သူများမကောင်းကြံ ……………….. ?

San Hla GyiDecember 24, 20131min65537

အခန်း (၁)

ဒီနေ့ အိပ်ရာထ မဆိုစလောက် နောက်ကျသွားသဖြင့် တိုင်မင် အနည်းငယ်အောက်ကာ အလုပ်သွားဖို့ အိမ်မှ ထွက်တာလည်း နောက်ကျသွားသည်။ ထို့ကြောင့် နှစ်ဘူတာခန့်ဝေးသော စုရပ်ရှိ ကြိုပို့ကားကို မှီရန် ကမန်းကတမ်း အပြေးတပိုင်း အိမ်မှထွက်ကာ ကားနှစ်မှတ်တိုင်ခန့်စီးပြီး အမောတကော သွားရလေ၏။ ဒီအရပ်က မနက်ခင်းကလည်း အလုပ်သွားမည့် သူများ ကျောင်းသွားသူများ ပျားပန်းခတ်ကာ ကျိတ်ကျိတ်တိုး စည်ကားလှသည်။ မှတ်တိုင်မှာဆင်းပြီး စုရပ်သို့ လမ်းကလေး ဓါတ်တိုင် သုံးတိုင်စာလောက် လျှောက်ရသော နေရာလေးကို ကိုယ့်ရှေ့မှလူများကြောင့် တိုးဝှေ့ပြီး သွားရသဖြင့် တော်တော်နှင့်မရောက်။ ကြိုပို့ကားကို မြင်နေရပြီ။ ကံကောင်းသည် မထွက်သေး သီဟ လက်ပြကာ ကမန်းကတမ်း ပြေးလေသည်။ ရှေ့မှလူများကိုလည်း အသာလေးတိုးကာ ဆောရီးဟု ပြုံးပြပြီး ပြေးပါတော့သည်။ ကားပေါ်သို့ ရောက်ပြီး အကျအန ထိုင်ပြီးမှပဲ အမောဖြေရသည်။ ကြိုပို့ကား လွတ်သွားလို့ တက္ကစီဌားစီးရရင် ငွေအလကား ကုန်မည် မဟုတ်ပါလား။ ကိုယ့်မှာ မိဝေးဖဝေးနှင့် အလုပ်လုပ်ပြီး ငွေရှာနေရသဖြင့် မကုန်သင့်တာ မကုန်ရလေအောင် ကြိုးစားရမှာပေါ့ဟု တွေးကာ ပြုံးမိသေးသည်။

တကယ်တော့ သူဒီနေရာသစ်ကလေးကို ရောက်တာ မကြာလှသေး။ စေ့စေ့ပေါက်ပေါက် တွက်ကြည့်လျှင် ခြောက်လခန့်သာ ရှိသေးသည်။ တကယ်တော့ သူဒီနေရာကလေးကို လာတာက အလုပ်လုပ်ရန်နှင့် အတွေ့အကြုံပညာများ ထပ်ဆည်းပူးဖို့ ဖြစ်သည်။ သီဟ အင်ဂျင်နီယာပညာဖြင့် ကျောင်းပြီးစဉ်က ပြည်တွင်းတွင် တစ်နှစ်ခန့် အလုပ်လုပ်လိုက်သေးသည်။ ပြည်တွင်းတွင် ကျောင်းပြီးစ အင်ဂျင်နီယာပေါက်စ တယောက်ရသော ဝင်ငွေမှာ တစ်သိန်းပင် တခါတရံ မပြည့်တတ်။ ဒါတောင် တချို့ တော်တော်နဲ့ အလုပ်မရ။ ဆိုတော့ ဒီဝင်ငွေလောက်နှင့် ပင်စင်ယူထားပြီ ဖြစ်သော အစိုးရဝန်ထမ်းဟောင်း မိဘနှစ်ပါးကို ထောက်ပံ့ဖို့ မပြောနှင့် ကိုယ်တိုင်တောင် သိပ်မလောက်ချင်။ ဒါတောင် ကိုယ်က လူလွတ်ဖြစ်သဖြင့် တော်ပေသေးသည်။ ဒါနဲ့ ဒီနေရာလေးကို ကြိုရောက်နေသော သူငယ်ချင်းများနှင့် ဆက်သွယ်ပြီး အလုပ်ရှာရအောင် စွန့်စွန့်စားစား ထွက်ခဲ့ခြင်းဖြစ်သည်။ သူငယ်ချင်းများအိမ်မှာ နေပြီး ကြိုးစားပြီး အလုပ်တခု ရအောင် ရှာခဲ့ရသည်။ လွယ်တော့မလွယ်။ ကိုယ့်လို လာရှာတဲ့လူတွေက အများကြီး တခြားနိုင်ငံသားတွေလည်း ပါသေးသည်။ ဒီဒေသခံများနှင့်လည်း ယှဉ်ပြိုင်ရသေးသည်။

အလုပ်ရှာရန်အတွက် ခရီးစရိတ် လေယာဉ်လက်မှတ် အသုံးစရိတ်စသည် များအတွက် သုံးစွဲခဲ့ရသဖြင့် အိမ်တွင် ရှိသော ငွေပိုငွေလျှံကလေးမှာ ကုန်သလောက် ဖြစ်သွားခဲ့သည်။ ဘုရင့်နောင်ဖောင်ဖျက်သလို ထွက်ခဲ့ရခြင်း ဖြစ်သည်။ ရောက်ပြီး တော်တော်ကြာသည် အထိ အလုပ်မရ။ ပါတဲ့ ပိုက်ဆံ ကုန်သလောက်ဖြစ်ကာ ပြန်ရမည့်ရက် နီးတော့မှ ဒီအလုပ်ကလေးကို ကံကောင်းစွာဖြင့် ရခဲ့ခြင်းဖြစ်သည်။ အဲဒီ အလုပ်မရခင် နေ့များကဆိုလျှင် ရင်တွေ ပူနေခဲ့သည်မှာ သူငယ်ချင်းများက စိတ်ပြေရာပြေကြောင်း ရယ်စရာများ ပြောတာတောင် မရယ်နိုင်ခဲ့။

ရင်မပူ ရှိပါ့မလား မိဘနှစ်ပါးမှာ အသက်ကြီးပြီ။ သားက တလှည့်ပြန်ပြီး ထောက်ပံ့သင့်သည် အရွယ်ရောက်ပြီ။ နောက်ပြီး စုဆောင်းထားသည့် ပိုက်ဆံလေးများလည်း ကုန်သလောက် ဖြစ်သွားခဲ့ပြီ။ ကိုယ့်ရှေ့ရေး အတွက်လည်း ဝင်ငွေကောင်းပြီး ကိုယ့်အတတ်ပညာနဲ့ ဆက်စပ်သည့် အလုပ်ကလေး တခုကတော့ သေလုမျောပါး လိုချင်နေခဲ့သည့် အချိန်ပဲ။

ရမယ့်ရတော့လည်း ပြန်ခါနီး ရက်ပိုင်းအလိုမှ ဒီအလုပ်ကလေးကို ရခဲ့ခြင်းဖြစ်သည်။ အဲဒီတုန်းက အင်တာဗျူးဖြေရင်းနဲ့ ရင်တွေ ခုန်နေခဲ့တာ မှတ်မိသေးသည်။ ကံကောင်းစွာဖြင့် အင်တာဗျူး မေးသည့် မန်နေဂျာ လူကြီးက သီဟပုံစံကို သဘောကျသွားပြီး အလုပ်ခန့်လိုက်တာ ဖြစ်သည်။ အလုပ်ခန့်ပြီးတော့မှ ကိုယ် အစီရင်ခံရမည့် အထက်အရာရှိကို မိတ်ဆက်ပေးတော့ မိန်းကလေး ဖြစ်နေသည်။ သီဟထက်တော့ ရနှစ် ၈နှစ်လောက်ကြီးသည်။ ဒါလည်း သီဟက ကိုယ့်တွက်ကိန်းနဲ့ကိုယ် သဘောကျကာ တော်တော် ကျေနပ်သွားသည်။ သီဟ၏ အမြင်အရ ကိုယ်ရီပို့ လုပ်ရမည့် အထက်အရာရှိက ကိုယ့်ရဲ့ ဆန့်ကျင်ဖက်လိင် ဖြစ်နေပါက ပိုကောင်းသည်ဟု တွေးထားသည်။ စာနာမှုနှင့် သက်ညှာမှုများကို အမျိုးသား အချင်းချင်း ရီပို့လုပ်ရသည်ထက် ပိုပြီး ရလာနိုင်စရာရှိသည်။

ရသည့် အလုပ်ကလည်း သီဟ အဓိက ကျောင်းပြီးသည့် ဘာသာရပ်နှင့် သက်ဆိုင်သည့်အပြင် အလုပ်ကောင်းလေးလည်း ဖြစ်သည်။ ရာထူးက လက်ထောက် costing အင်ဂျင်နီယာရာထူး ဖြစ်သည်။ ကိုယ်လုပ်ရသည့် ကုမ္မဏီက တခြားရေနံ လုပ်ငန်းကြီးများမှာ လိုအပ်နေသည့် ပစ္စည်းမျာကို ပရောဂျက်အလိုက် ထုတ်လုပ်ရောင်းချသော လုပ်ငန်းဖြစ်သည်။ ဒီတော့ ဒီပရောဂျက်တွေရဲ့ တန်ဖိုးကို ကိုယ်က တွက်ချက်ပေးရသည်။ တနေကုန် စားပွဲမှာ ထိုင်ကာ ပုံတွေဖတ်လိုက် ဒီဇိုင်းတွေ ကြည့်လိုက်လုပ်ကာ ကွန်ပျူတာတွေ ဂဏန်းပေါင်းစက်တွေနဲ့ တချောက်ချောက် တွက်နေရသည်။ ကိုယ်တွက်တာ များလျှင် ကိုယ့်လုပ်ငန်း ပရောဂျက် မရပဲ တွက်တာ နည်းသွားပြန်လျှင်လည်း အရှုံးပေါ်မည် ဖြစ်ရာ အရေးကြီးလှသည်။

အလုပ်ရကာ အဆင်ပြေသွားလို့ သူငယ်ချင်း တွေကတောင် ဝမ်းသာခဲ့သေးသည်။ ရမယ့် ရတော့လည်း လုပ်ငန်းကလေးက ကိုယ့်ပညာနဲ့ ပက်သက်ပြီး တတ်လမ်းရှိသည့်အပြင် လစာလေးကလည်း ဖရက်ရှာ တယောက်အတွက်ဆိုလျှင် မဆိုးပေ။ တချို့ သူငယ်ချင်းတွေက သီဟကို ကြိုးကြိုးစားစား လုပ်ဖို့နဲ့ ဒီလုပ်ငန်းမှာ အတွေ့အကြုံ ရသွားပြီဆိုရင် တခြားအခွင့်အလမ်းတွေတောင် ပေါ်လာတော့မယ်ဟု အားပေးကြသည်။ တဆက်တည်း ဒီနိုင်ငံမှာက တချို့ အလုပ်တွေမှာ စီနီယာတွေ လူကြီးတွေက ပညာပြလို့ အလုပ်ဝင်ခါစလူ အခက်အခဲ ရှိတတ်ပုံ မျက်ရည်မျက်ခွက် ဖြစ်တတ်တာတွေလည်း ရှိသဖြင့် ရုံးတွင်း နိုင်ငံရေးကို မပေါ့ရန် သတိပေးသေးသည်။

အခုဆို သီဟ ဒီမှာ အလုပ်ဝင်တာ ၄လခန့် ရှိပြီ။ အခက်အခဲလည်း သူငယ်ချင်းတွေ ပြောသလို မကြုံရသေးသဖြင့် ကိုယ့်ကိုကိုယ် ဝမ်းသာရသေးသည်။ ကိုယ့်ဌာနမှာ အကြီးဆုံးလူက ကိုယ့်ထက် အသက် ၈နှစ်လောက်ကြီးသည့် ချောင်လီလီဆိုသည့် တရုတ်မလေး ဖြစ်ကာ ကိုယ်ထက့် ပိုပြီး စီနီယာကျသည့် လူများမှာ ယွီရှောင်နဲ့ ကျန်းထင်းရိဆိုသော တရုတ် အင်ဂျင်နီယာ နှစ်ယောက်နဲ့ ဂျိုးဇက် ဆယ်လဲတစ်နဲ့ ဒင်းနစ်ကူးမားဆိုသော ကုလား အင်ဂျင်နီယာ သုံးယောက်ဖြစ်သည်။ ကိုယ်အပါအဝင် စုစုပေါင်း ခြောက်ယောက်ဖြစ်ပြီး ကိုယ်က ဝါအငယ်ဆုံး ဖြစ်သည်။ လုပ်သက်အရင့်ဆုံးမှာ မန်နေဂျာမဖြစ်ပြီး သူ့နောက်တွင် ယွီရှောင်က ဒုတိယ လုပ်သက်အများဆုံး ဖြစ်သည်။ ကုလား အင်ဂျင်နီယာ သုံးယောက်တောင် ဒီလုပ်ငန်းမှာ လုပ်နေတာ သုံးနှစ်နီးပါး ရှိနေပြီ။

ကိုယ်ရီပို့ လုပ်နေရသော လီလီကလည်း လုပ်ငန်း ကျွမ်းကျင်ပြီး အသစ်တယောက်က နားမလည်သည်တို့ကို ကျကျနန ရှင်းပြနိုင်သူ ဖြစ်သဖြင့် လုပ်ရတာ အတော်ကံကောင်းသည်။ ဒါတောင် လုပ်ငန်းက နယ်ပယ် ကျယ်လွန်းသဖြင့် ၄လလောက်နဲ့တော့ ဘယ်လိုမှ အကုန်အစင် နားမလည်နိုင်သေး။ ကိုယ့်ဘာသာကိုယ်တော့ တွက်ချက်မှု တော်တော် တိုးတတ်နေပြီ။ ဒါပေမယ့် ရှေ့က နှစ်ပေါင်းများစွာ လုပ်လာသော ယွီရှောင်တို့လောက်တော့ တချို့အပိုင်းတွေကို နားမလည်သေး။ ကြိုးစားရမှာပေါ့လေဟု သီဟ တွေးသည်။ နားမလည်တာတွေကို သူများ အားချိန်မှာ ကပ်မေး တခြားဌာနများ လုပ်နေတာလည်း ကြည့်ရင်း ပညာယူ အိမ်ပြန်ရောက်ရင် ရသမျှ အချိန်လေးမှာ စာအုပ်စာတမ်းများ ရှာဖတ်ကာ တိုးတတ်အောင် လုပ်နေခဲ့ရသည်။ ကိုယ်ရဲ့ အစမ်းခန့်ကာလမှာ ခြောက်လဖြစ်ပြီး ဒီခြောက်လအတွင်း အလုပ်ရှင်က မကြိုက်ပါက တပတ်ကြို သတိပေးကာ အလုပ်ရပ်စဲ နိုင်သဖြင့် ဒီကာလအတွင်း ကိုယ့်ဘက်က အလွန်ကြိုးစားနေရသည်။ အခုထိတော့ နိုး ပရော်ဘလန်ဟုသာ ဆိုရလိမ့်မည်။

ကြိုပို့ကားက ကုမ္မဏီဝင်းထဲ ဝင်လာပြီ ဖြစ်သဖြင့် သီဟ အတွေးစများကို ဖြတ်ပစ်လိုက်သည်။ အိတ်ကို ဆွဲပြီး ကားပေါ်မှဆင်းကာ အလုပ်စားပွဲ ရှိရာသို့ ထွက်လာခဲ့သည်။ လူတိုင်း အလုပ်စားပွဲမှာ အိတ်တွေ နေရာချသူကချ အလုပ်မတတ်ခင် အချိန်လေးမှာ ဘရိတ်ဖတ်စ် အပြေးအလွှားစားရန် ကင်တင်းဘက်ကို ပြေးသူပြေးဖြင့် နံနက်ခင်းက သက်ဝင်လှုပ်ရှားနေသည်။

သီဟလည်း ၈ နာရီ ထိုးသည်နှင့် ပစ္စည်းတွေကို စားပွဲပေါ်တင်ကာ အလုပ်စလိုက်သည်မှာ ကိုယ့်နောက်က အသံကြားမှ သတိဝင်လာပြီး နာရီကြည့်တော့ ၁၁ နာရီ နီးပါးတောင် ရှိနေပြီ။ အသံရှင်က ကိုယ့်လူကြီးနဲ့ ရင်းနှီးသူ marketing ဌာနမှ လက်ထောက် မန်နေဂျာ အက်စသာ ဖြစ်သည်။ ကိုယ့်ထက်လည်း အသက်ကြီးပြီး သဘောကောင်းသည်။ လီလီစားပွဲက ကိုယ့်စားပွဲရဲ့ မျက်စောင်းထိုး နောက်ပိုင်းလောက်မှာ ဖြစ်သည်။

“ဟဲ့ လီလီ နင့်ကို မစ္စတာဝမ်က တွေ့ချင်လို့တဲ့” အက်စသာက လီလီကို လာခေါ်ခြင်း ဖြစ်သည်။ မစ္စတာဝမ် ဆိုတာက ဒီကုမ္မဏီရဲ့ သူဌေးကြီးဖြစ်သည်။ အဘိုးကြီးက အသက်ကြီးသလို ဒေါသလည်း ကြီးတတ်သည်။ သူ့ရှေ့မှာ အလုပ်ခိုကပ်နေပါက အလွန်ဒေါသထွက်ကာ အရေးယူတတ်သည်ဟု နာမည်ကြီးသည်။ သူ့ကို ဝန်ထမ်းတွေက အတိုကောက် မစ္စတာဝမ်လို့ ခေါ်ပြီး နာမည် အပြည့်အစုံက ကေကေဝမ် ဖြစ်သည်။

“အေး အေး ငါသွားလိုက်မယ်” လီလီက စားပွဲမှ ထကာ ရုံးခန်းဆီသို့ သွားလေသည်။ အက်စသာနဲ့ သီဟ မျက်နှာချင်း ဆိုင်မိသဖြင့် ပြုံးပြလိုက်တော့ အက်စသာ မျက်နှာမှာ စိတ်မကောင်း ဖြစ်နေသလို အရိပ်အရောင် မျက်နှာအမူအရာမျိုးကို တွေ့ရလေသည်။

…………………………………………………..။…………………………………………………………………….

အခန်း(၂)

စားပွဲမှာ ထိုင်ရင်း မစ္စတာဝမ် ခေါင်းခြောက်နေသည်။ သူ့ရှေ့က စာရွက်တရွက်ကို စိတ်ပျက်စွာဖြင့် ကြည့်နေမိသည်။ စာရွက်က လက်ထောက် မန်နေဂျာ ချောင်လီလီ၏ အလုပ်ထွက်စာပဲ ဖြစ်သည်။ အမှန်တော့ သူလီလီကို လက်မလွှတ်ချင်။ လီလီက အလုပ် ကြိုးစားသလို အင်ဂျင်နီယာ အမြင် ရှိသဖြင့် ပရောဂျက် အတော်များများကို သူ့အတွက် ယူပေးခဲ့သည်။ သူကိုယ်တိုင် အားလုံးကို တွက်တာ မဟုတ်ပေမယ့် အောက်လူများ၏ တွက်ချက်မှုများကို အမြဲတမ်း စေ့စေ့စပ်စပ် စစ်ဆေးလေ့ ရှိသဖြင့် ယိုပေါက် ဟာပေါက် အလွန်နည်းပါးသည်။ ရသမျှ ပရောဂျက်တိုင်းတွင် တကယ် ကုန်ကျသည့် ငွေနဲ့ ခန့်မှန်းတန်ဖိုးသည် အမြဲတမ်း အနီးစပ်ဆုံး တူနေသဖြင့် အရှုံးလုံးဝ မရှိခဲ့။

မစ္စတာဝမ်က မာနလည်းကြီးကာ သူ့ဆီမှာ မလုပ်ချင်သည့် ဝန်ထမ်းကိုလည်း သိပ်မဆွဲထားချင်သူ ဖြစ်သည်။ အခုတော့ အားကိုးရသည့် တယောက်က ထွက်တော့မည်။

မစ္စတာဝမ် အနေနှင့် ယခု အသက်က ၆ဝ ကိုတော်တော် ကျော်နေပြီဖြစ်ကာ အနားယူသင့်သည် အရွယ် ရောက်နေပြီ။ ဒါပေမယ့် သူမနားနိုင်သေး။ သူတည်ထောင်ခဲ့သည့် လုပ်ငန်းကြီး ပုံမှန် လည်ပတ်နိုင်အောင် ကိုယ်တိုင် ဦးဆောင်ကာ လုပ်နေရသည်။ သားတယောက် ရှိသော်လည်း အားမကိုးရ။ သူ့သားသာ အုပ်ချုပ်လိုက်ရင် ဒီကုမ္မဏီကြီး အချိန်တိုအတွင်း ပျက်စီးနိုင်သည်ဟု မစ္စတာဝမ်တွေးသည်။

မှတ်မိသေးသည်။ သူ အရွယ်ကောင်းတုန်းက ဒီနိုင်ငံကလေးက မလေးရှားဆိုသော နိုင်ငံတခုမှ ခွဲထွက်ခဲ့ရခြင်း ဖြစ်သည်။ တကယ်က ခွဲထွက်တာ မဟုတ်။ ကန်ထုတ်ခံခဲ့ ရခြင်း ဖြစ်သည်။ မလေးရှားလွှတ်တော်မှာ “နင်တို့ကို ငါတို့ ဆက်မကျွေးထား နိုင်တော့ဘူး။ သွားကြပေတော့” ဆိုတဲ့ သဘောနဲ့ ထောက်ခံမဲ ၁၂၆မဲ ကန့်ကွက်မဲမရှိနဲ့ ပစ်ပစ်ခါခါ ပထုတ်တာ ခံခဲ့ရခြင်း ဖြစ်သည်။

အဲဒီတုန်းက တာဝန်အရှိဆုံး ဝန်ကြီးချုပ်က ဒီသတင်းကို မိန့်ခွန်းပြောရာမှာ “ကျနော်တို့ နိုင်ငံကတော့ မလေးရှားနိုင်ငံကနေ ဒီနေ့ ခွဲထွက်ခဲ့ရပါပြီ။ ကျနော့် ရင်ထဲမှာ ခံစားနေရတဲ့ မချိတင်ကဲ ဝေဒနာကို ပြည်သူတွေ နားလည်အောင် ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး” ဆိုပြီး မျက်ရည်လည်ရွဲနဲ့ ကြေညာခဲ့ရတာ ဖြစ်သည်။ မျက်ရည်လည်ရွဲနှင့် ပြောခဲ့ရတာလည်း အဆန်းမဟုတ်။ သူ့နိုင်ငံလေးက သေးသေးလေး သယံဇာတဆိုလည်း ဘာမှမရှိ ဘာသစ်တောမှလည်း မပေါက် အိမ်နီးချင်း နိုင်ငံတွေလို လက်မထောင် စိတ်ကြီးဝင်စရာ ဘာသမိုင်း အစဉ်အလာမှလည်း မရှိ ရေတောင် သောက်စရာ မရှိတဲ့ဘဝမှာ လူတွေ စာမတတ်ကြရုံသာမက ဘိန်းတောင် စွဲနေခဲ့ကြသေးသည်။ ဒီတော့ ငိုတဲ့လူကို အဆိုးမဆိုသာ။

အဲဒီအချိန် သူတို့ အရွယ်ကောင်းတုန်းက မျိုးဆက်တွေက ပညာရေးကို မြှင့်တင်ပြီး အင်္ဂလိပ်စာကို အထူးကြိုးစား သင်ယူခဲ့ရခြင်း ဖြစ်သည်။ ဒီနေ့တော တချိန်က ဒီလို စုတ်ချာခဲ့တဲ့ နိုင်ငံလေးက ပတ်ဝန်းကျင်မှ သူ့ထက်ပိုပြီး နိုင်ငံအကျယ်အဝန်းလည်း ကြီးမား သယံဇာတတွေလည်းထွက် သမိုင်းအစဉ်အလာတွေနဲ့ ခမ်းနား ကြီးကျယ်ခဲ့သည်ဆိုသော နိုင်ငံကြီးများအားလုံးရဲ့ အထင်ကြီးမှုကို ခံနေရပြီဖြစ်သည်။

မစ္စတာဝမ်ကိုယ်တိုင်လည်း အရွယ်ကောင်းစဉ်က ဒီလုပ်ငန်းလေးကို ထူထောင်နိုင်ဖို့ ဇနီးမောင်နှံ နှစ်ယောက်သား ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတာ ဖြစ်သည်။ စထူထောင်ခါစက ဒီကုမ္မဏီက သေးသေးလေး ဖြစ်ကာ ဝန်ထမ်းလည်း သိပ်မခန့် နိုင်သဖြင့် ဇနီးမောင်နှံ နှစ်ယောက်လုံး ရုံးအလုပ်တွေကို ည ၁နာရီ ၂ နာရီအထိ မအိပ်ပဲ လုပ်ကာ မနက်ဆိုလည်း ၆နာရီလောက် ပြန်ထပြီး ကုန်းရုန်း လုပ်ခဲ့ရတာ ဖြစ်သည်။ အခုတော့ သူ့လုပ်ငန်းက ဒီနိုင်ငံမှာ အကြီးဆုံးဟု မဆိုနိုင်တာတောင် တော်တော် သပ်ရပ်ကြီးမားသော လုပ်ငန်းတခု ဖြစ်နေခဲ့ပြီ။

ဒီနိုင်ငံသာ မကသေး တရုတ်ပြည်တွင်လည်း နောက်ထပ် ကုမ္မဏီခွဲတခု ဖွင့်ထားနိုင်ပြီ ဖြစ်ရာ စုစုပေါင်း ဝန်ထမ်းအင်အား ၁ထောင်လောက်နဲ့ သူတို့ကို မှီခိုနေသော လူပေါင်း ၄ထောင်လောက်ကို ထမင်းကျွေးထားနိုင်ပြီ ဖြစ်သည်။ ဟူး ဒီနေ့ခေတ် လူငယ်တွေကတော့ တို့တုန်းကနဲ့များ တခြားစီပဲဟု မစ္စတာဝမ် စိတ်ပျက်စွာ တွေးသည်။ အလုပ်ကို သက်သာတာမျိုးမှ လုပ်ချင်ပြီး ပင်ပန်းတာ ဥဏ်သုံးပြီး ဖိအားကို ရင်ဆိုင်တာမျိုးဆို မလုပ်ချင်တော့။ ဇွဲရှိသည့် နေရာတွင်လည်း တခြားမှ လာသူများကို မယှဉ်နိုင်တော့။

“ဒေါက် ဒေါက် ဘော့စ် ဝင်ခွင့်ပြုပါရှင့်” တံခါးခေါက်သံ ကြားလိုက်ရသဖြင့် အတွေးစများကို ဖြတ်ကာ အေး ဝင်ခဲ့လေဟု ပြောလိုက်သဖြင့် လီလီဝင်လာသည်ကို တွေ့လိုက်ရသည်။

“လီလီ ဘာလို့ အလုပ်ထွက်ရတာလည်း။ စဉ်းစားပါဦး။ ငါကတော့ နင့်ကို မထွက်စေချင်ဘူး” မစ္စတာဝမ် မျက်နှာကို ပြုံးကာ ဆွဲဆောင်ကြည့်သည်။

“ကျမကို ခွင့်လွှတ်ပါ ဘော့စ်။ ကျမ ဆုံးဖြတ်ပြီးပါပြီ။ ကျမ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာရယ် ဟိုဘက်က ပေးတဲ့ လစာရော သင်ယူရမယ့် အခွင့်အရေးရောက မငြင်းနိုင်စရာ ဖြစ်နေလို့ပါ။” လီလီပုံစံက တကယ်ကို ပြင်တော့မှာ မဟုတ်သည့် အသွင်မျိုး။ မစ္စတာဝမ် ငယ်စဉ်က မာနလေးတွေ ဝင်လာသည်။ အို သူမှ မနေချင်တာ ငါဘာလို့ ဆွဲနေရမှာလည်း ဆိုသည့် စိတ်မျိုးဝင်လာသည်။ ငါ့မှာ ခြေမဲ့လက်မဲ့ ဘဝကနေ ဒီနေ့လို ဖြစ်အောင် လုပ်နိုင်ခဲ့တာပဲ။ လူတယောက်တည်း မရှိတာ ဘာအရေးလည်းလို့ တွေးလိုက်သည်။

“အေးလေ ညဉ်းဆုံးဖြတ်ပြီးသား ဆိုလည်း ငါ့အနေနဲ့ မတားတော့ပါဘူး။ ဒါပေမယ့် နင့်နေရာမှာ နင်ဘယ်သူ့ကို လွှဲခဲ့ချင်လည်း။” မစ္စတာဝမ် မေးလိုက်သည်။ သူကလည်း ဝန်ထမ်းကို ထွက်ရန် မီးစိမ်း ပြလိုက်ပြီ။

“ယွီရှောင်က တော်တော်လေးကို အားကိုးရနေပါပြီ ဘော့စ်။ သူလည်း အတွေ့အကြုံ များနေပြီ ဆိုတော့ မျက်နှာလွှဲလို့ ရနေပါပြီ။ အဲဒါ သူ့ကို ရာထူးတိုးပေးပြီး ဒီနေရာကို ကိုင်ခိုင်းရင် အဆင်ပြေမှာပါ။ နောက်ပြီး ကျန်တဲ့လူတွေလည်း လုပ်လာတာ ကြာပြီပဲ။” လီလီက သူ့ကို အကြံပေးသည်။

“ယွီရှောင်က ဖြစ်ပါ့မလား။ သူက ပြည်ကြီးပေါက်ဆိုတော့ အင်ဂျင်နီယာပိုင်း တော်ပေမယ့် အင်္ဂလိပ်စာကျတော့ အားနည်းတယ် မဟုတ်လား။ တို့လုပ်ငန်းက တခါတလေ ဟိုဘက်က ကုမ္မဏီတွေနဲ့ ညှိနှိုင်းရတာတွေ ရှိတယ်မို့လား” သူပြန်မေးလိုက်သည်။

“ဒါကတော့ သူ့ကို ဒီအပိုင်း ဖိလုပ်ခိုင်းပြီး ဖေးဖေးမမလေးနဲ့ဆို အဆင်ပြေသွားမှာပါ ဘော့စ်။ အင်ဂျင်နီယာပိုင်းက နားမလည်တဲ့လူကို ဒီလုပ်ငန်းကိုင်ခိုင်းရင် အန္တရာယ် ရှိပါတယ်။ နောက်ပြီး အသစ်ဝင်လာတဲ့ သီဟ ဆိုတဲ့ ကောင်လေးလည်း အင်္ဂလိပ်စာ မဆိုးပါဘူး။ ယွီရှောင်တို့နဲ့လည်း ခင်ခင်မင်မင် ပြေပြေလည်လည် ပါပဲ။ သူတို့ အချင်းချင်း ညှိညှိနှိုင်းနှိုင်း လုပ်သွားရင် အဆင်ပြေမှာပါ။”

“အေးလေ ဒါဆိုလည်း ယွီရှောင့်ကိုပဲ ရာထူးတိုးပေးပြီး ကိုင်ခိုင်းရမှာပေါ့။ ဒါဆို ညဉ်းမထွက်ခင် ယွီရှောင်ကို လွှဲစရာရှိတာတွေ သေသေချာချာ လွှဲခဲ့ဦးနော်။”

“စိတ်မပူပါနဲ့ ဘော့စ် ယွီရှောင်က ဌာနတွင်း အခြေအနေတွေ လက်ရှိ လုပ်နေတဲ့ ပရောဂျက်တွေကို အားလုံး သိပြီးသားပါ။”

“အေးလေ ဒါဆို နင်သွားနိုင်ပြီ” မစ္စတာဝမ် ခွင့်ပေးလိုက်သဖြင့် လီလီ အခန်းထဲမှ ပြန်ထွက်သွားသည်။

လီလီ ထွက်သွားတော့မှ တကိုယ်တည်း စဉ်းစားခန်း ဝင်နေမိသည်။ တကယ်ဆို သူ့မှာသာ ရွေးချယ်ခွင့် ရှိခဲ့လျှင် ဒီရာထူးကို ကိုယ့်နိုင်ငံသားထဲမှ လူငယ်တယောက်ကို အပ်ချင်မိသည်။ သို့သော် ကိုယ့်နိုင်ငံသားတွေထဲက အဆင်သင့်မရှိ။ လီလီ သင်ပေးပြီး သူ့လက်အောက်မှာ လုပ်နေသူတွေက အားလုံး နိုင်ငံခြားသားတွေသာ ဖြစ်သည်။ အမှန်တော့ အရင်တုန်းက ဒီဌာနမှာ ကိုယ့်နိုင်ငံသား လူငယ်တချို့ကို အင်ဂျင်နီယာ အဖြစ်ဖြင့် ခန့်အပ်ခဲ့ဖူးသည်။ သို့သော် သိပ်ကြာရှည်မခံ။ မလုပ်နိုင်ဆိုကာ အသီးသီး ထွက်သွားကြသည်။ ဒီဌာနက ပရောဂျက် များများရအောင် တွက်ချက်ပြီး အမြဲတမ်း အမဲလိုက်သလို လိုက်နေရသည်ဖြစ်ရာ အချိန်ပိုများများ ဆင်းရလေ့ ရှိသည်။ ကိုယ့်နိုင်ငံသားတွေက အချိန်ပိုလေး သုံးနာရီလောက် လုပ်ရမယ် ဆိုသည်နဲ့ မိသားစုကိစ္စတွေ ရှိသည် အချိန်မပေးနိုင်ဆိုကာ အလုပ်ထွက်သွား ကြတော့သည်။

ဒါကြောင့် အခုလို နိုင်ငံခြားသား အင်ဂျင်နီယာတွေချည်း ဖြစ်နေခြင်း ဖြစ်သည်။ နိုင်ငံခြားသားကတော့ အချိန်ပိုရှိသည်ဆိုလည်း မျက်နှာမပျက်ရုံမက တတ်တတ်ကြွကြွပင် လုပ်တတ်သေးသည် ဖြစ်ရာ ကိုယ့်လူတွေနဲ့တော့ ကွာလိုက်တာဟု မစ္စတာဝမ် စိတ်ပျက်လက်ပျက် တွေးမိသည်။

အင်း စဉ်းစားနေတာနဲ့ ထမင်းစားချိန်တောင် ရောက်နေပြီပဲ ဟု သတိထားမိကာ ကားဆီသို့ သွားရန် ရုံးခန်းထဲမှ ထွက်လာခဲ့တော့သည်။

…………………………………………………..။…………………………………………………………………….

အခန်း(၃)

ထမင်းစားပြီး လုပ်လက်စ ပရောဂျက်များကို ဆက်တွက်ရင်း သတိထားမိလို့ နာရီ ကြည့်လိုက်တော့ ညနေ လေးနာရီတောင် ထိုးနေပြီ ဖြစ်သည်။ ဟ အချိန်တွေ ဘယ်လို ကုန်သွားပါလိမ့်ဟု သီဟ တအံ့တဩ တွေးသည်။ အလုပ်ထဲမှာ အာရုံ ရောက်နေသဖြင့် အချိန်ကို သတိမထားမိခြင်းသာ။

ခပ်လှမ်းလှမ်းတွင် ချောင်လီလီနဲ့ ယွီရှောင် မတ်တပ်ရပ်ပြီး စကားပြောနေကြတာာ မြင်မိသည်။ တရုတ်လို ပြောနေကြသဖြင့် ဘာတွေ ပြောမှန်း သိပ်မသိသော်လည်း ယွီရှောင် ပါးစပ်ကြီး ပြဲကာ ဝမ်းသာအားရ ပြုံးနေပုံကို မြင်ရသဖြင့် ဘာတွေများ သဘောကျနေသလည်း မသိဘူးဟု သီဟ တွေးမိသည်။

“ယွီရှောင် ဘာတွေ ရယ်နေတာလဲကွ” သူလှမ်းနောက်လိုက်တော့ လီလီက “ဟဲ့ သီဟ နောက်ဆို ယွီရှောင်က နင့်ဘော့စ် ဖြစ်တော့မှာ။ နင် သူ့ကို ရီပို့စ်လုပ်ရမယ်” ဆိုပြီး လှမ်းပြောလိုက်သည်။

နှစ်ယောက်စလုံး ရယ်နေကြသဖြင့် ကိုယ်လည်း ဘာမှန်းမသိပဲ အူလည်လည်နဲ့ အပေါ့သွားရန် အိမ်သာဘက် ထွက်လာခဲ့သည်။ ထမင်းစားခန်းနား ရောက်ခါနီး အက်စသာနဲ့ တွေ့သဖြင့် ပြုံးပြလိုက်တော့ “ယူ ဒီနေ့ အိုဗာတိုင်း လုပ်မှာလား” ဆိုပြီး မေးတာ ခံလိုက်ရသည်။

“လုပ်ရမှာပေါ့ အိုင့်ကို ဒီနေ့ ဘော့စ်က ပရောဂျက် အသစ်တခု ပေးထားတယ်။ တင်ရမယ့်ရက် သုံးရက်လောက် ရသေးပေမယ့် အခုကတည်းက ပြီးသင့်သလောက် ပြီးအောင် တွက်ထားမှ ဖြစ်မှာ”

အက်စသာက အံ့အားသင့်သည့် မျက်နှာနဲ့ “ဘော့စ် ဟုတ်လား အခု ဘယ်သူက နင့်ဘော့စ်လည်း”

“ချောင်လီလီလေ ယူကလည်း အဆန်းလုပ် မေးနေပြန်ပြီ”

“အော် သီဟ နင်မသိသေးပဲကိုး နင့်ဆရာမ အခု အလုပ်ထွက်စာ တင်လိုက်ပြီ။”

သီဟ တအံ့တဩ ဖြစ်သွားသည်။ အော် ဒါကြောင့် ခုနက အက်စသာ စိတ်မကောင်းတဲ့ မျက်နှာ ဖြစ်နေတာကိုးဟု တွေးမိသည်။ သူတို့က သိပ်ခင်တဲ့ သူငယ်ချင်းတွေ မဟုတ်လား။

“အဲဒါဆို အခု ဘယ်သူက လီလီရဲ့ ထိုင်ခုံကို ထိုင်မှာလည်း အက်စသာ”

“လူတွေကတော့ ယွီရှောင်လို့ ပြောနေကြတယ်။ သူက ဝါအရင့်ဆုံးလေ။ ဒါပေမယ့် သူဌေးနဲ့ ဒါရိုက်တာအဖွဲ့က တရားဝင်စာတော့ မထုတ်ရသေးပါဘူး။”

“နင်စိတ်မကောင်း ဖြစ်နေသလား သီဟ။ အလုပ်ဆိုတာ တခါတလေ ဒီလိုပါပဲဟာ။ စိတ်မကောင်း မဖြစ်ပါနဲ့” အက်စသာက အားပေးစကား ပြန်ပြောကာ သူ့အခန်းဆီသို့ လျှောက်သွားသည်။

အင်း ဒီတယောက်နဲ့ အဆင်ပြေနေပါတယ် ဆိုမှ သူက ပြောင်းသွားပြီဟု သီဟ စိတ်ပျက်လက်ပျက် တွေးသည်။ အေးလေ ယွီရှောင်လည်း ငါ့နဲ့ သိပ်ခင်နေတာပဲ ပြဿနာရှိမှာ မဟုတ်ပါဘူးဟု နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်လေသည်။

…………………………………………………..။…………………………………………………………………….

အခန်း(၄)

မှာထားသော ပစ္စည်းများကို ကြည့်ကာ ဘူးဆန်း စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ သူက မစ္စတာဝမ်၏ ကုမ္မဏီမှာ ပရောဂျက် အင်ဂျင်နီယာရာထူးဖြင့် အလုပ်လုပ်နေကာ စင်ကာပူ နိုင်ငံသားဖြစ်သည်။ သူ တာဝန်ယူ ကိုင်တွယ်နေသော ပရောဂျက်က ပရောဂျက် နံပါတ် ၆၄ ဖြစ်သည်။ ဒီ ပရောဂျက်အတွက် ပစ္စည်းများ သူကိုယ်တိုင် မှာသောအခါ ဘယ်လိုက ဘယ်လို ပုံမှားကြည့်မိသည်မသိ ပစ္စည်းအမှားတွေချည်း ဒေါ်လာသန်းဂဏန်းခန့် မှားပြီး မှာခဲ့မိသည်။ တကယ်လိုတာတွေ မမှာမိပဲ ပုံထဲမှာ မပါတဲ့ မလိုတဲ့ ပစ္စည်းတွေ မှာလိုက်မိကာ ရောက်ခါစကလည်း ပေါ့ပေါ့ဆဆနဲ့ ပြန်မစစ်မိ။ အခု တကယ် လုပ်တော့မည် ဆိုကာမှ ထုတ်လုပ်ရေး ဌာနကို ထုတ်ပေးတော့ ပစ္စည်းတွေက အကုန်လုံး မလိုတာတွေ ဖြစ်နေမှန်းသိသည်။

ဘူးဆန်း ပုံစံက မျက်နှာတွင် ဝက်ခြံ နီနီတွေ ထူလပျစ် ပေါက်နေကာ ဝဝတုတ်တုတ် ဘုတ်ပွပွကြီး ဆိုတော့ အခုလို စိတ်ပျက်လက်ပျက် ချွေးတွေ ထွက်နေပုံမျိုးနဲ့ ဆိုလျှင် ထုံထိုင်းထိုင်း ပုံစံ ပိုပေါက်နေလေသည်။ သူ့အသွင်က တောထဲမှာ ပျားရည်ရှာလို့ မရသည့် ဝက်ဝံကြီး တယောက်နဲ့ တူနေလေသည်။

သူ ဘယ်လို လုပ်ရမှန်း မသိတော့။ အရင်တုန်းကလည်း ဒါမျိုး တခါ ဖြစ်ခဲ့ဖူးသည်။ အဲဒီတုန်းကတော့ ပရောဂျက် သေးသေးလေး ဖြစ်သဖြင့် ဆရာရင်းဖြစ်သူ ပရောဂျက်ဌာနရဲ့ စီနီယာမန်နေဂျာကြီး မစ္စတာလိုကျင်းက ဖုံးဖုံးဖိဖိနဲ့ သူဌေးနဲ့ ဒါရိုက်တာအဖွဲ့ မသိအောင် ရှင်းပေးခဲ့သည်။ သူ့ကိုလည်း ကြိတ်ဆူ ကြိတ်ဆဲကာ သူ့အစွမ်းဖြင့် ကျန်လူတွေ မသိရအောင် ဖုံးဖုံးဖိဖိနဲ့ ပစ္စည်းအသစ်တွေ ထပ်မှာခိုင်းပြီး တတ်သုတ်ရိုက် အချိန်မီပြီးအောင် လုပ်ပေးခဲ့သဖြင့် ဘယ်သူမှတောင် မသိလိုက်။ မစ္စတာလိုကျင်း၏ ကောင်းသော အချက်မှာ တပည့်သားမြေးများကို ဆူတာ ဆဲတာ ရှိသော်လည်း အမြဲတမ်း ခံတပ်ကြီးတခု သဖွယ် အကာအကွယ် ပေးတတ်သည်။ သူ့ ဆံပင်တွေမှာ ကြာဆံလို ဖွေးဖွေးဖြူနေသဖြင့် သူ့ကို တခြားဌာနက လူများက နောက်ကွယ်မှာ ခေါင်းဖြူကြီးဟု ခေါ်ကြလေသည်။

နောက်ပြီး ဒီပရောဂျက်ကို စတင်ကတည်းက ဘူးဆန်းအနေနဲ့ စာရွက်စာတမ်း ကိစ္စတွေကို ပြီးစလွယ် ထားခဲ့သည်ဖြစ်ရာ အခုတော့ ဒါကလည်း ပြဿနာကြီး တခု ဖြစ်နေပြီ။ စိတ်ညစ်လိုက်တာနော် ငါနော် အလုပ်ထွက်ပြီး ထွက်ပြေးမှပဲ ဘူးဆန်း တွေးမိသည်။ ကိုယ့်ကိုကိုယ်လည်း ထုချင်မိသည်။ သူ့အနေနဲ့ လုပ်ငန်းမှာ မကြာခဏ အမှားတွေ လုပ်မိလေ့ရှိကာ ကံကောင်းစွာဖြင့် ဌာနတွင်းမှ ဆရာရင်း ခေါင်းဖြူကြီးမှ လွဲပြီး ဘယ်သူမှ မသိကြလို့သာ တော်တော့သည်။

ဒီလို အလုပ်ကို စိတ်မဝင်စားတာသာ သူဌေးကြီး မစ္စတာဝမ် သိသွားလို့ကတော့ အသက်ကို ဖက်နဲ့ ထုပ်ဖို့တောင် အချိန်ရှိမည်မဟုတ်။ အဖိုးကြီးက ဒေါသကြီးပြီး အလုပ်ကို စိတ်မဝင်စားတာ တွေ့ရင် မထောက်မညှာ အရေးယူလေ့ ရှိသဖြင့် ဒါတွေ သူသိလို့ကတော့ လွယ်မည်မဟုတ်တာ သေချာသည်။

စဉ်းစားနေတုန်းမှာ ခပ်လှမ်းလှမ်းက သူနှင့် ဌာနတူ ပရောဂျက် အင်ဂျင်နီယာတယောက် ဖြစ်သော ဗာစန်းသီး လာနေတာ မြင်သဖြင့် လှမ်းနှုတ်ဆက်လိုက်သည်။

“ဟလို ဟောင်းအာယူ ဗာစန်းသီး”

“အိုကေပါ ဘူးဆန်း မင်းမပြန်သေးဘူးလား”

“ပြန်တော့မှာကွ မင်းဘယ်က ပြန်လာတာလည်း”

“ရုံးထဲမှာ မစ္စတာဝမ်ကို ငါ့ ပရောဂျက် အခြေအနေ သွားတင်ပြပြီး ပြန်လာတာလေ။ မင်းသိပြီးပြီလား ဘူးဆန်း တင်ဒါ ဌာနက လက်ထောက် မန်နေဂျာ လီလီ အလုပ်ထွက်စာ တင်ထားတယ်တဲ့ကွ”

“ဟာ ဟုတ်လား ဒါဆို သူ့ရာထူးက ဘယ်သူ ယူမှာလည်း”

“လူတွေကတော့ ယွီရှောင်လို့ ပြောနေကြတာပဲ။ ဒါပေမယ့် သူဌေးကြီးနဲ့ ဒါရိုက်တာအဖွဲ့က တရားဝင် စာမထုတ်ရသေးပါဘူး။”

ပြောပြောဆိုဆိုနဲ့ လက်ပြပြီး ဗာစန်းသီး ဆက်လျှောက်သွားသည်။

ဗာစန်း လျှောက်သွားတော့မှ ကိုယ့်ဘာသာကိုယ် ကိစ္စတခုကို စဉ်းစားမိပြီး ဘူးဆန်း ကျေနပ်စွာ ဖျောက်ကနဲ လက်ဖျောက်တီးလိုက်လေသည်။ ငါ့ကံက တော်တော်ကို ကောင်းနေပါလားဟုလည်း တွေးမိသည်။ သူသာ လုပ်တတ်လျှင် လက်ရှိ အရှုပ်ထုပ်ထဲမှ လွတ်မည့်အပြင် တတ်လမ်းကို မြင်နေရသောကြောင့် ဖြစ်သည်။

…………………………………………………..။…………………………………………………………………….

အခန်း(၅)

ဒီနေ့မနက် ဘရိတ်ဖတ်စ် စားပြီးသည်နှင့် မစ္စတာဝမ်တယောက် ကိုယ်ပိုင် အခန်းထဲရှိ စားပွဲမှာထိုင်ကာ စာရွက်စာတမ်းများကို စစ်ဆေးနေတုန်း တံခါးခေါက်သံ ကြားလိုက်ရလေသည်။

“ဒေါက် ဒေါက် ဝင်ခွင့်ပြုပါ ဘော့စ်ခင်ဗျာ”

“အေး ဘယ်သူလည်း ဝင်ခဲ့လေ”

အခန်းတံခါး ပွင့်သွားပြီးနောက် ရိုကျိုးသော မျက်နှာ အမူအရာနှင့် ကိုယ်ကိုယို့ကာ ဝင်လာသော ဘူးဆန်းကို တွေ့လိုက်ရသည်။ ဒီလူငယ်ကို မစ္စတာဝမ် အသေးစိတ် မသိ။ အလွန် များမြောင်လှသော လုပ်ငန်းများနှင့် အစီအစဉ်များကြားမှာ သူ့အနေနဲ့ ဝန်ထမ်းတိုင်း အကြောင်းကို အူမချေးခါး မကျန် သိဖို့လည်း မဖြစ်နိုင်ပေ။ နောက်ပြီး ပရောဂျက်ဌာန ဆိုသည်က မစ္စတာဝမ် ရုံးခန်းနှင့် အလွန်ဝေးသည်လို့ ဆိုနိုင်သည်။ ပရောဂျက်ဌာန ဆိုသည့်အတိုင်း ပြင်ပ အလုပ်ရုံနဲ့ ဆိုက်ဒ်တွေထဲမှာ လုပ်ကြသူတွေ ဖြစ်ရာ သူ့အနေနှင့် လူတိုင်းကို လိုက်မကြည့်နိုင်ပေ။ ရာထူးတိုး နှစ်တိုးဆုကြေး ဆုပေး ဒဏ်ပေးစသည့် ကိစ္စများတွင်သာ ဌာနကြီးမှူးဖြစ်သူ မန်နေဂျာကြီးလိုကျင်း ထောက်ခံတင်ပြသော သူတွေကို ရာထူးတိုး ပေးမှသာ မှတ်ချက်များကို ကြည့်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။ ဒါလည်း သူကိုယ်တိုင် မှတ်ချက်တွေကို လိုက်ဖတ်နေဖို့ မလို။ ဝန်ထမ်းရေးရာဌာန မန်နေဂျာဖြစ်သူ ဆူဇန်နဲ့ လွှဲထားလိုက်ရုံသာ ဖြစ်ပြီး သူက အတည်ပြုကြောင်း လက်မှတ်ထိုးပေးရုံသာ။

ဒီဇိုင်းဌာနနှင့် costing ဌာနစသည့် အတွက်အချက်ပိုင်း ကိုင်ရသူတွေသာ မစ္စတာဝမ် ရုံးခန်းဘေးတွင် စားပွဲကိုယ်စီနဲ့ အလုပ်လုပ်ရသည် ဖြစ်ရာ လုပ်သက် ရင့်လာသော ဝန်ထမ်းတိုင်း၏ အခြေအနေ လုပ်ပုံ ကိုင်ပုံကို မစ္စတာဝမ် အလိုလို သိလာတာ ဖြစ်သည်။ သူတို့ကျသော မကြည့်ချင် မြင်လျှက်သား ဆိုသလို ဖြစ်နေခဲ့သည်ပင်။ မိမိ သိသလောက် ဘူးဆန်း ဆိုသော လူငယ်မှာ မိမိနိုင်ငံသား တယောက်ဖြစ်ကာ ပရောဂျက်ဌာနတွင် အင်ဂျင်နီယာ ရာထူးဖြင့် အလုပ်ဝင်နေခဲ့သည်မှာ ၃ နှစ်လောက် ရှိပြီထင်သည်။ သူ့ ကုမ္မဏီသို့ မရောက်ခင်ကလည်း လုပ်ငန်းတူ အခြား ကုမ္မဏီတခုတွင် နှစ်အတော်ကြာကြာ လုပ်ခဲ့ဖူးသည်ဟု မစ္စတာဝမ် မှတ်မိလိုက်သည်။

“ကဲ ဆို ဘူးဆန်း ဘာကိစ္စ ရှိလို့လည်း”

“ပြောစရာလေး ရှိလို့ပါ ဘော့စ် ခင်ဗျာ။ ခဏလောက် နားထောင်ပေးလို့ ရမလား” ဘူးဆန်း မျက်နှာလေးက ပြုံးရွှင်နေသည်။

“ရတယ် ကောင်လေး ပြောစရာ ရှိရင် ပြောလေ”

ဘူးဆန်းက နေရာမှ ခဏထကာ သူ့ရုံးခန်းတံခါးကို အသာလေး ပိတ်လိုက်သည်။ သေချာပြီ ဒီကောင် သူ့ အရေးကြီးတဲ့ ပါစင်နယ်ကိစ္စ တခုတော့ ပြောစရာရှိပြီ။ လူကြီး ဆိုတာက ဒါမျိုးလည်း နားထောင်ပေးရမည်ပင်။ တခါတရံ ဒီလို ပြောရင်းနဲ့ ကိုယ်မသိသေးတာတွေ သိလာနိုင်တာပဲ မဟုတ်လား။

“ဒီလိုပါ ဘော့စ် အခု costing ဌာနက လက်ထောက် မန်နေဂျာ လီလီ အလုပ်ထွက်တော့မယ်လို့ ကြားထားပါတယ်။ အဲဒါ ကျနော် အဲဒီအပိုင်း အရမ်း စိတ်ဝင်စားပြီး လေ့လာချင်လွန်းလို့ တတ်နိုင်ရင် ကျနော့်ကို အဲဒီရာထူး အတွက် စဉ်းစားပေးပါ ခင်ဗျာ။ ကြိုးစား သင်ယူချင်ပါတယ် ခင်ဗျာ”

မစ္စတာဝမ် ချက်ချင်း သဘောခွေ့သွားသည်။ မနေ့ကပင် ဒီရာထူးကို နိုင်ငံခြားသားတွေ လက်ထဲ မထည့်ချင်သဖြင့် အားမလို အားမရ ဖြစ်ခဲ့ရသေးသည်။ ကိုယ့်နိုင်ငံသား လူငယ်များ ကြိုးစားချင်စိတ် မရှိဟု ထင်ပြီး စိတ်အပျက်ကြီး ပျက်ခဲ့ရသည်။ အခုတော့ ကိုယ့်သား အရွယ်လောက် ရှိသည့် လူငယ်လေးက ကြိုးစားချင်ပါသည်ဟု အားကြိုးမာန်တတ် ပြောနေသဖြင့် ဒါမှ တို့နိုင်ငံသားဆိုသော စိတ်နှင့် ပီတိဖြစ်သွားမိသည်။

“မင်း အရင်က ဒီလို ဌာနမျိုးမှာ လုပ်ခဲ့ဖူးလို့လား ဘူးဆန်း”

“ဒီလို ဌာနမျိုးမှာတော့ ကွက်တိ မလုပ်ဖူးပါဘူး ဘော့စ်။ ဒါပေမယ့် ကျနော့် အရင် ကုမ္မဏီမှာတုန်း ကတည်းက ဒီအလုပ်ကို စိတ်ဝင်စားလို့ လေ့လာဖူးပါတယ်။ နောက်ပြီး ပရောဂျက် အင်ဂျင်နီယာနဲ့ တင်ဒါ အင်ဂျင်နီယာဆိုတာလည်း လုပ်ငန်း နည်းနည်း ကွာပေမယ့် အခြေခံက အတူတူပါပဲ။”

ဒါလည်း ဟုတ်တာပဲလို့ မစ္စတာဝမ် တွေးသည်။ တကယ်က အင်ဂျင်နီယာစကေး အခြေခံကောင်းပြီး ဒီလုပ်ငန်းမှာ အတွေ့အကြုံ ရှိသူဆိုလျှင် လုပ်ငန်း သဘာဝက ဆက်စပ်ပြီး နားလည်သွား နိုင်တာပဲ ဖြစ်သည်။ သူ ဒီအလုပ်လုပ် စလုပ်တုန်းကတောင် ဘာမှ နားလည်ခဲ့သေးတာ မဟုတ်။ နောက်မှ ပါးနပ်မှုနဲ့ လေ့လာမှုများကြောင့်သာ ဒီလို လုပ်ငန်းကြီးကို ပိုင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ အခု ဒီလူငယ် ကြည့်ရတာ ပါးနပ်ပုံပဲဟု ကိုယ့်ဘာသာကိုယ် တွေးကာ ကျေနပ်သွားသည်။

“အေးလေ ဒီလိုမှပေါ့ ဘူးဆန်းရာ။ ငါကလည်း ဒီလို အရေးကြီးတဲ့ ဌာနမျိုးကို ငါတို့ နိုင်ငံသားက ထိန်းချုပ်ထားတာပဲ မြင်ချင်တာ။ မင်းလည်း ပရောဂျက် အင်ဂျင်နီယာ အတွေ့အကြုံ အတော် ရှိတော့ စူးစူးစိုက်စိုက် လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ နောက်ပြီး လီလီက ချက်ချင်း ထွက်သွားမှာမှ မဟုတ်တာ။ နောက်ထပ် သုံးပတ်လောက် နေဦးမှာဆိုတော့ မနက်ဖြန်ကစပြီး မင်းလုပ်လက်စ အလုပ်တွေကို တခြား ပရောဂျက် အင်ဂျင်နီယာ တယောက်ကို လွှဲပေးဖို့ လုပ်ပြီး မင်းက တင်ဒါဌာနရဲ့ တွက်ပုံ ချက်ပုံ အသုံးပြုတဲ့ ဆော့ဖ်ဝဲတွေကို လေ့လာတော့။ မရှင်းတာ လီလီကိုမေးပြီး မှတ်ထား။ သုံးပတ်လောက် သူနဲ့ တွဲလုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ ကိုယ်က အခြေခံကို သိသွားပြီဆိုရင် နောက်ကျတော့ ယွီရှောင်တို့ အုပ်စုကို တွက်ခိုင်းပြီး ကိုယ်က စစ်ဆေးပေးရုံပဲဟာ။ ကိုယ်က အခြေခံ ပိုင်ပြီဆိုရင် သူတို့ တွက်တာ လိုက်စစ်ရုံနဲ့ တချို့ဟာတွေ ပိုနားလည်သွားလိမ့်မယ်။ ဟုတ်ပြီလား”

“နောက်ပြီး မင်းဆရာ မစ္စတာလိုကျင်းကိုလည်း ငါအစည်းအဝေးကျရင် ပြောလိုက်မယ် ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ဘော့စ် ပြောတဲ့ အတိုင်း လုပ်ပါ့မယ် ခွင့်ပြုပါခင်ဗျာ” မျက်နှာကို အချိုသာဆုံး ပြုံးပြီး အဖိုးကြီးရှေ့မှာ ချစ်စရာ အကောင်းဆုံး ကလေးလေးလို ပုံစံဖမ်းကာ ဘူးဆန်း အခန်းထဲမှ ထွက်လာလိုက်သည်။

အခုကျတော့ ကံက ကောင်းလိုက်တာမှ လွယ်လွန်းနေသည် လို့တောင် ထင်မိသည်။

ဘူးဆန်း ထွက်သွားတော့မှပင် ဒါမှ တို့နိုင်ငံသားကွဟု မစ္စတာဝမ် လက်မထောင်လိုက်သည်။ ဝန်ထမ်းရေးရာဌာနမှ စီနီယာ မန်နေဂျာကြီးဖြစ်သူ မဒမ်ဆူဇန်ကို စကားပြောရန် အင်တာကွန်းခွက်ကို ကောက်ကိုင်လိုက်သည်။ ဘူးဆန်း ဆိုသော လူငယ်ကို တင်ဒါဌာန၏ တရားဝင် လက်ထောက်မန်နေဂျာ အဖြစ် ခန့်အပ်ကြောင်း တရားဝင်စာထုတ်ပေးဖို့ ဆူဇန်ကို ပြောရဦးမည် မဟုတ်ပါလား။

ဆူဇန်က ဒီကုမ္မဏီကို စတင်တည်ထောင်ကတည်းက မိမိတို့ လင်မယားနဲ့ ဒိူးတူပေါင်ဖက် လုပ်ကိုင်ခဲ့သူ ဖြစ်ကာ ဇနီးသည်၏ သူငယ်ချင်းလည်း ဖြစ်သည်။ မိမိတို့ ဇနီးမောင်နှံ နှစ်ယောက်မှ လွဲပြီး တခြား အယုံကြည်ဆုံးလူများ စာရင်းတွင် ဆူဇန်မှာ ထိပ်ဆုံးတန်းတွင် ရှိလေသည်။

“ဟလို ဘော့စ် အမိန့်ရှိပါရှင်”

“ဆူဇန် လုပ်ငန်းကိစ္စ ပြောစရာရှိလို့ ရုံးခန်းထဲ လာခဲ့ပါဦး။” ဖုန်းခွက်ကို ပြန်ချကာ မစ္စတာဝမ် ပြုံးနေမိလေသည်။

…………………………………………………..။…………………………………………………………………….

37 comments

  • တောတွင်းပျော်

    December 24, 2013 at 11:43 pm

    အလွန်ဖတ်လို ့ကောင်းတဲ ့ဝတ္ထုတစ်ပုဒ် ဖြစ်ပါကြောင်း…
    နောက်ဆက်တွဲကိုလည်း ဆက်မျှော်နေပါကြောင်း….
    လေးစားလျှက်
    တောတွင်းပျော်

  • ကျော်စွာခေါင်

    December 25, 2013 at 4:51 am

    ကိုစံလှကြီးရေ
    ဖတ်ကောင်းနေတုန်း..ရပ်မထားနဲ ့ဗျ
    မြန်မြန်ဆက်ပါ…
    ဗဟုသုတလဲ ရတယ်..စိတ်ဝင်စားတယ်..။

    • San Hla Gyi

      December 25, 2013 at 4:41 pm

      ကိုတောတွင်းပျော်နဲ့ ကိုကျော်စွာခေါင်ရေ
      ကျေးဇူးတင်ပါတယ်။ မြန်မြန်ဆက်ပါဆိုမှ ရပ်ထားရဦးမယ်နဲ့ တူတယ်။ ဘာလို့လည်းဆိုတော့ ကျနော် ဘာမှ မရေးရသေးဘူး။
      အမှန်တော့ ဒီဇာတ်လမ်းက ကျနော်နဲ့ သိပ်ခင်တဲ့ ညီငယ်လေးတယောက် သူ့ကိုယ်တွေ့ ပြန်ပြောပြသွားတာကို ကျနော်က ဇာတ်လမ်းအနေနဲ့ ပြန်ရေးလိုက်တာ။ သူပြောတာတော့ ဒီလောက် သိုင်းသိုင်းဝိုင်းဝိုင်း ဘယ်ဟုတ်မလဲ။ လိုရင်းလောက်ပဲပေါ့။ အဲဒါကို ကျနော်က ဇာတ်လမ်း ဇာတ်အိမ် ဖြစ်စေချင်လို့ လူတွေနဲ့ ပြန်ပြီး ရေးလိုက်တာ။
      အမှန်တော့ တကယ့် အဖြစ်မှန် ကျောရိုးတခု ရှိပြီးသားပါ။ အဲဒါကို ကျနော်က အပြင်လောကမှာ ဖြစ်တတ်တဲ့ လူတွေရဲ့ စိတ်ခံစားမှုတွေနဲ့ အနီးစပ်ဆုံးတူအောင် ဝတ္ထုလို ရေးလိုက်တာပါ။
      နောက်အတွဲတွေက ကျနော် စဉ်းစားရဦးမယ်။

  • ကထူးဆန်း

    December 25, 2013 at 7:10 am

    မောင်သီဟ တော့ နာတော့ မယ်

    • San Hla Gyi

      December 25, 2013 at 4:45 pm

      ကထူးဆန်းရေ
      ဝတ္ထုဆိုတော့ လူအမျိုးရဲ့ သနားဖွယ် စိတ်အားငယ်စရာ အဖြစ်တွေ စိတ်လှုပ်ရှားရတဲ့ အားပြိုင်မှုတွေ စိတ်မကောင်းဖြစ်စရာလေးတွေ အားတတ်စရာလေးတွေ ပျော်စရာလေးတွေ ပါအောင် ထည့်ရေးမယ်လို့ စဉ်းစားထားတယ်။ တချို့အချက်တွေတော့ ဝတ္ထုဖတ်ရင်းနဲ့ အချက်အလက် အတွေးအခေါ်တချို့လည်း ထည့်ရေးမယ်လို့တော့ စဉ်းစားထားတယ်။

  • alinsett

    December 25, 2013 at 7:33 am

    နာမည်လေးတွေက တမျိုးပဲနော်

    🙂

    အခန်းဆက်ဝတ္ထုကောင်းကောင်းတစ်ပုဒ် ဖတ်ရတော့မှာမို ့ ပျော်ပါသည်

    • San Hla Gyi

      December 25, 2013 at 4:49 pm

      ကို alinset ရေ
      နာမည်တွေကတော့ ကျနော် စိတ်ထင်တဲ့ နာမည်တွေကို ထည့်ထားတာ။ အဓိကက လူတွေရဲ့ စိတ်ခံစားမှုလေးတွေကို ကြည့်စေချင်လို့ပါ။

    • San Hla Gyi

      December 25, 2013 at 4:51 pm

      ဒေါက်တာရေ
      စောင့်မျှော်အားပေးမယ် ဆိုလို့ ကျေးဇူးတင်ပါတယ်။ စိတ်ရှည်လက်ရှည် စောင့်ဖတ်ပါ။ ကြာသွားလို့ ရှေ့အပိုင်း မေ့သလိုလို ဖြစ်သွားလည်း အသစ်မဖတ်ခင် အဟောင်းကို တခေါက် ပြန်ဖတ်ပြီးမှ ဖတ်လည်း အရသာရှိမယ် ထင်တာပဲ။

  • လုံမလေးမွန်မွန်

    December 25, 2013 at 1:57 pm

    မှတ်ထားမှ..ဒါမျိုးတွေဆို ခံရမယ့်ကိန်းတွေ မြင်နေတယ်.. 🙂

    မြန်မြန်လေးဆက်ပါဗျို့…

  • San Hla Gyi

    December 25, 2013 at 4:55 pm

    လုံမလေးမွန်မွန်ရေ
    နောက်အပိုင်းတွေ မရေးရသေးတော့ မင်းသား ဘယ်လို ဖြစ်မလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ကျနော်ကိုယ်တိုင် စိတ်ကူးထဲမှာ အကြမ်းလောက်ပဲ ရှိသေးတယ်။ မင်းသား ခံရတာလည်း ရှိမယ်။ လုံးဝ နလံမထူနိုင်တာမျိုးလည်း ဖြစ်နိုင်တာပဲ။ အဲဒီလို ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဘာလို့လည်းဆိုတော့ မြန်မာ ပရိသတ်က မင်းသားခံရပြီး ဇာတ်သိမ်းတယ်ဆိုရင် သိပ်မကြိုက်တော့ဘူး။

  • kai

    December 25, 2013 at 5:52 pm

    ကိုရင်က.. ဒါမျိုးလည်း…ရတယ်ပေါ့…
    ဇတ်ကောင်အများစုက.. စိနပြည်ကနာမယ်တွေနဲ့မို့… ဖတ်ရတာတမျိုးတော့ဖြစ်မိသား…

    စောင့်ဖတ်နေပါကြောင်း… :mrgreen:

  • San Hla Gyi

    December 25, 2013 at 8:23 pm

    ဟုတ်တယ် သဂျီးရေ
    စိနပြည်က နာမည်တွေကတော့ တရုတ်သိုင်းဝတ္ထုတွေထဲက နာမည်တွေနဲ့ နည်းနည်း ဆင်တာတွေကို ပေးထားတာ။ အစတုန်းက ကောကျင့်တို့ ကျန်းဝူကျိတို့တောင် ပေးမလို့ စဉ်းစားသေးတယ်။ နောက်ပြီး ကုမ္မဏီတခုမှာ လူမျိုးစုံ ရှိနိုင်တာပဲ ဆိုပြီး နာမည်တွေ စဉ်းစားထားတာ။ အဓိကကတော့ လူ့စိတ် သဘာဝလေးတွေ ပါစေချင်လို့ပါ။

  • surmi

    December 25, 2013 at 8:51 pm

    ​ကောင်​းတယ်​ ကိုစံလှကြီး​ရေ…
    ဒီလိုလုပ်​ငန်​းခွင်နဲ့တွဲပြီး ရေးထားတာလေးပိုသဘောကျသဗျာ
    စောင့်နေမယ်ဗျို့

    • San Hla Gyi

      December 26, 2013 at 7:22 pm

      ကိုဆာမိရေ
      ကျေးဇူးပါ။ လုပ်ငန်းသဘောကတော့ ကာယကံရှင်ဆီက နည်းနည်း မေးထားပြီး တချို့ ဖွဲ့စည်းပုံကျတော့ ကျနော့်ဘာသာ ဒီလို ဖြစ်ရမယ်ဆိုပြီး ထည့်လိုက်တာပဲ။

  • KZ

    December 26, 2013 at 9:03 am

    ဟယ်။
    ဦးစံလှကြီးးးး
    သများလည်း Costing ပိုင်းမှာ လုပ်နေတာပဲ။
    သင်ခဲ့တာက အင်ဂျင်နီးယားရင်းးး ရုံးမှာ အထိုင်များချင်လို့ ရွေးလိုက်မိတာ ဒီ ကောစတင်းးးးး၊
    နေရာလိုချင်သူတွေ သိပ်များတယ်။
    ဘော့(စ) တို့ ဂျီအမ်တို့နဲ့ အနီးကပ်နေရတာကိုးးး
    ဒါမဲ့ ခေါင်းသိပ် ခဲတာ သူတို့မသိဘူးးးး
    ကျန်တာခွင့်လွှတ်ကြတယ်။
    စလုံး တွေက ပိုက်ဆံနဲ့ ပတ်သက်ရင်မရဘူးးးး
    :hint:
    ဆက်ရေးနော်။
    စောင့်ဖတ်နေမယ်။

    • San Hla Gyi

      December 26, 2013 at 7:23 pm

      အင်း ဟုတ်ပါပြီ မ kz ရေ

  • Wow

    December 26, 2013 at 9:49 am

    ကိုယ့်အပစ်ကိုယ်မခံပဲ.. သူများလွှဲချချင်တဲ့ စိတ်ဓာတ်မကောင်းတဲ့သူတွေက တအားရွံဖို့ကောင်းတာပဲ… အရမ်း ဇတ်နာရင်တော့ ဆက်မဖတ်တော့ဘူးနော်… :mrgreen:

    • San Hla Gyi

      December 26, 2013 at 7:28 pm

      Wow ရေ
      တချို့ မြန်မာပရိသတ် ကျတော့လည်း ဇတ်နာရင် သိပ်မကြိုက်တော့ဘူး။ ကျနော့်မှာ အမဝမ်းကွဲ တယောက်ရှိတယ်။ အခုတော့ သူ ဘယ်လို နေသေးလည်း မသိဘူး။ ဟိုတုန်းကတော့ ရုပ်ရှင်တွေ ဇတ်လမ်းတွေမှာ မင်းသား မင်းသမီး ငိုတဲ့ အခန်းတွေလာပြီ ဆိုရင် ထသွားတော့တာပဲ။ နောက်ပြီး စစ်ကားတွေ ဘာတွေကြည့်လို့ တော်လှန်ရေးရဲဘော် လုပ်တဲ့ မင်းသားကို ကင်ပေတိုင်က ဖမ်းမိသွားလို့ နှိပ်စက်တဲ့ အခန်းဆို ထွက်ပြေးတော့တာပဲ။
      ဒါပေမယ့် တကယ်တော့ အပြင်လောကမှာလည်း တခါတရံ ဇတ်နာတဲ့ အချိန်တွေ ရှိနိုင်တာပဲ မဟုတ်လား။ အမြဲတမ်း အဆင်ပြေ ချောမွေ့ဖို့ ဆိုတာ မလွယ်ဘူးလေ။

  • ဦးကြောင်ကြီး

    December 26, 2013 at 12:42 pm

    တရုတ်နာမည်တွေဆို အနော့်ကြေးမုံဂျီးကိုလည်း ဇက်ကောင် တနေရာပေးဗျာ၊ အီတွန့်ဗွမ် ပြင်သစ်သွားပြီး အကြွေးတောင်းတာလေး ဒါမှမဟုတ်လဲ အီဖယ်မျှော်စင်ကို ပိသာချိန်နဲ့ တစစီဖြုတ်ရောင်းစားဖို့ ကြံစည်ပုံလေး ထည့်ရေးလိုက်လျင် သူတော်တော် ပျော်သွားမည်..။ လုပ်ပါဗျာ.. ကုသိုလ်ရပါဒယ်.. သူပျော်ဒါ ကြည့်ချင်လို့…..

    • San Hla Gyi

      December 26, 2013 at 7:31 pm

      အင်း ဦးကြောင်ကြီးရေ သူပျော်တာ ကြည့်ချင်တယ် ဆိုကတည်းက စေတနာ မေတ္တာလို့ ထင်တာပဲ။ အဲဒီ ကြေးမုံကြီးလို့ ခေါ်တဲ့ အီတွန်ဗွမ့်ကို ကိုကြောင်ကြီး ပြောသလောက်သာ သိတာ။ သိပ်မသိဘူး။ အဲဒီတော့ ရေးလို့ ဘယ်ဖြစ်မလဲ။
      တကယ် ကြေးမုံကြီးက ပြင်သစ်သွားပြီး အီဖယ်မျှော်စင်ကို တစစီ ဖြုတ်ဖို့ ကြံနေတာလား။

  • San Hla Gyi

    December 26, 2013 at 7:33 pm

    မနန်းတော်ရာသူရေ ကျေးဇူးပါ။

    • San Hla Gyi

      December 27, 2013 at 7:49 pm

      Thank you very much. Just be patient!

  • ဦးကျောက်ခဲ

    December 27, 2013 at 12:30 pm

    ဆက်ပါဦး ကိုရင်စံလှကြီးရဲ့…
    စလုံးအကြောင်းဆိုရင်တော့ အားဖြည့်ပေးဖို့ အသင့်ပါ…
    ကျောက်စ်ကိုယ်တွေ့ကတော့ စလုံးကုမ္ပဏီတွေက သူ့လူမျိုးပဲ ဦးစားပေးတယ်…
    😀

    • San Hla Gyi

      December 27, 2013 at 7:58 pm

      ဦးကျောက်ခဲရေ
      ကျနော်ကတော့ ဒီဟာက ဝတ္ထုသဘောဆိုတော့ သူများနိုင်ငံ အကြောင်းထက် ဇတ်ဆောင်တွေရဲ့ အမူအရာတွေကို ပိုပြီး ဝေဖန်တာ ကြားချင်တာပါပဲဗျာ။ ကျနော် ဒီဇတ်လမ်းမှာ စင်ကာပူနိုင်ငံရဲ့ အကြောင်းကို အချက်အလက် အနေနဲ့ သူတို့ ဘယ်လို ခွဲထွက်ခဲ့ရတယ် ဆိုတာ စာအုပ်တအုပ်ထဲက ယူပါတယ်။ ရေးသူက မောင်ဝံသလို့ ထင်ပါတယ်။ မသေချာတော့ပါ။ နာမည် မှားသွားရင်လည်း စာရေးဆရာက ခွင့်လွှတ်စေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ တနေ့မှာ ဆံပင်ညှပ်ဆိုင် တခုမှာ ဆံပင်ညှပ်ရင်းနဲ့ ဖတ်တဲ့ စာအုပ်ထဲက အချက်အလက်လေးကို ကြိုက်လွန်းလို့ မှတ်ထားပြီး အခု ပြန်သုံးလိုက်တာပါ။
      ကျန်တာတွေကတော့ ကျနော့် စိတ်ကူးပါ။

  • မဟာရာဇာ အံစာတုံး

    December 27, 2013 at 2:35 pm

    ဆက်ရေးပါဦး ဦးစံလှကြီး …
    ဖက်ဖို့ .. အဲ .. ဖတ်ဖို့ စောင့်နေဘာဒယ် ခည ..

    • San Hla Gyi

      December 27, 2013 at 8:03 pm

      ကိုအံစာတုံးရေ
      နည်းနည်းတော့ စောင့်ရမယ် ထင်တယ်။ ကျနော် နောက်အခန်းတွေ မစီစဉ်ရသေးဘူး။ အမှန်တော့ ကာယကံရှင်ဆီက သိရတဲ့ တကယ့် ကိုယ်တွေ့ ကျောရိုးဇတ်လမ်းပါ။ ဒါပေမယ့် သူက စာမရေးနိုင်တော့ သူပြောတတ်သလို ပြန်ပြောပြတာ ဆိုတော့ ကျနော်က စာနဲ့ သိုင်းသိုင်းဝိုင်းဝိုင်း ပြန်ရေးတာပါ။
      အဲဒီတုန်းက သူခံစားခဲ့ရတာတွေ ကြောက်ခဲ့ရတာတွေ စိုးရိမ်ခဲ့ရတာတွေကို ကျနော်က မူလကျောရိုးကို အခန်းတွေ ခွဲပြီး လူတွေ ဖတ်လို့ရအောင် လုပ်ကြည့်တာပါ။

  • nozomi

    December 27, 2013 at 3:39 pm

    စိတ်ဝင်တစားနဲ့
    စောင့်ဖတ်သွားတယ်
    နောက်တပိုင်းကို
    စောင့်မျှော်နေပါတယ်

    • San Hla Gyi

      December 27, 2013 at 8:04 pm

      ကို nozomi ရေ
      ကျေးဇူးတင်ပါတယ်။

  • TNA

    December 27, 2013 at 5:11 pm

    စောင့်မျှော်လျှက် ခုတလောစောင့်ရမှာတွေအတော်များနေတယ်တော့ စောင့်နေပါတယ်ဗျိုး

  • San Hla Gyi

    December 27, 2013 at 8:05 pm

    ဟုတ်ကဲ့ပါ TNA ရေ

  • Mr. MarGa

    December 27, 2013 at 8:12 pm

    အစပျိုးကတည်းက စိတ်ဝင်စားစရာဗျ
    နောက်တစ်ပိုင်း စောင့်နေပါမယ်ဗျို့

    • San Hla Gyi

      December 28, 2013 at 10:51 pm

      ဦးမာဃရေ
      နောက်တပိုင်း စောင့်နေမယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ဗျာ။

  • Novy

    December 28, 2013 at 11:59 am

    နောက်ဆုံးတော့ သူများမကောင်းကြံ——-ဘူးဆန်းဘေးဒဏ်ထိမယ် လို့ခန့်မှန်းလိုက်တယ်
    ဆက်ရန်လေးလဲမျော်နေတယ် ခန့်မှန်းတာနဲ့တူလားလို့

  • San Hla Gyi

    December 28, 2013 at 11:10 pm

    မ Novy ရေ
    အဲဒါကတော့ နောက်တပိုင်းကျရင် စောင့်ကြည့်ပေါ့။ တခါတလေ အပြင်လောကမှာလည်း မကောင်းတဲ့လူက အသာရတာတွေ အများကြီး ရှိတယ်ဗျ။ လူတွေရဲ့ စိတ်ထားတွေက အလုပ်ခွင်တွေမှာ ပိုသိသာပါတယ်။ ကိုယ် အဲဒီလို မဖြစ်အောင် ကြိုးစားရမယ်။
    ဟိုတုန်းက မြန်မာပြည်က ဗိုလ်ချုပ်တယောက်ဟာ သူ ဗိုလ်ကြီးဘဝတုန်းက အစည်းအဝေး တခါတတ်ရင် ဌာနဆိုင်ရာ အရာရှိတွေ ၆ ယောက်လောက် ပြုတ်တယ်တဲ့ဗျ။ အစည်းအဝေးကျရင် ဘယ်အေအီးက ဘာတာဝန် ပျက်ကွက်လို့ အရေးယူသင့်ကြောင်း ဘယ်စိုက်ပျိုးရေး အရာရှိက ဘာအမှုကြောင့် အရေးယူသင့်ကြောင်း ဆိုပြီး သူ့ကိုယ်သူ ကိုဖိုးမှန်လိုလို ကိုတိကျလိုလို လုပ်ပြီး ပြောလိုက်တိုင်း တချို့ခမျာများ တခါတည်း အလုပ်ပြုတ်သွားရောတဲ့။ အဲဒီလူတွေ အလုပ်ပြုတ်မှတော့ သူတို့ကို မှီခိုနေရတဲ့ မိသားစုတွေ ဒုက္ခပင်လယ်ဝေပြီပေါ့။ တကယ်တော့ သူများပုခုံးကို တတ်နင်းပြီး အမြင့်ရောက်အောင် တတ်တဲ့နည်းပါ။ အဲဒီလူလည်း ဗိုလ်ကြီးဘဝကနေ ဒိုင်း ဒိုင်း ဒိုင်း ဒိုင်းနဲ့ကို ရာထူးတွေ တတ်သွားတာ နောက်ဆုံး ဗိုလ်ချုပ်ကြီးတောင် ဖြစ်သွားတယ် ကြားတာပဲ။ အပေါ်က နွားတွေ အဲလေ လူတွေကလည်း ဒါမျိုးဆို တအားကြိုက်တာကိုး။ အဲဒီလူက ပင်စင်ယူပြီး လူဝတ်လဲတော့ စစ်ကိုင်းတိုင်းကလို့ ထင်တာပဲ။ သူ့နာမည်က ချစ်သူငယ်ချင်း မစာဥသီချင်းထဲက စာဥရဲ့ သူငယ်ချင်း နာမည်လေ။
    အမှန်ကတော့ အပေါ်လူက အောက်လူရဲ့ အပြစ်ကို ရှာချင်ရင် လွယ်လွယ်လေးပါ။ အကြောင်း အမျိုးမျိုးပြပြီး လျှောက်ပြောလို့ ရတာပဲ။ အပြစ်တင်လို့ရတဲ့ နေရာရောက်လို့ သူက အပြစ်လျှောက်တင်နေတာပါ။ ဟိုလူတွေက သူ့အပြစ်ကို ရှာလို့ရတဲ့ နေရာရောက်လို့ ရှာမယ်ဆိုလည်း တပုံကြီး ရမှာပေါ့။
    ဟိုလို လုပ်ပါလား ဒီလို လုပ်ပါလား ငါလည်း မလုပ်တတ်ဘူး ဆိုသလိုပေါ့ဗျာ။

Leave a Reply