ဆရာတင်မိုးရဲ့ တို့ သမိုင်း…။
မင်္ဂလာပါ ။
မန်းဂေဇက် ရွာသားများ ခုတလောတော့ သည်းခံဖတ်ရှု အားပေးကြပါလို့ မေတ္တာရပ်ခံရတော့မှာပဲ။
ဘာလို့လဲဆိုတော့ ဖတ်မိတဲ့ ကဗျာ များကို လက်ဆင့်ကမ်းချင်တဲ့ စိတ်ကြောင့် ဒီနေရာမှာ ကိုယ်တိုင်ရေးမဟုတ်ပဲ ။ ကူးပေး လိုက်ရတာတွေအတွက် အားနာ မိပါတယ်။
ကိုယ်တိုင် ရေးချင်တာတွေက အကြောင်းအရာ ရလိုက် လက်က စာရေးတဲ့ဆီ မရောက်နိုင် တဲ့ အချိန်အခါ ဖြစ်နေလေတော့ ကိုယ်တိုင်မရေးဖြစ်ပေမယ့် ကိုယ်ဖတ်ရတာလေးတွေ ဝေငှ ချင်တော့ကာ ခုလိုပဲ ကူးပေး လိုက်တာကို နားလည် ခွင့်လွှတ်တန်ကောင်းပါရဲ့လို့…။ဒီကဗျာ ကို ဖတ်ရ တဲ့အခါ တို့တိုင်းပြည်ရဲ့ ပြဇာတ် တပုဒ်ကို ကြည့်နေရသလိုမို့… လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ နှစ်ကတည်းက ကပြ အသုံးတော်ခံခဲ့ကြတဲ့ သူတွေ ကို အဝတ်အစား တစ်မျိုးတစ်ဖုံနဲ့တွေ့ မြင်နေရတုန်းမို့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို မေ့နိုင်ဖို့ဆိုတာ တို့များအတွက်တော့ အတော့်ကို မလွယ်တဲ့ ကိစ္စပဲ။
မန်းဂေဇက်ရွာသူ / ရွသားများ ကျန်းမာရွှင်လန်းကြပါစေ။
ကြည်ကြည်လွင်
ရန်ကုန်မြို့။
တုနှိုင်းမရတဲ့ တို့သမိုင်းအလှ
တုနှိုင်းမရတဲ့ တို့သမိုင်းအလှ
(၁)
၅၊ ၇၊ ၈၉ နေ့ညကနဝတ
ဥက္ကဌဗိုလ်စောမောင်ကသန်းခေါင်ယံ
မိန့်ခွန်းနဲ့ခြိမ်းခြောက်ပြီးပြည်သူကို
သေနတ်နဲ့ ထောက်လိုက်တယ်။
လက်နက်အားကိုး ဓါးမိုးချင်တဲ့စစ်ဝါဒီဉာဉ်နဲ့
အလောင်းပြင်ရအောင်မောင်းတင်မယ်ဆိုတဲ့ချိုသယောင်
မျက်နှာထားနဲ့မရှက်စကားတွေ ပြောကြားတော့
တသောသော ဟားကြရတယ်။
ဒီနေရာမှာ အလင်္ကာတခုသတိရလိုက်မိရဲ့။
တရုတ်ပြည်က မော်စီတုန်းရဲ့ဂုဏ်ပြုစရာ အလင်္ကာပါ။
တရုတ်မရဲ့ ခြေစည်းပုဝါလိုရှည်လဲရှည်
နံလည်းနံတဲ့တန်ပါ့ကူ အရေးအသားတဲ့။
အခုလဲ-သူ့မိန့်ခွန်း မာရသွန်ဟာအလွန်လဲရှည်
အလွန်လဲနံတာမို့အော့အန်ချင်စရာ ကောင်းလှပါဘိ။
(၂)
မြန်မာပြည်မှာ ဗိုလ်လုပ်နေကြတဲ့ဗိုလ်ချုပ်တွေ
ဗိုလ်မှူးတွေဟာနေဝင်းရဲ့
ဒူးမနာသားအရူးရွာက ရူးချာချာများပါတကား။
တပ်မတော်သာအမိ တပ်မတော်သာအဖတဲ့စစ်တပ်မှ စစ်တပ်ဖြစ်အောင်
စစ်ဝါဒ ရိုက်သွင်းအပြစ်မကင်းကြတဲ့စစ်ကမြင်းမသားတွေပါလား။
ပြည်သူသာအမိ ပြည်သူသာအဖလို့ဖြစ်ရမဲ့အရေးကို
အတွေးအခေါ် လမ်းချော်လွဲအောင်
တကထဲ သွေးထိုးလိုက်တာခွေးဆိုးမွေးရသလို
ဖြစ်နေပြီထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တဲ့ခွေးထက်တောင်
မိုက်လုံးကြီးတဲ့စစ်သီးသန့်
လူတန်းစားစစ်ပဒေသရာဇ်များသာတကား။
နေဝင်းနဲ့ ပြည်သူအလံပြိုင်ထူကြရာမှာ
ပြည်သူကိုသတ်ဖြတ်သွေးငတ်နေတဲ့
နေဝင်းရဲ့ ယဇ်ပလ္လင်မှာပြည်သူ့သွေးတသွင်သွင်နဲ့ရှိခိုးဦးတင် ပူဇော်ဖို့
ကော်ရော်ဦးခိုက်ကြတယ်
အတော် ရူးမိုက်ကြပါပေတယ်ကွယ်ရို့။
ပြည်သူမှန်ရင် ဝေရာမဏိနေဝင်း
သရဏံဂစ္ဆာမိဆိုတဲ့ညစ်စရာရှိသမျှအစွမ်းကုန်ညစ်တဲ့
လမ်းဆုံကဟစ်ရမဲ့စစ်ဗိုလ်ချုပ်ကြီးများပါပဲ။
(၃)
မတောက်တခေါက် ဗဟုသုတနဲ့နောက်ပေါက်တွေ
အတုယူရအောင်ဥပဒေက
ဘယ်လိုစာဆိုက ဘယ်သို့နဲ့ကူးတို့ဆိပ်မှာ
မှို့အိပ်ဖွင့်သလိုကစဉ့်ကလျား
တလွင့်တပါးမသင့်စကားတွေ ပြောရဲပါပေ့။
လူထုကိုတော့ ရင်မဆိုင်ရဲဖင်ထိုင်လဲနေတဲ့
စစ်ကောင်တွေဟာနေရာတကာ
အတင်းဖိနှိပ်ဟိုတံဆိပ်ကပ် သည်တံဆိပ်ကပ်မြင့်မြတ်သူမှန်သမျှ
ရန်လိုရန်မပြိုတော့ ဒေါသထွက်ဒေါသထွက်တော့
အရှက်မဲ့ရက်စက်တဲ့ အပြုအမူတွေလို့ဒို့လူထုက
သိနေပြီ။ဘယ်သူဘယ်ဝါတွေ ဖုံးဖုံးဒရက်ကူလာ
အပြုံးနဲ့နှလုံးသားမှာ အမုန်းပွါးတဲ့ငမိုက်သား
စောမောင်ကိုတောကြောင်လို့ သိနေပြီ။
မိမိရရ တိတိကျကျမှန်မှန်ကန်ကန်နဲ့
စစ်သဏ္ဍန် စစ်သရုပ်ကိုဖုံးအုပ်လို့ မရနိုင်တော့။
သေမင်းအလုပ်နေဝင်းသရုပ်ကိုလည်းဖြေရှင်းချက်ထုတ်လို့
မရနိုင်တော့။
ရွေးကောက်ပွဲ ရွေးကောက်ပွဲဆိုပြီးဂွေးအောက်ဆွဲများ
လိုတို့တတွေ ဖြစ်နေရပြီ။သစ္စာသမာဓိ၊
သိက္ခာမရှိတဲ့ဒီငတိတွေစကားကို၊
ပီတိတွေပွါးပြီးတရားမျှတတဲ့
ရွေးကောက်ပွဲမလွဲမသွေဖြစ်မှာပါလို့
ဟစ်အော်နေကြတာရှက်စရာအတိမို့မျက်နှာတောင် မကြည့်ချင်ဘူး
ခက်ပါဘိ အရပ်ကတို့။
(၄)
နေဝင်းရဲ့ ဇာတ်ကောင်ခင်ညွန်နဲ့ စောမောင်တို့ကသရုပ်ဆောင်
သင်တန်းဆင်းတွေမို့မင်းသားဟန် ဖမ်းနေကြသော်လဲ
လူကြမ်းဟာ လူကြမ်းပါပဲ။
စစ်လက်နက် နောင်ဂျိန်နဲ့ဗီလိန်တွေပါပဲ။
ရိုင်းသမျှ ထိပ်ခေါင်တင်စစ်ဘုရင်
အယုတ်တမာစစ်ပြိတ္တာတွေပါပဲ။
တကွေ့ကွေ့မှာတော့ပြည်သူတွေ
သတ္တိဘယ်လောက်တောင် ရှိခဲ့တယ်ဆိုတာမင်းတို့ သိခဲ့ပြီမဟုတ်လား
ပြည်သူတွေကို နှိပ်စက်ရင်ခွေးထက်မိုက်တဲ့
ကောင်တွေပဲလို့နောင် ရာဇဝင်သမိုင်းမှာ
အပိုင်းပိုင်း အတစ်တစ်မော်ကွန်းတင်ရစ်ကြမှာပါ။
ပြည်သူကို ဆန့်ကျင်တဲ့အကောင်ဘယ်သမိုင်းမှာမှ
မပြောင်နိုင်နေဝင်းကို ဆေးသုတ်ပြီးပွဲထုတ်ဖို့
ဘယ်လောက်ကြံကြံအမှန်တရားကို
ဘယ်ကောင်မှမတားနိုင်။မင်းတို့ နေဝင်းဟာတိုင်းပြည်ရဲ့
သေမင်းဆိုတာအမြင်ရှင်းနေကြပြီ။
နေဝင်း မသာရုပ်ကိုဖုံးအုပ်လို့ မရဆေးသုတ်လို့ မရကုဌနူနာကို
ရွှေချလို့မရဘယ်တော့မှမလှ သမိုင်းမလှရိုင်းလေစွ
ရိုင်းလေစွ။
(၅)
လူ့သမိုင်းဆိုတာအရိုင်းဘုံ အရိုင်မြေမဟုတ်။လူ့သမိုင်းဆိုတာတုနှိုင်းမရ
မြင့်မြတ်လှတဲ့ဘဝအောင်မြေဖြစ်တယ်။
ဘဝအောင်မြေမှာဓားပြကောင်တွေ
မကြီးစိုးနိုင်မုချကျဆုံးရမယ် မုချကျဆုံးရမယ်။
ဒီမိုကရေစီ အလင်းရောင်ထောင် သောင်း သိန်း
သန်းကိန်းဂဏန်းများလှတဲ့အားရစရာ
လူထုကြီးသာလျှင်မုချအောင်ပွဲဆင်ရမယ်။
ဇူလိုင် ၆၊ ၁၉၈၉ ခု နံနက်ခင်း
တင်မိုး
One comment
alinsett
November 1, 2013 at 11:51 am
ကဗျာ တွေ သယ်လာပေးတာ ကျေးဇူးတင်ပါတယ် ။
——–