လူသစ်ပင်
တစ်နေ့ဆီတုန်းက “ပျော်ဘွယ်” ဘက်ကို စာပေဟောပြောပွဲ သွားဖြစ်ခဲ့သည်။ ကိုယ့်ကားနဲ့ကိုယ် သွားခဲ့သည်။ ကျွန်တော့်ကားပေါ်မှာ စာရေးဆရာ ဇော်ခိုင်ဦး၊ ဒဿနိက စာရေးဆရာ နန္ဒာထွန်းရွှေ၊ ပန်းချီဆရာ အောင်သန်းညိုတို့ပါသည်။ နေကလည်း ပူဆိုတော့ ကားမောင်းရင်းနဲ့ ရန်ကုန်-မန္တလေး လမ်းဘေးနားက ကုက္ကိုရိပ်မှာ နားလိုက်ကြသည်။ အနားယူရင်း စားပြောဖြစ်ကြသည်။ ပြောတဲ့ စကားတွေထဲမှာ သစ်ပင်နဲ့ တူတဲ့ လူတွေအကြောင်းပါလာသည်။ ကျွန်တော်က အတွေးသမားဆိုတော့ ဒီလိုပြောမိသည်။
“လူ (၂)မျိုး ရှိတယ်ဗျ။ လူနဲ့ တူတဲ့ လူရယ်၊ သစ်ပင်နဲ့ တူတဲ့လူရယ်”
ဇော်ခိုင်ဦးက မေးသည်။
“ရှင်းပြစမ်းပါဦး။ သစ်ပင်နဲ့ တူတဲ့ လူဆိုတာ ဘယ်လိုမျိုးလဲ” “ဒီလိုဗျ၊ သစ်ပင်နဲ့တွေကို ကျွန်တော်တို့ မြင်ဖူးကြတယ်။ သစ်ပင်တွေမှာ ကြီးထွားခြင်းရှိတယ်။ ရှင်သန်ခြင်းရှိတယ်။ လူတွေမှာလည်း ကြီးထွားခြင်း ရှင်သန်ခြင်းရှိတယ်။ ဒါပေမယ့် သစ်ပင်တွေမှာ လူတွေလို ဘဝဆိုတာ မရှိဘူး။”
နန္ဒာထွန်းရွှေက ဝင်ပြီးဆွေးနွေးသည်။
“ လူလိုလူကို Manly Man လိုသုံးတယ်။ သစ်ပင်လိုလူ ဆိုတော့ Treely Man လို့ သုံးရမယ်ထင်ပါတယ်။ အင်္ဂလိပ်စကား မှာတော့ မရှိဘူး။” “စဉ်းစားကြည့်ရအောင်ဗျာ။ သစ်ပင်တွေမှာ မိဘမရှိဘူး။ ဒါကြောင့် အဖေ၊ အမေကို လည်း ချစ်စရာမလိုဘူး။ မိဘကို မချစ်တဲ့ သာသမီးဟာလည်း သစ်ပင်လိုလူပဲ။ သားသမီးကို မချစ်တတ်တဲ့ မိဘဟာလည်း သစ်ပင်လိုလူပဲ”
ဇော်ခိုင်ဦးက ပြောသည်။
“ အခုမှ စဉ်းစားမိတယ်။ ဟုတ်သားပဲ သစ်ပင်မှာ မိတ်ဆွေ မရှိဘူး။ ခံစားချက်မရှိဘူး။ ယုံကြည်ချက်မရှိဘူး။ မေတ္တာတရားမရှိဘူး။ သစ်ပင်တစ်ပင်ကို ခုတ်ရင် ဟိုဘက်သစ်ပင်က ဒီအတိုင်းပဲကြည့်နေမှာ။ ကျွန်တော်တို့ လူတွေမှာက ခံစားချက်ရှိတယ်။ယုံကြည်ချက်ရှိတယ်။ မေတ္တာ တရားရှိတယ်။ မိတ်ဆွေတစ်ယောက်ရဲ့ အခက်အခဲကို ကျန်တစ်ယောက်က ကူညီပေးမယ် ဖြေရှင်းပေးမယ်”
နာန္ဒာထွန်းရွှေလည်း ခေါင်း တညိတ်ညိတ် နှင့် ဝင်ပြောသည်။
“သစ်ပင်တွေမှာ နိုင်ငံရေးမရှိဘူး။ ယဉ်ကျေးမှုမရှိဘူး။ ပရဟိတ မလိုဘူး။ ကရုဏာ၊မုဒိတာ၊မေတ္တာ၊ ဥပေက္ခာ ဆိုတာမရှိဘူး။” “ ဟုတ်တယ် ကျုပ်တို့ ပတ်ဝန်းကျင်မှာ သစ်ပင်လိုလူတွေ အများကြီးပဲ။ လူဖြစ်ပြီး ဘဝမရှိတဲ့ လူတွေပေါ့ဗျာ။ လူဆိုတာ ရှင်သန်ခြင်းနဲ့ ကြီးထွားခြင်း နဲ့ပဲ အဓိပာယ် ဖွင့်လို့မရဘူး။ လူဆိုတာ လောက ကောင်းကျိုး သယ်ပိုးရတယ်။ နိုင်ငံရေး စိတ်ဝင်စားရတယ်။ နိုင်ငံရေးဆိုတာ အများအရေး၊ လောကအရေးပဲ။ တချို့လူတွေကို ကြည့်လိုက်စမ်းပါ။ သူတို့ဟာ ခံယူချက်မရှိဘူး။ ငွေရရင်ပြီးရော ကိုယ့်အတ္တနဲ့ ခံယူချက်ကို ပြင်လိုက်ကြတယ်၊ ဒီလိုလူဟာ သစ်ပင်လိုလူပဲ။”
ပန်းချီအောင်သန်းညိုက ကုက္ကိုပင်ကြီးကို မော့ကြည့်ပြီး ဒီလိုပြောလိုက်သည်။
“ အမှတ်တမဲ့ ကြည့်လိုက်ရင်တော့ သစ်ပင်ဟာ သစ်ပင်ပါပဲ။ လူနဲ့ သစ်ပင် ယှဉ်ကြည့်လိုက်တော့မှ လူမှာ ဘဝရှိတယ်၊ သစ်ပင်မှာ ဘဝမရှိဘူး။ ဟုတ်တယ်၊ လူဖြစ်ပြီး လောကအတွက် ဘာတစ်ခုမှ မှတ်မှတ်ရရ မချန်ထားနိုင်ဘူး။ လူ့လောကထဲ ရောက်လာတယ်။ ရှာတယ်၊စားတယ်၊ ပျော်မယ်၊ ငိုမယ်၊ အိပ်မယ်။ ဒါနဲ့ပဲ အချိန်ကုန်သွားတဲ့သူတွေဟာ ဘဝမရှိတဲ့သူတွေပဲ။ သစ်ပင်တွေလိုပေါ့ ရှင်သန်ခြင်း ကြီးထွားခြင်းပဲရှိတယ်။ လောက ကောင်းကျိုးအတွက် ဘာမှ မချန်ထားခဲ့နိုင်ဘူး။ ဒီလိုလူတွေဟာ သစ်ပင်လိုလူတွေပဲ။ သစ်ပင်တွေမှာ စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပုဆိုတာ မရှိဘူး။ ဒီတော့ အနုပညာကို မခံစားတတ်တဲ့သူဟာ သစ်ပင်လိုလူလို့ခေါ်တယ်။” “ ဟုတ်တယ်ဗျ။ ရှင်သန်ခြင်း ကြီးထွားခြင်း ရှိရုံနဲ့ လူလို့ မခေါ်နိုင်ဘူးဘူး။ လူ (၃)မျိုးရှိတယ် လို့ ကျွန်တော်ကြားဖူးတယ်။ အလကားလူရယ်၊ မယားလူရယ်၊ အများလူရယ်”
ဇော်ခိုင်ဦးက ရှေ့သွားများ ပေါ်အောင် ပြုံးလိုက်ပြီး-“ဆိုစမ်းပါဦး၊ ဆရာဘုန်းရဲ့”
“အလကားလူဆိုတာ မနက်အိပ်ရာထတယ်ဗျာ။ လက်ဖည်ရည်ဆိုင်ထိုင်မယ်။ ကြွေဝိုင်းသွားမယ်၊ ကျူခုံသွာမယ်၊ ချဲတွက်မယ်၊ ချဲထိုးမယ်၊ မည်မည်ရရ ဘာဆိုဘာမှ မလုပ်ဘူး။ ညနေရောက်ရင် အရက်သောက်မယ်၊ ဘောပွဲကြည့်မယ်၊ မိုးချုပ်မှ အိမ်ပြန်မယ်။ မိသားစုအတွက်ရောလောက အတွက် ဘာမှ သုံးစားမရတဲ့လူပေါ့ဗျာ။ သူ့မှာ ရှင်သန်ခြင်း ကြီးထွားခြင်းပဲရှိတယ်။ သစ်ပင်လိုပဲ ဘဝမှရှိဘူးပေါ့ဗျာ။”
ကျွန်တော့် စကားကို ပန်းချီအောင်သန်းညိုက ဇော်ခိုင်းဦးကို ကြည့်ပြီး ပြုံးပြ၏။
“ မယားလူဆိုတာကတော့ ကိုယ့်မိသားစုအတွက် အတ္တထူထောင်နေတဲ့ သူတွေကို ဆိုလိုတာ၊ ကိုယ့်သားမယားအတွက်ပဲ လူဖြစ်လာတဲ့သူတွေပေါ့။ ဘယ်သူသေသေ ကိုယ့်မိသားစု ရှင်သန်ဖို့ အဓိကပဲ ဆိုတဲ့ အတွေးအခေါ်ဟာ မယားလူပဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မယားလူတွေ တစ်ပုံကြီး။ သူတို့ဟာလည်း သစ်ပင်လိုလူတွေပဲ။”
ဒီတစ်ခါ နန္ဒာထွန်းရွှေကို ကြည့်ပြီး ပန်းချီအောင်သန်းညိုက ပြုံးပြသည်။
“ အများလူဆိုတာကတော့ဗျာ၊ ကိုယ်လူဖြစ်လာတာ ကိုယ့်အတွက်မဟုတ်ဘူး၊ မိသားစုအတွက်လည်း မဟုတ်ဘူး၊ အများအတွက် လူဖြစ်ရတာလို့ပဲ ခံယူတဲ့သူပေါ့။ ကိုယ့်လုပ်ရပ်ဟာ အများကောင်းကျိုးကို ဖြစ်စေတယ်ဆိုရင် ဒီလိုလူကို အများလူလို့ ခေါ်ရမှာပဲ။ အများလူဆိုတာကမှ တကယ့်လူဗျ။ အများအကျိုးကို ဆောင်ရွက်လိုက်တာနဲ့ ကိုယ့်အကျိုးက အနည်းနဲ့ အများ ပါလာစမြဲပဲ။ ဥပမာဗျာ ပန်းပင်လေးတွေကို ရေလောင်းတယ်။ ပွင့်လာတဲ့ ပန်းကို ဘုရားမှာ လှူတယ်။ ပန်းရဲ့ ရနံ့ အဆင်းကြောင့် ရင်ထဲမှာ ကြည့်နူး ပီတိတွေ ဦးစွာ ခံစားရတယ်။ ဒါကြောင့် အများအကျိုးကို ကြည့်ခြင်း ဆိုတာ ကျွဲကူးရေပါ ဆိုသလို ကိုယ့်အတွက် ပီတိတွေ ပျော်ရွှင်ခြင်းတွေ ရလဒ်တွေ ပါလာစမြဲပဲ။ ဒါကြောင့် အများလူကမှ တကယ့်လူ ထာဝရလူ ဗျ။”
ကျွန်တော်တို့ အားလုံး လေအဝှေ့မှာ ကြွေလွင့်သွားတဲ့ သစ်ရွက်ခြောက်တွေကို ပြိုင်တူကြည့်မိကြသည်။ ပန်းချီအောင်သန်းညိုက ပြောသည်။
“သစ်ရွက်တွေပဲ ကြွေကြွေ၊ အကိုင်းပဲ ခုတ်ခုတ်၊ သူတို့ အနားက သစ်ပင်တွေကို လှဲလှဲ ဘာမှ မခံစားကြဘူးနော်။ ဪ…..သူတို့က သစ်ပင်တွေကိုး”
ကျွန်တော်တို့ကကော……………..
Credit to-ဦးဘုန်း(ဓာတု) ၏ “ပန်းသေနတ်” စာအုပ်မှ
အားလုံးကို လေးစားတဲ့
Paing Lay
12 comments
KZ
December 5, 2013 at 10:37 am
နာ က…..
နာ က…….. ဘာလူတုန်း ဆိုတော့ …………………
အစား လူ။
ဟိ။
စားဖို့ပဲ စဉ်းစားနေလို့……. :mrgreenn:
alinsett
December 5, 2013 at 1:09 pm
ကျွန်တော်က
လူတစ်ပိုင်း ကဗျာတစ်ပိုင်း
:kwi:
Paing Lay
December 5, 2013 at 8:00 pm
KZ: မမ ကေဇီရေ ရှိသေးရင် နည်းနည်းကျွေးပါ 😀
alinsett: အားပေးတဲ့ အတွက် ကျေးကျး ကိုအလင်းစက် 🙂
kyeemite
December 6, 2013 at 1:55 pm
“ သစ်ပင်တွေလိုပေါ့ ရှင်သန်ခြင်း ကြီးထွားခြင်းပဲရှိတယ်။ လောက ကောင်းကျိုးအတွက် ဘာမှ မချန်ထားခဲ့နိုင်ဘူး။ ”
ကျုပ်တွေးမိတယ်…သစ်ပင်တွေ၊ သစ်တောတွေရှိလို့ ရာသီဥတုတွေမှန်တယ်
သစ်ပင်တွေ၊ သစ်တောတွေရှိလို့ ကျုပ်တို့နေစရာအိမ်နဲ့ ပရိဘောဂတွေရတယ်
သစ်ပင်တွေ၊ သစ်တောတွေရှိလို့ တိုင်းပြည်ဝင်ငွေရတယ်…
ရော်ဘာလိုဟာတွေရလို့ လူတွေအသုံးအဆောင်မျိုးစုံရတယ်
…အိုး..ပြောရရင်သစ်ပင်ကလူ့လောကကိုအကျိုးပြုနေတာအားကြီးပါဗျာ… 🙂
kyeemite
December 6, 2013 at 2:00 pm
ကျုပ်တို့လူထဲမှာမှ သစ်ပင်လောက်လောကအတွက်အသုံးမတဲ့သူတွေပေါသေး…
kai
December 6, 2013 at 5:20 pm
သစ်ပင်မှာ.. ခံစားချက်..ပရဟိတ.. ဘာဘာညာညာတွေမရှိဘူးလို့…
“လူ”ကပြောနေတာဖြစ်ပါကြောင်း…
•*¨နန်းတော်ရာသူ •*¨
December 6, 2013 at 7:25 pm
သစ်ပင်မှာခံစားချက်တော့ရှိမယ်။
ကျွန်းတစ်ကျွန်းမှာ သစ်ပင်တွေကိုခုတ်ချင်ရင်
အဲဒီသစ်ပင်နားမှာလူတွေစုပြီး ဆဲရေးတိုင်းထွာရိုင်းပြကြတယ်တဲ့
နောက်နေ့မှာ အဲဒီသစ်ပင်က ညှိုးနွမ်းခြောက်သွေ့ပြီးသေသွားရှာတယ် လို့ကြားဖူးနားဝ
Paing Lay
December 6, 2013 at 9:21 pm
အခုလို ဆွေးနွေးပေးသွားတဲ့ အူးအူးမိုက်၊ သဂျီးခိုင်၊ မမ နန်းတော်ရာသူတို့အား ကျေးဇူး အထူးတင်ရှိပါကြောင်း 🙂
kyeemite
December 7, 2013 at 10:32 am
” သစ်ပင်နှင့်လူသား ” ★★★★★★★★★★★
သစ်ပင်မှန်သမျှ အာကာသ
ကောင်းကင်ထက် လုတက်ကြတာချည်းပဲ။
မြေအောက်ငုံ့လျှိုး အဝီစိအိုးဆီ
ထိုးဆင်းဖို့ အလျှဉ်းမကြိုးစား
သစ်ပင်၏ နိယာမတရားလည်းမဟုတ်။
သို့သော် စိတ်ဓာတ်သိမ်ဖျင်း အရည်အချင်းသုည
အာကာသမှန်း အဝီစိမှန်းမသိ
နတ္ထိလူသား တချို့ ဟာ
မြေကြီးထဲသို့ ဆင်းဖို့ ကြိုးစားကြတယ်။
သစ်ပင်လောက်မှဘဝအပင်
မပေါက်တတ်တဲ့လူစား
မျက်ဝါးထင်ထင် တွေ့မြင်တတ်သေးရဲ့
ကလေးကအစ သိကြသည်။ ( တင်မိုး ) (ကဗျာဆရာကြီးများ ၏ ကဗျာများစုစည်းမှု မှကူးယူဖော်ပြသည် )
Paing Lay
December 7, 2013 at 3:12 pm
096801082 အဲဒါ ဆရာ ဦးဘုန်းရဲ့ ဖုန်းနံပါတ် ဖြစ်ပါတယ် ခီညော် အူးမိုက်ကယဲ ဒေါသချည်းပဲ 😀
kai
December 7, 2013 at 5:35 pm
Tree Man ဆိုပြီးတကယ်ရှိသဗျ…
Paing Lay
December 7, 2013 at 9:13 pm
ဘယ်လို နာမည်ပေးထားတာလဲဗျ သဂျီးမင်း။