အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၈၀)
ယူနီဖောင်းဆင်တူနဲ့ အစောင့်တွေက ကျွန်တော့်ကို တားတယ်။ ဒါပေမဲ့ ကျွန်တော်ပွေ့လာတဲ့
အလောင်းကိုတွေ့တော့ လန့်ဖျတ်ပြီး တံခါးကို မြန်မြန်ဖွင့်ပေးလိုက်ကြတယ်။ ကျွန်တော်လည်း
အိမ်ဝင်း လမ်းအတိုင်း လျှောက်ဝင်လာခဲ့တယ်။ ဈေးကြီးတဲ့ နိုင်ငံခြားဖြစ်ကားတွေ အစီအရီနဲ့
ရပ်ထားတာလည်းတွေ့ မိသဗျ။ နောက်တော့ အလွန်အကျွံ မွမ်းမံထားတဲ့ အိမ်တော်အဝင်ပေါက်
ကိုတွေ့တယ်။ ပိတ်တော့မထားဘူး။ ကြိုဆိုပါ၏ လို့တောင်ရေးထားသေးတယ်။ အဲဒါနဲ့ ကျွန်တော်
လည်း ဝင်ချသွားတယ်။ မာဘယ်လ် ကျောက်တွေနဲ့ အလှဆင်ထားတဲ့ အဝင်ပေါက်ကို ဖြတ်ပြီး
ထမင်းစားခန်းထဲရောက်တော့ ဧည့်သည်တော်များက အချိုပွဲတည်းမလို့ ပြင်နေတဲ့အချိန်။
ကျွန်တော့်ကို မြင်တော့ စကားသံတွေ တိခနဲ ရပ်သွားတယ်။
ကျွန်တော်လည်း ထမင်းစား စားပွဲပေါ်တက်ပြီး ရှန်ကာ့အလောင်းကို သာသာလေးချလိုက်
တယ်။ ကိတ်မုန့်တွေ၊ ရာစဂူလာ (ဒိန်ခဲ နဲ့ ဂျုံမှုန့်ကိုလုံးပြီး သကြားအရည်နဲ့ ပြုတ်ထားတဲ့ မုန့်ချို)
ပွဲတွေကြားထဲမှာပေါ့။ စားပွဲထိုးတွေက ကျောက်ရုပ်တွေလိုပဲ မလှုပ်မယှက်နဲ့ ရပ်လို့။ စီးပွားရေး
သမားတစ်ယောက်ဖြစ်နိုင်တဲ့ စမတ်ကျကျဝတ်ဆင်ထားသူတစ်ယောက်ကတော့ ချောင်းတစ်ချက်
ဟန့်ပြီး ထိုင်ခုံပေါ်မှာ မသက်မသာနဲ့ ဟိုရွှေ့သည်ရွှေ့လုပ်နေတယ်။ ခရိုင် ရာဇဝတ် တရားသူကြီး
မင်း နဲ့ ရဲမင်းကြီးတို့ကတော့ ကျွန်တော့်ကို စိုးရိမ်မကင်းနဲ့ မျက်လုံးတွေနဲ့ ကြည့်လို့ဗျ။ ဘွားတော်
ကတော့ စားပွဲထိပ်တည့်တည့်မှာလေ။ အပျံစား ပိုးဆာရီနဲ့ လက်ဝတ်ရတနာတွေဆိုတာလည်း
ညွှတ်ကျအောင် ဆင်ထားသေးတယ်။ သူက ပါးစပ်ဟပြီး တစ်ခုခုပြောဖို့ ကြိုးစားပေမဲ့ အသံမ
ထွက်နိုင်ဘဲ ဖြစ်နေတယ်။ ကျွန်တော်လည်း ဘွားတော်ကို တည့်တည့်ကြည့်ပြီး တတ်နိုင်သ
လောက် ခပ်မာမာနဲ့ အားခဲပြီး စကားဆိုလိုက်တယ်။
“သခင်မ ဆွာပနား ဒေဝီ ခင်ဗျား..ဒါ သခင်မ နန်းတော် ဆိုရင် သခင်မက ဒီမှာ ဘုရင်မ
တစ်ပါးပေါ့..ပြီးတော့ ဒီ မင်းသားလေးကိုလည်း အသိအမှတ်ပြုရမှာပေါ့ ခင်ဗျာ… ကျွန်တော်
သခင်မရဲ့သားတော် မင်းသားလေး ကွန်နဝါ ရှန်ကာ ဆင်းဂ်ဂေါတမ် ရဲ့ ရုပ်အလောင်းကိုု
သခင်မဆီ လာပြီး ပို့ဆောင်ပေးတာပါ…လွန်ခဲ့တဲ့ နာရီဝက်က သူကွယ်လွန်ခဲ့ပါတယ်ခင်ဗျာ..
ဒီနှစ်တွေမှာ သူ့ကို သခင်မ ဖွက်ပြီးထားခဲ့တဲ့ ဟို …အိမ်ငှားတွေ နေတဲ့ တန်းလျားဆောင်
ဘက်မှာပေါ့…သူ့ရောဂါအတွက်ကုသစရိတ်လည်း သခင်မ မပေးခဲ့ပါဘူး…အမေတစ်ယောက်
ရဲ့ ဝတ္တရားလည်း သူ့အပေါ်မှာ သခင်မ မဖြည့်ဆည်းခဲ့ပါဘူး။အခု အိမ်ငှားတဲ့ အိမ်ကြီးရှင်မ
တစ်ဦးရဲ့ တာဝန်ဝတ္တရားကို လေးစားသောအားဖြင့် ခြူးတစ်ပြားမှ မရှိရှာတဲ့ အိမ်ငှားကလေး
ရဲ့ သင်္ဂြိုဟ် စရိတ်ကို ပေးဖို့ ကျွန်တော် မေတ္တာရပ်ခံ တောင်းဆိုပါတယ် ခင်ဗျာ..”
ကျွန်တော် ပြောစရာရှိတာ ပြောပြီးတော့ ကြောင်ကြည့်နေတဲ့ ဧည့်သည်တော်များကို ခေါင်းတစ်ချက်
ဆတ် ပြီး မွန်းကြပ်တဲ့ ဆွာပနားနန်တော် အပြင်ဘက်က အေးစက်တဲ့ အမှောင်ညထဲ ထွက်လာခဲ့
တော့တယ်။ အဲဒီညတုန်းက ဘယ်သူမှ အချိုမတည်းကြဘူးလို့ ပြန်ကြားတာပဲ။
******************************
ရှန်ကာ ဆုံးသွားတာက ကျွန်တော်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့တယ်။ အိပ်လိုက်၊
ငိုလိုက်၊ ပြန်အိပ်လိုက်နဲ့ပဲ။ တဂျ်မဟာလည်းကျွန်တော်မသွားတော့ဘူး။ နီတာ့ကိုတောင် သွား
မတွေ့တော့ဘူး။ ရုပ်ရှင်လည်း မကြည့်နိုင်ဘူး။ ကျွန်တော့်ဘဝကို ရပ်ဆိုင်း ထားလိုက်တော့
တယ်။ ရှန်ကာသေပြီးတော့ နှစ်ပတ်တစ်ခါလောက် အက်ဂရာမြို့ထဲမှာ အရူးတစ်ယောက်လို
ခြေဦးတည့်ရာ ကျွန်တော်လျှောက်သွားနေမိတယ်။တက္ကသိုလ်ကျောင်းသား ရှာကေးလ် ကတော့
ရှန်ကာ့အခန်းရှေ့မှာ တံခါးသော့ကို စိုက်ကြည့်နေတဲ့ ကျွန်တော့်ကို တွေ့သတဲ့။ ဖိနပ်ချုပ်သမား
ဘီဟာရီကတော့ ဘုံဘိုင်ခေါင်းဘေးမှာ ထိုင်ပြီး ငိုနေတဲ့ ကျွန်တော့်ကို တွေ့သတဲ့။ ဥယျာဉ်မှူး
အဗ္ဗဒူကတော့ တန်းလျားဆောင် ဝန်းကျင်မှာ ရှန်ကာ လမ်းလျှောက်သလို ခြေဖျားကလေး
ထောက်ပြီး လျှောက်နေတဲ့ ကျွန်တော့်ကို တွေ့သတဲ့။ ဆောင်းရာသီ ရင့် လာတဲ့အခါမှာတော့
အက်ဂရာက ကျွန်တော့်အတွက် ပူပြင်းပြီး အထီးကျန်တဲ့ ကန္တာရတစ်ခုလို ဖြစ်လာတယ်။ အဲဒီ
လို ဗရမ်းဗတာ အခြေထဲ ဖြစ်ချင်ရာဖြစ် ကျွန်တော်ကိုယ်ကျွန်တော် နှစ်မြှုပ်ဖို့ကြိုးစားတယ်။
မရပ်မနား စကားသံတွေကြားမှာ ကျွန်တော်ဟာ အဓိပ္ပါယ်မဲ့ စကားလုံးတစ်လုံး ဖြစ်အောင်
ကြံဆောင်နေခဲ့တယ်။ နစ်မျော မေ့လျော့မှု တစ်ခုဆီ ကိုယ့်ကိုယ်ကို ပို့ဆောင်တာ အောင်မြင်
လုနီးပါးပါပဲ။
ကျွန်တော် နိုးထတော့ အမှောင်ပျိုးချိန်ပဲ။ ဟုတ်တယ်..သိပ်နောက်ကျသွားပြီ။ ကျွန်တော်
တို့နားက ပီစီအို (အများပြည်သူ ဆက်သွယ်ရေး)တစ်ခုကနေ ဖုန်းခေါ်ဆိုမှု တစ်ခု ဝင်လာလို့
ရှာကေးလ် က ကျွန်တော့်ဆီပြေးလာပြီး ပြောတယ်။
“ရာဂျူး..ရာဂျူး…နီတာ ဆိုတဲ့တစ်ယောက် ဖုန်းခေါ်နေတယ်..သူက မင်းကို ဆင်းဂ်ဟာနီယာ
ဆေးရုံ အရေးပေါ်ဆောင်ကို အခု ချက်ချင်း လာစေချင်ပါတယ်တဲ့..”
ရှာကေးလ် ပြောတာကြားတော့ ကျွန်တော့် နှလုံးက ဒိုင်းခနဲ ခုန်ပြီး ပါးစပ်မှာ လာဆို့နေသလိုပဲ။ ဆင်းဂ်
ဟာနီယာ ဆေးရုံထိ သုံးမိုင်ခရီးကို ကျွန်တော်မနားတမ်း ပြေးသွားတော့တာပဲ။ ဆရာဝန်တစ်ယောက်ကို
မတိုက်မိအောင် မနည်းရှောင်လိုက်ရတယ်။ တွန်းလှည်းတစ်စီး ကို တိုက်မိတာ ပက်လက်လန်သွားလုနီး
ပါးပါ။ ဓားပြနောက်ကို အပြင်းလိုက်လာတဲ့ ရဲတစ်ယောက်ပုံစံမျိုးနဲ့ အရေးပေါ်ဆောင်ထဲကို ဗြုန်းဒိုင်းကြီး
ဝင်ချသွားတယ်။ အူကြောင်ကြောင် ကြည့်နေတဲ့ နာ့စ်မ တစ်ယောက်ကို အလျင်စလို မေးလိုက်တယ်။
“နီတာ ဘယ်မှာလဲ..”
“ငါ ဒီမှာ..ရာဂျူး..”
နီတာက လိုက်ကာလေးတွေ နဲ့ ပိုင်းပြီး ကန့်ထားတဲ့ အကန့်တစ်ခုနောက်မှာ။ သူ့မျက်နှာကို တစ်ချက်
ကြည့်ပြီး သတိလွတ်မလိုတောင်ဖြစ်သွားတယ်။မျက်နှာတစ်ခုလုံး ဘာရစရာရှိလဲ။ အညိုအမဲတွေနဲ့
ဖူးရောင်စုတ်ပြတ်နေတာပဲ။ နှုတ်ခမ်းက တွန့်လိမ်နေတယ်။ မေးရိုးက ရွဲ့စောင်းလို့။ နှုတ်ခမ်းက
မဖုံးနိုင်လို့ ပေါ်နေတဲ့ သွားနှစ်ချောင်းမှာတောင် သွေးစတွေ ရှိနေသေးတယ်။ မျက်လုံးတစ်ဖက်ဆို
တာလည်း ညိုမည်း ရောင်ကိုင်းနေလို့ဗျာ..။
“ဒါ..ဒါ..မင်းကို ဘယ်သူ လုပ်လိုက်တာလဲ..”
ထွက်သွားတဲ့ ကိုယ့်အသံကိုယ်တောင် မမှတ်မိဘူး။ နီတာက ကျွန်တော့်အမေးကို ခက်ခက်ခဲခဲ ပြန်ဖြေ
ရှာတယ်။
“မွမ်းဘိုင်းက လူတစ်ယောက်ပဲ.. သူတည်းနေတဲ့ ပဲလေ့စ်ဟော်တယ်က အခန်းကို ရှရမ်က
ငါ့ကို လွှတ်လိုက်တာ…အဲဒီလူက ကြိုးနဲ့တုပ်ပြီး ဒီလိုဖြစ်အောင် လုပ်တော့တာပဲဟာ..မျက်နှာမှာ
က ဘာဟုတ်သေးလဲ..ငါ့ကိုယ်လုံးလဲကြည့်ဦး..”
နီတာက ဘေးစောင်းပြီး သူ့ကျောဘက်ကို ပြတော့ နီရဲနေတဲ့ အရှိုးရာကြီးတွေကို တွေ့ရတယ်။ ကျာပွတ်နဲ့ရိုက်
ထားတဲ့ပုံပဲ။ သူ့ ဘလောက်စ် အကျႌကို လှန်ပြတော့ ကျွန်တော် နှလုံးသွေးရပ်မတတ်ဖြစ်သွားတယ်။ ရင်ဘတ်
တစ်ခုလုံး စီးကရက်မီးနဲ့ ထိုးတာတဲ့ ဒဏ်ရာတွေ ပြည့်လို့ဗျာ။ ညိုညက်ညက် ရင်သားပေါ်မှာ အရုပ်ဆိုး အကျည်း
တန်တဲ့ ကျောက်ပေါက်မာ တွေလိုပဲ။ ဒါမျိုး အရင်က မြင်ဖူးပါတယ်။
ကျွန်တော့်သွေးတွေ ဆူပွက်လာတယ်။
“နင့်ကို လုပ်တဲ့သူကို ငါရိပ်မိပါပြီ..သူ့နာမည်ပြောသေးလား.. ငါ..အဲဒီလူကို သတ်မယ်..”
“သူ့နာမည်တော့ မသိဘူး..ဒါပေမဲ့ လူပုံကတော့ အရပ်ရှည်ရှည်…”
အဲဒီအချိန် ရှရမ် က ဆေးထုပ်လေး ဆုပ်လို့ ဝင်လာတယ်။ ငနဲက ကျွန်တော့်လည်းမြင်ရောက် ပေါက်ကွဲတော့
တာပဲ။ကျွန်တော့် အကျႌကော်လံကိုဆုပ်ပြီး –
“ခွေးသား..မင်းကို ဒီကိုလာရဲတယ်ပေါ့..ဟုတ်လား.. နီတာ ခုလိုဖြစ်ရတာ မင်းကြောင့်ပဲကွ..”
“မင်း..ရူးနေလား ရှရမ်..” ကျွန်တော်လည်း ပြန်အော်တယ်။
“ငါမရူးဘူး..ရူးတာမင်းကွ..နီတာက မင်းကိုယ်ပိုင်ပစ္စည်းများ အောက်မေ့နေလား..ဒီအလုပ်ကထွက်ပါ ဘာညာနဲ့
မင်းက သူ့ကို စကားသွင်းထားတော့ သူက ဖောက်သည်တွေတောင် ကောင်းကောင်းမဆက်ဆံချင်တော့ဘူး..
အဲဒီ မွမ်ဘိုင်းက ငနဲ သူ့ကို ဘယ်လောက်ပေးခေါ်တယ်မှတ်လဲ..ငါးသောင်းကွ…သိလား..ဒါပေမဲ့..ငါ့ညီမက
မင်းကို ယုံခဲ့တယ်…အဲ့ဒီငနဲ ကို ကလန်ကဆန်တွေ လုပ်ခဲ့မှာပေါ့..အဲဒီတော့ ဘယ်လိုဖြစ်သွားလဲ..တွေ့တယ်
မဟုတ်လား…မင်း ပိုက်ဆံမရှိရင် နီတာ့ကို မေ့လိုက်တော့ ဟေ့ကောင်…နောက်တစ်ခါ ဆေးရုံမှာ မင်းကိုတွေ့
ရင် သတ်ပစ်မယ်…နားလည်လား..သွားစမ်းကွာ..”
ရှရမ်ဆိုတဲ့ အကောင်ကို ကျွန်တော် ချက်ချင်း သတ်ပစ်နိုင်ခဲ့မှာဗျာ..။တကယ်။ လည်မျိုညှစ်ပြီး သတ်ရင်သတ်။
ဒါမှမဟုတ်..လက်သည်းတွေနဲ့ဒင်း မျက်လုံးတွေ ကော်ထုတ်ပစ်တာမျိုးပေါ့။ နီတာ့ကိုပေးခဲ့တဲ့ ကတိကို သတိရ
မိလို့ ဒေါသ ကို အတင်းမျိုချပစ်ရတယ်။ နီတာ့မျက်နှာကိုလည်းနောက်ထပ် မကြည့်ရက်တော့တာနဲ့ အရေးပေါ်
ကုသဆောင်ကနေ ကျွန်တော်ထွက်လာခဲ့တယ်။ ကျွန်တော် တစ်ခုပဲသိတယ်။ရူးပီးလေးသိန်းဘယ်လိုဖြစ်ဖြစ်
ရအောင်ရှာဖို့။ ဒါပေမဲ့..ဘယ်ကရမလဲ။
***********************
ကျွန်တော်လည်း အစီအစဉ်တစ်ခုဆွဲပြီး ဆွာပနား ဒေဝီ အိမ်မှာ မရှိတတ်တဲ့အချိန်တစ်ခုကို
စောင့်နေတယ်။ နောက်နှစ်ညလောက်ရှိတော့ဘွားတော်က သူ့ကွန်တက်ဆာ ကားလေးနဲ့ မြို့ထဲ
က ပါတီပွဲတစ်ခုကို သွားလေရဲ့။ အိမ်တော် ဝင်းတံတိုင်းအောက်ခြေက အပေါက်တစ်ခုကနေ အ
တွင်းကို ကျွန်တော် ဖောက်ဝင်လိုက်တယ်။ လဂျ်ဝန်တီ ရှင်းပြထားလို့ အိမ်အနေအထား ကို
ကျွန်တော် ကောင်းကောင်း သိနေတယ်။ ဒါကြောင့် ဘွားတော် အိပ်ခန်း ပြတင်းကို ရှာရတာ
မခက်ပါဘူး။ ပြတင်းပေါက်ကို သံကုလားအော်လေးနဲ့ ကန့်လန့်ပြီး ဖွင့်လိုက်တယ်။ ပြီးတော့
ဘွားတော်ရဲ့ အပျံစားအိပ်ခန်းထဲ အသာဝင်လိုက်တာပေါ့။ သူ့အိပ်ခန်း အပြင်အဆင် ခမ်းနား
တာ ကျွန်တော်ငေးနေဖို့တော့ အချိန်မရှိဘူး။ လဂျ်ဝန်တီပြောတဲ့ ပန်းချီကား ရှာရမှာ။ ဟော..
.တွေ့ပါပြီ။ ဘယ်ဘက်ခြမ်း နံရံမှာဗျ။ အရောင်စိုစိုတောက်တောက်နဲ့ မြင်းတွေ ပုံပါတဲ့ ပန်းချီ
ကား။ လက်မှတ်ထိုးထာတာ ဟူစိန် ဆိုလားပဲ။ကျွန်တော်လည်း အဲဒီပန်းချီကားကို ခပ်သွက်
သွက်ဖယ်ကြည့်တော့ နံရံအတွင်းမြှုပ်ထည့်ထားတဲ့ မီးခံသေတ္တာကို တွေ့ရတယ်။ အဲဒါနဲ့
ဘွားတော် အိပ်ယာ ဘယ်ဘက်ထောင့်ကို လှန်ပြီး သော့ကို ရှာကြည့်တယ်။ မရှိဘူးဗျို့။ ရုတ်
တရက်တော့ အူလည်လည် ဖြစ်သွားတယ်။ အဲ..ညာဘက်ထောင့်မှာသော့ကို တွေ့တော့မှပဲ
စိတ်အေးသွားတယ်။ သော့ကတော့ သေတ္တာက သော့ပေါက်နဲ့ အံကိုက်ပေါ့။ လေးလံတဲ့ မီး
ခံသေတ္တာတံခါးကို သာသာလေးဖွင့်ကြည့်တော့ နောက်ထပ်တစ်ခါ အူကြောင်ကြောင်ဖြစ်
သွားရပြန်တာဗျို့။ ကျွန်တော်က လည်ဆွဲတွေ၊ လက်ကောက်တွေ တွေ့ရမယ်ထင်နေတာ။
ဘာမှ မရှိဘူးဗျ။ ငွေထုပ်လားတော့ မသိဘူး လေးထုပ်တွေ့တယ်။ ဟုတ်တယ်..ငွေထုပ်တွေ။
တခြား စာရွက်စာတမ်း တချို့လည်းတွေ့သေးတယ်။နောက် အဖြူအမဲ နဲ့ ကလေးပေါက်စ
တစ်ယောက်ရဲ့ ဓာတ်ပုံလေးတစ်ပုံ။ သေချာတောင်ကြည့်စရာမလိုဘူး..ရှန်ကာပုံပဲ ဆိုတာ
ကျွန်တော် တန်းသိတယ်။ ကျွန်တော့်စိတ်ထဲ သူများသေတ္တာထဲက ပိုက်ဆံခိုးနေပေမဲ့လို့
စိတ်ထဲ ဘယ်လိုမှ မနေဘူးဗျ။ ငွေထုပ်လေးထုပ်ကို ကျွန်တော့်အိတ်ထဲကောက်ထည့်၊
သေတ္တာကို ပိတ်၊ ပန်းချီကားကို ပြန်ချိတ်၊ သော့ကို သူ့နရာသူပြန်ထား၊ ဝင်လာတဲ့အ
တိုင်း ပြန်ထွက်။ ဒါပဲ။
ကျွန်တော့် အခန်းကို ခပ်သုတ်သုတ်ပြန်ပြီး တံခါးကို ချက်ချတယ်။ ခိုးရာပါပစ္စည်းထုပ်
ကို ဖြေလို့ အထဲက ငွေတွေကို ထိုင်ပြီး ရေတွက်ကြည့်လိုက်တော့ ၃၉၉၈၄၄ ရူးပီးတဲ့။ အိတ်
ကပ်တွေထဲ ကိုးကိုးကပ်ကပ် လျှောက်နှိုက်စမ်းကြည့်တော့ ၁၅၆ရူးပီး ထွက်လာတယ်။ ခိုး
လာတာနဲ့ပေါင်းလိုက်တော့ လေးသိန်း အတိဟ။ ဒူရ်ဂါ နတ်ဘုရားမတော့ ကျွန်တော့်ကို
မှိုင်းမတော်မူပြီ ထင်ပါရဲ့။
ပိုက်ဆံထုပ်တွေကို အညိုရောင် စက္ကူအိတ်ထဲ ထည့်လို့ လက်ထဲမှာ ကျစ်ကျစ်ပါအောင်
ဆုပ်ပြီး ဆေးရုံကို ပြေးတော့တာ။ အရေးပေါ်ကုသဆောင်ထဲဝင်မယ်လုပ်တော့ လူတစ်ယောက်
နဲ့ သုတ်ခနဲဖြတ်တိုးမိလို့ ကျွန်တော် ချော်လဲသွားပြီး လက်ထဲက ပိုက်ဆံထုပ်က လွင့်ထွက်သွား
တယ်။ပိုက်ဆံတွေ အိတ်ထဲက ထွက်ပြီး ပြန့်ကျဲသွားတာမြင်တော့ ကျွန်တော့ကို တိုက်မိတဲ့လူရဲ့
မျက်လုံးထဲ မွတ်သိပ်တဲ့ အရောင်တောက်လာတာတွေ့လိုက်မိတယ်။ သူက ကလေးတစ်ယောက်
လို ပိုက်ဆံတွေ အရူးအမူးလိုက်ကောက်တော့ ကျွန်တော်လည်း ရထားပေါ်မှာ ဓားပြတိုက်ခံရတာ
ကို ဖြုန်းခနဲ သတိရသွားလို့ ကြောင်ပြီး ရပ်နေမိတယ်။ ဒါပေမဲ့ အဲဒီလူက ပိုက်ဆံတွေ လိုက်ကောက်ပြီး
ကျွန်တော့်ကို ပြန်ပေးပါတယ်။ လူကတော့ သက်လတ်ပိုင်းလောက်ပဲ ။မျက်မှန်ကလေးတပ်လို့။
မျက်နှာမှာ မရိတ်မသင်တဲ့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေနဲ့ ။ ခေါင်းကလည်း စုတ်တိစုတ်ဖွား။
“ဒီမှာ မင်း ပိုက်ဆံတွေ…ဒါ..ဒါပေမဲ့..ငါ့ကို ချေးပါလား ငါ့ညီရယ်…ငါ့သားလေးအသက်ကို
ကယ်ချင်လို့ပါကွာ..ငါ့သားလေး ခမျာ..ဆယ့်ခြောက်နှစ်ပဲ ရှိပါသေးတယ်..သူသေတာ
ငါမကြည့်ရက်နိုင်လို့ပါကွာ…နော်..”
လူကြီးက ကျွန်တော့်ကို သူတောင်းစားတစ်ယောက်လို အသနားခံပြီးပြောနေတာ။
ကျွန်တော်လည်း ပိုက်ဆံထုပ်ကို ခပ်သွက်သွက်ယူပြီး လစ်ဖို့လုပ်တယ်။ ဒါတောင် ကျွန်တော့်
ပါးစပ်က မေးဖြစ်အောင်မေးလိုက်သေးတယ်။
“ခင်ဗျားသားက ဘာဖြစ်တာတုန်း..”
“ခွေးရူးကိုက်ခံရတာပါကွယ်..ခုတော့ ခွေးရူးပြန်နေရှာပြီ..ဆရာဝန်ကတော့ ကနေ့ည
သူဆုံးလိမ့်မတဲ့ကွာ..အေး..ဂုတ်ပတား ဆေးဆိုင်က ခွေးရူးပြန်ကုတဲ့ဆေး မဝယ်နိုင်
ရင်ပေါ့လေ…အဲဒီဆေးက လေးသိန်းတဲ့ကွာ..ငါ့လိုကျောင်းဆရာ ငမွဲက ဘယ့်နှယ်
လုပ်တတ်နိုင်ပါ့မလဲ…ငါ့ညီမှာ အဲဒီပိုက်ဆံရှိတယ်…ဒါ့ကြောင့် င့ါသားလေးအ
သက်ကို ကယ်ဖို့ ချေးပါလားကွာ…ငါ့တစ်သက် ငါ့ညီဆီမှာ ကျွန်ခံပါ့မယ်..”
ပြောပြီး ကလေးတစ်ယောက်လို ငိုပါလေရော။
“ဒီပိုက်ဆံက ကျွန်တော့်ဘဝအတွက် အရေးအပါဆုံး..အချစ်ဆုံးသူအတွက် ကုသဖို့လိုတဲ့
ပိုက်ဆံပါဗျာ..စိတ်မကောင်းပါဘူး..ကျွန်တော် ခင်ဗျားကို မကူညီနိုင်ပါဘူး..”
ကျွန်တော်ထွက်သွားတော့ လူကြီးက ကျွန်တော့်ခြေထောက်ကို လိုက်ဆွဲပြီး –
“ခဏ..ခဏလေးပါ ငါ့ညီရယ်..ဒီပုံလေးတစ်ချက်ကြည့်သွားပါဦး…ငါ့သားလေးပါ..
ကနေ့ည သူဆုံးရင် ငါဘယ်လိုလုပ် အသက်ရှင်ရမှန်းတောင် မသိတော့ဘူး..”
ကာလာဓာတ်ပုံလေးတစ်ပုံ ထုတ်ပြလို့ ကျွန်တော်လည်း ကြည့်လိုက်တယ်။ အသက်ပါတဲ့ မျက်လုံး
နက်နက်နဲ့ နွေးထွေးတဲ့ အပြုံးကို ဆင်ထားတဲ့ လူငယ်ချောကလေးတစ်ယောက်ရဲ့ ပုံဗျ။ ရှန်ကာ့
ကိုတောင် ဖျတ်ခနဲ သတိရသွားမိတယ်။ ကျွန်တော် အတင်းမျက်နှာလွှဲပြီး –
“ကျွန်တော် ပြောခဲ့ပါပြီ..ကျွန်တော် ခင်ဗျားကိုမကူညီနိုင်ပါဘူးလို့…ကျေးဇူးပြုပြီး..ကျွန်တော့်ကို
ဒုက္ခ မပေးပါနဲ့တော့ဗျာ..”
ပြီးတော့ ကျွန်တော့်ခြေထောက်ကို သူ့လက်ထဲက ရုန်းထွက်ပြီး လစ်လာခဲ့ရတော့တယ်။
အဲဒီလူကြီး လိုက်လာသေးလား ဘာလား ကျွန်တော်လှည့်မကြည့်တော့ဘူး။ နီတာ့ ကုတင်
ဆီရောက်အောင်ပဲ ခပ်သုတ်သုတ်ပြေးသွားလိုက်တော့တယ်။ ရှရမ် နဲ့ ဇိမ်ခန်းက ငနဲတစ်ကောင်က
နီတာ့ခုတင်ရှေ့မှာ ခုံလေးတွေနဲ့ထိုင်လို့။ အစောင့်တွေပေါ့လေ။ ငနဲတွေက သတင်းစာစက္ကူနဲ့ထုပ်
ထားတဲ့ စမူဆာတွေ စားနေကြတာ။ နီတာကတော့ အိပ်ပျော်နေပုံပဲ။ မျက်နှာမှာလည်း ပတ်တီး
တွေ နေရာလပ်မရှိအောင်စည်းထားလိုက်တာများ ထူပိန်းလို့ဗျာ။
“အေး..”
ပါးစပ်ထဲက စမူကို တဂျွတ်ဂျွတ်နဲ့ ဝါးရင်း ရှရမ်က ကျွန်တော့်ကိုပြောတယ်။
“ဘာလာလုပ်တာလဲ ခွေးကောင်..”
“မင်း တောင်းတဲ့ ပိုက်ဆံ ငါရလာပြီ..လေးသိန်းအတိပဲ..ဒီမှာ”
ပိုက်ဆံတွေ ပြလိုက်တော့ ရှရမ်က လေတစ်ချက်ချွန်ပြီး –
“ဘယ်က ခိုးလာတာလဲ ဟေ့ကောင်..”
“ဘယ်ကရရ မင်းကိစ္စမဟုတ်ဘူး..နီတာ့ကို ခေါ်သွားဖို့ ငါလာတာပဲ..”
“နီတာ ဘယ်မှ မသွားရပါဘူးကွာ…ဆရာဝန်ကတော့ လေးလလောက်နားမှ ကောင်းကောင်း နလံထမတဲ့လေ..
သူ ဒီလိုဖြစ်တာ မင်းကြောင့်ဆိုတော့ ကုသစရိတ်ပါ မင်းပေးသင့်သကွ…ပလတ်စတစ် ဆာဂျရီလည်း လုပ်ရဦးမှာ..
အဲဒါက စောက်ရမ်းဈေးကြီးတယ်ကွ…နှစ်သိန်းလောက်ကုန်မှာ…မင်း နီတာ့ကို တကယ်ပဲ လိုချင်ရင်တော့ ခြောက်
သိန်းယူခဲ့ချေ…မဟုတ်ရင်တော့ ဒီက ငါ့ကောင်က မင်းကို ပြုစုလိမ့်မယ်..”
ရှရမ်းဘေးမှာ ထိုင်နေတဲ့ငနဲက သူ့အိတ်ထဲက ခလုတ်ဓားကို ထုတ်ပြီး လက်ထဲမှာ တရမ်းရမ်း လှည့်တယ်။ မိုက်ကန်း
ကန်း ပုံစံနဲ့ သွားဖြဲပြီးပြုံးပြတော့ကွမ်းချိုးတက်နေတဲ့ သွားမဲမဲကြီးတွေက ပေါ်လာတယ်။
နီတာကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်မှန်း ခုတော့ ကျွန်တော်သိပြီ။ အဲဒီ ရှရမ်ဆိုတဲ့ ငနဲဟာ ဘယ်တော့မှ နီတာကို
လွှတ်မှာမဟုတ်ဘူး။ ခြောက်သိန်းယူသွားလည်း ဆယ်သိန်းလို့ပြောဦးမှာပဲ။ ကျွန်တော့်စိတ်တွေ ထုံထိုင်းပြီး
ကျွန်တော့်ပတ်လည်မှာ အမှောင်ကျသွားတယ်။ စက်ဆုပ်ရွံရှာစိတ်က လှိုင်းတံပိုးတွေလို တသုတ်ပြီး တသုတ်
ကျွန်တော့်စိတ်ကို တွင်တွင် ရိုက်ခတ်လာတာ။ သတိထားမိတဲ့ အချိန်မှာ မျက်လုံးက ကြမ်းပြင်ပေါ်ကျနေတဲ့
စမူဆာထုတ် သတင်းစာစက္ကူပေါ်ရောက်သွားတယ် ။ ဆီတွေစွန်းနေတဲ့ သတင်းစာစက္ကူပေါ်မှာ ကြော်ညာ
တစ်ခု။ လက်ထဲမှာ တစ်ထောင်တန်ပိုက်ဆံတွေအဆုပ်လိုက်ကိုင်လို့ သွားဖြဲရီနေတဲ့ လူတစ်ယောက်ပုံပါ
တယ်။ ပုံအောက်မှာ တီဗီမှာ လွှင့်မဲ့ အကြီးကျယ်ဆုံးပွဲမှ ကြိုဆိုပါတယ်တဲ့။ ဘယ်သူဘီလျံနာ ဖြစ်ချင်လဲ
ပြိုင်ပွဲမှ ကြိုဆိုပါတယ်ဆိုပြီး အင်္ဂလိပ်လိုရေးထားတယ်။ ဖုန်းလိုင်းတွေ ဖွင့်ထားပါတယ်။ ဖုန်းခေါ်လို့ဖြစ်စေ
စာရေးလို့ဖြစ်စေ ကျွန်တော်တို့ဆီ အကြောင်းကြားနိုင်ပါတယ်။သင်ဟာ ကမာ္ဘပေါ်မှာ အမြင့်ဆုံးဆုကြေး
ကို ဆွတ်ခူးနိုင်တဲ့ ကံထူးသူဖြစ်မလားဆိုတာ ကြည့်လိုက်ကြရအောင် တဲ့။လိပ်စာတောင်သေချာကြည့်
လိုက်သေးတယ်။ ဘာတဲ့..ပရမ် စတူဒီယို၊ ခါး ၊ မွမ်ဘိုင်း တဲ့။ အဲဒီခဏလေးမှာပဲ ကျွန်တော် မွမ်ဘိုင်းကို
သွားဖို့ပြင်ရမယ်ဆိုတာ သိလိုက်ပြီ။
စိတ်နဲ့လူနဲ့မကပ်ဘဲ ကြောင်စီစီနဲ့ အရေးပေါ်ဆောင်ကနေထွက်လာခဲ့တယ်။ ပိုးသတ်ဆေးနံ့
လည်း ဒီတစ်ခါတော့ ကျွန်တော့်ကို အနှောင့်အယှက်မပေးနိုင်တော့ဘူး။ မျက်မှန်နဲ့ ဟို စုတ်ဖွားဖွား
လူကြီးက ကော်ရစ်ဒါမှာ ရှိတုန်းဗျ။ ကျွန်တော့်ကို မျှော်လင့်တကြီးနဲ့ကြည့်နေရှာတယ်။ ဒီတစ်
ခါတော့ လိုက်မဆွဲတော့ဘူး။သူ့သား သေရေးရှင်ရေးအတွက် စိတ်လျှော့ လက်လျှော့ဖြစ်သွားတာ
ထင်ပါရဲ့။ ကျွန်တော့်လက်ထဲ ငွေစက္ကူထုပ်က ရှိနေတုန်းပဲ။ သူ့ကို လက်ယပ်ပြီး လှမ်းခေါ်လိုက်တော့
ပျာပျာသလဲ ရောက်လာတယ်။
“ကိုင်း..ဒီမှာ..ယူပေတော့..အဲဒီထဲမှာ လေးသိန်းအတိပဲ..ခင်ဗျားသား အသက်ကို ကယ်လိုက်ပါ..”
လူကြီးက အိတ်ကိုယူပြီး ကိုယ်ကိုပစ်လှဲချလို့ ကျွန်တော့်ခြေထောက်ကိုဖက်ရင်း အော်ငိုတယ်။
“အောင်မလေးဗျာ..မောင်မင်းကြီးသား..လူသားစင်စစ်မှဟုတ်ပါရဲ့လား..နတ်သိကြားများဖြစ်ရော့ထင်ပါရဲ့”
ကျွန်တော် ရီ မိတယ်။
“ကျွန်တော် နတ်သိကြားဆိုရင် ကျွန်တော်တို့ ဟောဒီလို ဆေးရုံတွေတောင် မလိုဘူး..ကျွန်တော်က..
အင်း..ကျွန်တော်က အိပ်မက်အကြီးကြီးတွေ နဲ့ အညတရ ဧည့်လမ်းညွှန်လေးတစ်ယောက်ရယ်ပါဗျာ..”
ကျွန်တော်သွားမယ်လုပ်တော့ သူက ထပ်တားတယ်။ သူ့သားရေပိုက်ဆံအိတ်စုတ်ကလေးထဲက ကဒ်ကလေး
တစ်ကဒ်ဆွဲထုတ်ပြီး ကျွန်တော့်ကိုပေးတယ်။
“ငါ့ညီပေးတဲ့ ပိုက်ဆံဟာ ချေးတာပဲ..ငါ့ညီအပေါ်မှာ အကြွေးတင်သွားပြီ..ဟောဒါ ငါ့ကဒ်ကလေးပါ..
တတ်နိုင်သမျှ မြန်မြန်ပြန်ဆပ်မှာပါကွာ..ဒါပေမဲ့..ခုချိန်ကစလို့ ငါဟာ ငါ့ညီရဲ့ အလုပ်အကျွေးအဖြစ်သာ
မှတ်ယူပါတော့..ဟုတ်လား”
“မလိုပါဘူးဗျာ..ကျွန်တော်လည်း ခင်ဗျားကို လိုမယ်မထင်ဘူး..ရှင်းရှင်းပြောရရင် ဟောဒီ အက်ဂရာမှာ
ကျွန်တော်ဘယ်သူ့ကိုမှ မလိုတော့လောက်ပါဘူး..ကျွန်တော် မွမ်ဘိုင်းကို သွားတော့မှာ…”
သူ့ ကဒ်ကလေးတော့ ဆွဲယူပြီး အိတ်ကပ်ထဲထိုးထည့်လိုက်ပါသေးတယ်။ လူကြီးကတော့ ကျွန်တော့်ကို မျက်ရည်တွေ
သီဝေ့နေတဲ့ မျက်လုံးအစုံနဲ့ကြည့်ပြီး ဆေးရုံထဲကနေ ပြေးထွက်သွားပါတော့တယ်။ ညလုံးပေါက်ဖွင့်တဲ့ ဂုတ်ပတား ဆေး
ဆိုင်ကြီးကိုပေါ့ဗျာ။
ဆေးရုံအပြင်ဘက် လှမ်းထွက်ရုံရှိသေးတယ် မီးနီလေး တဖျတ်ဖျတ်နဲ့ ရဲ ဂျစ်ကားက ကျွီခနဲ ထိုးဆိုက်လာပြီး
ရဲအုပ်တစ်ယောက်နဲ့ ရဲသားနှစ်ယောက် ခုန်ဆင်းလာကြတယ်။ နောက်နှစ်ယောက်လည်း ပါသေးသဗျ။ တစ်ယောက်
က ဆွာပနား အိမ်တော်စောင့်။ တစ်ယောက်ကတော့ ဥယျာဉ်မှူး အဗ္ဗဒူ ရယ်။ အစောင့်ကောင်က ကျွန်တော့်ကို လက်
ညှိုးထိုးပြီး –
“ရဲအုပ်ကြီးခင်ဗျာ…ဟောဒါ ရာဂျူးဆိုတဲ့ အကောင်လေးပေါ့…သခင်မ ရာနီ အိမ်ထဲဝင်ပြီး ပိုက်ဆံခိုးတာ သူပဲ..”
ရဲအုပ်က ရဲသားနှစ်ယောက်ကို အမိန့်ပေးတယ်။
“သူ့အခန်းမှာလည်း ဘာမှမတွေ့ဘူး..သူ့ကိုယ်ပေါ်မှာ ပိုက်ဆံတွေ ရှိနိုင်တယ်..အိတ်တွေ ဘာတွေထဲ သေချာ
ရှာကြစမ်း…”
ရဲသားနှစ်ယောက်လည်း ကျွန်တော့်ကိုယ်ပေါ် စမ်းပြုပြီး ရှာတာပဲ။ ဘာတွေ့မှာတုန်း။ ပီကေလေး တစ်တောင့်ရယ်..
ပြောင်းဖူးစေ့လေးတွေရယ် နဲ့ကံကောင်းခြင်းတွေ မသယ်ဆောင်နိုင်တော့တဲ့ တစ်ရူးပီးတန် အကြွေစေ့ကလေးတစ်
စေ့ရယ်ပဲ တွေ့တာပေါ့။
“ဘာမှ မတွေ့ဘူး ဆရာရေ..ပိုက်ဆံဆိုလို့ ခြူးတစ်ပြားတောင် မတွေ့ဘူး..”
ရဲသားတစ်ယောက်က ပြန်ဖြေတယ်။
“ဟေ..တကယ်လားဟ..အေး ..မေးခွန်းလေးနည်းနည်းပါးပါးတော့ မေးရဦးမှာပေါ့..ကနေ့ညနေတုန်းက
ဒီကောင်ဘယ်မှာ ရှိနေလဲဆိုတာ သိအောင်လုပ်ရမယ်…”
“ဇတီဂျော့ရ်..ဟဇ်..”
ကျွန်တော့်နှုတ်ခမ်းကို တွန့်လိမ်ပြီး ပြောလိုက်တော့ ရာဇဝတ်အုပ်မင်း နားရှုပ်သွားပုံရတယ်။
“ဘာကွ..မင်းဘာပြောလိုက်တာလဲ..ငါမကြားလိုက်ဘူး..”
“ကျူရ်..အုစ်ကာရ်..အွဂျ်..ဇင်န် စီ ကွာ့ပ်..”
“ဘာတွေ ပြောနေတာတုန်း..ဟေ့ကောင် ဟာသလာမလုပ်နဲ့ …ခွေးမသား..သင်ခန်းစာ ပေးလိုက်ရ..”
ရဲအုပ်က နံပါတ်တုတ်ကို မြှောက်ပြီး ကျွန်တော့်ကို ရိုက်မယ်လုပ်တော့ အဗ္ဗဒူက ဝင်တားတယ်။
“မရိုက်ပါနဲ့ ရဲအုပ်ကြီးရယ်…ရာဂျူးက သူ့သူငယ်ချင်း ရှန်ကာ ဆုံးပြီးကတည်းက စိတ်ထိခိုက်ပြီး ခုလိုဖြစ်သွား
ရှာတာပါဗျာ..သူ့သူငယ်ချင်း ရှန်ကာကလေးကလည်း စကားကောင်းကောင်းမပြောတတ်ဘူး..ခုသူပြောသလိုမျိုး
ပဲ ပြောတာလေ..”
“ဪ..ဒီလိုလား..ဒါဖြင့်ရင် မင်းက ဘာလို့ သူ့ကို သံသယဝင်နေသေးတုန်း..အရူးတစ်ကောင်ဆီက ဘာမှ
တို့ မေးစမ်းလို့ရမှာ မဟုတ်ဘူး…ကိုင်း..သွားကြစို့ ..ဟေ့ကောင်တွေ”
ရာဇဝတ်အုပ်မင်းက သူ့လူတွေ လက်ယပ်ခေါ်ပြီး ကျွန်တော့်ကို တစ်ချက်ကြည့်တယ်။
“မင်းကို နှောင့်ယှက်မိတာ စိတ်မကောင်းဘူးဟေ့..ကဲ..မင်း အိမ်ပြန်လို့ရပြီ..ဟုတ်လား”
ပရ်ကဒူး..ပရ်ကဒူး ယမျဟားကရီး..အင်လ်ဗရ်ဆယ်..”
**********************
5 comments
Mr. MarGa
August 24, 2013 at 6:34 pm
ဇာတ်လမ်း အစ ကို ပြန်ရောက်လာတော့မယ်
အဆုံးသတ်ခါနီးပြီ
အဲဒီ ရဲ အတော် တုံးတယ်နော်….
ဒါမှမဟုတ် အပေါင်းအဖော်တွေကပဲ ကောင်းလွန်းတယ် ပြောရမလား မသိ
မွမ်ဘိုင်းကိုတော့ ကြားမှာ ဘာ အနှောင့်အယှက်မှ မတွေ့ဘဲ ချောချောမောမော ရောက်ကောင်းပါရဲ့
အလင်းဆက်
August 24, 2013 at 6:57 pm
ဇာတ် ရှိမ်ကတော့ မြင့်ပြီးရင့်မြင့်လာပြီ
ဖတ်ရင်း ဖတ်ရင်းနဲ့ လည်း စွဲလာပြီ
မြန်မြန်သာ ဆက်ပေးပါတော့ ကိုဘလှိုင်ရေ ့
ဝင့်ပြုံးမြင့်
August 24, 2013 at 10:49 pm
စာရေးသွက်လိုက်တာ ဆြာဘလှိုင်ရယ်။ လူကို တရကြမ်း ဆွဲခေါ်သွားနိုင်တယ်။
မောင်ဘလိူင်
August 26, 2013 at 11:45 am
ဖတ်ရှုအားပေးလို့ ကျေးဇူးတင်ပါတယ် အန်တီပြုံးရေ
Ma Ma
August 26, 2013 at 1:40 pm
စိတ်ခံစားနေရပုံလေးကို သူများက ကိုယ့်ကိုမြင်ပုံလေးနဲ့ ပြန်ရေးပြတဲ့ စာရေးနည်းကို သဘောကျလိုက်တာ။ 🙂
အင်းးးးးးးး သန်းကြွယ်သူဌေးဖြစ်ခါနီးပြီနော်။
နီတာ့ကို ထားခဲ့ရတာ စိတ်မချချင်စရာပဲ။