အဝေး က ဆောင်း ပုံ ပြင် အပိုင်း ( ၂)
“အဝေးက ဆောင်းပုံပြင်”
( အပိုင်းနှစ်)
“နိုးထခြင်း”
သဲပြင်မှာ
သူသူငါငါလာတဲ့အခါ
အားလုံးရဲခြေရာ
မြေမှာကျန်သလို
ကျနော်ရဲ့နှလုံးသားရင်ပြင်
သူဝင်လာတဲ့အခါ
လွယ်လွယ်မမြင်နို်င်တဲ့
သံယောဇဉ်ခြေရာများ
သူချန်ထားခဲ့ပါတယ်။
“ခိုင်” ရန်ကုန်ကိုရောက်တဲ့နေ့မှာ ခိုင့်နဲ့ အဆက်အသွယ်ရပါတယ်။
သန်ဘက်ခါ ည အီလိုက် ည ဆယ်နာရီကားနဲ့လာမယ်။
ဘူတာကြီးနားကစောင့်ပါလို့မှာပါတယ်။
တံခွန်တိုင်အဝိုင်းပတ်ရောက်ရင်ဖုန်းဆက်ပါလို့မှာတော့ အဝိုင်းပါတ်သူမသိတဲ့.။
အဲတော့အလွယ်ဆုံးကတော့ကားပေါ်ရောက်ရင်ကျနော့်ဖုန်းကိုခေါ်လိုက်။
ပြီးရင်ဖုန်းကို စပယ်ယာကောင်လေးပေးလိုက်။
အဲဒီစပယ်ယာကို ကျနော်မှာမယ်လို့ဘဲ ပြောထားရပါတော့တယ်။
တကယ်ရောက်လာတော့လဲချောချောမောမောပါဘဲ။
ခိုင်တံခွန်တိုင်အဝိုင်းပါတ်ရောက်ပြီလု့ိဖုန်းဆက်ချိန်မှာ
ကျနော်က သူ့ကိုကြိုဘို့အိမ်ကထွက်လာနေပြီလေ။
ဘူတာကြီးရှေ့ကျနော်ရောက်တော့ ခိုင်တို့ကား ကရောက်နေပါပြီ။
အသားလတ်လတ်မျက်နှာဝိုင်းဝိုင်း အရပ်ခပ်မြင့်မြင့်
ခဲရောင်စကဒ်ဝတ်ထားပြီးခပ်ကျော့ကျော့လေးရပ်နေသူက ခို်င်မှန်းကျနော်တန်းသိလေသည်။
သူ့ကတော့ ဟိုကြည့်ဒီကြည့်ရှာနေလေသည်။
သူ့နံဘေးနားကိုကျနော်အရောက် ခို်င် ဟု ခေါ်လိုက်ချိန်မှာတော့
သူ့မျက်နှာလေးဝင်းပသွားပြီး
“ကျော့်ကိုရှာနေတာ”လို့အပြုံးတွေစွက်သောလေသံဖြင့်ပြောလေသည်.။
သူရောကျနော့်ရောမျက်ဝန်းမှာ အပြုံးတွေစွန်းထင်းနေသပေါ့။
ခက်သည်က သူ့မှာ အိတ်ကြီးကြီးကတစ်အိတ်။
ခရီးဆောင်အိတ်ကြီးကတစ်လုံး။
လက်ဆွဲအထုပ်က သုံးထုပ်။
ကျနော်ဆိုင်ကယ်နဲ့ တစ်ခါထဲဘယ်လိုမှ မပါနိုင်။
ဒီတော့လဲ ခိုင်ပစ္စည်းအားလုံးတစ်ခါတည်းပါအောင် ဆိုင်ကယ် ကယ်ရီတစ်စီးငှား။
သူက ကျနော်နောက်က လိုက်။
ပြီးတော့မှခို်င်အတွက် ကြိုတင်လို့ မှာထားပေးသော ဈေးချိုနားက
ဟိုတယ်သို့သွားခဲ့ကြသည်ပေါ့။
ဟိုတယ်ရောက်တော့
“ ကျော် ခဏစောင့်ပေး
လန်းသွားအောင် ခိုင်ရေချိုးချင်တယ်။
ပြီးရင်ပထမဆုံးအစီအစဉ်အနေနဲ့မုန့်သွားစားမယ်”
အဲတော့ သူ့အခန်းကိုအထုပ်အပိုးတွေပို့ပြီးတော့ ဧည့်ခန်းမှာထိုင်စောင့်ရလေသည်။
ဒီဟိုတယ်က ဝိုင်ဖိုင်ရတော့ အင်တာနက်သုံးရင်းစောင့်ရတာအပျင်းပြေလေသည်။
သိပ်မကြာခင်ခိုင်ဆင်းလာလေသည်။
အပွင့်အခက်နုနုလေးတွေပါသော အပြာနုရောင် မြန်မာအဝတ်အစားဖြင့် ခိုင်အလှကြီးလှနေလေသည်။
“ ခိုင်ဘာစားချင်သလဲ”
“ အိုး ကျော်ကျွေးတာလိုက်စားမှာလေ”
“ကောင်းပြီလေ ပထမဆုံး စုးိစိုး မုန့်တီ သွားစားမယ်”
“ အိုကေ ခိုင်စားချင်တာလဲ အဲဒါဘဲ”
မန်းလေးမြို့ရောက်လာသူတိုင်းအမြဲစားလေ့ရှိသော ၃၁လမ်း ၈၄-၈၅လမ်းကြား
ဝင်းထဲမှာရှိတဲ့ စိုးစိုးမုန့်တီဆိုင်သို့ ဆိုင်ကယ်ကို ဦးတည်လု်ိ်က်သည်ပေါ့.။
မုန့်တီစားရင်း ဘယ်သွားချင်လဲလို့မေးတော့
မန်းလေးမှာ လေးငါးရက်နေမည်စိတ်ကူးသည်တဲ့။
အဝေးဆိုရင် မင်းကွန်း စစ်ကိုင်း အင်းဝ တောင်သမန်အင်းနဲ့ဦးပိန်။
အနီးဆိုလျင် ဘုရားကြီး မန်းလေးတောင် ကျောက်တော်ကြီး ကုသိုလ်တော်
ရွှေကျောင်းကြီး နဲ့ မြနန်းစံကျော် ။
နောက်တစ်ကယ်အသွားချင်ဆုံးနေရာတစ်ခုက အောင်ပင်လယ်ဘက်
ကတောတန်းကလေးကို လိုက်ပို့ပါတဲ့။
နောက်ဧရာဝတီရဲ့နေဝင်ချိန်လေးကို ကြည့်ချင်ပါသတဲ့။
အဲတော့ မုန့်စားပြီးရင် တစ်ခါထဲ သွားနိုင်မလားဆိုတော့ရသည်တဲ့။
ထမင်းကိုတော့ မြန်မာထမင်း ဘူဖေးဆိုတာကို စားချင်သည်တဲ့။
အဲတော့ မုန့်တီဆိုင်ကအပြန် ဘုရားကြီးသို့ သွားကြသည်ပေါ့.။
ဘုရားကြီးကအပြန်မှာတော့ မန်းလေးတောင်ကိုသွားချင်သည်ဆိုတော့
မြို့တောင်ဖျားမှ မြောက်ဖျားသို့ စီးတော်ယာဉ်လေးကိုဦးတည်လိုက်ပါတယ်။
အဲဒီနေ့ကတော့ စစချင်းမန်းလေးတောင်ပေါ်တက်။
ကံကောင်းချင်တော့ စက်လှေခါးဖွင့်တာနဲ့ကြုံတော့ အဆင်ပြေလေသည်။
ဒုတိယအဆင့်အရောက်မှာတော့ အရှေ့ဖက်က ရှမ်းရိုးမ ပြာမိူင်းမိူူင်းကိုငေးမော။
နောက်တော့ တောင်ပေါ်အရောက်မှာ ခိုင်ဘုရားဝတ်ပြုနေတုံး မလှမ်းမကမ်းကနေ
ကျနော်ကစောင့်။
ပြီးတော့ ဘုရားပုရဝုဏ်ပေါ်မှနေ၍ မန်းလေးမြို့ကို အပေါ်စီးကကြည့်ကြသည်ပေါ့။
အရှေ့ဘက်က ရှမ်းရိုးမ အနောက်ဘက်မှာတော့ဧရာဝတီနဲ့မင်းဝံတောင်ရိုး။
မြောက်ဘက်မှာတော့ သခင်မတောင်။
တောင်ဘက်ခြမ်းမှာတော့ နန်းမြို့ရိုးနဲ့ကျုံး။
မြင်ကွင်းများသည် ဆောင်းဝင်စမူန်ရီရီမို့လွမ်းမောစရာ။
နန်းတွင်းဘက်ကို လက်ညှိုးထိုးပြရင်း
“ခိုင်တို့ငယ်ငယ်က အဲဒီအထဲမှာနေခဲ့ကြတာလေ”လို့ပြောရင်း
ခိုင့်မျက်နှာလေးသည်တွေတွေငေးငေးလေးဖြစ်သွားသည်ကိုမြင်ရတော့
ကျနော်စိတ်ထဲမှာ ခံစားမူ့တစ်ခု စီးဝင်သွားသလို။
တောင်ပေါ်က ပြန်ဆင်းလာတော့ ကျောက်တော်ကြီး ဘုရားမှာဆိုင်ကယ်အပ်။
ကျောက်တော်ကြီးဘုရားကိုဝင်ဖူး။
စန္ဒာမုနိနဲ့ကုသိုလ်တော်ဘုရားကိုတော့လမ်းလျောက်သွား။
နောက်တော့မှ သူကို ကုသိုလ်တော်ဘုရားမှာထားပြီး ကျနော်ကဆိုင်ကယ်သွားယူ။
အဲဒီကနေမှရွှေကျောင်းကြီးနဲ့ အတုမရှိ။
ရွှေကျောင်းကြီးကပြန်ထွက်တော့ နေ့လည်တစ်နာရီကျော်နေပြီ။
ခိုင်မျက်နှာလေးကြည့်မိတော့ရှုံ့မဲ့လို့ နေပါတယ်။
“ကျော် ခိုင်ဆာလဲ ဆာလာပြီ ပူလဲ ပူတယ် နားချင်ပြီ”
ဒါနဲ့ဘဲအရှေ့ဘက်ကျုံးလမ်းအတိုင်းဆိုင်ကယ်ကိုဖြည်းဖြည်းစီးလာပါတယ်။
လမ်းမပေါ်ကိုစီးမိုးထားတဲ့ အပင်အိုကြီးတွေကြောင့် အရှေ့ကျုံးလမ်းနဲ့ တောင်ဘက်ကျုံးလမ်းက သစ်ပင်အရိပ်တွေနဲ့အေးမြ။
နောက်တော့ ၂၉-၃ဝကြား ၈၁လမ်းက အေးမေတ္တာမှာထမင်းဝင်စားပြီး ခိုင်ကို
ဟိုတယ်ပြန်ပို့ခဲ့ပါတယ်။
“ညနေကျရင် ရေချိုးအသင့်ပြင်ထားနော် ၅နာရီကျော်ကျော်လောက်လာခေါ်မယ်”
********************************************************
ညနေရောက်တော့ ရေမုးိချိုးပြီး ခို်င်ကို သွားခေါ်ခဲ့လေသည်။
ခို်င်ဆာနေမှာစိုးလို့မေးကြည့်တော့ မဆာသေးတဲ့။
နေမဝင်ခင် အောင်ပင်လယ်ဘက်သွားချင်သည်ဆိုတော့ ဆိုင်ကယ်ကိုအမြန်မောင်းရလေသည်။
၃၅လမ်း အတိုင်းအရှေ့တည့်တည့်သွားလို့ ၇၃လမ်းလဲကျော်ရော ခိုင့်မှာ အံ့ဩတကြီး။
“ခိုင်တု့ိမန်းလေးက အရမ်းကိုပြောင်းသွားတာပါလားကျော်ရယ်”
ဟုတ်တော့လည်းဟုတ်သည်လေ အရင်က ၃၅လမ်းသည် ၇၃လမ်းကျော်သည်နှင့်
လူမျုးိပေါင်းစုံ၏ သချိုင်းမြေဖြစ်လေသည်။
ထို့ နောက်ကိုယ်ရေပြား ရောဂါသည် များ စုဝေးနေထိုင်ရာအရပ်လည်းဖြစ်သည်။
လမ်းသွားလမ်းလာကျဲပါးလို့ချောက်တီးချောက်ချက်။
အခုတော့ လူနေအိမ်ခြေတွေနဲ့စည်စည်ကားကား၊
အရင်နဲ့လားလားမှမဆိုင်တော့။
အရင်က ကားနှစ်စင်းမရှောင်သာသည့်လမ်းပေါက်စန။
အခုတော့လေးလမ်းသွား လမ်းကျယ်ကျယ်။
၃၅လမ်းအရှေ့ထိပ် မေမြု့ိလမ်းပေါ်ရောက်တော့ အရှေ့ဖက် ရေတံခွန်တောင်ဂေါက်ကွင်းဘက်ကို
ချိုးလိုက်လေသည် ။
အတွင်းဝင်လို့ မကြာခင်မှာ စိမ်းစိုသောလယ်ကွင်းများကိုမြင်ရတော့
ခိုင် သည်ကလေးတစ်ယောက်လိုပင် “လှလိုက်တာ လှလို်က်တာ”
ဆိုသော ဂါထာ ကို ရွတ်၍လိုက်လာလေသည်။
သိပ်မကြာခင်မှာပင် လမ်းဘေးတစ်ဘက်တစ်ချက်က သစ်ပင်တွေက
လမ်းပေါ်ကိုအုပ်မိုးထားသည့်ခင်တန်းလေးကိုရောက်လာခဲ့လေသည်။
“ခိုင် ဒီတောတန်းလေးကို ဓါတ်ပုံထဲမှာမြင်ဘူးတယ်ကျော် ရ
အဲဒီဓါတ်ပုံဆရာနာမယ်တော့ မမှတ်မိဘူး။
သူနာမယ်ပေးထားတဲ့ “လက်ဆော့ “ဆိုတာဘဲမှတ်မိတယ်။
အဲဒီပုံမြင်ကတည်းက ဒီကိုလာချင်နေတာကျော်ရာ။
အခုမှ ခိုင်ဆန္ဒတွေပြည့်တော့တယ်”
ခိုင်ပျော်သည်ဆိုတော့ ကျနော်လဲစိတ်ကျေနပ်ပါတယ်။
နောက်တော့ ရေကြည်ပေါက်နဲ့ပုသိမ်ကြီးဘက်အသွားလမ်းခွဲရောက်တော့
ချောင်းလေးနံဘေးမှာ ရပ်လိုက်ပါတယ်။
မြောက်ဘက်ဘေးမှာ ရန်ကင်းတောင်နဲ့ မန်းလေးတောင်။
အရှေ့တည့်တည့်မှာတော့ရှမ်းရိုးမကြီးကညိုူမိူင်းမိူင်း။
လေအဝှေ့မှာ စပါးခင်းစိမ်းမြမြတွေက ယိမ်းက။
သာယာလှသောပါတ်ဝန်းကျင်မှာ တစ်ယောက်နဲ့တစ်ယောက်စကားမပြောနိုင်ဘဲ
သဘာဝကြီးကိုခံစား။
ကြည့်လေရာရာ မှာ ကောက်ပင်စိမ်းစိမ်းများ နဲ့ ဆိုပြန်တော့
“ရူ့မဆုံးတော့သည ် စိမ်းလဲ့လဲ့နှစ်စဉ် လယ်ကွင်းတွေက တမျော်တခေါ်စိုပြေလွင်
ရိတ်သိမ်းမည်ဆိုပါလျင် ဝင်းမှည့် ရွှေစင်အိလို့ပင် စပါးနှံတွေအသီးတွေသန်မြန်အောင်မြင်”
ဆိုတဲ့ စာသားလေးက ရင်ထဲကိုပြေးဝင်လို့လာပါတယ်။
ခဏနေတော့ နေဝင်ဆည်းဆာနဲ့အတူ အပြာရောင်တိမ်အလင်းတန်းများကဖြာထွက်.။
အရုပ်ဆိုးလှချိန်လို့ခေါ်သော ဆည်းဆာချိန်မှာ နဂိုရ်က လှသောခိုင်သည်
ကျနော်မျက်စေ့ထဲမှာတော့ လှသထက်လှနေပါတယ်။
မှောင်စပြုလာချိန်မှတော့ အဲဒီနေရာကနေပြန်လာခဲ့ကြပါတယ်။
အပြန်လမ်းမှာ တော့ ဆီမီးတွေထိန်နေအောင်ပူဇော်ထားတဲ့ရွာဦးစေတီလေးကို
မြင်တော့ ခို်င်က ဆိုင်ကယ်ကို ရပ်ခိုင်းပါတယ်။
သီတင်းကျွတ်ရက်မို့ ဆီမီးပူဇော်နေကြတာပါ။
ကလေးတွေရော ကိုရင်လေးတွေရော ဆီမီးပူဇော်တဲ့နေရာမှာ ခိုင်လဲဝင်ပြီး
ဆီမီးတွေကူပြီးထွန်းပေးနေပါတယ်။
ဆီမီးအရောင်ဟပ်နေတဲ့ခိုင့်မျက်နှာလေးက ကြည်နူးမူ့တွေအပြည်ဆိုတော့
အတော်လေးကျက်သရေရှိတယ်လို့ထင်မိပါတယ်။
အပြန်မှာတော့နှစ်ယောက်လုံးဘိုက်ဆာနေတော့ ၆၈လမ်းပေါ်က မာလာဟင်းဆိုင်မှာ
ထမင်းစားဖြစ်ကြပါတယ်။
ခိုင်က ငါးသံပုရာပေါင်းကို နှစ်နှစ်သက်သက်စားလေးသည်။
ကြည်နူးဘွယ်ကောင်းသော ညနေခင်းထမင်းပွဲလေးပင်။
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
နောက်ရက်မှတော့မနက်စောစောအိပ်ယာထပြီး တောင်သမန်အင်းသို့သွားခဲ့ကြလေသည်။
ထိုနေ့က မိုးကခပ်အုံ့အုံ့။
တောင်သမန်အင်းရဲ့နံနက်ခင်းသည် အာရုဏ်တက်မှာပင်အသက်ဝင်လျင် ရှိလေသည်။
အရှေ့ဘက် တောင်သမန်ရွာမှ တောင်မြို့ဘက်သို့ဈေးလာရောင်းသော
ဈေးသည်လေးများရှိသည်၊
စက်ဘီးကိုယ်စီနဲ့ပေါ့။
ဒီဦးပိန်တံတားပေါ်တွင် ကျန်းမာရေးအတွက်လမ်းလျောက်ကြသူများရှိသည်။
တံတားပေါ်တွင်စင်္ကြန်လျောက်နေကြသော သံဃာတော်များရှိသည်။
အင်းထဲမှာ ငါးရှာနေကြသော ကိုတံငါများရှိသည်။
အင်းရေထဲမှနေ၍ ဦးပိန်ကို မှတ်တမ်းယူသူများအဆင်ပြေအောင် ပို့ဆောင်ပေးမည်
ငှက်သမားများရှိသည်။
အိပ်ယာအထစောသော ဝီရိယ ကောင်သော တောင်သမန်ပင်။
သို့သော် ငါးကြော်တွေဘာတွေရောင်းသောဆိုင်တန်းများကား အိပ်လို့ကောင်းနေဆဲ။
ကမ္ဘာအနှံ့အပြားမှ တောင်သမန်အာရုဏ်တက်အလှကို လာရောက်ခံစားကြသူများရှိသည်။
တောင်သမန်အလှကို လာရောက်မှတ်တမ်းတင်ကြသော ဓါတ်ပုံဆရာများရှိသည်။
နံနက်ခင်းပေမယ့် တောင်သမန်သည် စည်ကားလို့နေပေသည်။
ခါးလည်လောက်ရှိသောရေထဲမှာ ငါးများနေသော အမျုးိသမီးတစ်ဦးကို
ငေးကြည့်နေစဉ် ခိုင်သည် အဝေးသို့ထွက်သွားလေသည်.။
အတော်ကြာမှ ကျနော်လိုက်သွားတော့ တံတားပေါ်မှာ သူ့ကို မတွေ့။
ဟိုဟိုဒီဒီကြည့်လိုက်မှ ဟိုးခပ်ဝေးဝေးမှာ။
အဝါရောင်ကောင်းကင်ကြီးအောက်မှာ။
တံတားပေါ်က ဆင်း၍ ကမ်းစပ်သို့ သူသွားကာငေးမောနေလေသည်။
တီရှပ်အနက်ရောင် ဂျင်းဘောင်းဘီအပြာရောင်။
လက်ပိုက်ကာ ရပ်ရင်း အဝေးသို့ငေးမောနေသော ခိုင့်သဏ္ဍန်သည်
ငေးမောကြည့်နေချင်စရာ။
ကျနော်လဲ ခိုင်ရှိရာအနားသို့လိုက်သွားပြီး ခို်င်နှင့်အတူငေးမော.။
တောင်သမန်၏ သင်္ကေတဖြစ်သော သစ်ခြောက်ပင်နှစ်ပင်ကတော့
ရေထဲမှာ။
သူအပေါ်မှာ တော့ငှက်ကလေးများကို ခိုနား။
တံတားပေါ်မော့ကြည့်တော့ လူပေါင်းစုံက ကင်မရာပေါင်းစုံဖြင့်
ဒီသစ်ပင်ကြီးကိုချိန်ရွယ်က ာ တဖျပ်ဖျပ် ရိုက်ကြနှက်ကြ။
ကင်မရာ ခလုတ်တစ်ချက်နှိပ်တိုင်းသာ ပိုက်ဆံတစ်ခါရမည်ဆိုလျင်
သည်အပင်ကြီးက ကမ္ဘာပေါ်တွင်အချမ်းသာဆုံးစာရင်းထဲဝင်မှာသေချာပါသည်။
ကျနော် ပေါက်ကရ တွေးနေတုံးမှာ မိုးပေါက်တွေကျလာပါသည်။
အဲတော့ အပြေးအလွား တံတားပေါ်တက်ပြီး နားခိုဆောင်လေးမှာ မိုးခို။
နည်းနည်းစဲသွားတော့ နှစ်ယောက်အတူထွက်ခဲ့ကြလေသည်။
ခို်င်ဆံပင် အဖျားလေးမှ မိုးစက်တို့ တွဲခိုနေသည်က ကဗျာဆန်လေသည်။
ဟိုးအဝေးက အင်းရေပြင်မှာတော့မိုးငွေ့တွေယှက်သန်းနေပြန်သည်။
“ ပုဆိုးကတို မိုးက စိုသနဲ့ သစ်ပင်အောက်မှာ ဝင်ကာခို ဥိးပိန်တံတားကိုလျောက်ခဲ့ပြန်”
ဆိုသော နန်းတော်ရှေ့ကြီးရဲ့ တောင်သမန်သီချင်းတစ်ပိုင်းတစ်စက ရင်ထဲသို့တိုးဝှေ့လို့လာပြန်ပါသည်။
လွမ်းစရာ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@
တောင်သမန်က အပြန်မှာတော့
ခိုင်က တိုရှည်စားချင်သည်တဲ့။
ပူရီစားချင်သည်တဲ့
အကျွတ်ကြော်စားချင်သည်တဲ့။
အဲတော့ ဒီသုံးမျိုးစလုံးရနို်င်တဲ့ ၃၅လမ်း-လမ်း ၈ဝ က ပန်းသခင်လက်ဖက်ရည်ဆိုင်ကိုခေါ်သွားသည်ပေါ့။
ခိုင်စားချင်တဲ့သုံးမျိုးစလုံးမှာပြီး သရီးအင် တူးလုပ်ပြီး
မုန့်သုံးပွဲကိုနှစ်ယောက်သားစားဖြစ်ကြလေသည်။
မုန့်စားပြီးတော့ ကျုံးတစ်ပါတ်ဆိုင်ကယ်စီးချင်သည်တဲ့။
အဲတော့ အနောက်ဘက်ကျုံးလမ်းအတိုင်းဆိုင်ကယ်စီးပြီး
ကျုံးကို တစ်ပါတ် ပါတ်။
သုဓမ္မာဇရပ်တန်းမှာခဏထိုင်ပြီးမနေ့က မန်းလေးတောင်အသွားမှာ
မဝင်ဖြစ်ခဲ့သည့် ကုသိန္နာရုံဘုရားကိုလိုက်ပို့ပေးခဲ့ပါတယ်။
ဒီကုသိန္နာရုံဘုရားက မန်းလေးတောင်အတက်လမ်းအစ လမ်းအရှေ့ဘက်ခြမ်းမှာရှိပေမယ့်
လူသိနည်းပါတယ်။
တစ်ခုရှိတာကဒီဘုရားကိုနှစ်ပေါင်းများစွာပိတ်ထားခဲ့ပါတယ်။
အခုနောက်ပိုင်းမှာပြန်လည်ဖွင့်လှစ်ပေးခဲ့တာပါ။
အထဲမှာတော့ အင်မတန်သပ္ပါယ်လှသော ပရိနီဗ္ဗာန်စံတော်မူနေပုံလျောင်းတော်မူ
ကိုယ်တော်ကြီးတစ်ဆူရှိတဲ့အပြင် ဘုရားကုဋီတိုက်ထဲက တိုင်များနံရံများမှာ ကုသိန္နာရုံတော
အသွင်ဖြစ်အောင် တိရိစာ္ဆန်ပေါင်းစုံရဲ့ ပုံတွေကိုရုပ်လုံးကြွထုလုပ်ထားတာပါဘဲ။
နောက်ဒီမန်းလေးတောင်ကြီးကို ပြုပြင်တည်ဆောက်ခဲ့တဲ့ ရသေ့ကြီးဦးခန္တီပျံလွန်တော်မူစဉ်က
ထည့်သွင်းထားခဲ့တဲ့ မှန်တလားကြီးကို ဒီအထဲမှာသိမ်းထားတာပါ။
ခို်င် ဒီအထဲကိုရောက်တော့ ကလေးတစ်ယောက်လိုပါဘဲ။
နံရံက အရုပ်တွေကြည့်ပြီး သဘောတွေကျနေတာပါ။
နောက်ကိုးနာရီထိုးခါနီးရောက်တော့မှ
မြနန်းစံကျော်ရွှေနန်းတော်သို့ သွားခဲ့ကြလေသည်။
အများဝင်ရောက်ကြည့်ရူ့ရန်ရည်ရွယ်ထားသော နန်းတော်သို့သွားလိုလျင်
အရှေ့ဘက်တံခါးဖြစ်သော နန်းရှေ့တံခါးမှာသာ အပြင်လူများဝင်ခွင့်ရသည်လေ။
နန်းရှေ့ကျုံးတံတားကို ဖြတ် စုံစမ်းရန်ဆိုတဲ့ ဂိတ်တဲလေးမှာ မှတ်ပုံတင် ဒါမှမဟုတ်ယဉ်မောင်းလို်င်စင်ကု ိထားခဲ့ရလေသည်။
ပြိရင်တော့ ဒီအပေါက်ကဘဲပြန်ထွက်ရသည်ပေါ့။
အဲတော့ နန်းတွင်းအနှံ့လှည့်ပါတ်ကြည့်ဘို့ အဆင်မပြေ။
ပြန်လည်တည်ဆောက်ထားတဲ့ မြနန်းစံကျော်ရွှေနန်းတော်ကြီးထဲကိုဝင်ကြည့်။
ပြီးလျင်ဒီနန်းရှေ့အပေါက်မှ ပြန်ထွက်သွားရုံပင်.။
ခိုင်ကတော့ ရွှေရောင်အပြောင်ဝင်းနေသောပြန်လည်တည်ဆောက်ထားသော နန်းတော်ကြီးထက်
သူတို့ငယ်ငယ်က ဆော့ကစားခဲ့ကြသော သဘာဝအတိုင်းရှိနေသေးတဲ့ မန်းကျီးပင်ကြီးများကို ပိုစိတ်ဝင်စားလေသည်။
နန်းမြို့အဆောင်အဆောင်တွေကြားထဲမှာ သက်တမ်းရင့် မန်းကျီးပင်တွေက အိန္ဒြေရစွာ
ရှိနေပုံကိုမြင်ရတာက လွမ်းစရာပင်။
“ခိုင်တို့ ဒီအထဲမှနေုတုန်းက ကျောင်းပိတ်ရက်တွေဆို ဒီထဲလာဆော့ကြတာ
ဒီနေရာဘာအဆောက်အဦးမှမရှိတဲ့ကွင်းပြင်ကြီးလေ။
ငယ်တုန်းကအတူကစားခဲ့တဲ့သူငယ်ချင်းတွေကို သတိရလိုက်တာကျော်ရယ်”
လို့ပြောတော့ “ငယ်ရီးစားရော သတိမရဘူးလားခိုင်” လို့ကျနော်က စတော့
“သိပ်သတိရတာပေါ့ တောက်တောက်ကြော်ရယ်” လို့ မျက်စောင်းလေးထုးိရင်း
ပြောလိုက်တဲ့ အမူအယာလေးကချစ်စရာ။
မြနန်းစံကျော်နန်းတော်ကြီးရဲ့အနောက်ဘက်လှေခါး ကနေဆင်းပြီး
ဘုတ်တလုပ်ကန်ဘက်ကိုဆင်းလာခဲ့ကြပါတယ်။
ကြီးမားလှတဲ့ နှစ်ရှည် သစ်ပင်ကြီးတွေကြောင့် အုံ့ဆိုင်း ညို့မိူု်င်းနေတဲ့ နေရာလေးကမြင်ရုံနဲ့လွမ်းစရာ။
ကျောက်တုံးတွေကို အဆင့်ဆင့်စီ ပြီးတောင်ကမူလေးလိုလုပ်ထား။
ရှေးကတော့ ဘုရင့်သားတော် သမီးတော်တွေ တူတူပုန်းတမ်းကစားဘို့
စီမံထားတဲ့နေရာလေးပေါ့။
အဲဒီတောင်ကုန်းလေးတွေကိုပတ်ပြီး မြောင်းကလေးတွေလုပ်ထားပါတယ်။
အရှေ့ဘက်အစွန်ဆုံးမှာတော့ ကြာပင်တွေ ရေမှော်ပင်တွေနဲ့စိမ်းမှောင်နေတဲ့ကန်
ကြီးတစ်ကန်။
အင်မတန်မှလွမ်းမောသာယာဘွယ်ကောင်းတဲ့နေရာလေးပါဘဲ။
တံတားလေးကို ကူးပြီး ကျနော်တို့နှစ်ယောက်တောင်ကုန်းပေါ်ကိုတက်ခဲ့ပါတယ်။
တောင်ကုန်းပေါ်မှာတော့ ဘုရားလေးတစ်ဆူ။
နောက်မှတည်ထားတာဖြစ်ပါတယ်။
ဟိုးဘက်ကတောင်ကုန်းပေါ်မှာတော့ ကျနော်တို့ငယ်ကတည်းက ရှိနေခဲ့တဲ့
စစ်လက်ကျန် လေယျာဉ်ပျံအပျက်ကြီးတစ်ခု။
ဒီဘုတ်တလုတ်ကန်ကနေအပြန်မှာတော့ ကျနော်က ဒီနေရာလေးကိုဖွဲ့ဆိုထားတဲ့
သီချင်းလေးကို လေချွန်မိပါတယ်။
အဲတော့ ခိုင်က ဒီသီချင်းကိုလိုက်ဆိုတာပေါ့။
“ထိုအချိန်ဝယ် လတပေါင်းမို့ ညာငြောင်းပြောင်းတယ်
ဟောင်းရွက်ညာှကြွေသံ ပဉ္စသိန်မောင် စောင်းနတ်ညှင်းသလို
ဘဝင်အေးပိုမိုနားဝင်တေးချိိုချို ရွှေနန်းတော်တွင်းကြာမျိုးသင်းတယ်
ဘုတ်တလုပ်ခေါ် ကန်တော်အတွင်းဝယ် အပေါင်းအဖော်များရယ်
နုနုပြုံးပြုံးသနားစဖွယ် စုစု ရုးံရုံးများရယ် တူတူပုန်းတမ်း ကစားကြပါသတဲ့ကွယ်”
………………………………………………………………………….”
ဆိုတဲ့ အပိုဒ်လေးကို ထပ်ခါထပ်ခါ ကျော့နေမိပါတယ်။
****************************************
နေ့လည်ပိုင်းမှာတော့ အောက်တိုဘာပေမယ့် နေအပူရှိန်ပြင်းလေးသည်။
အဲတော့ ခို်င် က ဟိုတယ်မှာပြန်နားချင်သည်တဲ့။
ဒါနဲ့ဘဲ အေးမေတ္တာမှာထမင်းဝင်စားအပြီးမှာတော့ ခိုင်ကို ဟိုတယ်မှာထားပြိး
အလုပ်သို့ပြေးရလေသည်။
ညနေ လေးနာရီကျော်ကျော်မှာတော့ခိုင်က ဆီကဖုန်းလာလေသည်။
မန်းလေးကန်တော်ကြီးသွားချင်သည်တဲ့။
ဧရာဝတီမြစ်ကမ်းနံဘေးသို့သွားချင်သည်တဲ့။
မြစ်မင်းဧရာ၏ ညနေခင်းဆည်းဆာချိန်လေးကို ကြည့်ချင်သည်တဲ့။
ဒါနဲ့ဘဲ သူကိုခေါ်ပြီး အရင်က တက်သိမ်းအင်း အခုတော့ကန်တော်ကြီးဘက်ကို သွားခဲ့သည်ပေါ့။
ကန်တော်ကြီးတစ်ဝိုက်မှာစည်ကားနေတာမြင်တော့ ခိုင့်မှာတအံ့တဩ။
အရင်ကကျုံးအရှေ့ဘက်မှာရှိခဲ့ဘူးသော ပြည်ကြီးမွန်ဖောင်တော်ကလည်းအခုတော့
ကန်တော်ကြီးတောင်ဘက်ခြမ်းမှာလှတပတ။
မြစ်ဆိပ်ဘက်သွားဘို့နည်းနည်းစောသေးသည်ဆိုတော့
ခို်င်က ကန်စပ်မှာထိုင်ချင်သည်တဲ့။
ဒါနဲ့ဘဲ မမြလေးဘုရားနားက အသုတ်ဆိုင်မှာထို်င်ဖြစ်သည်ပေါ့။
ကန်စပ်နံဘေးမှ ခုံလေးချ ။
လက်ဖက်သုတ် တစ်ပန်းကန်မှာစားရင်းစကားတွေပြောဖြစ်ကြသည်လေ။
ခိုင်နဲ့ အတော်နီးနီးကပ်ကပ်နေရတော့ ရေမွေးနံ နှင့်ရောနှောပြီးထွက်လာသော
ခိုင့်ကိုယ်သင်းနံ့ လေးကြောင့် မှော်စော်နံနေသော ကန်ရေပြင်သည်ပင်
အနံ့အသက်တွေကင်းနေသလိုလို။
လက်ဖက်တစ်ပန်းကန်ကုန်တော့ ထပြန်ခဲ့ကြသည်။
အေးဆေးထိုင်ရတော့ တန်ပါသည် လက်ဖက်သုတ်တစ်ပွဲကို တစ်ထောင်ဆိုသည်က
တော့ဈေးကြီးသည်လို့ထင်ရနိုင်လေသည်။
အဲသည်ကမှ ရှမ်းကလေးကျွန်းဘက်ကနေ ပါတ်ပြီးမြစ်ဆိပ်ကို သွားကြဘို့ထွက်ခဲ့လေသည်။
မင်းဝံတောင်တန်းနဲ့ယှဉ်ပြီးဖောက်ထားတဲ့ဧရာဝတီမြစ်ကန်ပါတ်လမ်းကတော့ရှည်လျားလေသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော လက်ပံပင်အိုတို့က ရှမ်းလေးကျွန်းအနားမှာမတ်မတ်ရပ်ရင်း
မင်းဝံတောင်တန်းကို လှမ်း၍ ကြည့်နေကြလေသည်။
နွေမိန်တပေါင်းရောက်ပြီဆိုမှဖြင့် နီရဲသောလက်ပန်ပွင့်တို့ဖြင့်အလှဆင်တတ်ကြသည်မှာ
ရင်သပ်ရှု့မော။
အခုတော့ အိန္ဒြေကြီးစွာရပ်လျက်။
ခိုင်ကတော့ဆိုင်ကယ်နောက်မှထို်င်သည်မို့ သူဘယ်လိုနေမယ်မသိပေမယ့်
ဆောင်းဦးပေါက်နေမင်းကတော့ လောကကို စောစီးစွာနုတ်ဆက်ဘို့ဟန်ပြင်နေလေသည်။
ဆိုင်ကယ်ကိုမောင်းလာရင်းက မြစ်ပြင်ကိုကြည့်နို်င်သောနေရာကိုစဉ်းစားမိတော့
ပေါ်တော်မူ ဘုရား ကို သတိရမိလေသည်။
မန္တလေးမြို့မှာ မြစ်ကမ်းနံဘေးမှာ လူများများဘုရားဖူးနိုင်သည့် တစ်ခုတည်းသောဘုရားလို့
ဆို်ိုနို်င်ပြန်ပါသည်။
ဒီဘုရားပါတ်ဝန်းကျင် က သဲတူးသည့် နေရာလည်းဖြစ်လေသည်။
သဲတူးရင်းကနေ မြစ်ကြမ်းပြင်က ဘုရားများကို တွေ့လာတော့ ကမ်းပေါ်ရောက်အောင် ပင့်ဆောင်ကိုးကွယ်ကြသည်ပေါ့။
အစကတော့ အဆောက်အဦးသေးသေး။
အခုတော့ ကြီးမားသော ဘုရားပုရဝုဏ်ကြီးဖြစ်နေပေတော့သည်။ ညနေခင်းနေဝင်ချိန်မှာဧရာဝတီကမ်းအလှကိုခံစားနို်င်လေသည်။
ဘုရားအနောက်ဘက်ခြမ်းမှာ ထိုင်ရင်း ဧရာဝတီရဲ့ညနေခင်းအလှကို ငေးမောခံစားကြသည်ပေါ့။
ညနေခင်း မြစ်ဆိပ်မှာရေချုးိဆင်းသူတွေ ဖြင့် စည်ကား။
ညစာ ထမင်းဟင်းချက်ချိန်ဆိုပြန်တော့
ခေတ္တရပ်နားထားသော လှေများသင်္ဘောများ၊ သောင်စပ်တွင် ဖြစ်သလိုနေကြသောတံငါတဲလေးများ မှ မီးခိုးလေးများ တလူလူ တက်နေပုံက ကဗျာဆန်ဆန်။
သဲတူးလုပ်ငန်းသိမ်းချိန်မို့ ဧရာကမ်းအပြည့် လှုပ်လှုပ်ရှားရှား ဆူဆူညံ။
ဝင်လုဆဲနေမင်းက မင်းဝံတောင်ဖျားကိုမေးတင်ရင်း ဧရာမြစ်ပြင်ကို ပန်းနှုရောင် ပုစွန်ဆီရောင်များ
ဖြင့် ဆေးရောင်ခြယ်နေလေသည်။
ဆောင်းနေမို့ အကျမြန်လှသည်လေ။
မြစ်ပြင်မှာသွားနေသည့် လှေသမ္ဗာန်များပေါ်ကို သဘာဝရောင်စဉ်များပက်ဖြန်းတော့လောကကြီးတစ်ခုလုံးလှနေပေသည်။
ခိုင် ကတော့ သာယာလွမ်းမောဘွယ်ကောင်းးသော မြင်ကွင်းကို ငေးမောနေသည်ပေါ့။
သူရင်ထဲမှာဘာတွေရှိမည် သူ့စိတ်ထဲဘာတွေ တွေးနေမည်ကို သိချင်စမ်းလှပေသည်။
ကိုယ့်ကိုယ်ကို ပြန်လည်မေးခွန်းထုတ်မိသည်။
“ခိုင် ကို ကျနော်ချစ်မိပြီလား”
သိပ်မကြာခင်ညနေခင်းအလင်းများက အမှောင်ဘက်ကို အားသာ လာချိန်မှာ
“ပြန်ကြစို့ ကျော်ရယ်……….” လို့ ခိုင် က ကျနော်လက်ကိုဆွဲရင်း နွမ်းလျလျ လေသံဖြင့် ပြောလာတော့ ပြန်ရန်ပြင်ကြသည်ပေ့ါ။
ကိုယ့်ဘာသာကိုယ် ပြန်လည်မေးခွန်းထုတ်ပြန်လည်အဖြေခိုင်းသည့်တိုင်
ရေရာ သော အဖြေကို မရသေးပေမယ့်
ချစ်မိပြီ လို့တော့ ထင်မိလေသည်။
ညနေစာကိုတော့ ခိုင်က ထမင်းမစားချင်တဲ့။
အဲတော့ ကြေးအိုးစားမည်လားမေးတော့ ခေါင်းငြိမ့်လေသည်။
ဒီတော့ လည်း ၃၅လမ်းအတိုင်းပြန်လာပြီး ၃၃လမ်းနဲ့၈၂လမ်းဒေါင့်က
ပတ္တမြား ကြေးအိုးဆိုင်မှာသွားစားသည်ပေါ့။
“ခိုင် ငယ်ငယ်က မြစ်ဆိပ်နားမှာလဲနေဘူးတယ်။
ခိုင်တို့အမေဘက်ကလူတွေက ရေကြောင်းနဲ့အသက်မွေးတာကိုး။
အဲတော့ ညနေဆိုရင်မြစ်ဆိပ်ကို ရေချိုးဆင်းကြတယ်လေ၊
ခိုင်တို့မောင်နှမတွေ က ရေထဲဆင်းပြီး ဆို အဖွားက စိတ်မချတော့ တဟဲ့ဟဲ့။
ခိုင်တို့ကတော့ အရမ်းပျော်တာ ကျော်ရဲ့”
“ဒါဆို ခိုင် ခွေးကူးတော့ကျွမ်းမှာပေါ့” လို့ကျနော်က စတော့
“ကျော် နော် ခိုင်က အတည်ပြောနေတာ တကယ့်ကို လွမ်းနေတာ ဖွားဖွားတို့ကို”
“ကဲ ဆက်ပြောပါအုံး ခိုင်ရ”
“ငယ်သေးတော့ ဆော့ဘို့လောက်ဘဲသိတယ်လေ။
လူကြီးတွေလုပ်သလို ထမီထဲ ကိုလေသွင်းပြီး ပူစီဖောင်းလုပ်ပြီး ရေထဲဆော့နေရတယ် ဆိုရင်ပျော်နေတာ။
ရှက်ရကောင်းမှန်းလဲမသိတဲ့အရွယ်ကိုး။”
လို့ပြောရင်း မျက်နှာလေးညိုးကျသွားတော့ ကျနော်ဆက် ပြီး မစ ရက်တေ့ာ။
ခိုင်မှာ မန်းလေးနဲ့ပါတ်သက်ပြီး လွမ်းစရာ သတိရစရာတွေအများကြီးရှိသည်ဘဲ။
ထမင်းစားပြီးတော့ဒိန်ချင်သောက်ချင်သည်ဆိုတော့ ၃၄လမ်းနဲ့၇၆လမ်းက ညဈေးကိုသွားခဲ့သည်ပေါ့။
ဒီညဈေးလေးကအရင်တရုပ်တန်းဈေးကို ရတနာပုံဈေးသို့ပြောင်းပြီးအဖွင့်မှာ
ညမိုးချုပ်သန်းခေါင် ကနေ မနက်ဝေလီဝေလင်းအထိ အလုပ်လုပ်ကြရတဲ့ ကုန်စိမ်းသယ်လေးတွေကို အမှီပြုပြီး ပေါ်လာတဲ့ဈေးကလေးပေါ့။
အခုတော့ တရုပ်ပစ္စည်းတွေ ဟင်းချက်စရာတွေ အမွှေးအကြိုင်တွေရတဲ့
တကယ့်တရုပ်တန်းဈေး အစစ်ဖြစ်လို့သွားခဲ့လေသည်.။
နောက်တော့ စားသောက်ဆိုင်တန်းလေးပါ ဖြစ်လာလေသည်။
မာလာဟင်းဆိုင် အကင်ဆိုင် ရှမ်းခေါက်ဆွဲဆိုင် တင်မကဘဲ
အကြော်ဆိုင် ဒိန်ချဉ်ဆိုင် အစုံရှိလေသည်။။
ဈေးထဲက ဆိုင်မို့ ဆိုင်အခင်းအကျင်းက မသားနားပေမယ့်
ဈေးသက်သာပြီးစားလို့ကောင်းတာတော့အမှန်ပင်။
ခို်င်ကို ဟိုတယ်ပြန်ပို့တော့ ညကိုးနာရီထိုးခါနီးပြီ။
“ကျော် နက်ဖြန်မနက်ကျရင် ကျော်ပြောပြောနေတဲ့ မြီးရှည်စားမယ်။
စစ်ကိုင်းတောင်သွားမယ်ကောင်းမူတော်သွားမယ်။
ညနေကျရင်တောင်သမန်အင်းထပ်သွားမယ်နော်” လို့
နောက်ရက်အတွက်စာချုပ်အသစ်ချုပ်လေသည်။
********************************************************
နောက်ရက် မနက်ခြောက်နာရီလောက်မှာခိုင်ကို သွားခေါ်ပြးိ
၃၈-၃၉ကြား ၈၂လမ်းထိပ်က ကိုစည် မြီးရှည်ဆိုင်သို့ အရင်ဝင်ကြလေသည်။
အဲဒီကမှ မဟာမုနိဘုရားကြီးကို ရွှေချ ။
ရှေးခေတ်က တည်းကရှိခဲ့တဲ့ ရခိုင်မှပါလာသည်ဆိုတဲ့ကြေးရုပ်ကြီးတွေကို ဝင်ကြည့်ကြလေသည်။
“ခိုင်တို့ ငယ်ငယ် က အဖွားနဲ့ လာတယ်ဆိုရင် ဒီးကြေးရုပ်ကြီးတွေကို လက်နဲပွတ်ပြီး
တာ ခေါင်းမကိုက်ပါစေနဲ့ ဘိုက်မနာပါစေနဲ့ဒူး မနာပါစေနဲ့ ဆိုပြီး ဆုတောင်းရတာလေ”
လို့ပြောရင်း ရီနေလေသည်။
“ငယ်ငယ်တုန်းကတော့ အဖွားခိုင်းတဲ့အတိုင်းလုပ်တာပေါ့။
ကြီးလာတဲ့အခါကြတော့ ရှက်တော့ မလုပ်ချင်တော့ဘူး “
လို့ပြောရင်းရီနေပါတယ်။
နောက်တော့ ဘုရားပုရဝုဏ် ကို တစ်ပါတ် ပါတ်ပြီး စစ်ကိုင်းဘက်သို့ဦးတည်ခဲ့ကြလေသည်။
တက်သိမ်းအင်းကန်တော်ကြီးကိုဖြတ် ပြီးတာနဲ့မင်းဝံတောင်တန်းကြီးနဲ့အပြိုင် ရှိနေတဲ့
လေယာဉ်ကွင်း သွားတဲ့လမ်းပေါ်ကနေ သွားခဲ့ကြပါတယ်။
ရွှေကြက်ယက် ရွှေကြက်ကျ လို့ အမည်တွင် တဲ့ ကြက်ညီနောင်ဘုရားကိုမဝင်တော့ဘဲ
မြစ်ကူးတံတားအသစ်ကြီးပေါ်ကိုတက်ခဲ့ကြပါတယ်။
အရင်ကတော့ ဧရာဝတီကိုကူးတဲ့တံတားက “ အင်းဝတံတား(ခ) စစ်ကိုင်းတံတား” တစ်စင်းဘဲရှိပါတယ်။
အခုတော့ အသစ်တည်ဆောက်ထားတဲ့ “ရတနာပုံတံတား”ကလဲ ခန်ခန့်ထည်ထည်၊။
တံတားအစပ်နားရောက်တော့ ဆိုင်ကယ်ခဏရပ်ပြီး ခိုင်ကို စစ်ကိုင်းတောင်နောက်ခံထား
ပြီး ခိုင့်ကို ဓါတ်ပုံရိုက်ပေးပါတယ်။
အထက်အညာမှာ အလှဆုံးလို့ဆိုတဲ့ နေရာများထဲက တစ်ခုပေါ့။
တံတားအသစ်ကြီးပေါ်ကနေ စစ်ကိုင်းတောင်ဘက်ကိုရော ရွှေကြက်ကျဘုရားကိုလှမ်းဖူးမျော်လို့ရပါတယ်။
ဒီနေရာကနေငေးမောကြည့်နေရင်းကနေ
“ တိုင်းဇေယျာ သိုင်းပါတ်ခါဧရာဝတီ ဆိုင်းစို့စို့ တင့်တယ်စုံညီ
မိူင်း ညို့ညို့ မြစ်ငယ်ဒုဌဝတီ သဲငွေသောင် ရေဖောင်စီးလျက်ချီ”
ဆိုတဲ့သီချင်းကိုလည်း သတိရ မိသလို
“ စစ်ကိုင်းတံတားဘက်ဆိကို သူလားမလားလို့ မျှော်မှန်းမိသည်
အဝေးဘယ်ဝယ် ဘယ်ဆီမောင်ဘယ်ရောက်နေလဲ မေမသိတော့ပြီ
………………………………………………………………………………………..
…………………………………………………………………………………………
ဘယ်ဝယ်ဆီ တမ်းတကာ မှန်းဆကာ တမ်းတကာ လွမ်းရပါမည်” ဆိုတဲ့
သီချင်းကိုလဲ နားထဲ ပြန်ကြားယောင်လာမိပါတယ်။
အနောက်ဘက်ခြမ်းမှာတော့ အင်းဝတံတား (ခ) စစ်ကိုင်းတံတား။
ဟိုးရှေးကာလမှာတော့ မြန်မာတပြည်လုံးမှာ တစ်စင်းထဲသော
ဧရာဝတီမြစ်ကို ဖြတ်တဲ့ တံတားကြီးပေါ့၊
နတ်သမီးနေတဲ့ကျွန်းမဟုတ်ပေမယ် ့ဆောင်းဦးအစ
အောက်တိုဘာလမှာတောင် မြစ်လယ်မှာသောင်ထွန်းနေတော့
နာမကျန်းသည်ဧရာဝတီလိုဆိုရမလား ချိနဲ့စပြုပြီဧရာဝတီလို့များ
တင်စားရမလားလို့ နာကျင်စွာတွေးမိပြန်ပါသေးတယ်
တကယ်တမ်းပြောလျင်တော့ ရှေးယခင်ဘုရင်များနန်းစိုက်ခဲ့ရာ
စစ်ကိုင်းမြိုသည် ကျနော်တို့ မြန်မာဗုဒ္ဓဘာသာဝင်များအတွက်
ပုဂံမြို့ပြီးလျင် စေတီပုထိုးပေါင်းများစွာရှိသော သာသနာမြေလို့ဆို်နိုင်ပြန်ပါသည်။
စစ်ကိုင်းတောင်ကို အဝေးမှလှမ်းကြည်လျင် စေတီပုထိုးပေါင်းများစွာကိုဖူးမြင်ရသည့်အပြင်
၎င်းတောင်တော်အတွင်းတွင် ချောင်ပေါင်းများစွာ(ချောင်ဆိုသည်မှာ ဘုန်းကြီးကျောင်းများကို
စစ်ကိုင်းမြို့ကခေါ်ဝေါ်သောအခေါ်အဝေါ်ပင်)ရှိလေသည်။
ထိုများပြားလှစွာသော ချောင်များတွင် သာသနာပြရဟန်းများ သီလရှင်များ
တရားရိပ်ကိုခိုလျက်ရှိလေသည်။
ထို့ကြောင့်ပင်
”သမိုင်းပြောင်မညှိုး စစ်ကိုင်းတောင်တော်ရိုးမှာလေ
မြူခိုးယှကဆိုိုင်းအုံ့မိူင်းပြာရီဝေ
စေတီပုထိုးဘုရား မိုးပြာမြင့်သီခေါင်ဘွေ
တောင်တွေစိမ်းစမ်း ချောင်တွေသိန်းသန်း
ခေမာသောင်ကမ်းတက်လှမ်းရာမြေ”လို့ကိုအံ့ကြီးက ဆိုခဲ့သလို
“ စစ်ကိုင်းအနောက်ဘက်တောင်ပေါ်ဝယ် တို့ပစ္စည်းတွေတွေ့နိုင်တယ်”လု့ိလဲ
နန်းတော်ရှေ့ဆရာတင်ကလဲ စစ်ကိုင်းမှစေတီပုထိုးပေါများကြောင်းသက်သေထူခဲ့လေသည်။
သူတို့ပြောသည်ကလဲမလွန်ပါ။
စစ်ကိုင်းမြိုသည်စေတီပုထိုးပေါများသောမြို့ဖြစ်လေသည်။
မြစ်ကမ်းနံဘေးတွင် သစ္စာစေတီ ၊ရွှေတောင်ဦးမော်၊ရှင်ပင်နံကိုင်း၊
ဆင်ဘိုးဘုရား၊ဆင်များရှင်၊ငါးထပ်ကြီး၊၊ထူပါရုံ၊အောင်မြေလောက၊
စည်းခုံကြီး ၊ဓါတ်ပေါ်င်းစု၊ကောင်းမူတော်တို့ရှိမည်။
တောင်ပေါ်တွင် ဥမင်သုံးဆယ်၊ဥမင်းကိုးဆယ်။
ရှင်ဖြူရှင်လှ ၊ဆွမ်းဦးပုညရှင်၊ပတ္တမြားစေတီတို့ရှိလေသည်။
စစ်ကိုင်းမြို့ကထင်ရှားသောစေတီများအကြောင်းဖျပ်ကနဲ့တွေးရင်း
ခဏငေးမောလို့ကြည့်ပြီးချိန်မှာတော့ ကောင်းမူတော်ဘုရားဘက်ကို ဦးတည်လိုက်ပါတယ်။
အရင်ကတော့ ကောင်းမူတော်သွားမယ်ဆိုရင် စစ်ကိုင်းမြိုထဲက နေဖြတ်ပြီးသွားရပါတယ်။
အခုတော့ တံတားအသစ်ကြီး ကနေ တည့်တည့်သွားလိုက်မယ်ဆိုရင်
ကောင်းမူတော့ ဘုရားသွားတဲ့လမ်းပေါ်ကို ခဏနဲ့ရောက်သွားပါတယ်။
လမ်းဘေးဝဲယာမှာရှိနေတဲ့ ဆင်များရှင် စေတီနဲ့ စည်းခုံကြီး စေတီတော်ကြီးကိုတော့
မဝင်တော့ဘဲလမ်းကနေဖူးမျှော်။
သွားရာလမ်းတစ်လျောက်မှာ သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့အေးမြလို့နေပါတယ်။
အများက ကောင်းမူတော်လို့ခေါ်တဲ့ “ရာဇမဏိစူဠာ”စေတီတော်ကြီးက
မြန်မာပြည်မှာရှိတဲ့ရှေးဘုရားတွေထဲမှာထူးခြားတဲ့ သဏ္ဍန်ရှိတဲ့စေတီတော်ကြီးဖြစ်ပါတယ်။
ဒီဘုရားကြီးရဲ့ဝန်းဝိုင်းကြီးမားတဲ့လုံးပါတ်တော်ကြ၊ီးကို ရှေးကတည်းက
ထုံးသင်္ကန်း နဲ့မြင်တွေ့ရပေမယ့် အခုလက်ရှိအနေအထားမှာတော့
ရွှေသင်္ကန်းပြောင်းလဲကပ်လှူထားပါတယ်။
ဒီဘုရား ပါတ်ဝန်းကျင်မှာတော့ ဘုရားကျွန်လူတန်းစားများနေခဲ့တယ်လို့ သိရပေမယ့်
အခုခေတ်မှာတော့ ဒါတွေမရှိကြတော့ပါဘူး။
ဒီကောင်းမူတော်ဘုရားမှာ ထူးခြားချက်စွာရနိုင်တာတော့
သနပ်ခါးတုံးကောင်းကောင်းနဲ့ကျောက်ပြင်တွေပါဘဲ။
ခိုင်ဘုရားဝတ်ပြုနေချိန်မှာတော့ ကျနော်ကတော့ဘုရားပုရဝုဏ်ထဲက
ဈေးသည်တွေနားကနေပြီးထို်င်စောင့်နေပါတယ်။
အဲဒီအချိန်မှာ
“ ဒီဘုရားကြိးကို ရွှေသင်္ကန်းကပ်လိုက်တာတော့ စိတ်ထဲမှာ ဘဝင်မကျဘူးဗျာ။
ကျုပ်တို့မမွေးခင်ကတည်း ကထုံးသင်္ကန်းနဲ့ မြင်လာခဲ့ရတာကိုးဗျ။
အဝေးကများလှမ်းဖူးရရင် ဂွမ်းပုံကြီးပုံထားသလို။
လသာညများဆို မြင်ရတာ လွှတ်ကျက်သရေရှိတာကုးိဗျ။
အခုတော့ ဒီရွှေရောင်က အပူရောင်ကြီးပါဗျာ” လို့ဆိုတဲ့အသံကြားလို့ကြည့်လိုက်တော့
အသက် ခြောက်ဆယ် လောက်ရှိတဲ့ အဖိုးအိုနှစ်ယောက်ဖြစ်နေပါတယ်။
ဘုရားပုရဝုဏ်အကျယ်ကြီးကို တစ်ပါတ် ပါတ်ပြီး
ခိုင်က သနပ်ခါးတုံးတွေဝယ်ပါတယ်။
နောက်တော့ စစ်ကိုင်းတောင်ကို တက်ဘို့ထွက်ခဲ့ကြပါတယ်.။
ကောင်းမူတော့ ဘုရားနဲ့မျက်နှာချင်းဆိုင် လမ်းအနောက်ဘက်ခြမ်းမှာတော့ မေတ္တာကန်ဆိုတာရှိပါတယ်။
ဒီကန်ကတော့ ကောင်းမူတော်ဘုရားအတွက်လိုအပ်တဲ့အုတ်တွေဖုတ်ဘို့
မြေတူးယူရင်းကနေ ကန်ဖြစ်သွားတယ်လို့ ပါးစပ်ရာဇဝင်လေးရှိပြန်ပါတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
စစ်ကိုင်းတောင်ကိုတက်မယ်ဆိုတော့ လာလမ်းအတိုင်းမပြန်ဘဲ လမ်းဟောင်းကနေဝင်ခဲ့ကြပါတယ်။
တံတားမရောက်ခင်လေးက လမ်းခွဲလေးကနေရပ်ကွက်ထဲဝင်လိုက်ရင်
တောင်ပေါ်ကိုတက်တဲ့ဖြတ်လမ်းကိုရောက်သွားပါမယ်။
ဘုန်းကြီးကျောင်းနှစ်ကျောင်းကြားမှာရှိနေတဲ့အုတ်စီလမ်းလေးကနေသွားမယ်ဆိုရင်
တောင်ပေါ်တက်တဲ့လမ်းကိုရောက်သွားပါမယ်။
တောင်တက်လမ်းမှာဆရာတော်ရှင်ဉာဏိဿရတည်ထောင်ထားတဲ့
ဗုဒ္ဓတက္ကသိုလ်ကိုလမ်းအနောက်ဖက်ခြမ်းမှာတွေ့နိုင်ပါတယ်။
စစ်ကိုင်းတောင်တက်လမ်းကသိပ်မမြင့်သိပ်မမတ်စောက်ပါဘူး။
သိပ်မကြာခင်ဥမင်သုံးဆယ်ကိုရောက်ပါတယ်။
တောင်အောက်က ဆို်င်လေးမှာဆိုင်ကယ်အပ်ပြီးစောင်းတန်းလေးအတိုင်း စကားတပြောပြောနဲ့တက်ခဲ့ကြပါတယ်၊
“မောင်မယ်တူ တောင်ဖက်မုဒ်က တက်ရင်းနဲ့လေ လှေခါးထစ်တွေ
ရေကြည့်ကြတာပေါ့”
ဆိုတဲ့ သီချင်းလေးက ခေါင်းထဲရောက်လာတော့ အလိုလိုပြုံးမိသွားပါတယ်။
အဲဒါကိုမြင်သွားတဲ့ ခိုင် က “ကျော် ဘာပြုံးတာလဲမေးတော့ “
ပြုံးဘဲပြလို်က်ပါတယ်။
ပြောပြလို့ မဖြစ်လေ။
ဥမင်သုံးဆယ်က ဆင်းလာပြီးတော့ ဆွမ်းဦးပုညရှင်ကို တက်ခဲ့ကြပါတယ်။
ဆွမ်းဦးပုညရှင်ကတော့စစ်ကိုင်းတောင်ရောက်ရင် မဖြစ်မနေရောက်တဲ့ဘုရားပါဘဲ။
အရှေ့ဘက်က နေကြည့်ရင် ဥမင်ကိုးဆယ် ရှင်ဖြူရှင်လှ ရှင်ပင်နံကိုင်းဘုရားတွေကိုမြင်နို်င်ပါတယ်။
ပြီးတော့ အရှေ့ဘက်မှာရှိတဲ့ ဧရာဝတီမြင်ရူ့ခင်းနဲ့ အဝေးက မန်းလေးမြို့။
အနောက်ဘက်မှာတော့ နှစ်စင်းယှဉ်လျက်ရှိနေတဲ့မြစ်ဖြတ်တံတားနှစ်စင်း။
ဧရာဝတီမြစ်ထဲကိုစီးဝင်နေတဲ့ ဒုဌဝတီခေါ် မြစ်ငယ်မြစ်။
သီတဂူ(ဆန်ချီ)စေတီတော်၊
ရွှေရောင်ဝင်းနေတဲ့ ကောင်းမူတော်စေတီ။
အမြဲတမ်းသာယာလှပနေတဲ့နေရာလေးတစ်ခုပါဘဲ၊
ဘုရားအတွင်းတော်ကုဋီတိုက်ထဲမှာတော့ ဖားရုပ်နဲ့ယုန်ရုပ်အကြီးကြီး။
ကျနော်တို့ကလေးဘဝကတော့ အတော်ကိုသဘောကျခဲ့ကြတဲ့အရုပ်ကြီးတွေပေါ့။
တောင်ဘက်မှာတော့ လက်တော်ခြောက်ချောင်းရှိတဲ့ဘုရား။
အဲဒီဘုရားရှေ့က စကားပင်အိုကြီးကတော့ကျနော်ထက်အသက်ကြီးပါတယ်။
ပင်စည်ကအပွေးထစ်ထစ် ဖုဖုတွေရှိနေပြီးသဘာဝတရားကထုဆစ်ထားတဲ့
ထူးခြားဆန်းကြယ်တဲ့ အသွင်သဏ္ဍာန်ရှိတဲ့ အပင်ကြီးပါဘဲ။
ကျနော် ဆွမ်းဦးပုညရှင်ကိုရောက်တိုင်း ဒီနေရာလေးကိုထိုင်ပြီး လှပသောပါတ်ဝန်းကျင်ကို
ထို်င်ကြည့်ပြီး ငြိမ်းချမ်းတဲ့ အရသာ ကို ခံစားလေ့ရှိပါတယ်။
ဒီနေရာနဲ့အလိုက်ဖက်ဆုံးသီချင်းကတော့ “မြစ်မင်းဧရာခွေကာဝိုင်း စစ်ကိုင်းအောင်ချာမြေ
ရေလှိုင်းလေးတွေသွင်သွင်မြူးတော့ ငွေရောင်မြူးကာနေ”ဆိုတဲ့စာသားလေးပါဘဲ။
အတော်လေးကြာတော့ တောင်ပေါ်ကဆင်းခဲ့ကြပါတယ်။
တောင်အဆင်းလမ်းကွေ့ကအရိပ်မှာ ထိုင်ပြီးပိုက်ဆံတောင်းနေကြတဲ့ အမယ်ကြီးအုပ်စုကိုတွေ့တော့ ခိုင်ကလှုချင်ပါသတဲ့။
ဒါနဲ့ဆိုင်ကယ်ရပ်ပေးတဲ့အခါ ခိုင်ကဆင်းပြီး အလှူငွေထည့်ပါတယ်။
အားလုံးကဝိုင်းဆုတောင်းပေးလိုက်တဲ့အသံတွေဝေဝေစည်။
“တောင်းစားတယ်ဆိုတာကို လက်မခံချင်ပေမယ့်
တကယ့် လုပ်ကိုင်စားလို့မဖြစ်နိုင်တော့တဲ့အမေအို အဖိုးအိုတွေ
တွေ့ရင်တော့ ခိုင်လှူချင်တယ် ကျော် ရယ်” လို့ဆိုင်ကယ်နောက်က
လိုက်လာရင်းပြောပါတယ်။
“တောင်းစားသူဆိုတာ လူညွန့်ခူးစားတဲ့လူတန်းစား”လို့ကျနော်ပြောဘူးတာကို
ချေပ သလားတော့ မသိနိုင်ပါ။
စစ်ကိုင်းက အပြန်မှာတော့ ကန်ပါတ်လမ်း တောင်ဘက်ခြမ်း အစမှာရှိတဲ့ “ဒေါ်အေးကျင် မြန်မာဘူးဖေး”ဆိုင်မှာ
ထမင်းဝင်စားကြပါတယ်။
ထမင်းစားချိန်မို့ နေရာလွတ်မရှိသလောက်။
ဆိုင်က ကလေးမလေးက ပြီးခါနီးစားပွဲဝိုင်းမှာနေရာလုပ်ပေးလို့တော်သေးတယ်လို့ဆိုရပါမယ်။
စားနေတဲ့လူတွေပြီးသွားတဲ့အခါ ကျနော်တို့အတွက်ထမင်းဝိုင်းပြင်ပေးပါတယ်။
ကြက် ဝက် ငါး ဆီလည်ရေလည် ဝက်သားနဲ့ပုန်းရည်ကြီး
ခရမ်းသီးနှပ် ပဲနှပ် မျှစ်ကြော် ကြက်ဟင်းခါးသီးကြော် လို့ အသီးအနှံကြော်တွေ
အသီးအရွက်သုတ်တွေ
အတို့အမြုတ်သီးနှံအစုံ ၊ခရမ်းချဉ်သီးချက် ငံပြာရည်ဖျော် ငပိထောင်း
ဘူးသီးချဉ်ရေဟင်း တွေလာချပေးလိုက်တာ စားပွဲဝိုင်းကြီးတစ်လုံးနဲ့အပြည့်ပါဘဲ။
ကြိုက်သလောက်စားအဝစား ထမင်းက အုပ်လိုက်ချပေးထားသလို
စားနေတုံးဟင်းလျော့သွားရင်လဲ လာထပ်ဖြည့်ပေးပါတယ်။
ထမင်းစားပြီးရင်အချိုတဲစရာ ထညက်ခဲက အဆင့်သင့်။
တစ်ယောက်မှ ၁၇၀ဝကျပ်ဆိုတော့ အလှူပေးတယ်လို့တောင်ထင်မိပါတယ်။
ထမင်းစားပြီးပြန်လာကြတော့ “တန်လိုက်တာ ကျော်ရယ်”
လို့တဖွဖွနဲ့ပြောမဆုံး။
နေ့ခင်းမှာတော့ ခိုင်ကို ဟိုတည်ပြန်ပို့ခဲသည်ပေါ့။
*******************************************************
ညနေခင်းလေးနာရီလောက်မှာတော့ ခိုင် ဖုန်းဆက်လာပါတယ်။
တောင်သမန်အင်းမှာလှေစီးချင်သည်တဲ့။
နောက် ငါးကြော် နဲ့အကြော်စုံစားချင်သည်တဲ့။
အုန်းရည် သောက် ချင်သည်တဲ့။
ဒါနဲ့ဘဲရေချိုးပြီး ခိုင်ဆီကိုလာခဲ့ပါတယ်။
ဒီတစ်ခါတော့ ၇၈လမ်းမကြီးအတိုင်းလာ တံခွန်တိုင်က နာမယ်ကျော်တမာတန်း
ထဲကိုဝင်လိုက်တော့ ခိုင်မှာ တအံ့တဩ။
“အေး နေတာဘဲကျော်ရယ်” လို့ပြောမဆုံး။
လမ်းတစ်ဘက်တစ်ချက်မှာရှိတဲ့ တမာပင်စိမ်းစိမ်းတွေက လမ်းကိုအုပ်မိုးထားတော့
အေးမြမြ။
အဲဒီကမှာတောင်သမန်ကန်ဘောင်မြောက်ဘက်လမ်းအတိုင်းလာခဲ့လေသည်။ တောင်သမန်းအင်းအဝင် အဝိုင်းပါတ် အရောက်ဆိုင်ကယ်ကို တောင်ဘက်ချိုုးပြီး
“ခိုင်ရေ တံတားအရှေ့ထိပ်က နေသွားရအောင်”လို့ပြောတော့
“ကျော့် သဘော ခိုင်လမ်းမသိ အဲတော့ ကျော်နောက်ကလိုက်မယ်”လို့ပြောရင်း
ရီနေပြန်လေသည်။
ရတနာပုံတက္ကသိုလ်ကိုဖြတ် ဆိုင်ကယ်အပ်ပြီး တံတားပေါါ်တက်ကာလမ်းလျောက်ကြလေသည်။
အနောက်နေက မျက်နှာကိုးထိုးသော်လည်းဆောင်းနေအကျမို့ သိပ်မပူ။
တံတားပေါါ်လျောက်ရင်း ခိုင်မှာငေးမောစရာတွေများလေသည်။
နွေမိုးဆောင်း ရာသီမရွေးလူအမြဲလျောက်သောတံတားသည် ဦးပိန်တံတားဆိုလျင်
မမှားနိုင်။
တံတားအတိုင်းလျောက်လာပြီး အောက်သို့ဆင်းသောတံတားနားက
လက်ပန်ပင်အောက်မှာဖွင့်ထားသောအကြော်ဆိုင်မှာထိုင်ကြလေသည်။
အင်းထွက်ငါးပေါက်စနလေးများ ဘူးသီးကြော်ပြောင်းဖူးကြော်နှင့်
မန်းကျီးသီးအချဉ်ရေသည်အတော်လိုက်ဖက်လေသည်။
အကြော်ပွဲနဲ့အတူ “ဝါးတူ“ တစ်စုံစီပါလာတော့ မြောက်ဘက်ခြမ်းက ကျိန အသုံးအဆောင်သည်
တောင်သမန်ကို စီးမိုးလေပြီလားဆိုသည့်အတွေးကြောင့်ပြုံးမိလေသည်။
တူ လေးတစ်ချောင်းမှအစပြု၍ ဆက်တွေးလိုက်လျင် ကမ္ဘာကြီးပူနွေးသည့်အကြောင်းထိ
ကြီးကျယ်သွားမည်စိုးသောကြောင့် အတွေးစတွေကို ဖြတ်ကာ ဘူးသီးကြော်တစ်ဖတ်ကို
အချဉ်ရည်စိမ်၍ ပါးစပ်ထဲအမြန်ထဲ့သည်ပေါ့။
ခိုင်ကတော့ ငါးကြော်ကို အချဉ်ရည်တို့စားလိုက် အုန်းရည်လေးတစ်ကြိုက်စုပ်လိုက်နှင့်
အလုပ်တွေဖြစ်နေလေသည်။
စားလို့သောက်လို့ဝတော့ ငှက်စီးမည်တဲ့။
ကိုယ်တစ်ယောက်ထဲဆိုဈေးကြီးမည်စိုး၍ အနားကစုံတွဲကိုအဖော်စပ်ပြီး
တစ်စုံတွဲသုံထောင် ပေါင်းခြောက်ထောင်ဖြင့် ငှက်ပေါ်သို့ရောက်လေသည်။
ငှက်ကလေးသည် အင်းရေပြင်ကိုဖြတ် တံတားအောက်ကိုဝင် ဂန္တဝင်သစ်ပင်နားကိုသွား
နောက်တော့မှ အင်းပြင်ကျယ်ထဲသို့ဝင် ကာ မြောက်ဘက်ကိုသွား
ကိုယ်တစ်ပိုင်းခန့်ထိရေစိမ်ကာငါးမျှားထားသူများကြားသို့မှဖြတ်ကာ
ငှက်ကိုလှော်လေသည်။
ရှည်လျားသောဦးပိန်တံတားကြီးကို ရေပြင်ထဲမှကန့်လန့်ဖြတ်ကြည့်ရသည်ကတော့
အမြင်တစ်မျုးိဆန်းလေသည်။
ငှက်စီးရင်း တောင်သမန်အလှကို မှတ်တမ်းတင်ဓါတ်ပုံရိုက်သူများကလဲ
အများအပြားပင်။
မိသားစုလိုက်ရော တစ်ဦးချင်းမှာငှက်စီးပြီးတောင်သမန်အင်းကိုကြည့်သူတွေ
များပြားလွန်းသည်လေ။
အနောက်ဘက်ကမ်းစပ်နားရောက်မှ ကျနော်တို့ စတင်စိးခဲ့သောနေရာသို့ပြန်လာခဲ့လေသည်။
နောက်တော့တံတားပေါါ်ပြန်တက်ပြီး ခိုနားရာ ဇရပ်ကလေးမှနေ၍ ထိုင်ကာ တောင်သမန်နေဝင်ချိန်ကို ငေးကြည့်လေသည်။
တောင်သမန်အင်းအနောက်ဘက် မှဘုရားပေါ်သို့ဆောင်းညနေခပ်စောင်းစောင်းလေးကျနေပုံက
လှပလွန်းလှသည်။
ပန်းနုရောင်သန်းသော ညနေဆည်းဆာရောင်ခြည်များကို အင်းရေပြင်က ကုန်အောင်စုပ်ယူပြီးချိန်မှာတော့ ကျနော်တို့ပြန်ခဲ့ကြလေသည်။
ညနေစာကိုတော့ ပေါ့ပေါ့ပါးပါးစားချင်သည်ဆိုတော့ ကန်တော်ကြီးအရှေ့ဘက်ခြမ်း
ရွှေတချောင်းနံဘေးမှာရှိသော မိုးကောင်းအသုပ်ဆိုင်မှာဝင်စားဖြစ်ကြသည်။
ထူးထူးဆန်းဆန်းတော့ မရှိပါ အသီးအရွက်သုပ်လေးတွေကအစပ်အဟပ်တည့်သည်
ထမင်းဆီဆမ်းနဲ့ လိုက်ဖက်လေသည်။
ပို၍ုလိုက်ဖက်သည်က ရေနွေးကြမ်းပူပူ။
ခိုင်က နာမည်ကြီးလှသောညဈေးတန်းကိုသွားချင်သည်ဆိုတော့
ဆိုင်ကယ်ကိုဟိုတယ်မှာထား။
လမ်းလျောက်ပြိးညဈေးတန်းသို့သွားခဲ့ကြလေသည်။
မန်းလေးညဈေး၏ တောက်ပသောရွှေရောင်နေ့ရက်များကုန်လွန်ခဲ့သည်မှာကြာခဲ့လေပြီ။
မိရိုးဖလာဖြစ်စေ ညပိုင်းတွင်အလုပ် လုပ်လို၍ဖြစ်စေ ဆိုင်လာဖွင့်ကြသော်လည်း
တကယ်တမ်းတော့ ရှေးကလို စီးပွားမဖြစ်နို်င်တော့။
မန်းလေး၏ရှေးက လူဟောင်းကြီးများတွင်မန်းလေးညဈေးကို အမှီပြု၍ ချမ်းသာခဲ့သူများလည်းရှိလေသည်။
အခုတော့အိပ်မက်ပမာ။
ခိုင်နှင့်လမ်းလျောက်ရင်း ၂၉လမ်းထိပ်မှာဒိန်ချဉ်သောက်ကာ
ပြန်ခဲ့ကြလေသည်။
နက်ဖြန်အတွက် အစီအစဉ်ကိုမေးတော့ “မင်းကွန်း”
ကိုသွားမည်လို့ဆိုလေသည်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
နောက်နေ့မနက် ရောက်တော့ ဘာစားချင်သလဲမေးတော့ ဦးစိန်ခေါက်ဆွဲတဲ့။
ငယ်ငယ်ကအလွန်ကြိုက်ခဲ့သည်လို့ဆိုလေသည်။
၂၉လမ်း ၈၀-၈၁ကြားကဝင်းထရံကားထားသောခြံဝင်းလေးထဲမှာဖွင့်ခဲ့သော
ဦးစိန်မိသားစုခေါက်ဆွဲဆိုင်လေးသည်အခုတော့တိုက်ခန်းလေးထဲမှာ။
ဒါပေမယ့် သားသမီးများက အမွေဆက်ခံတော့ ရှေးမူမပျက် ရှိနေလေသည်။
ဆိုင်ထဲသို့ဝင်လိုက်သည့်နှင့် ကိုကျော် ဂျုံကိုရှမ်းလိုသုတ်မယ်
အမ လေး ကဘာစားမလဲ လို့မေးရင်း ဖောက်သည်တစ်ယောက်ချင်း၏နာမယ်ကိုခေါ်ကာ
အချို့ပေါ့မယ် အငံလျော့မယ် အရည်ရွှဲမယ် ဟင်းချိုမူန့်ရှောင်မယ်ဆိုတာကို
ဆက်တိုက်အော်ရင်းမုန့်တွေပြင်နေသည်က ဂီတသံစဉ်တစ်ခုလိုပင်။
ခေါက်ဆွဲစားပြီးတော့ ပိုက်ဆံရှင်းတော့ ကျနော်နဲ့တွဲလာသည် ခိုင့်ကို မေးဆတ်ပြရင်း
ဘာလဲဆိုသည် မေး့ခွန်းကို အသံတိတ်မေးလေသည်။
ဒီဆိုင်နှင့်ကျော်သည် ဆွေမျုးိလိုခင်ကြသည်ကိုး။
“ နို်င်ငံခြားက ခဏပြန်လာတဲ့ မိတ်ဆွေ” လို့ဆိုရုံမှတပါးအခြားမရှိ။
နောက်တော့ မင်းကွန်းသို့သွားရန် မရမ်းခြံဆိပ်ကို သွားဘု့ိဆိုင်ကယ်ကို ၂၆ဘီလမ်းမှ
အနောက်သို့ဆင်းခိုင်းလိုက်သည်ပေါ့။
မရမ်းခြံဆိပ်ရောက်တော့ မြိုတော်ဥယျာဉ်နားမှာဆိုင်ကယ်အပ်ပြီးမြစ်ဆိပ်သို့ဆင်းလေသည်။
ကံကောင်းချင်တော့ ကျနော်တို့ လဲမြစ်ဆိပ်ရောက်ရော မင်းကွန်းကိုသွားမယ့်မော်တော်ကလဲ
အဆင်သင့်ဖြစ်နေတော့ သိပ်မစောင့်ရဘူးဖြစ်သွားပါတယ်။
လူတစ်ယောက်မှ မြန်မာငွေငါးရာ တကယ်တန်ပါတယ်။
မော်တောာ်ဝမ်းဘိုက်ထဲမှာ လူနှစ်ဆယ်လောက်တော့ဆန့်မယ်ထင်ပါတယ်။
ကျနော်တို့က မော်တော်အဝင်ဝနားမှာထိုင်လိုက်ပါတယ်။
ဧရာဝတီဆိပ်ကမ်းကတော့အမြဲဆူညံစည်ကားအသက်ဝင်လျက်ပါဘဲ။
ခဏနေတော့ ပြွတ်သိပ်ကျပ်ညှပ်နေအောင်ရပ်ထားတဲ့သင်္ဘောတွေ သမ္ဗာန်တွေလှေတွေ
ကြားထဲကနေ ကောက်ကွေ့ပြီးထွက်လာပါတယ်။
သိပ်မကြာခင်မှာဘဲ ကျနော်တို့မော်တော်လေးက မြစ်ပြင်ကျယ်ထဲကိုရောက်သွားပါတယ်။.
မြစ်ပြင်ကျယ်လို့သာဆိုရတယ်ဧရာဝတီမှာသောင်ထွန်းတဲ့နေရာတွေများနေတော့
မြစ်ကြောင်းကျဉ်းလာပြီလို့ဆိုနိုင်ပါတယ်။
မော်တော်လေးက တအိအိဆန်တက်ရင်း ကျနော်တို့ကလဲငေးမောရင်းနဲ့သိပ်မကြာခင်မှာဘဲ
တိနိဆိပ်ကမ်းကိုဆိုက်ကပ်ပါတယ်။
အဲဒီမှာဆင်းကြတဲ့သူတွေလဲရှိပါတယ်။
ခို်င် က ဆင်းရအောင်လို့ပြောတော့ ဘေးနားမှာထိုင်နေတဲ့အမေကြီးက
“မဆင်းနဲ့ သမီးလေး ဒီမှာက ဆရာတော်ကြီးရဲ့ကျောင်းဘဲရှိတယ်။
လူအိုရုံဆိပ်ထိလိုက်သွား။
လူအိုရုံဆိပ်သည်ကား ဒေါ်ဦးဇွန်းဆိုသောအမျုးိသမီးအာဇာနည်က
ခိုးကိုးရာမယ်သော့ အဖိုးအဖွားတို့ကိုကျွေးမွေးစောင့်ရှောက်ပေးသော
ဘိုးဘွားရိပ်သာဖြစ်လေသည်။
မင်းကွန်းနှင့်လူအိုရုံသည်ခွဲခြားမရ။
လူအိုရုံနှင့်ဒေါ်ဦးဇွန်းသည်လဲခွဲခြားမရ။
ထို့အတူ မင်းကွန်းနှင့် ဆရာတော့ ဦးဝိစိတ္တသာရာဘိဝံသသည်လဲခွဲခြားမရနို်င်ပြန်။
ပုထိုးတော်ကြီးတို့မြသိန်းတန်တို့ ခေါင်းလောင်းကြီးတို့လူအိုရုံဆိပ်နဲ့နီးတာ။
အဲဒီဘုရားတွေဖူးပြီးမှ ဆရာတော်ကြီးကျောင်းရှိတဲ့မိုးမိတ်ကုန်းမြေကိုပြန်လာ။
လှည်းစုပြီးငှားစီးရင်ဘယ်လောက်မှမကုန်တော့ဘူး။
နောက်မှ ဒီတိနိဆိပ်ကနေမော်တော်စောင့်စီး။
အချိန်ကုန်ရောငွေကုန်ရောသက်သာတယ်။”
အမေကြီးပြောတဲ့ ဆရာတော်ကြီးဆိုတာ
ပျံလွန်တော်မူသွားပြီဖြစ်တဲ့ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသကိုပြောတာပါ။
“မင်းကွန်းခေါင်းလောင်းကြီးနဲ့မြသိန်းတန်စေတီ
သာယာဝေစီ တရားရိပ်ကြောင့်အေးချမ်းသာယာသည်”ဆိုတဲ့
ဒေသကို သိပ်မကြာခင်မှာဘဲ ရောက်သွားပါတယ်။
လူအိုရုံဆိပ်ရောက်တော့
“ကျော်ရေ ခိုင်အဘိုးအဘွားတွေအတွက်လှူချင်တယ်”ဆိုတာနဲ့
ဂေါပကရုံးခန်းကိုသွားပြီးငွေလှူကြပါတယ်။
ပထမဆုံး မြသိန်းတန်ဘုရားကိုသွားမယ်ဆိုတာနဲ့လမ်းလျောက်လာခဲ့ကြပါတယ်။
အများကမြသိန်းတန်လို့ခေါ်ပေမယ့် အခြားသောဘွဲ့အမည်နာမကတော့
ဆင်ဖြူမယ်ဘုရား ဖြစ်လေသည်။
ဘုရားအသွားလမ်းနံဘေးမှာတော့ အမှတ်တရပစ္စည်းအရောင်းဆို်င်တွေ
ပန်းချီကားရောင်းတဲ့ဆိုင်တွေနဲ့စည်ကားလှပါတယ်။
ဘုရားအဝင်ဝရောက်တာနဲ့ပန်းရောင်းတဲ့သူတွေ
အမွှေးတိုင်နဲ့ဖယောင်းတိုင်ရောင်းပြီးဘုရားသမိုင်းကိုပြောပြမယ့်
ကလေးတွေနဲ့ ဝိုင်းဝိုင်းလည်နေပါတော့တယ်။
ခိုင်တော့ သူ့အနားလာဝိုင်းသည့်ကလေး ငါးယောက်ကို
တစ်ယောက်၂၀ဝဘိုးစီမျှကာဝယ်လိုက်လေသည်။
သူတို့လေးတွေဈေးရောင်းရသည်လည်းမလွယ်။
ရောင်းချင်သူတွေများတော့ အချိန်ကန့်သတ်ပေးပြီးအလှည့်နှင့်ရောင်းခိုင်း
ရသည်တဲ့။
ဒီကလေးတွေက သူတို့အဆက်ဆက် နားနှင့်မှတ်ခဲ့ရသောမြသိန်းတန်ဘုရားရာဇဝင်ကို
နံဘေးမှကပ်လိုက်ရင်းတတွတ်တွတ်ပြောကြလေသည်။
သူတို့လေးများသည်လည်း ခေသူမဟုတ်။
အင်္ဂလိပ် ပြင်သစ် ဂျပန် စကားကို မတောက်တခေါက် ထမင်းစားရေသောက်တော့
ပြောနိုင်ကြလေသည်။
မြသိန်းတန်ဘုရား ပါတ်ပါတ်လည်မှာတေ့ာ သီတာခုနှစ်တန် ရေလှိုင်းသဏ္ဍာန် ပုံဖော်ထား
သော တံတိုင်းများကို ကျော်ဖြတ်ပြီးသောအခါ ဘုရားပေါ်တက်ရာလမ်းသို့ရောက်လေသည်။
ဘုရား တက်ရန်လှေခါးက အတော်မြင့်လေသည်။
ဘုရားတက်ခါနီးတွင်
“အလယ်လှေခါးက မင်းလမ်း ဘုရင်တွေမိဖုယားတွေဘဲတက်တာ”လို့
ကလေးများကပြောတော့ အလယ်လမ်းကတက်ရမှာပင်ခပ်ရွံ့ရွှံ့။
တက်ရာလမ်းသည်မတ်စောက်တော့ အတော်မောလေသည်။
သို့သော်ဘုရားပေါါ်အရောက်အရှေ့အနောက်တောင်မြောက်ပါတ်ဝန်းကျင်ကို မြင်တွေ့ရသည်က
စိတ်ကြည်နူးစရာ။
ထုထည်ကြီးမားသော မင်းကွန်းပုုထုးိတော်ကြီးကိုမြင်နေရသည်မှာလွမ်းစဖွယ်။
မြသိန်းတန်မှအဆင်း ထမင်းဆာပြီလားမေးတော့ မဆာတဲ့။
အဲတာနဲ့ ကမ္ဘာအကြီးဆုံးထဲက ဒုတိယအကြီုးဆုံးဖြစ်တဲ့
“မမင်းမြူ မှန်မှန်ပြော”လို့ အဆိုရှိတဲ့ ကြေးပိဿာချိန် ၅၅၅၅၅ရှိတဲ့မင်းကွန်းခေါင်းလောင်းကြီး
ကိုဝင်ကြည့်ခဲ့ကြပါတယ်။
အင်မတန်ကြီးမားတဲ့ ခေါင်းလောင်းကြီးအောက် မကြောက်မရွှံ့ဝင်သူဝင်။
အမှတ်တရဓါတ်ပုံရိုက်သူရိုက်အတော်လေးပျော်စရာကောင်းသည်ပင်။
“မင်းကွန်းခေါင်းလောင်း ကြီးကိုရောက်အောင်ဘယ်လိုသယ်
ဪ ကြိုးနဲ့လက်နဲ့ဆွဲကာမြဲရ ရှာလေသည်”ဆိုသောမြန်မာ့ဂုဏ်ရည်သီချင်းကို
ဖျပ်ကနဲ သတိရမိတော့ အခုခေတ်တွင်ဘာလေးလုပ်လုပ် နိုင်ငံခြားနည်းပညာဖြင့်
ပြုလုပ်သည်ဆိုတာတွေနဲ့ ယှဉ်ကြည့်မိတော့ ရှေးမြန်မာများကို ပိုမို၍ လေးစားမိပြန်
လေသည်။
ခေါင်းလောင်းကြီးက ထွက်လာတော့ ပုထိုးတော်ကြီးဘက်ကိုကူးခဲ့လေသည်။
ငယ်ကတော့ ဒီပုထိုးတော်ကြီး၏အတွင်းတော်ထဲတွင် ရွှေလှည်းခုနစ်စီး
ငွေလှည်းခုနှစ်စီးဌာပနာထားသည်ဆိုသည်ကို အံ့ဩမိလေသည်။
ယခုမြင်နေရသောမပြိုမလဲကျန်နေသည်မှာ ဘုရား၏အုတ်ဖိနပ်လို့ဆိုလေသည်။
အုတ်ဖိနပ်တော်ကား ထက်ခြမ်းကွဲလျက်။
ဘုရား၏စိန်ဖူးတော် ထိပ်ဖျားသည် အနောက်ဘက်မင်းဝံတောင်တန်းနှင့်အညီရှိမည်။
ရွှေဘိုမြို့ကပင်လှမ်း၍ဖူးမျှော်နိုင်ရန် တည်တော်မူသည်လို့လဲကြားဖူးလေသည်။
ဘုရားပေါ်သို့တက်ရန် မြောက်ဘက်ခြမ်းတွင်လှေခါးလုပ်ပေးထားလေသည်။
ယခင်ကတော့ ဘုရားပေါ်သို့ တက်ခွင့်ပြုခဲ့လေသည်။
အခုတော့ တက်ခွင့်မပြုပြန်။
၁၁-၁၁-၁၂ တွင် လှုပ်ခဲ့သောငလျင်ဒဏ်ကြောင့် ကြံ့ခို်င်မူ့မရှိဆိုကာ တက်ခွင့်ပိတ်လေသည်။
ကျနော်တို့ငယ်ငယ်ကတော့ ယခုလိုလှေခါးတွေမရှိ။
အချို့ကတော့ပြိုပျက်နေသောဘုရားပေါါ်သိုု့မရောက်ရောက်အောင်တက်လေသည်။
တခါကတော့ ကိုရင်လေးတစ်ပါး အုတ်အကွဲကြားသို့ပြုတ်ကျကာ ကွယ်လွန်ချိန်မှစကာ
ဘုရားပေါ်သို့တက်ခွင့်ပိတ်လေသည်။
ပုုထိုးတော်ကြီးနံဘေးနားမှာတော့ ပုံတော်ဘုရားကိုဖူးမြင်နို်င်သည်လေ။
ပုထိုးတော်ကြီးဘုရားနှင့်မျက်နှာခြင်းဆိုင်တွင်တော့၏ ရေမြေရှင့်
ဘုရားဒကာ ဘိုးတော်ဘုရားကို
“အရှေ့ဘက်ကမ်းသို့ ခုန်ကူးတော့မည့် အတိုင်းပါဘုရား”လို့
အမတ်ကြီးဦးပေါ်ဦး လျောက်ထားခဲ့သော ခြင်္သေ့ကြီးနှစ်ကောင်၏ ဖင်ပိုင်းကို
မြင်တွေ့ရလေသည်။
ဦးခေါင်းတော်များကား ငလျင်ဒဏ်ကြောင့်မြေခ နေသည်မှာ ကျနော်တို့ငယ်ငယ်ကပင်။
ခေါင်းပိုင်းအပျက်အစီးများကား ရှက်သောကြောင့်ထင်သည် ခြုံနွယ်ပိတ်ပေါင်းများအောက်
တွင်ပုန်းခိုလျက်နေသည်မှာ နှစ်ပေါင်းများစွာကြာသည်ထိ အရှက်မပြေနို်င်သေးပေ။
ပုထိုးတော်ကြီးမှအထွက်တွင်တော့ လမ်းဘေးသစ်ပင်အောက်တွင်ရောင်းနေသော
မုန့်ပျစ်သလက်ကို စားချင်သည်ဆိုတာနှင့် မုန့်လေးခုကိုဝယ်ကာ
မြစ်ကမ်းနံဘေးတွင်ရှိသော စက်တော်ရာဘုရားသို့လာခဲ့ကြလေသည်။
ဧရာမြစ်မင်းကိုငေးကြည့်နေဟန်ရှိသော စက်တော်ဘုရားမှ
ခြင်္သေ့နှစ်ကောင်ဖြင့် မြန်မာပြည်မှ ဓါတ်ပုံဆရာအတော်များများ ဆုရဘူးသည်လို့
ကြားဘူးလေသည်။
မြင်အောင်ပြောပြရလျင်တော့ ပန်းကြာဝတ်မူန်ဇာတ်ကားထဲက ရုပ်သေးရုပ်လေး
လာချိတ်ထားသောခြင်္သေ့နှစ်ကောင်ပင်တည်း။
ခိုင်နှင့်ကျနော်သည်ဘုရားအရိပ်တွင်ထိုင်ကာ မုန့်စားရင်း အပန်းဖြေကြလေသည်။
“ဆရာတော်ကျောင်းသွားချင်သေးလား”မေးတော့ ခေါင်းရမ်းပြလေသည်။
ခဏနေတော့ မြစ်ကမ်းနံဘေးလမ်းအတိုင်းလမ်းလျောက်ရင်းမော်တော်ဆိပ်သို့ပြန်ခဲ့ကြလေသည်။
မော်တော်ဆိပ်အရောက် ထွက်ခါနီးပြီဖြစ်တဲ့ မော်တော်ပေါ်သို့အမြန်တက်ရလေသည်။
မကြာခင်မှာ မော်တော်လေးသည် ဧရာကိုစုန်ဆင်း၍ မန်းလေးမြို့ရင်ခွင်သို့ဝင်ရန်
ကမ်းမှခွာလေသည်။
မော်တော်သေးသေးလေးမှာလူကအပြည့်.
ခေါင်မိုးပေါ်မှာလည်းကုန်အပြည့်။
သို့ပေမယ့်အစုန်ခရီးဆိုတော့ခဏလေးနှင့်မရမ်းခြံဆိပ်ကမ်းသို့ရောက်လေသည်။
မန္တလေးဘက်ရောက်တော့ ခို်င်ကို ထမင်းစားမလားမေးတော့ခေါင်းငြိတ်လေသည်။
ဘာစားမလဲလို့မေးတော့
“ကျော်တစ်ခါပြောဘူး တဲ့ ပုံစား ဆိုတာ စားကြည့်ချင်တယ်”
ဒီတော့လဲ မန်းလေးမြု့ိအနောက်ဘက်ဆုံး ၂၆ဘီလမ်းတာဘောင်မှနေရှမ်းရိုးမဘက်သို့
ဆိုင်ကယ်လေးက ခရီးနှင်လေသည်။
၇၃လမ်းမင်္ဂလာလမ်းရောက်တော့ ညာဘက်သို့ချိုးကာ ပုံစားရှမ်းထမင်းဆိုင်လေးရှိရာ
၃၂လမ်းသို့ သွားရလေသည်။
လမ်းဒေါင့်က အေးချမ်းမြေမှာလူအပြည့်ထိုင်စရာမရှိ။
အဲတော့သူ့နောက်က လားရှိုးလေးသို့ ချီတက်သည်ပေါ့။
ဒီဆိုင်လေးက တစ်ပွဲမှ ၁၁၀ဝကျပ်။
သာမန်လူတစ်ယောက် အတွက် ဘိုက်ဝပါသည်။
ကျနော်ကတော့ ဒီဆိုင်က ဆိတ်သားထောင်းကျော်နှင့်မာလာဟင်းအသုတ်ကိုကြိုက်သည်လေ။
ဒီဆိုင်လေးတွေက ထမင်းအသင့်အတင့်ထဲမှာအသားဟင်းနှစ်မျုးိနဲ့အသီးအရွက်ဟင်း
သုံးမျိုးထည့်ပေးသည်လေ..။
ပြီးလျင် မုန်ညင်းဟင်းရည် ငရုတ်သီးထောင်းချပေးသည်။
အအေးစိမ်ထားသည်ရေဘူးချပေးသည်။
(ကိုယ်ဘာသာကိုယ် ရေသန့်ဝယ်သောက်ချင်သည်ဆိုလျင်တော့ဝယ်သောက်ပေါ့)
အနွေးဓါတ်ပေးထားသည် ကန်ထဲတွင်ထည့်ထားသောများပြားလှစွာသောဟင်းကို
ကြည့်ပြီး ဘာစားရမှန်းမသိ။
ကျနော်ကတော့ဆိတ်သားမွကြော်နှင့်ဝက်ခေါက်ချဉ်စပ်။
ခိုင့်ကို ဟင်းထည့်ပေးသည့်ကလေးမများကဟိုဟင်းက ဘယ်လို
ဒီဟင်းကတော့ဘယ်လိုလေးဆိုတာသေချာရှင်းပြလေသည်။
လူရှင်းနေလို့လဲရှင်းပြနိုင်သည် လူကျချိန်ဆိုလျင်တော့ ဒီလိုဧည့်မခံနို်င်တာသေချာသည်။
နောက်ဆုံးတော့ ခိုင်သည် ဝက်ချိုချဉ် ကြက်ချဉ်စပ်။
တို့ဟူးချက်၊မြင်းခွာရွက်သုတ်နှင့် မုန်ညင်းဖြူအကြော်ကိုထည့်လာပြီး
ကျနော်ကတော့ ထိုင်ဝမ်ပြောင်းဖူးကြော် ကန်စွန်းရွက်ကြော်နှင့်မာလာဟင်းသုတ်
နှစ်ယောက်မတူတာရွေးထည့်ခဲ့သည်လေ.။
ခိုင်ထံမှာ ဒုတိယအကြိမ်မြောက် တန်လိုက်တာ ဆိုသောစကားကို
ကျနော်ကြားရလေသည်။
ထမင်းစားပြီးတော့ ခိုင်ကိုဟိုတယ်သို့ပြန်ပို့။
ညနေအစီအစဉ်ကိုမေးကြည့်တော့ သီချင်းဆိုချင်သည်တဲ့။
********************************************************
အရင်ကတော့ မန်းလေးမှာ ကာရာအိုကေ သီချင်းဆိုင်လေးတွေပေါလေသည်။
နောက်တော့ ကာရာအိုကေစက်ကလေးတွေဈေးပေါပေါနှင့်တရုပ်မှဝင်လာသောအခါ
မိုက်ခဲ သူတော်ကောင်းအပေါင်းသည်ဆိုင်မသွားဘဲအိမ်မှာတင်မိုက်ခဲ့ကြကုန်၏။
ထိုအခါ ကာရာအိုကေ ဆိုင်အသေးများသည်လဲ ပျောက်ကွယ်လေကုန်၏။
နောက်တော့လဲ ခေတ်လိုအပ်ချက်အရ ဆိုပါစို့ ခေတ်မှီစွာ KTVတွေပေါ်လာခဲ့လေသည်။
သည်လိုသီချင်းဆိုခန်းတွေမှာ အမျုးိမျုးိရှိနို်င်လေသည်။
ကိုရီးယားလှိုင်းနှင့်အတူလူငယ်အများစုသည်မင်္ဂလာဆောင်
မွေးနေ့ ပျော်ပွဲရွှင်ပွဲအထိန်းအမှတ်များဖြင့် KTV ခန်းမများတွင် သီချင်းဆိုကြ
ကကြလေသည်။
ကောင်မလေးတွေဧည့်ခံပေးသော ကေတီဗွီတွှေရှိသလိုသန့်သန့်လေးသီချင်းဆိုနို်င်သည့်
နေရာများလည်းရှိသလို ရောတိရောရာ နေရာများလည်းရှိသည်ပေါ့.။
တစ်နာရီစာ တစ်ဆက်ရှင်ကို အခန်းအနေအထားလိုက်၍ အနိမ့်ဆုံးခြောက်ထောင်မှ
သောင်းဂဏန်းထိရှိလေသည်။
ကာရာအိုကေ စ တင်ကာစမှာတော့ သီချင်းကို အက္ခရာစဉ်ဖြင့် ရွေးပေးသည်ဆိုတော့
သီချင်းရွေးသည်ကပင် ၁၅မိနစ်လောက်အချိန်ကုန်လေသည်။
အခုချိန်မှာတော့ ကိုယ်လိုချင်သောသီချင်းကို ရွှေုးဘို့ တက်ဘလက်လို စက်
တစ်လုံးချပေးထားတော့ ကိုယ်ကြိုက်ရာကို အချိန်မကုန်ဘဲဆိုနို်င်လေသည်။့
အဲဒီနေ့ညနေကတော့ ၃၄လမ်းက ဆိုင်မှာသွားဆိုဖြစ်ကြလေသည်။
သီချင်းကို အမြီးအမောက်တည့်အောင်မဆိုတတ်သောကျနော်ထက်
အဆိုတော်ရှုံးအောင်ဆိုနိုင်သောခို်င်က သာ ဆိုလေသည်။
နောက်ဆုံးဆက်ရှင်ပြည့်ခါနီးတွင် ခို်င်က ဆောင်းအမှီသီချင်းကို
ဆိုလေသည်။
“ အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ ရာသီ
အလွန်အေးတဲ့ရာသီ
မယ်တရွာမောင်တစ်မြို့တော့ နေလိုတော့ မဖြစ်နိုင်ပါပြီ
အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ ရာသီ
မယ်တရွာမောင်တစ်မြို့တော့ နေလိုတော့ မဖြစ်နိုင်ပါပြီ
နှစ်ကိုယ်ထွေးရန်အရေးကြုံပြီ မောင်ရယ်ဆောင်းအမှီရောက်အောင်
ခင့်ဆီပြန်ခဲ့စေချင်သည်”
ဆိုသည်ခိုင့်အသံက ကေတီဗွီမှပြန်လာချိန်အထိ ကျနော့်နားထဲတွင်ပဲ့တင်ထပ်လျက်၊
လူဆိုသည်ကားကိုယ်လိုရာဆွဲတွေးသည့် အမျိုးပင်။
အဲဒီက ပြန်တော့ ညနေစောင်းလေပြီ။
ခိုင်ကို ဘာစားမလဲမေးတော့ ထမင်းဆိုင်ကြီးတွင်မစားချင်။
လမ်းဘေးဆိုင်လေးမှာစားချင်သည်တဲ့။
အဲတော့ ဒိုင်းမွန်းပလာဇာမြောက်ဘက် ၃၁လမ်းနှင့် ၇ရလမ်းပေါ်က ညတွင်မှဖွင့်သည့်
ထမင်းဆိုင်လေးများသို့ခေါ်ခဲ့လေသည်။
ဒီဆိုင်လေးတွေက အစားမကြီးသူများအဖို့ ထမင်းဆီဆမ်းသုံးရာ။
အသားကြော်တစ်တုံးသုံးရာ စုစုပေါင်းမြန်မာငွေခြောက်ရာကျပ်ဖြင့်
ထမင်းတစ်နပ်ကိစ္စပြီးနိုင်လေသည်။
ဟင်းရည် အတို့အမြုတ်အသီးအနှံမျိုးစုံငပိရည်ကျို
ငံပြာရည်ချက်တို့ကလဲ ထမင်းမြိန်စေသည်အမှန်။
သို့သော် ဒီနားပါတ်ဝန်းကျင်မှာ ဒီလိုထမင်းဆိုင်လေးတွေ
မြောက်မြားစွာရှိသော်လည်း ဆိုင်တိုင်းတွင်နေရာလပ်မရှိအောင်လူပြည့်လေသည်၊
အချို့အတွက်တော့ ညနေစာ အချိုုအတွက်တော့ အဆာပြေ ။
ဘယ်လိုဖြစ်ဖြစ် ဒီဆိုင်လေးတွင် ထမင်းစားပြီး ပြန်လာချိန်မတော့
ခိုင့်ဆီမှာ တန်တယ်နော် ဆိုသောစကားကို တတိယအကြိမ်ကြားရလေသည်။
***************************************************
တကယ်ပြောရရင်တော့မန်းလေးမြို့ကို အလည်လာသူများအဖု့ိလည်
ပါတ်စရာနေရာများလှလေသည်၊
မန်းလေးအဆိုတော်ကြီး မစိမ်းစိမ်း၏ “ရွှေမန်းဆီသို့”သီချင်းကို
နားထောင်လိုက်လျင် လည်ပါတ်စရာနေရာတွေကို သိနို်င်လေသည်။
မြို့အရှေ့ဘက်တွင် ငရံ့မင်းကိန်းဝပ်စံပယ်တော်မူရာ ရန်ကင်းတောင်ရှိလေသည်။
မန္တလေးတောင်ပါတ်ပါတ်လည်တွင် မဟာလောကမာရဇိန်ကျောက်တော်ကြီး
စန္ဒာမုနိ၊ ကုသိုလ်တော် အတုမရှိ နှင့်ရွှေကျောင်းကြီးတို့ရှိလေသည်။
မြို့လည်ခေါင်တွင်ရွှေကျီးမြင် ၊ဘုရာနီ၊မဟာသကျသီဟ(စကြ်ာသီဟ)
မဟာလောကရံသီ အိမ်တော်ရာစေတီရှိမည်။
မြိုအပြင်ထွက်မည်ဆိုလျင် မေ့မြို့လမ်းအထွက်မှာ
စောမွန်လှတည်ထားခဲ့သော ပုဂံရာဇဝင်လာ ရွှေစာရံဘုရားရှိမည်။
မြို့တောင်ဘက်ထွက်မည်ဆိုလျင် ယခုနောက်ပိုင်းတည်ထားသော
စွယ်တော်စေတီရှိမည်။
ပုလိပ်မြွေဘုရားရှိမည်။
ဆက်သွားလျင် ဒုဌဝတီမြစ်ကမ်းနံဘေးတွင်ရှိသော ပေါ်တော်မူမြတ်စွာဘုရားသို့ရောက်မည်။
ဆက်သွားလျင် ကျောက်ဆည်မြို့အဝက်ဆုတောင်းပြည့်သည်ဆိုသော်ရွှေသိမ်တော်ရှိမည်။
ကျောက်ဆည်မြိုတွင် ဝေဘူတောင်ရှိမည်။
ကျောက်ဆည်မြို့ အနောက်ဘက်ခြောက်မို်င်အကွာတွင် ပုဂံခေတ်လက်ရာဟောင်းဖြစ်သော
သုံ့းဆင့်ဘုရားလို့ အမည်တွင်သော ရှင်ပင်ဆပ်သွားနဲ့ တမုတ်ရွှေအင်ပင် ဘုရားတို့ရှိမည်၊
သွားရောက်ဖူးမျော်စရာနေရာတွေများမှများ။
စစ်ကိုင်းမြို့တောင်ဘက်ခြမ်းတွင် အင်းဝမြို့ဟောင်းရှိမည်။
မန်းလေးမှဝေးဝေးလံလံသွားချင်သည်ဆိုလျင် ၄၂မိုင်အကွာတွင်
ရှမ်းရိုးမပေါ်မှာ ပြင်ဦးလွင်ခေါ်မေမြို့ရှိသည်။
မြို့မြောက်ဘက်ထွက်လျင်နာမယ်ကျော် သခင်မတောင်ရှိလေသည်။
လည်စရာတွေပေါမှပေါ၊
နောက်နေ့အတွက်မေးတော့ မေမြို့သို့မဟုတ်ပြင်ဦးလွင်ကို သွားချင်ပါသည်တဲ့။
**********************************************
မန်းလေးမြို့ကို အရှေ့ဘက်မှစီးမိုးနေသောရှမ်းကုန်းပြင်မြင့်တစ်နေရာတွင်
ပန်းမြို့တော် (ခ)မေမြို့(ခ)ပြင်ဦးလွင်ရှိလေသည်.။
မန်းလေးသူမန်းလေးသားများသည်ရှေးယခင်ကတည်းက မေမြို့ဟုသာခေါ်လေသည်။.
မန်းလေးသာမှန်လျင် “နက်ဖြန်မေမြို့တက်မယ်”လို့ပြောတတ်တာယနေ့ထိပင်။
သို့သော်အခုနောက်ပိုင်းတော့ မေမြို့ဆိုသောနာမယ်သည်ကျွန်စော်နံသည်ဆိုကာ
ပြင်ဦးလွင် ဟုခေါ်ကြလေသည်။
ပူလောင်အိုက်စပ်သောမန်းလေးမြို့မှ မိုင်လေးဆယ်အကွာတောင်ပေါ်မြို့လေးသည်
ထူးကဲစွာဥရောပဒေသမှရာသီဥတုကိုပိုင်ဆို်င်လေသည်။
ခိုင်ကိုမေးကြည့်သည် ဆိုင်ကယ်နောက်က လိုက်နိုင်မည်လားပေါ့။
ခိုင်က ဖြစ်သည်တဲ့။
ကျနော်ကလဲ ဆိုင်ကယ်နဲ့တက်ရတာကိုသဘောကျသည်။
တောင်ပေါ်ရောက်သည်နှင့် အေးမြသောလေ လမ်းတစ်ဖက်တစ်ချက်မှ
သစ်ရိပ်ဝါးရိပ် ပျံ့လွင့်နေသော တောနံ့တောင်နံ့ တို့သည်ဆိုင်ကယ်နဲ့သွားမှာသာရနိုင်လေသည်။
အဲဒီနေ့မနက် ခြောက်နာရီလောက် ခိုင်ကိုသွားခေါ်ပြီး ၃၂လမ်း ၈၁လမ်းဒေါင့်ကလမ်းဘေးဆိုင်လေးမှာရှမ်းခေါက်ဆွဲစားကြလေသည်။
သူ့ဆိုင်က မုန်ညင်းစိမ်းအချဉ်သည် လတ်ဆတ်ပြီး အရသာရှိလေသည်။
စားသောက်ပြီးတော့ ၂၆ဘီလမ်းအတိုင်းအရှေ့တက်၆၂လမ်းရောက်တော့ ညာကွေ့ ၃၅လမ်းမပေါ်ရောက်တော့ အောင်ပင်လယ်ကန်ဘောင်ရိုးအတိုင်းတက်ပြီး မေမြို့ဘက်သို့ဦးတည်လေသည်ပေါ့။
မန်းလေးမှအထွက်ကျောက်မြီးမရောက်ခင်ထိလမ်းဘေးတစ်ချက်တစ်ချက်မှာ
သစ်ပင်တွေက အုပ်ဆိုင်းထားသည့်ကြားမှ အလင်းရောင်တန်းများ တိုးထွက်နေပုံမှာ
မြင်တတ်သူများအဖို့တော့ အတော်လှပလေသည်။
ကျောက်မြီးအုန်းချောနှင့်ရွှေစာရံကိုလွန်တော့ ၁၆မိုင်တိုးဂိတ်အဆုံးမှာ
တော့ တောင်တက်လမ်းစသည်လေ။
ပြင်ဦးလွင်အသွားလမ်းကတော့ သာယာလေသည်။
တောင်တက်လမ်းသည် ဖြည်းဖြည်းခြင်းမြင့်တက်သွားလေသည်။
လမ်းကလေးသည်ကွေ့ကွေ့ကောက်ကောက် တောင်တက်လမ်းမို့ ဆိုင်ကယ်ဂီယာလေးချက်ဆိုတော့ သုံးမှာထားပြိးဖြည်းဖြည်းမှန်မှန်တက်ခဲ့လေသည်။
လမ်းကတော့ သတိမထားလျင် အန္တရာယ်များသည်ပြောနို်င်ပါသည်။
တစ်ဖက်တွင် တောင်ကမ္ဘားယံ တစ်ဖက်ကတော့ ချောက်။
သို့ပေမယ့် ဖြည်းဖြည်းမှန်မှန်သွားလျင်တော့ ဘေးဘယာမရှိ။
သိပ်မကြာခင် ဗျူးပွိုင့်ရောက်တော့ ဆိုင်ကယ်ကို ခဏရပ်ပြီး မြူတွေဆိုင်းနေသောမြင်ကွင်းလေးကိုငေးမော။
အညောင်းလဲဆန့်ရင်းပေါ့။
ဗျူးပွိုင့်အနောက်ဘက်ခြမ်းသည် လှပလွန်းပါသည်။
တောင်စွယ်ကြီး၏ အောက်ခြေတွင် နမ္မတူမြစ်၊ဒုဌဝတီမြစ်၊မြစ်ငယ်ဖြစ်ဟူ၍
အမည်သုံးမျုးိတွင်သာမြစ်သည် ဖဲကြိုးလေးချထားသည်နှယ် ခပ်စင်းစင်းလေးရှိနေလေသည်။
သို့သော် ဆောင်းဦးပေါ်ကနံနက်ခင်းမို့ မြူနှင်းတို့ဝေနေသည်မို့ မြင်သမျှသည် သိပ်တော့ မသဲကွဲ။
ခဏနေတော့ ဒီနေရာမှခွာခဲ့လေသည်။
ဒီပြင်ဦးလွင်အကြောင်းစပ်ဆိုခဲ့ကြသည်သီချင်းများစွာအနက်
နွဲ့ယဉ်ဝင်း၏ ပန်းကမ္ဘာမျှော်စင် ဆိုသည့် မေမြို့သို့မဟုတ်ပြင်ဦးလွင် သီချင်းကတော့ အထင်ရှားဆုံးဖြစ်မည်ထင်ပါသည်။
ဒါပေမယ့်ကျနော်ကတော့ ခင်သစ်လွင်၏
“သရုပ်ကမပီနေခြည်ဆောင်းအဝေးဆီ ဒုဌဝတီရေကြည်ချောင်းကလေးသည်
ဟိုအဝေးဝယ်ကွေ့ကောက်ပြီးစီးဆင်းနေသည်
တောင်လှေကားအထက်ဗွေဆီ မောင်ရေအသွားခက်နေသည်ထင်းရူးမြိုင်ချယ်ရီမြိုင်
လှိုင်လှိုင်ပွင့်တဲ့ စိန်ပန်းပြာ ပန်းမြို့တော်ဆီ” သီချင်းကိုတော့ အကြိုက်ဆုံးဖြစ်လေသည်။
သိပ်မကြာခင်မှာပင် ရှေးကာလများက အလွန်နာမယ်ကြီးခဲ့သော ၂၁ မိုင်သို့ရောက်လေသည်။
(၂၁)မိုင်ဆိုသည်ကား မန်းလေးမြိုမှ (၂၁)မိုင်ဝေးသော ယာဉ်ရပ်နားစခန်းဖြစ်သည်လေ။
ဟိုအရင်ခေတ်က မန်းလေးမှ တက်လာသမျှ ကားမှန်သမျှသည်ဒီနေရာမှာခဏရပ်၊
ကားအင်ဂျင်အေးအောင်ရေလောင်းပေးရင်း ကားသမားများခဏအပန်းဖြေနားကြသောနေရာ
ဖြစ်လေသည်။
ယခုအချိန်တော့ ဒီလိုနားသည်လို့သိပ်မရှိ။
တောက်လျောက်တက်ကြလေသည်။
ကားတွေကလည်းကောင်းသည်ကိုး။
ဒီ(၂၁)မိုင်မှာတော့ နာမယ်အကြီးဆုံး ပဲစိမ်းကြော်များရှိလေသည်။
ပြင်ဦးလွင်မှ ပြန်ဆင်းလာသူတိုင်း ကြွပ်ရွနေသော ဒီပဲစိမ်းကြော်ကိုတော့
ဝယ်ခဲ့ကြသည်သာ။
ဒီနေရာလေးက လွန်လာတော့ လမ်းအတက်သည်ပြေလေသည်။
နောက်တော့ နာမယ်ကျော် ခြောက်ထပ်ကွေ့။
ကျနော်တို့ငယ်ငယ်ကတော့ ခြောက်ထပ်ကွေ့ကို ကောင်းစွာမြင်နိုင်လေသည်။
အခုတော့ သစ်ပင်တွေထူထပ်စွာပေါက်နေလေတော့ အရင်လိုထင်ရှားစွာမမြင်နိုင်တော့။
ပြင်စာ ဆိုသောနေရာကိုရောက်သည်နှင့်ရာသီဥတုသည် သိသာစွာပြောင်းလာသည်လို့
ခံစားရလေသည်။
နောက်တော့ နာမည်ကျော် အသီးအနှံဈေးတန်းလေးရှိရာ အောင်ချမ်းသာ နောက်တော့အနီးစခန်းပြီးလျင် ပြင်ဥိးလွင်သို့ရောက်လေသည်။
******************************************************
ပြင်ဦးလွင်ရောက်တော့ လက်ဖက်ရည်ဆိုင်မှာခဏနားရင်း ခရီးစဉ်ကိုတိုင်ပင်တော့
“ ကျော့် သဘော ခိုင်ဘာမှ မသိ ကျော်ခေါ်တဲ့ဆီလိုက်မယ်”ဆိုသည်နှင့်
ပြင်ဦးလွင်ဂုဏ်ဆောင် ပြည်တော်ချစ်ဘုရား ကိုအရင်ဖူးဘို့စဉ်းစားမိလေသည်။
ခိုင်ဘုရားဝတ်ပြုနေသည်ကိုစောင့်ပြီး ဘုရားဖူးြ့ပီးတဲ့အခါအဆင်းလမ်းအဆုံးမှာရှိတဲ့
နာမယ်ကျော် BE fall (ခ) ပွဲကောက်ရေတံခွန်သို့သွားခဲ့ကြလေသည်.။
ပွဲကောက်ရေတံခွန်အနောက်ဖက်ခြမ်းမှာ အိုင်လေး တစ်ခုရှိလေသည်။
အဆင့်ဆင့် စီးလာသောရေများမှ အိုင်ကလေးဖြစ်နေသည့်အထဲတွင်
အလည်လာသူအပေါင်း ဆင်းပြီးရေချိုးတတ်ကြလေသည်။
ဒီနေရတံခွန်စခန်းထဲ ဝင်သည်နှင့် တဝေါဝေါနှင့်ရေကျသံများကြားနေရလေသည်။
မြောက်ဘက်ဆိုင်တန်းများအကြားမှလမ်းလျောက်ရင်း အမြင့်ပိုင်းသို့ မသိမသာတက်သွားချိန်
မှာတော့ အောက်ဘက်မှာရေတံခွန်းလေးကို လှမ်းမြင်နေရပေပြီ။
လာရောက်လည်ပါတ်သူများစည်ကားချိန်တွင်တော့ ရေတံခွန်ရေကျရာနေရာတွင်
လူအများရေဆင်းစိ်မ်နေသည်ကိုေ တွ့နိုင်လေသည်။
ဓါတ်ပုံရိုက်ကြသူတွေလဲမရှား။.
ရေတံခွန်ကား သုံးဆင့်ရှိပြီးလှပလေသည်။
သူို့သော် အရမ်းကြီး မမြင့်ပေ။
အဲဒီနားပါတ်ဝန်းကျင်မှာတော့ ရေကျသံတဝေါဝေါ။
ရေတံခွန်မှပြန်လာတော့ ဆယ်နှစ်နာရီထိုးခါနီးလေသည်၊
ပိတ်ချင်းမြောင် သဘာဝလှိုဏ်ဂူကိုတော့ မသွားတော့။
ဘုံကျောင်းကိုလဲ မဝင်တော့ ။
ဘာမှ သိပ်ထူးထူးထွေထွေမရှိ။
ကန်တော်ကြီးသဘာဝဥယျာဉ်မှာ သွားအနားယူကြမည်ဆိုတော့
“ ကျော့် သဘော “ ဆိုသည့်သဘောဖြင့် ခေါင်းငြိမ့်လေသည်။
ခိုင်မေးတော့ သိပ်မဆာတဲ့။
ဒီတော့ လဲကန်တော်ကြီးအသွားလမ်းက “ထီးလှိုင်”မှာ
ပေါ့ပေါ့ ပါးပါ အစာများကို စားဖြစ်ကြလေသည်။
ကန်တော်ကြီးအဝင်ဝမှာတော့ စားသောက်စရာ ဈေးဆို်င်များတန်းစီလို့နေပေသည်။
အငွေ့တထောင်းထောင်းထနေသော ပြောင်းဖူးသည်များကိုမြင်တော့ ခိုင်သွားရည်ယိုလေသည်၊။
အဲတော့ ပြောင်းဖူးသုံ့းဖူးဝယ်ပြီး ကန်တော်ကြီးအတွင်းသို့ဝင်ကြလေသည်။
လူတစ်ယောက်တစ်ထောင်။
ထိုအချိန်လူခြောက်ဆယ်လောက်ပါသော ဘုရားဖူးကားတစ်စီးထို်းဆိုက်လာလေသည်။
ဝင်ကြေး တစ်ယောက်တစ်ထောင်ဆိုတော့ အချို့သူများက မဝင်တော့။
အပြင်မှစောင့်မည်ဆိုလေသည်။
ပြင်ဦးလွင်ရာသီဥတုကလဲ သာယာပါသည်။
ကန်တော်ကြီးထဲမှ ပန်းခင်းများကလည်း လှပ ပါသည်။
ပန်းပေါင်းလဲစုံပါသည်။
သို့သော် ဒီတစ်ခေါက် ကတော့ ကန်တော်ကြီးထဲမှာ ပန်းမစုံလင်။
ပန်းပွင့်သောရာသီမဟုတ်လို့ထင်ပါ၏။
နောက်တော ရေပန်းလေးရှိသော ကန်လေးကိုဖြတ် ဟိုးအနောက်ဖက်ကမြက်ခင်းပေါ်တွင်
သွားပြီးထိုင်ကြလေသည်။
မြက်ခင်းပြင်ပေါ်ခြေပစ်လက်ပစ်ထိုင်ရင်း ပြောင်းဖူးစားသည်ပေါ့။
နောက်တော့ လဲအေးငြိမ်းသော တိတ်ဆိတ်သော နေရာလေးမှာစကားတွေပြောဖြစ်ကြလေသည်။
စကားပြောနေရင်းခို်င်မျက်နှာလေးမှာ တွေတွေငေးငေး ဟိုးအတိတ်ကအကြောင်းများကို ပြန်တွေး
နေသလိုပင်။
“ခိုင်တို့ မေမြို့မှာ တစ်နှစ်လောက်နေဘူးတယ် ကျော်ရ။
ဖေဖေအလုပ်ပြောင်းတဲ့ဆိကိုလိုက်နေရတာ။
ခိုင်က တစ်ဦးတည်းသောသမီးလေ။
ခိုင်မေမေကကျန်းမာရေးသိပ်မကောင်းတော့ အပြင်သိပ်မထွက်။
အလုပ်ပိတ်ရက်ဆိုရင် ဖေဖေက ခိုင့်ကိုစက်ဘီးပေါ်တင်ပြီး ဒီထဲကိုလိုက်ပို့တာ။
တစ်ခါတော့ ခိုင်က ဒီအထဲလဲရောက်တော့ မုန့်တွေ့ဝယ်ခိုင်းပြီးစား။
ပြီးတော့ လျောက်ပြေးဆော့။
ဖေဖေကတော့ ဟိုကန်စပ်က သစ်ပင်အောက်မှာထိုင်ပြီးခိုင်ဆော့တာကိုစောင့်နေရှာတယ်။
နောက်ဆုံးတစ်ခေါက်ကတော့ ဖေ့ဖေ့မျက်နှာက သိပ်မရွှင်။
နောက်မှသိရတာ မေမေ့ အသဲရောဂါ ကျွမ်းနေပြီ။
သိပ်မခံတော့ဘူးဆိုတာပါဘဲ။
အဲဒီနှစ်ထဲမှာဘဲ ခိုင်တို့ရန်ကုန်ကိုပြောင်းရတယ်။
မေမေလဲ ရန်ကုန်ရောက်ပြီး မကြာခင် ဆုံးသွားတယ်။
အဲတော့ ခိုင်နဲ့ဖေဖေနှစ်ယောက်ထဲကျန်ခဲ့တာပေါ့။
မေမေဆုံးပြီး (၃)နှစ်နေတော့ ဖေဖေ အိမ်ထောင်ထပ်ပြုတယ်။
ခက်တာက အဲဒီမိန်းမက မုဆိုးမ ကလေးတစ်ယောက်အမေ၊။
ခိုင်နဲ့ဖေဖေစကားတွေများကြတာပေါ့။
နောက်ဆုံးအိမ်ပေါ်ခေါ်တင်လာတော့ ဘာတတ်နို်င်မှာလဲ။
အဲဒီအချိန်ခိုင်ဆယ်တန်းဖြေပြီးတဲ့အချိန်လေ။
နောက်တော့ ခိုင်လဲအဝေးသင်တက်ရင်း အဲဒီမှာသိလာတဲ့အမတစ်ယောက်ခေါ်တာနဲ့
ဒီ sg ကိုရောက်လာတာလေ။
အစကတော့ အဲဒီအမနဲ့ဘဲရုံးတစ်ရုံးမှာအလုပ်အတူလုပ်တယ်လေ။
အဲဒီမမ ကျေးဇူူးတွေခိုင်မှာအများကြီး ကျော်ရယ်။
သူက ခိုင့်အရင်ဆယ်နှစ်လောက်စောရောက်တာလေ။
နောက်တော့သူက ဒီမှာ စတိုးဆိုင်လေးဖွင့်တယ်။
အဓိက တော့ စားသောက်ကုန်ပါ။
မြန်မာပြည်ကနေမှာပြီးဒီမှာရောင်းတယ်
နောက်တော့ ခို်င်ကိုလဲ အလုပ်ထွက်ခို်င်းပြီး။
သူနဲ့အတူလုပ်ခိုင်းတယ်။
လခစားမဟုတ်ဘဲ အမြတ်ကိုရာခိုင်နူန်းနဲ့ခွဲပေးတာလေ။
တိုတိုပြောရရင် သူမြန်မာပြည်ပြန်တော့ ခိုင်ကို ဒီဆိုင်လေး ခိုင်ကိုလွဲပေးခဲ့တာလေ။
အခုတော့ မမလဲမရှိတော့ ခိုင့်ဖေဖေလဲမရှိတော့။
ခိုင်ဖေဖေရှိတုံးကတော့(၂)နှစ်တစ်ခေါက်လောက်ပြန်ဖြစ်ပါတယ်။
ဖေဖေဆုံးတုံးက ခိုင်ပြန်လာပေမယ့် နောက်ပိုင်းမပြန်ဖြစ်တော့ဘူးလေ။
ခိုင်ပြန်လာရင်လဲ မြန်မာပြည်မှာ ကြိုမယ့်သူမရှိ။
ပြန်သွားရင်လဲ လွမ်းမယ့်သူမရှိဆိုတော့ ခိုင်လုံးဝပြန်မလာခဲ့ဘူး။
အခုကျော်နဲ့ရင်းနှီးသွားလို့ ခိုင်ပြန်လာဖြစ်တာလေ
ဒီကိုပြန်မလာတာ အတော်ကြာပေ့ါ။”
လို့ ခိုင်ပြောရင်း မျက်ရည်တွေဝဲလာပါတယ်။
ညနေသုံးနာရီလောက်မှတော့ ကျနော်တို့ပြန်ခဲ့ကြပါတယ်။
ကန်တော်ကြီးကနေ ဈေးဘက်ကိုလမ်းခွဲသွားတဲ့နားက
လမ်းဘေးမှာဖွင့်ထားတဲ့ကော်ဖီဆိုင်လေးကို ဝင်ထိုင်ရင်းဒိန်ချဉ်သောက်ကြပါတယ်။
သောက်လို့အတော်ကောင်းပါတယ်။
ဆိုင်နာမယ်သိချင်လို့ မော့ကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင်
“ ဘာရစ်စတာ ခိုင်ကော်ဖီဆိုင်”တဲ့
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
ပြန်အဆင်းမှာတော့ သတိထားရပါသည်။
အတက်တုန်းက ဆိုင်ကယ်ကို ဇက်ကုန်ဖွင့်မောင်းရဲပေမယ့် အဆင်းလမ်းမှာတော့ သတိထားကာမှတန်ကာကြလေသည်။
မေမြို့သွားတိုင်း စိတ်ညစ်ရသည်မှာအပြန်ခရီးပင်ဖြစ်လေသည်။
အသွားတုံးကတော့ လူကလဲ လန်ဆန်းတက်ကြွ။
အပူမှအအေးဆီသို့ သွားလေတော့အေးချမ်းလေသည်။
အပြန်လမ်းကတော့ အအေးမှအပူသို့ဆိုပြန်တော့ အောက်ရောက်လေပူလေ။
စိတ်လဲညစ်ညောင်းလဲညောင်း ပူလဲပူဖြစ်ပေသည်။
အပြန်လမ်းရောက်တော့ ဟိုနေ့ကစားခဲ့သောငါးသံပုရာပေါင်းကို စားချင်သည်လို့ဆိုလေသည်။
ဟင်းစောင့်နေရင်းက မပြီးဆုံးသောစကားများကိုပြောဖြစ်ကြလေသည်။
“ခိုင်ဟိုမှာရောက်ပြီး တစ်နှစ်လောက်ကြာတော့ အဲဒီမှာရောက်နေတဲ့မြန်မာ
တစ်ယောက်နဲ့ကြိုက်သွားတယ်ဆိုပါတော့။
သူကလဲ အင်ဂျင်နီယာတစ်ယောက်ပါဘဲ။
ဒါပေမယ့် သုံးနှစ်လောက်တွဲပြီးလမ်းခွဲလိုက်တယ်။
သူနဲ့ကိုယ်ကြားမှာမ တူညီတာတွေများများလာတာကိုး။
အဲတော့ လမ်းခွဲလိုက်ကြပါတယ်။
အခုတော့ သူလဲ အိမ်ထောင်ကျသွားပြီလေ။
ခိုင်ကတော့ အချစ်ရေးကို စိတ်ထဲမှာမရှိတော့သလိုပါဘဲ။
တစ်ယောက်ထဲလဲနေသားကျနေပြီလေ”
“ ဒါဆို အပျိုကြီးလုပ်မယ်ပေါ့”
“အဲလိုလဲမဟုတ်ဘူးကျော်ရေ
ခိုင်စိတ်နဲ့ အဆင်ပြေသူရှိမယ် ဆိုရင်တော့ ယူချင်ယူမယ်လေ
ခိုင်တို့အသက်အရွယ်တွေက အချစ်ကိုဦးစားပေးရမယ့်အရွယ်မဟုတ်တော့ဘူးလေ။
ဘဝရှေ့ရေးအတွက် ဦးနှောက်နဲ့စဉ်းစားမှ ရမယ်လေ”
“ခိုင်ရေ ကျနော်က တော့ အချစ်ဆိုတာလဲမုန်းချင်မုန်းသွားနိုင်တယ်။
ဦးနှောက်နဲ့စဉ်းစားတို်င်းလဲ မမှန်နို်င်ဘူးလေ။
သံယောဇဉ်ဆိုတဲ့ကြိုးကလေးနဲ့ချည်နှောင်ထားတာက
ပိုခိုင်မြဲမယ်ထင်ပါတယ်”
“ကျော်ရယ် သံယောဇဉ်ဆိုတာကလဲ တင်းလွန်းရင်ပြတ်
လျော့လွန်းတော့ ပတ်တတ်တယ်လေ။
ခိုင်ကတော့ သံယောဇဉ်တွယ်မိရင် လွယ်လွယ်နဲ့မဖြတ်နိုင်ဘူးထင်ပါတယ်”
ပြောနေတုန်း မှာထားသောဟင်းတွေရောက်လာတော့ စကားစ ပြတ်သည်ပေါ့။
ကိုပေါက် လက်ဆောင် အဆွေးပါးပါးလေး
1-12-2013
***************************************************************
ဆက် လက်ေ ဖာ် ပြ ပါ မည်
8-12-2013
24 comments
•*¨နန်းတော်ရာသူ •*¨
December 8, 2013 at 7:05 pm
ဒါကတော့ ရုပ်ရှင်ထဲမှာဆို နောက်ခံဇာတ်ဝင်သီချင်းထည့်ရမယ့်အခန်းတွေပဲနော်
😀
ကိုပေါက်(မန္တလေး)
December 8, 2013 at 11:16 pm
ရုပ်ရှင် ရိုက် ဘို့ ဝယ် လျင ် ရောင်းမည်
•*¨နန်းတော်ရာသူ •*¨
December 9, 2013 at 8:22 pm
မရှက်တမ်းပြောရရင် သန်းပေါင်းများစွာပိုင်ဆိုင်လို့ကတော့ မီဒီယာအန်တာတိန့်မန့်တို့၊ထုတ်ဝေသူတို့လုပ်ပြီး အနုပညာတွေဖန်တီးချင်တာပါ
ဖြစ်နိုင်ရင် ကိုးယားကမင်းသား၊မင်းသမီးတွေကိုတောင်ခေါ်ရိုက်ချင်တာ
😀
(ဘူ့မှလျှောက်မပြောနဲ့နော် ကိုယ့်သာမီးပေါတာလူသိကုန်မယ်
)
တောတွင်းပျော်
December 8, 2013 at 8:09 pm
ဓါတ်ပုံဆရာရယ်
ပုံတွေပါ တစ်ခါတည်းတင်ပေးရမှာ…
ပုံလေးတွေရယ်၊ ကဗျာလေးတွေရယ်
သီချင်းတွေ နဲ ့ ဇာတ်လမ်းရယ်…..
ကိုပေါက်(မန္တလေး)
December 8, 2013 at 11:19 pm
ပုံ ပါ လျင် စာ မဖတ် မည် စိုး သောကြောင့်
တောတွင်းပျော်
December 10, 2013 at 10:38 am
အခုမှပဲစစ်ကိုင်း ချောင်ဆိုတဲ ့ စကားလုုံးကို သဘောပေါက်တော ့တယ်။
တသက်လုံး စစ်ကိုင်းတောင်ကြား နေရာတစ်ခုလို ့ထင်နေခဲ ့တာ….
ကျေးဇူး အထူးပါပဲကိုပေါက်…
Mr. MarGa
December 8, 2013 at 8:11 pm
မိနစ် သုံးဆယ်ခန့်
အားရပါးရ ဖတ်ကာ
စားစရာ ဆိုင်များကို မန်းသား ကျနော် မှတ်သွားပါသည် လေးပေါက်ခင်ဗျ။
မန်းမြေအနှံ့တင်မက မန်းတစ်ဝိုက်ကိုပါ ခြေဆန့်တာမို့
ခရီးသွားမှတ်တမ်းလဲဖြစ်
ကြားထဲက နောက်ခံလေးတွေပါ ညှပ်ထားလို့
ဇာတ်လမ်းလေးတစ်ခုရဲ့ အစပျိုးနိဒါန်းကိုပါ
နောက်ခံသီချင်းများနဲ့ ရောမွှေ ဖတ်သွားပါကြောင်းးးး
ကိုပေါက်(မန္တလေး)
December 8, 2013 at 11:21 pm
စား ချင် လျင် လိုက် ပို့ မည် သိ ကြား မင်း
Ko chogyi
December 8, 2013 at 8:41 pm
ကိုကြီးပေါက်ရဲ့ ဇာတ်လမ်းတင်ပြမှု၊ ရည်ရွယ်ချက်တွေနဲ့မတူပေမယ့်
ကျွန်တော်အတွက် မန်းစစ်ကိုင်းတစ်ဝိုက်ဘုရားဖူးကို ရောက်ခဲ့တာ ၁၉၇၉ ခုနှစ်နောက်ဆုံးပဲ။
မန်းကိုဖြတ်သွားဖြတ်လာ ခဏတာတည်းခိုဖူးတာ ၁၉၉၃ ခုနှစ်နောက်ဆုံးဆိုတော့
အခုမန်းကိုလာရင်ဘယ်လိုသွားပြီး ဘယ်လိုခရီးစဉ်ဆွဲရမှန်းမသိဖြစ်နေတာ
အခုတော့ ကိုကြီးပေါက်ကျေးဇူးကြောင့် အဆင်ပြေသွားပြီ။
ကျွန်တော် ကူးယူပြီး ပရင့်ထုတ်ထားတယ်။ ကျေးဇူးပါ။
ကိုပေါက်(မန္တလေး)
December 8, 2013 at 11:24 pm
ကို ချို ရေ ဝတ္တ ု ရေး ရင်း မန်းလေးကို အလည် ပို့ လိုက် ပါသည်
alinsett
December 8, 2013 at 9:29 pm
ဝိုး…
ကဗျာကလည်း..ရှယ်ပဲ… ။
ဇာတ်လမ်းကလည်း.. တရကြမ်းကို ဆွဲခေါ်လာပြီ….
ကိုပေါက်(မန္တလေး)
December 8, 2013 at 11:29 pm
ဇွတ် လိုက ်ခဲ့ ပေ တော့ အလက်ဆင်း
padonmar
December 9, 2013 at 12:46 am
ကိုပေါက်ရေ
ကောင်းလိုက်တာ၊နားစည်ကိုထွင်းနဲ့ မန္တလေးကို ရောမွှေထားသလိုပဲ။(ကိုပေါက် မာစတာပိစ်)
သီချင်းတွေလည်း လိုက်ဆိုသွားတယ်။
တန်လိုက်တာတွေလည်း စိတ်နဲ့စားသွားတယ်။
ဘာဆက်ဖြစ်မလဲလို့လည်း သိချင်နေပြီ။
မြန်မြန်တင်ပါဗျို့။
(ဦးမိုက် ဂဇက်စာအုပ်အကြောင်း ဖော်ဝပ်မေးရလားကိုပေါက်)
ကိုပေါက်(မန္တလေး)
December 9, 2013 at 9:10 am
မ မာ ရေ ကို မိုက ်ဖော် ဝပ် ရသည်
တစ်ရက် ခြား တစ်ပုဒ် တင်ပါ မည် လေး ပိုင်းထဲ ရှိ ပါသည်
ဦးကြောင်ကြီး
December 9, 2013 at 9:19 am
ခိုင်ကျော်
စိုင်ပေါ်
ဒိုင်လျော်
ထိုင်အော်
နိုင်သနော်
ပြိုင်ဆော်
မြိုင်ဖော်
ပိုင်ဇော်..
ကိုပေါက်(မန္တလေး)
December 9, 2013 at 3:03 pm
ဇော် ပိုင်
ဖော်မြိိုင်
စော်ပြိုင်
သော် ကြောင် ကြိး နိုင်သနော်
အော် ထိုင်
လျော် ဒိုင်
ပေါ် စိုင်
ကျော် ခိုင် ဇာတ်လမ်း လွမ်း သနော်
ဦးကျောက်ခဲ
December 9, 2013 at 9:43 am
ဆြာပေါက်ရေ နောက်ခံသီချင်း ကွကိုယ်ဖွင့်ပြီး ဖတ်လိုက်တာ…
ရှယ်ပဲဗျို့… ဇာတ်လမ်းက ဖတ်ရတာ စေးစေးပိုင်ပိုင်ရှိတယ်ခင်ဗျ…
😀
ကိုပေါက်(မန္တလေး)
December 9, 2013 at 3:07 pm
ဘို ကျော ်စေး ဆို ပိန်း ဥ စား ပြီး ရေး တာ လေ။
KZ
December 9, 2013 at 11:20 am
မန်းလေး တစ်မြို့လုံး နှံ့သွားပြီ။
😀
ကိုပေါက်(မန္တလေး)
December 9, 2013 at 3:28 pm
နောက် ရက ်မြို့ ပြင် ထွက ်မည်
kyeemite
December 9, 2013 at 1:43 pm
ကိုပေါက်ဝတ္ထုလေးဖတ်မှ မန်းလေးလာတုန်းက ဘယ်မှဟုတ်တိပတ်တိ မလည်ခဲ့ရတာ
သတိယသွားတယိ်ဗျာ…ဇတ်ကလည်း လွမ်းခန်း နီးလာပြီထင်ရဲ့…ကောင်းပါလေ့…
မန်းလေးကိုလာအုံးမယ်ဗျာ..ဒီတစ်ခါ ကိုပေါက်ကို ဧည့်လမ်းညွှန်ငှားရမယ် 😀
ကိုပေါက်(မန္တလေး)
December 9, 2013 at 3:56 pm
တ ကယ် လာ တော့ မ ခေါ် ဘဲ နှင့်
Ma Ma
December 14, 2013 at 7:29 pm
မန်းသားစစ်စစ်ကိုပေါက်ရဲ့လက်ရာမို့လားမသိဘူး ဝတ္ထုဖတ်ရတာ မန္တလေးသမိုင်းပါ တွဲပြီးသိသွားရတယ်။
ကိုပေါက် မန်းလေးဂိုက်သီးသန့်လုပ်ရင် အောင်မြင်မှာ သေချာတယ်။ 🙂
မင်းသားနေရာကိုတော့ ကိုပေါက်ကိုပဲ မြင်ယောင်နေတယ်။ 😀
ကိုပေါက်(မန္တလေး)
December 15, 2013 at 9:20 am
ကိုပေါက် က မင်း သား မဟုတ်ပါ မမ ရဲ့
အငှားခံစားသူပါဗျိုး
မမ တို့ မန်းလေး လာပါဒီထက်စုံအောင်ပို့ပေးပါမည်