ဖတ်ကြည့်ပါ (၃)

nyanayAugust 3, 20101min751

တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ ဖိတ်ခေါ်လျက် ရှိပါတယ်။ မြို့နယ်ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဆရာဝန်တွေ လိုနေပါတယ်တဲ့။ အရင်တုန်းက တနှစ်တနှစ် အောင်ခဲ့တဲ့ ဆရာဝန်တွေ ငါးရာ ခုနှစ်ရာလောက် ရှိပါတယ်။ ခေါ်တဲ့ဆရာဝန်က ၁၅ဝ လောက်ပဲ ရှိပါတယ်။ အခုတော့ တနှစ်တနှစ် ဘယ်လောက်အောင်သလဲတော့ မသိဘူး။ ခေါ်တဲ့သူတွေက အများကြီးပဲ။ ဖြေတဲ့သူတိုင်းကို အအောင်ပေးပါတယ်။ ဒါပေမယ့် ဖြေတဲ့သူ တဖြေးဖြေး နည်းသွားပါတယ်။ ကျမကိုယ်တိုင် အရင်တုန်းက တိုင်းပြည် တာဝန်ထမ်းဆောင်ချင်တဲ့ ကျမဟာ အခုအခြေအနေမှာ သွားပြီးတော့ ဖြေရင် အောင်မယ်ဆိုတာ ကျမ သိပါတယ်။ အခုတော့ ကျမ တိုင်းပြည်တာဝန် ထမ်းဆောင်ချင်တဲ့စိတ် မရှိတာလား၊ အသက်ကပဲ ကြီးသွားတာလား မသိပါဘူး။ စိတ်မဝင်စားတော့ဘူး။ အခုတော့ ကျမဟာ ခပ်ညံ့ညံ့ ပြင်ပဆေးကု ဆရာဝန်ဘဝနဲ့ပဲ ဆက်ပြီးတော့ နေထိုင်လျက် ရှိပါတယ်။ အဲ့ဒါက ကျမရဲ့ ဆရာဝန်ဘဝ ညံ့ဖျင်းမှုတွေပါ။

ဆရာဝန်ဘဝ ပြောပြီးတော့ စာရေးဆရာဘဝ ညံ့ဖျင်းမှုတွေကို ဝန်ခံလိုပါတယ်။ ကျမ စာရေးဆရာအဖြစ် ဘာတွေညံ့သလဲ ဆိုတာကတော့ ကျမရဲ့ ဝတ္ထုဆောင်းပါးတွေကို ဖတ်တဲ့ ပရိသတ်တွေအနေနဲ့ ထူးပြီးတော့ ဝန်ခံစရာ မလိုလောက်အောင် သဘောပေါက်ပြီးသားလို့ ကျမ ယူဆပါတယ်။ ဒီတော့ ကျမစာရေးတာနဲ့ ပတ်သက်လို့ ကျမရဲ့ အရေးအသားတွေ၊ ဇာတ်လမ်းတည်ဆောက်ပုံတွေ၊ အတွေးအခေါ်တွေ ညံ့ဖျင်းတာကိုတော့ ကျမ မပြောတော့ပါဘူး။ ဒါပေမယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ညံ့ဖျင်းတာကိုတော့ ကျမ ပြောလိုပါတယ်။ ကျမဟာ စာရေးဆရာ ဖြစ်လို့သာ ဖြစ်လာရတယ်၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ စာရေးဆရာ ဘာ့ကြောင့် ဖြစ်ချင်သလဲလို့ တယောက်ယောက်က မေးလိုက်တဲ့အခါမှာ ကျမ အိုးနင်းခွက်နင်း အမြဲဖြစ်တတ်ပါတယ်။ ဘာဖြေလို့ ဖြေရမှန်း မသိပါဘူး။ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုပါ။ အခုအချိန်ကျမှ ပြန်စဉ်းစားကြည့်ရတယ်။ အရင်တုန်းက ကျမ မသိပါဘူး။ အခုအချိန်လဲ ကျမ ဘာဖြစ်လို့ ပြန်စဉ်းစားမိသလဲဆိုတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရေးတဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရလို့ပါ။ ဒေါ်ခင်မျိုးချစ်ကို အားလုံးသိကြမှာပါ။ အဲ့ဒီဆရာမကြီးက စာရေးတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဆောင်းပါးတပုဒ် ရေးဖူးပါတယ်။ သူက ဘာကို ဥပမာပြသလဲဆိုတော့ ဖိလစ်ပိုင်အမျိုးသား အာဇာနည်ခေါင်းဆောင် ဒေါက်တာ ဟိုဆေးရီဇော်နဲ့ ဥပမာ ပြပါတယ်။ ဒေါက်တာ ရီဇော်ဟာ သူစာရေးတဲ့ အချိန်တုန်းက သူနိုင်ငံဟာ ကိုလိုနီနိုင်ငံပါ။ သူ့တိုင်းပြည် လွတ်လပ်ရေး မရသေးပါဘူး။ အဲဒီတော့ သူဟာ သူ့တိုင်းပြည်လွတ်လပ်ရေးရဖို့ ကျနော် စာ(၃)အုပ် ရေးပါမယ်တဲ့။ အဲ့ဒီစာ (၃) အုပ်ရေးပြီးတဲ့ အထိ ကျနော့်တိုင်းပြည်ဟာ လွတ်လပ်ရေး မရသေးဘူးဆိုရင် ကျနော် ကိုယ့်ကိုယ်ကို သတ်သေ ပစ်လိုက်မယ်တဲ့။ အဲ့ဒီ ရည်ရွယ်ချက်နဲ့ ကျေညာပြီး စာရေးတဲ့ သူတယောက်ပါ။ တကယ်လဲ သူစာအုပ် ရေးခဲ့ပါတယ်။ စာအုပ်နှစ်အုပ် ရေးပြီးတဲ့အခါမှာပဲ သူ့တိုင်းပြည်ဟာ လွတ်လပ်ရေး ရသွားပါတယ်။ သူကိုယ်တိုင်ကတော့ နယ်ချဲ့အစိုးရက သူပုန်ဆိုပြီး သတ်မှတ်ပြီးတော့ သေနတ်နဲ့ ပစ်သတ်ကွပ်မျက်တာကို ခံခဲ့ရပါတယ်။ သူဟာ သူရဲကောင်း ပီသစွာ ကျဆုံးသွားပါတယ်။ အဲဒီ ဒေါက်တာရီဇော်ရဲ့ ရည်ရွယ်ချက်ကို ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ရေးပြလိုက်တဲ့အခါ ကျမ ကိုယ့်ကိုယ်ကို သိပ်ရှက်သွားပါတယ်။ ငါ ဘာရည်ရွယ်ချက်နဲ့ စာရေးတာလဲ။ သူများတွေများ ရည်ရွယ်ချက်က မွန်မြတ်လိုက်တာ။ မြင့်မြတ်လိုက်တာ၊ ငါ့မှာတော့ ဘာရည်ရွယ်ချက်မှ မရှိပါလား၊ ကျမရေးခဲ့တဲ့ ဝတ္ထုတွေ လေးငါးပုဒ်၊ လုံးချင်းစာအုပ်နဲ့ ဝတ္ထုတွေ ၃ဝ ကျော်၊ ငါဘာကို ရေးတာလဲ၊ အဲ့ဒီတခါ ကျမ နည်းနည်းတော့ သဘောပေါက်လာပါတယ်။ ကျမဟာ ရည်ရွယ်ချက်တော့ ရှိခဲ့ဟန် တူပါတယ်။ ဘာရည်ရွယ်ချက် လဲ တွေးကြည့်တော့ ကျမဝတ္ထုတွေထဲက ကျမ ပြန်ပြီးတော့ လေ့လာကြည့်ရသလောက်တော့ ကျမဟာ အမျိုးသမီးတယောက် ဖြစ်တာနဲ့အမျှ အမျိုးသမီးများရဲ့ ဂုဏ်သိက္ခာမြင့်မားရေး၊ တိုးတက်အောင်မြင်ရေး၊ ကိုယ်ကျင့်တရား မြင့်မြတ်ရေး အဲ့ဒါတွေကို ကျမ ဦးတည်ခဲ့ပုံရပါတယ်။ ကိုယ့်ဖာသာကိုယ် ပြန်ပြီးတော့ ဆင်ခြင်မိသလောက် ပြောရရင် ဒါတွေကြောင့် ရေးမိခဲ့တယ်နဲ့ တူပါတယ်။ ဒါတောင် အခုချိန်ထိ မသေချာသေးပါဘူး။ ဇဝေဇဝါ ဖြစ်တုန်းပါပဲ။ ဟုတ်မှဟုတ်ရဲ့လားလို့ ကျမကိုယ်ကျမ မသေချာသေးဘူး။ ဒါပေမယ့် ဒါ ထင်မြင်ချက်တခုပါ။ ကျမ အဲ့ဒီလို ရည်ရွယ်ချက်နဲ့ ရေးခဲ့မိတယ်လို့ ကျမ ကိုယ့်ဖာသာကိုယ်ပဲ ကောက်ချက်ချရပါတယ်။

ဒါက ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ကျမ ညံ့တာ၊ နောက်တခုက ကျမတို့ဟာ ဝတ္ထုတပုဒ် ကဗျာတပုဒ် ရေးတဲ့အခါ ကိုယ့်ရဲ့စာကို စာဖတ်ပရိသတ် ဖတ်စေချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ စာဖတ်ပရိသတ်ဆီကို ပို့ချင်တဲ့ ဆန္ဒလေးတွေ အမြဲရှိပါတယ်။ ဒါ့ကြောင့် ကျမတို့ စာတွေ ရေးပါတယ်။ ကိုယ့်ကိုယ်ကို ဖတ်ဖို့ ရေးတာထက် သူတပါးဖတ်ဖို့ ရေးတာက ပိုပြီးတော့ များပါတယ်။ အဲ့ဒီတော့ ကျမဟာ ပရိသတ်အတွက် ရည်ရွယ်ပြီးတော့ ဝတ္ထုတွေ အများကြီး ရေးတယ်။ ဒါပေမယ့် ပရိသတ်ဆီကို ရည်ရွယ်သော်လည်း ပရိသတ်ဆီကို မရောက်ပဲ မမျှော်လင့်ပဲ ရေမြောင်းထဲကို ရောက်သွားခဲ့ရတဲ့ ဝတ္ထုလေးတွေ၊ ကဗျာလေးတွေ ရှိပါတယ်။ အယ်ဒီတာစာပွဲက ဆုတ်ဖြဲပြီးတော့ ရောက်တာ မဟုတ်ပါဘူး။ အယ်ဒီတာ စာပွဲကနေ ကျော်သွားပြီးမှ အကြောင်းကြောင်းကြောင့် ကျမရဲ့ ဝတ္ထုလေးတွေ ကဗျာလေးတွေ ရေမြောင်းထဲကို ရောက်သွားတာ ကျမ ခဏခဏ ကြုံရပါတယ်။ ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုတွေထဲမှာ ပါပါတယ်။ တကယ်တော့ ကျမတို့ဟာ စာဖတ်ပရိသတ်တွေဆီကို ပို့တဲ့အခါမှာ ပရိသတ်ဆီရောက်အောင် ကျမတို့ ရေးနိုင်ရပါမယ်။ ဘယ်လို အတားအဆီးပဲရှိရှိ ဘယ်လို အဖြတ်အတောက်ပဲ ရှိရှိ ဒါကို လှည့်ပတ်ပြီး ပို့နိုင်ရပါမယ်။ အရေးကြီးတာက ပန်းတိုင်ရောက်ဖို့ပဲ။ ဒါပေမယ့် ကျမတို့က အဲ့ဒီလို မပို့တတ်ဘူး။ ကျမက ပိုပြီးတော့ မပို့တတ်ဘူး။ အဲ့ဒီတော့ ကျမက ရည်ရွယ်ချက်နဲ့ ပရိသတ်ဆီကို ရောက်အောင် ပို့ပေးလိုက်ပေမယ့် တခါတခါကျတော့ ကံအကြောင်း မသင့်လို့ ပရိသတ်ဆီကို မရောက်တော့ပဲ ရေမြောင်းထဲကို ရောက်သွားတာ ကြုံရပါတယ်။ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုပါ။ ရေမြောင်းထဲကို ရောက်သွားတဲ့ ဝတ္ထုလေးတွေ အများကြီး ရှိပါတယ်။ ကဗျာလေးတွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲက ကျမ ကဗျာတပုဒ်အကြောင်း ပြောပြချင်ပါတယ်။ ကဗျာလေးက တိုတိုလေးပါ။

ကဗျာလေးခေါင်းစဉ်က ‘လေလွင့်သူရဲ့တိမ်’ လို့ အမည်ပေးထားပါတယ်။ လွန်ခဲ့တဲ့ (၈) နှစ်လောက်က ရေးထားတာပါ။ ကျမ အဲ့ဒီကဗျာကို ပရိသတ်ဆီပို့ဖို့ အခုအချိန်ထိ ၃ ကြိမ်တိတိ ပို့ပြီးပါပြီ။ ၃ ကြိမ်လုံးလုံး ရေမြောင်းထဲပဲ ရောက်သွားပါတယ်။ ဒီတော့ အဲဒီကဗျာလေး ဘာကြောင့် ရေမြောင်းထဲကို ရောက်သလဲဆိုတာ ဝိုင်းပြီးတော့ ဆန်းစစ်ပေးပါလို့ ကျမ တောင်းပန်ချင်ပါတယ်။ ကျမ အဲ့ဒီကဗျာလေးကို ရွတ်ပြပါမယ်။ နဲနဲကြာပြီဆိုတော့ အလွတ်မရလို့ စာရွက်ကို ကြည့်ပြီးတော့ ရွတ်ပါမယ်။

မုန်းတီးသူများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

မုန်းတီးမှုတွေ စားရတယ်ဆိုတာ တခြား စားစရာ မရှိလို့ စားရတာပါ။ ကျမမှာက နေ့စဉ်နှင့်အမျှ မုန်းတီးမှုကို စားရပါတယ်။ တချို့ တချို့သော သူတွေ၊ ကံကောင်းတဲ့သူတွေကတော့ စားစရာတွေ အများကြီး ရှိမှာပေါ့။ အဟာရရှိတဲ့ အစားအစာတွေ အများကြီး စားတဲ့အခါမှာ သူတို့ရဲ့ ဗိုက်တွေကလဲ တဖြေးဖြေးနဲ့ ပိုပိုပြီး ပူလာပါတယ်။ (ရီသံ၊ လက်ခုပ်သံများ) အဲ့ဒီတော့ ဒီပရိသတ်ထဲမှာ ဗိုက်ပူသူ ရှိရင် (ရီသံများ) တချို့ကျတော့ ဘီယာသောက်လို့ ဗိုက်ပူတတ်ပါတယ်။ အဲ့ဒါတွေက တမျိုးပေါ့။ ကျမမှာတော့ သူများလို စားစရာ အဟာရလဲ သိတ်မရှိ၊ လူပုံကို ကြည့်လိုက်ပါ၊ လူပုံကလဲ ပိန်ပိန် ပုပု သေးသေးလေး၊ ဒါ အဟာရ မရှိလောက်ဖူးဆိုတာ သိလောက်ပါတယ်နော်။ ကျမတို့မှာက ဆန်စပါး။ ဝဝလင်လင် မစားရ။ တချို့တော့ ဆန်စပါးတင်မကဘူး၊ ဘိလပ်မြေတွေ ဘာတွေလဲ စားတတ်ကြတယ်လို့ ပြောပါတယ်။ (ရီသံများ) အဲ့ဒီတော့ ကျမက စားစရာ မရှိတော့ နေ့စဉ်နှင့်အမျှ ကိုယ့်ရဲ့ မုန်းတီးမှုကို ကိုယ့်အမုန်းတွေကို ပြန်ပြီး စားရင်း ကိုယ့်ကိုယ်ကို ခွန်အားဖြစ်အောင် နေခဲ့ရပါတယ်။ အဲ့ဒီအဓိပ္ပါယ်နဲ့ ကျမဟာ ကဗျာလေးကို အဲ့ဒီလို ရေးဖွဲ့ခဲ့ပါတယ်။

မုန်းတီးမှုများ
နေ့စဉ်စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းခဲ့ပြီ။

အဲ့ဒါကလဲ အဲ့ဒီကဗျာရေးတော့ ကျမက အသက် ၃ဝ မို့လို့ နှစ် ၃ဝ ကြာတဲ့ မီးလျှံများလို့ ရေးတာပါ။ (ရီသံများ)

လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရားတရင်း စိန်ခေါ်

(FWD Mail မှကူးယူဖော်ပြပါသည်။ အောက်ဆုံးအပို်ဒ်က ကဗျာအဆုံးသတ်မပါရှိခြင်းအတွက်တောင်းပန်အပ်ပါသည်။)(http://angwei.myanmarbloggers.org/) မှကူးယူဖော်ပြပါသည်။

One comment

  • လင်းဝေကျော်

    August 3, 2010 at 10:03 am

    ဂျူး ရဲ့ စာတစ်ပုဒ်ဖြစ်မယ် လို့ ထင်ပါတယ်။
    စာအရေးအသားပုံစံကြည့်ရတာ ရယ် နောက်ပြီး ဖတ်ဖူး ( စာပေဟောပြောပွဲ အခွေလားမသိ ) နားထောင်ဖူးသလိုလိုပါ။

Leave a Reply