ခရီးဖော်
အဲဒီကွန်ပျူတာလေး…။
4H 2H B 2B ပုံဆွဲခဲတံတွေမကူနိုင်…။ ရှိတဲ့ခဲတံလေးတစ်ချောင်းနဲ့ ဖိလိုက်ဖော့လိုက်ဆွဲခဲ့ရတဲ့ ပုံဆွဲခတွေကို မသုံးရက် မဝတ်ရက် နဲ့ စုပြီး ဝယ်ထားခဲ့ရတာ..။ အသက် ၂ဝမပြည့်သေးတဲ့ ကောင်မလေး… ကွန်ပျူတာတစ်လုံးဝယ်ဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲခဲ့တဲ့ ဘဝတုန်းကပေါ့…။
ဒီကွန်ပျူတာလေးဝယ်ပြီးကတည်းက ပိုရလာတဲ့ပုံဆွဲခလေးတွေနဲ့ ပညာတွေဆက်သင်နိုင်ခဲ့ဖူးတယ်…။ သူများလို ကန်တင်းမထိုင်နိုင်၊ ကျောင်းကသွားတဲ့ Trip တွေ မလိုက်နိုင်ပဲ စုစုဆောင်းဆောင်းသုံးစွဲရင်းပဲ တစ်မတ်သားလက်စွပ်လေးတစ်ကွင်းပိုင်ဆိုင်လာခဲ့တယ်…။ အသက် ၂ဝ နဲ့ ၂၃အတွင်းရှိတဲ့ ကောင်မလေးပေါ့…။
အဲဒီလက်စွပ်လေးတစ်ကွင်းနဲ့ ရွှေဈေးတက်ပြီ ကျပြီ လိုက်စုံစမ်းနေတတ်တဲ့ ကိုယ်က အရင်းထပ်မဖြည့်ရပဲ လက်စွပ်ကလေးကနေ လက်ကောက်လေးတစ်ကွင်းထိ ပိုင်ဆိုင်ခဲ့ဖူးတယ်…။
ကံကြမ္မာအပြောင်းအလည်းကြောင့်လား… မိသားစုပေါ်စေတနာမှန်လို့လားမသိပေမဲ့ မကြာခင်ပဲ လစာကောင်းကောင်းအလုပ်တစ်ခုရလာခဲ့တယ်…။ ဒီလိုနဲ့ ကျောင်းကသင်ပေးတဲ့စာနဲ့ကွာဟတဲ့ လက်တွေ့လုပ်ငန်းခွင်ထဲမှာ ငိုလိုက် ရယ်လိုက်၊ လက်မထောင်လိုက် စိတ်ဓါတ်ကျလိုက်နဲ့ ၂၀၀၅~၂၀၀၈ ကာလတွေ ဖြတ်သန်းလာခဲ့တယ်…။
၂၀၀၈ရဲ့ ဇွန်လမှာ စင်ကာပူကိုထွက်လာဖို့ပြင်ဆင်ချိန် လိုအပ်တဲ့ငွေမပြည့်တော့ လက်ကောက်လေးရယ်…. ကိုယ်သိပ်ချစ်တဲ့ ဒီကွန်ပျူတာလေးရယ် ရောင်းစားခံလိုက်ရရှာတယ်…။
ဒီကွန်ပျူတာလေးက ဝယ်တုန်းက ၂သိန်းကျော်လေးပဲတန်တယ်…။ သူ့ကိုအသုံးချပြီး ရှာခဲ့တဲ့ငွေတွေက အရင်းကျေရုံတင်မက ရွှေတိုရွှေစလေးတွေပါ ဖန်တီးနိုင်ခဲ့တယ်..။ နောက်ဆုံး သခင်စွန့်ပစ် သူ့ကိုရောင်းစားချိန်ထိတောင် သူဟာ ၅သိန်းဆိုတဲ့ တန်ဖိုးတစ်ခုကို ရှာပေးသွားခဲ့သေးတယ်။ (တကယ်က ၅သိန်းမတန်ပေမဲ့ ကိုယ့်အခက်အခဲကို ကူညီချင်လို့ တမင် ၅သိန်းပေးပြီး ဝယ်သွားခဲ့တာ..။)
၂၀၁ဝခုနှစ်မှာ ကိုယ့်ကွန်ပျူတာလေးက လက်လွှဲဝယ်တဲ့သူဆီမှာ ဘာမှ အသုံးချမခံရတဲ့ အပိုပစ္စည်းတစ်ခုဖြစ်နေတဲ့အတွက် ပြန်တောင်းယူထားလိုက်တယ်။ (ငါးသိန်းတော့ ပြန်မပေးလိုက်ပါဘူး..။ )
ခုတော့ ခပ်ခုံးခုံးမျက်နှာပြင်လေးပဲ ပိုင်ဆိုင်ထားတဲ့သူဟာ မော်ဒယ်ခပ်အောက်အောက်ပစ္စည်းတစ်ခုအနေနဲ့ ဧည့်ခန်းမှာနေရာမရတော့ရှာဘူး…။ လူမမြင်တဲ့အခန်းတစ်ခုရဲ့ ထောင့်လေးတစ်ထောင့်မှာ သိမ်သိမ်ငယ်ငယ်လေးပေါ့…။
တကယ်ဆို မင်းက ကိုယ့်ခရီးဖော်လေးပါ…။ ကိုယ့်ဘဝတလျောက် လမ်းကြမ်းတွေလျှောက်ခဲ့စဉ်တုန်းက တထောင့်နေတရာကနေ လက်ချင်းတွဲပြီး ဖြည့်ဆည်းပေးခဲ့ ဘဝခရီးဖော်လေးပေါ့…။
စိတ်ချပါ ကွန်ပျူတာလေးရယ်…။
ကိုယ်အိမ်ပြန်ရောက်ရင် ဟိုးအရင် မင်းကိုအသုံးချပြီးရှာစားခဲ့တုန်းကလိုပဲ ဧည့်ခန်းထဲမှာ ခပ်မိန့်မိန့်လေး ပြန်ထိုင်ခိုင်းထားပါ့မယ်…။
13 comments
ကထူးဆန်း
January 17, 2014 at 11:35 am
အဲ့ဒီ့ ကွန်ပြူတာလေးကလည်း ဘဝ ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားတဲ့ အခုတော့ ဘဝ အခြေမြင့်နေပြီဖြစ်တဲ့ သူ့ သခင်မ အတွက် ဝမ်းသာအားရဖြစ်နေမှာပါ ။
Mr. MarGa
January 17, 2014 at 11:47 am
သေချာတာတစ်ခုရှိတယ်
အဲဒါကတော့ လက်ရှိ ခရီးဖော်က သူမဟုတ်ဘူး ဆိုတာပဲ။
အဲ့သဟာလေးများ စကားပြောနိုင်ရင် ဘာပြောမလဲ ကြားချင်သေးတယ်
KZ
January 17, 2014 at 12:15 pm
ခရီးဖော်ဆိုလို့ အထင်တကြီး အပြေးလာကြည့်တာ။
ဟိဟိ။
ရေးတတ်လိုက်တာ ကွန်ပြူတာလေးကို သက်ရှိလေးလို့ ထင်ထင်လာတယ်။
:chit:
kai
January 17, 2014 at 12:54 pm
သက်မဲ့တောင်ဒီလောက်သုံးတတ်မှတော့.. သက်ရှိဆို..တော်တော်တတ်မှာပဲ..။
ကဲကဲ.. မြန်မြန်ရှာလိုက်..
ရှိရင်သိမ်းလိုက်..။
နောက်တာနော..
ဒီစာလေးဖတ်ပြီး.. ကိုယ်ပိုင်ကွန်ြပြူတာလေးတွေကို ပြန်တွေးမိတာအမှန်လို့ ဝန်ခံပါတယ်..။
၁၉၉ဝလောက်မှာဝယ်တဲ့.. တိုရှိဘာ ဝပ်ပရိုဆက်ဆာလေးရယ်..။
၁၉၉၄ လောက်ဝယ်တဲ့.. ၄၈၆ ကွန်ပက်လေးရယ်..။
၉၆လောက်ဝယ်တဲ့.. NEC ပန်တီယံ လေးရယ်..။
ပြောရရင်.. အခုတင်သတိရပြီး.. NEC လေးထုတ်ကြည့်မိသဗျ..။ ( အဲဒါလေးက.. သေးသေးလေးမို့.. တောက်လျှောက်ယူလာခဲ့တာ)
လွမ်းစရာ…။
kai
January 17, 2014 at 12:56 pm
အောင်မြလေး..
အဲဒီပိစိလက်ပ်တော့လေးကို.. ကြိုးတပ်ပါဝါအွန်လိုက်တာ.. Win98တက်လာသဗျ…
RAM 16MB တဲ့…။
kyeemite
January 17, 2014 at 2:00 pm
ကွန်ပြူတာလေးကပြောနေတယ်…“အသစ်အသစ်လေးတွေနဲ့တွဲနေလို့ စိတ်မကောက်ပါဘူးတဲ့..သူ့သခင်မလေး အဆင့်အတန်းမြင့်မားသွားအောင် နိုင်သလောက် ကျရာတာဝန်ကျေပွန်ခဲ့ရတာကို ဂုဏ်ယူပီတိဖြစ်နေမိပါတယ်”..တဲ့ :loll:
လုံမလေးမွန်မွန်
January 17, 2014 at 4:39 pm
တော်လိုက်တာ အစ်မရယ်.. ကိုယ့်ကိုကိုယ် အားကိုးပြီး ကိုယ့်ဘဝကို ကိုယ်မြှင့်ခဲ့တာ.. တကယ်အားကျပါတယ်..
ကွန်ပျူတာလေးကလည်း သူ့သခင်အတွက် ဂုဏ်ယူနေမှာပါ..
စာကြွင်း.. အနော်ကတော့ ရွှေတစ်ခုတောင် မစုနိုင်သေး..
ကိုပေါက်(မန္တလေး)
January 17, 2014 at 4:48 pm
ကျ နော် က တော့ ရုံး က ကွန် ပြူ တာ နဲ့ အင ်တာ နက် ဆိုင် က ကွန် ပြူ တာ တွေ ဘဲ သုံး တယ် ဗျာ
ဒညင်းဝက်
January 17, 2014 at 6:44 pm
လက်တွဲဖော်ဆိုတာ
ဘဝမှာ မေ့ထားခဲ့လို့မရတဲ့အရာပေါ့နော်
😆
•*¨နန်းတော်ရာသူ •*¨
January 17, 2014 at 7:35 pm
crt လေးတွေ တစ်ချိန်က မိသားစုကိုအပိုဝင်ငွေရှာပေးခဲ့တဲ့ကောင်လေးတွေပေါ့။
နေ့မအားညမအားအီကွေးရှင်းပုစာ္ဆတွေကြား ရှာရှာလည်အောင်
စာစီခဲ့ရတဲ့ကာလလေးတွေကိုတောင်မြင်ယောင်မိစေတယ်။
ဒါပေမယ့် ဒါမျိုးတော့လည်း သံယောဇဉ်မထားမိဘူး။up to date လေပိုချစ်လေပဲ။
😀
Nay Chi
January 17, 2014 at 8:38 pm
လာအားပေးကြတဲ့အပြင် ကွန်မန့်လေးတွေပါ ချန်ထားပေးခဲ့တဲ့ အတွက် အားလုံးကို ကျေးကျေးနော်…။
ခုလို အားပေးကြတော့ နောက်ထပ်ပို့စ်တွေတောင် ထပ်တင်ဖို့ အားရှိသွားတယ်…။ စကားပြေက ရေးနေကျမဟုတ်တော့ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တဝက်နဲ့ (မြှောက်တဲ့သူက မြှောက်ပေးလိုက်လို့) လာတင်ထားရတာ..။ 🙂
ရာမည
January 19, 2014 at 5:56 pm
အလွန်နှစ်သက်မိပါတယ်ခင်ဗျာ။
ကျွန်တော်လည်း သံယောဇဉ်အလွန်ကြီးတတ်ပါတယ်။
Ma Ma
January 20, 2014 at 4:42 pm
အဲဒီလက်တွဲဖော်က သူ့ပိုင်ရှင်သခင်မရဲ့အစွမ်းအစတွေကို မှတ်တမ်းတင်ပေးထားတယ်။ 🙂