အချိန်တန်သင့်ပြီ
အချိန်တန်သင့်ပြီ
နေပူပူမှာ စစ်ယူနီဖောင်းဝတ်ပြီး ၅ ယောက်အုပ်စုလိုက် လျှောက်လာနေကြတယ် ၃ ယောက်ရဲ့လက်ထဲမှာ ဆိုဒ်မျိုးစုံတစ်ချို့စာအုပ်တွေကို ပွေ့ကိုင်လို့ ကျန် ၂ ယောက်က စာအုပ်တွေထဲ့ထားဟန်တူတဲ့ အိတ်ကိုယ်စီ ဆွဲလျှက်အနေအထားရှိပြီး အဲဒီ ၅ ယောက်ထဲမှာ ၂ ယောက်က ဂျိုင်းထောက်နဲ့ပါ။
သူတို့တွေ ကျွန်တော်ထိုင်နေတဲ့နားရောက်တယ်ဆိုရင်ဘဲ ရပ်လိုက်ပြီး
” ကျွန်တော်တို့က ဒီမြို့နယ်က စစ်ပြန်စစ်မှုထမ်းဟောင်းတွေပါ ရံပုံငွေအတွက် စာအုပ်လေးတွေ လိုက်ရောင်း ပေးတာမို့ ဒီကနောင်ကြီး အားပေးပါအုံးနော် ” ဆိုပြီး သူတို့လက်ထဲမှာပွေ့ထားတဲ့စာအုပ်တွေကို ရွေးဖို့လှမ်း ပေးတယ်လေ။
စာပေကို ကျုပ်ကလည်း မြတ်နိုးတတ် ဖတ်လေ့ရှိသူမို့ရယ် မတတ်တစ်ခေါက် ဟိုတို့ဒီတို့ စာလေးတွေလည်း လက်တဲ့စမ်းကာ ဒီရွာထဲ(အခုမြို့ပေါ့)ရေးနေသူဖြစ်တာကြောင့်ရယ် သူတို့လို မသန်းစွမ်းပေမယ့် နေပူပူထဲ လျှောက်ကာရောင်းနေရတာကို သနားစိတ်ကြောင့်ရယ် စာအုပ်တွေထိုးပေးတော့ လက်ကလှမ်းယူမိပြီး စာအုပ် ၅ အုပ်လောက်ရွေးပြီး ဈေးမေးကာစာအုပ်ကျသင့်ငွေလေးထုတ်ပေးလိုက်ပြီး နောက်ထပ် တစ်ထောင်တန် သုံးရွက်ကိုထပ်ပေးရင်း စာအုပ်ဖိုးပြန်အမ်းရမယ့် နှစ်ရာလည်းမအမ်းနဲ့တော့ ဒီသုံးထောင်ကလည်း ဆရာကြီးတို့ မောတဲ့အခါ အအေးသောက်လက်ဖက်ရည်သောက်ဖို့ပါလို့ပေးဖြစ်လိုက်တယ်။ သူတို့က နောင်ကြီး ကျန်းမာ ပါစေ ချမ်းသာပါစေ စသည်ဖြင့်ဆုတွေတောင်းကာ ကျေးဇူးတင်ကြောင်းပြောပြီးထွက်သွားကြတယ်လေ။
သူတို့ရောင်းခဲ့တဲ့စာအုပ်တွေကို လက်ထဲပိုက်ရင်း သူတို့တွေဆက်လျှောက်သွားကာ အိမ်ရှေ့ ခြံပေါက်ရပ်လိုက် စာအုပ်ရောင်းပုံကိုငေးကြည့်နေရင်း အတွေးတစ်ခုဝင်လာမိတယ် ခေတ်အဆက်အာဏာရှင်စနစ်နဲ့ ဆယ်စုနှစ် ပေါင်းများစွာအုပ်ချုပ်ခဲ့တယ် နေရာတိုင်း အလုပ်တိုင်းမှာ တပ်မတော်စစ်သားတွေကဘဲ နေရာယူတယ် သူတို့ဘဲကောင်းစားတယ် ပြည်သူလူထုကတော့ မွဲပြီးရင်းမွဲရင်းနဲ့ ဘဝတွေနိမ့်သည်ထက်နိမ့်ခဲ့ကြတယ် ဆိုပေမယ့် တပ်မတော်ထဲမှာလဲ အရာရှိမဟုတ်တဲ့ အခြားအဆင့်ကစစ်သည်တွေရဲ့ ဘဝတွေကလည်း ကြမ်းခဲ့ နွမ်းခဲ့က အခုလိုကိုယ်အင်္ဂါကို အကြောင်းအမျိုးမျိုးစွန့်ခဲ့တဲ့စစ်သည်တွေဘဝဟာလည်း စွန်ခဲ့စဉ်ကာလက လွန်မြောက်လို့ အချိန်ကြာလာပြီဆိုရင်တော့ ကိုယ့်ဝမ်းစာကိုယ်သာရှာ ရတယ်လေ။
ဒါဟာဘာကိုညွှန်ပြနေတာလဲဆိုတော့ ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီး ဒီလိုစနစ်တွေနဲ့သာ သွားနေကြမယ်ဆိုရင် တော့ စစ်သားဘဲဖြစ်ဖြစ် အရပ်သားဘဲဖြစ်ဖြစ် ဘာသားဘဲဖြစ်ဖြစ် ဆိုးကျိုးအမွေအနှစ်ကို ခါးစီးလို့သာခံကြရ ပေအုံးမည်။ ဒါကြောင့် စနစ်ပြောင်းချိန် ခေတ်ပြောင်းချိန် စနစ်ပြောင်းမည့်သူ ခေတ်ပြောင်းမည့်သူကို သိနိုင်မြင်နိုင်ဖို့ အချိန်တန်သင့်ပြီလို့ တိုက်တွန်းရင်း……………….။
ရွာသူားအားလုံးကို သတိရခင်မင်လျှက်
ခင်ခ။
21 comments
မင်း ခန့် ကျော်
February 26, 2014 at 2:28 pm
ကျတော်တို့အိမ်ကိုလည်းဒီလိုလာရောင်းကြဘူးတယ်။
အားပေးလိုက်ပါတယ်။
တန်တာမတန်တာ ထက် ပြည်သူတွေ ဘက်က ကြည့်ရှု့ရမဲ့
တာဝန်တစ်ခုလို့ယူဆလို့ပါ။
အားပေးသွားပါတယ်။
Mr. MarGa
February 26, 2014 at 3:00 pm
တွေးရတော့မယ်
စစ်မှုထမ်းဟောင်းများအဖွဲ့ ဆိုပြီး
သူတို့အတွက် လုပ်ပေးထားတဲ့ လုပ်ငန်းတွေ ရှိတယ်။
အဲဒါတွေက နောက်ဆုံးမှာ ဘယ်ကိုရောက်သွားတယ်မသိ။
စစ်မှုထမ်းဟောင်းများနဲ့ စစ်သည်မိသားစုများ အတွက် ဆိုပြီး တည်ထောင်ထားတဲ့ ကုမ္ပဏီကြီးးး
အဲ့ဒီက အကျိုးအမြတ်တွေ ဘယ်မှာသွားစုနေတာလဲ…
ပြောမယ်ဆိုရင်
စစ်မှုထမ်းဟောင်းတွေကို ပင်စင်စားတွေထက်တောင် ပိုပြီး လုပ်ပေးထားတယ်ထင်တာပဲ…
ကြားမှာ ဘယ်နားက အဆက်ပြတ်နေလို့ရယ်တော့ မသိ….
မင်း ခန့် ကျော်
February 26, 2014 at 3:22 pm
စစ်မူ့ထမ်းဟောင်းများအဖွဲ့ဆိုပြီးထောက်ပံ့ထားတာရှိတယ်။
ဒါပေမဲ့ ဆိုင်ရာပိုင်ရာတွေအတွက်။
လက်ရှိ စစ်မူ့ထမ်းဘဝမှာတောင် တပ်ကြပ်ကြီးက အာစီသုံးထပ်နဲ့နေနိုင်တယ်။
ဗိုလ်မှုးကပိုင်တာဆိုလို့ခြုံတပုတ်တောင်မရှိတာအများကြီး။
အနည်းဆုံးတော့ ပိုက်ဆံရှိရဲ့သားနဲ့တော့ဒီလို ဘယ်သူမှ အရှက်ကွဲခံလုပ်မယ်တော့မထင်ပါ။
ကြုံကြိုက်လျှင်ကူညီကောင်းပါသည်။
Paing Lay
February 26, 2014 at 3:13 pm
တပ်ထဲမှာ တစ်ချိန်တုန်းက ဟောက်စားလုပ်ဖူးတဲ့ တပ်ကြပ်ကြီးတွေ ဆေးပင်စင်တွေ(အချို့ကိုပြောပါတယ်)လည်းရရော အပြင်လောကရောက်တော့ အမှိုက်ကျုံးတဲ့ စည်ပင်ဝန်ထမ်း နဲ့ ဈေးညစောင့်ဖြစ်ရလေတယ် အချို့ကလည်း ဦးခင်ခပြောသလို စာအုပ်လေးရောင်းရင်း သူတို့ဘဝကို အသက်ဆက်ရတယ် သို့ပေသိ ပရဟိတအလုပ်ပေမို့ ကျွန်ုပ် အပြစ်မတင်ရက်ပါ 😥
ဦးကျောက်ခဲ
February 26, 2014 at 3:34 pm
တကယ်တော့ တပ်ပင်စင်က အရပ်ဘက်ပင်စင်ထက် များပါတယ်…
နောက်ပြီး စစ်မှုထမ်းဟောင်းများအဖွဲ့ ဆိုတာကလည်းရှိသေးတယ်…
ကျောင်းအုပ်ဆရာကြီး ပင်စင်စားတောင် ဒရဝမ်လုပ် အသက်ဆက်နေရတဲ့ နိုင်ငံမှာ…
မြို့ပေါ်မှာ စာအုပ်လည်ရောင်းလို့ရတယ်ဆိုတော့ တော်သေးတာပေါ့လို့ ဆိုရမလိုပါ…
မြင်ကြစေချင်တယ် နယ်စပ်မှာ မိုင်းနင်းမိလို့ ဒုက္ခိတဖြစ်နေတဲ့ တိုင်းရင်းသားတွေ ဘဝ
🙁
ဦးကျောက်ခဲ
February 26, 2014 at 3:55 pm
အချိန်တန်သင့်ပြီ… ဆိုရင်တော့…
စစ်ပွဲတွေရပ်… မြေမြှုပ်မိုင်းတွေရှင်း…
🙂
Foreign Resident
February 28, 2014 at 4:53 am
ဦးကျောက်ခဲ says:
” တကယ်တော့ တပ်ပင်စင်က အရပ်ဘက်ပင်စင်ထက် များပါတယ်…
နောက်ပြီး စစ်မှုထမ်းဟောင်းများအဖွဲ့ ဆိုတာကလည်းရှိသေးတယ်… ”
ဟုတ်ပါတယ် ။
စစ်တပ်က အရပ်ဖက် ထက် နဂိုထဲက လစာလဲ ပိုများပါတယ် ။
ရိက္ခာ နှင့် အခြား အခွင့်အရေးတွေလဲ ပိုများပါတယ် ။
စစ်တပ်က ရာထူးတက်တာလည်း ပိုမြန်ပါတယ် ။
အဲဒီတော့ ပင်စင် လည်း ပိုများပါတယ် ။
TNA
February 26, 2014 at 3:54 pm
အရင်တုန်းကတော့ စစ်တပ်မုန်းတဲ့အရှိန်နဲ့ သူတို့ကိုပါရောမုန်းဖူးတယ်။ လာရောင်းရင် မလိုလားဟန်ပါပြ ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ ခွဲခြားသိသွားတယ်။ အထက်နဲ့အောက်မတူတာတွေ။ သူတို့ဘဝဟာ မုန်းစရာမဟုတ်ပဲ သနားစရာပါလားဆိုတာတွေသိလာတော့ သနားစိတ်နဲ့ဝယ်ယူအားပေးမိတယ်။ ဒါပေမဲ့ အခုတလောကျတော့ တကယ့်စစ်မှု့ထမ်းဟောင်းတွေတင်မဟုတ်လောက်တော့ပဲ တခြားထိခိုက်မိသူတွေ ကပါ ဒီလိုလုပ်ပြီးရောချလာတယ်လို့ ခံစားနေမိတယ်။
ဦးကျောက်ခဲ
February 26, 2014 at 4:00 pm
ကျောက်စ်တို့အိမ်က မြေညီမို့လို့ တစ်ခါတလေလည်း ညစ်ကျယ်ကျယ်နဲ့
“ကျုပ်တို့က နိုင်ငံအတွက် အသက်ပေးလာတာဗျ” လို့ ဆိုသွားသူလည်း ရှိရဲ့
ကူမင်တန်ခေတ်ကဆိုရင်တော့ တမျိုးပေါ့ဗျာ…
မမချွိ
February 26, 2014 at 5:03 pm
အချိန်က တန်တာကြာပေါ့။
သနားမယ်ဆို တစ်နိုင်ငံလုံး သနားစရာ။
ကိုယ့်နိုင်ငံမှာ ကို မနေရတဲ့ သူတွေကလည်း သနားစရာ။
😥
Ma Ma
February 26, 2014 at 5:53 pm
မယ်ချွိရေးတာဖတ်ပြီးးးးးးးးး
မောင်တင် …. ကိုယ့်ကိုကိုယ်ပင်သနားလှချည်ရဲ့………. လို့ဆိုတဲ့
ရွှေမန်းတင်မောင်သီချင်းတောင် သတိရမိသွားတယ်။
မမချွိ
February 26, 2014 at 5:58 pm
တကယ် ချစ်မရဲ့။
မိသားစုနဲ့ တူတူနေပြီးငတ်နေရတဲ့ ဘွ မရောက်ချင်လို့ သာ …
ထွက်လာတာ။
အမှန်တော့ အနော်က အညာကို အကျိုးနည်း ချစ်တာရယ်။
အညာမှာပဲ နေချင်တယ်….
:hint:
alinsett ( Gazette )
February 26, 2014 at 6:17 pm
တိုက်တိုက်ဆိုင်ဆိုင် ဟိုနေ့က ဒိုင်ယာရီချရေးတဲ့အထဲ
အဲဒီ ယူနီဖောင်းစာအုပ်ဈေးတန်းအကြောင်း ချရေးဖြစ်သေးတယ်
အဘတို့ဖတ်ဖို့ ကျနော့်ဒိုင်ယာရီဆိုပြီး ဆောင်းပါးရေးထားတဲ့အထဲ ထည့်အော်ဦးမလို့
🙂
•*¨နန်းတော်ရာသူ •*¨
February 26, 2014 at 7:29 pm
အိမ်၊ခြံတွေလက်ညှိုးထိုးမလွဲတဲ့အမှုထမ်းတွေပုံအောနေသလို၊လစာတောင်မနည်းလောက်အောင်စားနေရတဲ့အရာထမ်းတွေလဲ မရေမတွက်နိုင်အောင်ပါ။
စစ်တပ်မှာ စစ်သားရဲဘော်လေးတွေ၊ရဲဘော်ကြီးတွေကိုကျွန်မသိပ်သနားတယ်။
တစ်ချို့ဆို ယူနီဖောင်းအရောင်မှိန်မှိန်လေးတွေနဲ့စုတ်ပြတ်နေတာပဲ။
ပင်ပမ်းလိုက်တာကလည်းတစ်ဘဝလုံး
ပင်စင်ယူပြီဆိုပြန်တော့လည်း ဘယ်မှာကောင်းကောင်းနေရလို့လဲ။
တစ်ချို့ရိက္ခာကိုင်ရတဲ့လူကျတော့လည်း ဘာရာထူးမှမရှိပဲနဲ့ လက်ဖျားငွေသီးနေတာ။
ကျွန်မတက္ကသိုလ်ကျောင်းသူဘဝတုန်းက အတန်းထဲကသူငယ်ချင်းတစ်ယောက်က တိုင်းထဲကလာတက်တာ။
သူ့အဖေကရိက္ခာကိုင်တာလို့ပြောကြတယ်။တော်တော်လည်းသုံးနိုင်ဖြုန်းနိုင်တာပေါ့
ငါတို့အိမ်မှာဆို နို့ဆီဗူးတွေက မသောက်ချင်တစ်ဆုံးလို့ညည်းလားညည်းရဲ့။
အဲ့ဒီတုန်းက ကျွန်မစိတ်ထဲဘာမှမတွေးမိခဲ့ဘူး။နောက်ကျမှ ဆင်းရဲလှတဲ့ရှေ့တန်းစစ်သားရဲဘော်တွေအကြောင်း ဆရာကြီးတစ်ယောက်ကပြောပြတယ်။
တပ်ကပို့လိုက်တဲ့ရိက္ခာတွေကလဲ ဒိတ်လွန်တွေ၊မကောင်းတာတွေနဲ့စခန်းသွားရကြောင်းဘာညာ ဆိုတော့မှ..
ရိက္ခာကိုင်တယ်ဆိုတဲ့လူတွေကို စိတ်တိုလိုက်ရတာ။
ခင် ခ
February 26, 2014 at 10:18 pm
နန်းတော်ရာသူရေ ဟုတ်ပဗျာ
စစ်ရောင်မြင် အမုန်းပင်ဆိုတာထက် ကျွန်တော်တို့ မှီတင်းနေရတဲ့ တိုင်းပြည်က အောက်ခြေလူတန်းစားကအစ စစ်သားဘဲဖြစ်ဖြစ် အရပ်သားဘဲဖြစ်ဖြစ် လူတန်းစေ့တင့်တယ်စွာနေရတဲ့ ဘဝအခြေအနေမျိုး တကယ်လုပ်နိုင့်မယ် သူကို ရှာချိန်တန်ပြီလေ။ အခုအချိန်မရှာရင်တော့ မြန်မာပြည်ကြီးတော့ ရေစုန်မျှောလိမ့်မယ်လို့ ထင်နေမိပြီဗျ။
ကိုပေါက်(မန္တလေး)
February 27, 2014 at 9:12 am
ကို ခ ရေ
အ ဲ ဒီ အ ထဲ မှာ အ မှန် တကယ် ချို့ တဲ့ သူ လဲ ပါ တယ်။
လုပ် စား သူ လဲ ပါ တယ်။
ဘယ် လို ဘဲ ဖြစ် ဖြစ် တပ် မ တော် အ ဝတ် အ စား နဲ့ အဲ လို လုပ် ကိုင် စား ကြ တာ ကို
သူတို့ ရဲ့ အ ထက် က လူ တွေ က ဒီ အတိုင်း ကြည့် နေ တာ ကို တော့ အံ့ ဩ မ ိတယ်။
တစ် တိုင်း တစ် ပြည် လုံး အပ် ကျ တာ က အ စ သိ နေ သူ တွေ က ဒီ မြင် ကွင်း ကို မ သိ ချင် ယောင် ဆောင် နေ ကြ တာ ကို ပါ။
kyeemite
February 27, 2014 at 12:01 pm
ရန်ကုန်မလဲ ဒီလိုပဲတစ်အိမ်တက်ဆင်းရောင်းနေကြတာပဲဗျ…
ဒီတိုင်းပိုက်ဆံ လက်ဖြန့်တောင်းတာထက်တော့တော်သေးတာပေါ့ ဆြာခရေ
Crystalline
February 27, 2014 at 12:11 pm
ခြံရှေ့..လူမမြင်လည်း အစ်မ..အစ်မဆိုပြီး အကျယ်ကြီးခေါ်ပြီး ရောင်းလေ့ရှိတယ်.. လာရောင်းတာလည်း ၁ဝနှစ်နီးပါးလောက်ရှိပြီ… မှတ်မိသလောက်ကလည်း အဲလူတွေပဲ… တခါမြို့ထဲက ရှမ်းဆိုင်မှာဝင်စားရင်း ဆိုင်ထဲဝင်ရောင်းနေတာလည်း အဲ့လူတွေပဲ … တစ်ခါမှအားမပေးဖူးဘူး… ပြည်ကြီးသားစိတ်နဲ့ ကိုယ်နဲ့ မဆိုင်သလိုပဲနေမိတယ်.. :))
kai
February 27, 2014 at 5:55 pm
မြန်မာတိုင်းရင်းသားအချင်းချင်း.. တိုက်ကြသတ်ကြပြီး.. ရတဲ့ဒဏ်ရာတွေနဲ့လူတွေပေါ့လေ..။
အခုတပ်ချုပ်က.. ယူအန်တပ်ထဲ..မြန်မာစစ်သားတွေထည့်မယ်လို့.. ကတိပေးထားတယ်သိရတယ်..
ယူအန်တပ်မှာလုပ်ရင်း.. ခြေပြတ်လို့ကတော့… တဆွေလုံးထိုင်စားပဲ..
ဆက်လုပ်ရဲဘော်..
ဆိုတော့…
အလုပ်လုပ်နိုင်ရက်နဲ့.. မလုပ်ပဲထိုင်စားနေတဲ့.. လူသိန်း..အဲ..အဲ..သန်းဂဏန်းကြီးကို… တင်ကြွေးထားတဲ့.. မြန်မာအမျိုးကောင်းသားတွေကိုရောမသနားဘူးလားဟင်င်င်…
ဪ..
အချိန်မတန်သေး.. :boss:
San Hla Gyi
February 27, 2014 at 9:46 pm
အင်း တချို့လူတွေ သောက်တလွဲတွေ ပြောပြောနေတာတွေရပ်ဖို့ ရှက်တတ်ဖို့ အသိတရားရဖို့ အချိန်မတန်သေး။
ကျော်စွာခေါင်
February 28, 2014 at 3:56 am
ကိုခရေ..
အောက်ခြေစစ်သားတွေ ဘဝက နာကျင်စရာကောင်းပါတယ်..
ဒါပေမယ့်လေ….
ပြောရခက်တယ်…။