ချင် .. ချင်.. ချင်.. စဉ်းစား ဆင်ခြင် ရှောင်စေချင်။

Kyi LwinAugust 16, 20131min2737

မင်္ဂလာပါ ။

မန်းဂေဇက်ရွာ သူကြီးနဲ့တကွ ရွာသားများ ကျန်းမာတော်မူကြပါစ။

မန်းဂေဇက်ရွာထဲ ရောက်တုန်း ရောက်ခိုက် ရှိသမျှ စာမျက်နှာတွေ မွှေနှောက် လျှောက်လည်မိမိတဲ့အခါ ရွာသားတွေ ကို တော်တော်ပဲ ချီးမွမ်းမိပါတယ်။ နေ့စဉ်နေ့တိုင်း အသစ် အသစ်သော အကြောင်းအရာတွေကို ရေးလည်း ရေးနိုင် တင်လည်း တင်နိုင်ကြသမို့ စိတ်နောက် လက်ပါ လုပ်နိုင်စွမ်းရှိကြပါပေရဲ့လို့ မုဒိတာပွါး ချီးမွမ်းမိပါရဲ့။( ဒါ့အပြင် ကွန်နက်ရှင်လည်း ကောင်းစေကြောင်း ဆုတောင်း မေတ္တာပို့မိပါရဲ့။ ဒါကလည်း အရေးကြီးသကိုး။ ဘယ့်ကလောက်ရေးရေး ဒီ ကွန်နက်ရှင်မကောင်းလို့ကတော့ တယ် လဲ ဒေါမနဿ ဖြစ်စရာပေကိုး။)

ရေးတင်ကြတဲ့အကြောင်းအရာတွေကလည်း ထောင့် စုံ ပါဘိသနဲ့။ ဖတ်ရှုအားပေးသူများအတွက် မှတ်ချက်လဲရေးဖို့ပါတော့ တယ် အဆင်ပြေတာကိုး။ အဲ တော်သေးတာတစ်ခုက မန်းဂေဇက်ကို ဖတ်ဖို့ ပရိုမိုးရှင်းမလုပ်တာမို့ ။ ဒီတစ်နေရာတော့ ပရိုမိုးရှင်းနဲ့ လွတ်ပဟဲ့ လို့ ဝမ်းသာမိရဲ့။

ပရိုမိုးရှင်းဆိုလို့ ရွှေတို့မလဲ သွင်းလာသမျှသော နိုင်ငံခြားသွင်းကုန်မှန်သမျှ၊ ထုတ်လုပ်သမျှပစ္စည်းမှန်သမျှ ပရိုမိုးရှင်းနဲ့ချည်းတိုးတော့တာပဲ။ ပရိုမိုးရှင်း လုပ်သမျှလည်း မြန်မာ့ရိုးရာပွဲတွေရော သူများရိုးရာပွဲတွေရော ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ရှိသမျှပွဲတွေ အမည်တပ်ပြီး အရောင်းမြှင့်တင်လိုက်ကြတာ။ တနှစ်မှာ ၁၂ လ ပဲရှိပေမယ့် ပွဲတွေက ၂၄ ပွဲတောင် မက အောင် ဖြစ်နေပြီး။

တင်သွင်းလာသမျှတွေ လိုချင်အောင်၊ ထုတ်လုပ်သမျှ ပစ္စည်းတွေ ဝယ်ချင်အောင် ၊ ချက်ပြုတ်သမျှတွေ စားချင်အောင် ၊ ချုပ်လုပ်သမျှတွေဝတ်ချင်အောင် ၊ရုံးပိတ်ရက်မှန်သမျှ သွားချင်အောင် … အလိုလေး။

ချင်အောင် .. ချင်အောင်.. ချင်အောင်.. တော်တော်လဲများတဲ့ ချင်အောင်တွေပဲ။

ဒါတွေနောက်လိုက်လို့ကတော့ ရှေးလူကြီးတွေပြောတဲ့ “ရောင် (ခေါင်းမှာထုံးတဲ့ဆံပင် ရောင်ထုံး) မီးထွန်းရှာတောင် လောက်မှာမဟုတ်ဖူး။“ ဆိုတာမျိုး။

အဲဒီ ဝယ်ချင်အောင် ၊လိုချင်အောင်လုပ်နေတဲ့ သူတွေကတော့ သူ့အကျိုး သူ့အမြတ်ပေမို့ မဝယ်ချင် တာကို ဝယ်ချင်အောင်၊ မသုံးပဲနေလို့ရတာကို သုံးချင်အောင် လုပ်ရမယ့် ကိစ္စက သူ့ ကိစ္စကိုး။

အနီးစပ်ဆုံး အလွယ်ကူဆုံး ဥပမာ ပြရရင် တို့များ ငယ်ငယ်က ခေါက်ထီးတစ်လက် ဆိုရင် ၂  နှစ် ၂ မိုး လောက် သုံးတာ။ ဒီ့ထက် အသုံးစွဲ စိစစ် သူများတော့ ၃ နှစ် ၃ မိုးလောက်ထိ ဆောင်းကြ ၊ကိုင်ကြတာ။

´´ ဒီထီး ကတော့ ယိုးဒယား ဖြစ် ခို တံဆိပ်လေ ၂ မိုး ၃ မိုး တော့ အသာလေးပဲ။ ဒီ ပစ္စည်း တစ်ခု ဆို တို့က ဘယ်လောက်ထိ သုံးရတာဆိုပြီး နှစ်ကြာကြာသုံးလို့ရတဲ့ ပစ္စည်းရဲ့အရည်အသွေး နဲ့ တရို တသေ ကိုင်တွယ်သုံးစွဲတယ် ဆိုတဲ့ ကိုယ့်ရဲ့ စည်းကမ်းရှိမှုကို တွဲပြီး ဂုဏ်ယူတတ်ကြတာ။

ခုများတော့ပြောင်းပြန်။ မိုးတွင်းကာလ ၃ / ၄ -လ ဆို ထီးတစ်လက် ပဲ။ နှစ်ပေါက်အောင် မကိုင်ကြ မသုံးကြတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီဇိုင်းအသစ်တွေ ပေါ်လာလို့ဆိုပဲ။ ရောင်းတဲ့ သူက ၁ဝ မျိုးရောင်းရင် ၁ဝ မျိုးဝယ်ချင်ကြတာ။

ဒါဟာ ရောင်းသူကို စီးပွါးဖြစ်စေပြီး ကိုယ့်ကိုယ်ကို မွဲဆေးဖေါ်နေတယ်ဆိုတာကို မမြင်ကြဘူး။  ဘယ်ပစ္စည်းမဆို တံဆိပ် အသစ်၊ ပုံစံအသစ်၊ ပစ္စည်းအသစ် ဆိုတာတွေနဲ့ စွဲဆောင်တော့  အသစ် အသစ်တွေ နောက်လိုက်ရင်း အသစ်ဆာနေဲ့ ရောဂါသည်တွေ ဖြစ်မှန်းမသိဖြစ်။

အသစ် အဆန်းဆို လိုက် လိုက်တာမှ။ စားတဲ့ အစားအသောက်ကိုတောင် ကမ္ဘာတလွှား ရှိသမျှ အစားအစာတွေ အကုန်စားတော့တာပဲ။ ယိုးဒယားအစားစာ၊ တရုတ်အစားအစာ (ဒါက နှစ်ပေါင်းကြာလှပြီး။) အိနိ္ဒယ အစားအစာ ( သိပ်တော့ မတွင်ကျယ်ဘူး။) ခု နောက်ပိုင်း ပို ကျယ်ပြန့်လာတာက ဂျပန်စာ နဲ့ ကိုရီးယားအစားအစာ ( မြောက်ကိုရီးယားတောင်ပါလိုက်သေး။) ဥရောပ စာကတော့ ဘဝင်းတွေ ( ဘဝင်မြင့်နေတဲ့လူအနည်းငယ်။) ယ ပက်လက်၊ ဂျပန်နဲ့ ကိုရီးယားအစားသောက်တွေကတော့ ထိပ်ဆုံးက ကျွန်တော်ပေါ့။

ဒီလိုနဲ့ အသစ်ဆာပြိး သုံးစွဲ ဖြုန်းတီးနေကြတာ သုံးလောက် ဖြုန်းလောက်အောင် ဝင်ငွေနဲ့ ထွက်ငွေ မျှတ ကြပါရဲ့လားလို့တွေးမိတယ်။ ဒိလို တွေကြောင့်လဲ ရှေးစကားရှိခဲ့တာနေမယ်။ ဒါတောင် အဲဒီခေတ်တုန်းက ခု ခေတ်လောက်တော့ မီးနစ်နဲ့အမျှ နာရီနဲ့အမျှ ပစ္စည်းအသစ်တွေ မထုတ်နိုင် မထွက်နိုင်ဘူး။ ခုခေတ်တော့ တနေ့ကို ၁ဝ မျိုးလောက် အသစ်အဆန်းတွေ ထုတ်နေကြတယ်မှတ်တယ်။

ဒီကလောက် ဝတ်ချင် စားချင် သွားချင် လာချင် မော်ကြွားချင်မှတော့ သူများကို ရှာကျွေး နေတာနဲ့ ဘာထူးတော့လဲ။

အသုံးနဲ့ အဖြုန်းကို မခွဲခြားသရွေ့တော့ ငွေ ယို ပေါက်တွေရှိနေမှာပဲ။ ဒါကြောင့် ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မလွယ်နဲ့လို့ ဆုံးမခဲ့တာဖြစ်မယ်။ ချင် ၃ ချင်ရှောင် အိုတောင် မဆင်းရဲဘူးလို့  ပြောခဲ့တာ။

ခုခေတ်များတော့ ချင်ေ ပါင်း များစွာ ဆိုတော့  တွေးဆ သာ ကြည့်ကြပါတော့။

ကျွန်မ ညီမလို ခင်တဲ့ သူတစ်ယောက်ရဲ့ စကားလေး လက်ဆောင်ပေးပါရစေ။

“ လိုအပ်တာပဲ ဝယ် “ တဲ့။

အဲ ..ချင် ရမှ ကြေနပ် နေတတ် ကြသူများကတော့ ` ကိုယ့်ဘာသာ ချင်တာ ဘာဖြစ်လဲ ဘာဖြစ်လဲ “ လို့ တုန့်ပြန်ကြမယ်ထင်ပါရဲ့။

သို့ပေမယ့် လူ့စိတ် ဆိုတာ အလိုမလိုက်ကောင်းတာမို့  ပညာစွမ်း ချွန်း ကဲ့သို့ အုပ်ကြစေဖို့ရာ တိုက်တွန်းလိုက်ပါတယ်။

မန်းဂေဇက် တရွာလုံးလည်း ချင် ချင် ချင် ကို တွေးဆ ဆင်ခြင် နိုင်ကြစေသတည်း။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့

ကြည်လွင်။

 

7 comments

  • မဟာရာဇာ အံစာတုံး

    August 16, 2013 at 2:23 pm

    ရလေ လိုလေ အိုတစ္ဆေ …
    ပလိုင်းပေါက်နဲ့ ဖားကောက် …
    ဆိုသလို …
    တချင်တည်း ချင် ချင် ချင် နေကြတဲ့ လူတွေကို
    ချင်အောင် နဲ့ ဆွဲလိုက်တော့ …
    အင်း …. ဒီလိုပေါ့ …။ ဟိုလိုပေါ့ …။

  • ဦးကျောက်ခဲ

    August 16, 2013 at 3:37 pm

    …. ချင် တာတွေကများ ကြိုးစားအားထုတ်မှုကမရှိ…
    အလွယ်ဖြတ်လမ်းကိုလိုက်ကြတာမို့၊ လောင်းကစားနဲ့ဘဝပျက်…
    ကေတီဗွီ မာဆတ်နဲ့ ခေတ်ပျက်သူဋ္ဌေးတွေရဲ့ လိုက်ပွဲတွေ ဖြစ်ကုန်ရော…
    🙁

  • Shwe Ei

    August 16, 2013 at 3:59 pm

    World famous KOBE BEEF is Here !

    KOBE-YA
    Japanese BBQ Restaurant
    သုခကမ္ဘာဆေးခန်းအနီး ပြည်လမ်း တဲ့ခည

    သဂျီးပြောလွန်းလွန့် မှတ်မိနေတဲ့ နံမယ်တခု မြန်မာတိုင်းမ်စ်မာ
    ကျော်ညာထားတာတေ့လို့ မစားရဝခမန်း ပရိုမိုးရှင်းလုပ်လိုက်သည်..အဟိ :mrgreen:

  • ရွှေမိုးတိမ်

    August 16, 2013 at 4:22 pm

    သုံးတာ နဲ့ ဖြုန်း တာ ခွဲခြားပြီး စေ့စေ့စပ်စပ် သုံးရမှာပေ့ါနော် 🙂

  • e tone

    August 16, 2013 at 4:39 pm

    လိုချင်နေဒဲ့ ဟာဂို … လိုအပ်ဒယ်လို အော်တိုမစ်တစ်ထင်တွားမိရင်ရော့စ် .. ဘိုရုပ်မယဲချင့် …. ။

    ခေါက်ထီးတလက် ၊ 2 နှစ်3နှစ် သုံးတဲ့ ရှေးလူကြီးတွေကိုတော့ ဂယ်ပဲ အံ့ဩမိပါဧ။်
    သများဆို 1နှစ်ကို ထီးသုံးလက်ဆိုတာ .. အနည်းဆုံး နှုန်း …. ။ :kwi:

  • အလင်းဆက်

    August 16, 2013 at 5:49 pm

    ပိုစ့် အမည်လေးက စ ပြီး
    ဖတ် ချင်အောင် ဆွဲဆောင် လိုက်တာမို ့
    ဖတ်မိပြီးးး
    ဖတ်မိတော့လည်း တွေးဆ ချင်အောင်
    အတွေးတွေ ပေးတာမို ့
    ကျေးဇူးတင် ချင် ပါတယ်
    အစ်မကြည် ရေ

    🙂

    အတွေးဆောင်းပါလေးတွေ
    ဆက်ရေးပါဦးနော်
    ခင်မင်လေးစားစွာ

  • cobra

    August 16, 2013 at 7:45 pm

    ပရိုမိုးရှင်းပေးတဲ့ထဲမှာ
    အရက်ပရိုမိုးရှင်းတွေ ပိုမိုက်တယ်
    များများသောက်ပြီး
    မြန်မြန်သွားအောင်ပေးထားလိုက်တဲ့
    ပရိုမိုးရှင်းတွေ။

Leave a Reply