ဆေးလိပ်တို တိုသော်လည်း မီးညှိတော့ ရဲခနဲ- သော်ဇင်(လွိုင်ကော်)

(က)

စီးဆင်းတာပေါ့ ချောင်းကလေးပဲဟာ။ အနောက်ကနေပဲ စီးလာလာ၊ မြောက်ဘက်ကနေပဲ စီးလာလာ နောက်ဆုံးတော့လည်း ဘီလူးချောင်းထဲ တိုးဝင်သွားကြမှာပဲမလား။ ဆောင်းဦးစမို့ မြောက်ပြန်လေပဲလာတော့မလားလို့ မျှော်လင့်ခဲ့ပေမယ့် ခု တောင်မြောက်ဝေ့ကာ ဝှက်ကာနဲ့ မိုးနဲ့အတူ ဝေ့လည်လည်လုပ်နေတယ်။ လေအေးတွေက တစ်နေကုန်ပဲ ဖြူးဖြူးကိုတိုက်နေတယ်။ မိုးက ဖွဲလာလိုက် သည်းလာလိုက်နဲ့။ မုန်တိုင်းရှိပြန်ပြီလား။ ပြောကြတာတော့ အဖျားခတ်ရွာတဲ့ မိုးပါတဲ့။ ခုတော့ အဖျားခတ်ရုံတင်မဟုတ်ဘူး။ ရက်ဆက်ပြီးရွာနေတာကြာပြီ။ ဒါက အရေးမကြီး။ အိမ်ဘေးက ဖြတ်ပြီး စီးနေတဲ့ ဒီချောင်းကလေးဟာ ရေတွေ တရိပ်ရိပ်များလာနေတာကိုတွေ့ရတယ်။ ချောင်းဆိုတာထက် အမှန်က မြောင်း။ မိုးဗြဲဆည်ကနေသွယ်တန်းဖောက်ဆင်းလာတဲ့ မြောင်းကလေး။ မိုးနည်းချိန်တွေမှာ လယ်တွေ ဆည်ရေလည်း ရအောင်၊ ဒါမှမဟုတ် မိုးများချိန်မှာ ဒီမြောင်းကနေ ရေတွေ ဘီလူးချောင်းထဲကို တိုက်ရိုက်စီးဆင်းအောင် ဖောက်ထားခဲ့တယ် ထင်ပါရဲ့။ ဘယ်လိုပဲဖောက်ဖောက်ပါလေ။ ခု အိမ်ဘေးမှာ စီးသွားတဲ့ ချောင်းကလေးကိုတော့ တစ်နေ့တစ်နေ့ကြည့်ပြီးဆွေးရတယ်။ ဆွေးတယ်ဆိုတာကလေ…။

အိမ်ကလေးကိုဆွေးတယ်လို့ပြောချင်တာ။ တြိဂံပုံထောင့်ချွန်းလေးမှာရှိတဲ့ အိမ်ကလေးက ဘယ်တော့လောက် ရပ်တည်ချက်မယ့်လာလေမလည်းပေါ့။ ခေါင်းချသွားကြတဲ့သူတွေ ဒီအိမ်ကလေးပေါ်မှာ သုံးယောက်ရှိသွားပြီ။ အင်းပေါ့ ပြန်မလာတော့ဘူးလို့ အပြီးနုတ်ဆက်သွားကြတာကို အပြစ်လို့မှ ဆိုမရတော့တာ။ ရာသီနှစ်ပြောင်းတော့ မေ့ချင်ချင်။ သေသောသူကြာလျှင်မေ့ ဆိုတာ တကယ်လည်း ဟုတ်တုတ်တုတ်။ ဒါပေမယ့် မမေ့နိုင်တဲ့အရာတွေက လောကမှာများပါတယ်။ အဲဒီမမေ့နိုင်တဲ့ရက်တွေက မိုးရွာရင် ပိုတယ်လို့ ပြောချင်တယ်။ လက်ဖျားတွေအေးစက်နေပေမယ့် တုန်တုန်ရီရီဖြစ်နေပေမယ့် ရေနွေးခွက်ကလေးတော့ ကိုင်နိုင်နေသေးတယ်။ လက်ဖက်ကလေးတစ်ရိုးနှစ်ရိုးတော့ ဝါးနိုင်နေသေးတယ်။ တစ်ခုပဲ။ အရင်လို မိုးပြဲပြဲဖြစ်နေတတ်တဲ့ လမ်းကလေးကို ထီးတစ်ချောင်းနဲ့ ဇိုးခနဲ ဇတ်ခနဲ မထွက်နိုင်တော့တာပဲ။ ဒါပဲ ။ တစ်နေ့တစ်ခြား ယိုယွင်းလာတဲ့ အရာတွေကို သတိထားနေရက်နဲ့ တစ်ခါတစ်ခါ စိတ်မလို အပိုဒေါသတွေနဲ့ နပမ်းလုံးနေခဲ့ရတယ်။ တွေးလိုက်ရင် ဝဲတဲတဲမျက်ရည်တွေကို တိမ်ပြိုတယ်လို့ပဲ မိုးကိုကြည့်ပြီး ကဗျာဆန်လိုက်ချင်ပါသေးရဲ့။ အတွေးကို လက်တွေ့ကျကျ ချမလုပ်နိုင်မယ့်အတူတူ ကြွေပြာခွက်ကလေးထဲက သောက်လက်စ ဆေးလိပ်တိုကို ကောက်ဖွာမိပြန်တယ်။ တစ်ကိုယ်တည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့စိတ်တွေကို ဒီလို မိုးအေးအေးမှာ မိုးရေစက်တွေလို ဖွဲဖွဲလေးရွာနေစေမယ် လို့စိတ်ကူးတယ်။ ခု သူကလေး အိပ်နေပြီပဲ။ အင်းလေ မိုးအေးတော့ အိပ်နေတာပဲကောင်းပါရဲ့။ မအိပ်နိုင်သူမှာတာ တစ်နေ့တစ်ခြားများလာတဲ့ ပူတတ်တဲ့စိတ်တွေ စိုးရိမ်တတ်တဲ့စိတ်တွေကို ထမ်းရွက်ပြီး ကမာ   ္ဘကြီးကို ပိုလေလာစေအောင်လုပ်နေခဲ့တယ်။

ရင်ထဲထည့်မရတော့ မြေကြီးထဲရောက်ကုန်သူတွေကိုလည်း ဟဲ့ ထပါတော့လို့ ပုတ်ပုတ်ပြီး ပြောပြချင်စိတ်မရှိတော့ဘူး။ ထားခဲ့ရက်လိုက်တာ။ မိုးကြီး ရေလျှံရင် အိမ်ကလေးကို ဘယ်ရွှေ့ရပါ့ဆိုပြီး ကိုဖိုးကူးရေ ကြံပါဦး၊ သား အံ့မောင်ကြီးရေ လုပ်ပါဦး ပြောခွင့်မရှိတော့ပြန်ဘူး။ အဲဒီ အကြောင်းတွေးရင် ရင်တွေတုန်လာပြီး လည်ချောင်းဝတစ်လျှောက် ဆို့တက်လာတဲ့အရသာကြီးက ခိုးလု ခုလုနဲ့ ခါးသက်လိုက်တာလေ။ ဆေးလိပ်လေးကိုမီးညှိပြီး ထပ်ဖွာလိုက်တယ်။ ရုတ်တရက် ချောင်းကလေးက တဟွတ်ဟွတ်ဆိုပြီး သီးလိုက်သေးရဲ့။ အသံကကျယ်သွားတော့ အိမ်ကလေးထဲ လှမ်းကြည့်လိုက်မိသေး။

“တော်ပါသေးရဲ့ သူကလေးမနိုးပေလို့“

(ခ)

ရေမြောင်းလေး ရေပိုလျှံလာပြီ။ မိုးက ရွာနေတာ ဆယ်ရက်ရှိပြီ။ စိုစိစိုစိနဲ့မို့ လမ်းတွေလည်း လျှော်တယ်ထင်ပါရဲ့။ မြေးအကြီးမလေးကပြောတယ်။

“ဘွား အပြင်ထွက်ပြီး ဈေးဆိုင်တွေဘက်မသွားနဲ့နော် လမ်းလျှော်တယ်။ တစ်နေကုန်စာ ချက်ခဲ့ပြီးပြီ။ ဘွားအတွက် လက်ဖက်ကလေးလည်း နှပ်ခဲ့ပြီနော်။ ဒါက နေခြည်ဆေးလိပ် နှစ်ရာဖိုး၊ ထန်းလျှက်ကတော့ မိုးစိုလို့ပျော့နေတယ်တဲ့။ ဒါလည်းကောင်းတာပဲ အဘွား သိပ်မကိုက်ရတော့ဘူး။ ဖိုးတူးလေးအတွက်တော့ ဆန်ပြုတ်ကလေးပြုတ်ခဲ့တယ်။ အသားတော့မပါဘူးပေါ့ ဘွားရယ်။ ဘွားအတွက် ဟင်းက ချဉ်ပေါင်ရွက်ငါးပိကြော်ပဲ။ ညနေပြန်လာရင် ဈေးဖိတ်ဆိုတော့ သမီး ဈေးဝင်ခဲ့မယ်နော် ဘွား။ သွားပြီနော်။ အပြင်မထွက်နဲ့နော်။“

“အေးပါ မြေးရယ်။“

စက်ဘီးလေးရဲ့လက်ကိုင်ကိုကိုင်ပြီး တတွတ်တွတ်မှာနေတဲ့ မြေးမကြီးကို ပြုံးပြီးကြည့်မိတယ်။ ခါတိုင်းလို မျက်ရည်တွေတော့ မဝဲတော့ပါဘူး။ လောကဓံတရားဆိုတာကို ဘယ်သူက ရှောင်ခွာနိုင်တယ်မှတ်လို့။ ခု အိမ်ကလေး ရေမြုပ်စပြုပြီ။ အိမ်ရှေ့မြေနီလမ်းပေါ်ကနေ အိမ်ကလေးဆီဝင်မယ်ဆိုရင် ရေက ခြေသလုံးလောက် မြုပ်နေပြီ။ ကိုဖိုးကူးရှိရင် တံတားလေးပဲထိုးပေးမလား။ အို ဘယ့်နှယ့်များ ခုရက်ပိုင်း ငါ့စိတ်တွေ တမ်းတခြင်းတွေနဲ့ နပန်းလုံးနေရပါလိမ့်။ နေပါစေလေ။ နေတတ်ခဲ့ပြီပဲ။ နေတတ်ပြီး မထားတတ်တဲ့စိတ်တွေကိုပဲ မဖြေသာနေတာ။

ဟိုတုန်းက ဒီလမ်းကလေးကနေ ဆေးလိပ်ကလေးထိုင်ဖွာပြီး ညနေ ငါးနာရီ ခြောက်နာရီကို ထွက်ပြီးတော့ကို မျှော်တာ။ လမ်းထိပ်ဘုန်းကြီးကျောင်းထောင့်စွန်းကနေ ဘွားခနဲ အထုပ်ကလေးတွေကိုယ်စီနဲ့ထွက်လာရင် ဟယ်ခနဲ ဝမ်းသာသွားရတာ ခုတွေးရင် ရင်ဖိုပါတယ်။ အံ့ကြီးမောင်နဲ့ ကိုဖိုးကူး လည်ပင်းတွေဖက်ပြီး သားရေ အဖေရေနဲ့ ရယ်ရယ်မောမော ပြောကြဆိုကြ။ အိမ်နောက်ဖေးရေတွင်းလေးမှာ တစ်ယောက်ငင်တဲ့ရေကို တစ်ယောက်ချိုးပြီး ပြောကြဆိုကြ။ ကျုပ်မှာသာ ထမင်းဝိုင်းကလေးပြင်ပြီး ရေနံဆီမီးခွက်ကလေးထွန်းလို့ ငုတ်တုတ်စောင့်နေရတာ။ သားအဖနှစ်ယောက်ထမင်းဝိုင်းထိုင်ပြီး ဘာဟင်းချက်သလဲ၊ ဘာလဲဆိုတာတွေမေးမနေတော့ဘူး။ ရော့ ငါ့သား ဆိုပြီး ကိုဖိုးကူးက အံ့ကြီးမောင်ရဲ့ပန်းကန်ထဲ ငါးပိရည်တွေကို ဖြန်းခနဲလောင်းချလိုက်။ အံ့ကြီးမောင်ကလည်း ရော့အဖေဆိုပြီး ကန်စွန်းရွက်ကြော်တွေ ပက်ခနဲထည့်လိုက်နဲ့ ထမင်းဝိုင်းက ဗြိုက်ခနဲ ကုန်သွားတာ။ တစ်ခါတစ်ခါ ကျုပ်ကတောင် ရွဲ့ပြောပြောပါသေးတယ်။

“ဒုဗ္တိကန္တရကပ်များဆိုက်လာခဲ့သလားတော်။ ကြည့်ပါဦး ပြုတ်ပြုတ်ကိုပြုန်းသွားတာပဲ ဒီသားအဖတော့“ လို့ မျက်စောင်းကြီးခဲပြီး ပြောရင် ကိုဖိုးကူးက အံ့ကြီးမောင်ဘက်ကိုလှည့်ပြီး

“တွေ့လား သား။ သားအမေ ဒေါ်စိန်ပု ဘယ်လောက် နာမည်နဲ့မလိုက်တဲ့ဆို စကားရှည်တာကိုပဲကြည့်။ ဒီမယ် စိန်ပု ငါတို့ နေ့ကုန်နေခမ်း သွားထိုင်နေတာ မဟုတ်ဘူးလေဟယ်။ ထမ်းလိုက်ရတဲ့ ဆန်အိတ်တွေဆိုတာ ပခုံးပေါ် ဘယ်နှစ်အိတ်မှန်းမသိဘူး။ လူက လူလို့သာပြောတာ။ နွားကမှ နှစ်ကောင်ရုန်းရင် သက်သာသေးတာဟ။ တစ်နေကုန် တစ်ယောက်တည်းရုန်းသမျှ ညနေညိုရင်တော့ အသားကုန်တော့ ဘာရှိရှိ စားပါရစေလား ဟာ“

ဒီလိုပြောရင် အံ့ကြီးမောင်က ရယ်တယ်။ ပြီးတော့

“အဖေကလည်းဗျာ အမေက စတာပါဗျ။ လာလာ။ အဖေ ရေနွေးသောက်ရင်း ဆေးလိပ်ဖွာရအောင်“

အဲလိုပြောလိုက်ရင် ကိုဖိုးကူးကလည်း သား လာ။ အံ့ကြီးမောင်ကလည်း အဖေလာနဲ့ စကားတွေဖောင်ဖွဲ့နေလိုက်တာ ညနက်လာလို့ ကျုပ်ကတောင် အော်ခဲ့မိသေးတာတွေက ခုတော့ ပါးစပ်ကလေးပိတ်ပြီး ကျိတ်ရှိုက်ရမယ့် အဖြစ်တွေတဲ့လား။

စိတ်နဲ့ကို ပြန်ကပ်တော့ ဆေးလိပ်မီးကသေပြန်ပြီ။ ဟော ဖိုးတူးလေးတောင် နိုးရော။ ထိုင်ရာကနေ မတ်တပ်ထရပ်ဖို့ ဒူးနှစ်ဘက်ကို ဖိပြီး ထရတယ်။ ယိုယွင်းလိုက်ပုံများတော့။

“ဘ….ဘ….ဘ…..ဘွား“

“ဟေ  ငါ့မြေး လာပြီ ဘွားလာပြီ“

(ဂ)

စား ပါ တော့ လား မြေးရယ်။

ဘယ်ဘက်ကို လက်ရွယ်ရင် ညာဘက်ကိုစောင်းသွားတဲ့ ခေါင်းကလေးကို ပြန်တည့့်။ ညာဘက်ကိုစောင်းလာရင် ဘယ်ဘက်ကို ပြန်တည့်နဲ့ စိတ်တွေရှည်ရှည်ထားပြီး ဂရုစိုက်ရတယ်။ ဟစိဟစိ ဖြစ်နေတဲ့ ပါးစပ်က ယိုစီးလာတဲ့ ဆန်ပြုတ်ရည်တွေကို လက်နှီးစုပ်နဲ့ လိုက်လိုက်တို့။ပြီးရင် ဇွန်းနဲ့ဆန်ပြုတ်ရည် တစ်ဝက်ခန့်လေးယူပြီး ပြန်ခွံ့။ သူကလေးကို ဆန်ပြုတ်ခွံ့ပြီးသွားရင် ကျုပ်မှာ မောသွားတာပဲ။ ပြီးရင်  အိမ်ထောင့်မှာ ပကာသားနဲ့ ရိုက်ထားတဲ့ ခြံကလေးထဲကို သူကလေးကိုသွားထည့်။ ချေးစို၊ သေးစိုနေတဲ့ အဝတ်တွေကို တောင်းတစ်လုံးထဲသွားထည့်ပြီးမှ ရေနွေးဗန်းနားကိုထိုင်ရတယ်။ တစ်ခါတစ်ခါ ဆုတောင်းမကောင်းဘူးဆိုပေမယ့် ကြံကြံဖန်ဖန် ဆုတောင်းနေမိပါသေးတယ်။ မြန်မြန်သေပါစေတော့လို့။

ရှင်သန်နေရတဲ့ ကာလပတ်လုံး စိတ်ဆင်းရဲခြင်းတွေက ဘဝထက်ဝက်ကျိုးမကရှိနေခဲ့တယ်။ အပူ အအေးတလှည့်စီ ဆိုပေမယ့် ဘဝကံအကြောင်းများကတော့ အဆိုးတွေချည်း လာ လာနေတာပါပဲ။ ဟိုဟိုဘဝက ပြုခဲ့ဖူးတဲ့ အတိတ်ကံတွေက အကျိုးပေး မကုန်ချက်များတော့ ခု အသက်ပင် ခုနှစ်ဆယ်ရှိလာပြီ။ တို့များ အိုစာတာကောင်းရချည်းဆိုပြီး စိပ်ပုတီးလေး သက်တောင့်သက်သာကိုင်နေတတ်တဲ့ ဒေါ်ရင်မေကို အားကျတယ်။ သားထောက်သမီးခံနဲ့။ ရေပူရေချမ်းကမ်းလင့်မယ်သူနဲ့။ ဒါတောင် ဒေါ်ရင်မေက တစ်ခါတစ်ခါ သူ့ကိုဂရုမစိုက်လို့ ရွှေစိတ်တော်ညှိုးရသေးသတဲ့။

“ဪ ငါ့လိုများ  ကိုယ့်လက်နဲ့ကိုယ်ခူးခပ်စား၊ ကိုယ်ထူမှ ကိုယ်ထရတဲ့အဖြစ်မျိုးဆို မရင်မေရယ် တော် ဘယ်လိုလုပ်မလဲဆိုတော့“

“ဒါကတော့ ဒါပေါ့အေ“ တဲ့လေ။ ပြောပုံ။

အပြောကတော့ ဒါကတော့ ဒါပေါ့လေတဲ့။ တကယ်တမ်းတော့ မပေါ့နိုင်တာ ကိုယ့်ဝမ်းနာကိုယ်သာ သိစေသလိုပဲ သိနေရပါတယ်။ လူက လွမ်းတတ်ရင် တမ်းတရရတယ်တဲ့။ တစ်ခါတစ်လေ ကိုဖိုးကူးရေ၊ အံ့ကြီးမောင်ရေလို့ စိတ်ထဲမှာ တ..မိရတယ်။

ဒီလို ဟိုတုန်းက အမည်ခေါ်ရင် ကိုဖိုးကူးက

“စိန်ပု ပလပ်စတီပုံးဝါထဲမှာ ဆန်သုံးပြည်ထည့်ထားတယ် မတွေ့ဘူးလား။“

“မတွေ့လို့ပေါ့။ နေပါဦး အံ့ကြီးရဲ့ သုံးပြည်ကရော ရှင်က သုံးပြည်ထဲထည့်ထားတယ်ဆိုတော့“

ဒီတော့ ကိုဖိုးကူးက သူ့ကိုကြည့်ပြီး မျက်လုံးကြီးပြူးပြတယ်။ ပြီးတော့ အံ့ကြီးမောင်ဘက်ကိုလှည့်ပြီး

“အံ့လည်း အံ့ပါ မိန်းမရာ။ ဟား ဟား..ဟား…“ တဲ့။ရယ်တယ်။ သူက သားအံ့ကြီးမောင်ဘက်ကိုလှည့်ပြီး မေးငေါ့မေးရတယ်။

“ဟဲ့ နင့်အဖေ ဘာရယ်တာလဲ။ ပြောပါဦး နင် ဆန်မရလာဘူးလား“ ဆိုတော့မှ

“အမေ ခုကအရင်လိုမချောင်တော့ဘူး။ မျက်လုံးထောင့်ထောက်ကြည့်လာကြတာ။ ကျွန်တော်တော့ရယ်ချင်တယ်အမေရာ။ ဓားပြကြီးတွေက သူခိုးလေးတွေကို စောင့်ကြည့်နေရတော့လေ။ အဖေက ဂိုဒေါင်ဘက်ကျလို့ ရတာ။ ကျွန်တော်က ကားချင်းချိန်းတဲ့နေရာဆိုတော့ မချောင်ဘူးဗျ။“

“ဒါနဲ့ မရခဲ့ဘူးပဲဆိုပါတော့“

ကိုဖိုးကူး သူ့မိန်းမဖြစ်တဲ့သူကို ကြည့်နေတာလေ။ မျက်လုံးထဲမှာဖန်တရာတေ မှတ်မိနေတယ်။ ပြီးတော့လေ အဲဒီစကားကို ခုထက်ထိမေ့မရသေးဘူး။ အနေဆင်းရဲ အစားဆင်းရဲခဲ့တာကို အကြောင်းပြုပြီး အများမိုးခါးရေသောက်တိုင်း လိုက်သောက်ခဲ့ရတယ်ဆိုတာ ဖြစ်သင့်တာကို လုပ်လိုက်တာလို့ တွေးထားခဲ့တာလေ။ အရင်က အရပ်ထဲမှာ လက်မတစ်ချောင်းထောင်ပြီး ကံငါးပါးကိုတော့ အမြဲလှုံအောင် ထိန်းရပါတယ်ရှင် ဆိုတဲ့ စကားလေး အဲဒီနှစ်အတွင်း ကျုပ်မပြောဖြစ်တော့ပါဘူး။

ဝမ်းတစ်ခါးအတွက် သီလကို မတောင့်အား အူမတောင့်ဖို့သာ အားစိုက်ခဲ့ရတာတွေမလား။ ကလောင်သွား ကလေးတစ်ချောင်း ထောက်ပြီး ပုဆိုးစုတ်ကလေးထဲ လျှောကျလာခဲ့တဲ့ ဆန်တွေကို ချက်ပြုတ်စားသောက်ရတာ လည်ချောင်းမှာ ကြမ်းရှမိပါတယ်လေ။

ခုတော့ ကိုဖိုးကူးရယ် ရှင့်မြေးလေး၊ အံ့ကြီးမောင် မင့်သားလေးအတွက် မင်းသမီးကြီးလေး ဆန်သန့်သန့်လေးတွေ ပြုတ်ကျွေးနိုင်နေပါရဲ့။ ကျုပ်လည်း ရဲရဲဝံ့ဝံ ခွံ့ကျွေးနိုင်နေပါရဲ့။ ဒါပေမယ့်လေ ပြုခဲ့ဖူးတဲ့ ရှင်တို့ရဲ့ အရိပ်က မည်းလွန်းလှသတော်..။

(ဃ)

အံ့ကြီးမောင် အိမ်ထောင်ကျတော့ ရှင် ငိုခဲ့သေးတာ မှတ်မိပါရဲ့။ မငိုပါနဲ့ တိတ်ပါလို့ပြောတဲ့ သူကိုတောင် မျက်ထောင့်နီကြီးနဲ့ ကြည့်နေတဲ့ မျက်ဝန်းတွေဆိုတာလေ နေခုနှစ်ဆင်းအပြိုင်လင်းသလို စူးရဲလိုက်တာ။ ရင်မှဖြစ်တည်ပြီး ရင်က ချစ်ခဲ့တဲ့ သားရတနာကို ရော့အေ ဆိုပြီး ဘယ်ပေးလိုက်ချင်ပါ့မလဲ။ သားဆိုတာ အား ရယ်လေ။ အဆင်မပြေတဲ့ ဘဝထဲကို နောက်ထပ် ခြေတစ်စုံကို ပေးဝင်ဖို့အားတွေလည်း နာခဲ့ပါရဲ့။ ပြောခဲ့ပါသေးတယ်။

“ငါ့သမီးလေး ကံဆိုးလိုက်တာ“ လို့လေ။ အမေဖြစ်တဲ့ သူ မျက်ရည်တွေဝဲရင် အဖေဖြစ်သူ ကိုဖိုးကူး ရှင်တောင် ပုဆိုးလေးနဲ့ နှပ်တောင်ပြေးသုတ်ရသေးတာလေ။ ရှင်ပြောခဲ့ပါတယ်။ အတောင်စုံလေခြင်း။ ပျံသန်းသွားလေခြင်းတဲ့။ ကဗျာတွေ စာတွေဆန်နေလိုက်တာရှင်။ ငယ်ရာကနေကြီးရင့်လာခဲ့ပြီး ငါ့ ဒီအရွယ်ရောက် ငါ့သားအိမ်ထောင်ပြုမှ ငါ့မိဘကို ငါလွမ်းသတဲ့။ ရှင့်စကားထဲမှာ ငါ တွေချည်း ထပ်နေလားလို့ မေးခဲ့ရ ပြောခဲ့ရပါသေးတယ်။

အိမ်ကလေးကျဉ်းကျဉ်းထဲ ချွေးမရောဂါသည်လေးနဲ့ တစ်နေကုန်နေရင် မျှော်ရပါတော့ကော။ မိန်းမသားတွေ နွေ၊ မိုး၊ဆောင်း မမျှော်ရတဲ့ရက်မရှိခဲ့ပါလားလို့ တွေးမိတယ်။ လင်နဲ့သားကိုမျှော်၊ စိတ်ထဲမှာတထင့်ထင့်နဲ့ ကျီးလန့်စာ စားတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့အေ လို့ ချွေးမလေး နီနီကိုပြောတော့

“အမေရယ် သမီးတော့ အဆိပ်အတောက်တွေစားနေရသလိုပါပဲလားလို့တွေးပါတယ်။ စားသမျှ အားမဖြစ်။ ရောဂါတွေက အမေနဲ့ သမီးမှာ စိတ်မှာ ဖျားနေခဲ့တာ ကြာလှပါတယ်နော်။ ကိုမောင်နဲ့အဖေ အိမ်ပြန်ရောက်မှာ ဟင်းခနဲ သက်ပြင်းချပြီး ရေသောက်ရတာ သမီးတော့ ဝမ်းတွေကို ဖောင်းလှပါရော“

တဲ့။

အဲဒီရက်တွေအတွင်းက အဖမ်းအဆီးတွေကလည်းရှိတယ်မလား။ တော်တော်ကြာကုန်သွယ်ရေးမှာ ဆန်ခိုးလို့တဲ့။ ဒေါ်လှရီသားလေး မောင်သန်းလေး အချုပ်ထဲမှာတဲ့။ အဲလိုတွေကြားရတော့လေ ရင်တွေတုန်လိုက်တာ။ ကျုပ်ကတောင်

“ဟဲ့ ဘယ်လောက်တောင်ခိုးလို့လဲ“ မေးတော့

“သုံးပြည်“တဲ့။ ရင်ဘတ်ကလေးဖိပြီး သုံးပြည်။ အမယ်လေး သုံးပြည်တည်းနဲ့တဲ့။ ရင်ထဲမကောင်းသမျှ လက်တွေ့ချပြဖို့ရာတော့ ခက်တယ်။ သမီးချွေးမနဲ့ တစ်နေ့တစ်နေ့ ရင်ဘတ်လေးဖိပြီး ဘုရားစာတွေရွတ်။ ဒီတော့မှာ ဪ ကိုယ့်လင် ကိုယ်သား ဖြောင့်ဖြောင့်ကြီး ခိုးလို့ရအောင် ငါတို့ ဘုရားစာရွတ်နေရသတဲ့။ ဖြစ်သင့်ပါရဲ့လား အေ။ အဲဒီလိုမေးရင် ချွေးမလေးက

“အမေရယ် ဘဝအနိမ့်အမြင့်အလိုက်တော့ ဆုတောင်းစာနဲ့ ဘုရားကို ကိုယ်လိုရာအတွက်တော့ ကိုးကွယ်ဆည်းကပ်နေကြရတာပဲလေ။

မကောင်းသူ မကောင်းသား ဆိုတာထက်၊ ကောင်းသူ ကောင်းသားကိုပဲကြည့်မယ် ဆိုတဲ့ စိတ်ကလည်းမရှိခဲ့ပါဘူး။ အဓိကက လူပါ အမေရယ်။ လူလုပ်လို့အရာမှန်သမျှ ဖြစ်တည်လာရပြီးနောက်မှတော့ ခွေးဖြစ်ရင်လည်း မစင်ကိုကြောက်နေလို့မရတော့ပါဘူး“ တဲ့။ ဒီကတည်းက စိတ်ထဲတွေးနေမိလိုက်ပါတယ်။

“ညည်းအေ တစ်စုံတစ်ခုအတွက်များ စိတ်ကို ဖြေတွေးထားခဲ့လေသလား“ လို့လေ။

လမ်းမဘက်ကိုမျှော်ပြီး မိုးချုပ်နေဝင် မီးမှောင်နေတဲ့ လမ်းကလေးထဲ ဒီကနေ့ ကုန်သွယ်ရေး အလုပ်သမားတွေ ပြန်လာတာ နောက်ကျရန်ကော လို့ တွေးမိတော့ ခုံးမျက်စ သုံးရက်လကလေးက စထွက်နေပါပြီ။

(င)

ကိုဖိုးကူးနဲ့ အံ့ကြီးမောင် ထောင်ခြောက်လ ကျသွားတော့ ကသီလင်တဖြစ်လိုက်တာလေ။ မျက်ရည်နဲ့မျက်ခွက်ဆိုတာထက် လက်လုပ်မှစားရတဲ့ ဘဝများဆိုတော့ ရုပ်ရှင်မင်းသမီးများလို့လည်း လှအောင်မငိုနိုင်ခဲ့ပါဘူး။ အံ့ကြီးမောင် ထောင်ငါးလပြည့်တော့ နီနီက မြေးအကြီးမလေးကိုမွေးတယ်။ အရပ်ကပေးတဲ့ ဟိုက ဆန်၊ ဒီက ဆီနဲ့ မီးထွက်လေးဖြစ်မြောက်ခဲ့တယ်။ တချို့ပေးတဲ့ ပုဆိုးခပ်စုတ်စုတ်ကလေးတွေကိုတောင် ဒါ အနှီးဟဲ့ဆိုပြီး ကျုံး ယူခဲ့ရပါရော။ လင်နဲ့ ယောက္ခမ ခိုးမှုနဲ့ထောင်ကျရတဲ့ အံ့့ပါလို့ ခမည်းခမက်တွေဘက်က အားမနာလျှာမကျိုး ဒုတ်ထိုးအိုးကော်တာတောင် ဘာမှပြန်ပြောမနေတော့။ ခိုးတာကို ခိုးတယ်လို့ ဝန်ခံရဲတဲ့ သတ္တိပဲရှိဖို့လိုတယ်လို့တွေးတယ်။

အိမ်မှာကျန်နေခဲ့တဲ့ မိန်းမသားအမေနဲ့ မိန်းမအတွက်တဲ့ စာရင်းကိုင် အရေမှားပြီး ကွက်ကျန်နေတဲ့ ဆန်အိတ်ကို သယ်ရာက လမ်းတစ်ဝက်မှာ ခိုးထုတ်ခိုးထည်နဲ့မိတယ်။ သူတို့ချွေးမနဲ့တူရောက်သွားတော့ ဖူးယောင်နေတဲ့ မျက်နာပြင်ဆိုတာ ဒါ ငါ့လင် ဟဲ့ ၊ ဒါကတော့ သမီးလင်ဟဲ့လို့ ရုတ်တရက်ခွဲမရချင်။

ခိုးရင် ခိုးတဲ့အပြစ်လာပါလိမ့်မယ်။ မတရားသောအမူ တရားသောသူက ဆင်ယင်ပါလိမ့်မပေါ့။ လက်သီးတစ်လုံး လက်ဖျံတစ်ရိုး ဝိုင်းပြီးဆွမ်းကြီးလောင်းလိုက်ပုံက လူကို လူလို မဆက်ဆံလိုက်တာက သိသာလွန်းလှတယ်။ ရင်ဘတ်ကိုလက်ကလေးနဲ့ဖိပြီး

“မြတ်စွာဘုရားရေ လောကမှာ တိရိစာ္ဆန်လို သူတို့မို့ရိုက်ရက်တယ်တော့ “လို့ ရဲစခန်းမှာ ရင်ဘတ်ထုပြီး ငိုခဲ့ရတဲ့နေ့က ကြီးကြီးကျယ်ကျယ်ပြောမယ်ဆိုရင် ကိုဖိုးကူးနဲ့ အံ့ကြီးမောင်တို့ရဲ့ သမိုင်းပါပဲ။ မျက်ရည်ဆိုတာ အထက်ကအောက်ကိုပဲ စီးလာခဲ့ရတာ ဓမ္မတာပါ။ အပြုံးတွေနဲ့ ငိုသူကို ငုံ့ကြည့်နေတဲ့ လူတစ်စုကြားမှာတော့ မရှိခဲ့တဲ့ မာနတွေလည်း ကျ၊ ရှိခဲ့တဲ့ မူးစု မတ်စု သိက္ခာတွေလည်းကျ။ကျုပ်ကတောင် ပြောရတယ်။

“စားခဲ့ပါတယ်တော်၊ စားခဲ့ပါတယ်။ အဆိပ်အတောက်ဖြစ်ဖြစ်ကြီးမှန်းသိရက်နဲ့စားခဲ့ပါတယ်။ သမ္မာအာဇီဝကျအောင် မလောက်ငလို့ မရဏတောင်တက်ပြီး ခိုးခဲ့ရတာကိုလည်း သိပါရဲ့။ ရှင်တို့ ဒါ ကျွန်မတို့မြိုကျခဲ့တာကို ကောင်းကောင်းကျသွားတယ်လို့မှတ်နေကြတယ်ထင်ပါရဲ့။ ကြမ်းပါတယ်ရှင်။ ကြမ်းလှပါတယ်။ ထမင်းတစ်လုပ်စားတိုင်း ငရဲမီးတစ်လုပ်မြိုရသလိုပါ။ သိလား။ ရှင်တို့သိရဲ့လား။ တရားလိုက်တာအေ။ ကိုယ်ခိုးတာတော့ လူမမြင်၊ သူများခိုးမှ မြင်တဲ့ မျက်လုံးတွေကိုလည်း အံ့ဩပါရဲ့“ ဒီနောက်တော့ ဘာတွေပြောဖြစ်ခဲ့မှန်းမသိခဲ့တော့ပါဘူး။

ဟော ထောင်ကနေလွတ်လာတော့ ကိုဖိုးကူးနဲ့ အံ့ကြီးမောင်မှာ အလုပ်အကိုင်ရှားလိုက်တာလေ။ သူတို့မှမဟုတ်ဘူး။ အဲဒီအုပ်စုထဲကလူတွေမှန်သမျှ ကုန်သွယ်ရေးကလည်း ပြန်မခေါ်တော့ အိမ်သာကျင်းတူးလည်းလိုက်ရ၊ ပန်းရန်အကြမ်းဆိုလည်းလိုက်ခဲ့ရတာပါပဲ။ အရွယ်ကြီးကြီးမားမားကျမှ ပန်းရန်အချောကိုင် လူငယ်တွေကြား မဆလာဗန်းကိုင်ပြီး အကြမ်းလုပ်ရတဲ့ ကိုဖိုးကူးကိုလည်း သနား။ အံ့ကြီးမောင်ကိုလည်း သနားနဲ့ အဲဒီရက်တွေ ရင်ဘတ်တွေအောင့်လို့ချည်းနေခဲ့တယ်။

ဟော မြေးမလေး သီရိ သုံးနှစ်အရွယ်ရောက်တော့ အံ့ကြီးမောင်တို့လင်မယားက နောက်တစ်ဗိုက်တဲ့။ ဪ မြေးလေးတို့ ကံဆိုးတယ်ကွယ်။ ပြည့်စုံကုန်လုံနေတဲ့ ဝမ်းတွေကို ဝင်ပါရော့လား။ မျက်စိလည်လမ်းမှာပြီး ရေတစ်ခွက်ထဲ အမှိုက်ဖြစ်ရတာချင်းတူတာတောင် ရွှေခွက်နဲ့ခပ်တဲ့ရေထဲသာ ဖြစ်လိုက်ပါတော့လား လို့ တိတ်တိတ်ကလေး ဖြေတွေးယူခဲ့ရတယ်။

ဒီကြားထဲ့ ရှင် လေဖြတ်သွားတာ ရင်ထဲမကောင်းဘူးတော်..။

(စ)

ပညာရှာရမယ့်အရွယ်မှာ ရှင် ဥစ္စာတွေရှာနေခဲ့ရတယ် ကိုဖိုးကူး။ ဥစ္စာရှာရမယ့်အရွယ်မှာလည်း ဖက်ဖက်မောအောင် ရှာ ဟော တရားရှာရမယ့်အရွယ်မှာလည်း ရှင် ဥစ္စာတွေပဲ ရှင့်သား ရှင့်မယား ရှင့်မြေးတွေအတွက်ရှာ အဲဒီရှာဖွေခြင်း သံသရာထဲ ရှင်ဝဲနေတာကြာခဲ့တယ်။ အိပ်ယာထက်မှာလဲနေတော့ ဘာမှလုပ်မပေးနိုင်တဲ့ ကျုပ်က ဆေးကုသစရိတ်ကိုပူရတယ်၊။ ကိုဖိုးကူးရယ် ရှင် တရားလေးဘာလေး မှတ်လေလို့ပြောရအောင် ရှင် ဘုရားစာကို ဩကာသ ကန်တော့ချိုးအပြင်ပိုမရဘူးဆိုတာလည်း သိပါရဲ့။ အများပြည်သူအလုပ်နားရက်တွေမှာတောင် ကိုဖိုးကူးနဲ့အံ့ကြီးမောင်က မနားခဲ့ဘူး။ သူတကာတွေ ဘုရားသွားကျောင်းတက် ဥပုပ် သီလဆောက်တည်နေချိန်မှာ တရားသံမကြားတဲ့နေရာမှ အိမ်သာကျင်းတူးရင်တူး၊ ဒါမှမဟုတ်ရှင် ငါးရှာ ဖားရိုက်နေခဲ့ရတာတွေကို ပြန်အမှတ်ရတော့

“ကိုဖိုးကူးရေ ရှင်ဘဝကူးမကောင်းမှာကို ကျုပ်တော့ စိတ်ပူသတော်“လို့စိတ်ထဲပြောရင် မျက်ရည်စို့လာတဲ့မျက်ဝန်းကို တို့ကာသုတ်ရပြန်တယ်။ ပါးစောင်တွေရွဲ့၊ အသံတွေမပီဝိုးတဝါးကြားမှာ ကိုဖိုးကူးပြောချင်နေတဲ့စကားတွေရှိနေတယ်။ နားနဲ့မကြားနိုင်ပေမယ့် ရင်နဲ့ကြားတယ်။ တစ်ခါတုန်းကပြောဖူးတယ်မလား ကိုဖိုးကူးရဲ့။

“စိန်ပုရာ တရုတ်ကက်ဆက်ကလေး တစ်လုံးလောက်ရှိရင် တရားခွေကလေးတွေဖွင့်ပြီး ညဘက်များ နားထောင်စေချင်စမ်းရဲ့။ ငါ့မှာလေး သီတင်းကျွတ်လည်း ဘုန်းကြီးကျောင်းမရောက်၊ တန်ခူးလည်း ဘုန်းကြီးကျောင်းမရောက်၊ ကုန်ကုန်ပြောမယ် မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုတာ စာချိုးမှာတောင် အသုဘများ ငါတို့သားအဖ မရောက်နိုင်ကြဘူး။ တစ်ရက်ဖျက်ပြီး နာရေး သာရေးမကူနိုင်ဘူး။ ဝမ်းရေဆိုတာက သမုဒ္ဒရာရေပြင်များလို့ ကျယ်တယ်ဟာ“ တဲ့။

ခုများ နားထောင်ချင်ရှာရော့မယ်။ စိတ်ဓါတ်တွေ ဒုန်းဒုန်းကျနေရတဲ့ အိပ်ယာထဲက ရက်စွဲတွေကို နာခြင်းဆိုတဲ့ တရားနဲ့ ကိုဖိုးကူး ဘယ်ဖြေနိုင့်ပါ့မလဲ။ မရှိတာကိုလည်း သေတ္တာဖွင့်ရှာပြီးမှ သိစရာမလို၊ ရှိတာကိုလည်း ဖျာလှန်ပြီး ကြည့်စရာမလိုမှတော့ နေသာသလိုနေပါဆိုတဲ့စကား ဟာ ဘယ်မှာလာ အရာရောက်ပါ့မလဲလေ။

ဥတုရာသီကလည်း ဆောင်းဆိုမှာ ဆောင်း။ အေးခိုက်ခိုက်တုန်တဲ့အထဲက ကိုဖိုးကူး ကျုပ်တို့ကို ကြာကြာ ဒုက္ခမပေးဘူး။ ထွက်လေ ဝင်လေတွေ တဖြည်းဖြည်း ချုပ်ငြိမ်းသွားတာကို ကျူပ် ကိုဖိုးကူးကိုကြည့်နေရင်း သိတယ်။ ရင်ဘတ်ကလေး ငြိမ်ကျသွားတော့ ပေါက်ခနဲကျလာတဲ့ မျက်ရည်ကို လက်ကလေးနဲ့ တောက်ထုတ်ပစ်တယ်။

“သွားစမ်း“

အခါရာသီမလပ် ကျတဲ့မျက်ရည်။ သာယာတယ်ဆိုတဲ့ ကာလများကို သဂြိုဟ်တဲ့မျက်ရည်။ ပါးပြင်မှာ နင် စီးဆင်းဖို့မသင့်ဘူးဟယ်။

အံ့ကြီးမောင် အံကြိတ်ပြီး တောက်ခေါက်တယ်။ ချွေးမ နီနီ ငိုပါလေရောလား။ အိခနဲပဲ။ ဒါပေမယ့် ရှိုက်သံတွေနဲ့ပဲလေ။ ဘာမှမသိတဲ့ မြေးမလေး သီရိကတော့ ကြောင်တောင်ကန်းမျက်ဝန်းတွေနဲ့။ အပူအပင်ကင်းလိုက်တဲ့ကလေး။

အိမ်ဦးနတ်ကြီး အိမ်ထောင်ရေးကောင်းကင်ပြင်ကနေ ကြယ်တစ်စင်းလို ကြွေလွင့်သွားရပြန်ပါကော ကိုဖိုးကူးရေ။

(ဆ)

အကုသိုလ်ကံကြမ္မာဆိုးဆိုတာ အငြိုးနဲ့ပွေမှတော့ ချို(ဂျို)နဲ့လားလို့ မမေးချင်တော့ဘူး။ အဲဒီချောင်းဆိုတဲ့ မြောင်းကိုကြည့်ရင် ရေမရှိချိန်ဆို သူမဟုတ်သလို၊ ရေများရှိချိန်ဆိုလို့ကတော့ ကမ်းကိုလည်း ရိုက်လားရိုက်ရဲ့၊ ဗေဒါကိုလည်း မြောလားမြောရဲ့။ တစ်ခါတစ်ခါ ငါ့များ တိုက်စားသွားပါရော့လားလို့ စိတ်ထဲပြောကြည့်ရတယ်။ တကယ်တော့မလွယ်ပါဘူး။ သံယောဇဉ်ဆိုတာကလည်း ရစ်ပတ်နေတဲ့ နွေပဲနွယ်တွေလို တစ်ရစ်ရစ်ဆိုတော့ ငါမရှိတော့ရင်ဆိုတဲ့အတွေးနဲ့ မိုးများလင်းခဲ့ရပါရော။ အံ့ကြီးမောင် အရက်စွဲလာတဲ့နေ့တွေကစလို့ စိတ်မကောင်းခြင်းတွေ ဇလုံးတစ်လုံးနဲ့အပြည့်ပါပဲ။

သိပ်ချစ်တဲ့အဖေ လူ့လောကကြီးထဲ မရှိတော့ ယောင်ချာချာအရူးတစ်ပိုင်းနဲ့ လက်လုပ်လက်စားဆိုတာကိုမေ့လို့ အရက်ကိုသခင်၊ အရက်ကိုမင်နေခဲ့တာ။ အစကတော့ လူကအရက်ကိုသောက်တာပေါ့။ နောက်တော့ အရက်ကို လူကမသောက်ရမနေနိုင်ဖြစ်လာတော့ အရက်က လူကိုပြန်သောက်လာတယ်။ မူးလာတိုင်း

“တစ်နေ့တော့လေ လေမုန်တိုင်းကြီးကျလို့လာ ဝမ်းနည်းစရာပင်လယ်ထဲ ငါးဖမ်းသွားတဲ့ တို့ရဲ့အဖေ ပြန်လာချိန်ဟာ နောက်ကျခဲ့ပြီ နေဝင်ပေါ့တစ်ခါ“

ဆိုတဲ့ ဘယ်သူဆိုထားမှန်းမသိတဲ့သီချင်းကို ငိုသံကြီးနဲ့ဆိုတော့ ကျုပ်ရင်ထဲမှာ မိုးတွေအုန်းအုန်းရွာသလို ဗြောင်းဆန်ရတယ်။

“သား အံ့ကြီးမောင် အမေ့ရှေ့မှာ အဲဒီသီချင်းမဆိုနဲ့ သား “ လို့တားရတယ်။

ဒီတော့

“ဘာဖြစ်လို့လဲ အမေ ကျွန်တော်အဖေ့ကို သတိတွေ လွှတ်ရလို့ပါဗျာ“ လို့ပြောတယ်။

“သားရယ် ငါးဖမ်းသွားတဲ့ မင်းအဖေမှာ အညှီအဟောက်တွေနဲ့ လေ။ ကံငါးပါးထဲက တစ်ပါးကြောင့် ညှီနေရတယ်။ မရှိခိုးနိုး၊ မလှစုန်းရိုးတဲ့ လူတွေကြောင့် သေတဲ့အထိ ညှီဆော်နံခဲ့ရတယ်သား။ သေပြီးတော့ အဲဒီအညှီတွေကို မင်းအဖေ ပေးဆပ်နေရမှာတော့သေချာနေတယ်သားရယ်။ ဘယ်သူ့အတွက်တွေပါသလဲဆိုတာကို အမေသိနေတော့ အမေ့ရင်ထဲ ရေအိုးတစ်လုံးဝင်ခွဲလိုက်သလိုခံစားရလို့ပါ သား“

အဲဒီနောက်ပိုင်းတော့ အံ့ကြီးမောင် သီချင်းမဆိုတော့ဘူး။ ဒီကြားထဲ ဖိုးတူးလေးကိုမွေးတယ်။ အရက်တွေဖိသောက်တဲ့ကြားက တစ်ရက် ချွေးမလေး နီနီ သွေးတွေသွန်တယ်။ ထိတ်လန့်ပျာဝေသွားရတဲ့အဖြစ်ဟာ ကောင်းကင်ပြာတယ်ဆိုတာကို မိုးသားအမှောင်ဖုံးလိုက်သလို ရုတ်ချည်းမည်းသွားစေခဲ့တာပေါ့။ ဆေးရုံဆေးခန်းပြေးတော့ ဆရာဝန်တွေဆိုတာ ဆူလိုက်ငေါက်လိုက်တာ။ အမေကြီးအိုဆိုတဲ့ စိတ်ကလေးနဲ့ လျှော့ပြောမယ်ဆိုရင် သိမ်ငယ်နေတဲ့စိတ်တွေ ကြီးထွားလာနိုင်စရာအကြောင်းမရှိပါဘူး။ နောက်တော့လည်း ဆေးရုံကနေ လက်လွှတ်လိုက်တယ်။ မရတော့ဘူးတဲ့။ သွေးလွန်သွားပြီတဲ့။

ဘုရား ဘုရား။ လက်ဖျားမှာ စိပ်ပုတီးမပါပါဘူး။ မြတ်စွာဘုရားကို တ ပြီး။ ကယ်တော်မူပါလို့ ရွတ်ဆိုမိတော့ မိုးတွေ သည်းနေလိုက်တာလေ။

(ဇ)

ပြောရရင် တစ်သက်လုံး ဒေါတွေ ချောင်းချောင်းထွက်အောင် မထွက်ဖူးခဲ့ပါဘူး။ အိပ်ယာထဲရောက်နေတဲ့ ခပ်မျော့မျော့လူမမာတစ်ယောက်ကို ဘေးထားပြီး ဒီစကားတွေ မပြောမဖြစ် ပြောတယ်။ ဒါပေမယ့် အငိုမျက်ရည်တွေနဲ့။ ခေါင်းငိုက်စိုက်ချထားတဲ့ သား အံ့ကြီးမောင်ရဲ့ ပါးကို ခပ်ဆတ်ဆတ်ကလေး နှစ်ချက်ရိုက်မိတယ်။ လက်ဝါးမှာ နီရဲနေလိုက်တာလေ။ ဝါးခြမ်းပြား တစ်ပြားစာတောင် ငယ်ရွယ်စဉ်ကလေးဘဝမှာ ကျုပ်မရွယ်ခဲ့ရတဲ့ သိတတ်လိမ္မာလှပါတယ်ဆိုတဲ့သား အတွေးတွေမှား အသိတွေမှားလိုက်တာလေ။ ပညာမတတ်ခြင်းရဲ့အကျိုးကျေးဇူး၊ မသိနားမလည်ခြင်းရဲ့ ရလဒ်။ အဲဒီရလဒ်က အသက်တစ်ချောင်းကို လွယ်လွယ်လေး နုတ်သွားမယ်ဆိုတာ မသိကြပါရောလား။ ပညာဆုံးခန်းတိုင်အောင် သင်မပေးခဲ့ရတဲ့ ကိုယ့်ကိုယ်လည်း နောက်ဘဝများ မိဘဖြစ်ခဲ့မယ်ဆိုရင်ဆိုပြီး မျက်စိတွေမှိတ် အံကြိတ်ဆုတောင်းနေရပါပြီ။

“အဲဒါ အသက်တစ်ချောင်းဟဲ့ သိလား ငနွားရဲ့။ နွားတောင် အသိဉာဏ်ရှိတယ်။ လုပ်သင့်တာကို မလုပ်၊ မလုပ်သင့်တာကို နင်တို့ လုပ်ခဲ့ကြပြီလေ။ လူတစ်ယောက်ဖြစ်ဖို့လွယ်သလား။ မလွယ်ပါဘူးအေ။ ဒီမယ် အံ့ကြီးမောင်။ ငါ ခပ်ရိုင်းရိုင်းပြောမယ်။ ယောကျာ်းရော မိန်းမရော နှစ်ယောက်လုံး သံဝါသပြုမှ ရလာတဲ့ ကလေးဆိုချင်းထက် လူတစ်ယောက်အဖြစ် ပဋိသန္ဓေဝင်ရောက်တည်ရတာက ခက်တယ်အေ့။ နင်တို့သိလား အဲဒါ။ လူအဖြစ်ကို တချို့များ ညနေဝင်ခါနီးအချိန်ကိုစောင့်ပြီး ရေအိုးထဲက အမှိုက်အဖြစ်၊ ခေါင်းပေါ်က အမှိုက်ကလေးအဖြစ် ကပ်လိုက်ကြရတယ်။ ဒါကိုမှာ နင်တို့က ဝမ်းထဲမှာ ကိုယ်သွေးနဲ့အသက်ဆက်၊ ကိုယ်စားမှ အားဖြစ်နေတဲ့ လေမရှု၊ လက်မထိတဲ့ကလေးလေးကို ဖျက်ချပစ်တယ်။ ဘာလဲအကြောင်းပြချက်က။ လူတစ်ယောက်ဖြစ်လာဖို့ ဘယ်လောက်ခက်ခဲ့သလဲ။ ကုသိုလ်ပြုလို့ရတာလဲ လူလို့ငါကြားဖူးတယ်။ နိဗ္ဗာန်ရနိုင်ကြောင်းတရားတွေနာနိုင်တာလည်း လူပါတဲ့။ နင်တို့အေ။ ကဲ ဘယ်နှယ့်လုပ်မလဲ။ ခုတော့ အသက်တစ်ချောင်းဆုံးရှုံးဖို့ နောက်ထပ်အသက်တစ်ချောင်းက အဆစ်ပါရမယ့်ကိန်း၊ ဒါဈေးရောင်း ဈေးဝယ်မဟုတ် ဘူးအေ“

အကြောင်းပြချက်က မထောင်းလှပါဘူး။ ဝမ်းစာရေးကျပ်တည်းနေတော့ နောက်တစ်ယောက်ထပ်မွေးရင်လည်း မကျွေးနိုင်မယ့်အတူတူ ဆိုပြီးပါတဲ့လေ။ ကိုယ့်ရင်မှဖြစ်လာတဲ့ ရတနာကို ဆည်းလည်းလေးတွေပမာ အမြတ်တနိုးရှိရတယ်ဆိုတာ သိရက်နဲ့ မိုက်ရဲလိုက်ကြတာ ဘဝဆိုးဆိုးက ပေးတဲ့ ခါးသက်သက် အရသာတွေလား။

မျက်တွင်းကြီးဟောက်ပက်နဲ့ လက်အုပ်ကလေးချီပြီး ခွင့်လွှတ်ပါ အမေဆိုလာတော့ မျက်ရည်ဆည်ကျိုးသလို ဒလဟောပါပဲလား။ ရင်ထဲမှာ မချိအောင်နာရလေ ဖြစ်များတဲ့ ဘဝမှာလေဆိုပြီး ဝဋ်ကြွေးကြမ္မာကိုပဲ မဖြေသာဖြစ်ရပြန်တယ်။ ကျုပ်လေ အဲဒီတုန်းက အသက်ကြီးလို့လည်း စိတ်ပုတီးနဲ့ ရိပ်သာမဝင်နိုင်ပါဘူး။ ယောကီရောင်မပြောနဲ့ မွဲပြာပြာ အထည်ဟောင်းကိုတောင် လျှော်မဝတ်နိုင်ခဲ့ပါဘူး။

ဖိုးတူးလေးမွေးပြီး နောက်ထပ်ကိုယ်ဝန်ရှိလာတော့ ကလေးနှစ်ယောက်တောင် မနည်းရှာကျွေးရမှာလို့ တွေးကြသတဲ့။ ရှေ့ရေးကို ပူတတ်လိုက်ကြတာလို့ ကျုပ်မချီးကျူးပါဘူး။ ရှေးလူကြီးများအဖို့ ကလေးတွေဆယ်ယောက်ထက်မနည်းမွေးခဲ့ ကြတာဘာကြောင့်လဲဆိုတာကိုပဲ တွေးတတ်ကြဖို့လိုတာပါ။ အင်းလေ ဖိုးတူးလေးလို ကလေးမျိုးနောက်ထပ်မွေးလာမှာပဲ စိုးကြောက်ကြသလားတော့ မသိပါဘူးလေ။ ဒီလိုနဲ့တစ်ပတ်မြောက်တော့ မျက်တွင်းဟောက်ပက်ကလေး ပြန်မပွင့်လာတော့ပါဘူး။ ရင်ထဲမချိရက်တဲ့ကြားက ပြောလိုက်မိပါသေးတယ်။

“ချွေးမလေးရေ ညည်းကလေးနဲ့ ညည်းတစ်ခါတည်းများ လိုက်သွားဖို့ ဆုံးဖြတ်ခဲ့သလား အေ“

(ဈ)

ဪ အချစ်မရှိလို့ အလွမ်းနဲ့ ငိုကြရတယ်တဲ့။ ကြီးလိုက်တဲ့အပူတွေများလေ။ တစိမ့်စိမ့်သောက်တဲ့အရည်ဟာ တရိပ်ရိပ်ဖျက်မယ့် အရည်တွေပါလို့ တားသော်မှ ရတော့ဘူး။ မြေးမလေးခများ ကျောင်းကိုနှစ်တန်းနဲ့ထွက်လိုက်ရပြီ။ ခုပင် ခုနှစ်နှစ်။ ဖိုးတူးလေးကရော လေးနှစ်။ သားသမီးသံယောဇဉ်နဲ့များ ချုပ်နှောင်ရမလားမှတ်တော့ ကလေးတွေကို အမေပဲစောင့်ရှောက်ပါသကော။ အသက်ကြီးမှာ မိခင်ရင်ခွင်က တဖန် ပြန်နွေးရတယ်။

ရလာတဲ့ အလုပ်ကလေးကနည်းနည်း သောက်တာကများတော့ အံ့ကြီးမောင်အဖေ ကျုပ်လင် ကိုဖိုးကူးအမြတ်တနိုးရှိလှတဲ့ သံသေတ္တာတစ်လုံးရောင်းဆပ်လိုက်ရတယ်။ ခုတော့ မနက်မျက်နာသစ်ရေဟာ ရေအစား အရက်ဖြစ်သွားခဲ့ပြီ။ ဖောလာတဲ့ မျက်နာတွေ၊ လက်ဖမိုး၊ ခြေဖမိုးတွေကိုကြည့်ပြီး ကျုပ်မှာ ကျောပြင်ကို တဘုန်းဘုန်းထု

“တိရိစာ္ဆန် နင် ဟာ တိရိစာ္ဆန်ဟဲ့ သိလား အံ့ကြီးမောင်။ အဖေသေလို့ မိန်းမသေလို့၊ ဘဝကြီးက ကြမ်းလို့ဆိုတဲ့ တိမ်ဖျင်းတဲ့နင့် ဉာဏ်တွေက ဆက်တွေးတုန်းလား။ နင့်လက်ကလေးတွေ ခြေဖမိုးလေးတွေကို ပြန်ကြည့်လိုက်စမ်းပါဟယ်။ သွားပြီး။ သိလား။ ငါ အသုဘစရိတ်တောင် ကြိုစုထားရတော့မလိုပါပဲလား။ ဘုရား ဘုရား။  တပည့်တော်မှ ဘဝက ဆိုးလှချည်လားဘုရား။ လင့်အရိပ်သော်မှ ခိုမဝ၊ သားအရိပ်သော်မှ ကိုး မရပါလားဘုရား။ တပည့်တော်သွားလေရာ မိုးသည်းလို့နေပါတယ်ဘုရား၊ အတိတ်ဘဝက ပြုခဲ့ဖူးတဲ့ ကံဝဋ်ကြွေးများရှိရင် ကျေပါတော့ဘုရား“

ဘုရားစင်ဘက်လှည့်ပြီး ပုဆစ်တုပ်ဦးတွေကို အံ့ကြီးမောင်ကိုပြောရင်းက ကုန်းချဖြစ်တယ်။ ဒီလိုဆိုတော့လည်း အံ့ကြီးမောင် ကျုပ်ကိုကြည့်နေလိုက်တာလေ။ မျက်ဝန်းများကပြောတဲ့စကားကိုလည်း အမေ နားလည်တယ်သားလို့ ပြန်ပြောရတယ်။  ဂရုဏာဒေါသောတွေပါလို့လည်း ဖြေသိမ့်ရတယ်။ ဒါပေမယ့် အဲဒီနေ့ဟာ အံ့ကြီးမောင်ကို ကျုပ်နောက်ဆုံး ပြောခွင့်ရလိုက်တဲ့စကားတွေပါပဲလေ။

အရက်ကိုစွဲသောက်လာခဲ့သမျှ ဖြတ်မယ့်ဖြတ်တော့လည်း တစ်ရက်တည်းပါလား သားရယ်လို့ မြည်တမ်းရင်းနေခဲ့ရတာ အဲဒီ နေ့ကနေ နောက်ခုနှစ်ရက်တိတိပေါ့။

အံ့ကြီးမောင် ကားတိုက်လို့သေပြီ ဆိုတဲ့သတင်းမနက်မိုးလင်းလင်းချင်းကြားတယ်လေ။ တစ်ညလုံး ငုတ်တုတ်အိမ်ကပျဉ်မှာ ထိုင်နေတာလည်း သိတယ်။ ညဉ့်နက်မှာ ဘယ်ကိုသွားပါလိမ့်။ ဦးတည်တဲ့လမ်းကိုတောင် အံ့ကြီးမောင်မပြောခဲ့ဘူး။ လမ်းခုလတ်မှာ မနက်စောစောထွက်တဲ့ ကုန်ကားက မှောင်နေလို့တိုက်မိသတဲ့။ လောကကို မြန်မြန် လက်ပြနုတ်ဆက်ထွက်ခွားသွားရက်လိုက်ကြတာ။

မြေးမလေး သီရိ၊ မြေးကလေး ဖိုးတူး အဘွားဖြစ်တဲ့ ကျူပ်ရင်ဘတ်ထဲမှာ ထွေးပိုက်ထားဖို့ပဲ ထားခဲ့ကြတာကလား။ အံ့ကြီးမောင်းရဲ့ အသုဘက လျှော်ကြေးပေးတဲ့ ယာဉ်ပိုင်ရှင်တွေကြောင့် ကောင်းကောင်းချပေးနိုင်ခဲ့တော့ ကျုပ်က ကျေးဇူးတင်ကြောင်းပြောရသေးတယ်။ ဒီတော့ ယာဉ်ပိုင်ရှင်တွေက မျက်လုံးပြူးကြည့်တယ်။

“အဲလိုမကြည့်ပါနဲ့ ကလေးတို့ရယ်။ ကိုယ့်ဖာသာကိုယ်ဆို ဒေါ်ဒေါ် ဒီဈာပနကို ချနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ကားနဲ့တိုက်တာ မတော်တဆဆိုပေမယ့် တမင်သက်သက်တိုက်မယ်ဆိုရင်လည်း ဒေါ်ဒေါ်တို့ ကျေနပ်ကြရမှာပါကွယ်“

(ည)

ခုဆို ဖိုးတူးလေး ခုနှစ်နှစ်ရှိပါပြီ။ စကားမပြော၊ ကိုယ်အင်္ဂ ါ မသန်မစွမ်းနဲ့ ၊ ပိုလီယိုဆိုလား ဘာဆိုလာမသိ အဲဒီရောဂါရှိသတဲ့။ ကျုပ်က ထမင်းခွံ့၊ သူကလေးကိုထိန်းပြီး ခုအိမ်ကလေးမှာ နေရ ငြီးငွေ့လှပေါ့။ ဆေးလိပ်လေးဖွာရင်း မိုးကောင်းကင်ကိုကြည့် ဆွေးရတာပါပဲ။ မြေးမလေးပြန်လာမယ့်အချိန်ကိုကြည့်ဆွေးရတာပါပဲ။

အိမ်ဘေးက ချောင်းဆိုတဲ့မြောင်းကိုကြည့်ပြီး ရေမရှိလည်း ကောင်းရဲ့။ ရေရှိလည်းကောင်းရဲလို့တွေးပါတယ်။ ကျူပ်ကတော့ တွေးတယ်လေ ကျုပ်နေရသမျှ ကာလပတ်လုံးတော့ ရေမရှိတဲ့ချောင်းဆိုလည်း တစ်သက်လုံး ခမ်းခြောက်ခြောက်နေသွားနိုင်ချင်ရဲ့။ ရေရှိလည်း တစ်သက်လုံး တသွင်သွင်စီးသွားနိုင်ပါစေရဲ့လို့လေ။

လောကကြီးရဲ့ အနှိမ့်အမြင့်မတူတဲ့ ဘဝဇာတ်ခုံတွေပေါ် ကြမ္မာနဲ့တူတဲ့ မိုးတွေပဲ မသည်းစေချင်တာလည်း ပါသေးပါရဲ့။ လက်ဖက်ကလေးတရိုးဝါးဖို့၊ ထန်းလျက်ကလေးတစ်ခဲကိုက်ဖို့ အချိန်ဆိုတာကို တွေးယူ ဇိမ်ထူးခံဖို့ဆိုတာ ဆေးလိပ်ပြာခွက်ကလေးတွေထဲက ပြာတွေလို အထိမခံ ကြွှေလုဖို့ပဲရှိနေတာပါ။

ဒါတောင် မီးစာကုန် ဆီခမ်းလုလု အဖွားကြီးရဲ့ သောက်လက်စ ဆေးပြင်းလိပ်ကလေး တိုချင်တိုနေဦး မီးတော့ ပြန်ညှိလို့ ရနိုင်သေးတာက လက်တွေ့ရယ်ပါလေ…။

 

 

သော်ဇင်(လွိုင်ကော်)

Date-30th-Oct-2013

Time-02:02PM

 

9 comments

  • MAUNG

    November 3, 2013 at 6:44 pm

    ကိုသော်ဇင် ရင်ဘတ် နဲ့ခံ စားပြီးရေး တဲ့ စာတွေ ကို…. ရင်ဘတ်နဲ့ခံ စားပြီးဖတ်သွားပါတယ်ဗျာ

  • KZ

    November 3, 2013 at 7:48 pm

    I m so tired and touched ..!
    😥
    Perfect..!

  • Mr. MarGa

    November 3, 2013 at 8:22 pm

    ကြမ်းရှရှ ခံစားချက်ကို ပေးတယ်ဗျာ။
    ဘယ်ကို ပို့ထားလဲဗျ။
    တကယ် ကောင်းတဲ့ စာတစ်ပုဒ်ပါ။
    ဖတ်ပြီး ရင်မှာ မချိ…… 🙁

  • padonmar

    November 3, 2013 at 9:07 pm

    ကောင်းလိုက်တဲ့အရေး၊
    ဒေါ်စိန်ပုက အနေဆင်းရဲပေမယ့် နဂိုအခံမှာ အသိရှိခဲ့ပုံရတယ်။
    သူ့အတွေးလေးတွေက ဆန်အိတ်ထမ်းသမားမယားထက် နည်းနည်းပိုမြင့်နေသလားလို့။
    (မပဋာလိုလေ သူဌေးသမီးကနေ သူ့အိမ်က သူရင်းငှားကျွန်နဲ့ရတော့ အတွေးအခေါ်မတူပေမယ့် ပြုပြင်လို့မရနိုင်တဲ့ဘဝမျိုးလို့ ချဲ့တွေးမိတယ်)

  • alinsett

    November 3, 2013 at 9:43 pm

    တစ်ပုဒ်ထက်…နောက်တစ်ပုဒ်က.. ပိုပို ကောင်းလာလွန်းလို ့…
    ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး..ကသော်ဇင်ရေ..။

    ကျွန်တော်တော့.. ကသော်ဇင့် စာဖတ် ပရိတ်သတ် တစ်ယောက် ဖြစ်နေပါပြီ..လို ့…

    :kwi:

  • ကျော်စွာခေါင်

    November 4, 2013 at 3:09 am

    ကိုသော်ရေ..
    ကောင်းတယ်ဗျာ… တစ်ကယ့်ကို ဘဝတွေထဲ ဝင်စားပြီး ရေးထားတာဘဲ..။ တော်တယ် ကိုသော်..။
    စိတ်မခုဘူးဆိုရင် တခုလေးဘဲ အကြံပေးချင်တယ်..သိလား။
    ဥပမာ ပြောရရင် စကေဘာနဲ ့ ကပ်ပြီး ပွဲသိမ်းရမယ့်ဟာကို ၆ပေ လောက်ရှည်တဲ့ လှံနဲ ့ထိုးသလို ဖြစ်နေတာက
    ခေါင်းစဉ်… ဝတ္တု နာမည်ဘဲ…။
    ကျန်တာတော့ လွှတ်ကောင်းဘဲ။

    • ဟုတ် ခေါင်းစဉ်ကို ပြန်ပြောင်းဖို့တော့ မမီတော့ဘူးဗျာ ပို့လိုက်ပြီ ကိုကျော်ရေ ကျေးကျေး စိတ်မခုပါဘူးဗျာ ကိုကျော်ကလည်း နောက်လည်း ပြောပေးပါဗျာ့။

Leave a Reply