လူငယ်နှင့် ဘဝ

manawphyulaySeptember 28, 20131min3698

ကျွန်မ ခုတစ်လော မှန်တာပြောရရင် ဒီရက်ပိုင်းမှာ အလုပ်တွေ များပြီး အပြင်သင်တန်းတွေတက်နဲ့ဆိုတော့ အရမ်းပင်ပန်းပြီး စာရေးချင်စိတ် လုံးဝ မရှိဘူး။ ရေးချင်စိတ်မရှိတဲ့အချိန်မှာ ဖြစ်ညှစ်ရေးရင် ဝတ်ကျေတန်းကျေတွေ ဖြစ်ပြီး ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေလည်း ထိထိရောက်ရောက်မရှိမှာ အရမ်းစိုးရိမ်တဲ့အတွက်ကြောင့် သိပ်မရေးဖြစ် တာပါ။ ကျွန်မအနေနဲ့ ခံယူထားတာကတော့ စာရေးတဲ့အခါ စာရေးသူဘက်ကနေ မရေးပဲ စာဖတ်သူအနေဖြင့်သာ ရေးချင်ပါတယ်။ နောက်ပြီး သိသမျှကို ဝေမျှခြင်းဟာ ကိုယ့်အတွက်ကော သူများအတွက်ကော ပိုမိုအကျိုးရှိစေပါတယ်။ အများအားဖြင့် အကြောင်းက ခုခေတ် လူငယ်လေးတွေ ကျောင်းပြီး ဘွဲ့ရလို့ တစ်ချို့ အလုပ်အကိုင်နဲ့ ဖြစ်သွားကြတဲ့ သူတွေရှိသလို၊ တစ်ချို့ကျတော့လည်း အလုပ်မရသေးတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်၊ အင်တာနက်ဆိုင်ဝင်၊ ချက်တင်တက် ဒါတွေအပြင် ခုနောက်ပိုင်း ပိုဆိုးတာက လမ်းဘေးအရက်ဆိုင်၊ ဘီယာဆိုင်တွေ မှိုလိုပေါက်လာခြင်းကတော့ အတော်ဆိုးရွားလာတာကို တွေ့ရှိရခြင်းနှင့် တစ်နေ့တစ်နေ့ ပိုက်ဆံတွေသာ ကုန်ပြီး ကိုယ့်အတွက် ဘာတစ်ခုမှ မယ်မယ်ရရ မကျန်ပဲ အချိန်ကုန် လေပန်းပြီး (လူပန်း မဟုတ်၊ ဘာမှလုပ်စရာ မရှိသောကြောင့် လူမပင်ပန်း လေပန်းရန် အလုပ်တစ်ခုသာရှိသည်။) တစ်နေ့နဲ့ တစ်နေ့ ဖြတ်သန်းနေကြတာ တွေ့ရတယ်။ လူငယ်ဆိုတာ အနာဂတ်ရဲ့ မျှော်လင့်ချက်တွေ မဟုတ်ပါလားရှင်။ ခုလို လူငယ်တွေ ကျောင်းပြီးတာနဲ့ ပညာရေးဆုံးခန်းတိုင်သွား သလိုမျိုး လေ့လာမှုမရှိပဲ ယောင်ခြောက်ဆယ်ဖြစ်နေတာတွေ့ရရင် တကယ်ကို စိတ်ထဲမကောင်းဖြစ်မိပါတယ်။ ကျွန်မတို့နိုင်ငံမှာသာ လူငယ်တွေ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင်၊ အင်တာနက်ဆိုင်၊ ဘီယာဆိုင် စသဖြင့် အချိန်ကုန် နေကြတာ ကျွန်မတို့သာ သူများနိုင်ငံသွားကြည့်ပါလား။ လူငယ်တွေဆိုတာ အလုပ်ခွင်မှာကြည့်မလား၊ ကျောင်းတွေမှာ ကြည့်မလား၊ သွားသုတ်သုတ်၊ စားသုတ်သုတ်နဲ့ သူတို့မှာ နားချိန်မှ ရှိကြရဲ့လား လို့တောင် တစ်ခါတစ်ခါ တွေးမိပါတယ်။ သူများနိုင်ငံကို အထင်ကြီးလို့ ဒီစကားပြောတာ မဟုတ်ဘူး။ အတုယူသင့်တာကိုတော့ ကျွန်မတို့ အတုယူကြရမှာ ဖြစ်ပါတယ်။ ခုတော့ ဒီလိုမဟုတ်ပဲ အတုယူတာ ရေလိုက်လွဲနေတယ်လို့ မြင်မိပါတယ်။ မြန်မာလူငယ်တွေက အတုယူသင့်တာကျ မယူကြပဲ အတုမယူသင့်တဲ့ living together တို့၊ အလှအပနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေမှာ ကျတော့ နိုင်ငံခြားကို ကျော်တက်တော့မယောင် အမှီလိုက်နိုင်ကြတာ တွေ့ရတယ်။ သူတို့နိုင်ငံတွေမှာ လူငယ်တွေ လေ့လာမှုတွေ အစဉ်အဆက်အလိုက် ဖန်တီးလိုက်ကြတယ် ဆိုတာများ ပြောမနေတော့ပါဘူး။ ကျွန်မတို့လို အချိန်အားတိုင်း စာထိုင်ဖတ်ပြီး နည်းပညာနောက်ကို အမှီလိုက်နိုင်ဖို့ ကြိုးစားနေသူတွေတောင် သူတို့ တစ်နေ့နဲ့ တစ်နေ့ သွားနေတဲ့ ဖန်တီးမှုကို မလိုက်နိုင်ဘူးဖြစ်နေပါတယ်။

ဘာကြောင့်လည်းဆိုတာ လေ့လာကြည့်တော့ သူတို့တွေရဲ့ လက်တစ်ကမ်းမှာ ရှိနေတဲ့ပညာရေးဟာ စဉ်ဆက် မပြတ် လေ့လာနေရတဲ့ ပညာရေးဖြစ်နေတာ သွားတွေ့ရှိပါတယ်။ ကျွန်မတို့လို ကျောင်းပြီးဘွဲ့ရရင် လေ့လာစရာ ကုန်သွားတာမျိုး မဟုတ်ဘူး။ ဒီတစ်ခုသိပြီးရင် နောက်တစ်ခု ထပ်သိဖို့ အင်မတန်မှလိုအပ်လှပါတယ်။ ဒီတစ်ခု သုံးတတ်ရင် နောက်တစ်ခု သုံးတတ်ဖို့လိုပါတယ်။ ဒီတော့ သူတို့မှာ အချိန်တိုင်း လေ့လာနေရတယ်။ မျက်စိပွင့်နားပွင့် နေရမယ့်အချိန်တိုင်းတွေပါပဲ။ ကျွန်မတို့နိုင်ငံမှာဆိုရင် ဒေါက်တာဘွဲ့ရလူတစ်ယောက်ကို တော်ရုံ လုပ်ငန်းခွင်မှာ ဒိုးတူဘောင်ဘက် အလုပ်လုပ်နေတာ တွေ့ရခဲပါတယ်။ ဒေါက်တာဘွဲ့ရ လူတစ်ယောက်ကို သီးခြားအဆင့်မြင့်ပညာရှင် လူတန်းစားတစ်ယောက်လိုကို သတ်မှတ်ပြီး Bachelor အဆင့်နဲ့မတူတဲ့နေရာမှာ ထားကြလေ့ရှိပါတယ်။ ဥပမာ ကျောင်းအုပ်တို့၊ ဌာနမှုးတို့၊ ပါမောက္ခတို့ နောက် ပညာရှင်တွေတို့ စသဖြင့် ကိုယ်တိုင်သတ်မှတ်ကြသူများလည်း ဒုနဲ့ဒေးတွေ့ရှိနေရတဲ့အပြင် အဲဒီနေရာတွေ မထားလို့ကလည်း မရဘူး။ တစ်ခြားနေရာတွေနဲ့ကျတော့ သူသိတာတွေက အံမဝင်တာတွေ၊ အသုံးချလို့မရတာတွေ ဖြစ်နေပြန်ပါရော သူတို့နိုင်ငံတွေမှာတော့ ကိုယ့်ဘေးဘယ်ညာကို ကြည့်လိုက်ရင် လုပ်ငန်းခွင်မှာပဲ လခစားလို့ ထင်ရတဲ့ သူလိုကိုယ်လို လူတွေက ဒေါက်တာဘွဲ့ရနဲ့ အနည်းဆုံး Master တွေချည်းပါပဲ။ ကျွန်မတို့နိုင်ငံမှာ ဘွဲ့ကို ဂုဏ်ပုဒ်တစ်ခုလိုပဲ သုံးတယ်။ ဆိုလိုချင်တာက ဘွဲ့ကသပ်သပ်၊ လုပ်တဲ့အလုပ်က သက်သက်နဲ့ပေါ့။ သူတို့တွေ နိုင်ငံမှာတော့ ဒီရထားတဲ့ ဘွဲ့ကိုပဲ လုပ်ငန်းခွင်မှာ အံဝင်ခွင်ကျဖြစ်အောင် နောက်တိုး ဘာသာရပ်တွေ ထပ်ထပ်လေ့လာပြီး လုပ်ငန်းခွင်လိုအပ်ချက်နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အသွေးကို မြှင့်ယူကြတာကို တွေ့ရပါတယ်။ သေချာတာကတော့ လေ့လာနေတဲ့သူဆိုတာ မလေ့လာပဲ ထိုင်နေတဲ့ သူထက်စာရင်တော့ အတွေးအခေါ်ရော၊ ဖန်တီးမှုရော ပိုကောင်းတာ အသေအချာပဲဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံက လူငယ်တွေကတော့ ကျောင်းပြီးတည်းက ထိုင်လိုက် ပျင်းလိုက် – ပျင်းလိုက် ထိုင်လိုက်နဲ့ လက်ဖက်ရည်ဆိုင်လေး သွားပြီး အားလူးဖုတ်ရတာနဲ့ သူငယ်ချင်းအပေါင်းအသင်းမင်တဲ့သူတွေများလှပါတယ်။ လေ့လာဖို့ ဆိုတာလည်း မတွေးမိဘူး။ ဘယ်လိုလေ့လာရမယ် ဆိုတာကိုလည်း မတွေးတတ်ဘူး။ အင်တာနက်နဲ့ အကျွမ်းတဝင်ရှိတဲ့လူ မဟုတ်တော့ ဘယ်လိုသုံးရမယ်ဆိုတာလည်း နားမလည်သလို၊ ဘာတွေ လေ့လာနိုင်တယ်ဆိုတာကိုလည်း ဂဃနဏ မသိကြဘူး။ အဲဒါကြောင့် အင်တာနက်ခေတ် ကြီးမှာ လက်တစ်ကမ်းအကွာ ရှိနေလည်း ဘယ်နားသွား လေ့လာရမှန်း မစဉ်းစားချင်တော့ဘူး။ ဒါကြောင့် ကျွန်မပြောချင် တာက ဘာမှမသိလျှင် ဘာမှဖြစ်လာမည် မဟုတ်ဘူးဆိုတာပါပဲ။

ကျွန်မဆိုရင် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်ကပေါ့။ ကိုယ်ပိုင်ဝဘ်ဆိုက်လေး တစ်ခု စရေးဖြစ်ခဲ့ပါတယ်။ Blog တွေစပြီး မြန်မာနိုင်ငံ အသုံးနည်းသေးတဲ့အချိန်မှာ ရေးခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ရေးတဲ့ ဘလော့မှာ ဘာအကြောင်း ဘယ်လိုရေးရကောင်းမှန်း မသိခဲ့ဘူး။ ဘယ်သိပါ့မလဲ ကိုယ်က ဘာမှ မသိပဲ။ အပေါင်းအသင်းတွေက စိတ်ထဲရှိတာ ချရေးကြည့်ပါလားလို့ တိုက်တွန်းချက်လေးတွေကြောင့် ကျွန်မ ရေးတတ်ပေမယ့် ဘလောဂ့်ပေါ် ရေးတင်ကြည့်မိခဲ့တယ်။ ဒီလိုရေးတော့ အပေါင်းအသင်း မိတ်ဆွေတွေက ကော့မန့်လေးတွေ လာရေးပေးကြတော့ တစ်နေ့တစ်နေ့ ရေးကြည့်လိုက်၊ သူများတွေ အားပေးတဲ့စာကြောင်းလေးတွေကြောင့် စိတ်ဓာတ်လေးတွေ ပိုမိုတက်လာခဲ့ပါတယ်။ ဒါကြောင့် ယခုချိ်န်တိုင် တစ်စိုက်မက်မက်ရေးဖြစ်ခဲ့ပါတော့တယ်။
ကျွန်မပြောချင်တာကတော့ သူများကို တစ်ခုပေးချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း အနည်းဆုံး တစ်ခုသိထားဖို့ လိုသလို အဲဒီထက်ပိုသိချင်ရင်လည်း ကျွန်မတို့တွေ ဒီထက်ပိုပြီး စာဖတ်ဖို့ လိုပါတယ် ပြောချင်ပါတယ်။ သူများကို မျှဝေဖို့ ဆိုတာကို နောက်မှာ ထားလိုက်ပါဦး။ ကိုယ်ကိုယ်တိုင်ရဲ့ အရည်အသွေး လက်ရှိအခြေအနေထက် တက်လာချင်ရင် ခုထက်ပိုပြီး စာဖတ်ကြဖို့ လိုပါတယ်။

နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေတဲ့ ကမာ္ဘ့နည်းပညာကို မျက်ခြေမပျက်ချင်ရင် နေ့စဉ်နဲ့ အမျှကို စာဖတ်နေဖို့လိုပါတယ်။ စာဖတ်တယ်ဆိုတာမှာလည်း တွေ့ရာမြင်ရာ ဖတ်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ စာဖတ်တော့မယ်ဆိုရင် ဖတ်နည်းတွေ သိထားဖို့ လိုအပ်လှပါတယ်။ ဒါကြောင့် ကျွန်မတို့ ဘယ်နေရာတွေမှာ စာဖတ်ကြမလဲ။ ကျွန်မအတွက်တော့ Library တို့ စာအုပ်အဌားဆိုင်တို့ ဆိုတာ တော်တော်ဝေးသွားပြီ။ အင်တာနက်ထဲမှာ စာဖတ်ဖို့ တစ်ချိန်တုန်းက စိတ်ကူးရှိခဲ့ပေမယ့် စာဖတ်ဖို့ စဉ်းစားလိုက်ရင် ဘယ်ဘလော့တွေ သတင်းဆိုက်တွေ အများအပြားပေါ်လာတဲ့အခါ ဘယ်ဟာ အမှန်လဲ ဘယ်ဟာအမှားလဲဆိုတာကို ဝေဖန်ပိုင်းခြားတတ်ဖို့လည်း လိုပါသေးတယ်။ အင်တာနက်မှာလည်း ဖတ်ချင်ရင် ဖတ်စရာ စာပေကောင်းတွေ အများအပြားရှိနေပါတယ်။ သူများနိုင်ငံအကြောင်း လေ့လာမလား ဒါမှမဟုတ် ကိုယ့်နိုင်ငံအကြောင်း သေချာ လေ့လာချင်သလား လေ့လာလို့ရတဲ့နေရာပါပဲ။ သူများတွေ ဘယ်လိုတော်တာ ငါလည်း သူတို့လို တော်ဖို့ ဘာတွေလိုအပ်မလဲ ဘာတွေလေ့လာသင်ယူရမလဲဆိုတာ သိထားရင် ပိုပြီး တိုးတက်မှု ရှိလာမှာ အမှန်ပါပဲ။

ကျွန်မ လေ့လာ ဖတ်မှတ်လေ့ရှိတဲ့ အင်တာနက်ထဲက လေ့လာစရာ နေရာတွေကို မိသားစုဝင်တွေအတွက် မျှဝေရင်း အလေ့အကျင့် မရှိသေးတဲ့ လူငယ်တွေအတွက် စာဖတ်နည်း လက်ဆင့်ကမ်းချင်မိပါတယ်။ စုစုပေါင်း နေရာ (၁၀၀၀) ကျော် ရှိပါတယ်။ ဒီလောက်ပမာဏဟာ စာဖတ်တဲ့ အလေ့အကျင့် မရှိသေးတဲ့ လူငယ်တွေအတွက်နှင့် ဖတ်ချင်ပေမယ့် ဘယ်နေရာတွေမှာ စာဖတ်ရမှန်း မသိပဲ အခက်တွေ့နေတဲ့ နည်းပညာ လေ့လာလိုသူ လူငယ်တွေအတွက် အတိုင်းအတာ တစ်ခုထိ အထောက်အကူ ပြုလိမ့်မယ်လို့ ကျွန်မ ယုံကြည်မိပါတယ်။

ဒီလို လိပ်စာပေါင်း ၁၀၀ဝ ကျော်ကို နေ့စဉ်နဲ့ အမျှ Websites တစ်ခုချင်းစီကို တစ်နေရာချင်းဆီ လိုက်ပြီး စာလိုက်ဖတ်ဖို့ဆိုတာ မဖြစ်နိုင်တာမို့ စာဖတ်ရတာလွယ်အောင် Google Reader သုံးခဲ့ပါတယ်။ ခုနောက်ပိုင်းတော့ ဖတ်ချင်တာတွေကို တစ်ချို့လူငယ်တွေအနေနဲ့ Reader သုံးရတဲ့ ရည်ရွယ်ချက်ကို နားမလည်ကြသေးတာမျိုး ရှိနိုင်တာမို့ ဒီနေရာမှာ Reader တွေရဲ့ အားသာချက်တွေအကြောင်း နည်းနည်းလောက် ရှင်းပြပါရစေ။ Reader တွေသုံးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က မိမိ ဖတ်လေ့ရှိတဲ့ Websites တွေ/ Blogs တွေရှိရာဆီ တစ်နေရာချင်းစီသွားဖို့မလိုပဲ နေရာ တစ်နေရာတည်းကနေ သူ့ဆီက တက်သမျှ သတင်းကို စောင့်ကြည့်နေချင်လို့ပါ။ Reader တွေ သုံးပြီး စာဖတ်ခြင်း အားဖြင့် ကိုယ်ဖတ်လေ့ရှိတဲ့ Websites တွေ / Blogs တွေက နေ့စဉ်တက်လေ့ရှိတဲ့ တန်ဖိုးရှိတဲ့ အကြောင်းအရာတွေကို လွတ်သွား ကျော်သွားတာမျိုးမရှိပဲ နေ့စဉ်ပုံမှန် ဖတ်ဖြစ်လာပါလိမ့်မယ်။ တခြား အားသာချက်တွေကိုတော့ အကျယ်ချဲ့ပြီး မိတ်ဆက်မပေးတော့ပါဘူး။ ခုနောက်ပိုင်း ပိုပြီး အဆင်ပြေတာက မိုဘိုင်းဖုန်းတွေနဲ့ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖတ်မှတ်လို့ရသလို လေ့လာစရာတွေကလည်း နေရာတစ်ကာမှာ အဆင်ပြေလွယ်ကူစွာ သုံးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း စာဖတ်ဖြစ်သွားတဲ့ နောက်မှာ ဘာတွေလုပ်ဆောင်လို့ ရမယ်ဆိုတာ အလိုလို နားလည်သွားပါလိမ့်မယ်။ Feedly ဆိုတာ Add-ons တစ်မျိုးပါ – သူ့ကို Mozilla မှာလည်း Add-ons အဖြစ် အသုံးပြုနိုင်သလို – Google chrome မှာလည်း Extension တစ်ခု အဖြစ် အသုံးပြုနိုင်ပါတယ်။ Feedly ရဲ့ တည်ဆောက်ပုံဟာ အပြင်မှာ မဂ္ဂဇင်းတစ်စောင် ဝယ်ပြီး ဖတ်နေရသလိုမျိုး ကိုယ့်စိတ်ကြိုက်ရွေးချယ်ထားတဲ့ Websites တွေ / Blogs တွေက တက်လာတဲ့ သတင်းတွေကို အသွင်ဆန်းနဲ့ ဖော်ပြပေးတာမို့လို့ စွဲဆောင်မှုလည်း ရှိသလို အင်မတန်မှလည်း စာဖတ်လို့ ကောင်းပါတယ်။

ဒါကြောင့် အားလုံးကို ပြောချင်တာက နိုင်ငံမှာ အသုံးဝင် လူငယ်တွေဖြစ်လာစေဖို့ စာဖတ်ကြစေချင်ပါတယ်။ လေ့လာမှတ်သားစေချင်တဲ့ စိတ်ကြောင့် ပြောမိခြင်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်မ ပြောချင်တာတွေကို စာပေဖြင့် သွန်းလောက်နေပေမယ့် နောင်တစ်ချိန်အတွက် ကျွန်မတို့ မျိုးဆက်သစ်တွေလိုပါတယ်။ မျိုးဆက်သစ်များ စာဖတ်ကြစေချင်ပါတယ်။ Websites ပေါင်းထောင်းသောင်းမကရှိတဲ့ထဲက အနည်းငယ်ပဲဖြစ်ဖြစ် လေ့လာကြဖို့ တိုက်တွန်းချင်ပါတယ် အနည်းငယ်ဆိုတာ တကယ်တော့ ဘယ်လောက်မှ မရှိသေးပါဘူး – ဖြစ်နိုင်ရင် ဒီ့ထက်တိုးပြီး လေ့လာနိုင်ဖို့ကြိုးစားကြစေချင်ပါတယယ် မိမိ သိတာတွေကိုလည်း မိမိလူမျိုးရဲ့ နည်းပညာအသိနဲ့ နည်းပညာ အဆင့်အတန်း မြင့်မားစေဖို့ မျှဝေပေးကြပါလို့ တိုက်တွန်းရင်း လူငယ်နဲ့ဘဝ ဆောင်းပါးကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ရပါတော့တယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

မနောဖြူလေး

8 comments

  • လူကလေး

    September 29, 2013 at 1:09 am

    ဝေလေလေ ဖြစ်နေတဲ့အချိန် . .. ဒီပို့စ်လေးကို ဖတ်လိုက်ရတာ .. ရှက်မိသလိုခံစားရပါတယ် . . လေ့လာလိုက်စားမှုတွေကို ဘယ်တော့မှ မရပ်ပစ်နဲ့ ဆိုတဲ့ ဆရာသမားရဲ့ စကားကိုလည်း အထပ်ထပ်ပြန်ကြားနေမိပါတယ် .. ကျွန်မရဲ့ ကောင်းကင်မှာ ကိုယ်တိုင်တောင်မသိလိုက်ပဲ ကိုယ့်ကြောင့် ဖြစ်ပေါ်နေတဲ့ တိမ်မဲတွေက ကျွန်မရဲ့ အနာဂတ် ရည်မှန်းချက်တွေကို ဝေဝါးသွားစေရုံမကဘဲ မမြင်နိုင်လောက်အောင်ထိ ဖုံးလွှမ်းခံနေတာရမျိုးတွေကြောင် ့ ကိုယ့်ကိုကိုယ်လဲ စိတ်ပျက်မိပါတယ်. . ဒီပို့စ် အတွက် ကျေးဇူးပါ.. တိမ်တွေမရှိတော့ အောင် စွမ်းဆောင် မပေးနိုင်ပေမယ့်လည်း ရည်မှန်းထားတာလေးတွေ လုပ်သင့်တာလေးတွေ ပြန်မြင်လာအောင် ကျွန်မကောင်းကင်ပေါ်က တိမ်မဲတွေ နေရာရွှေ့သွားတာတော့ အမှန်ပါပဲ…

  • မဟာရာဇာ အံစာတုံး

    September 29, 2013 at 5:43 am

    နောက်ပိုင်း အချိန်နဲ့အမျှ သတင်းတွေ အလွယ်တကူ သိချင်သပဆိုရင် ….
    ဖေ့စ်ဘုတ် ကိုသာ သုံးဗျာ ….
    ဖေ့စ်ဘုတ် သုံးနေတိုင်း အလကား အချိန်ဖြုန်းနေကြတယ်လို့ ပြောလို့ မရတော့ဘူး …
    ဖေ့စ်ဘုတ်မှာ မြန်မာ သတင်းမီဒီယာတွေတင် မက၊ ကမ္ဘာ့ သတင်းမီဒီယာတွေပါမကျန်
    အို … တကယ်ကောင်းတဲ့ ပေ့ချ်တွေ ဂလုတွေဆို စုံစိနေတာပဲ ….
    မနေ့ကတောင် ချယ်လ်ဆီးပွဲ ကြည့်နေတာ ….
    ပထမပိုင်းပြီးလို့ ဖေ့စ်ဘုတ်ပေါ် ခဏ တက်ကြည့်လိုက်တာ …
    အမလေး … ဘီဘီစီဘားမိ က ပ ပိုင်း ရလဒ် သတင်းတောင် တက်နေပြီ ….

  • ကျော်စွာခေါင်

    September 29, 2013 at 11:45 pm

    မနောဖြူလေး
    ဒီပို့စ်က တော်တော်ကို လူငယ်တွေအတွက် စေတနာပါတဲ့ ပို ့စ်ပါ…။
    အချိန်နဲ ့ပညာကို နားလည်ပြီး လိုချင်စိတ်ရှိလာအောင် အသုံးချတတ်အောင် ဘယ်လိုနည်းနဲ ့လုပ်ပေးရမလဲဆိုတာ မစဉ်းစားတတ်အောင်ပါဘဲ…
    အကျိုးပြုစာတွေ ..အများကြီးဆက်ရေးနိုင်ပါစေ မနောဖြူလေးရေ..။

  • sorrow weaver

    September 30, 2013 at 10:15 am

    ဆြာခေါင်ပြောသလိုပါပဲ ..အန်တီမနောရယ်….စေတနာပါတယ် ပို့စ်က

  • padonmar

    September 30, 2013 at 9:34 pm

    မနောရေ
    ရွာကိုပြန်လာတာ ကျေးကျေးပါ။
    google reader အသုံးတဲ့တာ မနောပြောလို့ စမ်းကြည့်ပါအုံးမယ်။

    • manawphyulay

      October 1, 2013 at 8:06 am

      ဟုတ်ကဲ့ပါ အန်တီပဒုမ္မာ။ အဲဒါသုံးတော့ အသစ်တင်တိုင်း ကိုယ့်ဆီမှာပေါ်တော့ အဆင်သင့်ဖတ်လို့ရတာကြောင့်ပါရှင်။

  • ဝင့်ပြုံးမြင့်

    October 1, 2013 at 1:31 am

    မနောရေ ဟိုတလောက မန့်တဲ့အထဲ နေမကောင်းဘူးလို့ သိရတယ်။ အခု နေကောင်းသွားပြီလား။ အမလည်း မနောပြောသလို စာတွေဖတ်နို်င်ချင်ပါတယ်။ google reader ဆိုတာကို မသိသေးဘူး။
    အရမ်းစေတနာပါတဲ့ ပို့စ်လေးမို့ ကျေးဇူးတင်ပါတယ် မနောရေ။

    • manawphyulay

      October 1, 2013 at 8:04 am

      ဟုတ်ကဲ့ပါ မမ။ ခုတော့ ဆေးခန်းပြလိုက်၊ ဆေးစားလိုက် လုပ်နေပါတယ်။ သက်သာလာပါပြီ။ ခုလို သတိရပေးတဲ့အတွက်လည်း ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာမိပါတယ်မမ။

Leave a Reply