“ပျောက်ဆုံးသွားခဲ့သောအတိတ်ခြေရာများကို ပြန်လည်ကောက်ယူခြင်း”
“ပျောက်ဆုံးသွားခဲ့သောအတိတ်ခြေရာများကို ပြန်လည်ကောက်ယူခြင်း”
၂၀၁၃ခုနှစ် ဆန်းမှာ ကျနော်ရန်ကုန်ကိုရောက်နေခဲ့ပါတယ်။
လွတ်လပ်ရေးနေ့မှ နီးနီးနားနားဘယ်သွားရင်ကောင်းမလဲ
လို့စဥ်းစားမိတော့ တစ်ခါမှ မရောက်ဘူးတဲ့ ပဲခူးကိုသွားရင်ကောင်းမယ်လို့စိတ်ကူးမိပါတယ်။
ပဲခူး မှာရောက်ချင်တဲ့နေရာကတော့ အများကြီးပါဘဲ.။
ရွှေမောဓော လိပ်ပြာကန် ရွှေသာလျောင်း မြသာလျောင်း စိန်သာလျောင်း
ကိုးသိန်းကိုးသန်း ဟင်္သာကုန်း အသစ်ပြန်ဆောက်ထားတဲ့
ကမ္ဘောဇသာဒီ နန်းတော်ရာကိုလဲသွားချင်တယ်ဆိုတော့
ကြားဘူးနားဝနဲ့သွားချင်နေခဲ့တဲ့နေရာတွေအများကြီးပါဘဲ။
ဒါနဲ့ဘဲ ကျနော်မိတ်ဆွေတစ်ယောက်က သူ့ကားလေးနဲ့လိုက်ပို့ပေးပါတယ်။
ဒါပေမယ့် ကျနော်တို့က အဲဒီနေ့က အထွက်နောက်ကျသွားတာရယ်
နေအရမ်းပူတာရယ်ဆိုတော့ ဟင်္သာကုန်းကပြန်ဆင်းလာတော့
နေ့လည် တစ်နာရီထိုးခါနီးနေပါပြီ၊
ဘိုက်ကလဲဆာ ပူကလဲပူဆိုတော့ဆက်မသွားချင်တော့ပါဘူး။
အဲဒါနဲ့ ပဲခူးက သူ့မိတ်ဆွေတစ်ယောက်ကို ဝင်ခေါ်ပြီးထမင်းစားဘို့
သွားကြတာပေါ့။
ထမင်းဆိုင်ရောက်တော့ တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်။
ဟိုအကြောင်းဒီအကြောင်းပြောကြတာပေါ့။
ထမင်းစားသောက်ပြီးတဲ့အခါ လက်ဖက်ရည်ဆိုင်ဆက်ထိုင်ဖြစ်ကြပါတယ်။
အဲဒီလက်ဖက်ရည်ဆိုင်ရောက်တော့ ပဲခူးက မိတ်ဆွေက သူတို့မြို့အကြောင်းလေးပြန်ပြောပြတာရင်နင့်စရာပါဘဲ။
သူပြန်ပြောတာတွေနားထောင်ရတာ ဗဟုသုတလဲရ
ခေတ်တစ်ခေတ်ရဲ့ဖြတ်သန်းမူ့ကိုလဲမြင်ရ
သံဝေဂရစရာတွေလဲ ပါတယ်ဆိုတော့ ရသစုံပါဘဲ။
သူပြောပြတဲ့အကြောင်းလေးကတော့ …………………………..
“အင်းးး … ဒီအကြောင်းတွေကို ပြန်စရရင်တော့ ၁၉၉ဝ ကျော် တဝိုက်ကို ပြန်လှည့်ရဦးမှာပေါ့ …. တစ်ခါက လို့ပဲ ဆိုကြပါစု့ိလေ ….. ပဲခူး ဆိုတာက ၁၉၈ဝ ကျော်များကဆိုရင် မော်လမြိုင်ဘက်ကဝင်လာတဲ့ ယိုးဒယား မှောင်ခိုကုန်သည်တွေရဲ့ ဆုံရပ် တစ်ခုပါပဲ ။
မုတ္တမ – ရန်ကုန် မီးရထားဟာ ပဲခူးဘူတာကို ဝင်လိုက်ပြီဆိုရင်ပဲ မော်လမြိုင်က သယ်လာတဲ့ မှောင်ခိုလူသုံးကုန်တွေဟာ ခရီးဆုံးအဖြစ် ဆင်းသက်ကြပါပြီ ။
ကုန်သည် ဒိုင်ကြီးတွေရဲ့ ဂိုဒေါင်ကို သုံးဘီး ကားတွေနဲ့ သယ်ကြပြီပေါ့ ။
ဘူတာရဲ့ ချောင်ကျကျ ခတ်မှောင်မှောင်မှာ မုတ္တမ ကသယ်လာပေးတဲ့ ကယ်ရီမိန်းမပျိုလေးတွေကလည်း သူတို့ကိုယ်မှာပတ်ထားတဲ့ ယိုးဒယားပိတ်စတွေ ၊ ပါတိတ်ထမီတွေ ကိုချွတ်ရင်း ပေါင်ကြားတို့ တံခေါက်ခွက်တို့မှာ ကြိုးနဲ့စည်းထားတဲ့ သွားတိုက်တံ ၊သွားတိုက်ဆေးနဲ့ အခြား တိုလီမုတ်စ ယိုးဒယားပစ္စည်းတွေကို ထုတ်ကြပြီပေါ့ဗျာ …..။
ခဏနေရင် ကုန်သည်ကို ပစ္စည်းအပ်ရတော့မှာကိုး။
မော်လမြိုင် ဇက်ဆိပ်က တက်လာတုန်းက ခပ်ဝဝ မိန်းကလေးတွေဟာ ကိုယ်ပေါ်မှာပတ်ထားတဲ့ မှောင်ခိုပိတ်စတွေလည်းခွာလိုက်ရော အော်ရီဂျင်နယ် စလင်းဘော်ဒီလေးတွေနဲ့ဗျို့ … ကယ်ရီခေါင်း လို့ အလွယ်ခေါ်ကြတဲ့ ဂုတ်စီး အော်ဂနိုက်ဇာတွေဟာ ကယ်ရီလုပ်မယ့် မိန်းကလေးတွေကို ခတ်ပိန်ပိန်ဘဲ ရွေးခေါ်တတ်ကြသတဲ့ …။
နံနက်ခင်း မပီဝိုးတဝါးမှာတော့ … ပဲခူးမြို့မဈေးကြီး သက်ဝင်လှုပ်ရှားနေပါပြီ ။
စိန်ဂျွန်းဈေးက ကိုယ်စားလှယ်တွေနဲ့ အနယ်နယ်အရပ်ရပ်က လက်လီလက်ကား ဈေးသည်တို့လည်းအလုအယက် …။
” လက်လက်ရှန် ဘယ်ဈေးလဲ ???
ဖော့ရှံ ဈေးတက်သွားပြီလား… ???
အရိပ်ပန်း အဆင်သစ်ပါလားး ??? စတဲ့ ဈေးသည်တို့ရဲ့ စုံစမ်း မေးမြန်းသံများ
… ” ဒီအဆင် တစ်ခုတည်း ယူလို့မရဘူး… အတွဲလိုက်ဖြတ်ပေးပါ … ဒီတစ်ခေါက် တစ်ဒါဇင်စီပဲ မျှယူကြပါ … စတဲ့ ကုန်သည်တွေရဲ့ အော်ဟစ်သံတွေ ….. ဒီလိုဒီလို စည်ကားနေတဲ့ပဲခူး …. ကယ်ရီတွေ ကုန်သည်တွေ ခြေချင်းလိမ်နေလို့တည်းခိုခန်းနဲ့ အိမ်အငှားဈေးကွက် ခေတ်ကောင်းနေတဲ့ပဲခူး …..
မုန့် ဟင်းခါးထဲ ခရမ်းချဉ်သီးထည့်စားရင်တောင် ပိုက်ဆံပေးရတဲ့ ပဲခူး ………
ဈေးသည် ဈေးဝယ်နဲ့ ထမင်းဆိုင်တွေ စားသောက်ဆိုင်တွေ ရောင်းအားကောင်းခဲ့တဲ့ပဲခူး………..
ရွှေမော်ဓောစေတီ ၊ဟင်္သာကုန်းဘုရား၊ ရွှေသာလျောင်းရုပ်ပွားတော် ၊မဟာစေတီ ….စတဲ့ ဘုရားတွေရယ် လေပြေသုတ်တိုင်း လှိုင်းကြက်ခွပ်လေးတွေပြေးနေတဲ့ လိပ်ပြာကန်ရယ် ….. အားလုံးဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာအပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါပြီ ။
စစ်အစိုးရ တက်ခါစမှာ တံခါးဖွင့်ဝါဒ တဲ့ ။
ကွန်တိန်နာနဲ့ပို့ ၊စက်လှေ အစီးလိုက်ဝင်လာတဲ့ နိုင်ငံပေါင်းစုံက ကုန်ပစ္စည်းတွေရဲ့ ဈေးကွက်မှာ ပဲခူး ဆိုတာ ဟိုးရှေးရှေးမှာ ကျန်ခဲ့ပါပြီ ။
နေရစ်တော့ ဟံသာဝတီ ….. ရာဇာဓိရဇ်အရေးတော်ပုံကျမ်း နဲ့အတူ ဟိုးအဝေးကြီးမှာနေရစ်ပါတော့လေ ….
************************************
တကယ်တော့ … သူတို့မသိလို့ပါ။
ဥဿာပဲခူး ဆိုတာ ရာဇဝင်အဆက်ဆက် ဘုန်းမီးနေလတောက်ပခဲ့သောနေရာ။
ဘုရင့်နောင် ရွှေခေတ်မှာ ရွှေဖြစ်ခဲ့တဲ့နေရာလေ …..
နန်းတော်ရာ ကျွန်းတိုင်လုံးတွေကို ရွှေအတိချပြီး မြေမှာစိုက်ခဲ့တာ …..
သမိုင်းမဝင် စာမတင်ခဲ့တဲ့ ရှေးဟောင်း ပုထိုးစေတီပျက်တွေ အများအပြား ရှိတဲ့နေရာ ……. ပဲခူးရိုးမရဲ့ တောင်ကြောပေါ်ကဆင်းလာခဲ့တဲ့ ပဲခူးမြစ်ရဲ့
သဲသောင်တွေပေါ်မှာ ရွှေကျင်လို့ ရခဲ့တာ …..
နန်းတော်ရာကုန်းဟောင်းနေရာမှာ အိမ်ဆောက်နေရင်း
မြေတူးရွှေကျင် လုပ်နေခဲ့ကြတာ …..
ဒါတွေ ဒါတွေ … သူတို့မှမသ်ိတာပဲလေ …..။ သူတို့မသိတဲ့ နောက်ထပ် အကြောင်းအရာတစ်ခုကတော့ …… အင်းး … တကယ်တော့ သူတို့မှမဟုတ်ပါဘူး ဘယ်သူမှကိုမသိတဲ့ ဈေးကွက်တစ်ခုလည်း ရှိနေပြန်သေးတာပဲ ။
ဟုတ်ပါတယ် … လူတစ်ချို့ ဒါမှမဟုတ် အလွန်လျှို့ဝှက်တဲ့သူ နည်းစုသာသိတာပါ ။
အဲဒါ …. ရှေးဟောင်းပစ္စည်းရောင်းဝယ် ကြတာပါ။
ပဲခူးကနေ မော်လမြိုင် ၊မော်လမြိုင်ကနေ ကော့ကရိတ်…မြဝတီ
ပြီးတော့ ယိုးဒယား နယ်စပ် ..။
ဘာတွေရောင်းလဲ ? ဘယ်ဈေးလဲ ?
ပြောရရင်တော့ ကြေးခြင်္သေ့ရုပ် ၊မြေဆေးတံအကျိုး ကစလို့ ဘုရားရုပ်ပွားတော် အထိဆိုပါတော့ …. ဘယိလောက်ရလဲ ? တကယ် အကျိုးရှိသလား ? ဒါတော့မသိပါဘူး … ။ သံသရာ အကြွေးကိုမကြောက်တဲ့သူတွေအဖို့ ဒီကနေ့ ရေလျှံဖို့ပဲ တွေးလို့ မနက်ဖန်အတွက် စိတ်မပူတတ်ကြပါဘူး ။
ဒီလိုလူတွေ စုရပ်ကတော့ အဲဒီအချိန်က ဟသာင်္ကုန်းဘုရား အနီးတဝိုက်မှာပဲ
အသွင်အမျိုးမျိုးနဲ့ ရှိနေခဲ့ပါတယ် ။
ပန်းတိ်မ်ဆရာတွေကတော့ မပါမဖြစ်လေ ။
ဘယ်လိုရှာလဲ ? ဘယ်မှာလဲ ? ဆိုတော့ ……….
**************************************************************
ဥဿာ ပဲခူးဆိုတာ ဗုဒ္ဓသာသနာ အလွန်ထွန်းကားခဲ့တာ ။
စေတီ ပုထိုး ကျောင်းကန်ဘုရား ကုန်းတော်ဟောင်းတွေဟာ အတိတ်သမိုင်းတွေနဲ့အတူ မြေကြီးအောက်မှာ ပျောက်ကွယ်နေခဲ့ပါတယ် ။
ဘယ်ခေတ်ကစခဲ့မှန်းမသိပေမယ့် မြန်မာပြည်တွင်းကစေတီပုထိုးတွေထဲမှာအဖိုးတန် ရတနာတွေ ၊ ရွှေအတိပြီးတဲ ့ရုပ်ပွားတော်တွေ ဌာပနာခဲ့ကြတာပေါ့ ။
သဒါ္ဓ တရားနဲ့ လှူခဲ့ကြပေမယ့် သိုက်သမားတွေအတွက်တော့
စို့စို့ ပို့ပို့တစ်ချီကောင်းပေါ့လေ ။ ဘဝနဲ့ရင်း ၊ သံသရာ နဲ့ရင်းကြပေမယ့် လူမွေး လူရောင်မပြောင်တာကတော့ အမှန်ပါ ။
ပိုက်ဆံဆိုတာဒီလိုရှာမှရသလား …. ဒီလိုနည်းနဲ့ဘဲ ရှာတတ်လေသလား … ဒီမေးခွန်းတွေအတွက် သူတို့မှာအဖြေမရှိပါဘူး …. လမိုက်ညရဲ့ သန်းကောင်ကျော်ဟာ မည်းနက်တိတ်ဆိတ်နေလေရဲ့ …… လျှပ်စစ်မီးတိုင်တွေမရှိတဲ့ ပဲခူးမြု့ိ အပြင်ဖက်ဟာ ပိန်းပိတ်မှောင်လို့ပေါ့ …. တချိန်က သာသနာထိန်ထိန်ညီးခဲ့တဲ့ ဟံသာဝတီရဲ့ မြင့်မြတ်တဲ့ဘုရားကုန်းတော်ရာမြေ …… ဘုရင့်နောင် ၊ ရှင်စောပု၊ ဓမ္မစေတီမင်းတို့ရဲ့ အလှူရေစက် သွန်းခဲ့တဲ့မြေ …… ရာဇာဓိရာဇ်ရယ်လို့ သမိုင်းတွင်ခဲ့တဲ့ စစ်ဘုရင်တစ်ပါးရဲ့ သတ္တိသွေး ရဲရဲတောက်ခဲ့တဲ့မြေ ……… အဲဒီမြေပေါ်မှာ ခုတော့ ….. သံတူရွင်းတစ်ချောင်း ကြောင့် မွမွကြေခဲ့ပါပြီ ။
ဟုတ်တယ်လေ … လကွယ်ညကို အကာကွယ်ယူပြီး ကျားပါးစပ် မီးခွက်တစ်လုံး ၊သံတူရွင်းတစ်ချောင်းနဲ့ လူတစ်ချို့ဟာ ဘုရားသိုက် ရှာပုံတော်ဖွင့်ကြတာ ။
ဘာရရ ယူမယ် ။
ရွှေဆိုရင် ဘာမဆိုအရည်ကြိုမယ် ဆိုတဲ့စိတ်နဲ့ သမိုင်းမဝင်စာမတင်တဲ့ ဘုရားပုထိုးကုန်းဟောင်းတွေမှာ ခြေချင်းလိမ်လို့ပေါ့ ။
ဘ နဖူးသိုက်တူး ဆိုသလိုပဲ လောဘရဲ့စေစားခိုင်းစေမှုကြောင့် ရွှေစင်ရုပ်ပွားတော်လည်း အရည်ကြိုတဲ့ လုံ ထဲ ရောက်ခဲ့ကြပါတယ် ။
နားနဲ့ ဆတ်ဆတ် ကြားခဲ့ဖူးတာလေး ဖောက်သည်ချရရင်ဖြင့် …….. တစ်ခါတုန်းက ဟင်္သာကုန်းဘုရားအနီး ရပ်ကွက်ထဲကို ရောက်ခဲ့စဉ်ကကွမ်းယာဆိုင်မှာ ကြားခဲ့ရတာကတော့ ….. ရွှေသား ဘုရားရုပ်ပွားတော်တစ်ဆူကို အရည်ကြိုကြပါသတဲ့ ။
လုံထဲထည့်ပြီး မီးပေးတာ ဘယ်လိုမှ အရည်မပျော်တာနဲ့ သဲတစ်ဆုပ်ကောက်ယူပြီး သဲစုတမျှ ခံရပါစေလို့ ကျိန်တွယ်ပြီး အရည်ဖျော်လိုက်ကြတာလေ …. ရွှေတစ်ကျပ်သား ၁၅၀၀ဝ ခန့် လောက်မှာ ဘယ် နှစ်နပ်များ ထမင်းစားရမှာမို့လဲ ။
ဒီအကြောင်းတွေ ကြားမိချိန်မှာတော့ပန်းတိမ်ဆရာဟာ အိပ်ယာထဲလဲနေပါပြီ ။ ရောဂါမယ်မယ်ရရ ရှာမတွေ့ဘဲ မစားနိုင်မသောက်နိုင် ၊ မထနိုင် နဲ့ စကားတောင်မပြောနိုင်တဲ့အဖြစ်နဲ့ သေဖို့ စောင့်နေရပြီပေါ့ ။
သူလိုလူ တစ်ယောက်တည်းလား ??? တကယ်တော့ … အများကြီးပါ ။
ညည မီးရောင်လက်လက်နဲ့ ကုန်းရိုးနီနီ ခြုံနွယ်ပိတ်ပေါင်းတွေကြားမှာ
ရွေဘုရားလေးများ ရလေမလား …
ဒါမှမဟုတ် တဖက်နိုင်ငံကိုရောင်းစားလို့ရမယ့်
ကြေးပန်းပု ရုပ်တွေများ ရလေမလား ….
စိန် ၊ကြောင် ၊ နီလာ ၊ပတ္တမြား အစရှိလို့ နဝရက်ကိုးပါး ရတနာတွေများရလေမလား …. မျော်လင့်ချက်တွေရင်မှာပိုက်ပြီး ဥပဒေကို လက်တစ်လုံးခြားတဲ့ သိုက်သမားတွေပါ ။
ဈေးကွက်ထဲမှာတော့ ကြေးခြေင်္သေ့ ရုပ်တွေ ဝယ်တယ်ပေါ့ ။
တကယ်တော့ ….ရှေးဟောင်းရုပ်ပွားတော်တွေကို တဖက်နိုင်ငံ ပို့ကြမှာပါ ။
ဒီလို ..ဒီလို နဲ့ တိတ်တဆိတ် ရှင်သန်နေတဲ့ ပဲခူးဟာ …
၁၉၉၅ ခုနှစ် နန်းတော်ရာကုန်းအနီးက မီးဘေးမှာ တချို့အရာတွေပြောင်းလဲသွားခဲ့တာပေါ့ ။
နန်းတော်ရာကုန်းဟောင်းပေါ်က အိမ်တွေနဲ့ ရွှေကျင်ရွှေတူး ဘဝတွေကို ပဲခူး မီးဘေးက ဖယ်ရှားပေးလိုက်ပါပြီ ။
ကမ္ဘောဇသာဒီ နန်းတော်ရာ ရယ်လို့လဲ ဖော်ထုတ်ခဲ့ပါပြီ ။
ဒါပေမယ့် …… အရင်လို ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးတွေနဲ့ ဘုရားသိုက် တူးသမားတွေရော ဟင်္သာကုန်းဘုရားဝန်းကျင်မှာ ရှိသေးလားဆိုတာတော့ သေသေချာချာ မပြောနိုင်ပါဘူး ။
ခုချိန်မှာဖူးမျှော်ရတဲ့ ဟသာင်္ကုန်းဘုရားကတော့ ဆည်းလည်းသံတချွင်ချွင်နဲ့ သပ္ပါယ်ကြည်ညိုဖွယ်အတိ ။
သမိုင်းတွင်သော သမိုင်းဝင်နေရာမှာ ပြန်ပြောပြစရာ
ဒီလိုအဖြစ်လေးတွေ တခါတုန်းက ရှိခဲ့ဘူးတယ် ဆိုတာ …….
တစ်နေ့ကျရင်တော့ တစ်ယောက်ယောက်ကို ပြောပြချင်နေခဲ့တာ
နှစ်ပေါင်းကြာပေါ့ဗျာ။
ဒီလိုရှေးဟောင်းနှောင်းဖြစ်ဆိုတာကလဲ တန်ဖိုးထားတတ်သူ
ချစ်မြတ်နိုးတတ်သူမှ နားထောင်ချင်သိချင်တာလေ။
အခုတော့ လွန်ကုန်ပါပြီဗျာ။
ထိန်းသိမ်းရကောင်းမှန်းမသိတဲ့လူတွေကြောင့် ရှေးအမွေအနှစ်တွေပျောက်ကုန်တာပေါ့။”
သူ့မျက်နှာကိုလှမ်းကြည့်လိုက်တော့ နှမျောတသမူ့တွေပြည့်လျှံနေတဲ့ မျက်ဝန်းအစုံကို
မြင်လိုက်ရတော့ စိတ်မကောင်းမိပါဘူး။
********************************************************
ပဲခူးကနေ ပြန်လာခဲ့တဲ့လမ်းတစ်လျောက်မှာတော့ ကျနော်တို့မန္တလေးမှာလဲ
ဒီလို သမိုင်းဝင်ပစ္စည်းတွေပျောက်ပျက်ခဲ့တာကိုပြန်ပြီးသတိရမိပါတယ်။
ဟိုတစ်လောက တက္ကသိုလ်တုံးက သူငယ်ချင်းတစ်ယောက်နဲ့ပြန်ဆုံကြပါတယ်။
မှတ်မှတ်ရရ သူက နိုင်ငံခြားကိုအတော်သွားချင်တဲ့သူပါ။
ဒါကြောင့်သူကို တစ်ခါက သူငယ်ချင်းတွေပေါင်းပြီး စကြပါတယ်။
“ယူကေ” သွားချင်တဲ့လူတွေ လျောက်လွှာခေါ်နေတယ်လို့ပြောတော့
သူက အတော်လေးကိုစိတ်ဝင်တစားနဲ့မေးပါတယ်။
သူက ကျောင်းစာကလွဲရင်ဘာမှသိပ်စိတ်မဝင်စားတဲ့သူပါ။
သူကတကယ်စိတ်ဝင်တစားနဲ့မေးလေ ကျနော်တို့ကကျိတ်ပြီးရီလေပါဘဲ။
သူထင်တဲ့ “ယူကေ” က ယူနိုက်တက်ကင်းဒမ်းလို့ခေါ်တဲ့ အင်္ဂလန်နိုင်ငံ။
ကျနော်တို့ပြောတဲ့ “ယူကေ” တက္ကသိုလ်နားမှာရှိတဲ့ ဦးကောသချိုင်းလို့
အမည်ရတဲ့ ဆွေတော်မျိုးတော်သချိုင်းပါ။
ဦးကောရဲ့ အတိုကောက်က “ယူကေ”ပေါ့။
သူနဲ့မတွေ့တာကြာတော့ မာကြောင်းသာကြောင်း
ပြောရင်း မမြင်မတွေ့ရတဲ့အချိန်ကအကြောင်းတွေမေးကြပါတယ်။
နောက်ပြန်ခါနီး တစ်ယောက်နဲ့တစ်ယောက်ဘယ်မှနေကြလဲလို့မေးတော့။
သူက “ယူကေ”မှာနေတာလို့ပြောပါတယ်။
ကျနော်က ခဏပြန်လာတာလားလို့မေးတော့ သူက အားပါးတရ ရီရင်း
မင်းတို့ ငါ့ကိုသွားမလားလို့ ပြောတဲ့ “ယူကေ”မှာလေကွာလို့ပြောပါတယ်။
“ယူကေ”သချင်္ိုင်းက မရှိတော့ဘူးဟ။
လူနေအိမ်ခြေတွေဖြစ်ကုန်ပြီ။
ငါတို့အိမ်အနောက်ဘက်တည့်တည့်မှာတော့ ဂူကြီးတစ်လုံးတော့ရှိသေးတယ်။
လို့ပြောသွားပါတယ်။
သူနဲ့လမ်းခွဲပြီးပြန်တော့မှ ငယ်ငယ်တုန်းက ကျနော်တို့ နေ့စဉ်မြင်ခဲ့ရတဲ့ သချင်္ိုင်းတစ်ခုကိုပြန်သတိရမိပါတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ကျနော်ငယ်ငယ်က မန်းလေးမြို့အနောက်ပိုင်း ပုလင်းဝင်းရပ်ကွက်ထဲမှာနေဘူးပါတယ်။
အဲတော့ ကျနော်နေခဲ့ရတဲ့ကျောင်းကလည်း အိမ်နဲ့နီးတဲ့ ဒိုင်အိုစီဇင် လို့လဲခေါ် သံတဲကျောင်းလို့လဲခေါ်တဲ့ အမှတ်(၁၀)အထက်တန်းကျောင်းပေါ့။
ကျနော်တို့ ကျောင်းက သီပေါမင်းတို့လိုဘုရင့်သားတော်တွေမင်းညီမင်းသားတွေ
စာသင်ခဲ့တဲ့ကျောင်းပါဘဲ။
ကျနော်တို့နေခဲ့တဲ့ ပုလင်းဝင်းရပ်ဆိုတာက ၂၂စီလမ်းအတိုင်းအနောက်တဲ့တဲ့
ဆင်းလာလိုက်ရွှေတစ်ချောင်းမြောင်းကိုဖြတ်ပြီး သင်္ချိုင်းဟောင်းတစ်ခုကျော်ကိုလိုက်ရင်
ခြင်္သေ့ကြီးနှစ်ကောင်ကိုတွေ့ပါမယ်။
အဲဒီခြင်္သေ့ကြီးနှစ်ကောင်ရဲ့ မြောက်ဘက်အရပ်က ပုလင်းဝင်းပါဘဲ။
အထက်မြန်မာပြည်က ကထွက်သမျှ ပုလင်းဟောင်း စက္ကူဟောင်းတွေကို ပုံပြောင်းပြီး အကောင်းဖြစ်အောင်ပြန်အသုံးချတဲ့ ရီဆိုက်ကယ်ရပ်ကွက်ကြီးပါဘဲ။
ရွှေတချောင်းမြောင်းပေါ်မှာတော့ ဟောင်းနွမ်းပျက်စီးနေတဲ့သစ်သား
တံတားကြီး ရှိပါတယ်။
အဲဒီတံတားကြီးက ရှေးဘုရင်တွေလက်ထက်ကတည်းကရှိခဲ့တာလို့ပြောပါတယ်။
အဲဒီတံတားနံရံတွေမှာ အရုပ်တွေထုထားတာတွေ့ပေမယ့်
ဘာရုပ်တွေလဲ ဆိုတာတော့ မမှတ်မိတော့ပါဘူး။
အဲဒီတံတားကိုကျော်လိုက်ရင်တော့ မြေလမ်းဖြစ်သွားပါတယ်။
ထူးခြားတာက လမ်းက အမြင့် ကျနော်တို့နေခဲ့တဲ့ကျောင်းက အနိမ့်ပါ။
ကျောင်းအောက်ခြေနဲ့အပေါ်ကလမ်းမ ကိုတိုင်းကြည့်မယ်ဆိုရင် ဆယ်ပေကျော်လောက်တော့ကွာမယ်ထင်ပါတယ်။
အဲဒီ၂၂စီလမ်းမရဲ့တောင်ဘက်က ကျနော်တို့နေတဲ့ဒိုင်အိုကျောင်း။
မြောက်ဘက်မှာတော့ သချင်္ိုင်း တစ်ခု။
လမ်းပေါ်ကလှမ်းကြည့်လိုက်ရင် ဂူအိုအိုဟောင်းတွေအများကြီးပါဘဲ။
သင်္ချိုင်းရဲ့အလည်လောက်မှာတော့ အားလုံးထက်ထူးခြားပြီး မြင့်နေ
ပြဿဒ်အချွန်အတက်တွေနဲ့ ဂူတစ်လုံးကတော့ ထီးထီးကြီးပါဘဲ။
အဲဒီသချင်္ိုင်းအဝင်ဝမှတော့ကြီးမားတဲ့တိုင်လုံးတွေနဲ့ဆောက်ထားတဲ့
သစ်သားဇရပ်ကြီးတစ်ဆောင်ရှိပါတယ်။
ဘုရင့်ရဲ့အနွယ်တော် တွေကွယ်လွန်ရင်မြုတ်နှံလို့ ဆွေတော်မျိုးတော်
သချင်္ိုင်းးလို့ခေါ်ပါသတဲ့။
ကျနော်တို့ငယ်ငယ်က အဲဒီအထဲကို မသွားရဲပါဘူး။
အဲဒီအထဲမှာ လူကောင်းသူကောင်းတွေမနေပါဘူး။
တောင်းစားတဲ့လူတွေ အိမ်ခြေယာခြေမရှိတဲ့သူတွေနေကြတာပါ။
တစ်ရက်တော့ ကျနော်တို့သူငယ်ချင်းတွေဆော့ရင်း အဲဒီထဲကို
အရဲစွန့်ပြီးဆင်းကြည့်ကြပါတယ်။
အဲဒီအထဲရောက်တော့ ဂူတစ်လုံးကိုဖျက်နေကြတာတွေ့ရပါတယ်။
ကျနော်တို့ လဲ အနားကပ်ကြည့်ရော အဲဒီထဲက အသားမဲမဲဂင်တိုတိုနဲ့
လူတစ်ယောက်က ကျနော်တို့ကိုမောင်းထုတ်ပါတယ်။
နောက်မလာနဲ့ လာရင်ရိုက်လွှတ်မယ်ဆိုပြီးပြောတော့
ကျနော်တို့လဲကြောက်ကြောက်နဲ့ပြန်ပြေးခဲ့ရပါတယ်။
နောက်မှသိရပြန်တာ ရှေးခေတ်က အနွယ်တော်တွေကွယ်လွန်တဲ့အခါ
သူတို့ရဲ့လက်ဝတ်ရတနာတွေကိုထည့်သွင်းမြုတ်နှံလိုက်ကြပါသတဲ့။
အဲဒီလိုပါတဲ့ရွှေတိုရွှေစတွေကို ပြန်တူးပြီးရောင်းစားကြတာပါ။
နောက်ပိုင်းမှာဒီ သချင်္ိုင်းက ကောသွားပါတယ်။
အနွယ်တော်တွေထဲကလဲစောင့်ရှောက်သူမရှိ။
အဲဒီအချိန်က ဆိုရှယ်လစ်ခေတ်ဆိုတော့ ဒီပဒေသရာဇ်လက်ကျန်ပစ္စည်းဆိုပြီး
ပစ္စလက္ခတ်ထားခဲ့ကြပါတယ်။
အဲဒီတော့ ဂူတွေဖောက်ပြီး ပစ္စည်းရှာသူရှာ အိမ်မဲ့ယာမဲ့တွေကလဲဝင်နေ
ဆိုပြန်တော့ ရှေးအမွေအနှစ်ပစ္စည်းဘာမှ မကျန်တော့သလောက်ဖြစ်သွားပါတယ်။
၁၉၈၁ခုနှစ်ဆိုင်းတန်းမီးမှာတော့ အဲဒီနေရာတွေက မီးလောင်တဲ့အထဲပါသွားတော့
အားလုံးအစပျောက်ပြီးလူနေအိမ်ခြေတွေဖြစ်သွားပါတယ်။
ကျနော်တွေးကြည့်မိတာက အဲလိုရှေးဟောင်းပစ္စည်းတွေ လက်စ လက်နပျောက်သွားတာ
အတော်ကိုနှမျောစရာကောင်းတယ်လို့ထင်မိပါတယ်။
တကယ်လို့သာ ဒါတွေကျန်နေသေးရင် သမိုင်းခြေရာကို ပြန်ကောက်လို့ရနိုင်ကောင်းရဲ့
လို့လဲတွေးနေမိပါတယ်။
မြန်မာနို်င်ငံမှာ မင်းတွေတည်ခဲ့တဲ့နေပြည်တော်ကအများကြီးပါ။
အထက်မြန်မာပြည်မှာဆိုရင် ပုဂံ ပင်းယ အင်းဝ စစ်ကိုင်း ရွှေဘို အမရပူရ
နောက်ဆုံးမှ ရတနာပုံမန္တလေး။
အောက်ဖက်ဆိုရင်လည်း ကေတုမတီတောင်ငူရှိမယ်
ပဲခူးဟံသာဝတီရှိမယ်။
ရခိုုင်ဝေသာလီမင်းဆက်တွေရှိမယ်။
မင်းနေပြည်တွေရှိပြန်တော့ စေတီပုထိုးတွေရှိမယ်
ဘုရားကျောင်းကန်တွေရှိမယ်။
ဘုန်းတော်ကြီးကျောင်းတွေရှိမယ်။
အဲဒီမှာရှိခဲ့တဲ့ ကျနော်တို့ရဲ့ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကို
ထိန်းသိန်းစောင့်ရှောက်နိုင်ခြင်းမရှိလို့
ပျောက်ဆုံးကုန်တာတွေက တော့ တကယ့်ကိုနှမျောစရာပါဘဲနော်။
ကိုယ့်လူမျုးိရဲ့ အမွေအနှစ်တွေကို လတ်တလောဝမ်းရေပြေလည်ဘို့ဘဲ
တွက်ပြီး လက်ညှိုးထိုးရောင်းစားခဲ့တဲ့သူတွေနဲ့ ထိုက်တန်တာကတော့
ကျနော်မျိုးကြီး သေသင့်ပါတယ် ဆိုတဲ့ စကားလုံးလေးပါဘဲနော်
ဟုတ်တယ်ဟုတ်
ဆာမိနဲ့ကိုပေါက်ရဲ့နောက်ကြောင်းပြန်အတွေးများ
10-8-2013
21 comments
ကိုပေါက်(မန္တလေး)
August 10, 2013 at 10:05 pm
ကိုဆာမိနဲ့ကိုပေါက် ဖေစ်ဘုတ်မှာစကားပြောရင်း ပူးတွဲတင်ဆက်လိုက်တဲ့ပိုစ်လေးပါခင်ဗျာ
surmi
August 10, 2013 at 10:37 pm
အမှတ်တမဲ့ မှသည် အမှတ်တရလေး ဖြစ်ခဲ့ရပါြပြီ အစ်ကိုကြီးကိုပေါက်ရေ ….
ဦးကျောက်ခဲ
August 11, 2013 at 5:56 am
ရှယ်ပဲဆြာတို့…
မန့်စရာလေးတွေရှိတာမို့…
ပြန်လာခဲ့ပါ့မယ် ခင်ဗျာ…
😀
ကိုပေါက်(မန္တလေး)
August 11, 2013 at 1:46 pm
ပြန်လာမယ်ဆိုပြီး မလာလို့ကတော့
ဘိုကျောက် အကြောင်းအရာရှာထားပေတော့
San Hla Gyi
August 11, 2013 at 9:49 am
ဘုရား ဆင်းတုတော်ကို သဲစုတမျှ ခံရပါစေလို့တောင် ကျိန်တွယ်ပြီး ဖျက်ဆီးဝံ့တယ် ဆိုတော့ အဲဒီလူဟာ သံသရာတို့ ငရဲတို့ အယုံအကြည် မရှိတဲ့လူ ဖြစ်ဖို့ သေချာတယ်ဗျ။ အဲဒီ အယူကို မယူတာပါလို့ ပြောလည်း မယုံတဲ့ဘက်ကို ရောက်သွားတာပဲ။ ကြောက်စရာကြီး။
ကိုပေါက်(မန္တလေး)
August 11, 2013 at 2:07 pm
ကိုစံကြီးရေ
အချို့ ငမိုက်သားများအကြောက်တရားမရှိကြဘူးဗျ။
ကိုယ်တွေ့
ပင်လယ်နှင့် တူသော ယောကျာ်းတစ်ယောက်
August 11, 2013 at 10:40 am
ဖတ်ရတာ ရင်မောစရာ တွေရော
တွေးတောစရာတွေရော
စုံသွားတာပဲ လေးပေါက် တို့ရေ
အမွေအနှစ်ကို မထိန်းသိမ်း နိုင်ရင်
ကြီးမားတဲ့ဆုံးရှုံးမှု ပဲနော်
ကိုပေါက်(မန္တလေး)
August 11, 2013 at 2:09 pm
ကပင်လယ်ရေ
သိလို့ရယ်တော့ မဟုတ်။
ကိုယ့်ရှေ့မှာမြင်တွေ့နေရတာလေးတွေကို မျှဝေပေးတဲ့သဘောပါဘဲ။
ကျနော်တို့က မောခဲ့တာကြာပေါ့။
Mr. MarGa
August 11, 2013 at 11:59 am
အင်း……………
အဖိုးမဖြတ်နိုင်တာ အဖွားပဲရှိသဟဲ့ ဆိုပြီးတော့
ဘနဖူး သိုက်တူး ကြသူတွေပေါ့
တစ်ဖက်ကနေ ပြန်တွေးကြည့်ရင်
မြန်မာ့ အမွေအနှစ်တွေကို ကမာ္ဘက သိအောင် လုပ်ကြသူတွေ၊ ကမာ္ဘကို ပျံ့အောင် လုပ်ကြသူတွေပဲလေ
လူသိသူသိ လုပ်တဲ့သူနဲ့
လူမသိ သူမသိ လုပ်တဲ့သူ
ဒါပဲ ကွာတာပါလေ…..
zaw min
August 11, 2013 at 12:01 pm
ပဲခူးအစ ဟင်္သာက ဆို သလို မြတ်စွာဘုရားရှင်က ဒေသဇါရီ ကြွချီတော်မူရင်း တောင်ဂမူလေးမှာ နားနေတဲ့ ဟင်္သာဖိုနဲ့ဟင်္သာမတို့ကို မြင်တော်မူပြီး ဗျာဓိတ်တော်ပေးခဲ့တဲ့နေရာလို့သိခဲ့ရတယ်…
မြန်မာပြည်မှာ လွှမ်းမော်စရာကောင်းတဲ့နေရာတွေ ရာဇဝင်တွေနဲ့ပြည့်နက်နေတဲ့ နေရာတွေအများရှိနေပေမယ့် သွားရောက်နိုင်ခြင်းမရှိသေးတာ ဝမ်းနည်းစရာပဲလို့ ခံစားမိပါတယ်…မြန်မာပြည်အနံ့ ဘုရားဖူးဖို့ မစီစဉ်နိုင်သေးပါဘူး…ကိုပေါက်ကြီးတို့ကို ကျေးဇူးတင်ပါတယ်ဗျာ…ကိုယ်တိုင်မရောက်နိုင်ပေမယ့် ကိုယ်တိုင်ရောက်ရှိသွား သည့်အလား ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ဖတ်ရူရတာ မန်းဂေတ်ရဲ့ကျေးဇူးပါပဲ…
အင်း…ကျနော့်မိတ်ဆွေ တစ်ယောက်ကတော့ ပဲခူးသူနဲ့အိမ်ထောင်ကျပြီး ရန်ကုန်ကို (၆)လ တစ်ခါတောင်မရောက်ဖြစ်တော့ဘူးတဲ့….ကျနော့် အဖွါးများရဲ့ စကားပြန်ကြားမိပါရဲ့ ပဲခူးသူ ယူရင်တော့ ဂုတ်ခွစီး ခံရလိမ့်မယ်တဲ့….ဟုတ်မဟုတ် သေချာမသိပေ….
အရီးခင်
August 11, 2013 at 2:15 pm
အာဟားဟား။
ကိုပေါက်ကြီး ကျုပ်တို့ ငယ်တုန်းကတော့ UK ဆိုတာ Upper ခနောင်တို ကို ခေါ်တယ်။
ရန်ကုန် မှာ ဆိပ်ကြီးခနောင်တို မြို့နယ် ရှိတာကိုး။ 😉
ဟံသာဝတီ ကားပွဲစားတန်း က တစ်ချိန်က သင်းချိုင်းမြေ ဆိုတာ ခုခေတ်ကလေးတွေ သိပါဦးမလားဘဲ။
ကိုပေါက်(မန္တလေး)
August 11, 2013 at 2:38 pm
ဒီသချိုင်းမြေတွေနဲပါတ်သက်လို့ အရင်က နည်းနည်းလေးတို့တိတို့တိရေးထားတာလေးကိုပြန်ရေး
အုံးမယ်ဗျာ
kyeemite
August 12, 2013 at 11:19 am
ပဲခူးမှာတကယ်နှံ့အောင်လျှောက်လည်မယ်ဆို
တစ်ရက်နဲ့မရဘူးကိုပေါက်ရ..သွားစရာနေရာတော်တော်များသား
ကျနော်တော့ အရင်ကုမ်ပဏီမှာလုပ်ရင်း ၁၃နှစ်လောက်ပဲခူးမှာနေခဲ့ဖူးတယ်
ဒါတောင်မရောက်ဖြစ်ခဲ့တဲ့နေရာတွေအများကြီးပဲ…
ဘာပြောပြောကိုပေါက်ရေးပြတော့လည်းလွမ်းစရာပါပဲ…
ဦးကျောက်ခဲ
August 12, 2013 at 11:55 am
မောင်ကျောက် ရှေးဟောင်းသမိုင်းဝင်နေရာတွေကို အလည်အပတ်သွားမိရင်
ကိုယ့်တိုင်းပြည်အတွက် အလွန်ရင်နာလှပါတယ်…
ရှေးဟောင်းပစ္စည်းကို ဘယ်လိုထိန်းသိမ်းရမှန်းမသိ၊ ဝိသမလောဘသားတွေက တမျိုး…
ဘုရားမှန်ရင် ရွှေချမဟဲ့ဆိုပြီး ရွှေသက္ကန်းတွေ ပူဇော်လိုက်ကြတာ…
သမိုင်းတန်ဘိုးလည်းပျောက် ဘဏ္ဏာတွေလည်းကုန်…
နောက်ဆုံးတော့ တဖက်နိုင်ငံက ရွှေဆေးထုတ်တဲ့ စက်ရုံတွေပဲ ချမ်းသာကုန်ကြတာပါ…
အင်း… ဒုက္ခ၊ ရွှေသက္ကန်းကပ်မှ ကုသိုလ်ရမယ်လို့ ဘယ်ဘုရားကမှ မဟောခဲ့ပါဘူးဗျာ…
မဟာရာဇာ အံစာတုံး
August 12, 2013 at 2:17 pm
ဦးဆာမိဂျီး ပြောပြတာကို နားထောင်ဖူးဒယ် …
ဂု .. ဖေပေါက်ဂျီး ဟာပါ ထပ်ဖြည့်လိုက်ဒေါ့ ..
မိုက်တွားဒါပေါ့ …
ဒါဒွေနဲ့ ပတ်သက်ပီး …
ဇာတ်လမ်းလေး တစ်ပုဒ်လောက် ရေးကျိအုံးမယ်ဂျာ ..
ခင် ခ
August 12, 2013 at 4:16 pm
ပဲခူးမှာ ဟင်္သာနှစ်ကောင်ထပ်တာ အမက အပေါ်ကမို့ အိမ်ထောင်ပြုလို့ ပဲခူးသူတွေကို ယူရင် မိန်းမကယောက်ျားကို နိုင်လိမ်မယ်လို့ ငယ်တုန်းကပြောတာကြားဖူးတယ်။
တကယ်တော့ ပဲခူးသူမှမဟုတ်ပါဘူး မိန်းကလေးတွေက ယောက်ျားဆိုရင် နိုင်ကိုနိုင်ချင်ကြတာပါ။ ဥပမာ ကြည့်လေ အိမ်ထောင်မကျသေးဘူး “ကိုကို အရက်သောက်တာ ဒို့ မကြိုက်ဖူးနော်´´ ဆိုတာ နဲ့ သောက်တော့ဘူး။ “ကိုကို ဖုန်းခေါ်နေတာ ကြာလှပြီ ဘာလို့ခုမှကိုင်တာလဲ´´ ဆိုရင် ရှင်းရပြီ ချော့ရပြီ အဲလိုတွေပေါ့ဗျာ။
နားငြီးမခံချင်သော ယောက်ျားများနဲ့ စကားပြောသော မိန်းမများတွေ့ကြသော အခါဝယ်ပေါ့ဗျာ ပဲခူး သူမှ မဟုတ်ပါဘူးလို့ ………………။ ပဲခူးဆိုလို့ သတိရတာလေးရေးတာပါ ကိုပေါက်ရေ။
ဦးကျောက်ခဲ
August 12, 2013 at 6:04 pm
မောင်ကျောက်စ်ဘော်ဘော် ပဲခူးသားပြောတာကတော့…
သူတို့မှ မိန်းမနိုင်တာတဲ့၊ ဟင်္သာနှစ်ကောင်ကိုကြည့်ပါလားတဲ့…
ဟင်္သာအဖိုကို ဟင်္သာအမက နင်းပေးနေတာ မင်းတို့မျက်မြင်ပဲတဲ့…ဟီဟိ
😀
ခင် ခ
August 12, 2013 at 9:07 pm
ကိုကျောက်ဘော်ဘော်ပြောတာလည်း ဟုတ်သလိုဘဲနော်။
ဘယ်လိုဘဲဆိုဆို တစ်ယောက်နဲ့တစ်ယောက် ချစ်နေရုံနဲ့မပြီဘူး ချစ်တတ်ကြဖို့လည်းလိုတာပေါ့ဗျာ။
ချစ်တတ်ရင် အချစ်မငတ်ဘူးလေ။ အဟိ ကိုပေါက်ရဲ့ ရှေးဟောင်းအမွေအနှစ်ပိုစ့်မှာ အခြားကြောင်းတွေ ဝင်မန့်သိုတော့ဖြစ်နေမလာဘဲ။ အဲ အချစ်ဆိုတာလည်းဟိုးရှေးကထဲကရှိခဲ့တာမို့ ရှေးဟောင်းပါဘဲနော်။
ကိုပေါက်(မန္တလေး)
August 13, 2013 at 11:31 am
ရပါတယ် ကိုခ ကြိုက်သလိုမန်းလို့ရပါတယ.်။
ကိုပေါက်(မန္တလေး)
August 13, 2013 at 11:28 am
ကိုခ ကိုကျောက် ကိုရော ဘယ်မြို့သူလဲလို့ မေးပြီးပြီလားဗျို့
garfield
August 13, 2013 at 11:34 am
ဟွန့်။
လေးပေါက်ကသာ သတိတရနဲ့ ဓာတ်ပုံ မပေးတာပါ နော်။။။။
အနော်ကဖြင့် ရချင်လွန်းလို့ စပိုင်နဲ့ ယူခိုင်းလိုက်ရတဲ့ လေးပေါက် ဓာတ်ပုံ လက်ထဲရောက်ပါပြီ။ 😀
နောက်ရက်မှ တင်ပေးမယ်။
ဘုရား ပုံ။
ဘယ်မှာရိုက်ထားတာတုန်းတော့ မသိဘူးးး 🙂