အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၈၁) ရူးပီး သန်းတစ်ရာ

စမီတာ့ အိပ်ယာပေါ်ထိုင်ရင်း မျက်ရည်တွေ ကျလာမိတယ်။ စမီတာ့ကိုကြည့်တော့လည်း

မျက်လုံးမှာ မျက်ရည်စလေးတွေ သီဝေ့နေပါရော့လား။ ကျွန်တော့်လက်ကို သူက ခပ်သာ

သာဆုပ်ညှစ်လို့ အားပေးရှာတယ်။
“ရှန်ကာလေး သနားစရာနော်…ရှင်ပြောသလောက်ဆို သူက အထီးကျန် စိတ်

ဝေဒနာသည်ကလေးများဖြစ်နေသလားပဲ…သေတော့လည်း ခမျာလေးမှာ အသေဆိုး

လိုက်တာ…ရှင်တော့ ရူးမတတ် ဖြစ်နေမှာပဲနော်..ဒီ..နာကျင်မှုတွေက ရှင်နဲ့ မမျှအောင်ပါပဲလား..”

“ကျွန်တော့်ထက်စာရင် နီတာ့ခမျာ သာဆိုးသေးတာပေါ့ဗျာ..ကြည့်ပါဦး..ဆယ့်နှစ်နှစ်သမီး

ကတည်းကဘယ်ဘဝရောက်ပြီး ဘာတွေကြုံခဲ့ရတယ်ဆိုတာ..”

“ဟုတ်ပါတယ်..ကျွန်မ သိပါတယ်ရှင်..ဒါနဲ့ သူရော အက်ဂရာမှာပဲလား..”

“အင်း…ဟုတ်မှာပေါ့..သေတော့မသေချာပါဘူးဗျာ…လွန်ခဲ့တဲ့လေးလကတည်းက သူ့သတင်း

မရတော့တာ..သူ့ကို ပြန်တောင်တွေ့ရပါဦးမလား မသိတော့ပါဘူးဗျာ..”

“ရှင် သူ့ကို ပြန်တွေ့မှာပါ..ကဲ..နောက်ဆုံးမေးခွန်းမတိုင်မီ မေးခွန်းကလေး ကြည့်လိုက်ကြရအောင်..”

*********************

စတူဒီယို သတိပေးဆိုင်းဘုဒ်ကလေးမှာ ငြိမ်ပါ လို့ ပြနေပေမဲ့ ပရိသတ်တွေကတော့

အရေးဂရုမပြုကြဘူး။ ကျွန်တော့်ကို ကြည့်ပြီး လက်ညှိုးထိုးလိုက် မေးငေါ့လိုက်နဲ့ အချင်းချင်း

စကားတွေ ပြောဆိုနေကြတာ။ စားပွဲထိုး ငပိန်းကလေးက မေးခွန်းတစ်ခု နဲ့ ရူးပီးသန်းတစ်ရာ

လောင်းကြေးထပ်ခဲ့တာကိုး။

ပရမ်ကူးမားက ကင်မရာဘက်လှည့်ပြီး –

“အခုဆိုရင် ကျွန်တော်တို့ မေးခွန်း နံပါတ် ဆယ့်တစ်..ဆုငွေ ဆယ်ကုဋေ အတွက် ဖြေဆိုဖို့

ရောက်လာပါပြီ..ယုံပါတော့…ကျွန်တော်တော့တွေးကြည့်တာနဲ့တင် ကြက်သီးတွေထနေပြီဗျ…

အဲ..မစ္စတာ သောမတ်စ်..ဘယ့်နှယ်တုန်း..ရင်ခုန်နေလားဗျ..”

“ဟင့်အင်း..”

“ဒါဆိုရင်တော့ အံ့ဩတယ်ဗျာ..ကဲဗျာ…ခင်ဗျား နိုင်ပြီးသား ရူးပီး ဆယ်သန်းနဲ့ အလောင်းအစား

ပြုနေတာလေ..နည်းနည်းမှစိတ်မလှုပ်ရှားဘူးလား…သတိထားနော်..အဖြေမှားရင်တော့ နိုင်ထား

သမျှ အကုန်ပါသွားလိမ့်မယ်…အဲ..အဖြေမှန်ရင်တော့သန်းတစ်ရာ ရမှာပေါ့..ဘယ်သူမှ အဲဒီ

လောက်များတဲ့ ဆုကြေးမရဖူးဘူး..ထီ မှာတောင် မရှိဘူးဗျာ…ဟုတ်ပါပြီ…ဒီတော့..ဒီနေရာ..

ဒီအချိန်မှာ..ရာဇဝင်တွင်လောက်အောင် လုပ်နိုင်မလားဆိုတာ ကြည့်ကြရအောင်ဗျား…။ အိုခေ..

ဟောဒီမှာ လာပါပြီ မေးခွန်း နံပါတ် ဆယ့်တစ်။ အဲဒါက ဘယ်နယ်ပယ်ကလည်း ဆိုတော့…….”

ပရမ်ကူးမား က ရုပ်ရှင်ဆန်ဆန် ဟန်မူပိုပိုနဲ့ ခဏရပ်ပြီး ပရိတ်သတ်အခြေအနေကြည့်။ ပြီးတော့မှ

သူ့စကားဆက်တယ်။

“ အင်္ဂလိပ် စာပေ နယ်ပယ်က ပဲ ဖြစ်ပါတယ်ဗျား..။”

‘လက်ခုပ်တီးပါ’ ဆိုပြီး စတူဒီယို ဆိုင်းဘုဒ်က ပြောင်းသွားတယ်။

“မစ္စတာ သောမတ်စ် ရေ.. ခင်ဗျားမှာ..အင်္ဂလိပ်စာပေနဲ့ ပက်သက်လို့ ဗဟုသုတများ ရှိသလား

ပြောပါဦးဗျာ..? အဲ..အင်္ဂလိပ်စာအုပ်တို့၊ အင်္ဂလိပ် ကဗျာ တို့ရော ဖတ်ဖူးသလား?”

“ဘာဘာ သိုးမည်း လောက်တော့ ဆိုပြနိုင်ပါတယ်..အဲဒါက ဟို.. ခင်ဗျားဆိုလိုတဲ့ အင်္ဂလိပ်

ကဗျာ မျိုးဆိုရင်ပေါ့လေ။”

ပရိတ်သတ်က အုန်းခနဲ ရီ ကြတယ်။

“ငါ့စိတ်ထဲ နည်းနည်းတော့ ပိုရှုပ်သွားတာ ဝန်ခံရမှာပဲ..ထားပါ..ကိစ္စမရှိပါဘူး…ခင်ဗျား ..

ရှိတ်စပီးယားတော့ ကြားဖူးရမယ်..။”

“ရှိက်ခ်..ဘယ်သူဗျ..?”

“အင်း..အေဗွန် ရဲ့ ကဗျာကဝိ၊အင်္ဂလိပ် ဘာသာစကားနဲ့ (ရေးတဲ့) အကြီးကျယ်ဆုံး ပြဇာတ်ရေးဆရာ..။ အိုး..

ကောလိပ်တက်တုန်းက အချိန်တွေများ ပြန်ရောက်သွားချင်စမ်းပါရဲ့…။အဲဒီတုန်းက ရှိတ်ခ်စပီးယား ပြဇာတ်

တွေ ကပြ သရုပ်ဆောင်ရတာ နဲ့ ငါ အချိန်တွေ ဖြုန်းခဲ့တာပေါ့..တို့ ဟမ်းမလတ် များ တစ်ယောက်ယောက်

သတိမရကြဘူးလား..(သူက ဟမ်းမလတ် မင်းသားလေး အသက်ရှင်ရတဲ့ဘဝ အပေါ် မေးခွန်းထုတ်ပြီး တစ်

ကိုယ်တည်း ညည်းညူတဲ့ ဇာတ်ထွက်စကားလေးကို ဆိုလိုက်သေးသဗျ။)ကြမ္မာရိုင်းရိုင်း နဲ့ လေးမြားတွေ

ဝိုင်းထားသလို ဘဝမျိုး ဪ..အခြေဆိုးလှချည့်..နေဖို့ပင်သင့်ပါရဲ့လား…လောကဓံ မခံလိုလို့ သေဖို့ရာ

ဆိုတော့လည်း မရဏတစ်ဖက်ကမ်း ဘယ်သောင်ကမ်းဆိုက်မယ်မသိ ဒုက္ခအတိနဲ့ သမုဒ္ဒပြင် ရင်ဆိုင်ဝံ့မ

တဲ့လား.. ဟား ကျုပ်အဖို့တော့ တော်ပါပြီ..အဲ ဟောဒီ မစ္စတာသောမတ်စ် ပဲ နောက်မေးခွန်းကို ဖြေရမှာ။

လာပါပြီဗျာ..ရူးပီး သန်းတစ်ရာအတွက် မေးခွန်း။ ရှိတ်စပီးယား ရဲ့ ဘယ်ပြဇာတ်မှာ ကော့စတာ့ဒ် ဆိုတဲ့

ဇာတ်ကောင် ပါပါသလဲတဲ့။ အဲဒါက (က) လီယာ ဘုရင်ကြီး (ခ) ဗင်းနစ် မြို့မှ ကုန်သည် (ဂ)မျှော်လင့်ချက်

မဲ့သော မေတ္တာသမား(များ) (ဃ)အော်သယ်လို။”

တီးလုံး ပြန်ကျော့ပြီ။ ကျွန်တော့်စိတ်ထဲ ဟာလာဟင်းလင်းဖြစ်သွားပြီး ပရမ်ကူးမာကို အူကြောင်ကြောင်

နဲ့ စိုက်ကြည့်နေမိတယ်။

“ဘယ့်နှယ်လဲ မစ္စတာ သောမတ်စ် ခုပြောတာထဲမှာ သဲလွန်စလေးများ တွေ့မိလား ပြောပါဦး။”

“ဟင့်အင်း။”

“ဟင့်အင်းလား..ဒါဖြင့် ဘယ်လိုလုပ်မှာတုန်း။ အဖြေတစ်ခုတော့ ပေးရမှာပေါ့..ခေါင်းပန်း

လှန်လို့ဖြစ်ဖြစ်ပေါ့လေ။ခင်ဗျား ကံ ဆက်ကောင်းနေဦးမယ်ဆိုရင် အဖြေမှန်ကို ဒုတ်ဒုတ်ထိ

ပေးနိုင်ပြီးတော့ ရူးပီးသန်းတစ်ရာ ရဦးမှာ။ဘယ်သူပြောနိုင်မလဲဗျ..ကံ ဆိုတာ။ ကဲပါလေ..

ဘယ်လိုဆုံးဖြတ်မလဲ။”

စိတ်ထဲမှာ ဗလာကျင်းနေတယ်။ ကျွန်တော် ချောင်ပိတ်ခံရပြီဗျ။ စက္ကန့်သုံးဆယ်လောက် စဉ်းစားပြီး

ဆုံးဖြတ်ချက်ချလိုက်တယ်။

“အသက်ကယ်လှေ သုံးမယ်”

ပရမ်ကူးမားက ကျွန်တော့်ကို သရော်တော်တော်နဲ့ ကြည့်လိုက်သေးတယ်။ အသက်ကယ်လှေ ရှိသေးတာ

မေ့နေပုံပဲ။ နောက်ဆုံး လက်ဖျောက်တစ်ချက်တီးလိုက်ပြီး –

“ဩော..အသက်ကယ်လှေ..ဟုတ်တယ်..နှစ်စီးစလုံး ကျန်သေးတာ..ဘယ်အစီးသုံးမလဲ ပြောပါဦး..

ရွေးစရာ လေးခုထဲက နှစ်ခုပယ် တဲ့ဟာ သုံးမလား..မိတ်ဆွေတစ်ယောက်ယောက်ဆီက အကြံဉာဏ်

တောင်းမလား”

နောက်တစ်ခါထပ်ပြီး စိတ်ထဲ ထွေ သွားပြန်တယ်ဗျ။ ဒီမေးခွန်းဖြေဖို့ ဘယ်သူများ တတ်နိုင်ပ။ ဆလင်းလား..၊

သူလည်း ကျွန်တော့်လိုပဲ ဘာမှမှန်းနိုင်မှာမဟုတ်ဘူး။ ဂျင်မီ ဘားဆိုင်ရှင်ရော။ ရှိတ်စပီးယား သူသိတယ်ဆိုတာ

အရက်မူးနေတဲ့လူ လမ်းကို သိသလောက်ပဲ ယောင်ဝါးဝါး နေမှာပါ။ စာပေပညာ ဆိုတာ ဒရာဗီကလူတွေနဲ့

အင်မတန် အလှမ်းကွာတာ ရဲ နဲ့ ရိုးသားဖြောင့်မတ်ခြင်း မနီးစပ်သလိုပဲ။ အဲ..ဖာသာ တီမိုးသီ တော့

ကျွန်တော့်ကို ကူနိုင်ကောင်းပေမဲ့ သူက သေရှာပြီ။ တစ်ဝက်ဖယ်ထုတ်တဲ့ ဟာသုံးရမလား။ ကျွန်တော့်

အိတ်ထဲက အကြွေစေ့ကလေး ဆွဲထုတ်တော့ ကဒ်ကလေးတစ်ခုကို ကျွန်တော် စမ်းမိတယ်။ ဆွဲထုတ်

လိုက်တော့ လိပ်စာကဒ်ကလေးဗျ။ ဥတ်ပယ် ချက်တာဂျီ၊ အင်္ဂလိပ်စာ ဆရာ၊ စိန့်ဂျွန် ကျောင်း၊ အက်ဂရာ

တဲ့ဗျ။ ပထမတော့ ကျွန်တော်လည်း နားမလည်ဘူး။ ဘယ့်နှယ် ဒီလိပ်စာကဒ်က ငါ့အိတ်ထဲ ရောက်နေ

ပါလိမ့်လို့ပေါ့လေ။ကျွန်တော်လည်း ဘယ်သူ့ဆီကမှ မတောင်းဘူးပါဘူး။ အဲ နောက်တော့မှ သတိရတာ

ဗျို့။ ဆေးရုံမှာ တွေ့ခဲ့တဲ့ မျက်မှန်နဲ့လူကြီး။ ဖိုသီဖတ်သီနဲ့။ သူ့သားကလေး ခွေးရူးပြန် ရောဂါဖြစ်လို့

ဆေးရုံတင်ရတာလေ။ အဲဒါ အံ့အားသင့်ပြီး ပါးစပ်ကတောင် အသံတစ်ချက် လွှတ်ခနဲထွက်သွားမိသေး

တယ်။ ပရမ်ကူးမားက ကြားပြီးတော့ ကျွန်တော့်ကို သေချာကြည့်တယ်။

“ဒီမယ်..ခင်ဗျား ဘာပြောလိုက်သလဲ”

“ဟုတ်ကဲ့..ကျွန်တော်ပြောတာ ဟောဒီလူကြီးမင်းကို ဖုန်းခေါ်ပေးလို့ရမလားလို့..။”

ကျွန်တော့်လက်ထဲက ကဒ်ကလေး သူ့ကိုပေးလိုက်တယ်။

“ကျွန်တော့် မိတ်ဆွေ အကြံဉာဏ်ပဲ တောင်းတော့မယ်”

ပရမ်ကူးမားက လိပ်စာကဒ်ကလေး ကြည့်ပြီးတော့ –

“သိပြီဗျာ..ဒီမေးခွန်းအတွက် အကူအညီပေးနိုင်တဲ့ တစ်ယောက်ယောက်ကို သေချာသိတယ်ပေါ့”

သူ့မျက်နှာက စိုးရိမ်ပူပန်ဟန်ပေါက်လာတယ်။ ပရိုဂျူဆာကို တစ်ချက် မျက်ရိပ်လှမ်းပြတော့ ဟိုက

လက်ဝါးဖြန့်ပြတယ်။ အသက်ကယ်လှေ ဆိုတဲ့စကားလုံးက ပိတ်ကားမှာပေါ်လာသဗျ။ ပင်လယ်ထဲ

မှာ မော်တော်ဘုတ်ကလေးတစ်စီး တဖွတ်ဖွတ် နဲ့မောင်းနေတုန်း ရေကူးနေတဲ့လူတစ်ယောက်

က ကယ်တော်မူပါ အော်တော့ အသက်ကယ် ဘောကွင်း ကလေး ပစ်ပေးတဲ့ ကာတွန်းရုပ်ရှင်လေး

ပြသေးတယ်။

ပရမ်ကူးမားက သူ့စားပွဲအောက်ကနေ ကြိုးမပါတဲ့ ကော့ဒ်လက်စ် ဖုန်းတစ်လုံး ကျွန်တော့်ကို

လှမ်းပေးပြီးတော့ –

“ကဲရော့..ကြိုက်တဲ့လူကို ခေါ်ပြီး ကြိုက်တာမေး..ဒါပေမဲ့ နှစ်မိနစ်ပဲ အချိန်ရမယ်..ကိုင်း စပြီဟေ့..”

ကျွန်တော် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကဒ်ပေါ်ရေးထားတဲ့ နံပါတ်ကို နှိပ်လိုက်တယ်။ ဟိုဘက်မှာ

တော့ ဖုန်းသံသွားမြည်နေပြီ။ ဒါပေမဲ့ ဖုန်းသံပဲမြည်နေတာ။ ကလင်..ကလင်..ကလင်..ကလင်ကလင်..

ဟား..ဘယ်သူမှ ဖုန်းမကိုင်ကြပါလား။ စက္ကန့်သုံးဆယ် ကုန်သွားပြီ။ စတူဒီယိုခန်းထဲက ပရိသတ်တွေ

လည်း ရင်တမမနဲ့ အသက်တောင် ရဲရဲမရှူဝံ့သလိုမျိုး။ သူတို့ ကျွန်တော့်ကို ကြည့်နေတဲ့ပုံက ဆက်ကပ်

ပွဲမှာ အသက်အန္တရာယ် ကာကွယ်ဖို့ ပိုက်ကွန် အောက်မှာမခံဘဲ ကြိုးတန်း အမြင့်ကြီးပေါ်လမ်းလျှောက်

ပြနေတဲ့လူကို ကြည့်နေသလိုမျိုးဗျ။ တစ်ချက်ကလေးမှားတာနဲ့ ကားခနဲပေါ့ဗျာ။ နောက်ထပ်

စက္ကန့်ကိုးဆယ် ကုန်သွားပြီဆိုရင်တော့ သန်းတစ်ရာလည်း ပလုံပြီလေ။

ဖုန်းချတော့မယ် အလုပ်မှာ တစ်ယောက်ယောက်က ဖုန်းကိုင်လိုက်တယ်ဗျ။ အချိန် တစ်မိနစ်

သာသာလောက်ပဲ ကျန်တော့တယ်။

“ဟဲလို..ဟဲလို..မစ္စတာ ဥတ်ပယ် ချက်တာဂျီနဲ့ ပြောချင်လို့ပါ”

“ပြောနေပါတယ်”

“မစ္စတာ ချက်တာဂျီ..ကျွန်တော်က ရမ် မိုဟာမက် သောမတ်စ် ပါ..”

“ရမ် မိုဟာမက်..ဘာ”

“သောမတ်စ် ပါ..အဲ..ခင်ဗျား ကျွန်တော့် နာမည်သိမှာ မဟုတ်လောက်ဘူး..ဒါပေမဲ့ သီဟနီယ

ဆေးရုံမှာ ခင်ဗျားကိုကူညီခဲ့တဲ့လူတစ်ယောက်ဗျာ..ခင်ဗျားသားလေး ဆေးရုံတင်ထားတုန်းကပေါ့..

မှတ်မိလား..”

“ဟေ..မြတ်စွာဘုရား..” အသံက ချက်ချင်းပြောင်းသွားတယ်။

“အမလေးလေး..မောင်မင်းကြီးသားကို ကျုပ်မှာ လွန်ခဲ့တဲ့လေးလလောက်ကတည်းက ရှာလိုက်ရတာ

အရူးအမူးဗျာ..ငါ့သား အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်ရယ်..ငါ့မှာ ဘယ်လောက်တောင်..”

စကားစ မြန်မြန်ဖြတ်မှ။

“မစ္စတာ ချက်တာဂျီ..ကျွန်တော့်မှာ အချိန်သိပ်မရဘူး..ပဟေဠိပြိုင်ပွဲတစ်ခုမှာ ကျွန်တော်ဝင်ဖြေ

နေတာဗျာ..။ အဲဒါ..မေးခွန်းတစ်ခု ကျွန်တော့်အတွက် မြန်မြန်လေး ဖြေပေးပါ..”

“မေးခွန်းတစ်ခု? ရပါတယ်ဗျာ..ဘာလဲသာပြော ကျုပ်လုပ်ပေးဖို့ အသင့်ပါဗျာ..”

စက္ကန့်သုံးဆယ်ပဲ ကျန်တော့တယ်..။ အားလုံးရဲ့မျက်လုံးတွေက နံရံမှာကပ်ထားတဲ့ နာရီပေါ်မှာ။

တစ်စက္ကန့်ပြီး တစ်စက္ကန့်၊ အချိန်တွေ ကုန်နေပြီ။

“မေးခွန်းက ဒီလိုဗျာ.. ရှိတ်စပီးယား ရဲ့ ဘယ်ပြဇာတ်မှာ ကော့စတာ့ဒ် ဆိုတဲ့ဇာတ်ကောင် ပါပါသလဲတဲ့။

အဲဒါက (က) လီယာ ဘုရင်ကြီး (ခ) ဗင်းနစ် မြို့မှ ကုန်သည် (ဂ)မျှော်လင့်ချက်မဲ့သော မေတ္တာသမား(များ)

(ဃ)အော်သယ်လို။”

ချက်.ချက်..ချက်..အမလေး စက္ကန့်တွေ။ မစ္စတာ ချက်တာဂျီ ငြိမ်သွားတယ်။

“မစ္စတာ ချက်တာဂျီ..အဖြေပေးနိုင်သလားဗျာ..”

ဆယ့်ငါးစက္ကန့်ပဲ ကျန်တော့တဲ့ အချိန်မှာ မစ္စတာ ချက်တာဂျီ ပြန်ပြောတယ်။

“ငါမသိဘူးကွဲ့”

ကျွန်တော် ပြာထွက်သွားတယ်။ “ဗျာ”

“စိတ်မကောင်းပါဘူးကွယ်..ငါ..ငါ..သိပ်မသေချာဘူး။ အဲဒီ ဇာတ်ကောင် ဘယ်ပြဇာတ်ထဲ ပါသလဲ

ဆိုတာ ငါ..မမှတ်မိဘူး..”

“ကျွန်တော် အဖြေတစ်ခုပဲ ပေးရမှာ”

“ဒါဖြင့်..မျှော်လင့်ချက်မဲ့သော မေတ္တာသမား(များ) သာ ရွေးလိုက်တော့..ဒါပေမဲ့ ခုနက ပြောခဲ့

သလိုပဲ..ငါ သိပ်မသေချာလှဘူး..စိတ်မကောင်းဘူးကွာ..ဒီထက်ပိုပြီး မကူညီ..”

ပရမ်ကူးမားက ဖုန်းကို ဖြတ်ချလိုက်တယ်။

“ကဲ..မစ္စတာသောမတ်စ် ရေ..နှစ်မိနစ်ပြည့်သွားပါပြီ..ခင်ဗျား အဖြေလေး လိုချင်ပါတယ်..”

နောက်ခံ သဲထိတ်ရင်ဖို တီးလုံးက ဘယ်လိုမှ မနေတော့ဘူး။ ကျွန်တော့်တစ်ကိုယ်လုံး အေးစိမ့်လာတာ

တော့ သေချာတယ်။ ကျွန်တော် နက်နက်နဲနဲ တွေးနေရပြီလေ။

“မစ္စတာ သောမတ်စ် အဲဒီ မစ္စတာ ချက်တာဂျီ ကို ဘယ်လောက်သိသလဲဗျ..”

“ကျွန်တော် တစ်ခါပဲ တွေ့ဖူးတာ”

“အင်္ဂလိပ်စာ သင်တာရော ဘယ်လောက်ကောင်းသလဲ”

“ ဒါလည်း မပြောတတ်ပါဘူးဗျာ”

“ဒါဖြင့် သူပြောတာ ယုံမှာလား..ကိုယ့်ဟာကိုယ်ပဲ စိတ်မှန်းနဲ့ ဖြေမှာလား”

ကျွန်တော် ဆုံးဖြတ်လိုက်ပြီ။

“ကျွန်တော့် စိတ်ထဲ ရှိတဲ့အတိုင်းပဲ ဖြေမယ်ဗျာ..။ ကျွန်တော့်စိတ်ထဲမှာ မစ္စတာ ချက်တာဂျီ ပြောတဲ့

အဖြေကို ယုံလို့ရတယ်လို့ထင်တယ်..အဲဒါက (ဂ) မျှော်လင့်ချက်မဲ့သော မေတ္တာသမား(များ) ပါပဲ..”

“စဉ်းစားဦးနော်..အဖြေမှားရင် သန်းတစ်ရာ မရမဲ့အပြင် နိုင်ထားတဲ့ ဆယ်သန်းပါ ဆုံးမှာ..”

“နောက်ဆုံး အဖြေပါပဲ..(ဂ)”

“သေချာတယ်နော်..တစ်ရာ ရာခိုင်နှုန်း သေချာတယ်နော်..”

“ဟုတ်ကဲ့”

“နောက်ထပ် ထပ်မေးပါဦးမယ်..ခင်ဗျား..လုံးဝ လုံးဝ တစ်ရာ ရာခိုင်နှုန်းသေချာတယ်နော်”

“ဟုတ်ကဲ့”

ဒရမ်သံတွေ ဆူတက်လာပြီးတော့ အဖြေမှန်ကို ပိတ်ကားမှာ ပြပါတော့တယ်။

“အိုး..ဘုရားသခင်..အဖြေမှန်က (ဂ) ပါလား..။လုံးဝ တစ်ရာ ရာခိုင်နှုန်း မှန်ပါတယ် ခင်ဗျား..”

ပရမ်ကူးမားက မတ်တပ်ထရပ်ပြီး –

“ရမ် မိုဟာမက် သောမတ်စ် ..ခုဆိုရင် ခင်ဗျားဟာ ဟောဒီပွဲမှာ ပထမဦးဆုံး ရူးပီးသန်းတစ်ရာ နိုင်သွားတဲ့

သူပါပဲဗျာ….ဟုတ်ကဲ့..ဂုဏ်သရေရှိ ဧည့်ပရိတ်သတ်များခင်ဗျာ..ရာဇဝင်တော့ တွင်သွားပါပြီ..ကဲ..ခု ကျွန်

တော်တို့ ထုံးစံအတိုင်း ခဏ နားပါမယ်”

ပရိတ်သတ်တွေ ပျော်ကြတာ အရူးအမူး။ မတ်တပ်ရပ်ပြီး လက်ခုပ်တွေတီးတာ တစ်မိနစ်လောက် မစဲဘူးဗျာ။

ပရမ်ကူးမား မျက်ခွက်ကြီးကတော့ရဲလို့။ ချွေးတွေကလည်း မတရား ရွှဲလို့။ သူက ကျွန်တော့်ကို မေးတယ်။

“ကဲ..ဘယ့်နှယ်နေသလဲဗျာ..”

“ဟရ်မ်း ဘယဟော်ရ်..ဒဠ်”

ကျွန်တော် အဲဒီလို ပြန်ဖြေလိုက်တော့ သူ အူကြောင်ကြောင်ဖြစ်သွားတယ်။

“ဟမ်..ဘာပြောလိုက်တာလဲဗျ”

“အရမ်း ပျော်ပါတယ် လို့ ပြောတာပါဗျာ..”

သူ့ကို ပြန်ဖြေပြီး မျက်လုံးတစ်ချက်လှန်ကြည့်လိုက်တော့ ပြုံးပြနေတဲ့ ရှန်ကာကလေးကို မြင်လိုက်ရသလိုလို။

အင်း..ကနေ့ညတော့ဖြင့် ဒူရ်ဂါ နတ်ဘုရားမက ကျွန်တော့်ကို တကယ်ပဲ မှိုင်းမတော်မူပြီ ထင်ပါရဲ့ဗျာ။

***********************

10 comments

  • Ma Ma

    October 4, 2013 at 6:35 am

    သန်းကြွယ်သူဌေးဖြစ်ပြီပေ့ါ။
    သန်းတစ်ရာကို လွယ်လွယ်တော့ ပေးမယ် မထင်ဘူး။
    ဘယ်လိုများ လှည့်အုံးမယ် မသိ။ 😕

  • surmi

    October 4, 2013 at 9:32 am

    ဒါ သုံးခါ​မြောက်​ မန်​့တာပဲ ကိုဘလှိုင်​​ရေ…
    ​ရှေ့နှစ်​ခါက ဘယ်​​ရောက်​သွယးမှန်​းမသိ။
    အခု.. ဘာ​ပေါရမလဲ​တောင်​မသိ​တော့ဘူး..

  • Mr. MarGa

    October 4, 2013 at 11:16 am

    ဆုကတော့ ရသွားပြီ
    ပြန်ယူဖို့ကတော့ ဟိုဟာတွေ တာဝန်မို့
    ဘယ်လိုဘယ်နည်း ကြံဖန်ပြီး လှည့်ကြ ပတ်ကြဦးမလဲ တွေးနေပါကြောင်း…

  • amatmin

    October 4, 2013 at 12:02 pm

    ဖတ်ရင်း မျောသွားတာပဲ..
    ဂလို တိုးလို့တန်းလန်းက အတော်ဆိုးသကိုး..။
    ကွန်မန့်မပေးတာကြာပေမဲ့ လိုက်ဖတ်နေပါတယ် ဗျ.။
    ညဏ်များပုံလေးတွေ ဆက်စောင့်ဖတ်နေပါ့မယ် ဗျို့..။

    • မောင်ဘလိူင်

      October 4, 2013 at 12:39 pm

      ကျေးဇူးပါ ကို အမတ်မင်း..နောက်နှစ်ပိုင်းလောက်ဆို ဇာတ်သိမ်းတော့မှာပါဗျာ..

  • sorrow weaver

    October 7, 2013 at 12:19 pm

    စောင့်ဖတ်နေပါတယ်ခင်ဗျာ 🙂

  • kai

    October 7, 2013 at 12:50 pm

    ရုပီးသန်း၁၀ဝက… ဒေါ်လာ 1622600 တဲ့..
    မနည်းဘူးဗျ…
    ယူအက်စ်မှာဆို.. အခွန် ၃ပုံတပုံချထည့်လိုက်ရင်တောင်… ၅သိန်းကျော်ရဦးမယ်…

Leave a Reply