မျက်စိ ကွယ်ခြင်း သတိပြုဖွယ်

ဆူးAugust 4, 20101min1220

မျက်စိကွယ်ခြင်း အဓိပ္ပာယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မျက်စိကွယ်ခြင်းနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုရာတွင်၊ မျက်စိ ၂ ဖက်စလုံး ကွယ်မှသာလျှင် မျက်စိကွယ်ခြင်းဖြစ်သည်ဟု သတ်မှတ်ပြီး၊
မျက်လုံးတလုံးစီသည် ၁ဝ ပေ အကွာအဝေးတွင် ရှိသော လက်ချောင်းလေးများကို၊
မှန်အောင် မရေတွက်နိုင်ခြင်းအား မျက်စိကွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

မျက်စိကွယ်ခြင်းတွင် မွေးရာပါ မျက်စိမမြင်ခြင်းနှင့် ပြင်ပ အကြောင်းတရားများကြောင့်
မျက်စိကွယ်ရခြင်းဟူ၍ ၂ မျိုးရှိပြီး၊ ပြင်ပအကြောင်းတရား တခုခုကြောင့်
မျက်စိကွယ်ရခြင်းတွင် ကြိုတင်ကုသခံယူမှု နောက်ကျသည့်အတွက် မကွယ်သင့်ဘဲ
ကွယ်ခဲ့ရသည့် မျက်စိကွယ်ရခြင်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၃ဝ % မျှ
ရှိသည်ဟု WHO ၏ အစီရင်ခံစာက ဆိုသည်။

ပြင်ပအကြောင်းတရား တခုခုကြောင့် မျက်စိတွင် ဖြစ်ပေါ်သည့် ရောဂါပေါင်းများစွာ ရှိသည့်အနက်၊
ရောဂါအများစုသည် မျက်စိအား ကွယ်စေလောက်သည့် ရောဂါများ မဟုတ်ဘဲ၊
ကြိုတင်ကာကွယ်ကုသမှု ရှိခဲ့ပါက မျက်စိကွယ်ခြင်းမှ ကင်းဝေးနိုင်သည်။
မျက်စိကွယ်ခြင်းမှ ကြိုတင်ကာကွယ်တားဆီးနိုင်သည့် (Preventable Blindness)
မျက်စိရောဂါများမှာ မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ၇
မျိုးခန့် ရှိသည်။

ကာကွယ်နိုင်သည့် မျက်စိကွယ်ခြင်းများ

မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အဖြစ်များပြီး၊ ကာကွယ်ကုသ၍ ရနိုင်သည့်
မျက်စိရောဂါများတွင် …

၁။ မျက်လုံးထိခိုက်ဒဏ်ရာရခြင်း
၂။ ဆီးချို၊ သွေးချိုကြောင့် မျက်စိအာရုံကြောများ ပျက်စီးခြင်း
၃။ အတွင်းတိမ်
၄။ ရေတိမ်
၅။ ဗီတာမင် ‘အေ’ ဓာတ်ချို့တဲ့ခြင်း
၆။ မျက်ခမ်းစပ်
၇။ ဘတ်တီးရီးယားပိုးနှင့် ဖန်ဂ်(စ်)ပိုး ဝင်ခြင်း ဟူ၍ ရ မျိုး ရှိသည်။
ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဆီးချို၊ သွေးချို ရောဂါကြောင့် မျက်စိအာရုံကြောများ ပျက်စီး၍ဖြစ်ပွားသည့် မျက်စိရောဂါမှာ
အဖြစ်အများဆုံးသော မျက်စိရောဂါ ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ
မျက်ခမ်းစပ်ရောဂါသည် ဖြစ်ပွားမှု အများဆုံးအဆင့်တွင် ရှိပြီး၊
မျက်ခမ်းစပ်ရောဂါကြောင့် မျက်စိကွယ်ရမှု နှုန်းသည်လည်း အများဆုံးပင် ဖြစ်သည်။

မျက်လုံးထိခိုက်ဒဏ်ရာရခြင်း

မျက်စိထိခိုက်ဒဏ်ရာသည် ကလေးနှင့် လူကြီး ၂ ဦးလုံးတွင်ပင် ဖြစ်တတ်သည့် ရောဂါဖြစ်သည်။ အထူးသဖြင့်
ကလေးများတွင် ပိုမို၍ ဖြစ်ပွားတတ်သည်။ ကလေးအချင်းချင်း ကစားရင်းနှင့်
ကျောက်တံ၊ ခဲတံ၊ ဘောပင် စသည့် ချွန်ထက်သည့် အရာတခုခုနှင့် မတော်တဆ
မျက်လုံးကို ထိခိုက်မိရာမှ မျက်လုံးဒဏ်ရာရတတ်သည်။

လူကြီးများမှာမူ ဂဟေဆော်ခြင်း၊ အက်ဆစ် (သို့) အယ်ကာလီ အရည်များနှင့် လုပ်ကိုင်ရခြင်း၊
တွင်ခုံ စသည့် လုပ်ငန်းခွင်များအတွင်း ထိခိုက်၍ မျက်လုံးဒဏ်ရာရသည်များ
ရှိ၏။ မျက်လုံးအတွင်းသို့ သံတိုသံစများစင်၍ ထိခိုက်မိခြင်း၊ အက်ဆစ် (သို့)
အယ်ကာလီ အရည်များဝင်ခြင်းတို့ကြောင့် မျက်လုံးဒဏ်ရာများ ရပြီး
မျက်စိကွယ်ကြရတတ်သည်။

အက်ဆစ် (သို့မဟုတ်) အယ်ကာလီ အရည်တမျိုးမျိုး မျက်လုံးအတွင်း ဝင်လျှင်၊ ချက်ချင်းပင် မျက်လုံးကို ၁ဝ မိနစ်၊ ၁၅
မိနစ်ခန့် ရေများများနှင့် ဆေးကြောပေးခြင်းဖြင့်
သက်သာပျောက်ကင်းစေနိုင်ပါသည်။ ရေများများဖြင့် ချက်ချင်းပင် မျက်လုံးကို
ဆေးကြောသန့်စင်ပေးနိုင်ပါက အက်ဆစ် (သို့မဟုတ်) အယ်ကာလီ အရည်တမျိုးမျိုး
ဝင်ခြင်းကြောင့် မျက်လုံးကွယ်သည့် အန္တရာယ်မှ ကာကွယ်နိုင်ပါသည်။

ဆီးချို၊ သွေးချိုကြောင့် မျက်စိအာရုံကြောများ ပျက်စီးခြင်း

ဆီးချို၊ သွေးချိုရောဂါကြောင့် မျက်စိအတွင်း ရှိသည့် သွေးကြောမျှင်လေးများ
ပျက်စီးထိခိုက်ပြီး၊ မျက်စိကွယ်နိုင်ပါသည်။ ဤအတွက် ဆီးချို၊
သွေးချိုရှိသည့် လူနာများသည် ဆီးချို၊ သွေးချိုရောဂါအား ကုသခြင်း
ခံယူသကဲ့သို့ မျက်စိဆရာဝန်နှင့်လည်း မျက်စိအား ၆ လ တကြိမ်မျှ စမ်းသပ်၍
မျက်လုံးစစ်ဆေးမှု ခံယူသင့်သည်။

မျက်စိမှုန်သွားမှ ပြသခြင်းမဟုတ်ဘဲ ဆီးချို၊ သွေးချို ရှိသူသည် မျက်စိအား ပုံမှန်စမ်းသပ်မှုများအား
ပြုလုပ်သင့်၏။ ကြိုတင်သိရှိပါက ဆီးချို၊ သွေးချိုကြောင့် ပျက်စီးနေသည့်
မျက်လုံးအတွင်း သွေးကြောမျှင်များ ယိုစီးမှု ကုထုံးမျိုးစုံနှင့်
ကာကွယ်ကုသနိုင်သဖြင့် မျက်စိကွယ်ခြင်းမှ ကင်းဝေစေနိုင်ပါသည်။

အတွင်းတိမ်

အတွင်းတိမ်သည် မျက်စိအတွင်း၌ရှိသည့် မျက်လုံးမှန်ဘီလူးသည် သူ၏ အတွင်း၌ ရှိသည့် ပရိုတင်းဓာတ်များ၏ ဓာတုပြောင်းလဲမှုများ ဖြစ်ပွားမှုကြောင့်
မကြည်ဘဲ၊ (Opaque) ဖြစ်သွားပြီး ဖြူသွားခြင်း ဖြစ်သည်။

အတွင်းတိမ်၏ လက္ခဏာများတွင် နာကျင်မှုမရှိဘဲ တဖြည်းဖြည်း မျက်စိမှုန်လာခြင်း၊
မျက်မှန်ပါဝါ လုံးဝ ပြောင်းလဲသွားခြင်း၊ အလင်းရောင်ထဲတွင် မျက်စိမှုန်ပြီး၊
အရိပ်ထဲ၌ ပိုမို၍ မြင်ရခြင်းတို့ ဖြစ်သည်။ အတွင်းတိမ်ကြောင့်
မျက်လုံးအခြေအနေမှာ ဆိုးဝါးနေပြီဆိုလျှင်၊ အမြင်အာရုံ၌ ဘာမျှ မမြင်ရတော့ဘဲ
နှင်းမှုန်ကျနေသကဲ့သို့ ဝါးနေတတ်ပြီး မျက်စိသည် အဖြူရောင် ဖြူဖွေး၍နေသည်ကို
တွေ့ရမည်ဖြစ်သည်။

အတွင်းတိမ်အား ယနေ့အခြေအနေထိ ကြိုတင်ကာကွယ်နိုင်သည့် အခြေအနေတွင် မရှိသေး။ အတွင်းတိမ်သည်
အသက်အရွယ်ကြီးရင့်၍ ဆံပင်ဖြူခြင်း၊ သွားကျိုးခြင်းတို့ကဲ့သို့ ဖြစ်နေခြင်း
ဖြစ်သည်။ အသက်အရွယ် ၅ဝ မှ စ၍ ဖြစ်တတ်သည်။ အပူပိုင်းဒေသများတွင်
အဖြစ်များပြီး နေရောင်ခြည်တွင် ပါဝင်သည့် ခရမ်းလွန်ရောင်ခြည် (UV
Radiation)၊ အစားသောက်ချို့တဲ့ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းသည့်ရောဂါ၊ ဆီးချို
သွေးချိုရောဂါရှိသူများ၊ စတီးရွိုက် (Steroid) ဆေးဝါးများအား
နှစ်နှင့်ချီ၍ စားသုံးခဲ့ခြင်း၊ အနုမြူရောင်ခြည်၊ ကင်ဆာဓာတ်ကင်
ရောင်ခြည်သင့်ခံရသူများနှင့် မျက်စိဒဏ်ရာ ရရှိခဲ့ဖူးသည့် သူများတွင်
အတွင်းတိမ်ဖြစ်တတ်၏။ အတွင်းတိမ်အား ခွဲစိတ်ကုသမှု ခံယူပါက၊ နဂိုအတိုင်းပြန်၍
မြင်နိုင်သော်လည်း၊ အတွင်းတိမ်ကြောင့် မျက်စိကွယ်ရခြင်းသည်
မျက်စိကွယ်ရခြင်း အကြောင်းရင်း အားလုံးတွင် ၆ဝ % ရှိသည်။

ရေတိမ်

ရေတိမ်သည် မျက်လုံးအတွင်း အကြောင်းကြောင်းကြောင့် ဖိအား (Intraocular Pressure) အရည်များ၊ များလာခြင်းမှ မျက်လုံးအိမ်တင်းလာခြင်း ဖြစ်သည်။
ဘောလုံးအတွင်း လေထိုးသွင်းလိုက်သည့် သဘောကဲ့သို့ ဖြစ်သည်။
တင်းမာမှုများလာသည့်အခါတွင် အမြင်အာရုံကြောများအား ဖိမိပြီး အာရုံကြောများ
တဖြည်းဖြည်း ပျက်စီးသွားတတ်သည်။ ပထမတွင် မျက်စိ၏ ဘေးမြင်ကွင်းများ
ကျဉ်းလာပြီး၊ နောက်ဆုံးတွင် လုံးဝ ကွယ်သည်အထိ ဖြစ်သွားတတ်သည်။

ရေတိမ်ကြောင့် မျက်စိကွယ်သွားလျှင် အတွင်းတိမ်ကဲ့သို့ ခွဲစိတ်ကုသမှုခံယူပြီး
ပြန်လည်ကောင်းမွန်စေရန် ကုသ၍ မရနိုင်တော့ချေ။ ရေတိမ်တွင် ၂ မျိုး ရှိသည်။
ပထမအမျိုးအစားမှာ ချက်ချင်းပင် မျက်လုံးအိမ်အတွင်း ဖိအားတက်လာခြင်း (Acute
Glaucoma) နှင့် တဖြည်းဖြည်း ဖိအားတတ်လာသည့် နာတာရှည်ရေတိမ် (Chronic
Glaucoma) ဟူ၍ ဖြစ်သည်။

Acute Glaucoma ရေတိမ်သည် ရုတ်တရက် ချက်ချင်း ဖြစ်လာပြီး၊ မျက်စိကိုက်ခြင်း၊ မျက်စိနီခြင်း၊ မှုန်ခြင်းတို့
ချက်ချင်းပင် ဖြစ်လာ၍ အမြင်အာရုံသည် လက်လှုပ်သည်လောက်ကိုသာ
မြင်နိုင်တော့သည်။ မီးသီး၊ ဖယောင်းတိုင်မီးတို့အား ကြည့်လျှင်၊ မီးရောင်၏
ဘေး၌ သက်တန့်ရောင်အကွင်းများ (Haloes) ကို မြင်ရတတ်သည်။ မျက်လုံးကိုက်သည့်
ဝေဒနာ ပြင်းထန်လာပါက၊ ပျို့အန်ခြင်းဖြစ်ပြီး လူသည် နုံးချိ၍ နေတတ်သည်။
ထိုအခြေအနေတွင် ခွဲစိတ်ကုသမှုအား ခံယူပါက Acute Glaucoma ရေတိမ်ကြောင့်
မျက်စိကွယ်ခြင်းမှ ကင်းဝေးနိုင်မည်ဖြစ်သည်။

Chronic Glaucoma ရေတိမ်သည် အသက် ၄ဝ ကျော်လျှင် ဖြစ်တတ်လေ့ရှိသည်။ ဤအတွက် အသက် ၄ဝ
ကျော်လျှင်၊ သွေးတိုးရောဂါ ဝေဒနာသည်များ၊ သွေးပေါင်ချိန်တိုင်းသကဲ့သို့
မျက်လုံးအတွင်း ဖိအားကိုလည်း ကျွမ်းကျင်သည့် ဆရာဝန်များနှင့် ၆ လ တကြိမ်မျှ
ချိန်သွားရန် လိုသည်။

ဗီတာမင်အေချို့တဲ့မှု

ဗီတာမင် ‘အေ’ ချို့တဲ့မှုကြောင့် မျက်လုံးအား ထိခိုက်ရာတွင် ၂ မျိုး ရှိသည်။
ညနေခင်း မိုးချုပ်လျှင် မမြင်သည့် ‘ကြက်မျက်သင့်ခြင်း’ နှင့်
မျက်ကြည်လွှာသည် ပျော့၍ ပျော်သွားပြီး ပေါက်ထွက်သွားသည့်အတွက်
မျက်စိကွယ်ရခြင်းတို့ ဖြစ်သည်။

လက္ခဏာများက မျက်လုံးအတွင်း ‘မျက်နက်’ နှင့် ‘မျက်ဖြူ’ ကြားတွင် အဖြူဖတ်လေးများ (Bitot’s Spots)
ပေါ်လာမည်။ Bitot’s Spots များ ပေါ်လာရခြင်းသည် ဗီတာမင်အေ ချို့တဲ့မှုကြောင့်
ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ Bitot’s Spots များအား စောစီးစွာ တွေ့မြင်ပြီး
သတိထားမိပါက၊ ဗီတာမင်အေ ပါသည့် ဆေးဝါးများနှင့် အစိမ်းရင့်ရောင်နှင့်
အဝါရောင် ဟင်းသီးဟင်းရွက်များအား စားသုံးပေးခြင်းဖြင့် ဗီတာမင်အေ
ချို့တဲ့ခြင်းကြောင့် မျက်စိကွယ်ရခြင်း ကာကွယ်နိုင်ပါသည်။

မျက်ခမ်းစပ်

မျက်ခမ်းစပ်ရောဂါသည် မျက်စိအတွင်းသို့ ရောဂါပိုးဝင်၍ မျက်စိယောင်ရမ်းနာခြင်း ဖြစ်သည်။ ကြာသည့်အခါတွင် မျက်မှေးနှင့်
မျက်ခွံအတွင်းပိုင်း၌ အမာရွတ်ဖြစ်လာသည့်အတွက် မျက်ခွံသည် အောက်သို့
ကုတ်ဝင်လာသည့်အတွက် မျက်တောင်မွှေးများသည် မျက်လုံးအား ထိုးမိစိုက်မိစေပြီး
မျက်ကြည်လွှာပျက်စီး၍ မျက်စိကွယ်ခြင်း ဖြစ်စေနိုင်သည်။
မျက်ခမ်းစမ်ရောဂါကြောင့် မျက်တောင်စိုက်မှုအား စောစီးစွာ သိရှိပါက၊
ခွဲစိတ်ကုသခြင်းဖြင့် မျက်ကြည်လွှာအား မပျက်စီးစေရန် ကာကွယ်ကုသနိုင်ပါသည်။
မျက်ခမ်းစပ်ရောဂါသည် မြန်မာနိုင်ငံ အပူပိုင်းဒေသတို့တွင် အဖြစ်များပြီး၊
မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါကြောင့် မျက်စိကွယ်ရခြင်းသည်
ရာခိုင်နှုန်း အများဆုံးဖြစ်သည်။

ဘတ်တီးရီးယားပိုးနှင့် ဖန်ဂ်(စ်) ပိုး

လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်ကြသည့် လယ်သမား၊ ယာသမားများအနေဖြင့် မျက်စိအတွင်းသို့ ဘတ်တီးရီးယားပိုးနှင့်
ဖန်ဂ်(စ်) (Fungus) ဟု ခေါ်သည့် မှိုပိုးတမျိုး ဝင်ရောက်တတ်ကြပါသည်။
မျက်လုံးအတွင်းသို့ ဖန်ဂပ်(စ်) (သို့မဟုတ်) ဘတ်တီးရီးယားပိုး တမျိုးမျိုး
ဝင်ရောက်ခဲ့လျှင်၊ မျက်လုံးအတွင်း ပြည်တည်နာဖြစ်ပြီး မျက်ကြည်လွှာ ပေါက်ပြဲ၍
မျက်စိကွယ်တတ်ပါသည်။

မျက်စိအတွင်းသို့ ရွှံ့ဝင်ခြင်း၊ သစ်ကိုင်းနှင့် ရိုက်မိခြင်း၊ နွားအမြီးနှင့် ထိမိခြင်း၊ မသန့်ရှင်းသည့်
လက်များနှင့် မျက်လုံးကို ပွတ်သတ်မိခြင်းတို့ကြောင့် ပိုးတမျိုးမျိုး
ဝင်ရောက်သွားတတ်ပါသည်။

အထူးသဖြင့် လယ်ယာလုပ်ငန်းခွင်အတွင်း လုပ်ကိုင်ရင်းနှင့် မျက်စိအတွင်းသို့ ပိုးတမျိုးမျိုး ဝင်ရောက်ခဲ့၍၊
ပြည်တည်နာ ဖြစ်နေပြီဆိုပါက၊ ဆေးမီးတိုများနှင့် မကုသရန်၊ ‘စတီးရွိုက်’
ပါသည့် မျက်စဉ်းများကို မခတ်မိရန်၊ အထူးလိုအပ်ပါသည်။ ‘ပဋိဇီဝ’ ဆေးပါသည့်
မျက်စဉ်းများကိုမူ ခတ်၍ရပြီး၊ ရက်သတ္တပတ်ကြာသည့်တိုင် ပြည်တည်နာသည်
ပျောက်ကင်းမှု မရှိပါက၊ သက်ဆိုင်ရာ မျက်စိကုဆရာဝန်တဦးနှင့် ပြသရန်
လိုအပ်ပါမည်။ အချိန်မီ ကုသနိုင်ပါက၊ ဘတ်တီးရီးယားပိုးနှင့် ဖန်ဂပ်(စ်)
ပိုးကြောင့် မျက်စိကွယ်ခြင်းမှ ကင်းဝေးစေနိုင်မည်။

ကိုးကား …

– မျက်စိအထူးကုဆရာဝန် ပါမောက္ခ ဒေါက်တာသန်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း (SANANA MAGAZINE VOL-2/ NO-6)
– Reader’s Digest , Oct .2009
– Medical Newsletter Vol-18