ဂေါက်တယ်လို့မှတ်မှာလား(၂)-လမ်းပေါ်ကအမှိုက် ကိုယ်နဲ့ဆိုင်မဆိုင်?
ဂေါက်တယ်လို့ မှတ်မှာလား-၁ ( တစ်ခါသုံး/ Disposible)
Posted by padonmar on Mar 18, 2013
https://myanmargazette.net/170276
နောက်က ဆက်ရန်တွေ ပွားချင်လို့ ဂေါက်တယ်လို့ မှတ်မှာလား-(၁) ဆိုပြီး အမှတ်စဉ်တပ်လိုက်မိပြီးမှ တော်တော်နဲ့ ဒီအကြောင်းရေးဖို့ ကီသွင်းမရဖြစ်နေမိပါတယ်။၁ဝလ ကြာမှ ဆက်ဖြစ်တဲ့ အခန်းဆက်မို့ ဂေါက်ကလပ်အသင်းဝင်တွေ အားပေးဝေဖန်ကြပါအုံး။
နာဂစ်အလွန်ရက်တွေတုံးက ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံလေး တစ်ခုပြောပြချင်ပါတယ်။ ကျမနေတဲ့ စမ်းချောင်းမြို့နယ် ဟာ ပြည့်သူ့လွှတ်တော၊်ပြည်သူ့ရင်ပြင်နဲ့ နီးပါတယ်။ မနက်စောစောဆိုရင် ကျမတို့အိမ်သားတွေ ပြည်သူ့ရင်ပြင်ကို လမ်းလျှောက် အားကစား လေ့ကျင့်လေ့ရှိပါတယ်။
ပြည်သူ့လွှတ်တော်ဝင်းကြီးကို ပတ်ဝိုင်းထားတဲ့ ရေမြောင်းနဲ့ လူသွားလမ်းပလက်ဖောင်းတွေကို တွေ့ဖူးကြမှာပါ။ မိုးရွာတဲ့အခါ ရွှေတိဂုံကုန်းတော်နဲ့ ဆက်စပ်နေတဲ့အတွက် ပြည်သူ့ရင်ပြင်ဖက်အမြင့်ကနေ လမ်းကို ဖြတ်စီးလာတဲ့ ရေတွေ ဟာ ပလက်ဖောင်းအောက်မှာ ထည့်ထားတဲ့ လမ်းကြောင်းကမှ တဆင့် ရေမြောင်းထဲကို စီးဝင်ရပါတယ်။ ပုံမှန်မိုးရေဆိုရင် ရှောရှောရှူရှူဆင်းသွားပေမယ့် မိုးဦးကျအမှိုက်တွေ ဆို့နေတဲ့အခါဆိုရင်တော့ အလွယ်တကူမစီးနိုင်လို့ လမ်းပေါ်မှာ ရေအိုင်ကြီးဖြစ်တတ်ပါတယ်။
နာဂစ်ပြီးကာစမှာ ပိုဆိုးတော့တာပေါ့။ သစ်ပင်အကျိုးအပဲ့သစ်စတွေရော အုတ်ကျိုးအုတ်ပဲ့တွေပါရောပြီး ပလက်ဖောင်းအောက် ရေကြောင်းပိတ်သွားတာ ၆ လမ်းသွားတဲ့ ပြည်လမ်းရဲ့ တစ်ခြမ်းဖြစ်တဲ့ ၃ လမ်းသွားမှာ ၁ လမ်းပဲ မောင်းလို့ရပါတော့တယ်။ မရှောင်နိုင်လို့ ဖြတ်မောင်းတဲ့ ကားတွေရှိရင် ပလက်ဖောင်းပေါ်က လမ်းသွားသူမှာ ရွှဲရွှဲစိုရတော့ တာပါပဲ။ ရေအိုင်ကို ဖြတ်မမောင်းချင်လို့ အရှိန်လျှော့ပြီး သွားကြရတာကြောင့် အဲဒီနားမှာကားတွေလည်း ပိတ်ကုန်ပါတယ်။
မိုးကလည်း နေ့စဉ်ရွာနေတော့ အဲဒီရေအိုင်တွေဟာ လျော့မသွားပဲ ၄-၅ ရက် မြင်နေရတာ အသည်းယားလှပါတယ်။ တမနက်တော့ လမ်းလျှောက်သွားရင်း ကျမအကိုက လမ်းဘေးမှာ တံမြက်လှည်းနေတဲ့ စည်ပင်လုပ်သားကို ပလက်ဖောင်း အောက်က ရေလမ်းကြောင်းကို တူရွင်းတစ်ခုရှာပြီး ထိုးကလော်ပေးဖို့ ပြောပါတယ်။ အဲဒီ အလုပ်သမားရဲ့အဖြေကတော့ `ပန်းဥယျာဉ်ဌာနက လာလုပ်လိမ့်မယ်။ ကျနော့် တာဝန်မဟုတ်ဘူး´တဲ့။ အဲဒါနဲ့ အကိုလည်း အိမ်ကိုပြန်။ အိမ်မှာရှိသမျှ တူရွင်း အတိုလေးကို ဝါးလုံးနဲ့ဆက်ပြီး အဲဒီရေနှုတ်မြောင်းကို ကလော်ဖို့ ကြိုးစားရပါတော့တယ်။ ကျမတို့လည်း အကိုလုပ်တော့ မနေနိုင်လို့ပါရတာပေါ့။ ရေနှုတ်မြောင်းထဲမှာ ခဲကျိုးတွေက တော်တော်ဆို့နေလို့ ခက်ခက်ခဲခဲကလော်ရပါတယ်။ လမ်းဖက် ခြမ်းကနေ လက်နဲ့နှိုက်ထုတ်လိုက်၊မြောင်းဖက်က တူရွင်းနဲ့ ကလော်လိုက် နဲ့ တစ်နာရီလောက်ရှင်းယူရပါတယ်။ ဘေးက ဖြတ်သွားတဲ့ကားတွေက သတိထားမိရင် အရှိန်လျော့သွားပေမယ့် သတိမထားမိတဲ့ကားက အရှိန်နဲ့ ဖြတ်ရင် ဗွက်ရေတွေ ကိုယ်မှာ စင်ကုန်တာပေါ့။
အဲဒီလို အကိုရယ် ၊ ကျမရယ် ၊ အိမ်က ပြည်ထဲရေး ဒုလက်ထောက် အုပ်ချုပ်ရေးမှူး ကလေးမလေးတွေရယ် အလုပ်ရှုပ်နေတုံး အမြင်မတော်ပုံရတဲ့ အိမ်နီးနားချင်း အန်တီတစ်ယောက်က အနားလာပြီး `ကိုကျော်ရယ် အလုပ်သမားတွေ ပိုက်ဆံပေးခိုင်းလိုက်ရောပေါ့’ လို့ ပြောပါတယ်။
အလုပ်မလုပ်ချင်တဲ့ စည်ပင်အလုပ်သမားကို ပိုက်ဆံပေးပြီး မခိုင်းတတ်တဲ့ ကျမတို့မောင်နှမ တော်တော်ဂေါက်တာပဲလို့ မြင်ကြမယ်ထင်ပါတယ်
။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မြို့ထဲမှာ ကျမတို့ဈေးဆိုင်ခန်းလေး ၂ ခန်းရှိပါတယ်။ ၁ ခန်းက ကိုယ်တိုင်ဈေးရောင်းပြီး နောက် ၁ ခန်းက ဌားသူမရှိ လို့ ပိတ်ထားရပါတယ်။ အဲဒီပိတ်ထားတဲ့ အခန်းရဲ့ရှေ့မှာ အမှိုက်တွေလာလာ ပစ်ကြပါတယ်။ အမှိုက်ရှိရာ အမှိုက်လာ ဆိုသလို အမှိုက်တပုံတွေ့ရင် ပစ်စရာထင်ပြီး လမ်းသွားလမ်းလာတွေကလည်း ကြွပ်ကြွပ်အိတ်လေးချ ၊ စီးကရက်တိုလေးပစ်၊ ရေသန့်ဘူးလေးစွန့်နဲ့ ဖြစ်နေပါတယ်။ အနားမှာ စည်ပင် အမှိုက်ကားလည်း ရပ်တော့ စည်ပင်ဝန်ထမ်းတွေကတောင် သူတို့ လှည်းထဲက မလိုချင်တဲ့ပစ္စည်း အဲဒီမှာ ပုံခဲ့တဲ့အထိ အဖြစ်ဆိုးပါတယ်။ ကျမဆိုင်က ဝန်ထမ်းလေးတွေကို သန့်ရှင်းရေး လုပ်ခိုင်းလည်း ခဏပါပဲ။ နောက်နေ့ကျရင် ပြန်ပစ်သွားတာပါပဲ။ တနေ့တော့ ကျမ ဒီအမှိုက်ပုံကြည့်ရတာ သည်းမခံနိုင်တော့ တာနဲ့ ကိုယ်တိုင်ပဲ တံမြက်စည်းရယ် ၊ ဂေါ်ပြားရယ်ယူပြီး ပြောင်စင်နေအောင် ကိုယ်တိုင်လှည်း၊ အမှိုက်ကိုယ်တိုင်ကျုံး လုပ်မိပါတယ်။ ကျမဝန်ထမ်းတွေ အမှိုက်ကျုံးတဲ့အချိန်တုုံးက သူတို့လည်း လမ်းဘေးအမှိုက်ကျုံးရတာ ရှက်တော့ ကြည့်ကောင်းရုံလေးလှည်းခဲ့ သိမ်းခဲ့ကြတာပါ။ ကျမကတော့ အမှိုက်တစ ၊ သဲတမှုန် မကျန်အောင် ပလက်ဖောင်းကို လှည်းတော့တာပါပဲ။
အဲဒီလို လှည်းနေတာကို ဘေးမှာ ဖွင့်ထားတဲ့ ကွမ်းယာဆိုင်က လင်မယား ၂ ယောက်က စိတ်မသက်မသာ ကြည့်ပြီး ‘အန်တီရယ် ၊ အလုပ်သမားတွေ ပိုက်ဆံပေးပြီး လှည်းခိုင်းလိုက်ရောပေါ့’ တဲ့။
ကဲ လမ်းဘေးက အမှိုက်သိမ်းရမယ့် စည်ပင်အလုပ်သမားက သူ့တာဝန်မကျေလို့ အမှိုက်ပွတာကို ပိုက်ဆံ ပေးပြီး မသိမ်းခိုင်းပဲ ကိုယ်တိုင်လှည်းမိ ကျုံးမိတဲ့ ကျမကို ဂေါက်တယ်လို့ မှတ်ကြမှာလားမေးချင်ပါတယ်။
အကျိုးရှိတာလေးတခုကတော့ လွှတ်တော်နားက ရေမြောင်းလည်း မိုးသည်းချိန်ခဏကလွဲရင် ရေမလျှံတော့သလို ကျမရဲ့ဆိုင်ခန်းလေးရှေ့မှာလည်း အမှိုက်လာမပုံတော့ပါဘူး။ ဂေါက်ကျေးဇူးပဲနေမှာပေါ့နော်။
ကျမကို ဂေါက်တယ်ပြောကြရင် လမ်းဘေးက ဈေးသည် နေရာဦးထားတဲ့ အုတ်ခဲကို ခလုပ်တိုက်မိကြမှာစိုးလို့ သွားရွှေ့တဲ့ ဦးပါလေရာရယ်၊ လေဒီမိုက်ကို ဆိုင်ဖွင့်ပေးပြီးရင် တိုက်ပတ်ဝန်းကျင်တဝိုက် တံပျက်စည်းလိုက်လှည်းတဲ့ ဦးကြီးမိုက်ရယ် ကိုပါ ဂေါက်သမ္မတ နဲ့ ဂေါက်ဝန်ကြီးချုပ် ခန့်ပေးပါဗျို့။
21 comments
Swal Taw Ywet
January 10, 2014 at 8:49 am
အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှ မဟုတ်။ ကိုယ့် ကြောင့် အမှိုက် ၁စ မကျရအောင် နေ နေပါတယ်။ ကိုယ့် အိမ် အဝင်လမ်းလေးကို ၁ပတ်၁ခါ အမှိုက်ရှင်းပေးပါတယ်။ ပိုလုပ်ရမယ်ဆိုတာသိပေမယ့် မလုပ်ဖြစ်သေးတာဝန်ခံပါရစေ။
ကျေးကျေးပါ မမပဒုမ္မာ။
Let’s try our best for our mother land, Just start from our village, MG.
With respect,
Swal Taw Ywet.
weiwei
January 10, 2014 at 9:43 am
တစ်နိုင်ငံလုံးကလူတွေအားလုံးသာ အန်တီဒုံလို ဂေါက်ကြမယ်ဆိုမယ် သိပ်ကောင်းမှာပဲ ..
KZ
January 10, 2014 at 9:54 am
လူတိုင်း လုပ်နိုင်ခဲ တဲ့
ကောင်းတဲ့ အလုပ်မို့ သာဓုခေါ်ပါတယ် တီဒုံ။
ကျနော် ကိုယ်တိုင်ဆို လုပ်ဖြစ်မယ် မထင်ပါဘူးးး
ကိုယ်တိုင်မလုပ်ပေမဲ့ အဲ့လို လုပ်တဲ့သူတွေကိုလည်း ဂေါက်တယ်လို့ မထင်တတ်ပါဘူးးး
အဲလိုထင်တဲ့ လူတွေကိုတော့ “သူများ ကောင်းရာကောင်းကြောင်း ကုသိုလ် လုပ်ရပ်မှာ မှာ အကုသိုလ် မနောကံ/ဝစီကံနဲ့ ယူတယ်” လို့ပဲ သတ်မှတ်ပါတယ်။
😀
amatmin
January 10, 2014 at 10:28 am
အန်တီဒုံဂေါက်တာကို စတွေ့တည်းက မြင်ခဲ့ဖူးတာ ရယ် ။ 😛
ကိုယ်တိုင်တောင် လိုက်အတုခိုးမိချင်သေး..။
ခုလိုထပ်ဖတ်လိုက်တော့ အမှိုက်နဲ့ ပက်သက်လာရင်
ပိုသတိထားမိမှာ..
ကျေးကျေးပါ အာတီဒုံ..။
manawphyulay
January 10, 2014 at 10:51 am
တီတီရေ…
ဒါက ဂေါက်တယ်လို့ ထင်တဲ့သူတွေကသာ တကယ်ဂေါက်နေတာပါ။
လူတွေက ကိုယ်သာ မလုပ်တယ် သူများလုပ်ရင် လှောင်ကြတယ် ဘယ်လိုစိတ်ဓာတ်တွေလည်း မသိဘူးနော်။ ပြုပြင်ဖို့တော့ လိုနေပြီ။
Mr. MarGa
January 10, 2014 at 10:59 am
လမ်းပေါ်ကအမှိုက်..
အင်းပေါ့ ဒေါ်လေးရဲ့ ကိုယ်ပစ်တာမှမဟုတ်တာ ကိုယ်နဲ့ ဆိုင်ဘူးနော့
အဲ…ဒါပေမင့် (အသေအချာ မလေ့လာဖူးသေးတဲ့ ပြည်သူ့နီတိ) အရတော့
ကိုယ့်ပတ်ဝန်းကျင် သန့်ရှင်းဖို့သည် ကိုယ့်မှာ တာဝန်ရှိတယ်ထင့်
ပတ်ဝန်းကျင်ကို ဖြန့်တွေးရင် တစ်ကမာ္ဘလုံးတောင် ပါသေး….အဟေးဟေး
ဆိုတော့
တာဝန်သိသူတွင် တာဝန်ရှိပါတယ် ဒေါ်လေးရေ့
TTNU
January 10, 2014 at 11:49 am
Padonma ရေ..
တိုက်တိုက်ဆိုင်ဆိုင် ဒီမနက်ပဲ သားနဲ့ ပြောဖြစ်သေးတယ်၊
ဒီ အမှိုက်ပစ်တဲ့ ကိစ္စ။
တီချာတရားစခန်းကို မနက်အစောကြီးသွားတိုင်း အဲဒီ လမ်းပေါ်မှာ
စားကြွင်းစားကျန် တွေကို လမ်းအလည်တည့်တည့်မှာ ကြဲပက်ထားတာ
နေ့တိုင်းတွေ့တယ်။ သားက ဒီလူတွေ စည်းကမ်းမရှိကြဘူးအမေ၊ ထမင်းကျန်
ဟင်းကျန်တွေကို လမ်းပေါ် ပစ်ကြရသလား တဲ့။
တီချာထင်တာတော့ စည်းကမ်းလည်းမရှိ၊ ပြိတ္တာ ကျွေးတာမျိုးအယူသည်းတာ
များလား ။
လက်လွယ်လွယ်စွန့်ပစ်တတ်တဲ့ တို့လူလေးများဆိုသလေး အကျင့်ကတော့
ဆေးကု၍ မရပါ ဖြစ်နေပြီထင်ပါရဲ့ကွယ်။
ကိုပေါက်(မန္တလေး)
January 10, 2014 at 12:02 pm
လို အ ပ် တာ က တော့ လူ တစ ်ယောက် ခြင်း စီ ရဲ့ အသိ တ ရား ပါ။
နောက် ပို တော် တဲ့ လူ က ကိုယ် လဲ အ မိူက် မ ဖွ
သူ များ ဖွ တာ ကို လဲ တတ် နိုင် သ လောက် လိုက် သိမ်း ပေး သူ ပေါ့၊
ကျ နော် ကိုယ ်တိုင် လဲ သူ များ က ပြော သွား တာ ခံ လိုက် ရ ပါ တယ်။
အ ဝေး မှာ နေ တဲ့ မိတ် ဆွေ နဲ့ ကား အ တူ စီး ရင်း လမ်း ပေါ် ကို တစ် သျူး ပစ် ချ လိုက် မိ တဲ့ အ ခါ
သူက
” ကို ပေါက် ခင် ဗျား လည်း စည်း ကမ်း မဲ့ ” တယ် လို့ ပြော တာ ခံ ရ ဘူး ပါ တယ်။
ကျ နော် တို့ အား လုံး ပြင် ဘို့ လို ပါ တယ်။
သူ များ မ ပြင် သေး ရင် ကို ယ် အ ရင် ပြင် ဘို့ လို ပါ တယ်။
မ ပြ င် နိုင် သေး သူ ရဲ့ လို အပ် ချက် ကို ကျန် တဲ့ သူက ဖြည့် ဆီး ပေး ရ ပါ မယ်။
အ ပြစ ်တင် နေ ရုံ နဲ့ တော့ ေ ကာင်း မ လာ တာ သေ ချာ ပ ါ တယ်။
Paing Lay
January 10, 2014 at 4:02 pm
အိမ်သာသန့်ရှင်းရေးကိုလည်း အခုချိန်ထိ ရွှံစရာကိစ္စလို့ ထင်မြင်နေကြသေးတာ အံ့စရာ 😀
kai
January 10, 2014 at 4:19 pm
အနည်းဆုံးတော့… ပါတ်ဝင်းကျင်က.. မြင်သိသူတွေ.. အသိတရားတခုတိုးသွားတာပေါ့..။
သာဓုခေါ်ပါ၏ဗျ..။
Ma Ma
January 10, 2014 at 4:28 pm
အမှိုက်ကို ကိုယ်တိုင် စည်းကမ်းမရှိ မစွန့်ပစ်မိအောင် ကြိုးစားပေမယ့်….
သူများစွန့်ပစ်ထားတဲ့အမှိုက်ကို သိမ်းဖို့အထိတော့ မကြိုးစားမိသေးဘူး။ 🙁
sorrow
January 10, 2014 at 4:30 pm
တီဒုံရေ…. ကျော့်အမေနဲ့အဖေလဲ ရန်ကုန်ကို ခဏလာပါတယ် .. တိုက်ခန်းလှေကား( 7လွှာလုံး ) မှာ နေ့တိုင်း တံမြက်စည်းတဲ့အပြင် ရေပုံးတပုံးနဲ့ လှေကားတစ်လျောက်က နံရံက ကွမ်းသွေးတွေ လင်မယားနှစ်ယောက် ကိုယ်တိုင်လိုက်ဆေးပြီး ..ဆေးသမားခေါ်သုတ်နေတာ မြင်ရတော့ …ရှက်မိပါတယ် ။ ဒီလိုစိတ်ဓါတ်ကောင်းမျိုးရှိတဲ့မိဘက မွေးထားပြီး တစ်ခါမှ လုပ်ဖို့စိတ်ကူးမရ ..
မဟာရာဇာ အံစာတုံး
January 10, 2014 at 4:51 pm
တီတီ ကတော့ …
အဖော်တွေ တမ်းပီး ဆွဲခေါ်တော့တာပဲ …
ခေါ်သူတွေလည်း ကျိအုံး ..
ဦးပါ၊ ဦးမိုက် …. တဲ့ ….။
ဘယ်အငြိုးဒွေများဒုန်း တိဘာပု …
တီတီရဲ့ လုပ်ရပ်တွေအတွက် သာဒု ခေါ်ပါသဗျို့ …
ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်
ကျော်တို့လည်း လမ်းဘေး အမှိုက် ကောက်ရမှာ ရှက်မိသဗျ …
တစ်ခါတည်း လမ်းပေါ်ကျနေတဲ့ မန်းနီး ၁၀ဝ တန်ကိုတောင် ကုန်းကောက်ရမှာရှက်လို့ မသိမပါ ကျော်ခွသွားခဲ့တာ …
ဒါမယ့် … အဖော်ပါရင်တော့လား .. ဘယ်နေလိမ့်မဒုန်းးး
TNA
January 10, 2014 at 9:58 pm
အန်တီဒုံလိုလုပ်ရဲတဲ့သူတွေများလာရင်တော့ အတော်ကိုကောင်းမှာပဲ။ ဘေးထိုက်ဘုပြောတွေဒဏ်ကလဲ အတော်ဆိုးတာနော်အန်တီဒုံရေ။ အန်တီဒုံကိုချီးကျူးပါတယ်။ အားလဲကျတယ်အန်တီဒုံရေ။
ဝင့်ပြုံးမြင့်
January 10, 2014 at 11:28 pm
အန်တီမာလို ဆရာဝန်တစ်ယောက်က အမှိုက်ကောက်တာ လေးစားပါတယ်။ မျှစ်ကတော့ ရွံတတ်တဲ့လူထဲမှာပါတော့ ဒီလိုမျိုး လုပ်နိုင်ဖို့ တော်တော်ကြိုးစားရဦးမှာပါ။ ဒါပေမယ့် အမှိုက်ကို စည်းမဲ့ကမ်းမဲ့စွန့်တာတော့ လုံးဝမလုပ်ဘူး။
padonmar
January 11, 2014 at 1:40 am
အားပေးကြတဲ့ ဂေါက်ကလပ်အသင်းဝင်(မဝင်ချင်လည်းဝင်၊ဝင်ချင်လည်းဝင်)များအားလုံး ကျေးကျေးပါ။
ဂေါက်စီးရီးဆက်ဦးမှာမို့ နောက်ပို့စ်တွေ ဆက်လိုက်ခဲ့ကြပါနော်။
အမှိုက်ကို စည်းမဲ့ မစွန့်ကြတာ ဒို့ရွာသူားတွေပါလို့ ဂုဏ်ယူနေပါတယ်။
ကထူးဆန်း
January 11, 2014 at 9:42 am
တကယ် ဂေါက်သော ဂေါက်သော သူ အဖွဲ့ အစည်း ကြီး အကြောင်းပြောချင်ပါတယ် အန်တီဒုံ ..
မြန်မာပြည် ရန်ကုန်မြို့ ကစလို့ အထက် မှုဆယ် အထိ .. ပုဂံ လမ်းဘက် ကိုဘဲဦးတည်တည် .. တောင်ကြီးဘက်ကိုဘဲသွားသွား လမ်းတစ်လျောက် မပြတ်တာကတော့ အမှိုက် ကြွပ်ကြွပ်အိတ်နဲ့ ပုလင်းခွံ .. သုံးမရတာတွေ ဆက်တိုက်တွေ့ နေရတော့ ဪ အမှိုက်တိုင်းပြည်ကြီးပါလား အမြဲ မှတ်ယူမိပါတယ် ..
ဟောင်းသွားပြီဖြစ်တဲ့ အမြန်လမ်းဟုခေါ်သော ရန်ကုန် မန္တလေး တစ်လျောက်လည်း တစ်ဖြေး တစ်ဖြေး နဲ့ အမှိုက်တွေ နဲ့ စဉ်ဆက်မပြတ်ဖြစ်လာနေပါတယ် ..
အဲ့ဒီ့မှာ ကျွန်တော် ပြောချင်တဲ့ ဂေါက်ကြောင် အဖွဲ့ကြီး က “သင်၏ အမြန်လမ်းမကြီး တစ်လျောက် အမှိုက်မပြစ်ရ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး သတိပေးတော့တာပေါ့ဗျာ …
အနီရောင် ကြီး နဲ့ ကို သတိပေးတာဗျ ..အဲ အဲ …ဒါပေမဲ့ ……
ကမာ္ဘ သုံးစကား နဲ့ ရေးထား တာ ဆိုတော့ နိုင်ငံခြားသားများကို သာ သတိပေးတာလို့ ဂေါက်ကြောင် အဖိုးကြီး တစ်ယောက် က မှတ်ယူလိုက်ကြောင်းပါ …. :hee:
kai
January 11, 2014 at 10:17 am
အမှိုက်မပြစ်ရဆိုင်းဘုတ်အစား.. အောက်ကဆိုင်းဘုတ်.. ဗမာလိုရေးတင်လိုက်ရမှာ..
padonmar
January 11, 2014 at 11:52 pm
ကထူးဆန်းရေ၊
ကျမတို့တိုင်းပြည်မှာ ဘာကို ရှက်ရမယ်ဆိုတာ တကယ်မသိကြသေးဘူး ဖြစ်နေတယ်။
…
သူကြီးရဲ့ ဒဏ်ငွေက ကျပ်နဲ့ဆို သိန်း ၆ဝကျော်ပေါ့။
ဒါဆို အမှိုက်ပစ်တာ ဖမ်းတဲ့သူက ဖမ်းပြီးရင် ငါ့ကိုသိန်း ၃ဝ ပေး မသိချင်ယောင်ဆောင်ပေးမယ်လို့ ဖြစ်သွားမှာပဲ။စံပြဆိုပြီး တယောက် နှစ်ယောက်တော့ ဖမ်းပြလိမ့်မပေါ့။
စနစ်ကြောင့်မဟုတ်၊သခင်မျိုးဟေ့ ဒို့ဘားမန်း
kai
January 12, 2014 at 11:56 am
မီဒီယာလွတ်လပ်ခွင့်ရှိတဲ့တိုင်းပြည်မှာခက်မှာပါ..။
မြန်မာပြည်လည်း မကြာခင်ခက်လာမှာပါ..။
ဆိုတော့.. မီဒီယာက..အင်ဒါကယာဗာလုပ်ပြီး.. တမင်တကာအမှိုက်ပစ်ပြ..။ ဖမ်းရင်..လာဘ်ယူတဲ့တာဝန်ရှိသူသတင်း.. သတင်းစာထဲထည့်..
သတင်းစာရောင်းကောင်း..
ဒီလိုလေး…
ဒညင်းဝက်
January 18, 2014 at 9:48 pm
ကျနော်လည်း…တခါတခါ..ဂေါက်ဖူးတယ်… ။