ဘုရားကြီး ပြဿနာ
မြန်မာပြည် သက်တမ်းတစ်လျောက်မှာ ဘွဲ့ထူးဂုဏ်ထူးတွေကို သိပ်ပြီး မက်မက်မောမော အသုံးပြုခဲ့တာ တွေ့ရတယ်။ အဲ့ဒီ ဘွဲ့ထူးဂုဏ်ထူးကြီးတွေကိုလည်း အထက်ပိုင်းက သိမ်းပိုက်ထားတာ များပါတယ်။ တကယ်တော့ သိမ်းပိုက်ထားတယ်လို့တောင် ပြောလို့ မရဘူး။ သူ့တို့ဟာ သူတို့ ပေးထားကြတာလို့ပဲ ထင်တယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ လူရှိန်အောင် ပေးထားကြတာ နေမှာပေါ့။ အဲ့ဒီ ဘွဲ့ထူးပေးတဲ့ အကျင့်က အခုနောက်ပိုင်း လူတွေကြား ရာခိုင်နှုန်း နည်းသွားတယ်တော့ ထင် ထင် ထင်မိသလိုပဲ ဟဲဟဲ။
ထင်တာ မြင်တာ ပြောရရင် အခုခေတ်မှာ ဘွဲ့ထူးဂုဏ်ထူးတွေကို စစ်တပ်ဘက်နဲ့ သာသနာဘက်မှာ တွေ့ရတယ်။ သူတို့က အထက်ဂိုဏ်းဝင်တွေဆိုတော့ ဒီလိုပေါ့ ဟဲဟဲ။ သီဟသူရ ဆိုတဲ့ ဘွဲ့တွေကို ကြားမိကြမှာပါ။ သီဟသူရ ကို နားလည်သလို ပြောရရင် သီဟ ဆိုတာက ခြင်္သေ့၊ သူရ ဆိုတာက ရဲရင့်တာ၊ ဒီတော့ ခြင်္သေ့လို ရဲရင့်တယ်ပေါ့။ ကေသရာဇာ ခြင်္သေ့မျိုးတွေရဲ့ ရဲရင့်တဲ့ အစွမ်းသတ္တိကို ဖတ်ဖူးတဲ့ထဲက ပြောရရင် ခြင်္သေ့ပေါက်စ လေးကအစ တဒုန်းဒုန်း တဂွမ်းဂွမ်းနဲ့ ဆူညံ ခြောက်လှန့်သံတွေကြား ရောက်နေရင်တောင် ရင်တုန်ဖို့ နေနေသာသာ ဖင်တောင် မတုန်ဘူးဆိုပဲ။ ဒါက ကေသရာဇာ ဆိုတဲ့ ခြင်္သေ့မျိုးမှနော်။ ရိုးရိုးခြင်္သေ့တွေတော့ ရဲရင့်လား၊ မရဲရင့်လား မသိပါဘူး။ အပေါ်က သီဟသူရ ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကြီး ပိုင်ဆိုင်သူတွေလည်း တကယ်ရဲရင့်လား၊ မရဲရင့်လားတော့ မသိဘူး။ စမ်းကြည့်ရင်တော့ တွေ့မှာပဲ။ အဲ သိမှာပဲ ဟဲဟဲ။
ပြီးတော့ နားထဲမှာ ဘဝင်မကျတဲ့ ဘွဲ့ထူးကြီးတစ်ခုက ရှိသေးတယ်။ ဘာလဲဆိုတော့ ဆရာတော် ဘုရားကြီး ဆိုတဲ့ ဘွဲ့ထူးကြီးပဲ။ ဆရာတော်ကြီးဆိုရင် တော်ရော့ပေါ့။ ဘယ့်နှယ်ကြောင့် ဘုရားကြီးက ပါလာရတာလဲ။ လူတွေများ မြှောက်စားပြီဆို မိုးမမြင် လေမမြင်ကို မြှောက်စားတော့တာ။ ဘုရားရဲ့ သားတော်တွေ ဆိုတာက ကြားလို့ ကောင်းသေးတယ်။ ဘုရားကြီး ဆိုတာက ကြားလို့ မကောင်းပါဘူး။ နားကလောတယ်။ ဘုရားဆိုတာ အတုမရှိ လို့ ဆိုထားတယ် မဟုတ်လား။ အတုမရှိလို့ ဆိုထားပြီးရင် ကျန်တဲ့ နေရာတွေမှာ မဆိုင်တာတွေ မထည့်ချင်ကြနဲ့တော့လေ။ ဘာကြောင့် ဘုရားကြီး ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကြီးကို ထည့်ကြတာလဲ။ ဒီအချက်က ပြင်သင့်တဲ့ အချက်တစ်ချက်ပဲ။ ပြီးတော့ အပေါ်က သီဟသူရ ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကြီး အတွက်ကိုလည်း ဒီဘွဲ့မျိုး မပေးခင်မှာ နမူနာ ဗွီဒီယိုရိုက်ပြီး အခုနောက်ပိုင်း ခေတ်စားနေတဲ့ အင်တာနက်ပေါ်မှာ မဲပေးတဲ့ပုံစံမျိုးနဲ့ ရွေးသင့်တယ် ထင်တာပဲ။
9 comments
kai
October 31, 2013 at 3:23 pm
ဒါတွေက.. “ဇတ်”ခွဲတာကနေလာတယ်..
ဆိုတော့…
ကျုပ်ကတော့…
လူလူချင်းမည်သူကမှ..မည်သူ့ကိုမှ..ဖူးမျှော်မာန်လျှော့ကန်တော့ခြင်းမပြုရ ဥပဒေပြဒါန်းချင်နေတော့တာပါပဲ..
အားလုံးပြေလည်သွားလိမ့်မယ်…။
မိုက်ကယ်ဂျော်နီအောင်ပု
October 31, 2013 at 8:03 pm
ဒါကတော့ ခင်ဗျားတို့ရင်ထဲမှာ
စေတနာ သဒ္ဓါ ဆိုတာ မကိန်းတတ်သေးလို့ဘဲသဘောထားပါတယ်
အားလုံးသိကြပါတယ်
သဒ္ဓါလွန်ကဲ ပညာနဲတို့ သဒ္ဓါလွန် တဏှာကျွန် စသည်ပေါ့
ရံခါကြတော့
သတ္တဝါတစ်ဦးကို ယုံကြည်လာပြီဆိုရင်
ကိုယ့်အမေလင်ထက်တောင် ကြည်ညိုတတ်တယ်
မသင့်တော်လို့
တစ်ခါတစ်လေ ကျူပ်သိပ်ကြည်ညိုတဲ့ အချို့ဆရာတော်တွေကို ကျူပ်က
ဆရာတော်ဘုရားကြီးငါ့အမေလင်ရဲ့အဘ
လို့တောင် ကင်ပွန်းတပ်ခြင်တယ်
အလေးထားလွန်းလို့ အရိုသေပေးလွန်းလို့
ကိုယ့်အမေလင်ထက် တန်ဘိုးထားတဲ့သဘောဘဲ
ကိုယ့်စပိနဲ့ကိုယ်ဘဲ
MAUNG
November 1, 2013 at 6:22 am
ကိုယ့်စပိနဲ့ကိုယ်ဘဲ
မှန်လိုက်လေ ကိုအောင်ပုရာ 😀
TNA
October 31, 2013 at 9:21 pm
အင်းအဲဒါလဲ စဉ်းစားစရာအချက်ပဲ။ အခုတော့ အတော်တွင်ကျယ်နေတဲ့အသုံးပဲ။
ဦးဦးပါလေရာ
November 1, 2013 at 7:16 am
အချိန်မရလို နောက်မှလာမန့်တော့မယ်-
လောလောဆယ် ပြောချင်တာကတော့ ဒီလအတွင်း အပေါ်က ကိုအောင်ပုကွန်မင့်ကို အကြိုက်ဆုံး
ကျော်စွာခေါင်
November 1, 2013 at 7:28 am
ပို ့စ်နဲ ့ကော်မန် ့တွေဖတ်ပြီးးး
ဒကာတော်ဘုရားကြီးးးလဲ……အဲ..ကိုယ်လဲ ဘာပြောရမယ်တောင်မသိ..။
Mr. MarGa
November 1, 2013 at 9:51 am
အင်း….
ဘုရားကြီး ဆိုတော့ သွားမြင်တာ မဟာမုနိ ဘုရားကို
ဆက် ဖတ်တော့ တွေ့တာက ဆရာတော်ဘုရားတွေ
သိပ် ရှည်ရှည်ဝေးဝေး မတွေးဘူးဗျာ
နှစ်ဖက်လုံး အဆင်ပြေအောင်လို့ ဒီလိုလေးပဲ လုပ်မယ်
ဆရာတော် ဘုရား….
အိမ်း ဒကာတော် ဘုရား…..
မှန်လှပါ အရှင်ဘုရား…..
ကောင်းလေစွ ဒကာဘုရား……
:mrgreenn: :mrgreenn:
alinsett
November 1, 2013 at 10:23 am
ကျွန်တော့်နာမည်ကတော့
သူ့အလိုလိုကို သူရဘွဲ့ ရထားတာ
အဟိ။
:kwi:
အမှန်တော့
ပုဂိ္ဂုလ်ထူး ဆိုတာ မရှိ
ထူးချင်ပြီဆိုရင် ရူးနေပြီ ပဲ။
🙂
Aye Lwin Oo
November 2, 2013 at 2:55 pm
ကိုဒုက္ခရေ
ဘုရား ဆိုတဲ့စကားလုံးကို ပြောတိုင်း၊ ရေးတိုင်းမှာ အတုမရှိ ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာရဲ့အဆုံးအမအောက်မှာ နှစ်၂၀၀ဝကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မြန်မာတို့ရဲ့ယဉ်ကျေးမှုဟာ နိမ်ကျတဲ့ ယဉ်ကျေးမှု မဟုတ်ပါဘူး။ နူးညံ့သိမ်မွေ့တဲ့ မိမိကိုယ်မိမိ နှိမ့်ချတဲ့ ယဉ်ကျေးမှုသာဖြစ်ပါတယ်။
ရှေးရှေးမြန်မာကြီးတွေဟာ ကိုယ့်ထက် ဂုဏ်အားဖြင့်ကြီးမြင့်တဲ့ပုဂ္ဂိုလ်တွေကို ဘုရားထူးခဲ့ကြပါတယ်။ သက်ဦးဆံပိုင်ပဒေသရာဇ် တွေကိုမှမဟုတ်ပါဘူး။
” မင်းကြီးဘုရား၊ မယ်တော်ဘုရား၊ သားတော်ဘုရား၊ သူကြီးမင်းဘုရား၊ သူဌေးမင်းဘုရား ” စသဖြင့် ခေါ်ခဲ့ကြပါတယ်။ ယဉ်ကျေးတဲ့၊ သိမ်မွေ့နူးညံ့တဲ့၊ အထွတ်အမြတ် အလေးအမြတ်ပြုတဲ့၊ အားကိုးအားထားပြုတဲ့ အဓိပ္ပါယ်များစွာပါတဲ့ စကားလုံး ဖြစ်ပါတယ်။
အတုမရှိသော ဗုဒ္ဓရှင်တော်မြတ်ကို ဘုရားလို့ တိုက်ရိုက်သုံးတာရှိသလို များသောအားဖြင့် မြတ်စွာဘုရား လို့ သုံးကြပါတယ်။
အခုခေတ်မှာ ဘုရားထူးတဲ့ခေတ်မဟုတ်တော့ပေမဲ့ ရဟန်း၊ သံဃာတော်မြတ်များနဲ့ ပြောဆိုရတဲ့အခါမှာ ” မှန်ပါဘုရား၊ တင်ပါ့ဘုရား၊ ဆရာတော်ဘုရား ” စသဖြင့် ပြောဆိုကြရပါသေးတယ်။
ဘုရားခေါ်တိုင်း အတုမရှိဆိုတဲ့ အဓိပ္ပါယ်ရောက်ရမယ်ဆိုရင် မြန်မာအမျိုးသမီးတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ နှိမ့်ချမှု၊ ဦးစားပေးမှုတို့ကို ရည်ညွှန်းတဲ့ ” သားကိုသခင်၊ လင်ကိုဘုရား ” ဆိုတဲ့ စကားအရ အိမ်ထောင်ရှိတဲ့ ကျွန်တော်တို့ မြန်မာအမျိုးသားတွေသေရင် အဝီစိရောက်ရမလို ဖြစ်နေပါလိမ့်မယ်။
ဘုရားဆိုတဲ့စကားလုံးကို သုံးတိုင်း ပြောတဲ့အကြောင်းအရာနဲ့ နေရာပေါ်လိုက်ပြီး အဓိပ္ပါယ်နဲ့ ရည်ညွှန်းချက်က သိသိသာသာ ကွဲပြားတဲ့အတွက် ဘုရားကြီး ဆိုတဲ့ စကားလုံးဟာ ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးအစစ်အမှန်တို့အတွက်ကတော့ ပြဿနာလုံးဝ မဖြစ်ပါဘူး။
ဗုဒ္ဒဘာသာ၊ မြန်မာလူမျိုးအစစ်မဟုတ်သူများအတွက်ကတော့ . . .