ဂျိုးအမတေဥ ရှာပုံတော် ( ဒု _ ပိုင်း)
ညအိပ်စခန်း***
ညအိပ်စခန်းဟုဆိုသော်လည်း ယာယီအမိုးအကာဖြင့်တဲသုံးလုံးသာရှိပြီး
သစ်ရွေသူ အလုပ်သမား ၅ယောက်ခန့်သာရှိလေသည် ။
ဖထီးနှင့်ရင်းနှီးနေသူများဖြစ်၍ ညနေစာသူတို့ချက်ကျွေးပါသည် ။
အားနာသဖြင့် ပါလာသော ငါးသေတ္တာဗူး တချို့ပေးခဲ့သည် ။ ထမင်းစားပြီးတော့ သိသိသာသာချမ်းလာ၏ ။ တဲရှေ့တွင်ဖိုထားသောမီးပုံအနီးတွင်ဝိုင်းထိုင်ကြပြီး ရေနွေးသောက်ရင်း လာရင်းကိစ္စပြောဖြစ်ကြသည် ။
အခုမှသိရသည်မှာ ဂျိုးအမတေဥ ရှာသောအဖွဲ့များခြေချင်းလိမ်အောင် ရှိနေကြသည် ဟု ။
လောလောဆယ်ဆယ် မည်သူမျှရသည်ဟူ၍မကြားရသေးကြောင်း …
အရောင်းအဝယ်ဖြစ်သောဥများမှာလည်း အတုများသာဖြစ်ကြောင်း …
တချို့ကလည်း စမ်းသပ်ပစ်ခတ်မည့်သေနတ်သမားနှင့်ပေါင်း၍
လုပ်ကြံလီဆယ်ကြကြောင်း သိရလေတော့သည် ။
ကျနော်တို့မှာ ထွက်လာပြီးဖြစ်သဖြင့် မထူးတော့သည်မို့
ရိက္ခာ ခြောက်များမကုန်မခြင်း တောထဲနေသွားရန် ၊ တတ်နိုင်သ၍ကြိုးစားရှာဖွေရန် ဆုံးဖြတ်ထားကြလေသည်။
ထို့ကြောင့် ..နောက်နေ့စောစောထပြီး စခန်းချရန်သတ်မှတ်ထားသော
ဇော်ဂျီမြှောင် (မြှောင်နာမည် တချို့မေ့နေပါပြီ) သို့ သွားကြရန်ဖြစ်လေသည် ။
ထိုနေရာမှာ တောင်ရိုးနှစ်ခုကြားတွင်ရှိပြီး အတန်ငယ်ပြန့်ပျူး၍ သစ်ကြီးဝါးကြီးများပေါက်ရောက်သည် ။ တောင်ကျစမ်းလေးများရှိသဖြင့်ရေရနိုင်သည် ။
ထိုနေရာသည် ဖထီးစောအယ်ထူးအမဲရှာထွက်သောနေရာဟုသိရလေတော့သည်။
ထိုစဉ်က ပဲခူးရိုးမတွင်တောဆင်ရိုင်းများရှိနေသေးသော်လည်း
တောနက်ထဲတွင်သာနေကြ၏။ဂျီနှင့် ဆတ် တချို့တလေရတတ်သေးသည် ။
မျောက်အုပ်များလည်း ရှိနေသေးသည် ။.ကျနော်တို့စိတ်ကူးယဉ်သလို သွားရင်းလာရင်းငှက်ပစ်ဖိုးကားမဖြစ်နိုင်ခဲ့ပါ။
ထိုဇော်ဂျီမြှောင်တွင် ၂ရက် ၃ရက်နေထိုင်ပြီး ဂျိုးသိုက်ထွက်ရှာကြမည်ဖြစ်လေသည် ။
ဇော်ဂျီမြှောင်သို့ ညနေ ၃ နာရီခွဲခန့်တွင်ရောက်ကြလေသည် ။
ရောက်ရောက်ခြင်းမနားနိုင်ကြသေး။.ဖထီးမှ သစ်ပင်ကြီးများကိုလိုက်ကြည့်ပြီး ယာယီလင့်စင်ထိုးဖို့ပြင်ကြရသည် ။ ထိုစဉ်က သစ်များဝါးများပေါများလှသေးသည်ဖြစ်၍
အဆင်ပြေချောမောပါသည် ။ ကျနော်တို့လေးယောက်မှာ ဝါးခုတ်သူကခုတ် ၊ မီးဖိုရန် ထင်းရှာသူကရှာ..ဤသို့ဖြင့် တစ်နာရီခန့်တက်ညီလက်ညီလုပ်ပြီးသောအခါ
ခတ်လတ်လတ် သစ်ပင်နှစ်ပင်ကြားတွင် ၁၂ပေ ခန့်အမြင့်၌် အမိုးအကာမပါသော လင့်စင်တစ်ခုထိူးပြီးခဲ့လေ၏ ။နောင်တွင်သိရသည်မှာ ကျနော်အမြင့်ကြောက်ပြီး
သစ်ပင်မတက်တတ်သဖြင့် အနည်းငယ်နှိမ့်၍ထိားခြင်ဖြစ်သည်ဟု ။
အကယ်၍သာ ကျား ရှိခဲ့ပါက မလုံခြုံနိုင်ပေ ။ယခုသော် … မြွေနှင့်
တောဝက်များရန်မှရှောင်ရန်ဖြစ်သဖြင့် ထိုလင့်စင်နှင့်အဆင်ပြေနေခြင်းဖြစ်သည်။
သစ်ပင်ခတ်လတ်လတ်နှစ်ပင်ကို ဝါးထိုး၍ အဆင်ပြေသလိုဆောက်ထားရသောလင့်စင်ဖြစ်သဖြင့်
တာဇံရုပ်ရှင်ထဲက လင့်စင်လိုတော့မဟုတ်ပါ ။
ဝါးများခတ်ကျဲကျဲခင်းထားပြီး အနားသပ်များကိုသာနှီးတုတ်ထားသည်မို့
ခနော်ခနဲ့ ရွဲ့တဲ့တဲ့ဖြစ်လေသည် ။ သေခြာသည်က လှဲအိပ်လို့အဆင်ပြေမည်မဟုတ်။ လူလေးယောက် တပြိုင်တဲအိပ်မည်ဆိုလျှင် ပူးကပ်အိပ်ရမည့်အပြင် လိမ့်ကျနိုင်ခြေလည်းများပေသည် ။
ဖထီးကတော့ နောက်နေ့မှ ဒိထက်ကောင်းအောင်ပြင်ပေးမည် ဟုဆိုသဖြင့် ကျနော်တို့မှာ လင့်စင်ကိုကြည့်ပြီးစိတ်ပျက်ရသေးသည် ။
မကြာခင်အမှောင်လာတော့မည်ဖြစ်၍ မီးဖိုတစ်ခုဖိုခြင်း ၊ တောင်ကျစမ်း၌ ရေဗူးများရေဖြည့်ခြင်း ၊ ထမင်းမချက်နိုင်တော့သဖြင့် ဆန်ပြုတ်အိုးပြင်ခြင်း စသည်တို့ကို လူခွဲ၍လုပ်ကြရသည် ။
ကျနော်တို့လူစုတွင် မျောက်ရှုံးမှာသစ်ပင်တက်အထူးကျွမ်းကျင်ပြီး
ဖထီးလည်း ကောင်းကောင်းတက်တတ်သည် ။
မျိုးတင့်သည်ပင် သစ်ပင်တိုင်းလိုလိုတက်တတ်ပါသည် ။ ကျနော်တစ်ယောက်ကား..
အမြင့်ကြောက်ခြင်း၊ ငယ်စဉ်က ပြုတ်ကျဖူးခြင်းများကြောင့် သစ်ပင်တက်ခြင်း၌
ညံ့ဖျင်းလှလေသည် ။ ထို့ကြောင့် လင့်စင်ပေါ်သို့ကျနော်တက်ရန်.ကြိုးတစ်ချောင်းချထားရလေသည်.။
မီးဖိုကြီးအရှိန်ကောင်းစမှာပင်မှောင်သွားးလေပြီ ။
တောစစ်စစ်၏အရသာကို စတင်ခံစားရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေခဲ့သည် ။
ဆန်ပြုတ်မရမှီ အဆာပြေရေနွေးနှင့်ပဲလှော်ဝါးပြီး စကားစမည်ပြောရင်း
ဖထီး၏ တောတွင်းအတွေ့အကြုံများကိုမှတ်သားရပြန်သည် ။
မှတ်မိနေသေးသည်မှာ ဆန်ပြုတ်နှင့်သောက်ရန်အမဲခြောက်ကို မီးဖိုထဲသို့
ပစ်ထဲ့လိုက်မိသဖြင့် ကျနော့အား ဖထီးက ဆူပူခြင်းပင်ဖြစ်သည် ။
အကြောင်းမှာ… မီးဖိုထဲသိ်ု့အသားအစအနများနှင့် အဆီများကျပြီး
ညှော်ပေလိမ့်မည် ။ထိုအခါ ..သားကောင်ကြီးများလာတတ်ခြင်းနှင့်
တောထဲရှိ မကောင်းဆိုးဝါးများအား လှုံ ့ဆော်သလိုဖြစ်ခြင်းကြောင့်
အနှောက်အယှက်ပေးနိုင်သည်..ဟု ။
ထို့ကြောင့် အသားများကိုမီးကင်ပါက သံချောင်းတွင်ထိုးပြီး
မီးဖိုဘေးမှသာ ကင်ရမည်ဖြစ်ကြောင်းပြောလေတော့သည် ။
သို့နှင့် … ဆန်ပြုတ်လည်းရပြီမို့ မှောင်မှောင်မဲမဲ ချမ်းချမ်းစီးစီးတွင် ဆန်ပြုတ်တစ်ငုံသောက်လိုက်..
အမဲခြောက်တစ်ကိုက်ဆွဲလိုက်ဖြင့်မမေ့နိုင်လေသောတောတွင်းဒင်နာကို
လင့်စင်အောက် မီးပုံဘေးတွင် အားရပါးရလွေးခဲ့ရဖူးလေသည် …။
စားပြီးသောက်ပြီးသည်နှင့် မီးပုံထဲသို့ ထင်းတုံးကြီးကိုဖြည့်ပြီး
လင့်စင်ပေါ်တက်ကြသည် ။ အောက်မှာတုန်းက မီးအရှိန်ဖြင့်မအေးသော်လည်း လင့်ပေါ့်တွင်
လေအေးများတိုးသဖြင့် ချမ်းပါတော့သည် ။
ခေါင်းစွပ်များ၊ဆွယ်တာများကိုယ်စီဝတ်ထားသော်လည်း
အအေးဓတ်ကိုခံနိုင်ရုံမျှသာ…။ ရေဗူးထဲမှ ရေနွေးပူပူများကို သောက်ရင်း လင့်စင်ထက်ကစကားဝိုင်းမှာ
ကဗျာမဆန်သော်လည်း ယခုတိုင်အမှတ်ရနေသေးသည် ။
ကျနော်တို့တွင် သုံးတောင့်ထိုးဓာတ်မီးများကို ကိုယ်စီကြိုးတပ်လွယ်ထားပြီး အရေးအကြောင်းရှိက မည်သို့မည်ပုံလုပ်ရမည်ကို
ဖထီးစောအယ်ထူးမှ မှာကြားထား၏ ။သူကတော့ လက်စွဲတော်ဒူးလေးကြီးတကိုင်ကိုင်ဖြင့် ။
ထိုထက်ထူးသည်မှာ ကျဉ်းကျပ်လှသောလင့်စင်ပေါ်တွင် ဝါးကျည်တောက်နှစ်လုံးအားတွေ့ကသဖြင့် ကျနော်အံ့ဩစွာမေးမိသည် ။
” ဖထီး. .အဲဒီကျည်တောက်တွေက ဘာလုပ်မလို့လဲဗျ ”
” အေး… ငါမပြောရသေးလို့ဝေ့.. နင်တို့အားလုံး သေးပေါက်ချင်ရင် အောက်ကိုမပန်းချနဲ့နော… အဲဒီကျည်တောက်ထဲကို
ပေါက်ထည့်..ကြားလား..”
” ဟာ..ဖထီးကလည်း ..မပေါက်တတ်ပါဘူးဗျာ..အောက်ဆင်းပေါက်မှာပေါ့..ဒါနဲ့..
အောက်ကိုပေါက်ချရင်ဘာဖြစ်လို့လဲဗျ .. ”
ဖထီးမှာ အလွန်စိုးရိမ်သွားသည်လားမသိ …အလောတကြီးပင် ကျနော်တို့အား ဆဲဆိုရင်းပြောလေတော့သည် ။
” ဟာ.. ခွီး.. နင်တို့ငါပြောသလိုလုပ်ဟ..အောက်ဆင်းပေါက်ရင် နင်တို့ကိုတောေြာင်တွေက
ဆော်သွားမှာပေါ့ … အပေါ်ကတော့လုံးဝမပေါက်ချနဲ့နော်..
ငါတို့အားလုံး အိမ်မပြန်နိုင်ဖြစ်သွားမယ်…”
” ဘာဖြစ်လို့လဲ ဖထီးရဲ့.. ”
” ဟာ…တော်တော်ခက်တဲ့ကောင်တွေဘဲ … အရှင်ကြီးရဲ့လက်အောက်ငယ်သားတွေက သစ်ပင်အောက်တွေမှာရှိတယ်ဟ…
နင်တို့ သောက်ရမ်းလုပ်ရင် အရှင်ကြီးစိတ်ဆိုးပြီး
ကိုင် လိုက်ရင်ကိုယ်ကျိုးနဲ့မယ်ဝေ့… မလုပ်ကြပါနဲ့ကောင်လေးတို့ရာ… ”
သို့နှင့်…. ကျနော်တို့မှာ ဝါးကျည်တောက်ထဲ ရှူရှူးပေါက်ရမည်စိူးသဖြင့်
နေနွေးကြမ်းကို မသောက်ရဲသလောက်ဖြစ်နေမိသည် ။
ဖထီးမှာအေးအေးလူလူဆေးတံဖွာရင်း ရှေးဟောင်းနှောင်းဖြစ်များကို
ပြောပြလေသည် ။အထူးသဖြင့် ချင်းမုဆိုးပါပါကြီးနှင့်တောလည်ခဲ့ဖူးသော
အတွေ့အကြုံများပင် ..။.(နောင် အလျင်းသင့်ပါကဖထီးပြောသောတောလိုက်မုဆိုး
များအကြောင်း ရေးသားပါဦးမည်)
ကျနော်တို့အထဲတွင် မျောက်ရှုံးတစ်ယောက်မှာ သရဲအလွန်ကြောက်တတ်သောကြောင့်
တောခြောက်သောအကြောင်းများ ၊ တောထဲမှဖုတ် တစ္ဆေ များအကြောင်းပြောသောအခါ
မျက်နှာဇီးရွက်လောက်ဖြင့် နားထောင်နေတော့သည် ။ ယခင်ကမကြောက်တတ်သော
ကျနော်သည်ပင် ကြက်သီးထမိသေးသည် ။
ဖထီးပြောမှသိရသည်မှာ ချင်းမုဆိုးပါပါကြီးမှာ တောမှားသဖြင့် လင့်စင်ပေါ်မှ
ပြုတ်ကျခဲ့ပြီး ခါးရိုးကျိုးခဲ့ရသည် ဟု ။ ကျနော်တို့မှာ ထိုစဉ်ကတောမှောက် ၊
တောမှား ၊တောခြောက်သည်များကို မယုံတဝက် ယုံတစ်ဝက်ဖြင့်နားထောင်
နေရသော်လည်း စိတ်ဝင်စားလွန်းသဖြင့် အိပ်ငိုက်ဖို့ပင်မေ့နေတော့၏။
ည ၉ နာရီခန့်အထိစကားဝိုင်းဖွဲ့ခဲ့သော်လည်း နေ့လည်ကပင်ပန်းခဲ့သည်တကြောင်း
မနက်စောစောထပြီး ဂျိုးသိုက်ရှာရမည်ကတကြောင်းတို့ကြောင့် အိပ်ရာဝင်ခဲ့ကြပါသည် ။
ကျနော်တို့ သုံးယောက်၏ခါးပတ်တွင် ကြိုးတစ်ချောင်းစီချည်၍ လင့်စင်နှင့်
တွဲဆက်ထားရသည် ။အိပ်နေစဉ် ပြုတ်ကျမည်စိုးသောကြောင့်ပင် ။
ကျနော်ဘယ်အချိန်တွင်အိပ်ပျော်သွားသည်မသိ…၊.မျောက်ရှုံးအတင်းလှုပ်နှိုးသဖြင့်
ကမန်းကတန်းထထိုင်မိသည် ။
ကျနော်မှအပ အားလုံးနိူးနေပြီဖြစ်သည် ။ မျောက်ရှုံးမှာဓာတ်မီးကိုဆုပ်ကိုင်ပြီး ဆောက်တည်ရာမရ
တုန်လှုပ်နေလေပြီ ။ ခတ်ဝေးဝေး တောင်မြင့်ကြီးဆီမှ ဝေါ .. ကနဲ အသံတစ်ခုကိုကြားရသည် ။
လေငြိမ်နေသော်လည်း လေတိုက်၍ သစ်ရွက်လှုပ်သောအသံများကို
ဆက်တိုက် ကြားနေရသည် ။
့
့
ဖထီးလည်း တစ်ခုခုကိုပွစိပွစိဖြင့်ရွတ်နေလေပြီ ။
ရုတ်တရက် ..မျိူးတင့်မှ ကျနော့ကိုလက်တို့၍ပြသဖြင့်ကြည့်လိုက်လေရာ …
ခတ်ဝေးဝေး ခြုံစပ်လောက်တွင် အနီစက်လေးနှစ်စက် ရွေ့လျားနေသည်ကိုတွေ့လိုက်ရသည် ။
ဘာမှန်းညာမှန်းမစဉ်းစားနိုင်ခဲ့ပါ။ ကြားဖူးခဲ့သော တောအကြောင်း ၊ တောင်အကြောင်း ကြောက်မက်ဖွယ်များသာ
ပြန်သတိယနေမိသည် ။ ကျနော်လည်း ဂုဏ်တော်ကိုးပါး ကိုရွတ်ပါတော့သည် ။ သို့သော် … ဘယ်လိုရွတ်ရွတ် တစ်ခါမှကိုးပါးပြည့်အောင်မရွတ်နိုင်ခဲ့ပါ ။
တစ်ခြမ်းပဲ့ လ အကွေးလေး၏ မှုံဝါးဝါးအလင်းရောင်သည် ညအမှောင်ထုက်ို
အရောင်ဖျော့ရုံမျှသာ … ။
ကျနော့်မျက်လုံးထဲတွင် စမ်းရေထွက်သောနေရာအနီး အရိပ်တချို့လှုပ်ရှားနေသည်ကိုတွေ့ရသည် ။
နောက်မှ ပြန်ပြောကြသောအခါ မျိုးတင့်လည်းတွေ့လိုက်သည်ဟု….။
ကျနော်တို့အဖွဲ့ တောခြောက်ခြင်းများခံနေရလေပြီလား …
ကျနော်တို့ဘာများမှားခဲ့ကြပါသနည်း ။
မျောက်ရှုံးကိုကြည့်သောအခါတွင် လက်အုပ်ချီ၍ ခွင့်လွှတ်ပါ… ခွင့်လွှတ်ပါ..ဟု အဆက်မပြတ်ရွတ်လျှက်
တဆတ်ဆတ်တုန်နေသည်ကို တွေ့ရလေသည် ။
ထိုစဉ်…. ရုတ်တရက် အသံများ တိတ်သွားလေသည် ။
ယခုမှ သတိထားမိသည်မှာ ပုတ်အဲ့အဲ့အနံ့ပင်ဖြစ်သည် ။
ကျနော်တို့အဖွဲ့သည် ဓတ်မီးများ ဓားမြှောင်များကိုင်ထားသော်လည်း
ဇောချွေးများပြန်နေပြီဖြစ်သည် ။
“ဝှီး…ဟီး..ဟီး..ဟီးးး …. ” ….
ထိုအသံသည် တောတန်းထိတ်မှသည် တောင်တန်းအမြင့်ဖက်သို့ အော်မည်ရွေ့လျားသွားသံဖြစ်သည်။
ထို့နောက်… တဖန်ပြန်လည်တိတ်ဆိတ်သွားပြန်သည် ။
” ဟူး….. တော်သေးတာပေါ့ကောင်လေးတွေရာ… တောစည်းကမ်းဆိုတာ
ယုံယုံ မယုံယုံ လိုက်နာရတယ်ကွ… ပြောကြစမ်း..ဘယ်သူမဟုတ်တာလုပ်လိုက်တာလဲ.. ”
ဖထီးမှ ကျနော်တို့အားစေ့စေ့ကြည့်၍မေးပါတော့သည် ။
နောက်ဆူံးတော့ .. တရားခံက မျောက်ရှုံးဖြစ်နေလေသည် ။
ကျနော်တို့အားလုံးအိပ်ပျော်သွားသော်လည်း သူမအိပ်နိုင်သေး ။
ညဦးပိုင်းကသောက်ထားသော ရေနွေးကြမ်းက ဇာတိပြလေပြီ ။
ဖထီးပြောထားသဖြင့် ဝါးကိည်တောက်ထဲတွင် ရှူရှူးပေါက်သော်လည်း
ထိုဝါးကျည်တောက်မှာ လင့်စင်အောက်သို့ ပြုတ်ကျသွားခဲ့ရသည် ။
ထိုညက တောခြောက်ခံရခြင်းသည် ဤသို့သောအကြောင်းကြောင့်..ဟု ..
ဖထီးကပြောလေ၏ ။ ကျနော် ကတော့သိပ်မယုံလှပါ …။
သို့သော် .. အံဩဖွယ်အသံများ ၊ လှုပ်ရှားနေသောအရိပ်များနှင့်
အနီရောင်အစက်လေးနှစ်စက်၏ လှုပ်ရှားမှုများက
မည်သို့ငြင်းချက်ထုတ်ရမည်ကိုမတွေးတတ်အောင်ရှိနေလေတော့သည် ။
ကျနော်တို့ ဆက်၍အိပ်မရတော့ပါ ။ ည ၂နာရီကျော်နေပြီဖြစ်သည် ။
ယခုမှ သတိထားမိသည်မှာ ကျနော်သည် အာခေါင်ကွဲမတတ်ရေငတ်နေလေပြီ ။
ရေနွေးကြမ်းအေးစက်စက်ကို အသာမြိုချရင်း ဖထီးပြောပြနေသော
သူနှင့် ချင်းမုဆိုးပါပါကြီးတို့တွေ့ကြုံခဲ့ရသော တောခြောက်ခံခဲ့ရပုံများကို
အရသာခံလျက် နားထောင်နေမိပါတော့သည် ။
ဆက်လက်ဖော်ပြပါမည် …
လေးစားလျက်
မောင်ဆာမိ
13 comments
alinsett
December 29, 2013 at 12:21 pm
ဝါးကျည်တောက်ထဲ ရှူရှူးပေါက်ဖူးဘူး
:kwi:
စောင့်မျှော် ဖတ်ရှုနေပါမည် ချစ်သော ဦးဆာ
•*¨နန်းတော်ရာသူ •*¨
December 29, 2013 at 1:42 pm
မြိုင်ရာဇာတွတ်ဆာရဲ့တောတွင်းစွန့်စားခန်းများ…အခန်းဆက်
မျှော်နေပါတယ်။
အမဲလိုက်တာဘာညာအပြင်မှာစိတ်မဝင်စားပေမယ့်။
တွတ်ပီရဲ့စွန့်စားခန်းတွေကိုတော့ မပြတ်တမ်းအားပေးခဲ့တာမို့ တွတ်ဆာရဲ့ဇာတ်လမ်းလေးတွေကိုတောင်မျက်စိထဲကာတွန်းဆွဲသလိုမြင်ယောင်လာတယ်ဗျို့
koyinmaung
December 29, 2013 at 3:12 pm
ပို စိတ်ဝင်စားလာပြီဝေ့…..
မြန်မြန်သာဆက်ရေးပေတော့ဝေ့………
Paing Lay
December 29, 2013 at 3:27 pm
ဖြစ်နိုင်ရင် အမြန်ဆုံးရေးစေချင်တယ်ဗျာ
မဟာရာဇာ အံစာတုံး
December 29, 2013 at 4:05 pm
ရေရေလည်လည် လန်းသဗျာ
ဖတ်ရင်းနဲ့ ကိုယ်တိုင် တောထဲ ရောက်သွားသလိုပဲ
ကြက်သီးတောင် ထသွားတယ် ၊၊၊၊၊ ဟီးးးး
kai
December 29, 2013 at 4:43 pm
http://www.trailspace.com/articles/backcountry-waste-disposal.html
လူအညစ်အကြေးတွေက.. တိရိစ္ဆာန်တွေအတွက်.. အင်မတန်အန္တရယ်များသလို.. ဒုက္ခလည်းဖြစ်စေတာပါ..
ဆိုတော့.. အပေါ်ကဝက်ဘ်ဆိုက်မှာ.. တောထဲသွားရင်… လူတွေဘယ်လို..အညစ်အကြေးစွန့်ရမယ်သေသေချာချာရှင်းထားပါတယ်..။
ယူအက်စ်မှာတောနက်တယ်ဆိုတာမျိုးက.. နှစ်ထောင်ချီတောကြီးတွေဒီအတိုင်းထိမ်းသိမ်းထားသမို့.. မြန်မာပြည်တောတွေထက်.. အများကြီးပိုနက်ပါတယ်..။ ကမ္ဘာ့အကြီးဆုံး.. အရှည်ဆုံး..သက်တန်းအကြာဆုံးသစ်ပင်ကြီးတွေလည်း.. ရှိပေါ့..။
=
မြန်မာပြည်မှာတော့.. ခြောက်ပြီး.. ကြောက်အောင်လုပ်ထားရတာပေါ့…။
ဘာပဲဖြစ်ဖြစ်.. သူ့အရပ်နဲ့သူ့ဓလေ့လိုက်သလိုလိုရှိနေသလိုလိုပြောရင်းနဲ့ပဲ.. မြန်မာ့သစ်တောကြီးတွေ.. ပြုတ်ပြုတ်ပြုန်းခဲ့ပေါ့..။
ကောင်းပါလေ့..
ဦးဦးပါလေရာ
December 29, 2013 at 5:09 pm
ဒီဇတ်လမ်းကိုတော့ ဘာမှလဲမသိ ဘာမှလဲမပြောလိုပါဘူး….
ဒီဇတ်လမ်းထဲက ခါးကျိုးဖူးတဲ့ ချင်းလူမျိုးပါပါကြီး ချင်းလူမျိုးပါပါကြီးကို်ယ်တိုင် သစ်သားဆုံနဲ့ထောင်းပြီးလုပ်တဲ့ ချင်းခေါပုတ် (အခုခေတ်ဈေးထဲရောင်းတဲ့ ခေါပုတ်မျိုးနဲ့ လုံးဝမတူ) ကိုတော့ ကိုယ်တိုင်စားဖူးပါတယ်။
လနဲ့ချီခံအောင်လုပ်ထားပြီး အပေါ်ယံက မှိုတွေကို ဖယ်ပြီးစားရတာ။
ဒီအတိုင်းလဲ တမြုံ့မြုံ့ဝါးလို့ရတယ်။
ဒုတ်လေးနဲ့ထိုးပြီး ကင်စားရင်တော့ အားပါးပါး ကောင်းမှကောင်းပဲ…။
တိုင်းရင်းသားတွေဟာ ရိုးသား သဘောကောင်းပြီး ချစ်ခင်စရာကောင်းသလို
တိုင်းရင်းသားရိုးရာအစားအစာတွေဟာလဲ တစ်မျိုးစီ စိတ်ဝင်စားစရာကောင်းတယ်…။
ဝင့်ပြုံးမြင့်
December 30, 2013 at 12:36 am
တောတွင်းအတွေ့အကြုံ ဇာတ်လမ်းတွေ ငယ်ငယ်က တအားဖတ်ခဲ့တယ်။ အခု အဲဒီပုံစံမျိုး ပြန်ဖတ်ရတော့လည်း အရသာ မပျက်ဘူး။ လျှို့ဝှက်သည်းဖို ဆိုတော့ လူကို ညှိုှု ငင်နိုင်စွမ်းကြီးတယ်။ စောင့်ဖတ်ရတော့မယ့် စာပဲ ဦးဆာရေ့။
KZ
December 30, 2013 at 7:19 am
အရင်က ဂျိုး အမတေတို့ အကောင်အမတေတို့ဆို လိုက်လို့ရှိရင် အဲအကောင်တွေ အားဂျီးများဂျီး မွေးပြီးရှာလို့မရဘူးလားလို့ စဉ်းစားဘူးတယ်။
:mrgreenn:
ဟိ။
အာ့ဆို တောထဲက မိန်းမတွေ မလိုက်သင့်ဘူးပဲ။ (ဒစ်ခွစ်မနိတ်လုပ်တာဟုတ်ဖူးနော်)
😀
padonmar
January 6, 2014 at 8:42 pm
အဲဒါမျိုးကျ ဒစ်ခွစ်မနိတ်လုပ်ပါစေ။မိန်းမဆိုတာ အားငယ်တတ်တယ်လေ။
Mr. MarGa
December 30, 2013 at 12:28 pm
ဒီလိုဇာတ်လမ်းမျိုးတွေ မဖတ်ဖြစ်တာ နှစ်နဲ့ချီပြီလို့ ပြောလို့ရတယ်။
အခု ဦးဆာရေးထားတာ ဖတ်တော့
အဲဒီတုန်းက ခံစားချက်မျိုးလေးတွေ ပြန်ရလာတယ်။
ဪ……….
ကျနော်လဲ သည်းထိတ်ရင်ဖို စွန့်စားခန်းတွေ ကြိုက်မိဆဲ ပါလား……….
မောင်ဘလိူင်
December 30, 2013 at 5:28 pm
မိန်းကလေးဆိုရင် ဝါးကျည်တောက်နဲ့တော့ မဖြစ်ဘူး ထင်တယ်နော် ဦးဦးဆာမိ။ 😀
TNA
December 30, 2013 at 8:25 pm
ဆက်လက်စောင့်မျှော်နေပါသည် အရမ်းစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေပါပြီ