နောင်တမဲ့သော တွယ်ငြိခြင်း အပိုင်း (၃ + ၄)
အပိုင်း (၃)
သူ့ရဲ့ visiting card ကိုရခဲ့ပေမယ့် သူ့ဆီ ကျွန်မ မဆက်သွယ်ဖြစ်ခဲ့ဘူး။
ဘယ်လောက်ပဲ ယောကျာ်းလေးဆန်ဆန် ဘယ်လောက်ပဲ ခေတ်ရှေ့ပြေးနေတဲ့
မိန်းကလေးဖြစ်နေပါစေ ကျွန်မရှင့်ကိုစပြီး မဆက်သွယ်ရဲခဲ့ဘူး ဦးသားမောင်ရယ်။ ပြီးတော့ ကံတရားဆိုတဲ့အရာကိုလည်း
ကျွန်မ ခပ်ရေးရေးလေးမျှော်လင့်နေမိသေးတယ်။ ကျွန်မတို့ပြန်ဆုံကြအုံးမှာပါလို့ပေ့ါ။
တကယ်ပဲ မြားနတ်မောင်က ကျွန်မကိုပစ်မထားတာလား။ ဒါမှမဟုတ် ကျွန်မဆုတောင်းတို့ပဲပြည့်ခဲ့သလားမသိ။
နောက်နှစ်ပတ်အကြာမှာ ကျွန်မတို့ ဒုတိယအကြိမ်ထပ်ဆုံတွေ့ခဲ့ပါသည်။ အဲဒီနေ့က တွေ့ဆုံပုံကျတော့ တစ်မျိုး။
သူကတစ်ပြန် ကျွန်မကိုအကူအညီကိုတောင်းခံရတာဖြစ်လေသည်။ သူလိုသူဌေးတစ်ယောက်က
ကျွန်မလိုငချွတ်မလေးဆီမှာ အကူအညီတောင်းရတယ်ဆိုတာ သူများတွေကြားရင် ရယ်ချင်ရယ်လိမ့်မယ်။
ဒါမှမဟုတ် လုပ်ဇာတ်ကြီးလို့ထင်ချင်လည်းထင်ကြမယ်။
ဒါပေမယ့် ဒီအဖြစ်အပျက်ကတကယ်ကိုဖြစ်ခဲ့တာပင်။ အဲဒီနေ့က ရာသီဥတုက
ငွေမှင်ရောင်သန်းလို့နေတယ်လို့ ကျွန်မကတော့တင်စားချင်သေးရဲ့။
မနက်လင်းစအချိန် ကန်ဘောင်ပေါ်မှာသူလူသိပ်မများသေး။ ဆောင်းတွင်းမို့
မြူတွေဆိုင်းနေတာက ကောင်းကင်ကိုငွေရောင်ခြယ်ထားသလိုပင်။
အအိပ်မက်သောကျွန်မ အဲဒီနေ့ကထူးဆန်းစွာအစောကြီးနိုးနေပြီး ကန်ဘောင်ပေါ်လမ်းသွားလျှောက်ချင်မိသော
အဖြစ်ဟာ သူနှင့်တွေ့ဖို့ တစ်စုံတစ်ယောက်ကနိုးဆော်လိုက်လို့လား။
တက္ကစီပေါ်ကအဆင်း ကန်ဘောင်လမ်းပေါ်လျှောက်ဖို့ကြံရွယ်ဆဲ မြင်လိုက်ရတဲ့ မြင်ကွင်းက
ရင်ကိုအေးမြသွားစေတော့တာပင်။ ဦးသားမောင်ရယ်လေ။ ထရက်ဒဆုအပြည့်နဲ့ နဖူးမှာ ခေါင်းစည်းလေးပတ်ထားပုံက
ရုပ်ရှင်မင်းသားတစ်ယောက်အလား။ အနီးကပ်ဖြတ်လျှောက်သွားမှ ကြားလိုက်ရတဲ့အသံကြောင့်
သူ့တစ်ခုခုအခက်အခဲတွေ့နေမှန်းသိလိုက်ရတာ။
သူက ကန်ဘောင်မှာမပြေးခင် ကားပါကင်အထိုးမှာ ဗယာကြော်သည်ကို ကားနဲ့ပွတ်မိမလိုဖြစ်သွားခဲ့တာ။
အဲဒါကို အကြော်သည်က လျော်ဖို့ပြောတော့
သူက ကားရပ်ကာပြေးရုံပဲမို့ ပိုက်ဆံအိတ် တမင်ကိုထားခဲ့သတဲ့။ အဲဒါနဲ့ပဲ သူ့မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေချိန်မှာပဲ
ကျွန်မကကွက်တိ ဖျာဝင်ခင်းလိုက်လေသည်။ ပွဲဆိုတာ အမြဲလန့်တာမှမဟုတ်တာ။ အခွင့်အရေးဆိုတာ နှစ်ခါမရဘူးလေ။
အဲဒီနောက်မှာတော့ သူက ကျွန်မကို မှတ်မိစွာနဲ့ပဲ “ဆုံကြပြန်ဘီနော်” ဟု နူးနူးညံ့ညံ့ပြောလာသည်။
“ဆုံတာကတာ့ဟုတပါတယ် ဒီတစ်ခေါက်ကတော့ ကျွန်မအကူအညီမတောင်းတော့ဘူးနော်” ဟု ရယ်ဟဟလေးပြန်ပြောမိတော့တယ်။
သူကလည်း ဟက်ဟက်ပက်ပက်ပြုံးရင်းနှင့်ပင် “ဟုတ်ပါတယ်ဗျာ ဒီတစ်ခါတော့
ကျွန်တော်ကပြန်အကူအညီတောင်းရပြီ ဒုက္ခပေးမိသလိုဖြစ်သွားရင်
ခွင့်လွှတ်ပါနော်” တဲ့။ သူ့မျက်နှာ၊ သူ့အပြောကို ဘယ်လိုအရာမျိုးနဲ့ မှတ်တမ်းတင် သိမ်းထားရမယ်မသိ။ ဘယ်သူမှမမြင်အောင်ပဲ သိမ်းထားလိုက်ချင်မိတာ။
“ဒီလိုလုပ်ပါလားး အပြန်ကျရင် ကျွန်တော့်အိမ်ကိုလိုက်ပြီး ညီမစိုက်ထားတဲ့ပိုက်ဆံတွေလိုက်ယူပါလား ကျွန်တော်အိမ်ပြန်လိုက်ပို့မှာပါ”
“အဲလိုမျိုးတော့မလိုက်ချင်ပါဘူး စိုက်ထားတဲ့ပိုက်ဆံကလည်း အဲလောက်အများကြီးမှမဟုတ်တာ နောက်ကြုံမှပေးပေါ့”
“မဟုတ်တာပဲဗျာ ကြုံမှတော့မလုပ်ပါနဲ့ အခုအပြန်မလိုက်ချင်ဘူးဆိုလည်း ညီမလိပ်စာကျွန်တော့်ကိုပေးထားလေ
ကျွန်တော် အိမ်ပြန်ပြီးမှ ပြန်လာပို့ပါမယ်”
“ရော် နောက်မှပေးပါဆိုမှမရဘူး ဇွတ်ပဲ ဘယ်လိုဖြစ်နေတာလဲ” ဟု ကျွန်မက ဆူပွပွပြောတော့
သူကသဘောကျသလိုထပ်ရယ်ပါသည်။
“အဟား မဟုတ်ပါဘူးဗျာ တော်ကြာ ကျွန်တော့်ကြောင့် မုန့်စားရမယ့်မုန့်ဖိုးတွေကုန်ပြီဆိုပြီး
ကွယ်ရာမှာ ကလေးလေးတစ်ယောက်ငိုနေမှာစိုးလို့ပါ”
ကလေးလေးတစ်ယောက်ဆိုပဲ။ သူ့အမြင်မှာ ကျွန်မက ကလေးသာသာတစ်ယောက်ဖြစ်နေတာလား။
စိတ်ထဲကြိတ်ပြီး ဘုရားတလိုက်မိသည်။
ကိုယ်ဟာ သူ့အမြင်မှာ ကလေးသာသာချာတိတ်တစ်ယောက်ဖြစ်နေလို့ လုံးဝလုံးဝ မဖြစ်ချေ။
“အောင်မယ် ကလေးမဟုတ်ပါဘူးနော် ကျွန်မအသက် ၂၂ နှစ်ရှိပြီ”
အဲလိုပြောလိုက်ကာမှ ပိုဆိုးတော့သည်။ သူကတဟားဟားနဲ့ အော်ရယ်နေတာမပြီးနိုင်တော့။
ကျွန်မကိုလည်း တကယ့်ကလေးလေးဆိုတဲ့
အကြည့်မျိုးနဲ့ကြည့်ကာ ဘာတွေသဘောကျနေသည်မသိ။
“ ဒါပေါ့ ဒါပေါ့ ၂၂နှစ်တောင်ရှိပြီဆိုတော့ လူကြီးဖြစ်နေပြီပေါ့ အဲဒါဆို ကျွန်တော်က အသက် ၃၅ နှစ်တောင်ရှိပြီဆိုတော့
အဘိုးကြီးဖြစ်နေပြီလားဟင်”
ဘုရားရေ ၃၅နှစ်။ စိတ်ထဲမှာသူ့အသက်က ကျွန်မထက် ၁ဝနှစ်လောက်ကြီးမယ်ထင်ထားပေမယ့်လည်း
တကယ်တမ်း ၃၅နှစ်လို့ပြောတော့ မယုံချင်ပေ။ သူဟာ တကယ့်ကို ၃၅နှစ်လောက်မထင်ရအောင် နုဖတ်လွန်းတာအမှန်ပင်။
မျက်နှာလေးက နုတဲ့အပြင် တည်ကြည်မှုလည်းပေါင်းလိုက်တော့ တကယ့်ကိုနော်နော်ဖြစ်သွားတော့တာပဲ ဦးသားမောင်ရေ။
“အဘိုးကြီးလို့မထင်ရပါဘူး ဦးသားမောင်ကနုပါတယ်” ဟု ခပ်တိုးတိုးပြောမိသည်။
“အခုလိုပြောတာ တကယ့်ကိုကျေးဇူးပါဗျာ ကဲ ကျွန်တော့်ကိုနုတယ်လို့ပြောတဲ့အတွက်ရော
ပိုက်ဆံပြန်ဆပ်ဖို့အတွက်ရော ညနေစာလိုက်ကျွေးမယ်လေ
ဒီညနေ … အဲ ဒီညနေတော့ ကျွန်တော် ဧည့်သည်တစ်ယောက်သွားတွေ့ဖို့ရှိတယ်ဗျ မနက်ဖြန် ညနေမုန့်လိုက်ကျွေးမယ်လေ”
သူကမျက်ခုံးတစ်ဖက်အပေါ်ပင့်ကာ ဘယ်လိုလဲ ဟူသော စတိုင်လ်နဲ့မေးတော့ ကျွန်မ အသက်ရှူတောင်ရပ်ချင်သွားရသည်။
ရှင့်ကိုဒီလောက်ကြွေနေတဲ့မိန်းကလေးက ရှင်ခင်းပေးတဲ့ ဒီလမ်းမှာ မလျှောက်ပဲနေပါ့မလား ရှင်။
အဲဒီတော့ ကျွန်မ ဘယ်လိုပြောရမလဲ ဗဲရီးဂွတ်ပေါ့။ မူလကျီတွေလည်း လုပ်မနေတော့ပါဘူး
“ဟုတ် ဂျပန်စာလိုက်ကျွေးနော်” ဟု ခပ်မြန်မြန်ပြောလိုက်ရသည်။
“အိုကေဗျာ ဒါဆိုမနက်ဖြန်ညနေ ဘယ်မှာလာခေါ်ရမလဲသာ ဖုန်းဆက်လိုက်ပါ ကျွန်တော့်လိပ်စာကတ်ရှိသေးတယ်ဟုတ်”
“ဟုတ်”
“ကဲ ဒါဆို လမ်းလျှောက်မှာမို့လား သွားရအောင်လေ ခဏနေဆို နေထွက်တော့မယ်ထင်တယ်”
“ဟုတ် သွားမယ်လေ”
မရည်ရွယ်ပဲ ကြုံလိုက်တဲ့အခြေအနေလေးမှာ အမှတ်မထင် ရင်းနှီးမှုရသွားတာ အံ့ဩဖို့ပင်ကောင်းသေးသည်။
စကားတွေအများကြီးပြောရတာမဟုတ်ပါပဲ တစ်ယောက်စိတ် တစ်ယောက်နားလည်သွားကြသလိုပင်။
ကျွန်မအတွက် ရုတ်တရက်ပြည့်စုံခမ်းနားတဲ့မနက်ခင်းတစ်ခု မွေးဖွားပေးလိုက်သလိုပင်။
ဗေဒင်မေးစရာမလိုပါဘူး သူသာ ကျွန်မဘေးနားရှိနေမယ်ဆိုရင် ကျွန်မဘဝရဲ့နေ့သစ်တွေတိုင်းဟာ လှပပြည့်စုံနေအုံးမှာပါ။
============================================
(မှားယွင်းပါစေ .. အခုနေတော့ငါမပြုပြင် … အဓိပ္ပါယ်မဖွင့်ဆိုနိုင် သိပ်နက်ရှိုင်းတာပဲသိတယ် … အသည်းနှလုံးကနေ
အို တိုက်ရိုက်ကြိုးခိုင်စေခိုင်သလား ငါဘယ်လိုဖြစ်သွားလဲ မကြုံဖူးသေးလို့ရူးတာလား) ~~
============================================
အဲဒီနောက်ပိုင်းမှာတော့ ကျွန်မတို့ဟာ ရုပ်ရှင်တွေထဲကလိုပဲ ရင်းနှီးမှုရသွားကြပါလေရော။
သူဟာ တခြားလူငယ်ချာတိတ်တွေလို ကျွန်မကိုနေ့တိုင်းလာတွေ့၊ ၁၅မိနစ်တစ်ခါဖုန်းဆက်မလုပ်ပေမယ့်လည်း
တစ်နည်းတစ်ဖုံဖြင့်တော့ ကျွန်မအပေါ်သူအလေးအနက်ထားသည် ဆိုတာကို သိစေခဲ့ချည်းပင်။
ဘာရယ်မဟုတ် သူခရီးသွားနေတဲ့အချိန်မျိုးမှာ သူနဲ့ဖုန်းပြောရင်း ဘာလေးစားချင်တယ်ဆိုပြီးပြောမိတာမျိုးပြောမိလိုက်ပါလား။
အဲဒီနေ့တွင်းချင်းပင် သူ့တပည့်တစ်ယောက်ယောက်နဲ့ အဲဒီမုန့်ကို ကျွန်မသင်ဝင်လုပ်နေတဲ့ကုမ္ပဏီကို လာပို့သွားရော။
ကျွန်မနဲ့ တစ်နေ့ကို ၂ခါလောက်သာဖုန်းပြောဖြစ်ပေမယ့် စကားပြောကြတဲ့အချိန်တိုင်း
ကျွန်မပြောသမျှစကားတွေကို သူအလေးအနက်နားထောင်ပေးတယ်။
သူ့အလုပ်နဲ့ပက်သက်တဲ့ကိစ္စတွေကို ကျွန်မဝေဖန်အကြံပေးသမျှ စိတ်ရှည်ရှည်နဲ့ ဆွေးနွေးပေးတတ်သေးတာ။
အဲဒီလိုမျိုး သဘောထားကြီးတဲ့ရှင့်ကို ကျွန်မကသိပ်ချစ်မိတာ ကျွန်မလွန်သလား။
ကျွန်မကတော့ ရှင့်ဆီက တုံ့ပြန်မှုချစ်ခြင်းဆိုတာကို
မရရှိခဲ့ဖူးဆိုရင်တော့ ချစ်မြဲချစ်နေအုံးမှာပါပဲ။
မထင်မှတ်ဘဲ ဦးသားမောင်ဆီက “ချစ်တယ်” ဆိုတဲ့စကားကို စပြီးကြားလိုက်ရတော့ ရင်တွေတအားခုန်တာများ မပြောပါနဲ့တော့။
အဲဒီနေ့ကလည်း သူက အလုပ်ကိစ္စတစ်ခုနဲ့ ပြင်ဦးလွင်ရောက်နေတာပါပဲ။ သူဟာ ကျွန်မကို ဖုန်းထဲကပဲ ရည်းစားစကားပြောခဲ့တာ။
ဦးသားမောင်ဆိုသော လူလည်ကြီးဟာ ကျွန်မကိုရိုးရိုးတန်းတန်းချစ်တယ်မပြောပေ။
သီချင်းအရမ်းကြိုက်တဲ့ကျွန်မကို သူကသီချင်းလေးတစ်ပုဒ်နားထောင်ခိုင်းတာ။
အင်္ဂလိပ်နဲ့ တရုတ်ရောထားသော သီချင်းလေးတစ်ပုဒ်ပါပဲ။ rap ကို တရုတ်လိုဆိုပြီး chorus ကျမှ အင်္ဂလိပ်လိုပြန်ဖြစ်သွားတာ။
ကျွန်မက “နားထောင်လို့ကောင်းသားပဲ မဆိုးဘူးနော် သီချင်းနာမည်ကဘာလဲ”
လို့မေးတော့ …….. သူက တစ်လုံးချင်းပြန်ပြောတယ်။
“may i love u” တဲ့။ သီချင်းနာမည်လားမေးတော့ “ဘယ်လိုထင်လဲ” ဟုပြန်မေးပြန်တယ်။ သူ့အသံက ခနိုးခနဲ့ပုံပေါက်ကာ လူကိုပဲ
စချင်သလို နောက်ချင်သလိုနဲ့။ နားထင်ရှိ သွေးကြောများက တလှုပ်လှုပ်နဲ့ ပိုပြီးခုန်လာသလိုပင်။
ကျွန်မ ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ကာ ဘာမှပြန်မပြောဘဲ ငြိမ်နေမိသည်။
သူ့အမြင်မှာ ကျွန်မက ကလေးတစ်ယောက်လိုဖြစ်နေလို့ပဲ ဒီလိုမျိုးစနောက်နေတာလားလို့ စိတ်ထဲစိုးရိမ်မိပြန်တယ်။
ဦးသားမောင်က အင်မတန်မှထက်မြက်သော ယောကျာ်းပီပီ ကျွန်မစိတ်ထဲကို နားလည်သွားပုံရတယ်။
“ညီမရှက်သွားမှာစိုးလို့ ကျွန်တော်နောက်မိတာပါ ကျွန်တော် လှသွေးချယ်ကိုတစ်ကယ်ချစ်နေတာ” လို့သူပြောလာတော့တယ်။
တစ်လောကလုံးမှာ အပျော်ဆုံးနဲ့ကံအကောင်းဆုံးမိန်းမက လတ်တလော ဆုရသွားတဲ့ “မိုးစက်ဝိုင်” မဟုတ်တော့ဘူး။
အခုချိန်မှာ “ဦးသားမောင်” ဆိုတဲ့ လူတစ်ယောက်ရဲ့ ချစ်ခွင့်ပန်ခြင်းကို ခံလိုက်ရတဲ့ “လှသွေးချယ်” ဖြစ်သွားပြီ ဆိုတာ
တလာကလုံးသိအောင် ကြေညာပစ်လိုက်ချင်သည်။
သူ့စိတ်ထဲဘယ်လိုဖြစ်နေမယ်မှန်းမသိပေမယ့် ကျွန်မကတော့ အဲဒီအချိန် သူ့မျက်နှာဘယ်လိုဖြစ်နေမှာလဲလို့
ချက်ချင်းပြေးတွေ့ချင်စိတ်တွေပေါက်နေတော့တာပဲ။
“မိုးစက်ဝိုင်” လိုကံကောင်းပြီးရင် သူမလိုပဲ နောက်ကွယ်မှာ မလိုသူတွေက
ကဲ့ရဲ့ဝေဖန်ကြနိုင်တယ်ဆိုတဲ့အချက်ကိုတော့ ကျွန်မမေ့နေခဲ့တယ်။
အဲဒီအချိန်မှာ သူနဲ့ပက်သက်ပြီး စိတ်ထဲမှာရှိနေတာက “နန်းဆုရတီစိုး” ရဲ့ အခွေသစ်လို “ရှေ့ဆက်သွားမှာပဲ”
=============================================
အပိုင်း (၄)
သူဟာ အင်္ဂလိပ်စကားပြောကောင်းတာ၊ အလုပ်မှာ တခြားလူတွေထက် ကွက်ကျော်မြင်တတ်တာ၊
အောင်မြင်နေတဲ့လုပ်ငန်းတစ်ခုကို အသာအယာပင်ကိုင်တွယ်ဖြေရှင်းနိုင်တာ၊
လူပေါင်းများစွာနဲ့ အဆင်ပြေအောင်ပြောဆိုဆက်ဆံတတ်တာအပြင်၊
မိန်းကလေးတစ်ယောက်ကိုသိပ်ကိုချစ်တတ်သေးတာ နောက်မှတဖြည်းဖြည်းသိမြင်လာခဲ့ရတာဖြစ်သေး၏။
ကျွန်မနဲ့ချစ်သူဖြစ်ပြီး ၂ရက်ကြာမှ သူကခရီးကပြန်လာခဲ့တယ်။ ခရီးကပြန်ရောက်တဲ့နေ့မှာပင်
ကျွန်မကို အပြင်မှာမုန့်သွားစားရအောင်ချိန်းဆိုလေသည်။
သူ့ဆီက ပထမဆုံးရခဲ့တဲ့လက်ဆောင်က ကျွန်မဘယ်လိုမှမမျှော်လင့်ထားသော အနီနုရောင်ပန်းစည်းကြီးတစ်စီး။
မွေးနေ့လည်းမဟုတ်၊ ချစ်ခွင့်တောင်းတဲ့နေ့လည်းမဟုတ်ပါပဲ ဒါမျိုးလက်ဆောင်
သူပေးလိမ့်မည်ဟု ကျွန်မကိုတကယ်ကိုထင်မထားခဲ့ပေ။
“မင်းက ထက်မြက်ပြီးရဲရင့်တဲ့ မိန်းကလေးမို့လို့ ကိုယ်အနီရောင်နှင်းဆီကိုရွေးထားတာ
ကိုယ့်အချစ်ကိုလက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အလှ”
အလှ တဲ့။ သူများတွေကြားရင် တောကျလိုက်တာ၊ ဘာကြီးလဲလို့ ကဲ့ရဲ့နိုင်ပေမယ့် ကျွန်မအတွက် Big Suprise ပင်။
ကျွန်မတစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ အလှလို့အခေါ်မခံရဖူးချေ။ ယုတ်စွအဆုံး “လှ” ဟူသော နာမည်စာလုံးကိုပင်
မည်သူမှမခေါ်ခဲ့ကြ။ ဘယ်သူနဲ့မှမတူသော ထိုနာမည်ဆန်းလေးခေါ်ဖို့ တွေးတတ်လွန်းသော ချစ်သူကို
ဘယ်လိုချစ်မိမှန်းပင်မသိချေ။ ဒါကြောင့် ကျွန်မကလဲ သူ့ကို တစ်မူထူးခြားကွဲထွက်သော အခေါ်အဝေါ်
တစ်ခုလက်ဆောင်ပေးခဲ့သည်။ သိပ်ကိုချစ်ရလွန်းပါသော “ချစ်မောင်” လို့။
အသက်အားဖြင့်ကြည့်ရင် “ကိုကို” တို့ “ကိုကြီး” တို့ဟာ သင့်တော်သောအခေါ်အဝေါ်ဆိုပေမယ့်
ကျွန်မကတော့ “ချစ်မောင်” ဟုသာခေါ်ချင်သည်။ သူကလည်း “ချစ်မောင်” ဟုတ်လား။
“အလှကတော့အဆန်းပဲကွာ ဘယ်လိုလေးမှန်းကိုမသိဘူး”
ဟု သူကလည်း သဘောတကျ ထောက်ခံအားပေးခဲ့တာပင်။ အဲဒီလိုနဲ့ “ချစ်မောင်” နဲ့ “အလှ” တို့ဟာ
သိပ်ကိုချစ်ဖို့ကောင်းသော အတွဲလေးတစ်တွဲဖြစ်ခဲ့တော့တယ်။
( အဘယ်ကြောင့်ဆိုသော် အားကြီးတဲ့သက်ရောက်မှုတစ်ခုကြောင့် အဘယ်ကြောင့်ဆိုသော
ခံစားမှုများဆွဲငင် အပြာရောင်စက်ကွင်းထဲဝင်ရောက်
အဘယ်ကြောင့်ဆိုသော် ဗုံဗိမ္ဗာန်နဲ့ထောင်ချောက် ဘာဆိုတာမသိ စွန့်စားချင်စိတ်တွေရှိပြီ အဘယ်ကြောင့်ဆိုသော သိပ်ချစ်လို့ပေါ့ ~~~
ကမ်းစပ်မမြင်ဘဲ အတူတူမျောချင်လွင့်ချင်မိတာ အပြစ်ပဲလား မိုးသားပင်လယ် အပြောကျယ်မှုလို အချစ်ကိုဘောင်ခတ်မထား
မတားနဲ့တော့လေ အဆိုးအမိုက် ကြိုက်သလိုဝေဖန်ပါ ငါဝန်ခံဖြောင့်ချက်လေးပေ်း ငါတို့ဝေးများဝေးရင် ငါ့ရင်ကွဲမယ် ~~~)
=======================================
နောက်တစ်နေ့မှာပဲ သူဟာ ကျွန်မထပ်ပြီးမမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုကို ဝန်ခံပြောလာခဲ့ပါသည်။
အဲဒါကတော့ သူ့ဘဝအကြောင်းပါပဲ။
သူဟာ နိုင်ငံခြားကနေ ဘွဲ့ယူပြီးပြန်လာတဲ့အချိန်မှာ မိဘတွေပေးစားတဲ့မိန်းကလေးတစ်ယောက်ကိုလက်ထပ်လိုက်ရကြောင်း၊
အချစ်မပါပေမယ့်လည်း သံယောဇဉ်နဲ့ အေးချမ်းတဲ့မိသားစုဘဝကို တည်ဆောက်ဖို့ရည်ရွယ်ခဲ့ကြောင်း၊
ဒါပေမယ့်လည်း သမီးလေးတစ်ယောက်ရလာသည်အထိ ထိုအမျိုးသမီးဟာ သူ့ကိုဂရုမစိုက်ဘဲ သူ့တစ်ယောက်အတွက်ပဲကြည့်ကာ
အလှအပ၊ အပျော်အပါးကိုပဲ ဂရုစိုက်နေခဲ့သည်တဲ့။ မိဘမျိုးရိုးစဉ်ဆက်ချမ်းသာလာသောသူမဟာ
ရွှေကိုရွှေချင်းထပ် မြတ် ဆိုသလိုပဲ ပွဲတက်ယောကျာ်းကောင်းတစ်ယောက်အဖြစ် သူ့ကိုလက်ထပ်ခဲ့ရုံမှအပ
ချစ်ခြင်းမေတ္တာတစ်စွန်းတစ်စမှ မရှိခဲ့တာပင်ဖြစ်သည်တဲ့။ အဲဒီလိုနဲ့ သူဟာ သာယာတဲ့အိမ်ထောင်ရေးကိုမရနိုင်တဲ့အဆုံးမှာတော့
စိတ်လျှော့ကာ ကွာရှင်းခွင့်တောင်းခံခဲ့လေသည်။ မာနအလွန်ကြီးသော အဲဒီမမ “မေယမင်း” ဟာလည်း တစ်ချက်ကလေးမှ
မတွေဝေ၊ မျက်ရည်မကျဘဲ သူ့ကိုကွာရှင်းပေးခဲ့သည်တဲ့လေ။
ရယ်ရလွန်းတော့ ငိုရတတ်သည်ဟုပဲ ပြောရလေမလား။ ကျွန်မသူ့ကို ဘယ်လိုတုံ့ပြန်သင့်သလဲမသိချေ။
“တစ်ကယ်တော့ ကိုယ်မှားတာပါ အလှရယ် အလှကို propose မလုပ်ခင် ဟိုအစောကြီးတည်းက
ဒီကိစ္စကိုဖွင့်ပြောပြခဲ့ဖို့ကောင်းတာ ဒါပေမယ့်လည်း အစတုန်းကတော့ ကိုယ်အလှကိုညီမလေးတစ်ယောက်လိုပဲ
သဘောထားခဲ့တာ နောက်ပိုင်း ရင်းနှီးလာတော့
အလှရဲ့ ထက်မြက်တဲ့အတွေးအခေါ်လေးတွေ ကိုယ်နဲ့တွေ့တဲ့အချိန်ကိုယ့်အပေါ်
ကြည့်တဲ့အကြည့်လေးတွေကို ကိုယ်အရမ်းချစ်မိသွားတယ်
အဲဒီအချိန်မှာ ကိုယ့်မှာ ချစ်တယ်လို့ပြောလိုက်ချင်တဲ့စိတ်ကစိုးမိုးလွန်းနေတော့ တခြားအရာတွေကို မစဉ်းစားမိတော့ဘူး
ကိုယ်လွန်သွားတယ် ကိုယ်မှားသွားတယ်ဆိုတာသိပါတယ် တောင်းပန်ပါတယ် အလှရယ် ကိုယ့်ကိုကြိုက်တဲ့အပြစ်ပေးပါ
တကယ်လို့ အလှခွင့်မလွှတ်နိုင်ဘူး ကိုယ့်မျက်နှာတောင်မကြည့်ချင်တော့ဘူးဆိုရင်လည်း
ကိုယ်အလှနဲ့အဝေးဆုံးကိုထွက်သွားပေးပါ့မယ်”
အို သူက ကျွန်မနဲ့အဝေးဆုံးကိုထွက်သွားမယ်တဲ့။ ရုတ်တရက် စကားပြောနေတဲ့ သူ့နှုတ်ခမ်းတွေကို
ကျွန်မလက်ချောင်းတွေနဲ့ အသာပိတ်လိုက်မိခဲ့ပြီ။
ချစ်မောင်ကို စွန့်လွှတ်လိုက်ဖို့ဆိုတာ ကျွန်မအိပ်မက်ပင်ထည့်မမက်ဖူးသောအရာ။ ဘယ်လိုမှကိုမဖြစ်နိုင်။
ဘယ်လောက်ထိ ရှင့်ကိုချစ်ခဲ့လဲဆိုတာ မသိခဲ့လို့လား ချစ်မောင်ရယ်။ ကျွန်မချစ်တဲ့ရှင့်ကို ဖြစ်ခဲ့ပြီးတဲ့အတိတ်အတွက်
လက်လွတ်စပယ်လမ်းခွဲပစ်လိုက်ရအောင် ကျွန်မသတိ္တမရှိပါဘူး။ အဲဒီတော့လည်း
“တကယ်ပဲ အဲဒီအမျိုးသမီးနဲ့ ဘာမှမပက်သက်တော့ဘူးဆိုတာ သက်သေပြနိုင်မလား ချစ်မောင်”
“ဟာ ပြနိုင်တာပေါ့ ကိုယ့်မှာ ကွာရှင်းစာချုပ်အစစ် သက်သေရှိတယ် အခု အဲဒီမေယမင်းနဲ့
သမီးလေးကလည်း စင်ကာပူမှာနေနေတာပါ
ကိုယ်လည်း လုံးဝသူနဲ့မတွေ့ပါဘူး ကိုယ့်သမီးအတွက် လစဉ်ကျောင်းစရိတ်ကိုဘဏ်ကနေ တစ်ဆင့်ပို့ပေးတာပဲရှိတာပါ” တဲ့။
အဲဒီတော့လည်း ဘာပြောအုံးမလဲ လှသွေးချယ်။ သူ့ဘက်က သက်သေပြနိုင်တယ်ဆိုမှတော့လည်း
ချစ်မြဲတိုင်း ဆက်ချစ်နေမိဆဲပေါ့။
==============================================
“တကယ်လို့ အချစ်မှာ ညီမျှတဲ့ချစ်ခြင်းဆိုတာမရှိခဲ့ဘူးဆိုရင် ကျွန်မဘက်ကပဲ ပိုတိုးလို့ချစ်ပါရစေ”
ပွင့်လင်းမှုတွေရဲ့နောက်မှာ သူ့အပေါ် အထင်ကြီးမှုတွေကလဲ ပိုတိုးလို့လာခဲ့ပြန်တယ်။
သူ့လို အခြေအနေ ငွေကြေးတတ်နိုင်ပုံမျိုးနဲ့ဆို ကျွန်မလို ချာတိတ်မလေးအပေါ်မှာ လွန်ခဲ့သော ၅နှစ်ကျော် ၆နှစ်လောက်ကကိစ္စကို
အစဆွဲမထုတ်နိုင်အောင် ပြည့်ဖုံးကာချကာ ထိန်ချန်ထားလို့ရပေမယ့်လည်း ချစ်မောင်က ကျွန်မကို ထိုသို့မလုပ်ခဲ့ပေ။
သူ “အလှ” ဟုခေါ်သော ကျွန်မအပေါ် တန်ဖိုးထားပြီးရိုးသားပေးခဲ့တာကို ရင်ထဲမှာကြည်နူးလို့မဆုံး။
ထိုနေ့အပြီး ကျွန်မတို့ရဲ့ ချစ်သူသက်တမ်းတစ်လျှောက်လုံးဟာ အေးချမ်းခဲ့ပါသည်။ အလုပ်ကိစ္စခရီးသွားစရာမရှိသည့် နေ့မျိုးတွင်
တစ်နေ့တစ်ခေါက်တော့ ကျွန်မဆီရောက်အောင်သူလာခဲ့ပေးသည်။ ချစ်သူဘဝတွင် သူ့ကြောင့် မျက်ရည်ကျရသည်ဆိုတာမျိုး
ရှိကိုမရှိခဲ့ပါ။ အစည်းအဝေးရှိလို့ပဲဖြစ်စေ ဘယ်လောက်အရေးကြီးတဲ့ကိစ္စမျိုးရှိနေပါစေ သူဟာ
သူ့ဖုန်းကိုပိတ်ထားတော့မည်ဆိုလျှင် ဖုန်းမပိတ်ခင် ကျွန်မဆီမရမက ဖုန်းဆက်တတ်လေသည်။
“အလှ ချစ်မောင်ကိစ္စရှိလို့ ဖုန်းခဏပိတ်မယ်နော် အလုပ်ပြီးတာနဲ့
ဖုန်းခေါ်လိုက်မယ်သိလား” ဟု ခပ်မြန်မြန် ဖုန်းဆက်ပတတ်သော ချစ်မောင်ရယ်ပါ။
ဘယ်လောက်တောင်ချစ်စရာကောင်းလိုက်ပါလဲ။
ချစ်သူသက်တမ်း (၃) လပြည့်သော ညကလေးမှာတော့ သူက ညစာစားရင်း ကျွန်မကို ဒီလိုမေးခဲ့တယ်။
“why are u loving a man who couldn’t start a perfect life with you?”
“Because” ……. ဟု ပြောကာ ကျွန်မ အချိုသာဆုံးသာပြုံးပြနေခဲ့မိသည်။
တခြားသောမိန်းကလေးတွေအတွက် ရှင်ဟာပြီးပြည့်စုံတဲ့ယောကျာ်းမဖြစ်နိုင်ရင်တောင်
ကျွန်မအတွက်တော့ ရှင်ဟာအကောင်းဆုံးချစ်သူပါ။
(သူအချစ်ပေးရင် ငါအသက်ပေးနိုင် တုံ့ပြန်လိုက်ဖို့အသင်ရှိ သူရဲ့အဆိုးအကောင်း ဘယ်သူဘာပြောပြော ထုံးစံအဟောင်းတွေ ငါမယုံကြည်
ငါယူမယ့်အရာ ငါပြန်ပေးမှာ အချစ်သက်သက်တစ်ခုလေ ဆိုင်သူနှစ်ဦးတည်း စိတ်ရဲ့နားနဲ့ ကြားနိုင်မယ့် ကာရန်မဲ့သီချင်း ~~~)
ပန်းကတော့ ကျွန်မ ချစ်သူရနေပြီဆိုတာသိသော်လည်း ချစ်မောင်ရဲ့ နောက်ကြောင်းရာဇဝင်ကိုမသိချေ။
ကျွန်မကလည်း ချစ်သူအပေါ် သူငယ်ချင်း ပန်း တစ်မျိုးတစ်မည်ထင်မည် ဆိုးသောကြောင့် ပြောမပြဖြစ်ခဲ့။
ပန်းသာသိလျှင် “နင့်ကိုနင်မှန်တယ်ထင်နေလား” လို့မေးအုံးမည်လော။ အမှန်နဲ့အမှားဆိုတာကို ကျွန်မ ခွဲခြားမကြည့်ချင်ပေမယ့်
ရှင့်ကိုရွေးချယ်ခဲ့တဲ့အပေါ် ရှင့်ကိုချစ်ခဲ့မိတဲ့အပေါ်မှာ ကျွန်မ ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး။
အဲဒီလိုနဲ့ အချိန် ၅လကျော်အတူဖြတ်သန်းခဲ့ကြရင်းနဲ့ တစ်နေ့မှာတော့ ကျွန်မကိုအသိမပေးဘဲ ဖုန်းဘယ်တော့မှမပိတ်တတ်သော
ချစ်မောင်ရဲ့ ဖုန်းဟာ မနက် (၁၀) နာရီလောက်မှစကာ တစ်နေကုန်ကိုပိတ်ထားတော့တာဖြစ်သည်။
သူ့ရဲ့ရုံးကိုဆက်တော့လည်း သူရုံးမရောက်သေးပါတဲ့။ သူနဲ့သူ့တပည့်ကျော် အေးကို အတူနေတဲ့ condo ဖုန်းကိုဆက်တော့လည်း
ဆရာ မနက်ကတည်းကထွက်သွားတာပဲတဲ့။ ရှင် ဘယ်တွေများရောက်နေတာလဲ ချစ်မောင်ရယ်။
ရှင်နဲ့ အဆက်အသွယ်မရတဲ့ အခုအချိန်တွေကို ကျွန်မ ဘယ်လို အဆုံးသတ်ရမလဲ။ ကျွန်မ ဘယ်လိုဖြတ်သန်းရမှာလဲ။
ဘာအကြောင်းကြောင့်ရယ်မသိဘဲ ဘာလို့ ကျွန်မကမသိမပေးဘဲ ပျောက်နေရတာလဲ။
ကျွန်မ ရင်တွေပူလွန်းလို့ ကျွန်မကို အမြန်ဆုံးဆက်သွယ်လှည့်ပါအုံး။
===================================
အပိုင်း (၅) မျှော်
9 comments
sorrow weaver
October 31, 2013 at 12:56 pm
အဟိဟိ ….အလုပ်ကိစ္စနဲ့ပြင်ဦးလွင်ကရောက်လိုက်သေး..ချမ်းလဲချမ်းသာ တော်လဲတော်…ရုပ်ကလဲနု …ဂရုကလဲစိုက်တတ်သေး..ကွက်စတိ…နာ့ကိုများချိန်ပစ်သလားပဲ…နာမည်လေးပဲလွဲသွားတယ်….ဆောရိုးနဲ့ သားမောင်နဲ့ …ခုခွိခုခွိ
သူကလေး
October 31, 2013 at 2:12 pm
အဟက် အဟက် … ဆောရိုးနဲ့ သားမောင်ဆိုဒေါ့ သိပ်တာ့မကွာဘူးးးးးးးး နော် 😀
ပြင်ဦးလွင်မှာ ဟိုတယ်ဆောက်မို့လေ .. ခရီးသွားလာရေးလုပ်ငန်းကခေတ်စားနေတာကိုးလို့
sorrow weaver
October 31, 2013 at 2:40 pm
ခီးသွား လုပ်ငန်းကိုအလွန်စိတ်ဝင်စားဗျ…ဟိုတယ်ဆောက်မို့ဆိုတော့ကာ …ပြင်ဦးလွင်မြေဈေးနဲ့ ..ဘုရားသခင်…တော်ယုံခရိုနီတော့မဟုတ်…အဲ့လောက်ချမ်းသာနေရင် ..ဒါနဲ့ …Based on true story လားဟင် …အဟိဟိ
KZ
October 31, 2013 at 2:34 pm
ဆက်မဖတ်ရက်တော့ဘူးကွယ်။
😥
သူကလေး
October 31, 2013 at 4:28 pm
ဆက်ဖတ်ပါကွယ်
sorrow weaver
October 31, 2013 at 5:05 pm
မမ ကေဇီရ ..ဆက်ဖတ်ပါဂျ…ရေးတဲ့သူလေးက ရုပ်ကလေးကလဲချော..စာရေးကလဲကောင်း…အဲ့မျိုးဆို အမှန်အကန်အားပေးရမှာ….တားတားတို့က အမှန်အကန် သူ့ပရိတ်သတ်…….ခုခိခုခိ …..
kyeemite
October 31, 2013 at 4:06 pm
အရေးအသားအဖွဲ့အနွဲ့ကတော့ တော်တော်ကောင်းတယ်ဗျာ…
ဇာတ်လမ်းကိုတော့ မဝေဖန်လိုသေးပါဘူး..
ပီးအောင်ဖတ်အုံးမယ်… 🙂
သူကလေး
October 31, 2013 at 4:29 pm
ဇာတ်လမ်းကိုဝေဖန်မယ်ဆိုရင်လည်း ပျစ်ပျစ်နှစ်နှစ်တော့ မဝေဖန်လိုက်ပါနဲ့နော် အူးမိုက်
မီးကအသည်းနုလို့ပါ ညကျဘုရားရှိခိုးမယ် ဇာတ်လမ်းလေးလည်း ကောင်းပါတယ် ကျောပါစေ 😀
Mr. MarGa
November 1, 2013 at 2:53 pm
အစ ပျိုးချေပြီ
အခန်း (၃) မှာ ချစ်ခွင့်ပန် (၄) မှာ ပြဿနာတစ်ခု အစပြုလာတယ် ဆိုတော့
အင်း…ဒီအတိုင်း ဆက် ဖတ်တာပဲ ကောင်းပါတယ်လေ….