မေးပါရစေ မိတ်ဆွေတို့ရေ
မေးပါရစေ မိတ်ဆွေတို့ရေ
စက်ရုံတစ်ခုကို အကြီးအကဲတွေ လာကြည့်တော့မယ်ဆိုရင် ဧည့်ခံဖို့နေရာ ကျွေးဖို့စားစရာ လှည့်ကာကြည့်မဲ့ ဝန်းကျင် စိမ်းလန်းစိုပြေရေး သားသားနားနားအမြင်တင့်တယ်ရေးအတွက် စက်ရုံကသူတွေ အလုပ်တွေရှုပ် ယောက်ယှက်တွေခတ်နဲ့ လူတိုင်းနီးပါးအလုပ်ကိုယ်စီ တာဝန်ကိုယ်စီ လုပ်နေကြပေမယ့် မောင်ပြူးတစ်ယောက် ကတော့ စီးကရက်လေးဖွာကာခဲပြီး လဘက်ရည်ဇိမ်နဲ့သောက် မပျက် အေးဆေးထိုင်နေလျှက်ပေါ့။
စက်ရုံမှုးကပြောလည်းသူကတော့ မဖြုန်နဲနဲမှမလှုပ် ဟီးဟားနဲ့ ငုတ်တုတ်ရှိလေတဲ့သူပါဘဲ။ အဲ အကြီးအကဲ ရောက်လာပြီဆိုရင် ဝန်ထမ်းဆိုတဲ့အတွင်း စိတ်သဘောကလည်း အကြီးအကဲကို မျက်နှာလုပ်ကာ ဖားချင် ပြုချင် အကြီးအကဲမမြင်မှာစိုးလို့ မြင်သာတဲ့နေရာကနေ နုတ်ဆက်ချင်ကြတာလေ အဲဒီအချိန်မှာတော့ မောင်ပြူး တစ်ယောက်ဘာလုပ်နေလဲသိလား အကြီးအကဲ သွားလာနေထိုင်ရာနေရာကနေ ခပ်ဝေးဝေးလည်း မဟုတ် အနီးနားလည်းမဟုတ် မြင်သာထင်သာတဲ့နေရာမှာ ချွေးတစ်လုံးလုံးကျအောင် အလုပ်တွေကို ခေါင်းမ ဖော်တမ်း လုပ်ပြနေသပေါ့ဗျာ။ အဲဒီကျ အကြီးအကဲကမေးပြီး ဟိုမှာအလုပ်ကိုအာရုံစိုက်ကြိုးစား လုပ်နေ တဲ့သူ က ဘယ်သူ လဲဆိုတော့ မောင်ပြူးပါပေါ့။ ဒါပေမယ့် စက်ရုံမှုးတို့ အရာရှိတွေက မောင်ပြူးက အလုပ်ခိုတဲ့ သူလို့ပြောရင် အကြီးအကဲက မယုံဘူး အလုပ်အရမ်းလုပ်တဲ့သူမို့ ဒီကောင်တွေ သူ့လိုမလုပ်နိုင်တိုင်း ချောက်တွန်း တယ်ဘဲ ထင်တာပေါ့။ အကြီးအကဲထင်လည်းထင်ချင်စရာဘဲလေ တစ်ခါတုန်းက စက်ရုံကို အကြီးအကဲလာတယ် အဲဒီတုန်းက စက်ရုံခြံစည်းရိုးအသစ်နဲ့ အုတ်တိုင်တွေကဆေးသုတ်လက်စပေါ့ဗျ။ အကြီးအကဲယာဉ်တန်းလည်း လာရောအဲဒီခြံစည်းရိုးကိုဆေးသုတ်နေတဲ့ အလုပ်သမားတစ်ယောက်ကို စက်ရုံအရာရှိတစ်ယောက်က အကြီးအကဲကိုမိုးပေးဖို့ ထီးပြေးပြီးသွားယူခိုင်းလိုက်တော့ မောင်ပြူးက အဲဒီဆေး သုတ်လစ်လပ်သွားတဲ့သူနေရာ မှာသူကဆေးဝင်သုတ်နေလိုက်တယ်၊ အကြီးအကဲယာဉ်တန်းက မောင်ပြူး ဆေးသုတ်နေ တဲ့နားကဖြတ်သွားတော့ ကားထဲက အကြီးအကဲကလှမ်းမြင်သွားပြီး မောင်ပြူး အလုပ်အရမ်းလုပ် တယ်လို့ လက်ခံသွားတာမျိုးဗျ။ ဒီလိုနဲ့ စက်ရုံကဝန်ထမ်းတွေ ရာထူးတိုးပေးဖို့စဉ်စားတိုင်း မောင်ပြူးကတော့ အမြဲပါနေစဲပေါ့ဗျာ။ ဒီလိုနဲ့ဘဲ နှစ်တွေ ကြာတဲ့အခါ မောင်ပြူးတစ်ယောက် ရုံးဌာနတစ်ခုရဲ့ဝန်ကြီးအဆင့်လောက်ထိကိုဖြစ်သွားတယ်တဲ့ဗျ။
အဲဒီမှာ မောင်ပြူး ဘာလုပ်တတ်သလဲ စီးကရက်လေးဖွာလိုက် လဘက်ရည်ဆိုင်ထိုင်လိုက် ဒါဘဲတတ်သမို့ မောင်ပြူးဝန်ကြီးအဖြစ်ခန့်အပ်ခံရတဲ့ ရုံးဌာနကသူတွေလည်း စီးကရက်လေးဖွာလိုက် လဘက်ရည်ဆိုင်ထိုင် လိုက်အလုပ်ဘဲလုပ်ရင်းနဲ့ အချိန်တွေကုန်ခဲ့တာဘဲရှိပြီး လုပ်ငန်းဝင်ငွေနည်းလာတာမျိုး အမြတ်အစွန်း မရ တာမျိုးတွေဖြစ်လာပါရော။ အဲဒီတော့မှ မောင်ပြူး တစ်ယောက်အကြံထုတ်လေပြီး ဘယ်လိုနည်းနဲ့ ကုန်ထုတ်မှု မြတ်အောင်လုပ်မလဲ ဝင်ငွေရအောင်လုပ်မလဲပေါ့။ ဘယ်လောက်စဉ်းစားစဉ်းစား အဖြေကမထွက် တဲ့အဆုံး သူသိကျွမ်းရာကိစ္စကိုဘဲ စောင်းပေးကာအကောင်အထည်ဖော်ရင်း သူ့ဝန်ကြီးဌာနရဲ့ရုံးတွေမှာ သက်သာ လဘက်ရည်ဆိုင်တွေ လူနေဆိုင်းခန်းအဌားတွေနဲ့ပြည်နက်ခဲ့ပြီး အဲဒီအဌားချဝင်ငွေရပြန်တော့လည်း အကြီး အကဲက မောင်ပြူး တော်တယ်ဖြစ်ရပြန်ရောဗျ။ မောင်ပြူး ကုသိုလ်ကံကဘဲကောင်းတာလား အကြီးအကဲ က ဘဲကိစ္စရပ်တစ်ခုကို မြင်ကွင်းလေးတစ်ခုဘဲ ကွက်ကွက်လေးကြည့်ကာ ဆုံးဖြတ်လေလား ဆိုတာတော့မပြော တတ်ဘူးပေါ့။
အဲဒီမှာဆိုစကားတစ်ခုဖြစ်ခဲ့တယ် မောင်ပြူးလုပ်ခဲ့တဲ့စက်ရုံမှာ မောင်ပြူးဝန်ကြီးဖြစ်ပြောင်းသွားတော့ အလုပ် မလုပ်ဘဲခိုကယ်နေပြီး လူကြီးလာမှဟန်ပြလုပ်ရင် မောင်ပြူးလို မလုပ်နဲ့တဲ့။ အဲ တကယ်အလုပ် လုပ်တဲ့သူက ဝန်ကြီးဖြစ်လာမျိုးမဟုတ်တော့ ဝန်ကြီးရုံးကအချင်းချင်းတီးတိုးပြောကြတာက အလုပ်အမြဲလုပ်စရာမလိုဘူး နေတတ်ဖို့လို မောင်ပြူးလိုလုပ်တဲ့။
ကဲ ဆန့်ကျင်ဖက်ဖြစ်နေတဲ့ ဒီပုံပြင်လေးက စကားရပ်နှစ်ခုမှာ ဘယ်ဟာမှန်လည်း စဉ်းစားမရလို့ မေးပြရစေ မြန်မာ့ဂဇက်က မိတ်ဆွေတို့ရေ။
ခင်ခ။
12 comments
TNA
November 15, 2013 at 4:32 pm
အခုလက်ရှိမှာတော့မောင်ပြူးလိုလုပ်ချင်နေကြတဲ့သူတွေဒုနဲ့ဒေးပေါ့ကိုခင်ခရေ။ ဒါပေမဲ့ကျွန်မတို့ပြည်သူတွေ မျှော်လင့်နေတာတော့ မောင်ပြူးလိုမလုပ်မဲ့သူပေါ့ရှင်။ ဒါပေမဲ့လဲပေါ့ရင် 😥
alinsett
November 15, 2013 at 6:43 pm
တစ်ဖက်က ကြည့်တော့ လက်ဖဝါး
နောက်တစ်ဖက်က ကြည့်တော့ လက်ဖမိုးး
ဟိုးဟိုးး
အမှန်တရားမျိုးစုံနဲ ့ပိုစ့်မော်ဒန်ခေတ်ကြီးးး
အရိပ်စစ်
November 16, 2013 at 3:17 am
မောင်ပြုးလို လူတွေ တွေ့ဖူးတယ်
Foreign Resident
November 16, 2013 at 3:48 am
မေါင် ပြူး လို ၊
၁ ။ သူ့ကို လူကြီး သတိထားမိအောင် နေတတ်တာကို ပညာ တစ်ရပ်လို့ ယူဆပါတယ် ။
၂ ။ လူကြီး ကို ဖားတတ်တာကိုလည်း ပညာ တစ်ရပ်လို့ဘဲ ယူဆပါတယ် ။
မေါင် ပြူး ဟာ ၊ အဲဒီ ပညာပိုင်းမှာ သူများတွေထက် သာလွန်တဲ့အတွက် ၊
မေါင် ပြူး ၊ အောင်နိုင်သွားတာ ဖြစ်ပါတယ် ။
( ဖား တာများ လွယ်တယ်မှတ်လို့ ၊ အဖား မတတ်ရင် ငပေါကြီး ဖြစ်သွားမယ် ၊
ဗလိုင်း ဖား တိုင်းသာ အောင်မြင်ရရင် ၊ လူတိုင်း အောင်မြင်နေပြီပေါ့ ၊
ဖား တာ မှာလဲ သူ့ပညာနှင့် သူ ရှိတယ် )
လက်ရှိလည်း အုပ်ချုပ်ရေး ပိုင်းမှာ လုပ်နေတဲ့ လူတစ်ယောက်အနေနှင့် ပြောရရင် ၊
( အရည် အချင်း ချင်းတူရင် ) ဖား တဲ့သူကို ပို သဘောကျပါတယ် ။
အနဲဆုံး ၊ အထက်လူကြီး ကို လာဖားနေတဲ့သူ တစ်ယောက်ဟာ ၊
အထက်လူကြီး ရဲ့ မျက်နှာသာပေးမှုကို ရယူချင်စိတ် ရှိနေသေးတာ သေချာပါတယ် ။
အဲဒါကြောင့် အထက်လူကြီး ကို ပြန်လှန် တိုက်ခိုက်မယ့်ရန်သူ တစ်ဦး မဟုတ် ( သေး ) ပါဘူး ။
ငွေ ပေးနေတဲ့ သူဋ္ဌေးက ၊ ဖားမှကြိုက်ရင်လဲ ၊ ဖားပေးလိုက်ပေါ့ ၊
ကိုယ်က သူ့ငွေ စားမိနေမှတော့ ၊ သူကြိုက်တာ လုပ်ပေးလိုက်ရုံပေါ့ ၊
သူဋ္ဌေးကြိုက်တာမှ ၊ လုပ် မ ပေးနိုင်ရင်လည်း ၊ အလုပ် ထွက်လိုက်ကြယုံပေါ့ ။
Logic က လွယ်လွယ် ရှင်းရှင်း လေးပါ ။
သူဋ္ဌေးဘက်ကသာ ၊ လုပ်းငန်း အောင်မြင် ချင်တာလား ၊
အ ဖါး ခံချင်တာလား ရွေးရမှာ ၊ သူဋ္ဌေး ရဲ့ အပိုင်းပေါ့ ။
ခင် ခ
November 16, 2013 at 9:52 am
အဘဖောဆွေးနွေးချက်က ပြောင်မြောက်ပါပေ၏။
ကျွန်တော့်အမြင်ပြောရရင်ဖြင့် လူတွေဟာ နေရာတစ်ခုမှာ နေကြရတယ်၊ အဲဒီနေရတဲ့နေရာကို ဖန်တီးတဲ့သူကလည်း မိမိကိုယ်တိုင်ပါဘဲ၊ အဲဒါကြောင့်ဘဲ လူတွေဟာ မိမိနေရတဲ့နေရာအတွက် ဘယ်လိုလုပ်ရင်နေရာကောင်းကိုရမလဲ တွေးကြ လုပ်ကြတယ်ပေါ့။ အဲဒီလို ကိုယ်ဖန်တီးမှုကြောင့် ရရှိခဲ့တဲ့နေရာကို ရယူနေခွင့်ရှိလာတဲ့အခါ အဲ ဒီနေရာနဲ့ ထိုလူဟာ ထိုက်တန်၏ မတန်၏ ဆိုတာကိုတော့ နှစ်သက်သူက ထိုက်တန်တယ်လို့ဆိုကြပေမယ့် မနှစ်သက်သူကတော့ မထိုက်တန်ဘူးလို့ ဆိုကြတာလည်း လူ့သဘာဝပါဘဲလေ။ ဒါပေမယ့် ကိုယ်ရယူခဲ့နေရာကို အများစုက ရသင့်ရထိုက်လို့ ရယူတယ်လို့ အမှတ်သညာပြုရင်တော့ အဲဒီလူဟာ သမိုင်းကြောင်း ကောင်းသူ ပင် ဖြစ်ပေလိမ့်မည်သာတည်း။
လုံမလေးမွန်မွန်
November 18, 2013 at 3:32 pm
ဟဲ.ဟဲ.. ခုဟာက သူဌေးမဟုတ်ဘူး ဘဖောရဲ့… မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေ… လုပ်ငန်းအောင်မြင်တာ မအောင်မြင်တာ သူတို့အလုပ်မဟုတ်ဘူး.. အဖားခံရဖို့က အဓိက… သူတို့ ချမ်းသာဖို့အဓိက..
kyeemite
November 16, 2013 at 11:25 am
ကျုပ်အထင်တော့ မြန်မာပြည်မှာ မောင်ပြူးလို လူတွေများနေတုန်းပါပဲ
အထူးသဖြင့် အစိုးရဋ္ဌာနတွေမှာပေါ့…ဝန်ကြီး တက်ဖြစ်မဖြစ်တော့မသေချာ..
ဋ္ဌာန ချာတူးလန်တာတော့အသေအချာ… 🙁
ခင် ခ
November 16, 2013 at 1:15 pm
ဆရာမိုက်ရေ မြန်မာပြည်အစိုးရဌာနတွေအကြောင်း တစေ့တစောင်း ပုံပြင်ပေါ့ဗျာ။
ဌာနတွေ ချာတူးလန်ရုံတင်ဘယ်ကမလဲ တိုင်းပြည်ကြီးတောင်ချာတူးလန်နေတာလေ အဲဒါ မောင်ပြူးလို လူတွေဘဲ နေရာယူပြီးလုပ်ခဲ့ကြလို့ပေါ့ဗျာ။
Ko chogyi
November 16, 2013 at 3:25 pm
ကျွန်တော့်အမြင်ပြောရရင်တော့
မောင်ပြူးမှာလည်းအပြစ်မရှိပါဘူး
မောင်ပြူးလိုအနားပြာကိုတောင်
ခွဲခြားမသိနိုင်တဲ့သူမှာပဲ အပြစ်ရှိပါမယ်။
အဘ ဘုတ်ကလုံ
November 17, 2013 at 12:00 pm
ငပြုးက ငပြဲကို ပြန် ဖြဲ နေတဲ့ ခေတ်ကိုးး
ခေတ် ခေတ်.. နှစ် ၆ဝ ကျော်ခဲ့ပြီးကိုး
ခံစားလိုက် အရိုးပါနာတယ်.. အမျိုးပါဆဲချင်သပလေး။
ပြူးပြဲ ဒူးကွဲဖူးတဲ့ အဘဘုတ်
KZ
November 18, 2013 at 10:17 am
ခေတ် အဆက်ဆက် အမြဲလက်ကိုင်ထားသင့်တာကတော့ ရိုးသားမှု ဟုထင်ပါတယ်။
မ အ တော့ မ အ စေနဲ့ ပေါ့လေ။
ကိုယ့် နေရာကို မြင်နိုင်ယူနိုင်တဲ့ ပါးနပ်မှုလည်းရှိသင့်ပါတယ်။
လူလည်ကျတာကို ပြောတာမဟုတ်ဘူးနော်။
အဲတော့ ရိုးသားမှုနဲ့ ပါးနပ်မှုရှိတဲ့ လူမျိုးကိုပဲ အနားမှာထားသင့်တယ်လို့ထင်တာပဲ။
😀
Ma Ma
November 18, 2013 at 2:53 pm
လက်တွေ့လောကမှာတော့ မြွေမြွေချင်း ခြေမြင်တတ်ကြတယ်။
ခိုတတ် ကပ်တတ် (တွက်ကပ်တတ်) ဖားတတ်တဲ့သူက
ခိုနည်း ကပ်နည်း ဖားနည်းကို သိထားတော့
ခိုတဲ့ ကပ်တဲ့ ဖားတဲ့သူကို ပိုမြင်တတ်ပြီး
ခိုတာ ကပ်တာ ဖားတာ မလုပ်အောင် သူခေါင်းဆောင်ဖြစ်တဲ့အခါ ထိန်းကျောင်းတတ်/နိုင်ကြတယ်။ :boss: