိ။
ဖတ်လို့ ကောင်းတာအမှန်ပါ။ 😛
မောင်ဘလိူင်
August 9, 2013 at 11:24 am
ဟုတ်ကဲ့ အရီးရေ..မူရင်းနဲ့ ရုပ်ရှင်က သိပ်မတူပါဘူး ခင်ဗျာ..
padonmar
August 8, 2013 at 11:11 pm
အဲဒီရုပ်ရှင် မကြည့်ဖူးသေးဘူး၊
ရာဂျူးကို မြန်မြန်သန်းကြွယ်သူဌေးဖြစ်စေချင်ပြီ၊
သနားပါတယ်။
မောင်ဘလိူင်
August 9, 2013 at 11:37 am
ဇာတ်လိုက် သူဌေး ဖြစ်တော့မှာပါ အန်တီ ပဒုမ္မာရေ..
မဟာရာဇာ အံစာတုံး
August 9, 2013 at 2:48 am
အကိုရေ …
ပြီးခါနီးပြီလားဗျို့ ….
ဘယ်သို့ ညာသို့ လုပ်ပါဦးဗျ …
ဘယ်လောက် ကျန်သေးသတုံး ခည …
မောင်ဘလိူင်
August 9, 2013 at 12:04 pm
စာမျက်နှာ သုံးဆယ်နီးပါးလောက်ပဲ လိုပါတော့တယ် မောင်အံဇာရေ…
Ma Ma
August 9, 2013 at 7:17 am
ရုပ်ရှင်ကြည့်ရတာထက် စာဖတ်ရတာက ပိုအရသာရှိမယ် ထင်မိတယ်။
မထင်မှတ်တဲ့ ရှန်ကာနဲ့ ဆွာပနား ဒေဝီ ရဲ့ မြှုပ်ကွက်လေးက တကယ်ရင်နင့်စရာကောင်းတယ်။
မြတ်စွာဘုရားဟောထားတဲ့ လူဆိုတာ ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာ….. 😥
မောင်ဘလိူင်
August 9, 2013 at 12:22 pm
ဟုတ်တယ် အန်တီ မမ ရေ….ရုပ်ရှင်က ရသတစ်မျိုး.. ဝတ္ထုကျတော့ ရသကတစ်မျိုးပေါ့
ခင်ဗျာ…ရုပ်ရှင်ထဲတော့ မင်းသားနာမည်က ရမ်မိုဟာမက်သောမတ်စ် ဟုတ်ဘူး..ဂျမဲ မာလစ်ခ်
တဲ့..။
လုံမလေးမွန်မွန်
August 9, 2013 at 12:29 pm
ပထမဆုံးဖတ်ဖူးတာ ပါ အစ်ကို ဘလှိုင်ရေ…
ဒီစာကို သတိထားမိတဲ့အချိန်က အပိုင်း (၄၀) ကျော်ဆိုတော့ အခန်းတွေအများကြီးလွတ်ခဲ့တယ်ဆိုပြီး မဖတ်ရင်း မဖတ်ရင်းနဲ့ အခု (၇၉) ကျမှပဲ ဝင်ဖတ်ဖြစ်တယ်.. အရမ်းစိတ်ဝင်စားသွားတယ်.. (အနော်က ရုပ်ရှင်မကြည့်ဖူးဘူး..) ရှေ့အခန်းတွေကို သေချာကော်ပီဆွဲပြီး ဖတ်ပါဦးမယ်…
မောင်ဘလိူင်
August 9, 2013 at 1:41 pm
ဖတ်ကြည့်ပါ လုံမလေး မွန်မွန် ရေ..ဖတ်ရင်းနဲ့ သတ်ပုံများ မှားတာရှိရင် ပြောပါဦးနော 😀