မယားလေးယောက်နဲ့လူရဲ့ ဖွင့်ဟဝန်ခံချက်
ဒီဇာတ်လမ်းလေးက တကယ့်အဖြစ်အပျက်ပါတဲ့။
ဘယ်ဆီဘယ်တုံးကမှန်းမသိရတဲ့ ကာလတစ်ခုကပဲလို့ ထားပါတော့ဗျာ။
မယားလေးယောက်ရှိတဲ့ ကုန်သည်တစ်ယောက်အကြောင်းပါ။
ဒီဇာတ်လမ်းလေးကို သူသေခါနီးဆဲဆဲမှာ ရေးခဲ့တာပေါ့။
မယားလေးယောက်နဲ့လူရဲ့ ဖွင့်ဟဝန်ခံချက်လို့လဲ ဆိုချင်ဆိုနိုင်ပါတယ်။
ဒီလိုပါ။
စောစောက ပြောတဲ့အတိုင်းပဲ သူ့မှာ မယားလေးယောက်ရှိပါတယ်။
အဲဒီလေးယောက်ထဲမှာ လေးယောက်မြောက်မယားကို သူက အချစ်ဆုံးပါတဲ့။
သူလေးအတွက်ဆိုရင် ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ အဝတ်အစားတွေ ဆင်တယ်။ သူလေးကို အနူးညံ့ဆုံး အပျော့ပြောင်းဆုံး ဆက်ဆံတယ်။
သူ့မှာ ရှိသမျှ အကောင်းဆုံးဆိုတဲ့ အရာတွေကို သူလေးအတွက် ရည်ရွယ်ပါတယ်တဲ့။
တတိယမယားကိုကျတော့လဲ သူသိပ်ချစ်တာပဲတဲ့။ ဒီမယားလေးကတော့ သူ့အတွက်
ဂုဏ်ယူစရာတစ်ခုပါတဲ့။ သူလေးနဲ့တွဲပြီး မိတ်ဆွေအပေါင်းအသင်းတွေကြား
ပွဲတက်ရတာ အတော်ကျေနပ်ဖို့ကောင်းဆိုပဲ။ ဒါပေမယ့် သူလေး ဘယ်အချိန်မှာများ
ဘယ်သူနဲ့ လိုက်ပြေးသွားမလဲလို့ သူ့မှာ အမြဲစိတ်တထင့်ထင့်နဲ့
စိုးရိမ်နေရပါတယ်တဲ့။
ဒုတိယဇနီးကိုလည်း သူက ချစ်တာပဲတဲ့။ အင်း.. အချစ်တွေ တယ်ပေါနော်။
သူလေးကတော့ သိပ်ကိုကြင်နာတက်ပြီး အကူအညီအရမ်းရတဲ့ မိန်းမပါတဲ့။ အမြဲလည်း
သည်းခံတက်တယ်။ တကယ်တော့ သူလေးဟာ သူ့ရဲ့ တီးတိုးဖော် တိုင်ပင်ဖက်ပါတဲ့။
ကြမ်းတမ်းခက်ခဲမှုတွေ ကြုံလာရတဲ့အခါတိုင်း သူ့ကိုကူညီပြီးတော့
အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပေးတက်သူပါတဲ့။
ပထမ မယားကြီး။ သူကတော့ သိပ်ကို သစ္စာရှိတဲ့ အဖော်ပါတဲ့။ သူ့ရဲ့
စည်းစိမ်ဥစ္စာရှာဖွေမှုတွေ စီးပွားရေးလုပ်ငန်းတွေမှာ
အများဆုံးကူညီအကျိုးပြုခဲ့တဲ့ ဇနီးသည်တစ်ယောက်ပေါ့။ တစ်အိမ်လုံးရဲ့
ကိစ္စဝိစ္စတွေကိုလည်း သူပဲ စီမံခန့်ခွဲတာတဲ့။ ဒါပေမယ့်ပေါ့ဗျာ။ အဲဒီ
ပထမမယားကြီးကိုကျတော့ သူက မချစ်ဘူးတဲ့ဗျ။ ဟိုကတော့ သူ့ကို တကယ့်ကို
နှစ်နှစ်ကာကာ ချစ်ရှာပါတယ်။ သူကတော့ တစ်ခါတစ်လေမှာ ရှိတယ်လို့တောင်
အမှတ်မထား ဂရုမစိုက်မိတက်ပါဘူးတဲ့။
တစ်နေ့မှာတော့ ကုန်သည်ဟာ နာမကျန်းဖြစ်လာပါတယ်။
သိပ်မကြာခင်အချိန်အတွင်းမှာပဲ သူဟာ သေရတော့မယ်ဆိုတာကို
သဘောပေါက်လာပါတယ်တဲ့။ စည်းစိမ်ဥစ္စာတွေ ပြည့်စုံကြွယ်ဝတဲ့
သူ့ဘဝအကြောင်းကို စဉ်းစားမိလာပါတယ်။ အင်းပေါ့ မယားလေးယောက်အကြောင်းလဲ
ပါတာပေါ့။ သူက “အခုငါ့မှာ မယားလေးယောက်တောင်ရှိနေတယ်။ ဒါပေမယ့်
ငါသေသွားရင် တမလွန်မှာ ငါတစ်ယောက်ထဲ ဖြစ်နေတော့မှာပဲ။ အရမ်းကို
အထီးကျန်မှာပဲ” လို့ စဉ်းစားမိသတဲ့။
အဲဒါနဲ့ပဲ သူ့ရဲ့အချစ်ဆုံး စတုတ္ထမယားလေးကိုခေါ်ပြီး ပြောပါတယ်။ “မိန်းမရေ
မင်းကို ကိုယ်အချစ်ဆုံးပါ။ မင်းအတွက်ဆို ကောင်းပေ့ညွန့်ပေ့ဆိုတဲ့
အဝတ်အစားတွေ ပုံအောပေးခဲ့တယ်။ မင်းကိုလည်း အရမ်းကို ဂရုစိုက်ခဲ့တယ်။
အခုတော့ ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်”
“ဟင့်အင်း လုံးဝမဖြစ်နိုင်ပါဘူး” သူလေးက ပြန်ပြောပါတယ်။ နောက်ထပ်လည်း
စကားတစ်ခွန်းတောင် ထပ်မပြောတော့ပဲ အနားကထွက်သွားပါသတဲ့။
ဒီအဖြေဟာ သူ့ရဲ့နှလုံးသားကို ဓါးထက်ထက်နဲ့ မွှန်းလိုက်သလိုပါပဲတဲ့။
ကုန်သည်ဟာ သိပ်ကို ဝမ်းနည်းကြေကွဲသွားပြီး တတိယ မယားကို ခေါ်ပြီး
ပြောပြန်ပါတယ်။
“မိန်းမရေ ကိုယ့်ဘဝတစ်လျှောက်လုံးမှာ မင်းကို သိပ်ချစ်ခဲ့ပါတယ်။ အခုတော့
ကိုယ်သေရတော့မယ်။ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားကွယ်”
“ဟင့်အင်း မဖြစ်နိုင်ပါဘူးရှင်” တတိယမယားက ပြန်ပြောပါတယ်။ “ဘဝဆိုတာ
ရှင်သန်နေရတာ သိပ်ကိုပျော်ရွှင်ဖို့ကောင်းပါတယ်။ ရှင်သေသွားခဲ့ရင်
ကျမကတော့ နောက်အိပ်ထောင်ပြုမှာပါ”
ကုန်သည်ရဲ့ နှလုံးသားဟာ ကွဲအက်ကြေမွသွားပြီး အေးခဲသွားခဲ့ပါတယ်။
သူက တတိယ မယားကို ခေါ်ပြီးမေးပြန်ပါတယ်။ “မိန်းမရေ ကိုယ်
အကူအညီလိုတဲ့အခါတိုင်း မင်းဆီကို လာခဲ့တယ်နော်။ မင်းကလဲ ကိုယ့်ကို
အမြဲတမ်း ကူညီပေးခဲ့တယ်။ အခု ကိုယ်မင်းရဲ့ အကူအညီကို လိုနေပြန်ပြီကွယ်။
ကိုယ်သေသွားတဲ့အခါ မင်း ကိုယ်နဲ့လိုက်ပြီး အဖေါ်လုပ်ပေးနိုင်မလားဟင်”
“မဖြစ်နိုင်ပါဘူးရှင်၊ ဒီတစ်ခါတော့ အစ်ကို့ကို ကျမ မကူညီနိုင်တော့ပါဘူး”
တတိယဇနီးသည်က ပြန်ဖြေပါတယ်။ “ကျမအလွန်ဆုံးလုပ်ပေးနိုင်တာကေ တာ့ အစ်ကို့ရဲ့
နောက်ဆုံးခရီးကို လိုက်ပို့ပေးနိုင်တာ တစ်ခုပါပဲ”
ဒီအဖြေဟာ မိုးကြိုးသွားတစ်ခုလို သူ့ရဲ့ နှလုံးသားကို ချေမွဖျက်ဆီးလိုက်ပြီး သူဟာ
ဝမ်းနည်းပက်လက်နဲ့ ယူကြုံးမရဖြစ်သွားပါတယ်တဲ့။
အဲဒီအချိန်မှာပဲ အသံတစ်သံက ပြောပါတယ်။ “ကျမ ရှင်နဲ့အတူ သွားပါ့မယ်။
ရှင်ဘယ်ကိုပဲ သွားသွား ကျမအတူလိုက်ခဲ့ပါမယ်” ကုန်သည်က
မော့ကြည့်လိုက်တဲ့အခါမှာတော့ အစာအဟာရ မပြည့်ဝတဲ့လူတစ်ယောက်လို
ပိန်လှီပြီး အရိုးနဲ့အရေပဲ ဖြစ်နေတဲ့ သူ့ရဲ့ ပထမဇနီးသည်ကို တွေ့လိုက်ရပါတယ်တဲ့။
အဲဒီတော့မှ ကုန်သည်ဟာ ဝမ်းနည်းကြေကွဲစွာနဲ့ ပြောရှာပါတယ်။
“ကိုယ် ဂရုစိုက်နိုင်တဲ့အချိန်တုံးက မင်းကို အခုထက်အများကြီး ပိုပြီး ဂရုစိုက် ခဲ့
သင့်တာပါကွယ်”
အခုတော့ ကုန်သည်ဟာ သေဆုံးသွားလောက်ရောပေါ့။ သူ့ရဲ့ ပထမဇနီးသည်လဲ သူနဲ့အတူ လိုက်သွားလောက်ရောပေါ့ဗျာ။
တကယ်တော့ ကျနော်တို့အားလုံးရဲ့ ဘဝမှာ မယားလေးယောက်စီ ရှိပါသတဲ့
၁။ စတုတ္ထမယားဆိုတာ ကျနော်တို့ရဲ့ ရုပ်ခန္ဓာကိုယ်ပါတဲ့။ ဘယ်လောက်ပဲ သူ့ကို
ကြိုးစားပမ်းစား ရက်ရက်ရောရော အလှဆင်ပေမယ့် ကျနော်တို့သေဆုံးသွားတဲ့အခါ
ကျနော်တို့ကို စွန့်ခွာသွားမှာပါပဲတဲ့။
၂။ တတိယမယားဆိုတာ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုတွေ ရာထူးဂုဏ်သိမ်
စည်းစိမ်ဥစ္စာတွေပါတဲ့။ ကျနော်တို့ သေဆုံးသွားတဲ့အခါ တခြားသူတွေဆီကို
ရောက်သွားမယ့် အရာတွေပါတဲ့။
၃။ ဒုတိယ မယားဆိုတာကတော့ ကျနော်တို့ရဲ့ မိသားစုတွေနဲ့
မိတ်ဆွေသင်္ဂဟတွေပါတဲ့။ ရှင်သန်နေထိုင်စဉ်အတွင်းမှာ ဘယ်လောက်ပဲ
ရင်းနှီးချစ်ကျွမ်းဝင်မှုတွေရှိ ကြပေမယ့် သူတို့တစ်တွေ အလွန်ဆုံး
အတူရှိနေနိုင်တဲ့အချိန်ဟာ ကျနော်တို့ရဲ့ နောက်ဆုံးခရီးကို
လိုက်ပါပို့ဆောင်ချိန် အထိပါပဲတဲ့။
၄။ ပထမ မယားကြီးဆိုတာကတော့ ကျနော်တို့ရဲ့ စိတ်ဝိညာဉ်ပါတဲ့။ ရုပ်ဝတ္ထုတွေ
စည်းစိမ်ချမ်းသာတွေနဲ့ ကာမဂုဏ်အာရုံတွေနောက်ကို ကောက်ကောက်ပါအောင်
လိုက်ရင်း အမြဲလိုလို မေ့လျှော့ ဥပေက္ခာပြုထားခြင်းခံနေရတဲ့ အရာပါတဲ့။
စဉ်းစားကြည့်လိုက်ပါ။ တကယ်တော့ စိတ်ဝိညာဉ်ကသာ ကျနော်တို့ ဘယ်သွားသွား
အမြဲအတူလိုက်နေမယ့် အရာပါ။ အိပ်ယာပေါ်မှာ သေငယ်ဇောနဲ့ မျောနေမယ့်
အချိန်အထိမစောင့်ပဲနဲ့ အခုကတည်းက သူ့ကို ကျန်းမာသန်စွမ်းလာအောင်
လေ့ကျင့်ပျိုးထောင်ထားဖို့ဆိုတာ အကြံကောင်း ဉာဏ်ကောင်းတစ်ခု မဟုတ်လားဗျာ။
(အင်တာနက်မှာ တွေ့ရတဲ့ စာလေးတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ။
တကယ်တော့ ဒါဟာ အစ္စလမ်ပုံပြင်တစ်ပုဒ်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့
စိတ်ဝိညာဉ် ဆိုတဲ့နေရာမှာ ‘ကမ္မ’ သို့မဟုတ် ‘ကံ’ လို့ အစားထိုး မှတ်ယူနိုင်ပါတယ်။)
forward လေးပါဘဲ။
21 comments
laaminnthar
August 3, 2010 at 1:17 pm
အပြင်ကလူတွေရဲ့စိတ်ထားကလဲ အဲဒီလိုပဲ ဖြစ်လိမ့်မယ်ထင်တယ် အတော်ကောင်းတဲ့ပုံပြင်လေးပါ
တရားသဘောလဲ ကြည့်လို့ရတယ်လေ လူတိုင်းဖတ်သင့်ပါတယ်။
kopauk mandalay
August 3, 2010 at 3:42 pm
လူတိုင်းအမှတ်တမဲ့ ထားခဲ့ကြတဲ့ အကြောင်းအရာလေးပါဗျာ။
သိပ်ကောင်းပါတယ် ။
သိဘူးပေမဲ့ပြန်ဖတ်ရတာကျေးဇူးပါ။
kai
August 3, 2010 at 7:19 pm
တထောင့်တညပုံပြင်တွေ သတိရမိတယ်..။
အစ္စလမ်ဘာသာက လူတွေအတွက် သိပ်ရှုပ်ရှုပ်ထွေးထွေးဖြစ်မနေပဲ နားလည်ရလွယ်တာမို ့ကမ်ဘာမှာ လူတွေပြောင်းလဲကိုးကွယ်တာ အများဆုံးဖြစ်နေတယ်လို့ ဒီတလောဖတ်မိတဲ့စစ်တမ်းကဆိုပါတယ်။ အခုပုံပြင်လေးဖတ်ကြည့်တော့လည်း ဒီအတိုင်း မြင်ရတယ်။
မြန်မာထေရဝါဒဗုဒ်၊ဘာသာအရ အခုပုံပြင်ကို သုံးသပ်ရင် မယား၄ယောက်စလုံး သေတဲ့အခါ အတူတူပါချင်ပါမယ်။ မပါချင်မပါဘူး။ အဓိပါယ်ထွက်မှာပဲ..။ ရုပ်လှချင်ရင်.. စည်းစိမ်ဥစ္စာတွေပါလာချင်ရင်..၊ ရေစက်မကုန်ချင်ရင်…လူဟာ ဒီဘဝမှာ ဒါန၊သီလ၊ဘဝနာတွေလုပ်ရမယ်ဖြစ်လို့ပါ..။
ကံ..ကံ၏အကျိုးဆိုတာကိုး..။
yawhan
August 4, 2010 at 3:44 am
ဟုတ်တယ် တထောင့်တညပုံပြင်တွေသတ်ိရမိတယ်ဗျာ။နီးစပ်ရာသူငယ်ချင်းတွေကို forward လုပ်ပေးရဦးမယ်။
ဒ ီhttp://anti786.blogspot.com/2010/01/blog-post_12.html မှာလဲသွားပြီးအားပေးပါဦး။
unclegyi1974
August 13, 2010 at 4:22 pm
ပုံပြင်လေးဖတ်ရတာပုံပြင်ဆရာရွှီးကိုသွားသတိရမိတယ်၊
အစ်စလမ်ပုံပြင်ဆိုပေမဲ့၊မြန်မာတရားတော်နဲ့လဲညှိလို့ရပါတယ်၊
ယူတတ်ရင်သင်ခန်းစာပါ။
ကောင်းပါတယ်။
kopainglay
August 14, 2010 at 5:39 am
အော် ကျွန်တော်လဲ မယားလေးယောက်လုံးကိုလုပ်ကျွေးမှဖြစ်တော့မယ်ဗျာ အခုထဲကအကုန်လုံးကိုစိတ်ချမ်းသာအောင်ထားမှဗျ ပေးစပ်ဖို့သက်သက်ပေါ့
Khin Thida Soe
August 23, 2010 at 8:04 am
အရမ်းကောင်းတဲ့ post လေးပါ
ကျေးဇူး အများကြီးတင်ပါတယ်
ohyesboy
September 8, 2010 at 1:29 pm
yawhan ဆိုတဲ့ သူတစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေအားလုံးဟာ ကောမန့်မှာ ဘာသာပေါင်းစုံ ညီညွတ်ရေး ကို ဦးတည်ရေးသားပေးခဲ့ပါတယ်။ yawhan ဆိုတဲ့ သူကို အပြင်းအထန် ရှုံ့ချပါတယ်။ လူကြီးလူကောင်းဆန် စေချင်ပါတယ်။ ကောမန့်စည်းကမ်းတွေကို သေသေချာချာ ဖတ်စေချင်ပါတယ်။ အဆင့်အတန်းရှိတဲ့ ဒီသတင်းစာမှာ အဆင့်ရှိရှိ ပါဝင်စေချင်ပါတယ်။
cruz
October 24, 2010 at 8:08 pm
good story …..
htet way
October 28, 2011 at 8:39 pm
ပုံပြင်လေးကသိပ်ကောင်းပါတယ်။မမြဲတရားကိုရှူတတ်အောင်သတိပေရင်းသတိကပ်စေ
ချင်တာပါ။တကယ်တော့ဝိပဿနာဟာဘာသာတိုင်းမှာရှိပါတယ်။ခန္တာဟာနိပ်စက်တယ်
နိပ်စက်တတ်တဲ့ခန္တာကိုစွန့်ပြီးမြတ်သောနိဗန်ကိုရစေချင်သူတိုင်းကျင့်ကြံအားထုပ်ကြပါ
တယ်။အစ္စလာမ်မှာကောင်းမြတ်သောအကျင့်သီလဆောက်တည်သူသာအောင်မြင်မယ်
လို့ဆုံးမထားပါတယ်။လေ့လာကြည့်တဲ့အခါသူတို့မှာလည်းစိတ်ကျင့်စဉ်တွေရှိပါတယ်။
အများအကျိုးဆောင်ဖို့၊ပညာရှာဖို့၊မိဘမဲ့ကလေးတွေထူထောင်ဖို့တွေကုရ်အာန်ကျမ်းစာ
ကညွှန်ကြားထားတာရှိပါတယ်။စိတ်သန့်ရှင်းမှကျင့်ကြံအားထုတ်မူတွေအထမြောက်
ကြောင်းလေ့လာမိပါတယ်ခင်ဗျား။
windtalker
October 28, 2011 at 9:00 pm
ကောင်းလိုက်တဲ့ ပို ့စ်လေးပဲဗျာ ။
အတွင်းမယားလေးယောက်ကော ၊ အပြင်မယားလေးယောက် ပါ
ရှယ်ဖြစ်အောင် ကြိုးပမ်းအားထုတ်ရမယ်ဗျို ့
အတိသဉ္ဇာ နာဂရ ချစ်သူ
January 17, 2012 at 11:11 pm
(အင်တာနက်မှာ တွေ့ရတဲ့ စာလေးတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ။
တကယ်တော့ ဒါဟာ အစ္စလမ်ပုံပြင်တစ်ပုဒ်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့
စိတ်ဝိညာဉ် ဆိုတဲ့နေရာမှာ ‘ကမ္မ’ သို့မဟုတ် ‘ကံ’ လို့ အစားထိုး မှတ်ယူနိုင်ပါတယ်။)
ဆိုတော့ ဘယ်ဘာသာဝင်ဘဲ ဖြစ်ပါစေ ယူတတ်ရင် အဓိပ္ပာယ်အပြည့်ပါဘဲ။ကျေးဇူးပါနော်။
Kyithur Tun
January 17, 2012 at 1:01 am
အရမ်းကောင်းတဲ ့ပုံပြင်လေးပါ တော်တော်လေးမို်က်ပါတယ်
kokothandar
January 17, 2012 at 12:54 pm
မိန်းမ နှစ်ယောက်ယူပြီးလို့နည်းလမ်းလေး ရမလားကြည့်မိပါတယ် နောက်တစ်ယောက်မယူရဲအောင်လုပ်
သွားတာဘဲ ဘင်လာဒင်ရဲ့အဖေကို အားကျနေတာဖြစ်တော့ နောင် မဖတ်တော့ဘူးဗျာ
ပျော်ပျော်နေသေခဲ ပါတဲ့ဗျာ
etone
January 17, 2012 at 3:52 pm
ဥပမာပေးတာမို့ … ဥပမာပေးတယ်ပဲ ထားပါတော့ … ။
အပြင်မှာ မိန်းမလေးယောက်ယူလို့ကတော့ တအိမ်ထဲ အတူနေဖို့နေနေသာသာ ၊ ရင်ဘတ်စည်တီး ငိုကြီးချက်မနဲ့ တနေ့တနေ့ နတ်ကန္နားပေးသလိုချည်းဖြစ်နေမှာ …. ။
(မိန်းမလေးယောက်တပြိုင်ထဲ ယူထားသူများ ရှိကောင်းရှိပါလိမ့်မယ် .. သို့သော် ရှားသှ် ။ )
ရွှေဘိုသား
January 17, 2012 at 7:14 pm
မအိတုံ တလွဲတွေ မတွေးနဲ့လေ ဟဲဟဲ
ကောင်းပါတယ်ဗျာ ဖတ်ဖူးပေမဲ့ အသွင်ထူးစွာ ပြန်လည်ခံစားရပါတယ်
Rose Minn
January 18, 2012 at 10:45 am
ဖြစ်တက်တဲ့ မမြဲသဘောကို ပုံပြင်လေးက ညွှန်ပြဆုံးမပါတယ်။ ဘာသာရေး အရမကြည့်ပဲလူဘဝမှာ ဆင်ခြင်နိုင်စရာ သတိပေးထားတာဆိုရင်ပိုမှန်ပါလိမ့်မယ်။
“အိပ်ယာပေါ်မှာ သေငယ်ဇောနဲ့ မျောနေမယ့်
အချိန်အထိမစောင့်ပဲနဲ့ အခုကတည်းက သူ့ကို ကျန်းမာသန်စွမ်းလာအောင်
လေ့ကျင့်ပျိုးထောင်ထားဖို့ဆိုတာ အကြံကောင်း ဉာဏ်ကောင်းတစ်ခု မဟုတ်လားဗျာ” ဆိုတာလေးကို အကြိုက်ဆုံးပဲ။ လေ့ကျင့်ကြည့် ကြပါစို့ရယ်နော်။
kyeemite
January 18, 2012 at 11:24 am
မှတ်သားစရာကောင်းတဲ့ပုံပြင်လေးပါ..ပညာသားပါတယ်..
သင့်ခရုဗျုု့ိ
cobra
January 18, 2012 at 12:57 pm
မယားလေးယောက်လုံးကကောင်းကြပါတယ်
သူ့အရွယ်နဲ့သူတော့အားလုံးအဆင်ပြေပါတယ်
ပညာပေးလေးမို့ တင်ပေးတာလည်းကျေးဇူးတင်ပါတယ်လေ……..
Green Rose
January 18, 2012 at 2:13 pm
By reading your story, I find out one things that ” We all are alone” And there was a word of Lord Boddah ” Rely on one self”
Most of us are wishing and begging when we need something that we couldn’t get easily.
But the truth is we only get what we try to get.
Thanks for your story.
Bartholomew Sawyer
April 17, 2012 at 1:26 am
worth reading 🙂