စိတ်ဧ။် ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါရစေ
ကိုယ်ဧ။် ချမ်းသာခြင်း ၊ စိတ်ဧ။် ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေဆိုတဲ့ ဆုတောင်းစကားကို အကြိမ်ကြိမ်ကြားခဲ့ ဖူးပေမယ့် ဒီစကားတစ်ခုရဲ့ အဓိပ္ပါယ်ကို လေးလေးနက်နက် မတွေးမိခဲ့ဘူး ။ ကြိမ်ဖန်များစွာ အခါခါကြားရလို့ အလွတ်ရနေတဲ့ ဆုတောင်းစကားတစ်ခုက နှစ်လိုဖွယ်ကောင်းမှန်း လူငယ်ဆိုတဲ့ အသက်ပိုင်းခြားတစ်ခု ကုန်ဆုံးခါနီးမှ သိခဲ့ရပါတယ် ။
စိတ်ဧ။် ကျန်းမာခြင်းတဲ့ ….
လှုပ်ရှား ရုန်းကန်နေရတဲ့ ဘဝတွေထဲ အခြေတကျရပ်တည်နိုင်ဖို့ ကြိုးစားရတာ မလွယ်ကူပါဘူး ။ စိတ်ဖိစီးမှုတွေ ၊ မျှော်လင့်ချက်တွေကပ်ပြီး လိုအင် ဆန္ဒတွေပြည့်ဝဖို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားကြတယ် ။ အနိမ့်မြင့် မတူညီတဲ့ ကံတရားကြောင့်ပဲ ပျော်စရာတွေကြုံလာနိုင်သလို ၊ဝမ်းနည်းစရာ ၊ စိတ်ဓါတ်ကျစရာတွေလည်း ရှိလာနိုင်တယ် ၊ရုတ်ချည်းပြောင်းလဲသွားတဲ့ ဘဝရပ်တည်မှုတွေ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ စိတ်ဓါတ်ကျလာပြန်ရော ….. ။ ရယ်လိုက် ၊ ငိုလိုက် ၊ ပူပန်ကြောင့်ကြလိုက် နဲ့ စိတ်ဖိစီးမှုတွေများတဲ့ စိတ်တစ်ခု အမြဲတန်း ကျန်းမာဖို့ဆိုတာ ဘယ်သူကမှ အာမခံချက်မပေးနိုင်တဲ့ အနေထားတစ်ခုပါပဲ ။ ဒါ့ကြောင့် ………. လူတိုင်း ……. လူတိုင်း ……… တစ်ချိန်မဟုတ် တစ်ချိန် …… ဒါမှ မဟုတ် အကြိမ်ကြိမ် ….(အကြောင်းအမျိုးမျိုးကြောင့်) စိတ်ကျန်းမာရေး ချို့တဲ့တဲ့ ဖြစ်စဉ် ဖြစ်နိုင်ပါတယ် ။
%%%%%%%%%%%%%%%%%%%%
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စိတ်ကျန်းမာရေး ဆေးရုံကို ရည်ရွယ်မထားပါပဲ ခဏတာ ရောက်ဖြစ်ခဲ့ပါတယ် ။နေပြင်းပြင်းပူတဲ့ အောက် လိုင်းကားရှားတဲ့ လွင်တီးခေါင်ပြင်မှာ အရိပ်ကြဲကြဲနဲ့ တည်ထားတဲ့ ဆေးရုံကို လာရတဲ့ လူတွေကို မြင်ရတာ စိတ်မသက်သာစရာပါ …. ။ ဆေးရုံထဲကို ဝင်လိုက်တာနဲ ့ လူတွေရဲ့ အကြည့်က အပြုံးရယ်မရှိပါပဲ ခံစားချက်မဲ့လို့ပေါ့ … စူးစမ်းတဲ့အကြည့်မျိုးတွေနဲ့ လူနာလား လူနာရှင်လား ၊ သူလိုလို ငါလိုလို မြင်ဖူးသလိုလို ၊ မမြင်ဖူးသလိုလိုနဲ့ ကြည့်ကြတယ် ။တခြားသော အစိုးရဆေးရုံတွေကို အကြိမ်ကြိမ်ရောက်ဖူးခဲ့ပေမယ့် ၊ ပထမဆုံးအကြိမ် စိတ်ကျန်းမာရေး ဆေးရုံကို ရောက်လာတဲ့ ခံစားချက်က စိတ်လှုပ်ရှားစရာကောင်းပါတယ် ။
တနင်္ဂနွေဖြစ်ပေမယ့် ပြင်ပလူနာ ဌာနမှာ လူတွေပုံနေတယ် ၊ တာဝန်ကျ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ ဆရာဝန်နဲ့ သူနာပြုတွေလည်း လူနာကြည့်ရင်း အလုပ်နဲ့သူ ရှုပ်နေကြရှာတယ် ။ ward တွေထဲမှာ လူနာတွေ ရှိနေပေမယ့် မြင်နေကျဆေးရုံတွေကလို လူနာဆိုတာ ပက်လက်လှန်ပြီး ကုတင်ပေါ် လှဲနေတဲ့ ပုံစံမျိုးမဟုတ်ကြဘူး ၊ အောက်ဆီဂျင် နှာခေါင်းပိုက်တွေလည်း တပ်မထားဘူး ၊ ပက်တီးတွေနဲ့လည်း ကြပ်စည်းထားသလိုလည်းမဟုတ်ဘူး .. အသက်မျှင်းမျှင်းနဲ့ ညီးတွားနေတာလည်းမကြားရဘူး ၊ဖွဲအိတ်ကြီးတွေလို မလှုပ်မယှက် နေတဲ့ အနေထားမျိုးလည်းမဟုတ်ဘူး …… လူနာစောင့်ကိုယ်စီလည်း မရှိကြရှာဘူး ၊ အားလုံး ကိုယ့်သဘောကိုယ်ဆောင် ၊ ကိုယ်လုပ်ချင်တာ လုပ်လို့ ကိုယ်ပြောချင်တဲ့စကားကိုယ်ပြောနေတဲ့ စိတ်မကျန်းမာသူလူနာတွေကို မြင်တွေ့ခွင့်ရခဲ့ပါတယ် ။ တစ်ချိုု့တလေလောက်သာ ပက်လက်အနေထားနဲ့ drip သွင်းနေတာမျိုး လှဲနေတာမျိုးမြင်ခဲ့ရတာပါ ။အရည်တွက်အားဖြင့်ကြ့ည်လျှင် အိပ်ယာထဲမှာ နေတဲ့ လူနာ ရာခိုင်နှုန်းအတော်နည်းပါတယ် ။
ခြေလက်အင်္ဂါပြည့်စုံပါလျှက် ၊ မြင်ခဲ့ဖူးတဲ့ လူနာဆိုသူတွေနဲ့ သွင်ပြင်ကွဲပြားပါလျှက် စိတ်ကျန်းမာရေး ချို့တဲ့လို့ ကုသမှု ခံယူနေရတဲ့ … လူနာဆိုသူတွေရဲ့ လှုပ်ရှားမှုတွေကို သံဇကာခြားထားတဲ့နေရာက လေ့လာခွင့်ရခဲ့တယ် ။ သံဇကာနားကို ကပ်သွားတယ်ဆိုလျှင်ပဲ ၊ စုပြုံပြီး တိုးလာကြတယ် စူးစမ်းကြတယ် ။ တယောက်တပေါက် နှုတ်ဆက်ကြတယ် မင်္ဂလာပါလို့ အော်နှုတ်ဆက်တဲ့လူရှိသလို ၊ ဟလိုလို့အော်တဲ့ လူလည်းရှိတယ် …. လက်ခုတ်လက်ဝါးတီးပြီး ဝူးဝူးဝါးဝါး နှုတ်ဆက်တဲ့ လူလည်းရှိတယ် … ပုံစံမျိုးစုံပါပဲ ။ ပါးစပ်က အော် နှုတ်ဆက်ရုံမကဘူး သံဇကာကြားက လက်တွေထွက်လို့ လှမ်းကိုင်ချင် တို ့ထိချင်တဲ့ လူနာတွေလည်းရှိတယ် ။ တတ်နိုင်သမျှ လက်မမှီတဲ့ နေရာမျိုးက ရပ်ပြီး သူတို့နဲ့ ခဏတာ စကားပြောဖြစ်ခဲ့ပါတယ် …. ။ စိတ်ကျန်းမာရေး ဖောက်ပြန်မှုကြောင့်သာ ဆေးကုသမှု ခံယူနေရပြီး သီးခြား နေကြရပေမယ့် ၊ conversation ကောင်းကောင်းလုပ်လို့ ရတယ် ။နေကောင်းစဉ်ကတည်းက ပိုင်ဆိုင်လာခဲ့တဲ့ပင်ကိုယ်အရည်သွေးတွေလည်း လက်ရှိ ပိုင်ဆိုင်နိုင်တုန်းဆိုတာလည်း မြင်ခဲ့ရတယ် …. ။ တချို့တွေဆို ဘွဲ့ရထားတဲ့လူတွေ ၊ တက္ကသိုလ်တက်ဖူးခဲ့တဲ့ လူတွေ ၊ အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ပြောနိုင်တဲ့ လူတွေပါ ပါလာနေခဲ့တယ် ။ ကိုယ်ထင်ရာ လှုပ်ရှားနေကြတဲ့ ဝေဒနာတူ လူနာတွေကြားထဲ စကားပြောဖော်လိုနေကြသလိုပါပဲ ။ positive ဆောင်တဲ့ စကားမျိုးပြောပြီး သူတို့နဲ့ conversation လုပ်လို့ ခဏတာ စကားပြောဖော် အဖြစ်နဲ့ နေပေးချင်ခဲ့မိတယ် ။
ပြုံပြီးသံဇကာကိုလာတွယ်နေကြတဲ့ လူနာအုပ်ကြီးနဲ့ဆက်ဆံဖို့ ပထမဆုံးခြေလှမ်းအဖြစ် ဘာစကားမှ မပြောသေးပဲ ပြုံးပြတော့ ၊ တိုင်ပင်မထားပဲ သူတို့လည်း ပြန်ပြုံးပြကြတယ် ။ တချို့ကတော့ သပ်သပ်ရပ်ရပ် ၊ တချို့ကတော ့ ပေပေရေရေပေါ့ ဒါပေမယ့် အားလုံးမှာ တူညီတာက ဟန်ဆောင်မှု မပါပဲ ပြုံးပြခြင်းပါပဲ … ။ လူတိုင်း နှစ်သက်တဲ့ အပြုံးဆိုတဲ့ အပြုမူတစ်ခုကို ခုတုံးလုပ်လို့ သူတို့နဲ့ ရင်းနှီးမှု စယူမိပါတယ် ……. ။
ပထမဆုံး စကားစပြောဖြစ်သူကတော့ အသက် ၆ဝကျော်ခန့် အမျိုးသားတစ်ယောက်ဖြစ်ပြီး ၊ အေးအေးဆေးဆေး နေတတ်သူလို့တော့ ခန့်မှန်း မိတာပါပဲ ။အဖြူဘက် အတော်များများသန်းနေတဲ့ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးထားတယ် ပခုံးမှာလည်း သဘတ်ခပ်အရောင်နွမ်းနွမ်း တထည်ကို တင်ထားတယ် ….. ။ စကားပြောတာလည်း တည်တည်ငြိမ်ငြိမ်ပါပဲ ။ သံဇကာကြားက သူ့နားကပ်လို့ အဘ နေကောင်းရဲ့လား ဆိုတော့ ၊ ကောင်းပါတယ် သမီးရယ်တဲ့ ၊ ထမင်းစားပြီးပြီလားဆိုတော့ ၊ စားပြီးပြီတဲ့ … နာရီကို ကြည့်တော့ 10နာရီကျော် ၊ တဆက်တည်းမှာပဲ သူက ဆက်ပြောတယ် ၊ မနေ့က စားပြီးတာကို ပြောတာတဲ့ ။ ….. သူပြောတာလည်း ဟုတ်တာပါပဲ မနေ့က စားခဲ့တဲ့ ထမင်းကို နောက်ဆုံး ညစာ သတိရပြီးပြောတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ (မနက်ပိုင်း ဆန်ပြုတ်ကျွေးတယ်လို့ သိထားတာကြောင့်ပါ … ဆန်ပြုတ်က ထမင်းမှ မဟုတ်ပဲကိုး .. ) ။ အဘ ဆေးရောသောက်ရဲ့လားဆိုတော့ သောက်တယ်တဲ့ …. ၊ ဒါဆို ဒီနေ့ ထမင်းစားလျှင် များများစားရမယ်နော် ၊ ဆရာမလေးတွေတိုက်တဲ့ ဆေးလည်း သောက်ရမယ်နော်လို့ပြောတော့ ၊ အင်းတဲ့ …. ။
ဒုတိယတစ်ယောက်ကတော့ ဘုန်းကြီးပါ အသက်၃၀ဝန်းကျင်ခန့်ရှိမယ်ထင်ပါတယ် ။ ကျွန်မတို့ အနားကို ကပ်သွားတဲ့ အချိန် သူ ့မယ်တော်က သံဇကာကြားက သားကို ထမင်းလာခွံ ့နေချိန်ပေါ့ ။ အက်စီးဒန့်တစ်ခုကို မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရပြီး ၊ ညီကိုရင်းကွယ်လွန်ခဲ့တာကြောင့် အခုလို လူနာအဖြစ်နဲ့ ရောက်လာခဲ့ရတာပါတဲ့လေ ။ ဝေဒနာရှင်ဖြစ်နေပေမယ့် သင်္ကန်းဝတ်နဲ့ သိက္ခာ ဆက်ထိန်းနေခဲ့ပါတယ် ။ အစာမစားခင် မျက်စိလေးမှိတ်ပြီး မေတ္တာပို့တဲ့ အလေ့ကျင့်ကိုလည်း ကျင့်သုံးနေတုန်းပါပဲ ။ တက္ကသိုလ်ထိ တက်ခဲ့ဖူးတာကြောင့် … စကားပြောလျှင် အင်္ဂလိပ်စာလုံး ကြားညှပ်ပြီး သုံးတတ်ပါသေးတယ် ။ ဝေဒနာရှင်ဆိုပေမယ့် မြင်ရတာ အေးအေးချမ်းချမ်းပါပဲ … ။ စကားပြောလည်း ကောင်းပါတယ် … ။
ထမင်းခွံ ့တာစားနေတဲ့ ဘုန်းကြီးရဲ့ ကုတင်ပေါ်ကို ဘုန်းဆိုပြီး ပစ်လှဲလိုက်တဲ့ အသံကြောင့် ကြက်သီးမွှေးညှင်းထတဲ့အထိ လန့်သွားမိပါတယ် ။ အကျီ င်္အပေါ်တပိုင်းမပါတဲ့ လူငယ်တစ်ယောက် ၊ အသက် 25 နဲ့ 30ကြား ဖြစ်မယ် ထင်တယ် ကုတင်ပေါ်ပစ်လဲပြီး မျက်လုံးကိုမှိတ်လို့ ပါးစပ်ကလည်း ခေတ်ပေါ်သီချင်းတွေကို အားနဲ့အင်နဲ့ အော်ဆိုနေတာ…. မြင်ရတာသာသာယာယာပဲ … ဝမ်းမန်းရှိုးဆိုနေတဲ့ အဆိုတော်လိုပဲ … ။ အဖြတ်တောက် အနိမ့်မြင့်မှန်မှန်နဲ့ ဆိုနေတာ …. သဘောကျမိတယ် ။ အားရအောင် သီချင်းတပိုဒ်ကို မျက်စိကြီးမှိတ်လို့ အော်ဆိုပြီးတော့မှ … သူနဲ့စကား စပြောဖြစ်ပါတယ် …. ။ အဲ့ဒါဘယ်သူဆိုတာလဲ ဆိုတော့ သီချင်းဆိုတာ JMe တဲ့ …. ၊ လေးစားတာ အောင်ဆန်းစုကြည်တဲ့ … ၊ နောက်ပြီး နာမည် ၂ ခုအ ဲ့လိုပဲ ထပ်ပြောပါတယ် (ကျွန်မ မမှတ်မိတော့လို့ပါ ) …. ။ စိတ်ကျန်းမာရေး ချို့တဲ့တဲ့ ဝေဒနာရှင်ြ ဖစ်ပေမယ့် … သီချင်းစာသားတွေကို မှတ်မိနေတာပါလားလို့ မှတ်ချက်ချမိပြန်တယ် … ။
နောက်တယောက်ကတော့သူကိုယ်တိုင် သံဇကာနားကို ကပ်လာပြီး …. ချွတ် .. ချွတ် ချွတ်ချွတ်နဲ့ … ဟိတ်လာဦး ဆိုပြီး လှမ်းခေါ်ပါတယ် … ။ ကျွန်မတို ့တွေသူ့နားကပ်သွားတော့… မျက်လုံးကိုကြည့် … မျက်လုံးကို တည့်တည့်ကြည့်တဲ့လေ …. ။ ဘာများ လုပ်ပြမလဲ တအံ့တဩကြည့်နေတုန်း … မျက်လုံးကို 3စက္ကန့်လောက်စုံမှိတ်ပြီးမှ .. တဖက်ဖွင့်လိုက်တဖက်ပိတ်လိုက် ပေကလပ် ပေကလပ် လုပ်ပြပါတယ် … ။ မျက်နှာပြောင်တယ်လို့ပဲ ပြောရမလား ၊ ဘယ်လိုပြောရမှန်း မသိပေမယ့် … သူ့ကိုကြည့်ပြီး သဘောကျမိလို့ ရယ်ချင်စိတ်ကို မနည်းထိန်းထားရတယ် … ။ ဒါနဲ့ပဲ … အဲ့ဒါ ဘာလုပ်တာလဲလို့ မေးတော့ … အာရုံပြုနေတာတဲ့ .. လိုက်လုပ်ကြတဲ့ မျက်လုံးလေးတွေ မှိတ်တဲ့ …. ။ ကျွန်မတို့လည်း ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပဲ … ရယ်မိပါတော့တယ် …။ အသံထွက်အောင်ပဲ သူလည်း လိုက်ရယ်ခဲ့တယ် … ။ အာရုံပြုခိုင်းမှ သေချာကြည့်တော့ … စောင်ကြီးကို ဘုန်းကြီးသင်္ကန်းပတ်သလို ၊ ရုံထားပြီး လက်အုပ်လေးလည်း ချီထားလေရဲ့ … ။ စိတ်မကျန်းမာပေမယ့် … အပြင်ပန်းသွင်ပြင်အရ လူတော့ ကျန်းမာနေမယ် ထင်ပါရဲ့ … ။
နောက်တယောက်ကျတော့ စကားပြောလျှင်မေးလျှင် အကုန်ဖြေနိုင်တယ် ။ ဘယ်မှာ နေလဲ ၊ နာမည် ဘယ်သူလဲ ၊ ဘာလို့ ဒီကိုရောက်လာတာလဲ စသဖြင့် ၊ အကျိုးကြောင်း ဆက်စပ်ပြီး မေးလို့ ရတယ် … ။ နေကောင်းသွားလျှင် သူ အိမ်ပြန်မှာလို့လည်း ပြောတယ် … ။ စကားဆုံးမှ သူ့ကို သတိထားမိတော့ .. ညာဘက်လက်ကို တံတောက်ဆစ်ကနေ အရှေ့ဘက်ကို 90 ဒီဂရီလောက် ကွေးပြီး လက်ဖဝါးကိုတော့ လက်ခုပ်လေး လုပ်လို့ မှောက်လျှက်အနေထားနဲ့တွေ့ရတယ် … ။ အဲ့ဒါမြင်မှ စိတ်ဝင်စားလို့ .. .. ဒီလက်က ဘာလုပ်ထားတာလဲ မေးတော့ … ကျွန်တော် လေးစားလို့ပါဗျာတဲ့ဆိုပြီး … အလေးပြုပြတယ် … ။ အလေးပြုပြီး အဲ့လက်ကို ခုနအနေထားနဲ့ ပဲ ပြန်ထားတာတွေ့မိတယ်ဆိုလျှင်ပဲ …. ။ အမှုထမ်းဘဝကလာတာလား ၊ စိတ်စွဲလို့လားပဲလားလို့ အတွေးပွားမိပါတယ် ။
ကျွန်မတို့ အနားရောက်သွားတဲ့အချိန် ၊ အုတ်လိုက် စုပြုံတိုးတဲ့အထဲ ပါမလာတဲ့ လူတွေလည်း အများကြီးရှိပါတယ် …. သံဇကာကို ကျော်ကြည့်လျှင်ပဲ သူတို့ ဘာတွေ လုပ်နေလဲ တစွန်းတစ မြင်ခဲ့ရပြန်သေးတယ် ။ တချို့ကလည်း ငုတ်တုတ်လေးတွေ ထိုင်ပြီး ကြမ်းပြင်ပေါ်ကို လက်ငြိုးထောက်ပြီး စာရေးသလို လုပ်နေတယ် … ၊ တချို့ကလည်း ထိုင်လိုက်ထလိုက် ကုန်းလိုက်ကွလိုက် …. တချို့ကလည်း ၊ ကိုယ့်ကိုပြန်ကြည့်လို့ အထူးဆန်းဖြစ်နေသလိုလို …. ၊ တဦးတယောက်ချင်းစီ စိတ်ထဲရှိသလို ကွဲကွဲပြားပြား လုပ်နေကြတယ် ။ နေပူထဲ မြက်ခင်းပေါ် ကျောခင်းလို့ လက်နှစ်ဘက်ကို ခေါင်းအုံးလုပ်ပြီး ကောင်းကင်းကြီးကို မော့ကြည့်နေတဲ့ လူတစ်ယောက်ကိုလည်း မြင်ခဲ့ပါသေးတယ် ။ နောက်တယောက်ကလည်း လက်ဟန်ခြေဟန်နဲ့ ဆေးထိုးပေးပါလို့ ပြောတာလည်း မြင်ခဲ့ရတယ် … ။
လူနာ ward ကနေ ပြန်ထွက်တော့ လူနာတယောက်က လှမ်းအော်တာ သံသံ ကြားခဲ့ရပါတယ် …. ။ ဆံထုံးလေး ထုံးထားတာ လှတယ်တဲ့ ….အချွန်တက်လေးတွေနဲ့ဆို ပိုလှမယ် .. ပိုက်ဆံလေးတွေ စိုက်ထားပါလားတဲ့လေ … ။ သူ့အသံကြောင့် ward ကျွန်မတို့ အတူသွားတဲ့ လူတွေ ၊ ဘယ်သူက ဆံထုံးထုံးထားသလဲ အချင်းချင်း ပြန်ကြည့်ပြီး ပြိုင်တူရယ်ခဲ့မိတယ် ။ ဟုတ်ပါတယ်လေ … သွားတဲ့ လူတွေထဲမှာ ဆံထုံးနဲ့တစ်ယောက်ပါခဲ့ပါတယ် ။
%%%%%%%%%%%%%%%%%%%%
စိတ်ကျန်းမာရေးဆေးရုံက ပြန်တော့ စိတ်တွေ လေးလံနေခဲ့မိတယ် …..အပြင်ပန်းသွင်ပြင်က သာမန်လူတစ်ယောက်နဲ့ ဆင်တူပေမယ့် ၊ စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ သူတို့ကို မြင်ရတာလည်း စိတ်မကောင်းဘူး ။ တချို့လူနာတွေကို အိမ်က လာကြည့်နိုင်တယ် ဒါပေမယ့် တလတခါတောင် အနိုင်နိုင် ၊ လာမကြည့်နိုင်တဲ့ လူနာ အတော်များပါတယ် ။ တချို့ဆို ပြန်လာမခေါ်ပစ်ထားခံခဲ့ရတဲ့ လူတွေလည်းရှိတယ် …. ။ သူတို့အချင်းချင်းလည်း စကားပြောနေတာ မတွေ့ရပဲ တကိုယ်စာ စိတ်ထင်တိုင် ပြုမူနေထိုင် ပြောဆိုနေကြတယ် ။ စကားပြောနေလျှင်တောင် တယောက်တည်း ပြောနေတာမျိုးမြင်ရလေ့ရှိပါတယ် ။
အကြောင်းအမျိုးမျိုးကြောင့် ၊ စိတ်မကျန်းမမာဖြစ်ပြီး ကိုယ်တိုင်လည်းဒီလို အနေထားမျိုး ကံပါလာမလား မပါဘူးလားဆိုတာ ဘယ်သူမှ အတပ်မသိတာကြောင့် …. တကယ်ပဲ တုန်လှုပ်မိပါတယ် ။ မိမိရဲ့ မိသားစုထဲမှာများ စိတ်မကျန်းမာသူ အဖြစ် ပါလာခဲ့လျှင် ရှက်စရာကောင်းတယ်လို့ ထင်ပြီး အစာမှန်မှန်ကျွေး နေစရာပေးလို့ အိမ်တွင်းမှာ ဖွက်ထားပြီး လူရာ မသွင်းပဲ ပစ်ပယ်ထားကြတာမျိုးလည်းတွေ့ဖူးတယ် ။ အပြင်ထွက်လျှင်လည်း ရယ်စရာ ၊လှောင်စရာ ၊ အနိုင်ကျင့်ခံစရာ တစ်ခုအဖြစ်နဲ့ … ပတ်ဝန်းကျင်က ထိုးနှပ်တာတွေလည်း ရှိနေပါတယ် ။ တချို့ကလည်း လူမသိ သူမသိ ကြိတ်ဆေးကု ကြတယ် ၊ တချို့ကလည်း ဆေးမကုပဲ ဒီတိုင်းထားတယ် ။ စိတ်မကျန်းမာတဲ့ လူတစ်ယောက်ရဲ့ စိတ်အခြေနေက အစိုးမရတာကြောင့် ၊ စနစ်တကျ ကုသမှု ခံယူသင့်ပါတယ် ။ နဂိုကတည်းကမှ စိတ်မကျန်းမာပါလျှက်နဲ့ မိသားစုရဲ့ ပစ်ပယ်မှုကို ခံရတဲ့အခါ ၊ လူတွေနဲ့ ဝေးသည်ထက် ဝေးသွားပါလိမ့်မယ် ။
ဒါကြောင့် စိတ်ဧ။် ကျန်းမာခြင်းဆိုတဲ့ ဆုတောင်း မပြည့်ခဲ့တဲ့ လူသားတွေနဲ့ ဆုံစည်းရတဲ့အခါ ၊ ပစ်ပယ်ခြင်း မပြုပဲ တတ်နိုင်သမျှ နွေးထွေးမှု ပေးကြရအောင်လားနော် …………. ။ Mandalay Gazette က အွန်လိုင်းမန်ဘာများ ၊ စာဖတ်သူများ ၊သဂျီး နှင့် အားလုံးပဲ ….. စိတ်ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ
35 comments
နွေဦး
October 9, 2013 at 5:17 pm
စိတ်ကျန်းမာ ကိုယ်ချမ်းသာ ရှိပါစေ..လို့ ဆုတောင်းရတာ ဒါတွေကြောင့်ပေါ့..
နို့မို့ဆို စိတ်ချမ်းသာ ကိုယ်ကျန်းမာ လို့ဆုတောင်းရင် အဲလိုနေရာရောက်နိုင်တယ်နော…
နွယ်ပင်
October 9, 2013 at 6:49 pm
တုံတုံရေ
စာရေးကောင်းသူမို့လား မသိဘူး ရေးထာတာ ကိုယ်တိုင်ရောက်ခဲ့ ရသလို
ခံစားရတယ် ။ အရင်က စိတ်ကျန်းမာ ကိုယ်ကျန်းမာပါစေလို့ ဆုပေးရင်
နားမလည်ခဲ့ဘူး အခုမှပဲ ဒါကိုကောင်းကောင်း ခံစားနားလည်မိတော့တယ် ။
ဖွတ်ပြောင်
October 9, 2013 at 7:22 pm
ထွီဇာ ထွီဇာ နဲ့ အော်နေတတ်တဲ့ ဒညင်းဝက် ဆိုတဲ့ လူနာရော မမြင်ခဲ့ဘူးလားဟင်
ငိငိ
e tone
October 10, 2013 at 3:10 pm
အန်ကယ် နွေဦးရေ ….
ဘယ်သူထွင်ခဲ့တဲ့ ဆုတောင်းစကားလည်းတော့မသိဘူး … ခေတ်အဆက်ဆက်သုံးလာတာ … ခုထိပါပဲ … ။
ရှေးလူကြီးတွေ ခေါင်းပိုကြီးတယ်ဆိုတာ ဒါများလား မသိဘူး ..
မနွယ်ပင်ရေ …
ညီမလည်း အစက မသိပါဘူ း…. ဆုစကားတစ်ခုရဲ့ အဓိပါ္ပယ်လေးနက်တာ သတိမထားခဲ့မိဘူး ။
အရင်ကတော့ စိတ်ချမ်းသာပြီး .. လူကျန်းမာချင်ခဲ့တာ … ဟီး ….. ဆုတောင်း စကားတွေ တူမလိုလိုနဲ့ ခပ်ဆင်ဆပ်ပဲနော် … ။ ဂဏန်းတခု ရရင် R သလို … ဆုတောင်းစကားတွေကိုလည်း R လုပ်ပြီး ပွားခဲ့လေသလားလို့ မဆီမဆိုင်တွေးမိတယ် … ဟီး 😆
ကဖွတ်ပြောင်
ထွီဇာ ထွီဇာလို့ အော်နေတဲ့ လူဒေါ့ တွေ့ဝူး … ချီပါ ချီပါလို့ အော်နေတဲ့ ကုလားမရီးတော့ တွေ့တယ် … 😆
padonmar
October 9, 2013 at 7:32 pm
အလှူရှင်တွေ လှူနိုင်အောင် အစိုးရထောက်ပံ့ငွေနဲ့ပါပေါင်းပေးထားပြီး နံနက်စာဆို ၄၀၀၀ဝ ထဲနဲ့ ကျွေးပေးနေတယ်တဲ့။
လူနာက ၁၀၀ဝ ကျော်။
(လူတယောက်စာ ငွေ၄ဝ ထဲလေ) လျော့သွားတာ နည်းနည်း၊အိမ်က ပြန်မခေါ်ကြတာတွေ များတော့ တိုးတိုးလာတာ။
ဆန်ပြုတ်ဆို ရေကျဲလေးပဲ သောက်ရတယ်။
ဝန်ထမ်းတွေလည်း သနားဖို့ကောင်းပါတယ်။
ကွင်းခေါင်ခေါင်မှာ သွားလာရခက်တော့ အဲဒီမှာပဲနေရတာ။
အပြင်ဝင်ငွေဆိုတာလည်း မရှိသလောက်ပါပဲ။
ဒါကြောင့် သွားလှူဖြစ်ရင် ကောင်းကောင်းလေးချက်သွားပြီး ဝန်ထမ်းတွေ အတွက်ပါပိုယူသွားပေးလိုက်တယ်။
ဒီဇင်ဘာဆို ခရစ်စမတ်ပျော်ပွဲနဲ့ နိဗ္ဗာန်ဈေးလုပ်ပေးတယ်။
သွားလှူသင့်တဲ့နေရာလေးတခုပါ။
တုံကလေးရေ၊သာဓုပါ။
e tone
October 10, 2013 at 4:08 pm
တခါမှ မရောက်ဖူးဘူး အန်တီရယ် ၊ ရောက်သွားတော့မှ သီခြား ကမာ္ဘလေးတစ်ခုလို ဖြစ်နေတာ တွေ့ရတယ် … ။ လူနာ ဆိုပေမယ့် အပြင်ပန်းသဏ္ဍန်အရ အကောင်းကြီး ။
သူတို့ကို တကိုယ်ရေ သန့်ရှင်းဘယ်လို လုပ်ပေးလဲ သိချင်လိုက်တာ …. ။ လူနာ ward ထဲကို ခွင့်အဆင့်ဆင့်တောင်းပြီး ခဏ ဝင်ကြည့်သေးတယ် အန်တီရေ …. နှစ်လှမ်း သုံးလှမ်းပဲ လျှောက်ရသေးတယ် … လူနာတွေ အနားကို အတင်းကပ်လာလို့…ဆက်မလျှောက်ရဲတော့ပဲ ကြောက်လို့ ပြန်ထွက်ခဲ့ပါတယ် … ။
အဲ့ဒီမှာ ကြောက်တဲ့ ဖီလင်က ဘယ်လိုလည်းတော့မသိဘူး … ။ လူလူချင်း ကြောက်တာ ပထမဆုံးပဲ ။
ဆရာဝန် ၊ သူနာပြု နဲ့ ဝန်ထမ်းတွေကလည်း တော်ရှာပါတယ် ။ ဖိဖိစီးစီး နဲ့ လူနာတွေကို စောင့်ရှောက်တာ တွေ့ရတယ် .. ။
ထမင်းတနပ်လောက်သွား လှူမယ်လို့တော့ စိတ်ကူးထားတယ် … အထိမ်းမှတ်နေ့ တခုခုမှာပေါ့လေ ။
TNA
October 9, 2013 at 8:05 pm
စိတ်မကောင်းစရာပါပဲ တုန်တုန်ရေ။ ရောက်ဖို့ကလဲခက်ခဲတော့ လှုဖို့လဲခေါင်းထဲမရှိခဲ့မိဘူး။ နောက်တခါ လှုမယ့်စာရင်းထဲထည့်ထားရတော့မှာပဲ။ အခုလိုရေးလိုက်တော့ လူပိုသိသွားတာကောင်းပါတယ်။
e tone
October 10, 2013 at 4:17 pm
ဟုတ်ပါတယ် အစ်မသဲရေ … ။
သွားရဝေးတဲ့အပြင် ဖုန်ထူ နေပူတဲ့ နေရာကြီးမို့လို့ လူနာရှင်တွေတောင် တလတခါတောင် သွားဖို့ အနိုင်နိုင်ပါ ။ တစတစ များလာတဲ့ လူနာတွေကို ကျွေးမွေးဖို့ အလှူ ရှင်လည်း လိုအပ်နေပါတယ် ။
ဝင့်ပြုံးမြင့်
October 10, 2013 at 12:20 am
အရင် တံတားကလေး စိတ်ဆေးရုံကို ပြောင်းရွှေ့ထားတဲ့ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံ မဟုတ်လား။ အရင်စစ်အစိုးရရဲ့ ရက်စက်မှုပြယုဂ်ပါ။ ရန်ကုန်မြို့ ထိန်းချ ုပ်ရေး မဟာဗျ ူဟာအဖြစ် လူအစုအပြုံလိုက်ကို တိရစာ္ဆန်ပမာ တစ်အိမ်လျှင် ကားစီးလုံးတစ်ခေါက် စနစ်နဲ့ ဘာမှ မရှိတဲ့ ကွင်းလယ်နေပူထီးထီးကြီးထဲ ချထားခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဝန်ထမ်းတွေမှာ သွားစရာနေရာလည်းမရှိတော့ သူတို့ဆောက်ပေးထားတဲ့ တဲတန်းအဆောင် မှာပဲနေဖို့ ဖြစ်လာခဲ့ရတယ်။ ပြောင်းရွှေ့စတုန်းက သက်ကြီးတွေ မြန်မြန်သေကုန်ကြတယ်။ ရွာသာကြီးမှာ အဲဒီတုန်းက ဘာဆိုဘာမှ မရှိ၊ နားခိုစရာ သစ်တစ်ပင်တောင် မရှိခဲ့ဘူး။
—
အရင် တံတားကလေး စိတ်ဆေးရုံမှာတုန်းက ဆရာဝန်ကြီး သဘောကောင်းလို့ တစ်ပတ်ကို အသားဟင်း၂ ရက်လားမသိ ကျွေးတယ်။ ကျွေးရင် လူနာရော၊ ဝန်ထမ်းတွေရော စားရတယ်။ ရွာသာကြီးပြောင်းပြီး ဆေးရုံကြီး ဟီးထနေပေမယ့် လူနာတွေကို ကျွေးတဲ့အစာ အလွန်အမင်းညံ့ဖျင်းခဲ့တယ်။ ဝန်ထမ်းတွေ လုံးဝမစားစေရအောင်လည်း စည်းကမ်းတင်းကျပ်ခဲ့တယ်။ လူနာတွေကို အသားဟင်း လုံးဝမကျွေးခဲ့ဘူး။
—-
လူတစ်ယောက် ရူးသွားတိုင်း ဆေးရုံကို လွယ်လွယ်ပို့လို့ မရဘူး။ ငွေပေးရတယ်။ အဲဒီငွေက မနည်းဘူး။ ငွေပေးမှ အရူးဖမ်းအဖွဲ့ ရောက်လာပြီး ဖမ်းပေးတယ်။ ဆေးရုံကဝေးသွားတော့ ကိုယ့်လူနာကို အချိန်မှန်မှန် လာမတွေ့နိုင်ဘူး။ ထမင်းဟင်း မပို့နိုင်ဘူး။ ဒါကြောင့် လူနာ ရှိတဲ့မိသားစုတွေမှာ ကိုယ့်ကိစ္စကိုယ်ရှင်းကြရတာပါ။ ဆေးရုံပို့လိုက်မှ ရောဂါပိုတိုးသွားတဲ့လူနာတွေ အများကြီး။
—
အလုပ်ကရှားလွန်းတော့လည်း အခုဆို အဲဒီဆေးရုံမှာ လူနာစောင့်ဝန်ထမ်းလုပ်ချင်ရင်တောင် မလွယ်ဘူး။ ပိုက်ပိုက် အများကြီးပေးမှဖြစ်တယ်။
အဲဒီမှာ သွားလှူရင် ငွေထက် တကယ် မျက်စိနဲ့မြင်ရတဲ့ အစားအစာလှူ တာပိုကောင်းမယ် ထင်ပါတယ်။
e tone
October 10, 2013 at 4:30 pm
ဆရာမရေ … အဲ့ထဲ ရောက်နေတဲ့ စိတ်မကျန်းမာသူတွေကလည်း ၊ အမြဲလိုလို ထွက်ပြေးဖို့ ကြိုးစားနေကြတာ မျက်မြင်တွေ့ခဲ့ပါတယ် ။ အင်းပေါ့လေ ဘယ်နေချင်ကြပါ့မလဲနော် ။ ထွက်ပြေးလို့ လွတ်မြောက်ခဲ့လျှင်တောင် … အိမ်ပြန်ရောက်ဖို့ မလွယ်လောက်ဘူး ။
လူနာတွေ ထမင်းစားတာတော့ စောင့်မကြည့်ခဲ့ရပါဘူး ။ အစားဆင်းရဲ ကြတယ်လို့လည်း သိထားပါတယ် … ။ ဒီလောက် လူ တပြုံကြီးကို ကျွေးထားဖို့ဆိုတာ မလွယ်ဘူးပဲ ။ နိုင်ငံတော်က ဘယ်လောက် ထောက်ပံ့လည်းတော့မသိပါဘူး ။ နောက်ပြီး လူနာရှင်တွေက ဆေးရုံ တက်လျှင် လူနာကျွေးစရိတ်ပေးရတယ်လို့လည်း ကြားဖူးတယ် နေ့နဲ့ တွက်ပြီး ပေးရတာမျိုးတဲ့ (ဟုတ်မဟုတ်တော့ အားနာလို့ မမေးကြည့်ခဲ့ရပါဘူး အပြင်လူတွေဆီက ကြားတာပါ )
ဝေဒနာ ဖြစ်လာခဲ့ပြီဆို တော်တော်များများက ဆေးရုံမသွားပဲ အိမ်မှာ ကုတာများတယ် ။ အထူးကု ဆေးခန်းတွေမှာ ကုတာများတယ် ။ ဆေးရုံကျတော့ ငွေကြေး သိပ်မတတ်နိုင်တဲ့ လူတွေနဲ့ ၊ တချို့သော လူနာတွေရဲ့ နောက်ဆုံး အားကိုးရာ အဖြစ် လာကြတယ်ထင်ပါရဲ့ …. ။
တကယ်လိုအပ်နေတဲ့လူကို ထိရောက်တဲ့ အကူညီပေးနိုင်ဖိုရာ ့ …. ငွေထက် တကယ်မျက်စိနဲ့ မြင်ရတဲ့ အစားစာကို လှူ တာ ပိုကောင်းမယ် ဆိုတာတဲ့ အကြံပြုချက်လေးကို သဘောကျနှစ်သက် မိပါတယ် … ။
ဦးဦးပါလေရာ
October 10, 2013 at 5:27 am
တက္ကသိုလ် လိုဟာမျိုးကို
ကျောင်းသားတွေ ပျက်စီး ၊ ဒုက္ခရောက်၊ ကျောင်းပျက်၊ ကျောင်းသားစိတ်ဓါတ် ပျက်စီးသွားအောင် တမင်ရည်ရွယ်ပြီး
မြိုအပြင် အဝေးကြီး ပို့လိုက်တာကို နားလည်နိုင်ပါတယ်။
(ကျုပ်လိုပဲ အခြားလူတွေလဲ ဒီလုပ်ရပ်ကို နားလည်ကြပါတယ်။ လူတွေက သူတို့ထင်သလောက် မတုံးပါဘူး)
ဒါပေမယ့်
စိတ်ကျန်းမာရေးဆေးရုံလိုဟာမျိုးကို
မြို့တွင်းအနီးအနားမှာ မြေနေရာတွေ လုံလုံလောက်လောက်ရှိလျှက်နဲ့
ဘာကြောင့် ရွာသာကြီးအထိ ပို့လိုက်ရတယ် ဆိုတာ နားကို မလည်ဘူး…..။
ဖြစ်သင့်တာက
မင်္ဂလာဒုံက စည်ပင်ဂေါက်ကွင်းလို (ရေရေလည်လည်မြေအကျယ်ကြီး)ဟာမျိုးကို
လူတွေ ဝန်ထမ်းတွေ ဆရာတွေ ကျောင်းသားတွေ ဝင်ထွက်သွားလာမယ့်
ဆေးရုံအဖြစ် ကျောင်းအဖြစ် သုံးသင့်ပြီး
ရွာသာကြီးလိုနေရာမျိုးကို
(သူများစပွန်ဆာနဲ့ သောက်ကမြင်းထမယ့်) ဂေါက်ကွင်းအဖြစ်သုံးသင့်တာ…။
ကျုပ်သာသမ္မတဖြစ်ရင်
အရူးထောင် နဲ့ စည်ပင်ဂေါက်ကွင်း နေရာချင်းကို လဲပစ်ဦးမှာ…
အဲဒါ… ကျုပ်အရွေးခံတဲ့အခါ ကျုပ်ကို မဲပေးကြလေကုန်…..
kai
October 10, 2013 at 9:18 am
ဟိုမှာမြို့ကြီးတမြို့လုံး.. ဆောက်ပြီး..ကိုယ့်အတွေးနဲ့ကိုယ်ဟုတ်ပြီး.. နေကြတဲ့ဟာကို…
နေရာချင်းလဲဦးမတဲ့…
ရန်ကုန်ပြန်ရွေ့လားရမလားတဲ့လေ…
e tone
October 10, 2013 at 4:37 pm
တက္ကသိုလ်တွေကို မြို့စွန်ပို့လို့ ….. အသွားပြန် ဖယ်ရီးထိုင်စီးရင်း တလမ်းလုံး အလေးပြု သွားရတဲ့ နေ့တွေကိုပြန်သတိရပါရဲ့ …. မြို ့ပြင်က ကျောင်းကို ပထမဆုံး ရောက်တဲ့ ဖီလင်က ရုပ်ရှင်ထဲက တက္ကသိုလ်ကျောင်းဆိုတာကြီးနဲ့ ကွာတော့ … ရင်ထဲမှာ ဟာတာတာနဲ့ …. ဒါကြောင့် ဝတ်ကျေ တန်းကျေ သုံးနှစ်တက်ပြီး ဆက်ကို မတက်တော့ဘူး… ခိခိ 😆
ဂေါက်ကွင်းလို နေရာမျိုးကို စိတ်ကျန်းမာရေး ဆေးရုံနဲ့ ရွှေ့ပေးရင်လည်း … မငြီးမငြူသွားကြမှာပဲနော် … ။ ကိုယ်ပိုင်ကား ရှိတဲ့ လူတွေ သွားနေကြတာကိုး … အနီးဝေး အ တိုရှည်က သူတို့တွက် သိပ် ကွာဟမှု မရှိလောက်ဘူး … ။ လူနာရှင်တွေသွားရတာသာ ခက်ခဲတာ.. ဒီကြားထဲ ထိုင်ကြည့်နေတာ လ ိုင်းကား အဲ့ဘက်ကို ဝင်လာတာ မတွေ့ဘူး တချို့က ဆိုင်ကယ်လေးတွေ တချို့က စက်ဘီးတွေနဲ့ လာတာတော့ တွေ့တယ် ..အငှားကားကလည်း သိပ်မရှိဘူး … ။ ဦးဦးအရွေးခံလေ … မဲပေးမယ် .. ခိ
ဦးဦးပါလေရာ
October 13, 2013 at 4:31 pm
အာ ..
မငြီးမငြူ ရုံတင် ဘယ်ဟုတ်မှာတုန်း အိတုန်ရဲ့ …
ဂေါက်ကွင်းလို မိန်းမထားခဲ့ပြီး တနေကုန်တနေခမ်း လုပ်ချင်ရာလုပ်ရတဲ့ဟာမျိုးက
အိမ်နဲ့ ဝေး လေ ကောင်း လေ..
ဥတို အပန်းဖြေစခန်း ကြည့်ပါလား …
တကယ်သာလဲပေးကြည့့်
အဲဒီအဘတွေပါ ဝမ်းသာလုံးဆို့ပြီး ရူးသွားလို့ အရူးထောင်နှစ်ခုတောင် ဖြစ်သွားနိုင်တယ်
:harr:
ဦးကြောင်ကြီး
October 10, 2013 at 9:47 am
အီးဒုံးဂျီးဂို ဆိတ်ရုံအုပ်ခန့်မည်…။ ဒေါက်ဒေါက်က ဆိတ်ဆရာဝံလုပ်… 😀
black chaw
October 10, 2013 at 9:56 am
အကျိုးပြု ပို့စ်လေးအတွက် ကျေးဇူးပါ Etone ရေ…။
စိတ်ကျန်းမာရေးဆေးရုံက ဝေးတဲ့အပြင်
ဆိုင်ကယ်ကယ်ရီပါ စီးရတယ်လို့ ကြားဖူးတယ်ဗျ…။
ဦးဆောင်မယ့်သူရှိရင် လှူချင်ပါတယ်ဗျာ…။
e tone
October 10, 2013 at 2:45 pm
ဦးဘလက်ရေ …
တကယ့်ကို လှူဖို့ လိုအပ်နေတဲ့ နေရာမျိုးပါ ။ လှူလည်း လှူချင်ပါတယ် … တယောက်ယောက်များ ဦးဆောင် ပေးလျှင်ဖြင့် နောက်အလှူ တစ်ခု ထပ်ဖြစ်ဦးမလားပဲ ….. ကိုယ်တိုင်ကတော့ ဒီရက်ပိုင်း မယ်မယ်ရရမဟုတ်ပဲ ဘာတွေ အလုပ် ရှုပ်မှန်း မသိအောင် ရှုပ်နေတာကြောင့်ပါ ။
TNA
October 10, 2013 at 2:56 pm
မန်းဂေဇက်အနေနဲ့စုလှုရင်ကော မကောင်းဘူးလားကတုန်ရေ။ အမတို့လဲလှုဖြစ်သွားအောင်
e tone
October 10, 2013 at 4:21 pm
ဟီး .. အိုက်ဒါ … အိုက်ဒါ ….သူတို့ တကယ်ပဲ လိုအပ်နေတာ .. ။
စုလှူဖြစ်လျှင်တော့ ဝမ်းသာစရာပေါ့ အစ်မသဲရယ် … ။ ရွာလူကြီးတွေ ကာလသားတွေနဲ့ တိုင်ပင်ကြည့်တာပေါ့နော် ။
TNA
October 10, 2013 at 8:24 pm
တိုင်ပင်ကြည့်လိုက်ပါတုန်တုန်ရေ။ လုပ်အားလိုရင်အမလဲကူပါ့မယ်။ လှုလဲလှုမယ်။ လိုတာရှိရင်ကူမယ်လေ။
Ma Ma
October 11, 2013 at 10:28 am
မန်းဂဇက်အနေနဲ့ စုလှူဖြစ်ရင် ပါဝင်ပါမယ်ဆိုတဲ့အကြောင်း စာရင်းပေးသွင်းပါတယ် တုန်တုန်ရေ။ 🙂
e tone
October 11, 2013 at 11:18 am
ဟုတ်ကဲ့ပါ အစ်မသဲရေ …. တရက်လောက်ဆုံပြီး တေ့တေ့ဆိုင်ဆိုင် ပြောကြတာပေါ့နော် ။
ဟုတ်ကဲ့ပါ အန်တီ မမရေ …. စုပြီး လှူကြမယ်ဆို သတင်းပေးပါမယ်နော် … ကြိုတင်လှူမယ်ဆိုတဲ့ စိတ်အား ထက်သန်မှု အတွက် သာဓုခေါ်ပါတယ် ။
Ma Ei
October 10, 2013 at 11:18 am
ဖတ်ပြီးတော့ ….တုန်ကလေးဆုတောင်းလိုဘဲ
စိတ်ဧ။် ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါရစေ…
လို့ ဆုတောင်းမိပါတယ်…
:’)
kyeemite
October 10, 2013 at 12:36 pm
Etone ရေ…
ပို့စ်လေးတွေ ကွန်မန့်လေးတွေမမြင်ရတာကြာပြီနော
အခုပို့လေးကိုဖတ်ရတော့ စိတ်မကျန်းမာသူတွေကို ကရုဏာသက်မိပါတယ်
မဆီမဆိုင် အတွေးထဲပေါ်လာတာတခုရှိတယ်ဗျ
စိတ်မကျန်းမာတဲ့သူတော်တော်များများ တွေ့ဖူးသလောက်ပေါ့
ကိုယ်ခန္ဒာ ကျန်းမာကြတာသတိထားမိတယ်
ရာသီဥတု အမျိုးမျိုးအောက်မှာ ဖြစ်သလိုပေတေသွား
ဖြစ်သလိုကြုံရာအိပ်၊ ကြုံရာစားနေပေမဲ့
လူကောင်းတွေထက်ကျန်းမာတာသတိပြုမိတယ်
ထူးဆန်းတယ်နော 🙄
kai
October 10, 2013 at 3:23 pm
အလှူတွေက ဖြည်းဖြည်းချင်းလှလာသဗျ…
တော်ကြပါပေတယ်..
ဆိုတော့…
ဖန်ပေးဦးမယ်ဗျာ…။
Wow
October 10, 2013 at 3:35 pm
အရင်က ကြားဖူးတာ ဟုတ်မဟုတ်တော့မသိ… ဦးခင်ညွှန့်ကို ဖမ်းချုပ်ထားတုံးက နဲနဲဂေါက်ကြောင်ကြောင် ဖြစ်ပြီး လာသမျှလူ လက်အုပ်ချီနေသတဲ့… ခုတော့လဲ အကောင်းကြီးပါပဲ…
Ma Ma
October 10, 2013 at 3:55 pm
ပထမဦးဆုုံး အီတုံးရဲ့စာတွေ မဖတ်ရတာ ကြာနေရာက ပြန်ပေါ်လာလို့ ဝမ်းသာပါတယ်။ 🙂
စိတ်မကျန်းမာပေမယ့် လူကျန်းမာပြီး ဝဝလင်လင် စားရဖို့ (ကောင်းကောင်းမွန်မွန် မဟုတ်ဘူးနော်) မလွယ်တာမို့ အဲဒီဆေးရုံက လူနာတွေဟာ အင်မတန်သနားစရာကောင်းပါတယ်။
ခုလာမယ့် ၂ရ ရက်နေ့မှာတောင် မိတ်ဆွေတွေစုပြီး ထမင်းတစ်နပ်သွားလှူဖို့ လုပ်နေတယ်။
(ကြိမ်ဖန်များစွာ အခါခါကြားရလို့ အလွတ်ရနေတဲ့ ဆုတောင်းစကားတစ်ခုက နှစ်လိုဖွယ်ကောင်းမှန်း လူငယ်ဆိုတဲ့ အသက်ပိုင်းခြားတစ်ခု ကုန်ဆုံးခါနီးမှ သိခဲ့ရပါတယ် ။)
ဒီအသက်အရွယ်လောက်နဲ့ ဒီစကားရဲ့ အဓိပ္ပါယ်ကို ခံစားနိုင်တယ်ဆိုတာ တော်ပါတယ် အီတုံးရေ။
ကိုယ်တိုင်တော့ အခုအသက်အရွယ်ရောက်မှပဲ ဒီစကားရဲ့ အဓိပ္ပါယ်ကို လေးလေးနက်နက်သိလာတယ်။ 🙁
nozomi
October 10, 2013 at 6:36 pm
ဖတ်ပြီး ပြန်မပြောပြတတ်တဲ့ ခံစားမှုတွေ အများကြီး ကို ခံစားလိုက်ရတယ်
လူနာရှင် စွန့်ပစ်ခံထားရတဲ့ လူနာတွေလဲ တိုးတိုးလာနေတယ် ကြားဖူးတယ်
စိ်တ်ရောဂါသမားတွေ အပြင် အရက်ဖြတ်တဲ့ အရက်ဆရာတွေလဲ အဲဒီမှာ ရှိတယ်
သူတို့ တွေ ကို စုထားတော့ ရန်ဖြစ်တာလို ပြသနာမျိုး ဖြစ်ရင် ဘယ်လို ဖြေရှင်းကြသလဲ မသိဘူး
တိုက်ဆိုင်တာ တစ်ခု ပြောရရင် ရှေ့လဆန်းထဲ တကယ် အကျိုး ရှိတဲ့
အလှူ တစ်ခုခု( နိုင်သလောက်လေး) လုပ်ချင်လို့
မြို့ထဲဘက်ရောက်လို့ အန်တီတုံ ရှိရင် လှူဦးမှ (အလှူငွေထည့်ဘို့) လို့
တွေးမိနေတာ ခဏခဏ ပဲ
အခု ဒီ အကြောင်း ဖတ်မိတော့ လှူချင်သွားတယ်
သူ တို့ တွေ တနပ်လောက် ကောင်းကောင်းစားရတယ် ဆိုလဲ တနပ်စာတော့ အဆင်ပြေမှာပေါ့
နာရေးကူညီမှုအသင်းတုန်းကလိုပဲ အန်တီတုံ ဦးဆောင်ပါဦး
အလှူငွေ ကောက်ပေးဘို့ အလှူငွေထည့်ဘို့ တတ်နိုင်တာ ကူညီပါ့မယ်
alinsett
October 10, 2013 at 8:22 pm
စိတ် ကျန်းမာရေး…က အဓိက ကျပါတာပေါ့..နော်…။
ကောင်းပါလေ့…။
zaw min
October 11, 2013 at 9:26 pm
ဂဇက်မိသားစုများ စုပေါင်းလှူတန်းမည်ဆိုပါက ဝမ်းမြောက်ဝမ်းသာပါဝင်မည်ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးး
ဦး ကြိမ်
October 12, 2013 at 3:32 am
ဒီဆေးရုံသာမရောက်တာ
စားဖို့ ဝတ်ဖို့ နေဖို ့ ဘဝရှေ ့ရေးမျ ားတွေးလိုက်ရင် ကိုယ့်စိတ်နဲ့ကိုယ်အကျ ဉ်း
ကျ ခံနေရတာပါပဲမအိတုံရေ…….။
KZ
October 12, 2013 at 2:39 pm
တုန်ရေ။
လှူချင်တယ်။
သွားဖြစ်ရင်ပြောပါနော်။
padonmar
October 13, 2013 at 8:04 am
တေးကလုံ
ဦးဆောင်ပြီး အလှူခံပါအုံး။
အန်တီတို့လည်းလှူမယ်။
လိုအပ်ရင် တွေ့ဆုံပွဲတွက် အန်တီနဲ့ အန်တီမမဖွင့်ထားတဲ့ ကမော္ဘဇဘဏ်အကောင့်သုံးလို့ရပါတယ်။
ဦးဦးပါလေရာ
October 13, 2013 at 4:39 pm
ထမင်းဟင်း ကောင်းကောင်းလှူတာလဲ ကောင်းပါတယ်
အဲဒါထက်ကို
(သူတို့ထဲက တစ်ချို့ နောင်စားရဖို့ မသေချာတဲ့)
မုန့်ကောင်းကောင်း လေးတွေ သစ်သီးကောင်းကောင်းလေးတွေလဲ ထည့်လှူရရင်ကောင်းမှာပဲနော
Crystalline
April 18, 2014 at 10:42 am
တုံတုံလည်းအလုပ်တွေရှုပ်နေတော့ မေ့လောက်ပြီထင်ပါတယ်…. အဲ့သည်အလှူစိတ်ဝင်စားပါအိ…