“ဂျိုးအမတေဥရှာပုံတော် (တတိယပိုင်း)
ဒူးလေးတစ်ချက် ..အသက်တစ်ချောင်း.***
နံနက်အလင်းရောင်ပေါ်သည်နှင့် ထမင်းချက်ခြင်း ၊ရေဗူးများအားရေဖြည့်ခြင်း နှင့် ကြိုးများဓားများ သံချိတ်များအား
ပြင်ဆင်ခြင်းတို့ကို လုပ်ကြရသည် ။ ဒီနေ့ မှစတင်၍ ဂျိုးသိုက်ရှာကြမည်ဖြစ်သည် ။
အဓိက ရေဗူးလုံလောက်စွာယူသွားကြရမည် ။ ညနေစောင်းမှ စခန်းချရာသို့ပြန်ရောက်မည်ဖြစ်၍
ရေနှင့် အဆာပြေစားစရာမပါမဖြစ်ပေ ။ သို့နှင့် နံနက်စာအမြန်စားပြီး ဖထီးစောအယ်ထူးဦးဆောင်ခေါ်ရာသို့ လိုက်ခဲ့ကြလေသည် ။
ခတ်ပြေပြေ ဆင်းသွားသော လျှိုထဲသို့ ဝင်ပြီးလျှင် ငှက်သံများအား နားထောင်၍ အချို့သောပင်တို့ကို
မျောက်ရှုံးအားတက်ခိုင်းလေ၏ ။ တချို့သစ်ပင်များကို ဖထီးမှတက်ကြည့်သည် ။
ယခုပြန်တွေးကြည့်ပါက အလွန်မိုက်မဲပြီး ရီစရာကောင်းလှသည် ။
ကျနော်တို့အားလုံး ဂျိုးမတေဥကိုမြင်ဖူးသည်မဟုတ် ။
ဤတောဤတောင်တွင် ရဖူးသည်ဟူသောမရေမရာသတင်းကို
လောဘဇော တိုက်ကြခြင်းဖြစ်သည် ။
ယခုလည်း … ငှက်သိုက်ရှိမည်ထင်ရသော အပင်များအားတက်၍ ငုံးဥထက်သေးသောဥများအားလုံး
ယူလာကြခြင်းဖြစ်လေသည် ။ ထိုအထဲမှ ကြားဖူးသည့်အတိုင်း ပထမဆုံး ထုခွဲကြည့်သည် ။
မကွဲသောဥများအားစုဆောင်း၍ နောက်တစ်မျိုးထပ်မံ စမ်းရမည်ဖြစ်သည် ။
သို့သော် … တစ်နေကုန်နီးပါး ရှာလို့ရသမျှ ငှက်ဥများအားလုံး ထုခွဲပါက ကွဲပါသည် ။
နေ့လည်စာကို ပါလာသောမြေပဲလှော် ၊ငရုပ်သီးကြော် နှင့် အမဲခြောက်ဖုတ်တို့နှင့် ဆွဲလိုက်ကြသည် ။
ရေက်ိုတော့ ချွေတာသောက်ကြပါသည် ။ မျိုးတင့်မှာ ယခင်ကလေသေနတ်ပစ်အလွန်လက်ဖြောင့်သော်လည်း
ယခု သစ်ပင်များကြားမှ ငှက်သံကြားရာလိုက်ပစ်သော်လည်း
တစ်ကောင်မျှမထိပေ …။
မြို့တွင်းပစ်ရသည်နှင့် တောထဲပစ်ရသည်မှာ အလွန်ကွာခြားလှပေသည် ။
ပထမနေ့အတွက် ကြိုးစားကြည့်သလောက်က စိတ်ပျက်ဖွယ်ဖြစ်လေ၏ ။ တောဆိုသည်မှာ..
တခါတရံ ငှက်သံလေးများကြားရတတ်သည်ဆိုသော်လည်း
တခါတရံ တိတ်ဆိတ်ငြိမ်သက်လှသည်ဖြစ်၍ သစ်ရွက်ခတ်သံများသာ
ကြားရတတ်သည် ။ ထိုထက်ဆိုးသည်မှာ ဤနေရာ တွင်ဂျိုးရှိပါသည် ဟု မပြောနိုင်ခြင်းပင် ။
သိန်းသန်း ချီသော သစ်ပင်တို့အား ဘယ်သို့တက်နှိုက်နိုင်မည်နည် း ။
ထိုသို့ စမ်းတဝါးဝါးသွားရင်း တနေရာသို့ရောက်သော် ….
ဖထီးမှ ကျနော်တို့အား ငြိမ်ရန်အချက်ပြလေတော့သည် ။
ဘာများလဲဟု သိချင်စိတ်နှင့်အတူ အန္တရယ်လော ဟု တွေးရင်း မျက်တောင်ပင်မခတ်နိုင်ပေ ။
ဖထီးမှာ လက်ကအသင့်ကိုင်လာသော ဒူးလေးကို
အလျှင်အမြန်ဆွဲတင်ပြီးမြှားတစ်ခုကိုတပ်လျှက်…
ဆတ် ကနဲ သစ်ရွက်များထူပိတ်နေရာသို့ပစ်လိုက်လေသည် ။
‘ဖြောင်း.. ”
” အူးးးးးး”
” ဝရော..ဖျော…”
အထက်ပါအသံတို့ဆက်တိုက်ကြားရပြီးနောက် မြှားတံတန်းလန်းစိုက်လျှက်
သေငယ်ဇောဖြင့် ယက်ကန်ယက်ကန်ဖြစ်နေသော မျောက်လေးတစ်ကောင်
ပြုတ်ကျလာလေတော့သည် ။
ထိုအခါတွင်မှ သစ်ရွက်များကြားတွင် ပုန်းအောင်းနေသော
မျောက်တစ်အုပ်သည် ဆူညံစွာအော်ဟစ်ရင်း ပြေးကြလေတော့၏ ။
ကျနော်တို့ အံ့ဩတကြီးငေးကြောင်နေစဉ်မှာပင်
ဖထီးမှာ ထိုမျောက်လေးထံမှ မြှားတံကိုဆွဲနှုတ်ပြီး ပုလင်းတလုံးထုတ်၍ သွေးများခံယူလေတော့သည် ။
ပြီးနောက် အလျှင်အမြန်ဗိုက်ခွဲပြီးလျှင် အူတစ်ချောင်းအား
ဆွဲထုတ်လျှက် ထူံးလိုက်လေ၏ ။ သူဘာလုပ်နေသည်ကို မသိသော်လည်း အထူးအဆန်းသဖွယ်ဝိုင်းကြည့်နေကြခဲ့သည် ။
ပြီးနောက် …ဖထီးမှ ပြန်ရန်ပြောပြီး ရှေ့မှခတ်သွက်သွက်ထွက်သွားလေတော့သည်။
စခန်းသို့ရောက်သည်နှင့့် ကျနော်တို့ကိုမီးဖိုခိုင်းပြီး ထိုမျောက်လေးအားစတင်၍ ဖျက်ပါတော့သည်.။
ထိုနေ့ညစာသည် မျောက်သားဟင်းဖြစ်ပေတော့မည် ။
ဖထီးက မျောက်ချေးခါးဟင်းချက်မည်ဆိုသဖြင့် ကျနော်တို့ကရိူးရိုးဟင်းသာချက်ရန်ပြောရလေသည် ။
ကျနော်တို့တွင် ဆေးဖြစ်ဝါးဖြစ်အလို့ငှါ ဂျင်းနှင့် ကြက်သွန်ဖြူ ၊ ဆားဆနွင်းတို့ပါလာသဖြင့် မျောက်သားလုံးချက်တော့
ချက်လို့ရနိုင်ပါသည် ။
ဖထီး၏ လွယ်အိပ်ထဲတွင် ဆန်အရက်ပုလင်းပြားလေးတစ်လုံးနှင့် ဆီပုလင်းသေးသေးတစ်လုံးပါလာသည်ကို
ယခုမှသတိပြုမိခဲ့ပါ၏ ။ အစောပိုင်းက ခံယူထားသော မျောက်သွေးနှင့် ထိုချက်အရက်ကို
ရောပြီး တစ်မော့မျှ မော့လိုက်ပြီးမှ
“ဝေး းးး ကောင်းလိုက်တာဝေ့.. ရှိန်းကနဲပဲ..ရော့ရော့..တစ်မော့လောက်မော့ကြည့်ကြ ..”
“နေပါစေဖထီးရာ.. မသောက်ချင်ပါဘူး ”
“ဟ..ခက်တာဘဲ.. ယောက်ကျားတွေအတွက်ဆေးးး ကွာ ..
အား ဆေး…”
သူဘယ်လိုညွှန်းညွှန်း ကျနော်တို့မသောက်ရဲပါ ။
မျက်စ်ိရှေ့တွင် သွေးစိမ်းရှင်ရှင်များနှင့် ရောထားသည်ဖြစ်၍
အော်ဂလီဆန်နေခြင်းလည်းဖြစ်ပေသည် ။ထို့အတူ မျက်စိထဲတွင်လည်း မျောက်လေးမြှားတန်းလန်းဖြင့်
ပြုတ်ကျလာသည်ကို ဖျောက်မရသေးပေ။
ထိုနေ့က ကျနော်တို့ မျောက်သားရေလည်ဆီလည်ဖြင့်ထမင်းစားကြပါသည် ။
ဂျင်းနံ ့မွှေးမွှေး ငရုပ်သီးစပ်စပ်ဖြင့် စားကောင်းမည်ဟုထင်ထားသော်လည်း
မျက်လူံးထဲတွင်မျောက်ကလေး၏မျက်နှာကိုပြန်မြင်နေသည်ကတစ်ကြောင်း၊
ဖထီးစောအယ်ထူးမှ ဟင်းချက်စဉ်က မျောက်လက်ဖဝါးလေးများကိုပါခုတ်ထစ်ချက်ထားသဖြင့်ကလေးငယ်လက်နှင့်တူနေသည်ကတစ်ကြောင်းတို့ကြောင့်မျိုမကျရခြင်းဖြစ်ပေသည် ။
ကျနော်မှအပ အားလုံးမျောက်သားဟင်းနင့်ထမင်းမိန်ကြပါသည်။
ကျနော်တစ်ယောက်တည်းသာ မြေပဲလှော် ၊ အမဲခြောက်ဖုတ်တို့နှင့်စားခဲ့ရခြင်းဖြစ်လေ၏ ။
ထိုနေ့က ထမင်းစားပြီးသည်အထိအလင်းရောင်ရှိနေသေးသည် ။
အခုမှပဲ ကျနော်တို့ကြိတ်ပြီးအထင်သေးခဲ့သော ဒူးလေးကြီးရဲ့အစွမ်းကိုတွေ့ခဲ့ရပါပြီ။
ထိုစဉ်က ကျနော်တို့သုံးယောက်မှာ လူငယ်လေးများဖြစ်၍ သန်မာကြသော်လည်း
ဖထီး၏ ဒူးလေးကို လက်တစ်ဖက်ဖြင့် လေးကြိူးမတင်နိုင်ခဲ့ကြပါ။
မြေကြီးသို့ဦးစိုက်ထောက်လျှက် လက်နှစ်ဖက်ဖြင့် ကြိုးကို
ခြေကန်ဆွဲမှရပါသည် ။ ဖထီးသည်ကား လက်တစ်ဖက်ဖြင့်ပုခူံးတွင်ထမ်းလျှက်
အသာအယာ တင်နိုင်လေသည် ။
ထိုဒူးလေးဖြင့် တောဝက်၊ဂျီ နှင့် မျောက်များ ပစ်ခတ်နိုင်ကြောင်းသိရသည် ။
ချက်ကောင်းထိလျှင် ဆတ် ကိုပင်ရနိုင်ကြောင်းပြောပြလေ၏ ။
ကျနော်တို့လည်း ညအတွက် ထင်းစုခြင်း ၊ရေနွေးတည်ခြင်း များလုပ်ကြရင်း ဖထီးထံမှတောဝက်ပစ်သည့်အကြောင်းများသိရလေတော့သည် ။
” ဒီကောင်တွေကိုက လေအောက်ကနေခြောင်းပစ်ရတယ်ကွ ..
ချက်မပိုင်ရင်လုံးဝမပစ်နဲ့ ဝေ့ ..အူအခွေလိုက်ထွက်ကျသွားမယ် …ငါတို့ရွာမှာ
အရင်တုန်းက တောဝက်လိုက်ထိုးတဲ့သူတွေရှိဖူးတယ်… ”
” ပြောပါဦး ဖထီး ဘယ်လိုထိုးတာလဲဗျ ..”
” ဒီလိုကွ…တောဝက်တွေရဲ့အကျင့်က သူတို့လိုက်ထိုးပြီဆို ခေါင်းကိုငုံ့ပြီးတရှိန်ထိုးဒေါသတကြီးလိုက်တာဘဲဝေ့…..
ဒါကြောင့် လူလေးငါးယောက်လောက်စုပြီး တောဝက်လိုက်မယ်ဆိုရင်
အရင်ဆုံးတောဝက်အုပ်ကိုရှာရတယ် ..တွေ့မှ ခွေးနဲ့အသံပေးမောင်းတာဖြစ်ဖြစ်
လျှင်မြန်သွက်လက်တဲ့တစ်ယောက်ယောက်က
အသံပေး မျှားခေါ်တာဖြစ်ဖြစ်လုပ်ရတယ် ..
တောဝက်က အသံကြားပြီးပြေးလိုက်ပြီဆိုမှ သစ်ပင်ကွယ်တွေမှာနေရာယူထားတဲ့သူတွေက
လှံတွေ မှိန်းတွေနဲ့ ဝိုင်းထိုးကြရတာကွ…
ထိုးချက်ကောင်းဖို့လိုတယ်ကောင်လေးရေ…
ထိုးချက်မကောင်းရင်. ဗိုက်ပွင့်သွားလိမ့်မယ် ..”
” ဒါနဲ့.. ဖထီးကရော ဘယ်လိုပစ်တာလဲဗျ”
” ငါက ..တစ်ချက်တည်းပစ်ဖို့မလွယ်ဘူးဝေ့ … လက်ပတ်နေရာကို မထိနိုင်ရင် ဒူးဆစ်..ဒါမှမဟုတ်.. ပေါင်အကွေးကြားပေါင်ခြံနေရာကိုပစ်ရတယ်..
ပြီးမှ …အဲ့အကောင်ပြေးရာကိုလိုက်ပြီးဇတ်သိမ်းရတာဝေ့. ..ဝက်တစ်အုပ်လုံးလန့်ေ့ပြးပေမယ့် မြှားထိတဲ့ကောင်ကသိပ်မပြေးနိုင်တော့
ကျန်ခဲ့တယ်…အဲဒိကျမှ နောက်ကလိုက်ပြီး ထပ်ပစ်ရတာ..တခါတလေ..မြှားမှန်သွားပေမယ့် မလိုက်နိုင်လို့လွတ်သွားတာတွေရှိတယ် ဝေ့..”
“ဖထီး မြှားကိုအဆိပ်မလူးထားဘူးလား”
” အဆိပ်ကမကောင်းဘူးကွ.. အသားတွေပုတ်တတ်တယ်..မချိုတော့ဘူး ”
ဖထီး၏ မြှားတံများသည် လက်ညှိုးလုံးခန့်တုတ်၍ ဝါးပိုးဝါးကိုလုံးထွင်ပြီး ကြပ်တင်ထားခြင်းဖြစ်၏။
ထို့ကြောင့် ကောက်ကွေးခြင်းမရှိ ၊ဖြောင့်တန်းနေခြင်းဖြစ်လေ၏ ။
ထိုညကစကားဝိုင်းမှ ဖထီး၏တောလည်စဉ်ကအတွေ့အကြုံများကိုသိခဲ့ရလေ၏။
လင့်စင်ပေါ်မှ ဒုတိယညသည် အတော်ပင်အသားကျနေပါပြီ ။
ရပီတို(ခြင်မကိုက်ရန်လိမ်းဆေး) အနံ ့ကြောင့် ခြင်များ ဖြုတ်များ မကိုက်သော်လည်း ဘေးနားတွင်ဝဲနေသဖြင့်
အနည်းငယ် စိတ်အနှောက်ယှက်ဖြစ်သော်လည်း
ထူးခြားဖြစ်စဉ်များမရှိခဲ့ချေ ။ ယနေ့ညအဖို့ ..ရိုးမသည် အထူးသာယာနေပေတော့သည် ။.
ပင်ပန်းနေပြီမို့ စောလျင်စွာအိပ်ရာဝင်ပြီး ဒုတိယနေ့အတွက်အားမွေးခဲ့ပါသည် ။
ဤသို့ဖြင့် ….. ဒုတိယနေ့ ရှာပုံတော်ဖွင့်ကြပြန်သည်ပေါ့ …..
နောက်တပိုင်းတွင်အပြီးဆက်လက်ဖော်ပြပါမည် ။
လေးစားလျက်
မောင်ဆာမိ
20 comments
•*¨နန်းတော်ရာသူ •*¨
January 1, 2014 at 8:17 pm
မမြင်ဖူးတဲ့ဂျိုးအမြုတေရှာဖွေခြင်း တောတွင်းစွန့်စားခန်းကိုဆက်မျှော်နေပါမည်။
alinsett
January 1, 2014 at 8:18 pm
နောက်တစ်ပိုင်းအတွက်..
မြန်မြန်ဖတ်ရဖို ့.. စိတ်စောနေပါပြီ…
🙂
surmi
January 4, 2014 at 9:53 am
@နန်းတော်ရာသူ
မကြာမီ .. လာမည်မျှော် 🙂
@အလင်းဆက်
သည်းခံပါကွယ်.. ပြီးတော့မှာပါ 🙂
San Hla Gyi
January 1, 2014 at 8:57 pm
ကိုဆာမိရေ
လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်ကတော့ အဲဒီပဲခူးရိုးမထဲကို မီးသွေးဖုတ်ဖို့ အုတ်ဖုတ်ဖို့ ဆိုပြီး လူတွေ အဖွဲ့လိုက် သွားပြီး လုပ်ကြတာ အဲဒီနေရာမှာ လူထောင်နဲ့ ချီပြီး အဲဒီရာသီဆို ရွာကြီးလိုတောင် ဖြစ်နေဆိုပဲ။ လှည်းကူးဘက်က လူတွေ အများစုလေ။ အခုတော့ အခြေအနေ ဘယ်လို ရှိသေးလဲမသိ။ ရိုးမတော ပြုန်းကုန်ပြီလား မသိပါဘူး။
surmi
January 4, 2014 at 10:03 am
@ကိုစံလှကြီး
အစ်ကိုရေ.. ရိူးမကတော့ အခုချိန်မြင်တဲ့အတိုင်းပါပဲ ။
ကတုံးဖြစ်နေပါပြီ ။ မီးသွေးထုတ်တဲ့ လှည်းကူးဘက်ကတော့ ရိုးမအဖျားပါ…
နေရာတိုင်းတော့အရင်ကလိုလွတ်လွတ်လပ်လပ်မီးသွေးဖုတ်လို့မရတော့ပါဘူး။
ခိုးကြောင်ခိူးဝှက်တော့လုပ်နေကြတာပါ…….
@မောင်အံ
စိတ်ူးလို့ပဲကောင်းပါတယ်ကွာ
တကယ်သွားရင်မနိတ်ပါဘူး
စာအုပ်ထဲဖတ်တာကတော့အကောင်းဆုံးပဲ
မဟာရာဇာ အံစာတုံး
January 2, 2014 at 5:27 am
ဖထီးတို့ နားပါးဝချက်ကတော့ ရေလည် လန်းတယ် …
အိုက်လို တောထဲတွားပီး ကျားတွေ ဆင်တွေနဲ့ ဖိုက်ချင်တာ …
စိတ်ကူးထဲမှာ ဖိုက်တာတော့ ကိုယ်က အမြဲတမ်း အနိုင်ဘဲ .. ဟီဟိ
နောက်တစ်ဘိုင်း ညန်ညန်ဆက်ဗျာ ..
TNA
January 2, 2014 at 6:56 am
ကိုဆာမိပြောသလို မျောက်ကလေး သနားစရာပဲ ကျန်တာတော့ ကိုယ်မလုပ်နှိုင်မဲ့ဟာမို့ အထူးအဆန်း တအံ့တဩဖတ်သွား ပါတယ်။ ဇာတ်သိမ်းစောင့်နေပါတယ်
koyinmaung
January 2, 2014 at 8:33 am
ဖတ်ပြီးသွားပြီကိုဆာမိရေ..စိတ်ကူးရင် မဟုတ်တဲ့ကိုယ်တွေ့
တောလည်ထွက်ခြင်းမို့အင်မတန် တန်ဘိုးရှိပါတယ်…..
ဇာတ်သိမ်းပိုင်း စောင့်မျော်နေပါကြောင်း..မြန်မြန်လေးနော်…….
surmi
January 4, 2014 at 10:13 am
@မသဲနု
လာမည်ကြာမည် ဟဲဟဲ
နောက်တာပါဗျာ… ရေးရင်းနဲ့မောလာလို့ 🙂
@ကိုရင်မောင်
စိတ်ရှည်ရှည်အားပေးလာတာကျေးဇူးဗျာ
ခဏလေးစောင့် အစ်ကိုကြီးရေ 🙂
@မရွှေအိ
အခုခေတ်တော့ အပြင်းပြေတောလည်ထွက်တာမရှိတော့ပါဘူးဗျာ ။
စားဝတ်နေရေးအတွက်ပဲ မုဆိုးတွေလုပ်နေကြတာပါ
Shwe Ei
January 2, 2014 at 3:23 pm
တောလည်ထွက်ပီး သားကောင်ပစ်တဲ့ကိတ်စကိုတော့ လုံးဝခံစားလို့မရဝူးဗျာ….အကောင်လေးတေသနားလို့
ခပ်ဝေးဝေးကနေအလှကြည့်ရတာပိုစိတ်ဝင်စားတယ်
ဒါပေမဲ့ တကယ်ရောက်ဖူးတဲ့လူတွေပြောပြတော့လည်း စွန့်စားခန်းတွေဘာတွေနဲ့ ဆိုတော့ စိတ်ဝင်စားစရာအကောင်းသား 🙂
နောက်တခန်းမြန်မြန်ဆက်ပါ အန်ကယ်ဆာ။
no non negative
January 2, 2014 at 5:35 pm
next time if you go , tell me .
I want to join and shoot too.
I will use my camera to shoot photo:D
koyinmaung
January 3, 2014 at 9:50 am
ကိုဆာမိရေ ခင်ဗျာပို့စ်ကထူးခြားတယ်နော်…
၂၀၁၃ခုနှစ်ထဲကရေးလိုက်တဲ့ပို့စ်ကြည့်ဇမ်းပါ..
၂၀၁၄ခုနှစ်ထဲကိုတောင်ရောက်နေပါရောလား…..ဟဲဟဲ…..
surmi
January 4, 2014 at 10:54 am
@no non negative
တကယ်လိုက်မှာလား 🙂
အကြောင်းကြားလိုက်မယ်
@ကိုရင်မောင်
အစ်ကိုရေ ပို့စ်တစ်ပုဒ် ၂ နှစ်ရေးတာလေ
@မခိုင်ဇာ
ဂျိုး မွေးခိုင်းနေပါလား
KZ
January 3, 2014 at 11:23 am
အာ့ကြောင့် ဂျိုးတွေ များများမွေးလို့ ပြောပါတယ်။
ဟိ။
ချိုးငှက်ကိုပြောတာ။
😀
ကျော်စွာခေါင်
January 4, 2014 at 2:53 am
ကိုဆာ
ဘဝအတွေ ့အကြုံစုံသလို စာရေးတာလဲ ကောင်းလိုက်တာ..။
မူဆိုးဝါသနာ ရှိပုံရတယ်.. အရင် ပို ့စ်တချို ့တောင် လိုက်ဖတ်တော့ စာရေးတာက ပို ့စ်တခုနဲ ့တခု ရေးပုံကွဲပြားတယ်..။
လေးစားပါတယ် ကိုဆာရေ..။
ဆုံတဲ ့အခါ ဗဟုသုတထပ်ယူပါဦးမယ်..။
surmi
January 4, 2014 at 11:10 am
ဆရာခေါင်ရေ….
အထင်တော့မကြီးလိုက်ပါနဲ့ဆရာရယ်..
စိတ်ထင်ရာ ရေးချင်ရာရေးနေလို့ ဗျောက်သောက်ဖြစ်နေတာ 🙂
တကယ်တော့ မောင်ဂီပြောသလိုအနုပညာမှော်အောင်ထားတဲ့
ဆရာခေါင်ဆီကပဲ အတုယူနေရတာပါဗျာ…
ဟိုရက်ကဆုံတုန်းကတောင်ဆရာ့အကြောင်း သတိတယပြောမိကြသေးဗျာ …
ဆုံနိုင်ဖို့လည်း မျှော်လင့်နေ့ပါ့မယ်ဗျို့ ….
ဝင့်ပြုံးမြင့်
January 5, 2014 at 12:01 am
အားပေးသွားပါတယ် ဦးဆာ။
Mr. MarGa
January 6, 2014 at 2:03 pm
ဪ….
ဦးဆာ တို့က
ှုှငှက်သိုက်တွေ ဝင်မွှေပြီး
ငှက်ဥတွေ ဖျက်ဆီးခဲ့တာကိုးးး
ငှက်မျိုးတုံးစေမှုနဲ့ တရာဆွဲမယ်ဗျို့ 🙂
မဟာရာဇာ အံစာတုံး
January 6, 2014 at 2:11 pm
၁ ရက်နေ့တည်းက ရေးထားတာ
ဒီဂနေ့ ၆ ရက်နေ့ ချိပီ
နောက်တစ်ပိုင်းလည်း ဆက်သေးဘူးး
လူဇိုးးးဂျီးးး ဟီးးဟီးးး
padonmar
January 6, 2014 at 9:00 pm
မျောက်လေးလည်း သနားတယ်။ငှက်ဥတွေလည်း အလဟဿကွဲရတယ်။အလျော်ပေးတဲ့ အနေနဲ့ တိရစာ္ဆန်ရုံမှာ အစာ တပတ်သွားကြွေးပေးရမယ်။