ပုလဲတစ်လုံး – အပိုင်း ( ၁ )
ကီနို နိုးတော့ မနက်အစောကြီးပဲရှိသေးတယ်။ ကောင်းကင်မှာ ကြယ်တွေကို မြင်နေရတုန်းပဲ။
ကြက်တွေက တွန်စပြုပြီး ဝက်တွေလည်း စားဖို့ရှာဖွေနေကြတယ်။ သစ်သားအိမ်လေးရဲ့ အပြင်မှာတော့
ငှက်ကလေးတွေ တစ်ကိုင်းကနေတစ်ကိုင်းကူးပြီး သီချင်းသီကျူးနေကြတယ်။
ကီနို တံခါးကလာတဲ့ အလင်းရောင်ဆီကို မျက်စိဖွင့်ကြည့်လိုက်တယ်။ နောက် ..သားဖြစ်တဲ့ ကိုရိုတီတို အိပ်နေတဲ့
ပုခက်ဘက်ကို လှမ်းကြည့်လိုက်တယ်။ ပုခက်ကြိုးကို အိမ်ခေါင်မိုုးမှာ ချိတ်ဆွဲထားတယ်။
နောက်ဆုံး သူ့ဘေးနားက ဖျာပေါ်မှာအိပ်နေတဲ့ သူ့ရဲ့ မိန်းမဖြစ်တဲ့ ဂျူနာဘက်ကို လှမ်းကြည့်လိုက်တယ်။
တဘက်တစ်ထည်က ခန္ဓာကိုယ်ပေါ်တစ်ဝက် မျက်နှာကိုတစ်ဝက်ဖုံးထားတယ်။
ဂျူနာရဲ့ မျက်လုံးက ပွင့်နေတယ်။ ကီနို နိုးတဲ့အချိန်တိုင်း ဂျူနာက အရင်နိုးနေပြီ။ သူမရဲ့မျက်လုံးတွေက ကြယ်ကလေးတွေလိုပဲ။
ကီနို အိပ်ယာအနိုးကို လှမ်းကြည့်နေတယ်။
ကီနိုတစ်ယောက် ကမ်းခြေက လှိုင်းပုတ်သိုံတောင် ကြားနေရတယ်။ အဲဒီ လှိုင်းပုတ်သံတွေဟာ မနက်ခင်းမှာ ကြားရတဲ့ တေးသံသာတွေလိုပဲ။ ကီနိုတစ်ယောက် လေတွေကအေးလွန်းလို့ စောင်ကို နှာခေါင်းဖုံးအောင်ထိခြုံထားတယ်။
ကီနို ထပ်ကြည့်လိုက်တော့ ဂျူနာတစ်ယောက် အိပ်ယာကနေ ကသတ်ကရက်ထပြီး ကိုရိုတီတို အိပ်နေတဲ့ ပုခက်ဆီသွားလို့ ပုခက်ကိုလွှဲပြီး ချော့သိပ်နေတယ်။ ကလေးလေးခဏနိုးလာပြီး မကြာခင်ပဲ ပြန်အိပ်ပျော်သွားတယ်။
ဂျူနာတစ်ယောက် မီးဖိုဆီသွားပြီး စတင်မီးမွှေးတယ်။ကီနိုတစ်ယောက်လည်း စောင်ခြုံထဲကထွက်လို့ဖိနပ်စီးပြီး အပြင်ကို စထွက်တော့တယ်။ မတ်တပ်ရပ်ရင်း နေအထွက်ကို ကြည့်နေတယ်။
ပင်လယ်နားမှာ ပေါ်နေတဲ့ အနီရောင်တိမ်တစ်စကို တံခါးပေါက်နားမှာထိုင်ကြည့်ရင်းကနေ စောင်ကိုခြေထောက်အထိ ကီနို ဆွဲတင်လိုက်တယ်။ ဆိတ်တစ်ောင်အနားရောက်လာပြီး ကီနိုကို ကြည့်နေတယ်။ ကီနိုတစ်ယောက် အိမ်ထဲက မီးဖိုထဲမှာ မနက်စာအတွက် ပြောင်းဖူးကိတ်လုပ်ရင်းအလုပ်ရှုပ်နေတဲ့ ဂျူနာကို တံခါးကြားကမြင်နေရတယ်။
ရုတ်တရက်ထွန်းလင်းလာတဲ့ နေရောင်ကြောင့် ကီနိုတစ်ယောက် မျက်စိကိုပိတ်ပစ်လိုက်ရတယ်။ ကီနိုတစ်ယောက် ပြောင်းဖူးကိတ်မုန့်ရဲ့ အနံ့ကိုပါရလာတယ်။ ကြောက်လန့်နေတဲ့ခွေးပိန်တစ်ယောက်ရောက်လာပြီး ကီနိုဘေးမှာ လာအိပ်နေတယ်။
ယနေ့မနက်ခင်းကလည်း အခြားနေ့တွေလိုပဲ လှပတဲ့ မနက်ခင်းတစ်ခုပဲ။
ဂျူနာတစ်ယောက် ကိုရိုတီတိုကို ပုခက်ထဲကနေ ထုတ်လာတယ်။ ကလေးကို မျက်နှာသစ်ပေးပြီး သူမရဲ့ပဝါနဲ့ခြုံထားပေးလိုက်တယ်။ ကလေးကိုချီရင်း အစားကျွေးတယ်။ ဒါတွေကို ကီနိုတစ်ယောက် လှည့်ကြည့်စရာမလိုဘဲ အသံကြားရုံနဲ့သိနေတယ်။
ဂျူနာတစ်ယောက်သီချင်းဟောင်းတစ်ပုဒ်ထဲကိုပဲ ပုံစံအမျိုးမျိုးနဲ့ဆိုနေတယ်။ အဲသီချင်းက ကီနိုကိုသာမကဘူး ကိုရိုတီတိုပါ သဘောကျတယ်။
ကီနိုအိမ်မှာ သစ်သားခြံစည်းရိုးတစ်ခုရှိတယ်။ အဲဒီခြံစည်းရိုးရဲ့အနောက်မှာ အခြားအိမ်လေးတွေရှိနေသေးတယ်။ မီးခိုးတွေအဲဒီအိမ်ဘက်ကနေထွက်လာတယ်၊ နောက် သူတို့တွေ မနက်စာစားနေကြတဲ့အသံတွေပါ ကြားနေရတယ်။
ဒါပေမယ့် အဲဒီက အသံတွေဟာ ကီနို့အိမ်က အသံတွေလိုမဟုတ်ဘူး။ သူ့အိမ်နီးချင်းတွေရဲ့ ဇနီးတွေဟာလည်း ဂျူနာလိုမျိုးမဟုတ်ကြဘူး။
မနက်ခင်းလေက သိပ်မအေးတော့တဲ့အတွက် ကီနိုတစ်ယောက် စောင်ကို မျက်နှာပေါ်ကနေခွာချလိုက်တယ်။
ကီနိုက ငယ်ရွယ်တယ် ၊ သန်မာတယ်၊ သူ့မှာ အားကောင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သန်မာတဲ့မေးရိုးတွေကို ပိုင်ဆိုင်ထားတယ်။
နေရောင်ခြည်က အိမ်ပေါ်ကို ထိုးကျလာတယ်။ ခြံစည်းရိုးနားမှာတော့ ကြက်ဖနှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် ခွပ်ဖို့တာစူနေကြတာကို ကီနိုခဏစောင့်ကြည့်တယ်။ တောင်တန်းတွေဆီကို ပျံသန်းကြတဲ့ငှက်တွေကိုလည်း ခဏကြည့်တယ်။
ကမ္ဘာကြီးနိုးထလာတယ်။ ကီနိုတစ်ယောက် သူ့ရဲ့ သစ်သားအိမ်ထဲကို ဝင်လာတယ်။ ဂျူနာက မီးဖိုနားမှာထိုင်နေဆဲပဲ။ ကီနိုဝင်လာတုန်းမှာပဲ ဂျူနာတစ်ယောက် ကလေးကို ပုခက်ထဲပြန်ထည့်သိပ်လိုက်တယ်။ နောက်တော့ သူမရဲ့ နက်မှောင်လှတဲ့ဆံပင်တွေကို စတင်ဖီးသင်ပြီး အစိမ်းရောင်ဖဲကြိုးတစ်စနဲ့ချည်လိုက်တယ်။ကီနိုတစ်ယောက်မီးဖိုဘေးမှာထိုင်ရင်း ပြောင်းဖူးကိတ်ပူပူလေးစားနေတယ်။ မနက်စာကို ပြောင်းဖူးကိတ်နဲ့နွားနို့ပဲ ကီနိုစားတယ်။ ကီနိုစားပြီးချိန်မှာပဲ မီးဖိုနားကို ဂျုနာပြန်ရောက်လာပြီး သူမရဲ့ မနက်စာကို စ စားတယ်။ စကားမပြောကြပေမယ့် ကီနိုရော ဂျူနာရော နှစ်ယောက်စလုံး ပျော်ရွှင်ကြတယ်။
နေရောင်ခြည်က အိမ်ထဲအထိ ပူနွေးလာပြီ။ နေရောင်ခြည်ဟာ ကိုရိုတီတို အိပ်နေတဲ့ပုခက်ထဲထိ ကျလာတယ်။ ပုခက်ကြိုးပေါ်ကနေ
တစ်ခုခု ရွေ့လျားလာတယ်။ ကီနိုနဲ့ဂျူနာ ငြိမ်သက်ပြီးကြည့်နေတယ်။အမြီးထောင်နေတဲ့ကင်းမြီးကောက်တစ်ကောင် တစ်ရွေ့ရွေ့ဖြေးဖြေးချင်းဆင်းလာနေတယ်။ ကင်းမြီးကောက်ရဲ့အမြှီးမှာ အဆိပ်ရှိတဲ့ အဆိပ်ဆူးရှိတယ်။အဲဒီအမြှီးဟာ တစ်ခုခုကို ထိုးမယ်ဆိုရင် ခေါင်းပေါ်ကနေကျော်ပြီး ထိုးတယ်။
ကီနိုတစ်ယောက် အသက်ရှူသံကျယ်လွန်းတာကြောင့် နှာခေါင်းနဲ့မရှူဘဲ ပါးစပ်ကိုဟလို့ ရှူနေရတယ်။ ကင်းမြီးကောက်ကတော့ ကြိုးပေါ်ကနေ တစ်ရွေ့ရွေ့နဲ့ ပုခက်ရှိရာကို သွားနေတယ်။ ဂျူနာတစ်ယောက် အသက်မရှူရဲဘဲ ဆုတောင်းနေတယ်။ ကီနို တစ်ယောက် အခန်းထဲကို ဖွဖွဝင်လိုက်တယ်။ သူ့ရဲ့မျက်လုံးတွေကတော့ ကင်းမြီးကောက်ကိုမလွတ်တမ်းကြည့်နေတယ်။ ကင်းမြီးကောက်အောက်က ပုခက်ထဲမှာတော့ ကိုရိုတီတိုတစ်ယောက် ရယ်မောရင်း သူ့လက်ကိုမြောက်နေတယ်။ ကင်းမြီးကောင် မြောက်နေတဲ့လက်ကိုမြင်တော့ ရပ်တန့်သွားတယ်။ အဆိပ်မြှီးကို ခေါင်းပေါ်ကျော်ပြီးကွေးလိုက်တယ်။ အဆိပ်နဲ့ပြောင်လက်နေတဲ့အမြီးအဆုံးကို ကီနိုမြင်နေရတယ်။ ကီနိုတစ်ယောက် ငြိမ်ငြိမ်သက်သက်နဲ့ လက်ကိုဖြည်းဖြည်းချင်းတိုးနေတယ်။ကင်းမြီးကောက် အမြှီးကိုထပ်မြောက်လိုက်တယ်။ အဲဒီအချိန်မှာပဲ ကိုရိုတီတိုတစ်ယောက် ကြိုးကိုထိလိုက်တာကြောင့် ကင်းမြီးကောက် ပြုတ်ကြလာတယ်။
ကီနိုတစ်ယောက်လက်ကိုအမြန်ရှေ့ကိုရွေ့လိုက်ပေမယ့် ကင်းမြီးကောက်က ကီနိုရဲ့လက်ချောင်းတွေကြားကနေ ကလေးရဲ့ ပုခုံးပေါ်ကိုကျသွားတယ်။ ကိုရိုတီတိုကို ကင်းမြီးကောက် ကိုက်လိုက်ပြီ။
ကီနိုတစ်ယောက် တိရိစာ္ဆန်တစ်ကောင်လိုပဲ အော်ဟစ်ပြီး ကင်းမြီးကောက်ကိုကိုင်ပြီး မြေကြီးပစ်ချပြီး ရိုက်သတ်ပစ်လိုက်တယ်။ ကိုရိုတီတိုကတော့ နာလွန်းလို့ပုခက်ထဲမှာ အော်ဟစ်ငိုယိုနေတယ်။ ဂျူနာတစ်ယောက်ကလေးကို အမြန်ပွေ့ချီလိုက်တယ်။ ပုခုံးပေါ်က အနီရောင်အကွက်ကိုတွေ့တော့ နှုတ်ခမ်းနဲ့ အဆိပ်တွေကိုစုပ်ထုပ်ဖို့ ကြိုးစားတယ်။ ကိုရိုတီတိုတစ်ယောက်ကတော့ နာလွန်းလို့ အော်ဟစ်နေတယ်။ ကီနို အဲဒီအဖြစ်အပျက်ကို မတ်တပ်ရင်လို့ကြည့်နေရတယ်။ သူ ဘာမှ မလုပ်ပေးနိုင်ဘူး..
အိမ်နီးချင်းတွေ ကလေးရဲ့ အော်ဟစ်သံကြောင့် ရောက်လာကြတယ်။ ကီနိုရဲ့အစ်ကို သောမတ်စ် သူ့ရဲ့ ဝဖိုင့်ဖိုင့်ဇနီးနဲ့အတူ ကလေးလေးယောက်ပါ တံခါးဝမှာရပ်နေတယ်။ အားလုံးက အခန်းထဲကအဖြစ်အပျက်ကိုကြည့်ဖို့ကြိုးစားနေကြတယ်။ ခလေးလေးတစ်ယောက်ဆိုရင် ခြေထောက်တွေကြားကနေလှမ်းကြည့်ဖို့ကြိုးစားနေတယ်။ အရှေ့ကလူတွေက အနောက်ကလူတွေကို လှမ်းပြောတယ်။
“ကင်းမြီးကောက်၊ ကလေးကို ကင်းမြီးကောက်ကိုက်သွားလို့”
ဂျူနာတစ်ယောက် အဆိပ်စုပ်နေတာကိုရပ်လိုက်တယ်။ ဒဏ်ရာဟာနီရဲလာပြီး ပိုကြီးလာတယ်။ ကင်းမြီးကောက်အကြောင်းကို ဒီကလူတွေအကုန်သိကြတယ်။ အဆိပ်က လူကြီးတစ်ယောက်ကို တော်တော်နေမကောင်းဖြစ်စေသော်လည်း ခလေးဆိုရင်တော့ အဆိပ်ပြန့်သွားရင် လွယ်လွယ်သေနိုင်တယ်။
အဆိပ်ကြောင့်နာတာ နည်းနည်းသက်သာလာတော့ ကိုရိုတီတိုတစ်ယောက် အော်ငိုနေရာကနေ ငိုသံနည်းနည်းလျော့လာတယ်။
ဂျူနာက ခပ်ငယ်ငယ်မိန်းကလေးပေမယ့် သန်မာတယ်။ သူမဟာ ကီနိုကိုဖြည့်ဆည်းပေးရတာကိုပဲ ပျော်ရွှင်နေတတ်တယ်။
အလုပ်ကိုအရမ်းကြိုးစားတယ်။ ဂျူနာတစ်ယောက်ဖျားရင် ဘယ်တော့မှ ဆရာဝန် မပြဘူး။ ခုတော့ ဂျူနာတစ်ယောက် ကီနိုကိုပြောလိုက်တယ်။
“ဆရာဝန် ၊ ဆရာဝန်သွားရှာပြီး ပင့်ခဲ့ပါ”
John Steinbeck ၏ The Pearl ကို မြန်မာမှုပြုပါသည်။
15 comments
အရီးခင်
September 16, 2013 at 2:32 am
အပြေးအလွှား မို့ ထိပ်ဆုံးမှာဘဲ ဝင်ပြီး အသံပေးသွားပါတယ်။
ဒီ Post က ဆက်ရန် ရှိသေးတယ်ထင်ရဲ့။
ဖတ်လို့ တကယ်ဘဲ ကောင်းလှပါတယ်။
ပြောင်းဖူးကိတ် လဲစားချင်သွားတယ်။
ကလေးလေး အသက်ဘေးက လွတ်မှာပါမဟုတ်လား။
အဘ ဖားသက်ပြင်း
September 16, 2013 at 3:26 am
Oops.
နောက်ထပ်တြာမ တယောက်ပါတကား
လေးဇားပါအိ
ခင် ခ
September 17, 2013 at 4:55 pm
ဒါလေးတစ်ခု မှတ်တမ်းပြု
KZ
September 16, 2013 at 8:31 am
အဲလာ ဆေးဆာဂျီးက ပုလဲဝင်း ကို (အဲလေ) ပုလဲကြီးကို လိုချင်တော့မှာယားဟမ်?
😀
ဘာသာပြန်ထားတာ ရှင်းရှင်းလေးနဲ့ နားလည်အောင် ရေးတတ်လိုက်တာ။
ကောင်းပါ့။
တော်ပါ့ ကျောင်းအမလေးးးးး
kyeemite
September 16, 2013 at 11:02 am
ဘာသာပြန်တာကောင်းလိုက်တာ…ဆက်ရန်ရှိသေးပုံရတယ်နော
sorrow weaver
September 16, 2013 at 2:07 pm
ဆက်ရန်လေး မြန်မြန်လုပ်ပါဗျို ့
မနှင်းဖြူ မှန်မှန်ပြော
September 16, 2013 at 3:05 pm
ညက မမြင်မကန်း အိပ်ချင်မူးတူးနဲ့ ရေးလိုက်တာ
ပုလဲကနေ ပုလဲဖြစ်သွားယုံမက ..အပိုင်း(၁) ဆိုတာပါ ရေးဖို့ မေ့သွားတယ်ဗျို့ ..
၁၂ပို်င်းလောက်ရှိလိမ့်မယ် ..
KZ ပြောတာ မှန်ပါ့ … ပုလဲကို ဆေးဆရာစုတ်က လိုချင်မှာ ..
ကလေးလေး အသက်ဘေးလွတ်မလွတ်ကိုတော့ မကြာမည် ..လာမည် မျှော် ………. 😀
အလင်းဆက်
September 16, 2013 at 3:29 pm
ပုလဲ က နေ ပုလဲ လည်း ဖြစ်သွားးပါပြီ။
အပိုင်း (၁) လည်း ပါသွားပါပြီ။
🙂
========
စောင့်ဖတ်နေရဦးမယ့်
စာပေလက်ရာကောင်းလေး တင်ပြပေးတဲ့အတွက်
ကျေးဇူးပါ
🙂
ခင်မင် လျက်
ဆက်ဆက်
Mr. MarGa
September 18, 2013 at 8:06 pm
ဂျူနာကတော့ ဆရာဝန် ခေါ်ခိုင်းလိုက်တယ်
ဒီကလေး ကို ကုနိုင်မလား ဆိုတာပဲ လောလောဆယ် တွေးမိတယ် 🙂
မနှင်းဖြူ မှန်မှန်ပြော
September 19, 2013 at 7:16 am
မဟုတ်ဘူး မာဂိန်ရဲ့
သူဆိုလိုချင်တာက ဂျူနာက သူကိုယ်တိုင် ဖျားနာတုန်းကတောင်မှ ဆရာဝန်နဲ့ပြဖို့စိတ်ကူးမရှိဘူး။
ငွေမရှိတဲ့ ဆင်းရဲလူတန်းစားဆိုတော့ ဆရာဝန်နဲ့ပြဖို့ အတွေးတောင်မရှိဘူး။
ကလေးအလှည့်ကျမှ သူ ကျန်တာကို ဘာမှမစဉ်းစားနိုင်ဘူး။ မေတ္တာဇောနဲ့ ဆရာဝန်ကိုသွားသတိရတာ။
ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပါ။ တစ်ချို့စာတွေမှာ သူ့ရဲ့ မူရင်းစာလုံးလေးတစ်လုံးထဲက အဓိပ္ပါယ်အများကြီးရှိပေမယ့် အဲဒါကို ကျွန်တော် ထိထိမိမိ ရေးမပြနိုင်ဘူး။ ရှင်းမပြနိုင်ဘူး။ တချို့ဟာလေးတွေကျတော့လည်း မြန်မာလို ဘာသာပြန်ဖို့က ထောင့်တောင့်တောင့်ဖြစ်နေပေမယ့် မူရင်းစာမှာကျ အဲဒါစာလေးတစ်ခု မပါရင် အဓိပ္ပါယ်ပျက်သွားတော့ မြန်မာလို ဇွတ်မှိတ်ပြီး ထည့်ရေးလိုက်ရတာမျိုးတွေ၊ အများကြီး အများကြီးပဲ။ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပါ …
စိတ်မရှိကြပဲ အောင့်အီးပြီး သည်းခံဖတ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ မူရင်းစာကို ဖတ်ဖူးသူများလည်း ကျွန်တော်ဘာသာပြန်ထားတဲ့နေရာလေးတွေမှာ ဘယ်လိုမျိုးရေးလိုက်ရင် ပိုပြီးဖတ်လို့ကောင်းမယ် ၊ အဓိပ္ပါယ်ပိုကောင်းသွားမယ် ၊ စာချောသွားမယ် ဆိုတဲ့ ဝေဖန်ချက်နဲ့ အကြံပေးချက်များကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ 😀
အလင်းဆက်
September 19, 2013 at 7:57 am
ဘာသာပြန်ဆရာကြီးတစ်ယောက်ကတော့
ရမ်း ဘာသာမပြန်နဲ့ လို ့ပြောဖူးတာလေး ဖတ်ခဲ့ရတယ်။
ကျွန်တော်လည်း အတိုအစလေးတွေ ဘာသာပြန်ကြည့်တိုင်း
ခက်ခဲတဲ့ နေရာတွေဆို ရပ် ရပ်သွားလို ့
အဲဒီ စကားလုံးလေးတစ်လုံး ဝါကျလေးတစ်ကြောင်းကို
ဘာမှ မဖြစ်လောက်ပါဘူးလေ လို ့ တွေးပြီး ချန်ထားခဲ့ဖူးတယ်။
ချန်လှပ်ခဲ့တာလေးက
အနောက်ပိုင်းရောက်တဲ့အခါမှာ
ဇာတ်တစ်ပုဒ်လုံး ဆိုလိုချက်တစ်ခုလုံးကို အထောက်အကူပြုပေးနေတဲ့ အား ဖြစ်နေတာကို တွေ ့ရပြန်ရော
အဲဒီလို ဖြစ်တတ်တော့
ရမ်းးးဘာသာ မပြန်ရဲတော့ဘူးးးး
🙂
မနှင်းဖြူ မှန်မှန်ပြော
September 19, 2013 at 9:31 am
ကျွန်တော့်အမြင်ကိုပြောရမယ်ဆိုရင်တော့
အင်္ဂလိပ်စာပေတွေဟာ မူရင်းအင်္ဂလိပ်လိုဖတ်ရတာ ပိုအရသာရှိတယ်။
သူတို့နဲ့ကိုယ့်ရဲ့ Culture ကွာခြားချက်ကြောင့် တစ်ချို့စာတွေမှာ မြန်မာလို ဘာသာပြန်လို့အဆင်မပြေတာလေးတွေ ရှိကြတယ်။ ဒါပေမယ့် စာတစ်ပုဒ်လုံးမှာကျတော့လည်း အဲဒါလေးတွေ မပါရင် ခပ်ပေါ့ပေါ့ဖြစ်သွားပြန်ရော။ စာဖတ်ကျင့်လေးနဲ့ စာလုံးရှာတာလေး အကျင့်ပြန်လုပ်ချင်လို့သာ ဘာသာပြန်နေတာ … သိပ်တော့ အထာမကျလှပါဘူးဗျာ ..
😀 ရမ်းသမ်းပြန်နေတာထက် ကိုယ်နားလည်သလို လျှောက်ပြန်နေတာလို့ပြောရမယ်ထင်ပါ့.
အလင်းဆက်
September 19, 2013 at 9:45 am
ဒါပေါ့ဗျာ။
ဘာသာပြန်တဲ့အခါ
မြန်မာတွေ ဖတ်ဖို ့ မြန်မာ့စာပေလောက/ စာဖတ်သူနဲ့ ဘာသာခြားစာပေကို
ပေါင်းကူးဆက်သွယ်ပေးဖို ့ဆိုရင်
မြန်မာ အဆန်ဆုံးဖြစ်အောင်
မြန်မာမှုပြု တာ သာ
သဘောကျမိတယ်ဗျို့
အဲ
ကျွန်တော်လည်း
ကိုယ် မကျွမ်းကျင်တဲ့ နယ်ပယ် ကိစ္စထဲ
ထင်ရာမြင်ရာတွေ စွတ်ပြောနေမိပြီ
:kwi:
ရာမည
September 19, 2013 at 9:52 am
ဆက်လက်ပြီး စောင့်နေပါမယ်ခင်ဗျာ
ကျွန်တော်တို့ကမြန်မာလိုပဲ ဖတ်နိုင်တာဖြစ်လို့
ဘာသာပြန်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျ
Ma Ma
September 20, 2013 at 7:47 am
ဘာသာပြန်ပေးလို့ပဲ ဖတ်ရတာမို့ ကျေးဇူးတင်ပါတယ်။ 🙂