“ကိုယ်တွေ့လျှောက်လှမ်း ဓမ္မလမ်း”

sofiadimpleAugust 4, 20102min840

ဓမ္မနှင့် ပတ်သက်သော အတွေ့အကြုံမှတ်တမ်းများ

ငယ်စဉ်ဘဝ အတွေးများ

ကျွန်ုပ်သည် သိတတ်စအရွယ် ငယ်စဉ်ဘဝက အတွေးတစ်ခု ဝင်ခဲ့မိသည်။ အဲဒါဘာလဲဆိုတော့ နေ့စဉ် အနန္တော အနန္တ(၅)ပါးကို ရှိခိုးသည့်အခါတိုင်း ပေါ်ခဲ့သောအတွေးတစ်ခုဖြစ်သည်။

(၁) ဘုရားအား ရှိခိုးပါ၏။

ဒါကို စိတ်ထဲမှာ ရှင်းသည်။ မြတ်စွာဘုရားအား ရည်မှန်း၍ ဘုရား၏ဂုဏ်တော်ကို အောက်မေ့ကာ ကြည်ညိုလျက် ရှိခိုးခြင်းဖြစ်သည်။

(၂) တရားအား ရှိခိုးပါ၏။

ဒီမှာတော့ မရှင်းခဲ့ပါ။ တရားကို ရှိခိုးတယ်ဆိုတာတော့ ဟုတ်ပြီ။ တရားက ဘယ်မှာလဲ ? ။ ဘာကို တရားလို့ အောက်မေ့ရမှာလဲ ? ။ တရားစာအုပ်ထဲက တရားစာတွေကို ရည်မှန်းပြီး ရှိခိုးရမှာလား ? ။ စသဖြင့် အမြဲ ရှိခိုးတိုင်း သံသယနှင့်သာ ရှိခိုးခဲ့ရသည်။ ဘာကို စိတ်ကမှန်းပြီး ရှိခိုးရမှန်းမသိ။ ဒီအတွေးက ငယ်စဉ်ကစလို့ တရားဆိုတဲ့အပေါ် ဘာကြီးလဲ ? လို့ တွေးတွေးနေမိခဲ့သည်။

(၃) သံဃာအား ရှိခိုးပါ၏။

ဒါလည်း ရှင်းသည်။ အိမ်မှာ ဆွမ်းခံကြွတဲ့ သံဃာတွေကစလို့ သင်္ကန်းရုံထားသော သံဃာတွေကို ရည်မျှော်ပြီး ရှိခိုးခဲ့သည်။

(၄) မိဘအား ရှိခိုးပါ၏။

မိဘကတော့ ကိုယ့်ရှေ့မှာ သက်ရှိထင်ရှားဆိုတော့ ဘုရားစဉ်ရှေ့မှာ ရှိခိုးမနေဘဲ အမေ၊ အဖေကို ကိုယ်ထိ လက်ရောက် နေ့စဉ်ရှိခိုးခဲ့သည်။

(၅) ဆရာသမားများအား ရှိခိုးပါ၏။

ဒါလည်း ငယ်စဉ်ကစလို့ ယခုထိ သင်ကြားခဲ့သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ရည်မျှော်မှန်းပြီး ရှိခိုးခဲ့သည်။

ဒီ(၅)ပါးထဲမှာ ဘာမှန်းမသိတာ တရားတစ်ခုပါပဲ။ ဒါကြောင့် တရားဆိုတာ ဘာကို ခေါ်တာလဲလို့ သိချင်တဲ့ ဆန္ဒလေး ကိန်းအောင်းခဲ့ပါတယ်။ အင်း.. (၁၀)တန်းဖြေပြီးရင်တော့ တရားစခန်းတစ်ခုခုမှာ ဝင်ဖြစ်အောင် ဝင်ပြီး တရားကို သိအောင်လုပ်မယ်လို့ ရည်မှန်းထားခဲ့သည်။ (၁၀)တန်းလည်း ဖြေပြီးရော သူငယ်ချင်းတွေနဲ့ စခန်းဝင်ဖို့ တိုင်ပင်ပြီး ဝင်ခါနီးမှ ပျက်ဖို့အကြောင်းပေါ်လာပြန်တော့ အိမ်က အမကြီးကို ကိုယ့်ကိုယ်စားထည့်လိုက်ရတယ်။ အကြောင်းအကျိုးမညီညွှတ်သေးသမျှတော့ လွဲနေဦးမှာပါပဲ။ တခုခုဆို တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်က မွေးကတည်းက ပါလာလို့လားမသိ၊ ဒီတခါ တရားစခန်းမဝင်ဖြစ်ရင်လည်း ဇွတ်ဝင်ရအောင် လုပ်မှာပဲလို့ ကြွေးကြော်ခဲ့ဖူးပါသည်။ အဲဒီမှာ အမေက ပြောခဲ့သည်။ တရားမှာ ဇွတ်လုပ်လို့ မရဘူးတဲ့။ တချို့ဆို ဇွတ်ဝင်ချင်လို့ ဝင်ပြီး ရိပ်သာရောက်မှ ဘာဖြစ်၊ ညာဖြစ်ဆိုပြီး ပြန်ရာပြန်ကြောင်း ဖြစ်တတ်တယ်။ သူ့အကြောင်းတိုက်ဆိုင်ရင် အားလုံးလျှောလျှောရှုရှုလေးနဲ့ စိတ်ဖြောင့်လက်ဖြောင့် ဝင်နိုင်ရင် အကောင်းဆုံးပဲလို့ နားချမှ ငြိမ်သွားခဲ့တယ်။ ဒါပေမယ့် ဘယ်ရမလဲ။ အိမ်က တရားစာအုပ်စင်က တရားထိုင်နည်းစာအုပ်တွေ ရှာဖွေပြီး ဖတ်ကြည့်ခဲ့တော့ နှာသီးဖျား ဝင်လေထိသိ၊ ထွက်လေထိသိဆိုတာလေးကို နားလည်ခဲ့တယ်။ အဲဒါနဲ့ ကိုယ့်အိမ်မှာကိုယ် ဒီထွက်လေဝင်လေကို စမ်းတဝါးဝါးနဲ့ မှတ်ကြည့်ခဲ့တယ်။ ဒါပေမယ့် ဆရာ မပြ နည်းမကျခဲ့ပါဘူး။


အခြေအနေပေးပြီ

၁၉၉၃  ကစလို့  တရားစခန်းဝင်ချင်ခဲ့တဲ့ ဆန္ဒသည်  ၁၉၉ရ သင်္ကြန်တွင်းကာလကျမှပဲ ပြည့်ခဲ့ရပါသည်။ ရတဲ့အချိန်က (၁၀) ရက်၊ ကာလက သင်္ကြန်တွင်း၊  စောင့်ခဲ့ရတာလည်း ကြာပြီ။  ဒီအခွင့်အရေးလေးရတုန်းတော့

ငါ ဆရာခိုင်းတဲ့အတိုင်း အစွမ်းကုန်ကြိုးစားမယ်လို့ စိတ်ဆုံးဖြတ်ပြီး ဝင်ခဲ့ပါတယ်။ ရိပ်သာက “ ဗောဓိရိပ်သာ ” မှာပါ။ ပထမဆုံးဆရာကြီး ဦးမြင့်စိန်မှ နှာသီးဖျားထိသိ မှတ်နည်းလေး သင်ပေးသည်။ ဝမ်းသာလိုက်တာ။ အိမ်မှာ

စမ်းတဝါးဝါးနဲ့ လျှောက်မှတ်ကြည့်ခဲ့ရာက အခုတော့ ဆရာကောင်းနဲ့ သင်ခွင့်ရခဲ့ပြီပေါ့။ နှာသီးဖျားထိသိကို ပထမ(၃)ရက် သမာဓိထူထောင်တဲ့အနေနဲ့ သင်ပေးခဲ့ပါတယ်။ ဒါဟာ ပထမဆုံး တရားဆိုတာကို ထိတွေ့ဖို့ ခြေလှမ်းပဲလို့ စိတ်မှာ သဘောထားပြီး ဒီ(၃)ရက်အတွင်း ငါ အသက်ရှုနေသမျှ သိနိုင် အောင်ကြိုးစားမယ်လို့ သံဓိဋ္ဌာန်ချပြီး ကြိုးစားခဲ့ပါတယ်။ စားတဲ့အချိန်၊ ရေအိမ်သွားတဲ့အချိန်ကစလို့ တစ်ရက်ဆိုတစ်ရက် ငါ့အတွက်က ဒီတစ်ရက်ရဖို့လွယ်တာ မဟုတ်ဘူး၊ အထူးကြိုးစားရမယ်လို့ စိတ်ကို အားပေးပြီး တရစပ်ကို ရအောင် မှတ်ခဲ့ပါတယ်။

ထူးခြားမှု့(၁)

ဒီလို နှာသီးဖျားထိသိကို ကိုယ့်ကိုကိုယ် သတိအထူးထားပြီး မှတ်နေတော့ ဘာတွေထူးလည်းဆိုတော့ စိတ်ကလေးက ယောက်ယက်ခတ်မနေတော့ဘဲ ငြိမ်လာတယ်။ နောက် လေရှုလိုက်ရင် အေးကနဲခံစားရတယ်၊ နောက် ရှုလိုက်တဲ့လေသည် မီးခိုးတန်းသဖွယ်၊ အလင်းတန်းသဖွယ်၊ အမျိုးမျိုးအာရုံတွေ တွေ့ခဲ့ရတယ်။ အာခေါင်ထဲက ဘုရားတွေ အဆူဆူကြွလာတာ၊ ရောင်ခြည်တွေ၊ အလင်းတန်းတွေ ထိန်လင်းနေတာတွေကို ထူးခြားစွာဖူးခဲ့ရတယ်။ စိတ်တွေလည်း ပေါ့ပါးတည်ငြိမ်လာတာ တွေ့ရတယ်။ ဒါက ပထမ(၃)ရက်အတွင်း ထူးခြား ချက်လေးတွေပါ။

ဝိပဿနာတက်ခွင့်ရပြ

ဒီနောက် ဝိပဿနာသို့ ကူးခဲ့ပြီ။ ခန္ဓာကိုယ်က အပူဓာတ်တွေ လွန်ကဲစွာပြလာပြီ။ အို.. ပင်ပန်း လိုက်တာနော်။ သမာဓိ မှ ဝိပဿနာသို့ ပထမဆုံးခြေလှမ်းအကူးမှာ စိတ်က အထူးစူးစိုက်လို့ ငယ်ထိပ်က ခြေဖဝါးအထိ တရစပ် ရှေ့က ဆရာကြီးတိုင်ပေးတဲ့အတိုင်း အထူးကိုပဲ ထပ်ကြပ်မကွာ ရှု့မှတ်ခဲ့ပါတယ်။ အဲဒီတချိန်တည်းမှာပဲ ခန္ဓာကပြလာတဲ့ တဖြိုးဖြိုးတဖြန်းဖြန်း၊ တဖျောင်းဖျောင်းနဲ့ အကုန်ကို တလှုပ်လှုပ်၊ တဖြုတ်ဖြုတ်လေးတွေ အို.. စုံလို့ပါလား။ တကိုယ်လုံးလည်း အပူရှိန်တွေက တရှိန်ရှိန်နဲ့ ဟိုနားက ပြလိုက်၊ ဒီနားကပြလိုက်နဲ့ ဒါမျိုးကြီး တခါမှလည်း မကြုံဖူးသလို၊ ကြားတောင် မကြားဖူးပါဘူး။ ခက်လိုက်တာနော်လို့ တောင် တွေးမိခဲ့ပါတယ်။ ပထမဆုံးဝိပဿနာကူးပေးတဲ့ နေ့မှာပဲ လူက ပျော့ခွေသွားချင်နေပြီ။ ပင်ပန်းလိုက်တာ။ ခန္ဓာထဲက တဝုန်းဝုန်းတွေကိုလည်း ခံစားနေရတော့ လူက တခါမှထင်မထားတာတွေ တွေ့နေရတယ်။ ဒါပေမယ့် ဒီတစ်ရက်ပါပဲ။ နောက်ရက်တွေမှာတော့ ဆရာကြီးရဲ့ရှေ့က အသံတော်ကြားတာနဲ့ပဲ ခန္ဓာထဲက ရုပ်၊ နာမ် ဖြစ်ပျက် တွေက တဝုန်းဝုန်းနိုးထလာလိုက်ကြတာ။ အထူးကြီးတော့ မပင်ပန်းတော့ပါဘူး။

ထူးခြားမှု့(၂)

ဝိပဿနာရှု့ကွက်တက်ပြီး နောက်(၂)ရက်လောက်မှာတော့ ရပ်ကမ္မဋ္ဌာန်းရှု့မှတ်ရင်းနဲ့ အထက်အောက်

စုန်ချည်၊ ဆန်ချည် ရှု့မှတ်နေစဉ်မှာပဲ ထူးခြားမှု့လေးတွေ တွေ့ရပါတယ်။ ငယ်ထိပ်မှ အောက်ကိုအဆင်း ဖြစ်ပျက်၊ ဖြစ်ပျက် မှတ်နေစဉ်မှာပဲ ခန္ဓာရဲ့ အပေါ်ယံအခွံကြီးက ဟက်တက်ကွဲထွက်ပြီး တခုပြီးတခု ကွာကျကုန် တယ်။ အထဲက ပရမတ်သားတွေက တဖွားဖွားပွင့်အန်ထွက်လာလို့ ရှု့လို့မနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ခန္ဓာပေါ်စိတ်ညွတ်ရာ နေရာတိုင်းက ပညတ်အလွှာ ကွာကျ၊ အက်ကွဲကျတာကြီးကို အတိုင်းသား တွေ့ရပါတယ်။ ခန္ဓာကြီးဟာ ကြက်ဥခွံလေး အက်ကွဲကွာကျသလိုကို အချပ်လိုက်ကွာကျကုန်ပါတယ်။ ဒါပေမယ့် အထူးအားစိုက် ရှု့နေတဲ့ စိတ်ကလေးကိုတော့ သတိနဲ့ထိန်းပြီး ဆက်ရှု့နိုင်လို့ ဒီကွာကျတဲ့ အချပ်လိုက်တွေကလည်း တဖြုတ်ဖြုတ်၊ တလှုပ်လှုပ်ကလေးတွေဖြစ်လို့ အတွင်းပရမတ်ပမာအားလုံး ပရမတ်သားသက်သက်ကိုသာ တွေ့ခဲ့ရပါတယ်။ ဒါတွေကို တပေါင်းတည်း ဆက်ရှု့ခဲ့ပါတယ်။ အဲဒီကစလို့ လူဟာ ဘယ်လိုကြီးဖြစ်မှန်း မသိပါဘူး၊ ဘေးပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့တခြားစီပါပဲ။ စကားလည်း မပြောတော့ဘူး၊ ဘာမှလည်း စိတ်မဝင်စား တော့ဘူး။ တောထဲမှာ တကိုယ်တည်း ရောက်နေသလို ခံစားရတယ်။ စိတ်ကြီးက တခုခုမှာပဲ စိုက်ဝင်နေသလို ဖြစ်ခဲ့တယ်။

ထူးခြားမှု့(၃)

အဲဒီနောက်တော့ ကိုယ့်အဆောင်ရောက်တာနဲ့ ခြင်ထောင်တန်းချပြီး အိပ်ရင်းရှု့မှတ်ခဲ့တယ်။ ရှု့ရင်းနဲ့လည်း အိပ်ပျော်သလိုလိုဖြစ်ပြီး ဘာဖြစ်တယ်မသိဘူး။ တခုခုကနေ ဇွတ်ရုန်းထွက်ရသလို ခံစားရပြီး တခုခုအော်ခဲ့မိတယ်။ ဘာအော်လိုက်သလဲတော့ မသိလိုက်ပါ။ နောက်နေ့မနက်ကစလို့ လူဟာ ခံစားချက်မဲ့သလို နဲ့ စက်ရုပ်တစ်ရုပ်လို ဖြစ်နေတယ်။ တမျိုးကြီးဖြစ်နေတာတော့ သေချာတယ်။ ဘာဖြစ်တယ်မသိဘူး။ ကိုယ်လုပ်စရာအလုပ်ကို စက်ရုပ်တစ်ရုပ်လို လုပ်ကိုင်နေတယ်။ ယောင်လို့တောင် ရယ်မပြချင်တော့ဘူး။ အားတဲ့ အချိန်တိုင်း ဖြစ်ပျက်တွေနဲ့ လုံးလည်လိုက်နေခဲ့တယ်။ ဒီလိုနဲ့ (၈)ရက်မြောက်နေ့ ညပိုင်းမှာတော့ တရားမှတ်  ရင်းနဲ့ မခံနိုင်အောင် အန်ချင်လာတယ်။ ခေါင်းတွေက မူးတာမှ မပြောပါနဲ့တော့။ ဘယ်လိုကြီးမူးမှန်း မသိဘူး။ နောက် ရင်ထဲကလည်း အော်ဂလီတွေဆန်ပြီး အန်ချင်နေမိပြီ။ ဒါနဲ့ တစ်ဆောင်လုံးက အဘွားတွေက သွေးဆေး တွေတိုက်၊ ရှုဆေးတွေပေးနဲ့ ဒီဖြစ်ပျက်တွေကလည်း ခွာမရ၊ နောက်ဆုံးတော့ ဆေးတွေသောက်ပြီး အိပ်ရ  ပါတယ်။

တားပြီ

နောက်တနေ့ (၉)ရက်မြောက်နေ့မှာ ဒီအကြောင်းကို မယ်တော်ကြီး ဒေါ်စိတြာထံ လျှောက်ထားခဲ့ ပါတယ်။ မယ်တော်ကြီးကတော့ နောက်ထပ်တစ်ပတ်လောက် ဆက်နေဖို့ တားပါတယ်။ ကိုယ်ကလည်း နေချင်ပါတယ်။ ဒါပေမယ့် မယ်တော်ကြီးက အပြန်သူလိုက်ပြောမယ်၊ လမ်းကြုံတယ်လို့ ပြောပြီး ဒါဟာ ဆေးမသောက်ရဘူး၊ တရားသဘောကြောင့်ဖြစ်တာ၊ မိဘခွင့်ပြုရင်တော့ ဆက်အားထုတ်ပါ လို့ပြောပါတယ်။ ဒီနောက်(၁)ရက်အတွင်းမှာ အားထုတ်လို့ သိပ်မကောင်းတော့၊ အိမ်ကခွင့်မပြုရင် ဘယ်လိုလုပ်ပါ့မလဲ၊ ဘာလဲနဲ့ အတွေးတွေမျိုးစုံရောပြီး (၁၀)ရက် ပြည့်သွားပါတယ်။

ငိုရပြီ

(၁၀)ရက်ပြည့်လို့ အိမ်ပြန်ရတော့မယ်ဆိုတော့ မပြန်ချင်သေးပါ။ ဆက်နေချင်သေးသည်။ သို့သော် ခွင့်တောင်းရဦးမည်။ ဒီလိုနဲ့ပဲ မယ်တော်ကြီးကားနဲ့ လိုက်ခဲ့ပါပြီ။ မယ်တော်ကြီးက ရှေ့ခန်းမှာ ထိုင်လို့ ကျွန်ုပ်ကတော့ နောက်ခန်းမှာထိုင်ပြီး အပြန်၊ ရိပ်သာထဲကလည်း ထွက်ရော ရင်ထဲမှာ တလှိုက်လှိုက်နဲ့ ဝမ်းနည်းမှု့တွေ ဘယ်လိုက ဘယ်လိုဖြစ်လာတယ် မသိပါ။ အားရပါးရကြီးကို ငိုပြီး ကားနောက်ခန်းကနေ လိုက်ခဲ့ သည်။ ဒီတောထဲကို မဝင်ပါရစေနဲ့။ တပည့်တော်ကို ဒီတောကြီးထဲ ခေါ်မသွားပါနဲ့၊ မပြန်ခိုင်းပါနဲ့လို့လည်း ပြောပြီး ဝမ်းနည်းပက်လက်ကို ငိုခဲ့ရတာပါ။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဆေးဆိုးပန်းရိုက်မျက်နှာတွေနဲ့ လူတွေ ပျော်ပါး  နေတာတွေကိုလည်း မြင်ရော၊ ကြောက်လှပါပြီ။ မကြည့်ပါရစေနဲ့၊ မပြန်ပါရစေနဲ့၊ စိတ်ထဲက အမျိုးမျိုး တောင်းပန်ပါသော်လည်း မတတ်နိုင်ပါ။ အိမ်ကလည်း ခွင့်မပေးတော့၊ အိမ်မှာ တခါထပ်ငိုရပြန်ပြီ။ မိဘခွင့်မပြုလို့ ဝမ်းနည်းပြီး ငိုရတာ မဟုတ်ပါ။ ဒီ လူတောထဲကို ထပ်မလာချင်တော့ပါ။ ဒီအတွက်ဝမ်းနည်းပြီးရင်း ဝမ်းနည်းရင်းမို့ ငိုလို့ မဆုံးတော့ပါ။ ဒါပေမယ့် မယ်တော်ကြီးဆုံးမတဲ့အတိုင်း မိဘခွင့်မပြုသေးရင် အချိန်မကျသေးလို့ပဲလို့ သဘောထားပြီး အိမ်မှာ ဆက်အားထုတ်ဖို့ တတွတ်တွတ်မှာခဲ့ပါတယ်။ ကျေးဇူးရှင် မယ်တော်ကြီးရဲ့စကားကို နားထောင်ရင်းနဲ့ပဲ မျက်ရည်တွေ တသွင်သွင်စီးခဲ့ရပါပြီ။

Design ပြောင်းပြီ

အိမ်ပြန်ရောက်သော်လည်း သနပ်ခါးလိမ်း၍မရ၊ ဥပုသ်လုံးဝ မချခဲ့ပါ။ စာသင်ချိန်မှာလည်း မျက်နှာ ပြောင်ဖြင့် သင်ခဲ့သည်။ ဘာမှ စိတ်မပါ ပါ။ တစ်အိမ်လုံးနဲ့ စကားမပြောခဲ့ပါ။ စိတ်ဆိုးလို့ မဟုတ်ပါ။ စိတ်မပါလို့ပါ။ အားရင် အားသလို အိပ်ယာပေါ်ဆန့်ပြီး တရားမှတ်ခဲ့သည်။ အစားအသောက်က နည်းလာသည်။ ခန္ဓာက ပေါ့သထက် ပေါ့ပါးလာသည်။ နေရတာ ကိုယ့်တစ်ယောက်တည်း ထင်ရသည်။ ဘယ်သူ ဘာအကြောင်း ပြောပြော ဘာသိဘာသာ စိတ်မဝင်စားခဲ့ပါ။ ဧည့်သည်လည်း စကားမပြောချင်ပါ။ သက်သက်မဲ့ ဒီပုံစံလုပ်ယူတာ မဟုတ်ပါ။ သူ့အလိုလိုကိုက ဒီပုံစံ ပြောင်းသွားတာပါ။ စိတ်ဓာတ်တော့ အတော်ကို ကျသွားပြီ။ မနေချင်တဲ့ ဝန်းကျင်ကြီးမှာ နေနေရတယ်။ ဘာပဲဖြစ်ဖြစ် အချိန်အားတာနဲ့ မျက်လုံးမှိတ်လို့ တရားတန်းမှတ်နဲ့ နေခဲ့ပါသည်။

ထူးခြားချက် (၄)

အိမ်မှာ တရစပ် တရားမှတ်လာတော့ တနေ့ ညပိုင်းအိပ်နေစဉ်မှာ စွန်းလွန်းဆရာတော်ဘုရားရဲ့ ရုပ်ကလပ်ကို အာရုံမှာ ဖူးခဲ့ရသည်။ ဒီနောက် ဆရာတော်ရဲ့ အရိုးတော်ကနေ ကိုယ့်ရဲ့ရင်ဝတည့်တည့်ကို ဦးတည်ပြီး ချိန်ရွယ်လျက် ထိန်းကနဲ၊ အလင်းတန်းတစ်ခု ဝင်လာပြီ ပေါက်ကွဲသလို လင်းထိန်သွားတာ ခံစားရသည်။ ခန္ဓာကိုယ်ကလည်း မိုးကြိုးပစ်ခံရသလို ဘုန်းဒိုင်းနဲ့ ပွင့်ထွက်သွားပြီး ဝင်းထိန်သွားသလို ခံစားရသည်။ ဘာဖြစ်တာလဲတော့ မသိပါ။ စွန်းလွန်းဆရာတော်ကိုလည်း မဖူးဘူးပါ။ စာလည်း မဖတ်ဖူးခဲ့သေးပါ။

ဒီထိကတော့ ပထမဆုံးအကြိမ် တရားစခန်း စတင်ဝင်ရောက်ခဲ့တဲ့ (၁၀)ရက်တာ ကာလမှ အစပြုလို့ အိမ်ရောက်ပြီး တစ်လလောက်အထိသာ လုပ်နိုင်ခွင့်ရခဲ့တဲ့ တရားနဲ့ ပတ်သတ်တဲ့ အမြည်းကာလလေးပါပဲ။ ဒီနောက်မှာတော့ ကိလေသာ ရေမှော်တွေ အထပ်ထပ်ဖုံးလို့ စုန်းစုန်းမြှုပ်ခဲ့ရပြီပေါ့။ ကိုယ်နဲ့ မထိုက်သေးလို့ပဲ လို့ သဘောပေါက်မိပါတယ်။

အသစ်တဖန်နိုးထဖို့ အကြောင်းဖန်လာပြီ

အရာရာဟာ အကြောင်းရှိလို့ အကျိုးဖြစ်ရတာဆိုတာကို လက်တွေ့ တွေ့ကြုံရမှပဲ ပိုပြီး သဘောပေါက် လာပါတယ်။ အင်း.. ဘာလိုလိုနဲ့ တရားနဲ့ ဝေးခဲ့တာ ကြာပါပြီ။ ၁၉၉ရ ကနေ အခု ၂၀၀၈ တောင် ရောက်ခဲ့ပါပြီ။ ဒီကြားထဲမှာ နှစ်စဉ်သင်္ကြန်တွင်းအခါတွေမှာ အမြဲမဟုတ်တောင် နှစ်ခြားလို့ တရားစခန်းတွေ အဆင်ပြေသလို ဝင်ခဲ့ပေမယ့် သမာဓိတောင် ကောင်းကောင်း မရနိုင်ခဲ့ပါဘူး။ စိတ်ကစဉ့်ကလျားတန်းလန်းနဲ့သာ အိမ်ပြန်လာ ရတာပါပဲ။ အခုတော့ အကြောင်းဖန်လာပါပြီ။

မှတ်မှတ်ရရ ၂၀၀၈ ဖေဖော်ဝါရီ (၉) ရက် ကပေါ့။ သူတပါးအပေါ် စေတနာလွန်ခဲ့လို့ ဝေဒနာ ဖြစ်စရာတွေနဲ့ ကြုံခဲ့ရတယ်။ ဒါဟာ လောကဓံ အထုအထောင်း၊ အနှိပ်အစက်ခံခဲ့ ရတာပါပဲ။ သူတပါး အထင်လွဲ ခံရတာလောက် ဖြေရှင်းရခက်တဲ့ ပြဿနာ မရှိတော့ပါဘူး။ ပူဆွေးသောက၊ ဗျာပါဒတွေက တကိုယ်လုံး ကို ဟုန်းဟုန်းတောက်အောင် လောင်မြိုက်ခံခဲ့ရပါတယ်။ နေ့ရော ညရော ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲစွာနဲ့ ဖြတ်သန်း ရတဲ့အခါ ပင်ပန်းဆင်းရဲလိုက်ပုံများတော့ မဆိုနိုင်ပါဘူး။ လူဆိုတာ ခလုတ်ထိမှ အမိတတယ် ဆိုသလို ပေါ့။ ကိုယ့်ရဲ့ဆောက်တည်ရာမရတဲ့စိတ်ကို တည်ငြိမ်စေဖို့နဲ့ ဒီစိတ်ဒုက္ခတွေ မတွေးမိအောင် ရှောင်နေဖို့အတွက် ဘုရားမှာ ဓိဋ္ဌာန်တွေ တင်ခဲ့ပါတယ်။ ကြီးကိုးကြီး ဓိဋ္ဌာန်ပေါ့။ ဒီဓိဋ္ဌာန်က မနက် (၉) ကစလို့ ပုတီးတွေ စိပ်,စိပ် သွားလိုက်တာ ညနေ(၃)နာရီလောက်မှ တစ်ရက် ဓိဋ္ဌာန်ပြီးပါတယ်။ ဒါဆို တနေကုန် နီးပါးဖြစ်သွားပြီမို့ ဘုရားရှေ့မှာ တနေကုန် စိတ်ထိန်းနိုင်သွားမှာပဲလို့ ယူဆပြီး တစ်ရက်စီနဲ့ (၉)ရက်တိတိ ဓိဋ္ဌာန်နဲ့ စိပ်ခဲ့ပါတယ်။ ဒီတော့ ဘာထူးလဲဆိုတော့ အပိုတွေးချိန်မရှိဘူး၊ မတွေးတော့ အပိုမပြောရတော့ဘူး။ ဒီတော့ မနက်(၉)နာရီ ကနေ ညနေ(၃)နာရီထိ ဝစီနဲ့ ကာယကံတွေ ထိန်းထားပြီးသား ဖြစ်သွားတာပေါ့။ ဒီလိုနဲ့ ကိုယ့်ကိုကိုယ် Guide လုပ်ပြီး မအားအောင် လုပ်ထားတော့ ဘာထူးလဲဆိုတော့ (၃)ရက်လောက်ကစလို့ စိတ်လေးငြိမ်လာပါပြီ။ (၉)ရက် လည်းပြီးရော ဆူပွက်နေတဲ့စိတ်တွေ အရှိန်သေလို့ ငြိမ်တဲ့စိတ်ကလေးဖြစ်လာပါပြီ။ ဒါသည်ပင် အဆိုးထဲက အကောင်းထွက်လို့ သမာဓိ ထူထောင်သလို ဖြစ်သွားပါတယ်။

ကွင်းဆက်မိပြီ

အဲဒီ(၉)ရက်လည်းပြီးရော ရွှေကျီးမြင်မှာ ဦးသုနန္ဒမှ (၇)ရက် တရားပွဲလေး ကျင်းပပါတယ်။ မနက်က စလို့ ည(၁၀)နာရီထိတိုင်အောင် နာတရား၊ ဟောတရား၊ မှတ်တရား၊ အလုပ်သင်၊ အလုပ်ပေးကို အချိန်တွေပိုင်း လို့ ဟောပြောပြသသွားပါတယ်။ အဲဒီ တရားပွဲကိုလည်း ကိုယ်အားတဲ့အချိန်လေး ပြေးပြီးနာလို့၊ ထိုင်လို့ဆိုတော့ အရှိန်လေးတစ်ခု ဆက်မိသွားပါတယ်။ အဲဒီတရားပွဲကနေပဲ သစ္စာတရားတွေ နာကြားခွင့်ရခဲ့တယ်။ ခန္ဓာ(၅)ပါး ၊ ရုပ်နာမ်(၂)ပါးနဲ့ အကြောင်းကျိုးဆက်စပ်မှု့တွေ သိခွင့်ရခဲ့တယ်။ အဲဒီ(၇)ရက်အတွင်း ကိုယ်သွားနိုင်တဲ့ အချိန်မှာ ရသလောက်လေး ထိုင်ခဲ့တော့ ဖြစ်ပျက်လေးတွေ မနေသာဘဲ တဖွားဖွားထွက်ကြိုရပြီပေါ့။ ဪ.. ဒါသည်ပင် ဆင်းရဲလွန်းလို့ ချမ်းသာရှာခဲ့ရာက ရခဲ့တဲ့ အမြတ်ပါပဲလား။

ထူးခြားမှု့(၅)

အခွင့်မသာလို့ ခွဲခွာခဲ့ရတဲ့ ဖြစ်ပျက်လေးတွေနဲ့ ပြန်ဆုံရတဲ့အခါ တရားအားထုတ်လိုတဲ့စိတ်တွေ တဖွားဖွား ဖြစ်ခဲ့ရပြီပေါ့။ ဒီမှာပဲ သူငယ်ချင်းတစ်ယောက်ဝင်တဲ့ သစ္စဝေဒဂူရိပ်သာကို သင်္ကြန်တွင်း(၁၀)ရက်မှာ ဝင်ဖြစ်ခဲ့ပါတယ်။ ရိပ်သာရဲ့ နည်းစနစ်က ထိရောက်လှပါတယ်။ စင်္ကြန်ကမ္မဋ္ဌာန်းလည်း မှတ်တတ်သွားပြီ။ တရား နာချိန်၊ ထိုင်ချိန်၊ စင်္ကြန်လျှောက်ချိန်မှစလို့ လုပ်သမျှ အချိန်တိုင်း နှလုံးသွင်းတတ်သွားပါပြီ။ ရိပ်သာရောက်ပြီး ဒုတိယရက်မှာပဲ ထူးခြားမှု့တစ်ခုဖြစ်ပါပြီ။ နေ့လည် ရပ်ကမ္မဋ္ဌာန်းချိန်မှာ တရားမှတ်ယူရင်းကနေ တကိုယ်လုံး ရပ်နေတဲ့ပုံစံကနေ တဖြုတ်ဖြုတ်ပြိုပျက်ကျလို့ အောက်ဆုံးခြေဖျားထိ ရှု့ချိန်မှာ ခန္ဓာကိုယ်ပျောက်ပြီး ဖြစ်ပျက်အပုံ လေးသာ ရှု့ဉာဏ်အောက်မှာ တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်ပြီးကတည်းက လူဟာ အားအင်ကုန်ခမ်းလို့ ပုံလဲချင် လာပါတယ်။ ကျန်တဲ့ အချိန်တွေကို အားတင်းပြီ ထိုင်ခဲ့ပါတယ်။ ညပိုင်း အဆောင်ပြန်တဲ့အချိန် ပစ်လှဲပစ်လိုက်ပြီး တန်းနားပစ်လိုက်ပါတယ်။ ခေါင်းတွေလည်း မူးနောက်လို့၊ နေရတာလည်း ခက်လို့ပေါ့။ အန်ချင်သလိုလိုလည်း ဖြစ်နေပြီ။ ဟင်းကနဲ.. သက်ပြင်းချလို့ ပစ်လှဲပစ်လိုက်တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဖြစ်ပျက်တွေ အလုံးအရင်းနဲ့ ပေါ်နေပါပြီ။ ဘယ်လိုလုပ်မလဲ။ နားချင်လှပါပြီဆိုမှ၊ မျက်လုံးမှိတ်ကာရှိသေး ဒီဖြစ်ပျက်တွေက အရှိန်နဲ့ကို အားရပါးရ ဝင်လာတာဆိုတော့ ဘာမှ မတတ်နိုင်ဘူး။ လူကလည်း အားကုန်နေပြီ။ ခံနိုင်ရည်မရှိသလို ခံစားရတယ်။ ဒါကြောင့် ပါးစပ်ကနေ ဘေးကလူတွေကို အကူအညီတောင်းပါတယ်။ လုပ်ပါဦး နားချင်လှပါပြီ။ ဒီဖြစ်ပျက်တွေကို သွားခိုင်းလိုက်ပါ။ ခေါင်းတွေလည်း မူးနေပါပြီလို့ အော်တော့ ဘေးကလူတွေကလည်း စိတ်လျော့ထားလိုက် ကောင်းသွားမှာပါလို့ ပြောတာနဲ့ နေပစေဟာ ဆိုပြီး စိတ်လျော့ပြီး အိပ်ပစ်လိုက်တယ်။

တန်ဖိုးမဖြတ်နိုင်သော စကားတစ်ခွန်း – ဆရာတော် ဦးခေမာစာရ

နောက်တစ်နေ့မှာ ဆရာတော်တရားစစ်တော့ ညက ဖြစ်တဲ့ အဖြစ်အပျက်ကို လျှောက်ပါတယ်။ ဒီတော့ ဘုန်းဘုန်းက ပြန်ပြောပါတယ်။ “ ဒါကို ပေရှု့ရမှာ ” တဲ့။ ဘယ်မှာအားထုတ်ခဲ့ဖူးလဲ ? ။ လမ်းကြောင်းမှန်နေပြီ။ ဆက်ကြိုးစားပါ၊ “ အိမ်ရောက်ရင် မပျက်ပါစေနဲ့။ နီးစပ်ရာရိပ်သာ တစ်ခုခုမှာ ဆက်အားထုတ်ဖြစ်အောင် အားထုတ်ပါ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တနေ့တမျိုး မကြုံဖူးတာတွေ ကြုံရပါတယ်။ ဒါလေးတွေကို မှတ်တိုင်အနေနဲ့ သတ်မှတ်လို့ တင်ပြပါမယ် –

မှတ်တိုင်(၁) – ရှု့နေရင်းက ဖြစ်ပျက်တွေ တဖြည်းဖြည်းလျော့သွားပြီ အကုန်ရှင်းလို့ ဟင်းလင်းပြင်ကြီး ဖြစ်သွားပါ

တယ်။ နှာသီးဖျား ပြန်မှတ်တော့လည်း ဝင်လာတဲ့လေက ကြည်ပြီးအေးလို့  အတိုင်းသား၊  အထင်း

သား၊ အရှင်းသား၊ ခန္ဓာကိုယ် ပြန်ရှု့တော့လည်း  ဖြစ်ပျက်မတွေ့ရ၊  ပေ့ါပါးပြီး အေးနေတာ ခံစားရ

တယ်။ ဟာ.. နေရင်းထိုင်ရင်း အလုပ်လက်မဲ့ဖြစ်သွားပြီ။ ဖြစ်ပျက်မှ မရှိတော့ ဘာသွားရှု့မှာလဲနော်

ဒါက တစ်ရက်။

မှတ်တိုင်(၂) – ပုံရိပ်များ တရစပ်ဝင်လာတယ် ။  တောတောင်တွေ  အထပ်ထပ် တွေ့ရတယ်။   လှိုင်းလုံးကြီးတွေ

တဝုန်းဝုန်းနဲ့ မြင်ရတယ်။  ဘုရားပုံတွေ အကြိမ်ကြိမ်ဖူးရတယ်။  ဖောင်တော်ဦးဘုရားပေါင်း များစွာ

ကို မိုးကုပ်စက်ဝိုင်း  အဆုံးထိ  အတန်းလိုက်  အပြည့်ကို  ဖူးရတယ် ။   တခါများ   ဘုရားရှင်ကိုယ်

တိုင်  တောတောင်ထိပ်ကနေ  ထိုင်လျက် ကြွလာပြီး  ကျွန်ုပ်ရဲ့  ရင်ဝကို  လှမ်းချိန်လျက်    ဝရဇိန်

လက်နက်နဲ့  ပစ်ချလိုက်သလို  ထိန်းကနဲ၊ ဝင်းကနဲ၊ အို.. အမျိုးကို  စုံလို့ပါပဲ။  ဘာလာလာ  ဒါတွေ

အားလုံး  ဖြစ်ပျက်ရှု့လိုက်တော့  ရှိသမျှ  ပုံရိပ်တွေ  မှုန့်မှုန့်ညက်ညက်ကျေလို့ ဖြစ်ခြင်း ပျက်ခြင်း

သဘောလေးအတိုင်း ကုန်ဆုံးသွားကြရပါတယ်။

ဒီလိုနဲ့ (၁၀)ရက်တရားစခန်း ပြီးခဲ့ပါပြီ။ ဘုန်းဘုန်းရဲ့မိန့်ခဲ့တဲ့ မှတ်ချက်ကလေးက ခေါင်းထဲစွဲပြီး နေပါတယ်။ စိတ်ကို လျော့ထားပါတယ်။ ရှေ့တုန်းကလိုပဲ အိမ်ရောက်ရင်တော့ ဒုံရင်းပဲပြန်ဖြစ်သွားမှာပါပဲလို့ တွေးနေခဲ့ပါသေးတယ်။ နီးစပ်ရာစခန်းလည်း မမြင်၊ လုပ်ဖြစ်မယ်လည်း မထင်၊ ဒါပေမယ့် ဘုန်းဘုန်းပြောသလို လုပ်နိုင်ရင်တော့ ကောင်းမှာပဲလို့ တွေးမိခဲ့ပါတယ်။

မိန့်မှာတဲ့အတိုင်း ဖြစ်ခဲ့ပြီ

အိမ်ကို ပြန်ရောက်လို့ တစ်ရက်ပဲရှိသေးတယ်။ အချိတ်အဆက်က ရောက်လာပါပြီ။ ရွှေကျီးမြင်မှာ တပ်ဦးကျောင်းဆရာတော် ဦးနနတရားပြနေတယ်။ (၁၀)ရက်ပြမှာ ဖြစ်တယ်။ တစ်နေ့မှ တစ်နာရီထဲရယ်။ သွားနိုင်လို့ကတော့ အကောင်းဆုံးပဲလို့ သတင်းပေးမယ့်လူ အိမ်ကိုရောက်လာပြီ။ အမလေး.. အဆင်သင့် လိုက်တာနော်။ မနေ့ကမှ ရိပ်သာက ပြန်ရောက်တယ်။ ဒီနေ့ တရားပွဲဆက်ရဦးမယ်။ ဒါဆို ဘုန်းဘုန်းမိန့်မှာတဲ့ အတိုင်း လိုက်နာနိုင်ပြီပေါ့။ ဪ.. အပါယ်က ဆွဲထုတ်ပေးမယ့် ကျေးဇူးရှင်တစ်ဦး ထပ်တိုးလာပါပြီ။ ညပိုင်းတရားပွဲသွားလို့ ရှု့နည်းလေးနာကြားပြီး မှတ်လိုက်တာ၊ ကောင်းလိုက်တာနော်၊ ဓာတ်ဆွတာကို သိခွင့်ရခဲ့ပြီ။ ခြုံပြီး ရှု့မှတ်တတ်ခဲ့ပြီ။ ဒီနောက်တော့ တရားကဆောင်သွား လို့လားမသိ (၅) မိနစ် ရရင် (၅) မိနစ် လုပြီး တရားထိုင်ဖြစ်တယ်။

ထူးခြားမှု့ (၆) (2, MAY, 2008)

မနေ့ည အိပ်ရာဝင်တော့ တရားမှတ်ပြီး အိပ်ခဲ့တယ်။ မနက်လည်းရောက်ရော တမျိုးကြီးပါလား။ ဘာဖြစ်တာလဲလို့ သေချာပြူးကြည့်လိုက်တော့။ ကြည့်သမျှ အကုန်ပျက် ပျက်ကုန်ပြီ၊ ဟင်.. ဘယ်လိုလဲပေါ့။ ဒါနဲ့ မုန့်စားလည်း ပန်းကန်ကို စိုက်ကြည့်တော့ ပျက်တာပဲ တွေ့ရ၊ စာသင်တော့ ကလေးတွေကြည့်တော့ ခန္ဓာထဲက ဖြစ်ပျက်ကို မြင်ရသလို ကြည့်ကြည့်သမျှ အကုန် အပျက်တွေချည်း ဖြစ်ကုန်တယ်။ ဒုက္ခပဲ။ ကလေးတစ်ယောက် ကို စိုက်ကြည့်တော့ သူ့မမြင် အပျက်ပဲမြင်၊ သူဘာပြောမှန်းမသိ၊ ကိုယ့်ဖြစ်ပျက်နဲ့ကိုယ် လုံးလည်တွေ လိုက်နေတယ်။ မြင်သမျှအားလုံး အပျက်မို့ မျက်လုံးမှိတ်တော့လည်း ဒီအပျက်ပဲ။ ဟူး.. ဘယ်လိုလုပ်ရပါ့မလဲ။ မနေတတ်တော့ဘူး။ ကြောက်လာပြီ။ လုပ်လို့ ကိုင်လို့ မရတော့ဘူး။ ဘာကြည့်ကြည့် ဒါပဲ မြင်နေပြီ။ ဒါနဲ့ တပ်ဦးဘုန်းဘုန်းဆီ ပို့ပေးပါဆိုတော့ ဆိုင်ကယ်စီးဖို့ကမလွယ်။ လမ်းမှာ မြင်သမျှ အကုန်ပျက်နေပြီ လေ။ ဒါနဲ့ နောက်က ထိုင်လိုက်ပြီး မျက်လုံးမှိတ်ပြီး လိုက်ခဲ့ရပါတယ်။ ဘုန်းဘုန်းက မိန့်လိုက်ပါတယ်။ ဒါ သမာဓိ အားကောင်းလို့ မြင်နိုင်တာ၊ ဒါပေမယ့် ခန္ဓာတွင်းသာ ဉာဏ်စိုက်ရမှာပါ။ ခန္ဓာပြင်ပက အရာတွေအပေါ် ဉာဏ်မစိုက်ပါနဲ့၊ ရှု့စရာမလိုဘူး၊ အားလုံးဖြစ်ပျက်တွေကို စကြာဝဠာကို ဖြန့်ပစ်လိုက်ပါလို့ ပြောမှ ရှု့တတ်သွားပြီး သက်သာရာရသွားပါတယ်။ ဆရာတော်ကိုယ်တိုင် (၂၀) မိနစ် တရားကြပ်ပေးခဲ့ပါတယ်။ ဪ.. ဆရာကောင်း ရှိပေလို့သာပေါ့။

ထူးခြားမှု့(၇)

လူကနေလို့မကောင်း၊ လူမမာနှင့်တူလာသည်။ စကားသံတွေလည်း မကြားချင်။ အပျက်တွေချည်းသာ မြင်နေရသည်။ ပိုဆိုးတာက တရားထိုင်လိုက်တာနဲ့ အန်ချင်လာပြီ။ ရင်ထဲက အလုံးကြီးဆို့တက်လာသလို ခံစားရ တယ်။ ဆိုးလိုက်တာနော်။ ဘာပဲဖြစ်ဖြစ် တရားအားမထုတ်ပဲ မနေနိုင်တာမို့ အားထုတ်၊ အားထုတ်တော့ အန်ချင်၊ အန်ချင်တာက အရှိန်တွေတက်, တက်လာပြီ။ ဒါပေမယ့် မအန်၊ ပြေးရပြန်ပြီ။ တပ်ဦးကျောင်းဆီ….. ဆရာတော် က အောက်သို့ရှု့ချပစ်ဖို့၊ ဆို့နေသော အလုံးကို ဖောက်ခွဲပြီး တစစီလွင့်ထွက်သွားအောင် မွှေရှု့ပေးဖို့ သင်ပေး၊ ပြပေးသည်။ ဘေးကနေ တရစပ်ကြပ်ပေးနေတော့ ဒီအလုံးကြီးကျေအောင်၊ မွအောင်၊ ပျောက်သွားအောင်ထိ၊ ရှု့ရတာ အားတွေကုန်လိုက်တာ၊ ချွေးတွေ တပေါက်ပေါက်ကျလို့ပေါ့။ နောက်ဆုံးတော့ ဘာခံနိုင်လိမ့်မလဲ။ တစစီကနေ ပျောက်ပျက်သွားတဲ့အထိ ရှု့နိုင်သွားပါပြီ။ (၁)နာရီနီးပါးလောက် ကြာပါတယ်။ သူ့ကိုလည်း နိုင်သွားရော အို.. ပေါ့ပါးလန်းဆန်းပြီး နေလို့ ကောင်းသွားတာပေါ့။

ထူးခြားမှု့(၈)

တခုပြီးလို့မှ အမောပြေမယ် မကြံသေးဘူး။ နောက်တခုလာပြီလေ။ တရားကလည်း မမှတ်ရ မနေနိုင် အောင်ကို အချိန်ပြည့်ခေါ်နေပါပြီ။ မှတ်လည်း မှတ်နေပြီ။ ခက်တာက အန်ချင်တာပျောက်ပြီးကတည်းက ဝမ်းသွားချင်တာ ဖြစ်လာတော့တာ။ တကယ်လားဆိုတော့ မသွား။ ဘုရားခန်းမှာ တရားထိုင်လိုက်၊ ဝမ်းသွားချင်လို့ ပြေးလိုက်၊ ပြီးတော့ မသွားဆိုတော့ တရားကောင်းကောင်းကို မထိုင်နိုင်ပါဘူး။ နောက်ဆုံးတော့ အိမ်သာထဲမှာပဲ တရားမှတ်တဲ့အထိ အဖြစ်က တော်တော်ဆိုးခဲ့ပါတယ်။ ဒါပေမယ့်လည်း မသွားပါဘူး။ တရားမှတ်တာကလည်း မလွတ်ချင်အောင် ဖြစ်ခဲ့ရပါတယ်။ ဒါနဲ့ ဆရာတော်ဦးရေဝတ အိမ်ကြွလာတုန်း လျှောက်ထားတော့ ရေသန့်ဝင်မယ့်ပုလင်းသည် အတွင်းသန့်ရှင်းဖို့ လိုတယ်တဲ့။ အတွင်းမှာ မသန့်ရှင်းခဲ့ရင် သန့်ရှင်းသွားအောင် မွှေနှောက်ပြီး သံသရာက ပါလာတဲ့ အညစ်အကြေးတွေ ထွက်ကို ထွက်ပေးရတယ် တဲ့။ အခုတော့ ထွက်ဖို့ အားယူနေတာဆိုတော့ နိုင်အောင်တော့ ရှု့ရမှာပေါ့။

သံဝေဂ ဉာဏ်ပွင့်ပြီ

မနက် အိပ်ရာထတော့ ဝမ်းတွေသွားပါပြီ။ လူမမာကဲ့သို့ စိတ်တွေထဲမှာ ဖြစ်ပျက်တွေ တရစပ် အချိန်ပြည့် တိုးဝင်ခဲ့တယ်။ ဒီလိုနဲ့ တရားလေး တရစပ်မှတ်နေရင်း ကိုယ်နဲ့မလှမ်းမကမ်းမှာ ကြောင်မကြီးက ကြောင်လေးလာမွေးပါတယ်။ မွေးမှန်းမသိဘဲ ကြည့်လိုက်မိတာ၊ အသေလေးမွေးတာမြင်လိုက်ရတော့ အမလေး ကြောက်စရာ၊ ရွံစရာကောင်းလိုက်တာနော်။ သူ့ကိုကြည့်လိုက်တဲ့ အကြည့်တချက်က မျက်လုံးထဲမှာစွဲပြီး သံဝေဂဉာဏ်တွေ ပွားလို့ပေ့ါ။ ဪ.. ဒို့ ခန္ဓာက ဖြစ်ခြင်း၊ ပျက်ခြင်းသဘောလေးတွေကလည်း ဘာထူးလဲ၊ မွေးသေလေးတွေပါပဲလား။ အမလေး ရွံမုန်းစရာကောင်းလိုက်တာနော်။ အော်ဂလီဆန်တက်လို့၊ ရှု့မှတ်သမျှ ဖြစ်ပျက်တွေအပေါ်မှာ စက်ဆုပ်စရာလို မြင်လာခဲ့တယ်။ ဖြစ်လိုက် ပျက်လိုက်တွေဟာ မွေးလိုက် သေလိုက်နဲ့ မခြားပါလား။

မုန်းဉာဏ်ရောက်ပြီ

ဒီလို ရှု့မှတ်နေရင်းက မခံမရပ်နိုင်အောင် အော်ဂလီတွေဆန်လို့။ ဒီဖြစ်ပျက်တွေကို မလိုချင်တော့ပါဘူး။ ရပ်ကြပါတော့၊ တော်ကြပါတော့လို့ အံကြိတ်ပြီး ရှု့မှတ်နေသော်လည်း ဒီဖြစ်ပျက်တွေက ပိုလို့တောင် နှိပ်စက်နေ ပါသေးတယ်။ အုံနဲ့ ကျင်းနဲ့ အားရပါးရ ဝိုင်းပြုံပြီး နှိပ်စက်ခံနေရတော့ ဒီဖြစ်ပျက်တွေနဲ့ ဝေးရာကို ထွက်ပြေးရ ကောင်းမလားပေါ့။ သူတို့ကို လွတ်ချပြီး ပြေးချင်လာတယ်။ ဝမ်းတွေကလည်း သွားကောင်းပေါ့။ အိပ်ယာထက်မှာ ရှု့မှတ်ရင်း ရုန်းကန်ပြီး ခံရတွေခက်လို့ ဪ.. ထွက်ပြေးလို့လည်း လွတ်မှာ မဟုတ်ပါဘူး။ ဒါဆို ဘယ်ကျမှ လွတ်မှာလဲ ? ။ အဓိက က သူနဲ့လွတ်ရင်ပြီးတာပဲ ? ။ မခံနိုင်တော့လို့ပါ။ ဒီဖြစ်ပျက်တွေ မလိုချင်ပါလို့ တော်တော် ကြီးကို စက်ဆုပ်ရွံရှာနေလိုက်တာ။ သေမှ လွတ်မယ်ဆိုရင် အခုပဲ သေပါရစေတော့။ မြန်မြန်သေပါရစေ။ ဒီဖြစ်ပျက် နှိပ်စက်မှု့က လွတ်ရင်ပြီးတာပါပဲလို့ စိတ်မှာ ကြိတ်မနိုင်ခဲမရနဲ့ တခါမှ အဲဒီလောက်ထိ မုန်းစရာ မတွေ့ဖူးပါဘူး၊ အခုဟာကတော့ အသက်တောင်စွန့်ချင်နေပါပြီ။ တော်ပါတော့။ ဒီမှာပဲ ဒုက္ခအစစ်ကြီးကို လှလှ ကြီးကို ခံရပါပြီ။ ဖြစ်ခြင်း ပျက်ခြင်း ဒုက္ခကြီးကတော့ ဘာနဲ့မှကို မတူတဲ့ ပြောပြလို့ မမှီနိုင်တဲ့ ဒုက္ခကြီးမို့ ဒုက္ခသစ္စာ ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်သွားပါပြီ။ ဘာနဲ့တူသလဲဆိုတော့ လူနာတစ်ယောက် သေခါနီးမှာ ဝေဒနာပြင်းထန်လွန်းလို့ ငါးရံ့ပြာလူးအော်ဟစ်ပြီး သေဆေးမြန်မြန်ထိုးပေးပါတော့ မခံနိုင်လို့ပါလို့ အော်နေတာနဲ့ တူနေပါပြီ။ အင်း.. ဘယ်လိုလုပ်ရပါ့မလဲ။

ဒုက္ခချုပ်ရာသို့ လှမ်းနိုင်ပြီ

ဒီလိုနဲ့ တရားထိုင်ဖို့ ကြောက်နေပြီ။ ဒီဒုက္ခကြီး ထပ်မခံစားနိုင်တော့ဘူး။ အားမထုတ်လို့လည်း မဖြစ်ဘူး ဆိုတာသိတယ်။ ဪ.. ဘုန်းဘုန်းပြောတဲ့ “ ပေရှု့ ” ဆိုတာ ဒီနေရာမှာပဲနေမှာလို့ တွေးမိသွားတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရမှာပဲဆိုပြီး ဘုရားရှေ့ လက်အုပ်ချီ ဦးချ မျက်လုံးမှိတ်ကတည်းက ဝင်လာပါပြီ။ ဘယ်ကတည်းက ချောင်းနေမှန်းမသိ။ မျက်လုံးဖွင့်ဖို့ ကြိုးစားလို့တောင် မရတော့ပါလား။ အင်း.. ရှု့လိုက်ရင်ပဲ နှိပ်စက်ခံရပါပြီ။ မခံနိုင်အောင်ကို ဒုက္ခသစ္စာကြီးပါလားဆိုတာ ငြင်းဖွယ်မရှိပါဘူး။ အမေရေ.. ကယ်ပါဦးလို့ အော်ချင်လည်း ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တာသိတယ်။ ထွက်ပြေးဖို့ ထပ်စဉ်းစားပြန်ပြီ။ အို.. ရှုပ်တယ် ဒီခန္ဓာကြီး မရှိမှ ငြိမ်းမှာပါ။ ဒါကြောင့် သေလိုက်စမ်းပါ။ ခုပဲ ဘာမှ မမှု့တော့ဘူး။ ဒီဖြစ်ပျက်က လွတ်ရင်ပြီးတာပဲ။ လွတ်ချင်လှပါပြီ။ သက်ပြင်းတွေ တဟင်း.. ဟင်း… ချလို့ မဲ့ရှုံ့နေတဲ့မျက်နှာနဲ့ စိတ်ကို ဇွတ်ဆွဲဆန့်ပြီ အံကို ကြိတ်လို့ ရှု့နေခဲ့တယ်။ ရင်ဝကို လှံအချက်ပေါင်းများစွာနဲ့ ဆက်တိုက် အထိုးခံရသလိုကို မခံနိုင်တော့ပါဘူး။ တော်ပါတော့၊ မလိုချင်တော့ပါဘူး၊ လွတ်ချင်ပါပြီလို့ ဒီခန္ဓာကိုလည်း စွန့်ပါပြီ။ ဖြစ်ခြင်း ပျက်ခြင်းတွေ ရပ်ပါတော့လို့ ဘယ်လိုပဲ ရုန်းထွက်ဖို့ ကြိုးစားနေနေ ဖြစ်ပျက်တွေက အရှိန်ကောင်းစွာနဲ့ ဆက်နှိပ်စက်လို့ ကောင်းနေတုန်း။ နောက်ဆုံးတော့ မတတ်နိုင်တဲ့အဆုံး စိတ်လျှော့ပြီး  ဘာမှမတတ်နိုင်ပါဘူးလေ ဆိုတဲ့ အတွေးလေးနဲ့ ဟင်းကနဲဆို သက်ပြင်းလေးလည်းချ လွတ်ချင်တဲ့စိတ်ကလေးကိုလည်း စွန့်လိုက်ရော ဖျပ်ဆို ဖြစ်ပျက်တွေ တိကနဲပျောက်ထွက်သွားတယ်။ ဖြစ်ပျက်တွေတိကနဲ ချုပ်သွားတာမြင်လိုက်ရတယ်။ တအောင့်ကြာတော့မှ အတွေးဝင်လာတယ်။ သတိဝင်လာသလို ဖြစ်လာတယ်။ ဟင်.. ဘယ်ရောက်သွားပြီလဲ ခုပဲ မုန်းလှပါပြီ မလိုချင်ပါဘူးဆိုပြီးတော့ ခုကျတော့ ဘယ်ရောက်ကုန်လဲ လိုက်ရှာနေရပြီ။ ဘယ်လိုပါလိမ့်။ ကိုယ့်စိတ်ကို ပြန်ကြည့် တော့လည်း အစောကလို မခံနိုင်တဲ့ ဒုက္ခဝေဒနာလည်း မခံစားရ၊ ဝမ်းသာမှု့သုခလည်း မခံစားရ၊ ခံစားချက်မဲ့နေတယ်။ ခန္ဓာကိုယ် ပေါ့ပြီး အေးကနဲ့ ခံစားရတယ်။ ဝန်ထုပ်ကြီး ပြုတ်ကျသွားသလို ပေါ့သွားသလို ခံစားရတယ်။ ဒါနဲ့ ငါ သေချာပြန်ရှု့ဦးမှပဲဆိုပြီး ရှု့တော့ ဖြစ်ပျက်က အရမ်းသိမ်မွေ့ပြီး ဖျပ်.. ဖျပ်.. ဖျပ်..ဖျပ်နဲ့ ခဏလေး နေတော့ငြိမ်ပြီးရှင်းတဲ့ ဆီရောက်သွားတယ်။ဒါမျိုး(၂)ကြိမ်ဖြစ်ခဲ့တယ်။ ထပ်မှတ်ကြည့်ဦးမယ် ဆိုပြီးဖြစ်ပျက်လေး တွေတစ်ဖျောက်ဖျောက် ပေါ် လာ တာကို စိတ်ထဲ ကနေ”ခုရပ်”လို့အမိန့်ပေးကြည့်လိုက်တယ်။ထူး ဆန်းစွာပဲ ဒီတဖျောက်ဖျောက် လေးတွေဟာ ရပ်ရက်ကလေး တန့်သွားတာတွေ့ရတယ်။ ဒါကိုဆက်မှတ်လိုက် တော့ငြိမ်ရှင်းသွားပြန်တယ်။ ဒါမျိုးလည်း နှစ်ကြိမ် ရပ်ခိုင်းကြည် ့ခဲ ့တယ်။ ထူးဆန်းတာကိုတော့ သိတယ်။ ဘာမှန်းတော့ မသိပါ။ နေရတာကလည်း ပေါ့ပါးပြီး ကြည်ရွှင်လို့ ခံစားချက်မဲ့နေတယ်။ အာရုံပြုလိုက်ရင် ဖြစ်ပျက်လေး ၂ ချက်၊ ၃ ချက်ပေါ်ပြီး ငြိမ်ရှင်းတဲ့ဆီပဲ အာရုံပြုသွားတယ်။ အာရုံက နိုးထလာရင် လန်းဆန်းပြီး ပေါ့ပါးကြည်ရွှင်နေတာကို ခံစားရတယ်။ ညကျတော့ အိပ်လည်း မအိပ်ချင်၊ လန်းလွန်း၊ ပေါ့လွန်းလို့ ရှု့မှတ်စရာကလည်း မရှိဆိုတော့ ဒီ ငြိမ်ရှင်းတာကိုသာ အာရုံပြုနေလိုက်ပါတယ်။ အဲ.. ဝမ်းသွားတာကတော့ (၁၁) ကြိမ်ထိ သွားပြီးပါပြီ ။ အဲဒီနေ့ကတော့ အထူးခြားဆုံးမို့ ရက်စွဲလေးမှတ်ထားလိုက်သည်။ (၈ – ၅ – ဝ၈)ည (၇)နာရီမှ(၈)နာရီအတွင်း။ စက္ကန့်ပိုင်းလေးအတွင်း ပြောင်းလဲသွားသော ခံစားချက်(၂)ခုကို ထူးဆန်းစွာ နှိုင်းယှဉ်နေမိပါတော့သည်။

—————————————————–***—————–***————————————————-

ပြန်လည်ဆန်းးစစ် ဝေဖန်သုံးသပ်ခြင်း

ကျွန်ုပ်သည် ဓမ္မလမ်းတလျှောက် ကိုယ်တွေ့ကြုံခဲ့ရသော ထူးခြားဖြစ်စဉ်လေးကို တစိမ့်စိမ့် ပြန်တွေးနေမိတယ်။ နောက် စာအုပ်တွေဖတ် ၍ ဆန်းစစ်ကြည့်တယ်။ ထူးခြားတာက အရင်က ဖတ်ကြည့်လို့ နားမလည်နိုင်သော စာအုပ်များ၊ ဉာဏ်စဉ်စာအုပ် များအားလုံး ဖတ်သမျှတိုင်းသည် အရသာအပြည့်ရှိနေသည်။ ဟုတ်လိုက်တာ၊ မှန်လိုက်တာနော်၊ ဒီစာအုပ်နဲ့ လည်းကိုက်နေ၊ နောက်တစ်အုပ်ဖတ်တော့ ဟုတ်နေပြန်ပြီ။ အမလေး.. ဖတ်လိုက်သမျှ တရားအနှစ်စာပေများ အားလုံး လက်က မချချင်တော့။ ကိုယ်ကြုံခဲ့ရတာတွေနဲ့က အထင်းသား၊ အရှင်းသား ကိုက်ညီနေတော့ တနေ့တနေ့ ဓမ္မစာပေများကိုသာ ရှာဖွေဖတ်ရှု့ဖြစ်နေတော့သည်။ နောက် ဉာဏ်စဉ်တရားများ နာကြည့်သည်။ အသေးစိတ်ဉာဏ်စဉ်အလိုက် ဟောပြထားတော့ ပို ပိုပြီး ရှင်းရှင်းလာသည်။ နောက် ကိုယ့်စိတ်ကို ဆန်းစစ်ကြည့်သည်။ ခံစားချက်မဲ့နေသည်။ ခန္ဓာကိုယ် ပေါ့ပါးပြီး ကြည်ရွှင်နေသည်။ တခုခုကို စဉ်းစားကြည့်သည်။ မရ။ တွေးကြည့်သည်။ တန်းပျက်သွားသည်။ စိတ်ကလေးက ကြည်ပြီ ရှင်းနေသည်။ စိတ်ပေါ်မှာ ကိလေသာ အကပ်မခံနိုင်အောင် သတိတွေ ကောင်းနေသည်။ အရင်ဆုံး အစစ်ခံရပြီ။ အိမ်ကို လာသော ဧည့်သည်မှ စိတ်ဒေါသထွက်စေမယ့် စကားလုံးတွေနဲ့ အမျိုးစုံတွေ ရစ်နေပြီ။ သူ့ကိုကြည့်ပြီးသာ သနားမိသည်။ ကိုယ့်စိတ်မှာ effect မဖြစ်တာ တွေ့ရသည်။ သူပြန်သွားတော့ အိမ်ကလူတွေ ဒေါသတွေ တလိပ်လိပ်ထွက်နေကြသည်။ ကိုယ့်စိတ်ကို ကြည့်လိုက်တော့ အေးဆေးပါလား။ ဘယ်လိုမှလည်း မနေ။ တည်ငြိမ်နေသည်။ တကယ်တော့ ဒါ ငါ့ကို လာစစ်ဆေးတာပဲလို့ သဘောထားမိပါတယ်။ ဪ.. နေလို့ ထိုင်လို့ ကောင်းလိုက်တာနော်။ ဒီလောက်ထိ စိတ်ထဲမှာ ရှင်းရှင်းကြီး နဲ့ ငြိမ်သက်နေတာ မခံစားဖူးပါဘူး။ အဲဒီအချိန်မှာ အလုပ်ချင်ဆုံးကတော့ တရားစာတွေသာ တစ်အုပ်ပြီး တစ်အုပ်ဖတ်လို့၊ ကိုယ်ဖြစ်တာတွေကိုသာ ချိန်ကိုက်နေချင်တော့တယ်။ ဒါ အရသာ အရှိဆုံးဖြစ်နေတယ်။ နောက်တခုက မြင်သမျှအပေါ် ဒုက္ခလို့သာ သဘောထားမိနေသည်။ ယုတ်စွအဆုံး အလှဆုံးပြင်ဆင်ခြယ်သထားသော မိန်းကလေးတစ်ယောက်ကို တွေ့တာတောင် ချစ်စရာလို့ မမြင်တော့။ ဪ.. ဒုက္ခများလိုက်တာနော်လို့ တွေးမိသည်။ တစ်ယောက်နဲ့တစ်ယောက် အလုပ်အကိုင်အတွက် ပြောဆိုရောင်းဝယ်နေတာတွေ့လည်း ခန္ဓာရဲ့ဝန်ကို ထမ်းရတဲ့ဒုက္ခက ကြီးလိုက်တာနော်လို့သာ တွေးမိပါတော့ တယ်။ အခုမှပဲ ပိတ်ကားထောင်ပြထားတဲ့ ဇာတ်လမ်းတွေ ထိုင်ကြည့်ရသလို လုပ်ကိုင်လှုပ်ရှားသွားလာ စားသောက်သမျှ မြင်မြင်သမျှတွေအပေါ် ဒုက္ခကြီးသာ အတိုင်းသားမြင်နေပါတယ်။ တော်ပြီ.. နောက်ထပ်တော့ ဒီဒုက္ခမျိုး မကြုံတွေ့ချင်တော့ပါဘူး။ နောက်ထပ်ခန္ဓာမရအောင်ပဲ ကြိုးစားပါတော့မယ်လို့သာ တွေးပြီးရင်း တွေးနေတော့တာပါပဲ။ အိမ်မှာလည်း ကိုယ်က ဧည့်သည်တစ်ယောက်လို ဖြစ်နေသည်။ TV ဆိုတာကတော့ ကြည့်လို့ကို မရတော့တာကြာပါပြီ။ တခါတလေကြည့်ကြည့်ဦးမယ်လို့ ခဏရပ်ကြည့်လိုက်ရင်ကို ခေါင်းတွေ နောက်ကျိလာပါတယ်။ အဲဒီအချိန်မှာ ခဏလေးလှဲပြီး မျက်လုံးလေးမှိတ်လို့ ရုပ်နာမ်ဖြစ်ပျက်လေး တစ်ချက်၊ နှစ်ချက်မှတ်ပြီး စိတ်ကို ပြန်ဆေးပေးရပါတယ်။ တခါတခါ အလုပ်များလို့ ခေါင်းတွေနောက်လာရင်လည်း   ဒီလိုပဲ (၅)မိနစ် ရရ ကိုယ့်စိတ်လေးကို ဆေးကြောသန့်စင်ပေးလိုက်ရင် လန်းဆန်းလာပါတယ်။ ယခင်နှင့် ယခု အစစ ကွာခြား သွားပါပြီ။ ယခင်က အဟုတ်ထင်ပြီး လုပ်တဲ့အလုပ်တွေအားလုံး ယခုအနေနဲ့ ဘာမှ မဟုတ်တာပဲ တွေ့ရတယ်။ အဲ… အရေးကြီးဆုံးပြောဖို့ မေ့နေတယ်။ အခုလို စိတ်ကလေးစင်ကြယ်စွာနဲ့ ပေါ့ပါးရွှင်လန်းပြီး နေနိုင်လာခြင်းသည် တရား၏ အကျိုးကျေးဇူးပဲ ဖြစ်ပါတယ်။ ဒါဆို တရားအား ရှိခိုးပါ၏လို့ ယခင်က ဇဝေဇဝါ ရှိခိုး ခဲ့တဲ့အပေါ်မှာ အခုတော့ နှစ်ထောင်းအားရစွာနဲ့ကို တရားရဲ့ကျေးဇူးကို ထင်ရှားသိမြင်လို့ အဓိပ္ပာယ်ရှိစွာ ရှိခိုးနိုင်ပြီပေါ့။ ဒါဆို ဒီတရားတွေ ကျင့်တတ်ဖို့ ဘယ်သူ့အကူအညီလိုသလဲ၊ ဆရာ ဘုန်းကြီးတွေရဲ့ နည်းပြမှု့ကောင်းလို့ ဒီအကျိုးတွေ ခံစားနိုင်တာပေါ့။ ဪ.. ကျေးဇူးကြီးလှတဲ့ သံဃာ့ဂုဏ်တွေကိုလည်း အနှစ် သာရရှိစွာ လှိုက်လှိုက်လှဲလှဲ သိခွင့်ရလိုက်လို့ သံဃာတိုင်းအပေါ်ကြည်ညိုစိတ်တွေ ယိုဖိတ်ရပါပြီ။ ကိုရင်လေးပဲ ဖြစ်ပါစေ၊ သံဃာ့ဂုဏ်ရည်ကို မြင်တတ်သွားတာကြောင့် အထူးကြည်ညိုသဒ္ဒါပွားမိပါတော့တယ်။ “ တရားဆောင် တတ် သံဃာမြတ် ဆည်းကပ်ပါ၏ ” ဘုရားလို့ ရင်ထဲမှာ ဝမ်းသာပီတိတွေနဲ့ လှူချင်၊ တန်းချင်စိတ်တွေက အချိန် ပြည့်ဆိုသလို ဖြစ်နေပါတယ်။ ဝင်ငွေလေးမရလိုက်နဲ့ လှူချင်တာ အရင်ခွဲလိုက်ပြီ။ ကျန်တာမှ စားဖို့ထားပါတယ်။ အိမ်မှာလည်း တတ်အားသရွေ့ ဆွမ်းတွေကပ်လို့၊ နံနက်အာရုဏ်မုန့်ဟင်းခါးကပ်တာဆို ကြိုက်သလောက် ဘုန်းပေးကြပါ။ ကိုရင်မှစလို့ ဆွမ်းခံတဲ့ သံဃာအပေါင်းကို ကပ်ခွင့်ရလို့ ဝမ်းတွေသာလို့ပေါ့။ ဒီအချိန်လေးဟာ ကိုယ့်အတွက် အဖိုးတန်လိုက်တာနော်။ ဪ.. ဝိသာခါကျောင်းအမကြီးကိုတောင် သတိရမိပါသေးတယ်။ သူ့လိုများ နေ့စဉ် အလှူရေစက် လက်နဲ့မကွာ လှူနေရရင် ဘယ်လောက်ကောင်းလိုက်မလဲပေါ့။ ကဲ.. သံဃာ့အပေါ်တောင် ဒီလောက်ကြည်ညိုရင် “ တရားပေးတတ် ဘုရားမြတ် ” အပေါ်ဆိုရင် တွက်ဆလို့တောင် မရတော့ပါဘူး။ မြတ်စွာဘုရား အထူးကျင့်ကြံပြီးမှ ရလာတဲ့ ဒီတရားလမ်းစဉ်အပေါ် နောက်လိုက်တွေ လျှောက်လှမ်းနိုင်လို့ ဒီတရားရဲ့ ထူးကဲစွာသော အကျိုးကျေးဇူးတွေနဲ့ ထိတွေ့ခွင့်ရတာပေါ့။ ဒါကြောင့် အမှန်တရားကို ဖော်ဆောင်ပေးနိုင်သော မြတ်စွာဘုရားရဲ့ ကျေးဇူးတော်တွေကတော့ အနန္တပါပဲ။ ဘုရား၊ တရား၊ သံဃာ အပေါ်မှာ ကြည်ညိုပုံချင်းကိုက စလို့ ကွာခြားသွားပါပြီ။ ဒီတော့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး မှလွဲလို့ တခြားကိုးကွယ်စရာ မရှိပါလားဆိုတာ တထစ်ချ ယုံကြည်မိပါပြီ။

ဘုန်းဘုန်းတွေပြောတဲ့စကားကို ကြားယောင်မိပါတယ်။ ခင်ဗျားတို့ကို တရားစစ်မှာ ကျုပ်တို့က စစ်မှာ မဟုတ်ဘူး။ လောကဓံတွေက စစ်ပေးသွားမှာ၊ မပူနဲ့။ မရိုးနိုင်အောင် မျိုးစုံနေတဲ့ လောကဓံတွေအပေါ် ကိုယ်ဘယ်လောက်ခံနိုင်မလဲသာ စောင့်ကြည့်ပေတော့ဆိုတာလေးပါ။ သိပ်ကောင်းတဲ့စကားနော်။ မှန်လိုက်တာ။ အရင်ဆုံးကတော့ အောင်မြင်မှု့တွေပေါ့။ ဒါလည်း လောကဓံပါပဲ။ ဘာလုပ်လုပ် အောင်မြင်မှာပေါ့။ ဉာဏ်ရည်တွေလည်း ထက်လာမှာပေါ့။ သမာဓိအားတွေ ကောင်းနေတာကိုး။ ဒါကိုက တရားကပေးတဲ့ အကျိုးကျေးဇူးတွေလေ။ ချီးမွမ်းတွေကခံလိုက်ရပြန်ပြီ။ ဒါလည်း ခံနိုင်နေတယ်။ ဘယ်သူတွေက ဘယ်လိုပဲပြော ပြော ကိုယ့်မှာတော့ ဒါတွေဟာ ဘာမှမဟုတ်တာတွေပဲလို့ တွေးနေတော့ ထူးပြီးမခံစားရပါဘူး။ ခက်တာက တခုခုတွေးဖို့ ကြိုးစားလိုက်တိုင်း ပျက်ပျက်ကုန်တာပဲ။ တစ်ယောက်ယောက်ကို လှမ်းတွေးလိုက်ရင် အဲဒီခန္ဓာကြီး က တပျက်ပျက်နဲ့ ပျက်လိုက်ပြီး ပျောက်သွားပြီ။ တယ်ဟုတ်ပါလားဆိုပြီး နောက်တခုပြီးတခုကို စမ်းကြည့်တယ်။ ဒီလိုပဲဆိုတော့ နောက်ဆုံးတော့ ဒီစိတ်မှာ လာကပ်တဲ့ ဒေါသတွေအပေါ် စမ်းကြည့်တယ်။ မဆိုးဘူး သိတာနဲ့ ပျက်သွားပြီ။ ဒါပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။ တခါတရံ ဒေါသနဲ့ ပြောမိပြီးမှ ထိန်းလိုက်နိုင်တာမျိုးပေါ့။ ငယ်ငယ်က အရမ်းစိတ်ကောက်တတ်တာလည်း ဒီတရားနဲ့မှ ကျွတ်တော့တာပဲ။ အရင်က စိတ်ကောက်ရင် ဘယ်တော့မှ ကိုယ်က စ မခေါ်ဘူး။ အသေသာခံမယ်ဆိုတဲ့ တလွဲမာနတွေလေ။ အခုလည်း ကောက်ပါတယ်။ ဒါပေမယ့် ကောက်မလို့လုပ်တုန်း မကောက်ချင်တော့ဘူး။ ပျက်သွားပြီ။ ကိစ္စတခုခုအပေါ်မှာ အကြောင်းအကျိုးနဲ့ အရာရာမှာ တွေးတတ်နေတော့ လောဘလည်း တော်တော်ထိန်းနိုင်သွားတယ်။ နောက် ထူးခြားတာက အရင်ကဆို အဝတ်အစားကအစ အကြိုက်ဆုံးအရောင် အနီရောင်၊ မွေးကတည်းကနော်၊ အခုတော့ ပူလောင် လွန်းလို့ အရောင်ဆို မပေါ်လွင်တဲ့ အရောင်၊ အေးမြတဲ့ အရောင်မှ ရွေးချယ်မိတယ်၊ ဝတ်တဲ့ အဝတ်အစား ကိုလည်း အရိုးရှင်းဆုံးကိုသာ ကြိုက်တော့တယ်။ simple အနေနဲ့ ဟန်ဆောင်မှု့ကင်းစွာပဲ နေတတ် လာတယ်။ အရာရာကို အရှိအတိုင်း ရိုးသားစွာပဲ မြင်ပြီး ရိုးသားစွာ နေထိုင်ရတာကို သဘောကျလာတယ်။ အများ သတ်မှတ်ထားတဲ့ ဂုဏ်တွေ၊ ပကာသနတွေအပေါ် အကာတွေလိုမြင်လာတော့ ဘယ်လိုမှ မနေတော့ပါဘူး။ ထူးလည်း အထင်မကြီးသလို အထင်လည်း မသေးပါဘူး။ သူများကို အာရုံစိုက်မှု့နည်းလာတယ်။ ကိုယ် မလုပ်ချင်ပဲ လုပ်နေရသ၍ သည်ဝဋ်ကြွေးကုန်အောင် ဆပ်ရပေဦးတော့မည်။ ဒါပေမယ့်လေ ငါ့မှာ brake ပါသွား ပြီမို့ နေပျော်၊ သေပျော်ပါပြီ။ အမှန်အတိုင်း ပြောရရင်တော့ နေ့စဉ်လှုပ်ရှား ပြောဆို ဆက်ဆံရတာတွေအပေါ် မပြောချင်၊ မလုပ်ချင်တော့ပါ။ စိတ်ကူးထဲမှာတော့ နေ့တိုင်း တရားပွဲတွေသာ ခြိမ့်ခြိမ့်သဲ ကျင်းပနေမိသည်။ သူတော်ကောင်းစကားတွေ နာကြားလို့ သူတော်ကောင်းဝန်းကျင်မှာ နေချင်ပါသော်လည်း ဝဋ်ကြွေး မကုန်သေး သ၍တော့ ပေးဆပ်နေရဦးမှာပါပဲ။ ဪ.. လူတိုင်း ပူလောင်နေတာကို ကြည့်ပြီး သံဝေဂတွေလည်း နေ့စဉ် ရနေပါပြီ။ နောက်ထပ် ခန္ဓာရရင်လည်း ဒီလိုတွေ ဒုုက္ခများဦးမှာမို့ တခါတည်းကိုပဲ ကြောက်လှပြီမို့ အပြီးတိုင်ရုန်း ထွက်ချင်လှပါပြီ။ ဒါကြောင့်လည်း အချိန်အားသမျှကို တရားနှလုံးသွင်းနဲ့သာ နေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အပူကို ပူမှန်းသိသွားပြီမို့ ရှောင်လည်း ရှောင်နည်းသိသွားပြီမို့ အပူမကူးအောင် နေတတ်သွားပါပြီ။ ကိုယ့်မှာသာ ပါရမီထူး တွေပါခဲ့ရင်ဖြင့် ဒီဘဝနောက်ဆုံး သာဖြစ်လိုက် ချင်ပါတော့သည်။ ဘာပဲဖြစ်ဖြစ် နှလုံးသွင်းမှန်စွာနဲ့ အမှန်တရားကို  နားလည်မှု့တွေ ပွားများနေဖို့ကတော့ ကိုယ့်တာဝန်ပဲလေ။ ဪ.. အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး (၃)ပါးဆိုတာ ကိုယ်တွေ့ခံရမှ အသည်းစွဲသွားတော့တာပါပဲ။ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောတွေကို မြင်နေသမျှ အနိစ္စ(အမြဲ မရှိခြင်း) ဆိုတဲ့ သဘောအောက်က ပြေးလို့ မလွတ်ပါဘူး။ ဒုက္ခကတော့ ရှယ်ကို ခံခဲ့ရပြီးပြီမို့ ဒုက္ခသစ္စာဆိုတာကြီးကို ခါးလွန်းလို့ နောက်ထပ်တောင် ပြန်မပြောချင်လောက်အောင်ပါပဲ။ ဒီလို ဒုက္ခတွေ ဖိစီးနှိပ်စက်ခံနေရလို့ ဘယ်လိုပဲ လွတ်မြောက်ပါရစေ၊ အားလုံးကို စွန့်ပါပြီ၊ ကြောက်လှပါပြီလို့ တောင်းပန်ပါသော် လည်း ကိုယ် ဖြစ်ချင်တာမဖြစ်၊ သူ့သဘောသူဆောင် ပြသွားတာကိုက အနတ္တလက္ခဏာကို ကွက်ကွက် ကွင်းကွင်းကြီး  သိလိုက်ရပါပြီ။ ဘာအနှစ်မှမရှိ၊ ဘာစွမ်းရည်မှ မရှိတာတွေ တွေ့ရတော့ အရာရာတိုင်း အပေါ် အနတ္တပဲလို့ သဘောထားသွားနိုင်လို့ အတ္တတွေ ပါးသွားတာပေါ့။ ဪ.. သစ္စာ(၄) ပါးဆိုတဲ့ အမှန်တရား တွေကို ကိုယ်တွေ့ခံစားသိမြင်လိုက်မှပဲ မြတ်စွာဘုရားဟောခဲ့တာ အပိုအလိုမရှိ ကွက်တိကို သွေးထွက်အောင် မှန်နေပါတော့တယ်။ ဒုက္ခသစ္စာကြီးကို ဒုက္ခမှန်းမသိတုန်းက အဟုတ်ထင်ပြီး ပျော်ပါးခဲ့လေသမျှ အခုတော့ ဒီဒုက္ခ ကြီးကို ကြောက်လှပြီမို့ ဒုက္ခဖြစ်ကြောင်း သမုဒယကို ငြိမ်းစေဖို့အတွက် မဂ္ဂပွားနေရပါပြီ။ မဂ္ဂင်ဖောင်ကြီးကသာ ဒုက္ခတို့ချုပ်ရာ နိရောဓဆီသို့ ပို့ပေးနိုင်မှာမို့ နိရောဓသစ္စာရဲ့ အရသာကြီးးကို ထပ်ခါတလဲလဲသာ ခံစားချင်ပါတော့ တယ်။ ဪ.. ကံမကုန်သေးသ၍တော့ ဒီခန္ဓာ့ဒုက္ခကြီးလေးမှန်းသိသော်လည်း မလွှဲမရှောင်သာ ထမ်းနေရဦးမှာ မို့ ကိုယ့်တတ်စွမ်းသလောက်တော့ ကိုယ်နဲ့နီးစပ်သမျှ ပတ်ဝန်းကျင်က ဘဝတူ ဒုက္ခသည်တွေအားလုံးကိုတော့ ဒီတရားရဲ့ အကျိုးလေးတွေ ခံစားစေချင်တာမို့ တိုက်တွန်းရဦးမှာပါ။ ဒါပေမယ့် ကံထိုက်မှာကိုတော့ အလိုလိုကို ကြောက်နေမိတယ်။ မနောကံ၊ ဝစီကံ၊ ကာယကံတွေ တခုခုကျူးလွန်မိမှာ ကိုယ်တိုင်လည်း ကြောက်သလို သူများတွေ ကျူးလွန်မိမှာလည်း ကြောက်မိပါတယ်။ တစ်ဦးအပေါ်တစ်ဦး အလွယ်တကူ အပြစ်တွေမြင်လို့ ဒေါသ၊ လောဘ တွေနဲ့ ဆူပွက်နေတာတွေကို ကြည့်ပြီး ကြောက်နေမိတယ်။ ဪ.. အရာရာ သံဝေဂရစရာတွေနဲ့ ဒုက္ခ တွေချည်းပါပဲလား။ ဪ.. ဒါကြောင့်လည်း သူတော်ကောင်းများ တောရိပ်ခိုကြတာနေမှာပဲလို့ တွေးမိပါတယ်။

အရသာ အရှိဆုံးအချိန်

ကျွန်ုပ်အတွက် တရားကြောင်း ပြောနေရတဲ့ အချိန်ဟာ အရသာအရှိဆုံးပါပဲ။ ခက်တာက ဘယ်သူ လာလာ ဒီတရားကလွဲ၍ ကျန်တာဆို စိတ်ကို မဝင်စားတော့။ အလ္လာဘ သလ္လာဘတောင် မပြောချင်ပါ။ အဓိက တရားကြောင်းတွေသာ အားရပါးရ အရသာရှိစွာ ပြောချင်နေပါသည်။ တကယ်လည်း ထမင်းမစားရရင် နေပါစေ၊ တရားကြောင်းများပြောရလို့ကတော့ ဘာမှကို မသိ၊ အကုန်မေ့ထားလိုက်သည်။ အိမ်လာလည်သမျှ တစ်ယောက်မျှ အလွတ်မပေး။ ကြာတော့ အကုန်ပြေးကုန်ကြတဲ့အထိကို မနားတမ်း ပြောနေပါတော့သည်။ နားထောင်လို့များ စိတ်ဝင်တစားရှိနေသေးရင် ဝမ်းတွေသာ ကျေးဇူးတွေတင်လို့ အိမ်ကလူတွေက မနိုင်လို့ လွတ်ထားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီခံစားချက်တွေကတော့ အခုစာရေးနေတဲ့ အချိန်ထိပါပဲ။ တနေ့နေ့မှာ ပုံမှန်ပြန်ဖြစ်သွားမယ်လို့ ထင်ထားကြတဲ့လူတွေက ပိုတောင် ဆိုးလာသေးတယ်လို့ ပြောကြပါတယ်။ ဘာပြောပြော ဘယ်လိုမှ မနေပါဘူး။ ပြောနေရရင် ပျော်နေတာပါပဲ။

ကိန်းအောင်းနေခဲ့သော ဆန္ဒ

ဒီလို တရားတွေ ပြောနေရတာနဲ့ အားမရတော့။ တရားပွဲလေးများ လုပ်ရရင် သိပ်ကောင်းမှာပဲလို့ တွေးမိသည်နှင့် အိမ်မှာ ဝါတွင်း (၃) လ လုံး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆရာတော် ပင့်၍ နှာသီးဖျား ထိသိ မှ စလို့ အခြေခံ မှတ်နည်းများကို ကျူရှင်ကလေးများနှင့် မိသားစုအားလုံး အပါအဝင် နီးစပ်ရာ တရားလိုလားသူများ အတွက် ပြုလုပ်ခဲ့ပါသည်။ ဪ.. ခဏ,ခဏ အိပ်မက်ခဲ့ရတာတွေ လက်တွေ့ဖြစ်လာပြီပေါ့။ အမှန်မှာတော့ ဒီလောက်နှင့် အားမရသေးပါ။ ရပ်ကွက်ထဲတွင် တရားပွဲများ နေ့စဉ်ကျင်းပလို့ အများပြည်သူတွေ တရားအားထုတ်နိုင်ဖို့ လုပ်ချင်ပါသေးသည်။ အဝိဇ္ဇာ အဖုံးခံရလို့ အိပ်ပျော်နေသော အရိယာလောင်းလျာများကို တရားသံလေးဖြင့် တံခါးခေါက်လို့သာ နှိုးလိုက်ချင်ပါတော့တယ်။ ဒါပေမယ့် အခုကိုပဲ ကိုယ်မလုပ်နိုင်ပေမယ့် တရားပွဲတွေ ရက်ဆက်လို့ ကျင်းပနိုင်နေကြပါပြီ။ ဪ.. ဆရာတော်များ ရှိပေလို့သာပေါ့။ ကျေးဇူးကြီးလှသော ဆရာတော် အရှင်သူမြတ်တို့ကို အထူးကို ကျေးဇူးတင် အားကျမိပါတယ်။

ဖြစ်ပေါ်ခဲ့သော အချက်ပေးခေါင်းလောင်း

ဒီလို တနေ့တနေ့ တရားစကားတွေ ပြောတဲ့အခါ ပြောနေစဉ်မှာပဲ ခန္ဓာထဲက ဖြစ်ပျက်တို့က သူတို့ အကြောင်း ပြောမှန်းသိကြောင်းပြတဲ့အနေနဲ့ အချက်တွေပြနေကြပါပြီ။ တရားစာဖတ်ရင်လည်း ဒီတိုင်းပဲ မျက်လုံး ဖွင့်ပြီး ဖတ်နေရင်းက ခန္ဓာထဲက ခုန်ထွက်နေသလား အောက်မေ့ရပါသည်။ တကိုယ်လုံး ဝုန်းဝုန်းဒိုင်းဒိုင်းတွေ ဖြစ်လို့ နေပါသည်။ အခု တရားစာ ရေးနေရင်လည်း တကိုယ်လုံးထဲက တခါတခါ မီးရထားတွေ အတွဲလိုက် ခုတ်နေသလား အောက်မေ့ရတယ်။ တခါတလေကျ ကိုယ့်ခန္ဓာကြီးက စက်ရုံကြီးလို တဂျိမ်းဂျိမ်းနဲ့ အလိုလို ဖြစ်ပေါ်နေပါတော့တယ်။ ဒါကြောင့် ဒါလေးတွေကို အချက်ပေးခေါင်းလောင်းလေး လို့သာ တင်စားစေချင် ပါတော့တယ်။ တခါတခါများ အိပ်ယာက အထတို့ ဘာတို့မှာ ခန္ဓာထဲက ဖြစ်ပျက်တွေ တဖြောင်းဖြောင်းခုန်ထွက် နေသလို ခံစားရပြန်ပါတယ်။ အခုများတော့ဖြင့် အချိန်ပြည့်နီးပါးကို ဖြစ်နေပါပြီ။ ဪ.. အမြဲပွင့်နေတဲ့ မီးခလုတ် လိုပါပဲလား။ ခလုတ်ပိတ်ထားလည်း စီးဝင်နေတဲ့ တားလို့မရတဲ့ Auto ခန္ဓာဖြစ်ပျက်ကြီးပါလား လို့သာ တွေးမိ ပါတော့သည်။

အဆောင် ဆေးကောင်းတလက်ဖြစ်ခဲ့ပြီ

ဒီလိုနဲ့ တနေ့မှာ ခန္ဓာရဲ့ပြင်းထန်တဲ့ ဖောက်ပြန်ချက်တွေကို ခံရပါပြီ။ အစာအိမ်ရောဂါ ရပါပြီ။ အရင့် အရင် မဆင်ခြင်ခဲ့တဲ့ အကြောင်းတရားတွေကြောင့် အခုတော့ အကျိုးအနေနဲ့ ရခဲ့ပါပြီ။ ညနေ ၅ နာရီလောက်မှ စ၍ အောင့်အောင့်နေခဲ့တဲ့ အစာအိမ်နာကျင်မှု့က မနက်မိုးလင်းတဲ့အထိ မသက်သာ၊ ပိုပို ဆိုးလို့ လာခဲ့ပါသည်။ ခန္ဓာကိုယ်မှာ အသက်ရှုလို့ လှုပ်ရှားသွားတာလေးတောင် မခံနိုင်အောင် ဖြစ်ခဲ့ရသည်။ ဒီလို အချိန်မျိုးမှာ တရားလက်ကိုင်သာ မရှိလို့ကတော့ အော်ဟစ်နေရမှာ သေချာသည်။ ဒါဆို ဘယ်လို နှလုံးသွင်းနေခဲ့ပါသလဲ ? ။ ဒီနာကျင်တဲ့ ဝေဒနာလေးတွေ အပေါ်မှာ တချက်ပြီးတချက်နာတယ်၊ ပျက်တယ်၊ အစားထိုးတယ် ဆိုတာလေးကို မလွတ်အောင် မှတ်နေခဲ့တော့ ဝေဒနာနဲ့ ငါနဲ့ မရောတော့ဘူးပေါ့။ ဪ.. ဒီနာကျင်တာလေးတွေ ပျက်ချိန်နဲ့ အစားထိုးချိန် အရမ်းမြန်လို့ တဆက်တည်း နာတယ်လို့ ထင်ရတာပါလား။ တကယ်တော့ သူလည်း ဖြစ်ပြီး ပျက်လို့ အစားထိုးလိုက်၊ ဖြစ်လိုက် ပျက်လိုက် အစားထိုးလိုက်နဲ့ စည်းချက်ကျကျ ဖြစ်နေတာမို့ ဒီအချက်ကလေးကို မြင်လိုက်တာနဲ့ သက်သာသွားသလို ဖြစ်ရသည်။ ဒီလိုလေး နှလုံးသွင်းပြီး ဖြစ်ပျက်လေးတွေမြင်လို့ ငြိမ်းရာကို ပြေးဝင်သွားချိန်မှာတော့ ခံစားချက်တွေ ပျောက်နေခဲ့ပါပြီ။ ဪ.. ဒါကြောင့် ဒီလို ကြာကြာနေနိုင်အောင် လေ့ကျင့်ခိုင်းတာပါလားလို့ သဘောပေါက်ခဲ့ရပါပြီ။ တဖန် ငြိမ်းရာမှထလာတော့ ဒီနာကျင်မှုဝေဒနာ ခံစားရလို့ တချက်နဲ့တချက်မိအောင်မှတ်လိုက် ငြိမ်းရာရောက်လိုက်၊ ထလာလိုက် မှတ်လိုက် ရောက်သွားလိုက်နဲ့ ဪ.. တော်တော်တော့ ဟုတ်နေပါလား။ ဒါကြောင့် ဆရာတော်များ ခိုင်းသရွေ့ဟာ အဓိပ္ပာယ်ရှိပြီး ထိရောက်လှပါလား။ အခုမှပဲ ဘာကြောင့် ဒါကို ခိုင်းတယ်ဆိုတာ သဘောပေါက်ပါတော့တယ်။ ခန္ဓာမှာလည်း ကောင်းတာ တခုမှ မရှိသလောက်ပါပဲ။ ဟိုက ပျက်စီးလို့ ပြုုပြင်ရ၊ ဒီက ချို့ယွင်းလိုက်နဲ့ ဪ.. အို

ပြီးရင် နာလို့ သေခြင်းတရားနဲ့ နီးလာပါပြီလားဆိုတာ မြင်သည်ထက်မြင်၊ သိသည်ထက်သိ နေရပါတော့သည်။ ဒါက အစာအိမ် ဝေဒနာ ပြင်းထန်ချိန်မှာ သောက်ခဲ့ဖူးတဲ့ တရားဆေးလေးပါပဲ။

နောက်တစ်ခုကတော့ တိုက်ဖွိုက်ဖြစ်ပြီလေ။ ရေကစ ပြန်အန်နေပြီ။ အဖတ်ဆို ဝေးရော၊ ရေသောက် တာတောင် လက်မခံချင်။ ဒီအချိန်မှာ အိပ်ယာနဲ့လူနဲ့က မခွာရ ဖြစ်ချိန်ပေါ့။ ခန္ဓာကတော့ သူ့တာဝန်သူ ကျေအောင် ဖောက်ပြန်ပြနေပါပြီ။ တစ်ခုစားလိုက် အန်လိုက် ပြန်လှဲလိုက်နဲ့ ဆေးတောင် သူက သိပ်လက်မခံ ချင်ပါ။ အဲဒီ အချိန် မှာ ကိုယ့်အတွက်က သူ့ကို သတိတောင် ရချိန်မရှိအောင် အဖော်တွေ့နေပါပြီ။ တရားအဖော် ပေါ့။ ဪ.. သူနဲ့ က ခါတိုင်း ကျန်းမာနေချိန်မှာ ဒီလို အေးအေးဆေးဆေးမှ မတွေ့ရတယ်နော်။ အလုပ်တွေ တခုပြီးတခု ရှုပ်နေတော့ ဒီဖြစ်ပျက်လေးတွေက ခန္ဓာထဲက လှမ်းပြီးမျက်ရိပ်ပြနေလည်း ကိုယ်က တခါတလေ သူ့အတွက် အချိန်မပေးနိုင်ခဲ့။ အလုပ်တွေ မထပ်အောင် လုပ်လို့ သူ့ကို ပစ်ထားသလို ဖြစ်နေခဲ့တာလေ။ အခုတော့မှပဲ အေးအေးဆေးဆေး တွေ့ရတော့တာဆိုတော့ ဒီဖြစ်ပျက်တွေနဲ့ အလွမ်းသယ်လို့ အားမရနိုင်အောင်ပါပဲ။ ခန္ဓာကြီး က တနေ့တနေ့ တခုစားလိုက် အန်လိုက်ဖြစ်နေတာ ပစ်ထားပြီး ဒီ ဖြစ်ပျက်လေးတွေနဲ့သာ ပျော်ပါးနေခဲ့တယ်။ ဒါကမှ ပိုတောင် ကောင်းနေသေးတယ်။ နေမကောင်းဖြစ်တာတောင် ကျေးဇူးတင်ရမလို ဖြစ်နေပြီ။ ဒါမှ ဒီဖြစ်ပျက် တွေနဲ့ နေရဖို့ အခွင့်အရေးတွေများမှာပေါ့။ ပြီးတော့ သူတို့ကြောင့် ကိုယ်က လန်းရွှင်နေတာနော်။ အပြင်က ကြည့်ရင်တော့  ဒီလူမမာ မျက်လုံးတောင် မဖွင့်နိုင်ရှာဘူးထင်မှာ။ တကယ်က ငယ်ချစ်နဲ့ တွေ့နေတာလေ။ ဖြစ်ပျက်တွေက မျက်လုံးဖွင့်ခွင့်မပေးဘူးလေ။ ဒီတော့ အပြင်က ကြည့်ရင်တော့ ဪ.. မျှောများနေပြီလား လို့ စိတ်ပူစရာပေါ့။ ကိုယ်ကတော့ ရှု့ကောင်းနေလို့ တခါပြီးတခါ ခန္ဓာက ရွှင်သည်ထက် ရွှင်၊ ပေါ့သည်ထက် ပေါ့ပါး လန်းရွှင်လို့ နေပါပြီ။ ခန္ဓာရဲ့ဖောက်ပြန်နှိပ်စက်နေတဲ့ ဝေဒနာက တိုးမပေါက်တော့လို့ ဘာဖြစ်လို့ ဖြစ်နေမှန်းတောင် မသိခဲ့ရပါဘူး။ အေးအေးဆေးဆေး အပူအပင်မဲ့စွာနဲ့ပဲ ဖြစ်ပျက်တွေ တဝကြီး ရှု့ပြီး နေလို့တွေသာကောင်းနေပါတော့တယ်။ ဪ.. ဒါသည်ပင် အကြောင်းပြုလို့ အကျိုးခံစားရတာပါလားလို့သာ တွေးမိပါတော့သည်။ ဒီအချိန်မှာ ဝေဒနာပြင်းထန်လို့ ခန္ဓာကြီးစွန့်ရမယ်ဆိုရင်တောင် ဒီဖြစ်ပျက်လေးတွေ ရှု့ရင်းသေရမှာမို့ အေးဆေးစွာနဲ့ပဲ ပြုံးပြုံးကြီး တာ့တာ ပြသွားရုံပါပဲ။ ဪ.. ဒါကြောင့်မို့ သူ့ကို အဆောင် ဆေးကောင်းတလက်လို့သာ ပြောလိုက်ပါရစေ။ ဒါသည်ပင် သေတတ်ဖို့ အဆောင်ကောင်းလေးတခုပါလား ဆိုတာ သဘောပေါက်မိပါတော့သည်။ ဪ.. အနေပျော်လို့ အသေပျော်စေမှာမို့ လူတိုင်းကို ဒီဆေးလေးတွေ လိုက်ဝေရရင် ကောင်းမှာပဲလို့ တွေးရင်း ပြုံးပျော်ခဲ့ရပါသည်။ ခန္ဓာရထားတဲ့ လူတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ရမယ့် ရောဂါဝေဒနာ စစ်မြေပြင်မှာ ဒီ အဆောင်ကောင်းလေးသာ ရှိခဲ့ရင်ဖြင့် မိန့်မိန့်ကြီးကို အနိုင်ရမှာမို့ ဒီဆေးလေးကိုတော့ ဆောင်ထားကြဖို့ တိုက်တွန်းလိုက်ချင်ပါတော့သည်။

ကျွန်ုပ်အတွက် ထူးခြားမှု့တစ်ခု ခံစားမိတာလေးရှိသည်။ အိမ်မှာ ရိပ်သာက ပြန်ရောက်ကတည်းက ညပိုင်း တရားထိုင်သွားဖို့ ခေါ်တိုင်း လိုက်မယ့်လူ မရှိပါ။ ဒါနဲ့ပဲ တစ်ဦးတည်းသာ တရားတွေ ပြေးထိုင်ခဲ့ပါသည်။ နောက် တခုခုဖြစ်လို့ ဘုန်းကြီးကျောင်းပြေးရပြီဆိုလည်း အမကြီးသာ ပါလာတတ်သည်။ ကျန်တဲ့လူများက ဘာသိဘာသာ ကိုယ့်အလုပ်နဲ့ကိုယ်မို့ တစ်ယောက်မှ တရားထိုင်ဖို့ စိတ်မဝင်စားကြပါ။ ကျွန်ုပ်ကလည်း အစပိုင်းသာ အဖော်စပ်ကြည့်သည်။ နောက်တော့ မလိုက်မယ့် အတူတူ ကျွန်ုပ်တစ်ယောက်တည်းသာ ပြေးခဲ့လွှားခဲ့ပါသည်။ ဒီလို ထူးခြားဖြစ်စဉ်တွေ ဖြစ်တော့လည်း ဘုန်းဘုန်းများကသာ အကုန်သိပါသည်။ အိမ်မှာ အထူး မပြောဖြစ်ပါ။ သို့သော် ထူးခြားတာက ဒီနောက်ပိုင်း ဘယ်သူ့ကိုမှလည်း မဆွဲဆောင်ရပါပဲနှင့် တအိမ်လုံး တရားတွေ အားရင် အားသလို ပြေးထိုင်ကြသည်။ ညအိပ်ခါနီးဆိုလည်း ခေါင်းရင်းမှာ တရားခွေတွေ အပြည့်၊ တရားနာပြီးမှသာ အိပ်ကြသည်။ တော်တော်တော့ ထူးနေပြီ။ ခေါင်းရင်းမှာ ကက်ဆက်ကိုယ်စီနဲ့ နေ့စဉ် တရားတွေကို မရိုးအောင် နာနေတော့ အသိတွေ တိုးတက်ရတာပေါ့။ နောက်ပြီး နီးစပ်ရာ သူငယ်ချင်းမိတ်ဆွေ များနှင့် တရားအားထုတ်ဖို့ ချိန်းပြီး အဖွဲ့လိုက်လည်း အချိန်ရသလောက် ပြေးပြီး အားထုတ်ကြသည်။ ပြောကြရင်လည်း တရားစကားတွေသာ အပြောများလာသည်။ ဒီလိုဖြစ်လာတာနဲ့ပတ်သတ်လို့ ဆွေးနွေးကြတဲ့ အခါ တစ်ယောက်ကပြောသည်။ သူ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်တဲ့။ တရားထိုင်တဲ့အခါတောင် အိမ်မှာ ထိုင်တာနဲ့ ရိပ်သာမှာ အများနဲ့ထိုင်တာ မတူကြောင်း၊ တရားစခန်းတွေမှာ အများနဲ့ ထိုင်တဲ့အခါ ဘေးက တရားကောင်းတဲ့ လူတွေရဲ့ အအေးစက်ကွင်းက အဲဒီအခန်းထဲမှာ ထုတ်လွှတ်ပေးနေတာမို့ သံလိုက်အား ပိုကောင်းနေသလို တရားအားထုတ်လို့လည်း ပိုကောင်းတာဖြစ်ကြောင်း။ ဒါကြောင့် အအေးဓာတ်စက်ကွင်းနား နေတဲ့လူတွေဟာ တရားအားထုတ်ဖို့ စိတ်တွေ ပိုတက်ကြွလာတတ်ကြောင်း သူကပြောပြသည်။ ဪ.. အဲဒီလိုလား ? ဟုတ်မှာပါ ပဲ။ ဘာလို့လဲဆိုတော့ ရိပ်သာတို့၊ သူတော်ကောင်းများရှိရာ နေရာတို့ သွားတဲ့အခါတိုင်း ဝင်းထဲဝင်တာနဲ့ အအေးဓာတ်က အရင်ခံစားရသွားပါပြီ။ ဝင်းထဲ ဝင်လိုက်တာနဲ့ ကို စိတ်တွေ ငြိမ်းချမ်းလာသည်။ သူတော်ကောင်း ဆရာတော်ကြီးတွေနဲ့များ လျှောက်ထားမိန့်ကြားတာတွေ နာကြားရတဲ့အခါတိုင်း အေးချမ်းမှု့ တွေ ရနေခဲ့သည်။ တော်တော်တော့ ထူးဆန်းပါလားလို့ တသံသရာလုံးက မစဉ်းစားဖူးတာတွေ စဉ်းစား နိုင်ခဲ့သည်။

ချမ်းသာပေးတတ် တရားမြတ် ဆည်းကပ်ပါ၏။

ကျွန်ုပ်သည်   အချိန်ပြည့် ဆိုသလို  တရားတော်၏  ကျေးဇူးများပုံကိုသာ   အောက်မေ့မိ    နေပါသည်။

တရားတော်ကား ကြားနာရလျှင်လည်း ချမ်းသာမှု့ကို ပေးနိုင်သည်။ ကျင့်လျှင်လည်း ချမ်းသာပေးနိုင်သည်။ နိဗ္ဗာန်တည်းဟူသော ကိလေသာငြိမ်းရာသို့ ပို့ဆောင်နိုင်လို့ နိဗ္ဗာန်ချမ်းသာ အစစ်ကြီးကိုပါ ပေးနိုင်သည့်အတွက် သုံးတန်ကောင်းခြင်းနှင့်ပြည့်စုံအောင် ရှင်းလင်းဟောကြားတော်မူအပ်သော တရားမြတ်ပါတကား။ မဂ်(၄)တန်၊ ဖိုလ်(၄)တန်၊ နိဗ္ဗာန် တည်းဟူသော လောကုတ္တရာတရား(၉)ပါးအား လျော်သော ဝိပဿနာ အကျင့်မြတ် သည်ကား သူတပါးပြောသော စကားနှင့်မျှ မယုံရပဲ ကိုယ်တိုင်ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်ကြီး ပင် ဖြစ်ပေသည်။ ခုကျင့်လျှင် ခုပင် ချက်ချင်း မချိန်မလင့် မဖင့်မနှေး အကျိုးပေးတတ်သော တရားတော်ပင် ဖြစ်ပေသည်။ (၅)မိနစ် ကျင့်လျှင် (၅)မိနစ် ချမ်းသာ ချက်ချင်း ရနိုင် ပေသည့်အတွက် တရားရဲ့ကျေးဇူးကား ကြီးမားလှပါလားနော်။ မရှု့ရ မနေနိုင်အောင် “ လာလှည့်ပါ ရှု့လှည့်ပါ ” လို့ အချိန်ပြည့် ဖိတ်ခေါ်နိုင်သော တရားတော်ကြီးပါလား။ နေစဉ်အတွင်း လုပ်နေစဉ်၊ ကိုင်နေစဉ်၊ စားနေစဉ်၊ သွားနေစဉ်၊ ပြောနေစဉ်၊ ဆိုနေစဉ်၊ နားနေစဉ်မှာပင် အချိန်မလပ်အောင် ခုန်ပေါက်ပြေးလွှားပြီး ဖိတ်ခေါ်နေပါလားနော်။ အချိန်ပြည့် မိမိသန္တာန်မှာ တည်နေနိုင်ပြီး အဝတ်ဥသျှောင်မီးလောင်သော်လည်း မသတ်ပဲနှင့် စိတ်ထဲရောက်အောင် ကပ်ဆောင်ထိုက်သော တရားမြတ်ပါတကား။ ဖြုတ်ချလို့လည်း မရ၊ လွှတ်ချလို့လည်း မရအောင် အချိန်ပြည့်ကပ်တွယ်နေနိုင်သော တရားပါလားနော်။ အတော်လည်း စွမ်းပါပေတယ်။ သစ္စာ(၄)ပါးကို ကိုယ်တိုင်သိမြင်ခွင့်ရစေခဲ့တာလည်း ဒီတရားပါပဲ။ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ခံစားသိရှိနိုင်အောင် ပို့ဆောင်ပေးနိုင်တာလည်း ဒီတရားပါပဲ။ တရားသိမြင် ပညာရှိ ရှစ်ပါး အရိယာများသာလျှင် ကိုယ့်တရားနှင့်ကိုယ် အသီးသီး သိမြင်ခံစားရစေသော တရားတော်မြတ်၏ ဂုဏ်ကျေးဇူးကား ကြီးမားလှပါတကား။ ဒီလို ထူးကဲလှစွာသော ဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံသော တရားတော်မို့ပဲ “ချမ်းသာပေးတတ် တရားမြတ် ဆည်းကပ်ပါ၏ ” ဘုရားလို့ ဘုရားရှိခိုးတိုင်း ဒီတရားဂုဏ်ရည်တွေနဲ့ မြတ်စွာဘုရား ကို ပူဇော်ခွင့်ရခဲ့ပါပြီ။

ဪ.. သံသယတွေကင်းလို့ အမြင်မှန်တွေပါရခဲ့ပြီမို့ ကျေးဇူးကြီးလှတဲ့ တရားတော်မြတ်ရဲ့ ဂုဏ်အင်ခြောက်သွယ်နဲ့ ထူးခြားကုံလုံ ပြည့်စုံတော်မူသော တရားတော်မြတ်ကို လက်အုပ်ချီမိုး ရှိခိုးကန်တော့ရင်း နဲ့ပဲ တရားကျေးဇူးမြင်းမိုရ်ဦး အထူးကျေအောင် ဆပ်ရပေဦးတော့မည်။

×××××—×××××—×××××—×××××—×××××—×××××—×××××