ကျွန်တော်သောက်ရသော Lipton Tea တစ်ခွက်
ကျွန်တော့်အတွက် မထူးခြားသောနေ့များသည် ထူးထူးခြားခြားဖြစ်တည်လာလေ၏။ ကဲပါလေ မထူးတော့ပါဘူးဆိုပြီး ကိုယ့်တစ်နေ့တာကြီးကို မျက်နှာသစ်ပြီး မြောက်ပြန်လေ နွေဦးကာလတွင် ဝှေ့ရမ်းသွားသကဲ့သို့ အေးစက်စက် ပူလောင်လောင်ကြီးဖြင့် နိုးထလာလေ၏။ မုတ်သုန်လေနံ့ပါသော ရေတစ်ခွက်ကို သစ်လိုက်ရင်း ကန္တာရ ညတစ်ညကို အေးမြခြင်းသက်သက်ဖြင့်သာ ကြိုလိုက်၏။
ကောင်းလေစွ…။
ကျွန်တော် ဝင်သက်တစ်ချက်တော့ မှတ်မိလိုက်သည်။ နောင်အကြိမ်များတော့ ဝင်လေလား ထွက်လေလားမသိ၊ သက်ပြင်းမောကြီးတွေ ဝင်သက်ထက် ပို်များတာတော့ အမှတ်ထားမိလေ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++
ကောင်းကင်တွင်မတော့ နေတစ်စင်း ရှင်းရှင်းလင်းလင်း ချိတ်ဆွဲထား၏။ ကိုရင်စိုင်းတစ်ယောက် လောင်ကျွမ်းနေသော ကိုယ်ခန္ဒာကြီးတစ်ခုကို ရေအနည်းငယ်မျှဖြန်းပြီး နေ့စဉ်ဝတ်ရုံနေကျ ဟန်ဆောင် မျက်နှာဖုံးကြီးတစ်ခုနှင့် လူရိုသေ ရှင်ရိုသေ ဝတ်ရုံတစ်ခုကို ချုံလွှမ်းပြီးသောအခါတွင်မတော့ တစ်နေ့တာကို လူသားတစ်ယောက်ပီသစွာ ဖြတ်သန်းရန် အခန်းတံခါးကို ဖွင့်လိုက်သည့် တစ်ခဏ……..
စူးရှစွာ ဝင်လာသော အလင်းရောင်ကြောင့် အခန်းထဲ အမြန်ပြန်ဝင်ပြီး တစ်ဖက်မမြင်ရသည့် မျောက်မှန်းကြီးကို ဟန်ပါပါ ကောက်တပ်လိုက်သည်။ သို့မှသာ လောကကို အမှန်အတိုင်း မြင်နိုင်မည် မဟုတ်ပေလား၊ ကိုရင်စိုင်းတို့ ငယ်စဉ်က တစ်စုံတစ်ခုကို အမှန်အတိုင်း မြင်လိုသည့်အခါ မျက်လုံးတစ်ဖက်ကို မှိတ်ပြီး မြင်နေရသည်အလားပင်။ ကိုရင်စိုင်းတစ်ယောက် ဇောက်ထိုးကြီးနေလာသည်မှာ ကြာလှပေပြီ။
ထို့အတွက်ကြောင့်ပင် လာကြိုသည့်ကားကို ခေါင်မိုးတွင် ထိုင်ခံတပ်ခိုင်းထားရခြင်းလဲဖြစ်၏။ ကိုရင်စိုင်းတစ်ယောက် ထိုထိုင်ခုံကြီးပေါ်တွင်ထိုင်ပြီး ခါးပါတ်ကြိုးကိုပါတ်ပြီး ထိုင်လိုက်သည့်တစ်ခဏ လောကကြီးနှင့် တစ်သားတည်း ဖြစ်သွားလေ၏။ ကားသမားမှလည်း စကားရေပက်မဝင်အောင် ပြောတော့၏။ အင်း/အဲ ခေါင်းငြိမ့်လိုက်ရင်းနှင့် တစ်ရက်တာ အသက်မဝတစ်ဝ ရှူရမည့် အလုပ်ခွင် တစ်နေရာသို့ရောက်သည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++
ဆီးကြိုနေသည်များကတော့ ဖားအသီးသီးပင်။ တုံးအောက်ကဖား ပြားချင်တဲ့ဖားကပြား ဖောင်းချင်တဲ့ဖားက ဖောင်းဆိုချင်ဆို၊ အပေါ်ဖား အောက်ဖိ ဆိုချင်ဆို၊ ဖော်လံဖား ဆိုချင်ဆို၊ ရွှေမဟုတ်တော့သည့် ကိုယ့်လူမျိုးများပြောသည့် “ဖား” ဆိုသော လူမျိုးများဟု ဆိုချင်ဆို၊ ဖားပေါင်းစုံမှ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖွယ်ဖွယ်ရာရာ ပြင်ဆင်ပြီး အစွယ်အဖြဲသားဖြင့် ဆီးကြိုနေသော ငရဲတွင်းကြီးသို့ ကိုရင်စိုင်းတစ်ယောက် လာရော့လဟယ်ဆိုပြီး အားပါးတရကြီး ခြေစုံပစ် ဝင်လိုက်လေ၏။
တရုတ်သိုင်းကနေသည့်အလား၊ ကုလားဘုရားတစ်ယောက်လို လက်ပေါင်းများစွာရှိသည့်အလား နေရာပေါင်းစုံကို နေသားတစ်ကျဖြစ်အောင် နေရာချပြီးနောက် ကိုရင်စိုင်းတစ်ယောက် Lipton Tea တစ်ထုပ်ကို သကြားနှစ်ဇွန်းခန့်မျှ ထည့်ပြီး နှံ့အောင်မွှေပြီးနောက် ကွမ်ပူတာကြီးကို ဖွင့်ရင်း အငွေ့တစ်ထောင်းထောင်းထွက်နေသည့် မှန်သားပြင်ကြီးကို ကြည့်လိုက်သည့်နောက်
” ဒီနေ့ ဒီ Report ကို ခုချက်ချင်းထက် နောက်မကျအောင် ပြန်ပို့ပါ”
” ဒါက ဒီလအတွက် အရောင်းစာရင်း၊ ဒီလောက်အမြတ်ထွက်အောင် မဖြစ်ဖြစ်အောင်လုပ်ပါ”
” ဒါတွေက မင်းဖာသာ ပေးရမှာ၊ လျော်ရမှာ၊ ငါတို့နဲ့ ဘာမှ မဆိုင်ဘူး”
” ဒီနေ့က ဒီလို ဒီလို Complain တွေတက်တယ်၊ မင်းဘယ်လို ရှင်းမတုန်း ”
” ဘာလို့ မင်းဆိုင်က Suggestive Selling က ဒီလောက်နည်းနေရတာတုန်း”
(ကြက်ကြော်ဆိုင်မှာ ကြက်သား ဘယ်လောက်ရောင်းရတယ်ကို မတွက်ပဲ တစ်ခြား ဖြည့်စွက်အစားအစာတွေ ဘာလို့ မရောင်းရလဲ +ကွိုင်ရှာသည်များ)
” ဒီနေ့ ဒီနေ့ (မနက်ဖြန်) အစည်းအဝေးလုပ်မယ်၊ မဖြစ်ဖြစ်အောင်လာပါ၊ အနီးကပ်ပြောမိတာ တောင်းပန်ပါကြောင်း၊ မလာလျင် အရေးယူုမည့်အကြောင်းပါ တွဲလျက်ပို့ထားတာတွေက တစ်မျိုး”
+++++++++++++++++++++++++++++++++++++++++++++++++++++++
ကိုရင်စို်င်းလဲ ယခုပို့ထားသည့်စာထက် နောက်မကျအောင် ပြန်ပို့ခိုင်းသည်များကိုပို့ပြီးသည့်နောက် Tea တစ်ခွက်ကိုသောက်ပြီးသည့်နောက် ဆိုင်ရှေ့ POS (Point of sale) များသို့သွား၊ Suggestive Selling များကို စစ်ဆေးပြီးသည့်နောက် လိုအပ်တာတွေ မှာစား၊ ဆိုင်တစ်လျှောက် ကုန်ပစ္စည်းသက်တမ်းများကို လိုက်စစ်၊ သတ်မှတ်ထားသည့် အဆင့်အတန်းများကို စစ်ဆေးပြီး စိတ်ချရပြီဆိုပြီး ထိုင်ခုံမှာ ထိုင်လိုက်သည့်တစ်ခဧဏ..
” ဆရာ.. ကျွန်မအလုပ်ချိန်တွေက ဒီလို၊ ဒီလို၊ ဒီလိုလေး လုပ်လိုက်ရင် ဒီလိုလေး အဆင်ပြေသွားမယ် “
ဟု အစရှိသည်က တစ်ဖုံ။
” ကျွန်တော့်ကို ဒီကောင်က ဒီလိုပြောတာ၊ ကျွန်တော်မခံနိုင်ဘူး ” ဆိုတာကတစ်မျိုး
” ဒီနေ့တော့ ဒါက ဒီလိုရှိတယ်၊ ဟိုဟာက ဟိုလိုရှိတယ်၊ ဟိုကောင်ကဖြင့် ဘယ်လို၊ ဒီကောင်ကဖြင့် ဒီလို” ဆိုသည့် မျက်နှာလို မျက်နှာရ ဖားကြသည်လား၊ ချောက်တွန်းကြသည်လားမသိသည့် ဝန်ထမ်းများက တစ်ဖုံ၊
နောက်ပြန်လှည့်ကြည့်လိုက်သည့်တစ်ခဏ Sandwich Station မှ ဝန်ထမ်းတစ်ယောက် ကြက်ပေါင်တစ်ချောင်းကို ခိုးကိုက်နေသည်ကို မြင်ရသည့်အတွက် လှမ်းအော်ပြီး မျက်ရည်ဗူးသီးလုံးလောက်ကြီးကျအောင် သူလုပ်တာ ဘယ်လိုမှားသည်၊ သူယခုလိုလုပ်သည့်အတွက် ကုမ္ပဏီတွင် အဘယ်မျှ နစ်နာသည်၊ ကုမ္ပဏီတွင် ထိုမျှ နစ်နာသည့်အတွက် လုပ်ငန်းခွင်တွင် ဘယ်လောက် ထိခိုက်သည်ကို နားလည်၊ မလည်မသိ၊ အာရဗီ၊ ဗြစ်တစ်သျှ နှစ်မျိုးရောထွေပြီး အားပါးတရ လေရွှီးလိုက်ပြီးနောက် Tea တစ်ခွက်ကို ပူပူလောင်လောင်ကြီး မျိုချလိုက်ရုံရှိသေး၊ Area Manager မှ သူအားပါးတရ စာဖွဲ့ကြိမ်းမောင်းထားသည်ကို တွေ့မှ တွေ့ပါလေစ၊ တစ်ရက်ကို ၇၀၀ဝ ဖိုးမျှသာရောင်းနေရသော ကိုရင်စိုင်းတို့ဆိုင်ကို ၁၀၀၀၀ဝ မရ၊ ရအောင် ရောင်းစေလိုကြောင်း၊ အရင်တစ်ခေါက်လာတုန်းက သူပြောချင်တာ ပြောခဲ့တာတွေကို ပြင်ဆင်ပြီးကြောင်း၊ မပြီးကြောင်းကို အလကားပြောရသော ဖုန်းမှတစ်ဆင့် ရေပက်မဝင်ပြောတော့၏။
ကိုရင်စိုင်းတစ်ယောက်လဲ ဟွက်ဂဲ့၊ ဟွက်ဂဲ့မှလွဲ ဘာမှ မပြောနိုင်ပေ။ သူကလဲ ဘာမှ မမေးပါ။ ပြောချင်တာပြောပြီး
အင်းရှာလား၊ ဟမ်ဒူလား၊ မက်ရှ် မက်ရှ်၊ ဆလာမာလီကွမ်းပေါင်းစုံပြောပြီး ဖုန်းချသွား၏။
ကိုရင်စိုင်း Tea တစ်ကြိုက်မော့လိုက်ပါ၏။ ပူနွေးနွေးကြီး စီးဆင်းသွား၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++
ကိုရင်စိုင်းတစ်ယောက်လဲ တောင်ပြေး၊ မြောက်ပြေး၊ နေရာလပ်မရှိ်ရလေအောင် ထောင့်စေ့အောင် နေရာချပြီးနောက် ဆိုင်အပြင်ဘက်သို့ တက်သုတ်ရိုက်ထွက်သွားပြီးသည့်နောက် ဆေးလိပ်တစ်လိပ်ကို ရှဲကနဲနေအောင် မီးညှိလိုက်ပြီး မီးခိုးငွေ့များကို ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်ရင်း ထိုမီးခိုးငွေ့များနှင့်အတူ လိုက်ပါသွားချင်မိတော့သညည်။
စိတ်တွေတော့ မီးခိုးငွေ့တွေကြား လိုက်ပါသွားရင်း
မကျွတ်၊ မလွတ်နိုင်သေးသည့် ခန္ဒာကိုယ်ကြီးမှာတော့ ပထဝီမြေကြီးပေါ်တွင် လမ်းလျှောက်လျက်သား…..။
စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)
10 comments
ဦးကျောက်ခဲ
October 22, 2013 at 9:03 am
သူမသာ ကိုယ်အသုဘပါ ကိုရင်စိုင်းရယ်…
ဆက်ဆံရတဲ့အသိုင်းအဝန်း၊ လုပ်ငန်းသဘာဝချင်း မတူပေမည့်…
တစ်နေ့တနေ့ ပြသနာပေါင်းစုံရှင်းရတာတော့ တူလိမ့်မယ် ထင်ပါရဲ့…
ကျနော့ နံနက်ခင်းကော်ဖီကတော့ ပွါးရလွန်းလို့ အေးသွားမှ ဗိုက်ထဲ ရောက်တော့တယ်…
ဘာပဲဖြစ်ဖြစ် ရောက်ရာအရပ်မှာ ပျော်ပါတယ်…
🙂
sorrow weaver
October 22, 2013 at 10:16 am
အလိုလေး ….တယ်လဲမလွယ်ပါလား ကိုရင်စိုင်းရယ်… ဘာသာ ယဉ်ကျေးမှုမတူတဲ့နေရာမှာ လူကြီးလုပ်ရတာ ..ဖတ်ရင်းတောင်ရင်မောပါ့ …
KZ
October 22, 2013 at 10:51 am
အွန်။
သူများ ရပ်ရွာမတော့ ကြက် …. ကြက် …..(အဲ) ကြက်ဖလို နေလို့ မရဘူးပေါ့ကွယ်။
😀
အရင်ကတော့ ကြားရသမျှ စိတ်ထဲ ခံစားတတ်တယ်။
နောက်တော့ ပြောတဲ့သူကိုယ်တိုင်က လည်း ပြောချင်ရာပြော …..
နာ လည်း ဟိုဘက်နားဝင် ဒီဘက်နားထွက်ပဲ။
တတ်သလောက် လုပ်နိုင်သလောက် လုပ်ပြီးပြီကို။
1) မျက်နှာသေထားးး
2) မဖြေချင်တဲ့ မေးခွန်းဆို ပြုံးပြ၊
3) မဖြေတတ်တဲ့ မေးခွန်းဆို ပြူးကြောင်ကြောင် ကြည့်နေလိုက်
4) တယ်လီဖုန်းထဲက ဆို ကိုယ့်မျက်နှာမမြင်ရ ပိုကောင်းသေးးး၊ အိုကေ တွင်၂ သုံးပြီး ဖုန်းအမြန်ချဖို့ ကြိုးစားးးး
ဂလိုနဲ့ နာ့ ဘဝ အိုဘာစီးမှာ ဒေါသတွေကို အိုဘာတင်းဖျော်သောက်နေရတာ ၆ နှစ်ပေါ့။
:hint:
ကိုရင် စိုင်းးး
စလုံး ပြန်လာခဲ့။
မုန့် အလကား လာစားမို့။
ဟေးဟေးဟေး
Crystalline
October 22, 2013 at 11:19 am
ကိုစိုင်းအတွေ့အကြုံတွေဒီလောက်များနေတာ.. မြန်မာပြည်ပြန်လာပြီးဆိုင်ဖွင့်ပါလားဟင်.. ရွာသူားတွေကိုလည်းရှယ်ယာခေါ်ပေါ့.. သူများလည်းအစားအသောက်ဆိုင်ဆိုဝါသနာပါတယ်.. ရှယ်ယာပါမယ်.. စိတ်ဖိစီးမှုကတော့အခုလက်ရှိထက်မနည်းမှာတော့သေချာတယ်.. :))
kai
October 22, 2013 at 12:52 pm
အခုတလောတင်.. ကိုယ်ပိုင်ကုန်မန်းနီးလေးထောင်မိတော့.. ညီတော်မောင်က ပြောသဗျ…
“လုပ်ငန်းရှင်လောကမှကြိုဆိုပါ၏”တဲ့..လေ…။
ဝန်ထမ်းဘဝက.. လုပ်ငန်းရှင်ဘဝထက်စာရင်.. အင်မတန်အစားအနေချောင်ပါတယ်..ဆိုပါသဗျ…။
ဆိုတော့..
ကိုယ်ပိုင်လုပ်ငန်းလေးများ..ဖွင့်ကြစေလို…။
ရွှေမိုးတိမ်
October 22, 2013 at 4:08 pm
ဟုတ်ကဲ့ သီချင်းတောင် သတိရမိသွားတယ်ဗျာ … ကိုယ်တွေဝန်ထမ်းဘဝကတော့ ဂလိုပါပဲ :'(
alinsett
October 22, 2013 at 7:37 pm
ဆိုတဲ ့ စာသားမျိုး…..
ဖတ်မဝဘူး…။
အဲဒီလို စကားပြေအရေးအသားမျိုး….
အားကျပါတယ်…။
တကယ်ပါ…။
kyeemite
October 23, 2013 at 9:45 am
ကိုရင်စိုင်း
ဝန်ထမ်းဘွဆိုတာတော့ သိပ်မကွာကြပါဘူးဗျာ
ဒါပေမဲ့ အိုဗာဆီး မှာက နဲနဲပိုစိတ်ဖိစီးနိုင်တာပေါ့
ကိုယ့်ပြည်တွင်းမှာက အလုပ်ပီးလို့အိမ်ပြန်ရောက်ရင်
ရီလက်စ် လုပ်လို့လွယ်ကူတာကိုးဗျ…
ဒါပေမဲ့…ဝင်ငွေက ကွာတယ်လေ 🙁
Ma Ei
October 23, 2013 at 9:52 am
ရုံးမှာ…
မနေ့က ကိစ္စမျိုးစုံ ကြုံတွေ့ ပြီးသကာလ
ရုံးမတက်ချင်၊ မလုပ်ချင်တော့လောက်အောင်ဖြစ်နေတာ…
ခုတော့ အဖော်တွေရှိပါလားလို့ အားနဲနဲပြန်တက်လာသလိုဘဲ…
😥
black chaw
October 23, 2013 at 10:39 am
ကိုရင်စိုင်းရေ…။
လောလောဆယ် အချိန်မရလို့ မဖတ်နိုင်သေးပေမယ့်…
ကွန်းမန့်ဝင်ရေး သွားပါတယ်…။
မဖတ်နိုင်သေးပဲ ဘာလို့ ကွန်းမန့်ဝင်ရေးလဲဆိုရင်တော့…
ရေးချင်လို့ကို ရေးသွားပါတယ်ဗျာ…။