လဒ ( လင်းတ) ဖြစ်သွားသော ချိုးငှက် ပါတဲ့။

Kyi LwinSeptember 23, 20131min2963

ဒါလေးတော့ ဖတ်စေချင်လို့ ကူးပေးလိုက်ပါတယ်။

7 DAYS NEWS JOURNAL  မှာပါတဲ့ သရော်စာပါရှင့်။

ကြည်လွင်

ရန်ကုန်မြို့။

 

ချိုးဖြူလေးကို အားနာပါ ————

ရေးသားသူ- ဘစီ

ငြိမ်းချမ်းရေးဆိုတဲ့ စကားကို ကျုပ်တို့တိုင်းပြည်မှာ ပြောလာလိုက်ကြရတာ လွတ်လပ်ရေးရပြီး ကတည်းကပဲနော်။ ဒါပေမဲ့
ကနေ့အထိ မငြိမ်းချမ်းနိုင်သေးဘူးဖြစ်နေတာလည်း အားလုံးအသိပဲ။ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုရဲ့ တပ်ဦးမှာရှိခဲ့တဲ့ဆရာ
ကြီးသခင်ကိုယ်တော်မှိုင်းဆိုရင်လည်း သူမသေခင်မှာ တိုင်းပြည်ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်လို့ တဖွဖွပြောခဲ့ရတယ်။ ဒါ
ပေမဲ့ သေသာသွားရော မြင်မသွားရပါဘူးဗျာ။

ငြိမ်းချမ်းရေးစကား ပြောသာပြောရ မငြိမ်းချမ်းနိုင်သေးတာမို့ သူ့လေးချိုးကြီးတစ်ပုဒ်ထဲ မှာ “ပြေ(ပြည်)ရွာမှာ သေတာ လောက် မကောင်းချိန်မို့” ဆိုပြီး တောင်မှ ဆရာကြီးက ထည့်ရေးသွားတာတွေ့ရဖူးသဗျ။ အခုအချိန်ထိလည်း ကျုပ်တို့ဟာ ဆရာကြီး ကလိတိတိနဲ့ ညည်းခဲ့သလို ပြေရွာမှာ သေတာလောက် မကောင်းချိန်ထဲမှာ ရှိနေကြတုန်းပါပဲ။ ငြိမ်းချမ်းပြီးတော့ ရေကန်သာ ကြာ တိုင်းအေးနိုင်မယ့် ရွှေပြည်တော်ဟာ မျှော်တိုင်းဝေးနေရတုန်းပဲဆိုပါတော့လေ။

ပြီးခဲ့တဲ့တစ်ရက်ကတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လို့ဆိုတယ်ခင်ဗျ။ အဲဒီနေ့တုန်းက ကျုပ်တို့တိုင်းပြည်မှာလည်း အ ခမ်းအနားတွေ လွှတ်လုပ်ကြသပေါ့ဗျာ။ လမ်းလျှောက်ကြ၊ ချီ တက်ကြ။ ငြိမ်းချမ်းရေးအကျိုးဆောင်များကလည်း ချိုးငှက်တွေ လွှတ်ကြ၊ ဖယောင်းတိုင်မီးတွေ ထွန်းကြနဲ့လုပ်နေလိုက်ကြတာ ဗျာ။ ငြိမ်းချမ်းရေးကို ကျုပ်တို့ပြည်သူတွေ ဘယ်လောက်လိုချင်စိတ် ပြင်းပြနေကြတယ်ဆိုတာကို ပြသတဲ့ သက်သေသာဓကတစ်ခုအ ဖြစ် ကျုပ်ကတော့ ရှုမြင်သဗျ။

ငြိမ်းချမ်းရေးနေ့ဆိုလို့ ကျုပ်ခေါင်းထဲ အမှတ်ရလာတာက ဟိုလွန်ခဲ့တဲ့ လအနည်းငယ်လောက်တုန်းက “စစ်ပွဲတွေရပ်”ဆိုပြီး ငြိမ်း ချမ်းရေးကိုလိုလားတဲ့ တက်ကြ အင်အားစုများက ဦးဆောင်ပြီး သကာလအင်လျားကန်ပေါင်မှာ အထိမ်းအမှတ် ကျောက်တိုင် လေးတစ်ခု စိုက်ထူခဲ့ကြသေးတယ်မို့လား။ အနှီငြိမ်းချမ်းရေး ကျောက်တိုင်ခမျာ ၂၄ နာရီတောင် မခံရှာဘူး။ အာဏာပိုင်တွေလာ ပြီး တူးဖြိုသွားတာ မှတ်မိသေးတယ်။ ငြိမ်းချမ်းရေးကျောက်တိုင် ခိုင်ခိုင်မာမာဖြစ်မှာ မလိုလားသူ တွေရှိနေတယ်ဆိုတာအဲဒီကတည်းက ကျုပ်တို့ သံသယဝင်မိတယ်။

ဒါပေသိ ငြိမ်းချမ်းရေးအကျိုးဆောင်တဲ့ ဝန်ကြီးတစ်ဦးကတော့ တစ်နေ့တုန်းက ပြောရှာတယ်။ သူဟာ ငြိမ်းချမ်းရေးလိုချင် လွန်းအားကြီးလို့ အိမ်ရောင်း၊ ကားရောင်းပြီးတောင်မှ လုပ်နေသတဲ့။ ဘယ်အိမ်တွေ ရောင်းထားသလဲ။ သိချင်ရင် လိပ်စာပေးလိုက်မယ်။ သွားကြည့်ကြတဲ့ဗျ။ (သူ့မယ် အိမ်ဘယ်နှလုံးတောင်မှ ရှိနေသလဲတော့ မသိဘူးပေါ့ဗျာ)

အနှီလို ငြိမ်းချမ်းရေးအတွက် ကိုယ့်အိတ်ကိုယ်စိုက် လုပ် နေရှာတဲ့ အစိုးရဝန်ကြီးများရှိတာကို သိရတော့ ကျုပ်သိပ်ပြီး ဝမ်း သာတာပဲဗျာ။ ကျုပ်တို့မှာ ငြိမ်း ချမ်းရေးကိုလိုလားတဲ့ ပြည်သူ တွေလည်း ရှိနေပြီ။ ငြိမ်းချမ်းရေးကိုလိုလားတဲ့ သမ္မတကြီးလည်း ရှိ နေပြီ။ ဝန်ကြီးတွေလည်း ရှိနေပြီ။ နိုင်ငံရေးအင်အားစုတွေလည်း ရှိ နေပြီ။ ငြိမ်းချမ်းရေးလိုလားတဲ့ တပ်မတော်ကြီးလည်း….။ ကဲ ဗျာ ဘာလိုသေးလဲ။

အခု တစ်နိုင်ငံလုံး အပစ်ရပ် ပါ့မယ်လို့ သမ္မတကြီးရော၊ ငြိမ်းချမ်းရေးအကျိုးဆောင်များရော၊ တက်ကြွလှုပ်ရှား ငြိမ်းချမ်းရေး သမားများရော အတူတကွ တိုင်းပြည်ကို ကြေညာမောင်းတီးပြီး ဆော်ဩသမှုပြုနေကြတဲ့အခါမှာပဲ ငြိမ်းချမ်းရေးတေးသံအစား သေ နတ်သံများကို ပြန်ကြားလာရတာကတော့ တစ်ခုခုဖြင့် မှားလို့များ နေပြီလားခင်ဗျာ။

ငြိမ်းချမ်းရေးဆိုတဲ့စကား အစိုးရအဆက်ဆက် ပြောတော့ ပြောခဲ့ကြတာပဲ။ ဟိုးရှေးက ဖဆပလအစိုးရကလည်း ငြိမ်းချမ်းရေးစကား ပြောခဲ့တယ်ဗျာ။ နောက် တော်လှန်ရေးကောင်စီကလည်း ငြိမ်းချမ်းရေးကို ပြောခဲ့တာပဲ။ ကဲတော်လှန်ရေးကောင်စီတစ်
ဖြစ်လဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအပြီးမှာ တက်လာတဲ့ တပ်မတော်အစိုးရဆိုတာကလည်း ဘာဆက်ပြောခဲ့သလဲ။ အားလုံးအသိပါ။ပြည်တွင်းငြိမ်းချမ်းရေးပါပဲ။

ဒါပေမဲ့ ငြိမ်းချမ်းရေးရတယ် လို့တော့ ကြားခဲ့ကြသလားဗျ။ ငြိမ်းချမ်းရေးဆိုတာထက် ပစ်ရခတ်ရလွန်းလို့ လက်ညောင်းတဲ့အချိန်မှာ ခဏတဖြုတ်အနားရအောင် အပစ်ရပ်ကြတာလို့ ပြော စမှတ်တွင်အောင် နားလိုက်၊ ပစ် လိုက်ပဲ ရှိနေခဲ့တာ မဟုတ်လားဗျာ။ “နားနားပြီးပြော” ဆိုတဲ့ သီချင်းနာမည်လိုပဲ နှစ်ဖက်စစ်တပ် များဟာ “နားနားပြီး ပစ်” နေရကြ တယ်လို့ပဲ ဆိုရမလိုပေါ့ခင်ဗျ။

အခု ဒီနေ့ဒီအချိန်မှာလည်း ငြိမ်းချမ်းရေးသံစုံတီးဝိုင်းကြီးဟာ ဘယ်ခေတ်အခါနဲ့မှ မတူအောင်ကို ဆူလောင်မြည်ဟည်းနေတယ် ခင်ဗျ။ ငြိမ်းချမ်းရေးအတွက် အစိုးရအပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်သားလူမှုအဖွဲ့အစည်းများနဲ့ အနုပညာရှင်များပါမကျန် တစ် သံတည်းထွက်နေကြတဲ့အချိန် ပေါ့ခင်ဗျာ။ တကယ့်လက်တွေ့မှာ ဘယ့်နှယ်လုပ်ကြမလဲတော့ မသိဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ရွာဘုန်းကြီးပျံမှာ မဏ္ဍပ်ဆောက်သလိုတော့ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရပါသဗျ။

ဒီလိုလေဗျာ။ ကျုပ်တို့ရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဆရာတော်ကြီး ပျံလွန်တော်မူတော့ကာ ရွာမှာဧည့်ခံမဏ္ဍပ်ကြီး ဆောက်ဖို့ ကိုစံလှနဲ့ ကိုအုန်းဖေ (နာမည်ရင်းများမဟုတ်) ဆိုတဲ့ ရွာနေပြည်ထိုင် လက်သမားနှစ်ယောက်ကို ရပ်ရွာက တာဝန်ပေး လိုက်တယ်ဗျာ။ ခက်တာက အဲဒီ ကိုစံလှနဲ့ ကိုအုန်းဖေဟာ အချင်း ချင်းကပ်ပြီး ပညာပြိုင်နေတဲ့သူတွေဗျ။ ဒီမှာတင် အနှီလက်သမား ဆရာနှစ်ယောက်ရဲ့ အားပြိုင်မှုဟာ ဘုန်းကြီးပျံတော်မူလို့ ပူဆွေး နေတဲ့ တစ်ရွာလုံးက ဒါယကာ ဒါယိကာမတွေရဲ့အကြားမှာ ပွက် လောရိုက်စရာဖြစ်လာတယ်ဗျာ။

ဖြစ်ပုံကတော့ သူတို့နှစ် ယောက်စလုံးက ရွာဦးကျောင်းဆရာတော်ရဲ့ ဈာပနမဏ္ဍပ်ကို အကြောင်းပြုပြီး သူ့နည်းသူ့ဟန်နဲ့ အစွမ်းပြချင်နေကြတာပေါ့ဗျာ။ ခပ်တိုတိုဆိုရရင် သူတို့နှစ်ယောက်က သူ့အစွမ်း၊ ငါ့အစွမ်းပြချင်နေတော့ကာ အတူတွဲလုပ်ဖို့ဆိုတာ ညှိမရဘူးခင်ဗျ။ ကိုစံလှဘက်ကလည်း သူ့တစ်သက်မှာ ဆရာတော် ရဲ့ ဈာပနမဏ္ဍပ်ကြီးကို ဟည်းဟည်းထအောင် တည်ဆောက် ပေးခဲ့တာလို့ သူ့ရဲ့သားစဉ်မြေးဆက်အကြားမှာ ဂုဏ်ယူဝင့်ကြွားရအောင် လုပ်မယ်တကဲကဲနဲ့ မှန်းနေတာ။

ကိုအုန်းဖေကလည်းထိုနည်းလည်းကောင်းပဲ။ နောင်အခါ ရွာထဲက မျိုးဆက်သစ်တွေက ရွာ ဦးကျောင်းဆရာတော်ရဲ့ ဈာပန ရာဇဝင်ကို ခြေရာခံကြတဲ့အခါ အနှီဆရာတော်ရဲ့ နောက်ဆုံးခရီးအတွက် ဧည့်ခံမဏ္ဍပ်ကြီးဟာ လက်သမားဆရာကြီး ကိုအုန်းဖေ တည်ဆောက်ပေးခဲ့တာဖြစ်တယ်လို့ နှောင်းလူများ တဖွဖွနဲ့ အံ့ဩခြင်းကြီးစွာ ထောပနာပြုရစေ့ မယ်ဆိုပြီး ကြိတ်ကြံနေတာကလား။

ဆိုတော့ကာ ကိုစံလှနဲ့ ကိုအုန်းဖေကို ရွာထဲက ဘယ်လိုမှ ညှိမရဘူးပေါ့ခင်ဗျာ။ ကိုစံလှကို ဆောက်ခိုင်းရင်လည်းကိုအုန်း ဖေက မကျေနပ်ဘူး။ အလားတူ ကိုအုန်းဖေကို ဆောက်ခိုင်းရင်လည်း ကိုစံလှက ကန့်ကွက်မယ် တကဲကဲဗျ။ နှစ်ယောက်အတူ ဆောက်ပေးပါလို့ ရွာက မေတ္တာ ရပ်ခံတော့လည်း မဟုတ်ဘူး။

သို့ကလို ညှိမရ၊ နှိုင်းမရဖြစ် နေတုန်းမှာ ဈာပနပွဲကလည်း နီးလာပြီ။ ဒီမှာ လက်သမားနှစ်ယောက်လည်း သူဆောက်မယ်၊ ငါဆောက်မယ်ဆိုပြီး ငြင်းခုံလို့ မပြီးသေးဘူး။ နောက်ဆုံးမှာတော့ ရွာက ကာလသားတွေက တိုက်ကရိုက်ဝိုင်းဆောက်လိုက်ကြတဲ့ သက်ငယ်တစ်ဝက်၊ ရိုးပြတ်တစ်ဝက်၊ ကောက်ရိုးတစ်ဝက်ရောထားတဲ့ ခနော်ခနဲ့ လေးတိုင်စင်မဏ္ဍပ်လေးနဲ့ပဲ အရပ်လေးမျက်နှာက ဒါယကာ၊ ဒါယိကာမတွေကိုပဲ ဧည့်ခံကျွေးမွေးလိုက်ရတော့တယ်။

ကိုစံလှနဲ့ ကိုအုန်းဖေတို့ရဲ့ သဲဖြူခင်း၊ ရာဇမတ်ကာ၊ ငှက်ပျောပင်စိုက်ထားတဲ့ ဈာပနဧည့် ခံမဏ္ဍပ်ကြီးကိုတော့ကနေ့အထိ ရွာက မမြင်ကြရသေးဘူး။ ရွာထဲက လူကြီးတွေကတော့ ပြောရှာတယ်။ ဪ.. တို့ဆရာတော်ကြီး ဝဋ်ကြွေးကြီးပုံများ ဈာပနမှာ အုန်းဖေနဲ့ စံလှတို့နဲ့မှ တွေ့ရပလေတယ်လို့ သွားလေသူ ရွာဦးဘုန်းကြီးရဲ့ အတိတ်ကံကိုပဲ ယိုးမယ်ဖွဲ့ကြရုံမှတစ်ပါး အခြားဘာမှ မတတ်နိုင်ခဲ့ဘူး။

အခုလည်း ငြိမ်းချမ်းရေးကို အဖွဲ့အစည်းအသီးသီးက ကိုယ့် နည်းကိုယ့်ဟန်နဲ့ ပြောနေဆိုနေလုပ်နေကိုင်နေကြတဲ့အချိန်မျိုး ဆိုတော့ပေါ့ခင်ဗျာ။ ငြိမ်းချမ်းရေး ဗိမာန်ကြီးတည်ဆောက်ကြတဲ့ နေရာမှာ ကျုပ်ရွာက လက်သမားနှစ်ယောက်လိုတော့ မဖြစ်ပါစေနဲ့ ဆုတောင်းနေရသဗျာ။

ငြိမ်းချမ်းရေးအတွက် အိမ်ရောင်းပြီးတောင်မှ လုပ်နေပါတယ်ဆိုတဲ့ ဝန်ကြီးကိုလည်း တကယ်ဟုတ်တယ်ဆိုရင် ကျုပ်တို့ က ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ငြိမ်းချမ်းရေးအထိမ်းအမှတ် ရန်ပုံငွေပွဲများ လုပ်တာလည်း ကြိုက်ပါတယ်။ လမ်းလျှောက်တာလည်း ကောင်းပါတယ်။ မီးထွန်းတာလည်း သင့်မြတ်ပါတယ်။ ဒါပေသိ အပြောထက် အလုပ်တွေက အရေးကြီးတယ်ခင်ဗျ။ နှစ်ဖက်တပ် မကြီးတွေကလည်း “နားနားပြီးပစ်” နေချိန်မှာ ငြိမ်းချမ်းရေးလှုပ် ရှားသူတွေရဲ့ ငြိမ်းချမ်းရေးစကားများဟာလည်း “ပြောပြောပြီးပြီး” နဲ့ ဇာတ်မျောကြီး မဖြစ်ဖို့လိုပါတယ်ဗျို့။

ပြည်ထောင်စုဝန်ကြီးများ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းအချို့က ပုဂိ္ဂုလ်ကြီးများဟာ ပြီးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့မှာ ချိုးဖြူငှက်များ လွှတ်နေတာတွေ့ရတော့ ကျုပ် တို့သိပ်ပြီး ကြည်နူးအားတက် ဖြစ်ရပါတယ်ဗျာ။ အလားတူ မြန်မာ့ တပ်မတော်ကြီးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်သားများလည်းပါဝင်ပြီးတော့မှ ချိုးဖြူငှက်ကလေးတွေ လွှတ်ကြရင် သိပ်ကောင်း
မှာပဲ။

ငြိမ်းချမ်းရေးနေ့မှာ ချိုးငှက်လွှတ်တာတွေ့ရတော့ ကာတွန်းဖေသိန်းရဲ့ ကာတွန်းတစ်ကွက်ကို ကျုပ်ဖြင့် အမှတ်ရနေမိသေးတယ် ခင်ဗျာ။ ဟိုး…ရှေးရှေးကာလ ၁၉၅ဝ တစ်ဝိုက်လောက်ကဖြစ် မှာပေါ့။ ပြည်တွင်းစစ်မီး အရှိန်မြင့်ပြီး ဒလဘက်ကမ်းမှာတောင် တိုက်ပွဲတွေ ဖြစ်နေချိန်ပေါ့။ ဆ ရာဦးဖေသိန်းကလဒ (လင်းတ) ပုံကြီးဆွဲပြီး အောက်မှာ အခုလိုရေးထားသဗျ။

“ရန်ကုန်ဘက်ကမ်းမှ ပျံ သန်းလာသော ချိုးငှက်ကလေး သည် ဒလဘက်ကမ်းသို့ ရောက်သောအခါ လဒ (လင်းတ) ဖြစ် သွားလေတော့သတည်း”ပါတဲ့ ခင်ဗျ။ အခုလည်း ရန်ကုန်မှ ငြိမ်း ချမ်းရေးလိုလားသူများ လွှတ်လိုက်သော ချိုးငှက်ကလေးဟာ မြန်မာပြည်မြောက်ပိုင်းနဲ့ နယ်စပ်ဒေသ တောင်တန်းများအကြားသို့ ရောက်သောအခါ လဒ (လင်းတ) ဖြစ်မသွားပါစေနဲ့လို့ ကျုပ်ဖြင့် ရင် တမမနဲ့ ဆုတောင်းနေရသဗျ။ လဒဖြစ်သွားတဲ့ ချိုးဖြူတွေလည်း ရှေ့မှာ မနည်းတော့ပဲကိုး။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)။

 

 

3 comments

  • အရီးခင်

    September 23, 2013 at 4:53 pm

    အတ္တတွေ ကို ရှေ့တန်းထားတဲ့ လူတွေ နေရာယူနေသေးသ၍ လဒ တွေ ကို ချိုးဖြူဟန်ဆောင်ပြ ဟန်လုပ်ဆဲ ဖြစ်ဦးမှာဘဲ။
    မျှပေးတာလေး ကျေးဇူးပါ မကြည်ရေ။

  • အလင်းဆက်

    September 23, 2013 at 8:42 pm

    ဖတ်စေချင်တော့လည်း… ဖတ်တာပေါ့… အန်တီကြည်..ရယ်.. ။
    အဲ.. ဖတ်ပဲ..ဖတ်တတ်တယ် ။ အက်ဒါမျိုးတွေ.. သိပ် မဝေဖန်တတ် …

  • kai

    September 23, 2013 at 11:49 pm

    ဖယ်ဒရယ်စနစ်နဲ့ သူရဲ့ပိုင်ခွင့်ပြောခွင်လုပ်ခွင့်အခွင့်အရေးတွေကို နားမလည်ဘူးဖြစ်နေလို့ လို့ထင်မိတယ်…။ တကယ်က.. ကချင်ပြည်ဖက်စစ်ပွဲကိစ္စမပြောနဲ့.. ကျောက်တူး.. ရွှေရှာ.. မြစ်ဆုံဆည်ဆောက်.. ကိစ္စတွေ.. ဗမာပြည်မဖက်အပါအဝင်..တခြားပြည်နယ်သားတွေ..ဝင်စွက်ဖက်ခွင့်…
    မရှိ… :kwi:

Leave a Reply