ဆင်းရမည့်အချိန် ( ရွှေကူမေနှင်း )
ဆင်းရမည့်အချိန် ( ရွှေကူမေနှင်း )
နံနက်ခင်းစောစောက နှင်းတွေဝေနေခဲ့သည်။
အမြဲဖွင့်ထားသော ပြတင်းဝသို့လှမ်းကြည့်ရာက ဟယ် နှင်းတွေဝေနေလိုက်တာဟု ဝမ်းသာအားရပြောခဲ့မိသေးတယ်။
အိပ်ရာထဲကွေးနေသူများထဲမှတစ်ယောက်က ထကြည့်၏။ ဟုတ်ပါရဲ့။ နှင်းတွေ နှင်းတွေဟုပြောပြီး ပြန်အိပ်သွားသည်။
နှင်းချစ်တတ်သူ ကျွန်မတစ်ယောက်သာ ရေနွေးပြေးတည်လိုက်၊ ပြတင်းနားကပ်လိုက်။ ကော်ဖီဖျော်လိုက် လုပ်ပြီး
ကော်ဖီခွက်ကိုကိုင်လျက်၊ ပြတင်းပေါက်ပေါင်တွင် မှီရင်း၊ ကော်ဖီပူပူမွှေးမွှေးကို အရသာခံသောက်နေခဲ့ပါသည်။
ကြာကြာကြီးအရသာခံခွင့်တော့ မရခဲ့ပေ။ နှင်းတို့ကြားမှာ တိုက်တာအိမ်ခေါင်မိုးတွေကို တဖြည်းဖြည်း မြင်လာရ၏။
နောက်တော့ ခပ်ဝေးဝေးရှိ လှိုင်သာယာစက်မှုဇုန်ခေါင်မိုးနီများ၊ တွံတေးဘက်မှ လယ်ကွင်းစိမ်းစိမ်းများသည် နှင်းတွေကြားမှ ပေါ်ထွက်လာကြ၏။
နှင်းတွေဘယ်လိုကြောင့် ပျောက်သွားကြသနည်း။ နေရောင်ရောက်က ဆီးနှင်းပ၏ဟု ကြားဖူးသည်။ ယခုနေရောင်မရောက်ပါဘဲလျက် နှင်းတွေဝေ့ဝဲပျောက်ကွယ်သွားကြပြီ။
နှင်းကိုချစ်သော ကျွန်မသည် နှင်းကို ပျောက်မသွားပါနှင့်ဟု မတားနိုင်ခဲ့ချေ။ သဘာဝ၏ အစီအမံဖြင့်နှင်းသည် ထွက်သွားရ၏။
နေသည်ရောက်လာရ၏။ မိုးသည်ရောက်လာရ၏။ နောင်တွင်လည်း နေနှင့် မိုးသည် နှင်းကဲ့သို့ပင် ပျောက်ကြရဦးမည်။
ကျွန်မ ကော်ဖီခွက်ကို ဆေးကြောကာ ရှမ်းပြည်နယ်မြောက်ပိုင်းထွက် လက်ဖက် “အလိပ်အခွေ” လေးများကို ထည့်ပြီး ရေနွေးလောင်းလိုက်၏။
လက်ဖက်မွှေးမွှေးက လျှာကိုအရသာထူးစလေသည်။
စောစောက ကော်ဖီမွှေးမွှေးနေရာကို လက်ဖက်မွှေးမွှေးက အစားဝင်သွားပြီ။
ကျွန်မသည် လက်ဖက်မွှေးမွှေးနှင့် ရေနွေးကြမ်းခွက်ကို စားပွဲပေါ်တင်ပြီး ကောင်းကင်ကိုကြည့်၏ ၊ နေခြည်ထဲတွင် စာကလေးတို့ ပျံသန်းနေကြလေသည်။
စားပွဲပေါ်တွင်ကား ကျွန်မဘာသာပြန်ထုတ်ဝေခဲ့သော လာရီကင်း၏ “မှန်တာတွေပြောလိုက်မယ်” စာအုပ့်အသင့်ရှိ နေသည်။
စာပေဟောပြောပွဲများတွင် စာအသစ်များတင်ဆက်နိုင်ဖို့ မနေ့ညက ဤစာအုပ်ကို ပြန်ဖတ်ခဲ့ခြင်းဖြစ်ပြီး စာမျက်နှာအချို့တွင် မင်နီသား၍ စက္ကူစဖြင့်ညှပ်ထားခဲ့၏။
မျက်စိပွင့်နေလျှင် အလုပ်ဆီကို စိတ်ရောက်မြဲဖို့ လက်ဖက်ရည်မွှေးကို ငုံရင်း မှတ်ထားသောစာမျက်နှာများကို လှန်မိသည်။
စာမျက်နှာ (၅)၌ မင်နီတွေရှိသည်။
“အမေရိကန်စစ်သားတစ်ယောက်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဒဏ်ရာရပြီး သတိလစ်သွားခဲ့သတဲ့။
၁၅နှစ်ကြာလို့ သတိပြန်လည်လာတဲ့အခါ စစ်သားက လူးလဲထရင်း” “ငါ့သေနတ်ပေး၊ ငါ့သေနတ်ပေး၊ ဂျာမန်တွေကိုသတ်ရမယ်”
ဒီအခါ ဆရာဝန်က ပြန်ပြောသတဲ့။
“နိုး၊ နိုး ဂျာမန်တွေက ငါတို့မိတ်တွေတွေလေ”
“ခင်ဗျား ရူးနေလား၊ ကျုပ်တို့ဟာ ဂျာမန်ကိုနိုင်ဖို့ ရုရှားကိုကူညီရမယ်”
“မဟုတ်ဘူး။ အခု ရုရှားတွေက ကျုပ်တို့ရန်သူဖြစ်နေပြီ”
“ဒါဆိုရင် ဂျပန်တွေကို နှင်ထုတ်ဖို့ တရုတ်တွေကို ကူညီရမယ်”
“နိုး၊ နိုး ဂျပန်တွေက အခု ငါတို့ မိတ်ဆွေဖြစ်နေပြီ၊ တရုတ်ကွန်မြူနစ်က ငါတို့ရဲ့ ရန်သူ”
“ဟင်၊ ဘယ်လိုအရူးကမ္ဘာကြီးလဲ။ အင်း ကျုပ်အနားယူဦးမှပဲ”
“ဘယ်မှာ အနားယူချင်လို့လဲ”
“ကျူးဘားမှာ”
ဇာတ်လမ်းသည် လူရွှင်တော်တစ်ဦး၏ ပြက်လုံးဟုဆိုသည်။ ကမ္ဘာ့နိုင်ငံရေး အခြေအနေများ ပြောင်းလဲပုံကို သရုပ်ဖော်ခြင်းဖြစ်၏။
ကျွန်မသည် လာရီကင်း၏စာသားများကို ပြန်ဖတ်ရင်း မြန်မာ့နိုင်ငံရေးကိုမနေနိုင် မအောင့်နိုင် ပြန်တွေးနေမိသည်။
မြန်မာ့နိုင်ငံရေးဘဝကလည်း အရူးကမ္ဘာနှင့် တူသလားမသိပါ။
“ခုလို ဖြစ်ပျက်ဆိုတဲ့ တရားသဘောကို အရင်က စဉ်းစားမိခဲ့ရင် ၆၂ ခုနှစ်တုန်းက အာဏာသိမ်းမိမှာ မဟုတ်ဘူး” ဟု ပြောကြောင်း ကိုကိုမောင် (မောင်ချစ်လှိုင်) က ပြန်ရေးခဲ့သည်။
သူ မစဉ်းစားမိခဲ့သမျှ ပြည်သူတွေ ဘဝပျက်ခဲ့ရတာ ခုထိ ထမင်းမဝေသေး။
ကျွန်မသည် လက်ဖက်ရည်မွှေးကို တစ်ခွက်လုံးကုန်အောင် မော့ချလိုက်ပြီးမှနောက် မင်နီသားထားသော စာလုံးများကို လှန်ကြည့်ပြန်သည်။
စာမျက်နှာ(၇) ဟာသတစ်ပုဒ်ဖြစ်၏
“ဘရွန်းစ်မှာနေတဲ့ လူတစ်ယောက်ဟာ သူ့ဖိနပ်တွေပြင်ချုပ်ဖို့ ဖိနပ်ချုပ်ဆိုင်ကို အပ်တယ်။ အဲဒီနေ့ဟာ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်၊
နောက်နေ့မှာ ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတယ်။ ဒီအခါ သူကစစ်ထဲဝင်လိုက်တယ်။
ဂျပန်မလေးတစ်ယောက်နဲ့တွေ့ပြီး လက်ထပ်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းလုပ်ရင်း တိုကျိုမှာ ၂၅ နှစ် နေထိုင်ခဲ့တယ်။
တစ်နေ့တော့ လုပ်ငန်း အစည်းအဝေးအတွက် အမေရိကန်ကိုလာရတယ်။ သူ့မှတ်စုစာအုပ်အဟောင်းကို လှန်တော့ ဖိနပ်ဟောင်းအပ်ထားတဲ့ ရွေးဖို့ဘောက်ချာကိုတွေ့သတဲ့။
နေ့စွဲက ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၆ရက်။ ဒီလက်မှတ်လေး ခုထိ ရှိနေသေးတာကို သူအံ့ဩနေတယ်။
ဒါနဲ့ သူလည်းစမ်းကြည့်ချင်လို့ သူ့ဒရိုင်ဘာကို ကားမောင်းခိုင်းပြီး ဆိုင်ရှိရာကိုသွားလိုက်တယ်။ ဆိုင်ကိုတွေ့ရတယ်။ ဆိုင်ထဲက ဖိနပ်ပြင်တဲ့ဆိုင်ရှင်က အရင်လူပဲ။
သူက ဘောက်ချာကို ဆိုင်ရှင်ဆီကမ်းလိုက်တယ်။ ဆိုင်ရှင်က လက်မှတ်ကို ယူပြီး ဆိုင်နောက်က စင်တွေဆီသွားတယ်။ တစ်မိနစ်ကြတော့ ပြန်ထွက်လာပြီးပြောပါတယ်။
“နောက် အင်္ဂါနေ့ကျရင် အဆင်သင့်ဖြစ်ပါမယ်” တဲ့။
ပုံပြင်လေးကဒါပါပဲ။
ကမ္ဘာကြီးမှာစစ်ပွဲတွေ ဒီလောက်ပေါများပြီး နိုင်ငံရေးတွေပြောင်းလဲမှု မြန်ဆန်နေစေကာမူ အလွန်နှေးကွေးနေသေးသူတွေရှိဆဲပါဟု ပြောလိုဟန်ဖြစ်သည်။
ကျွန်မတို့ နိုင်ငံသည်လည်း ဖိနပ်အဟောင်းပြင်ဆိုင်ကလူနှင့် တူများတူနေလေမလား” ဟု ကျွန်မ ပေါက်ပေါက်ရှာရှာ တွေးမိသည်။
အခန်း (၂) ထွက်ခွာခြင်းဆိုသော အခန်းကား သံဝေဂတွေနှင့် ပြည့်နေပါသည်။ လူဟူသည် တစ်ချိန်ချိန်မှာ ထွက်ခွာရမည့် လူချည်းဖြစ်၏။ အလုပ်က အနားယူရမည့်သူများချည်း ဖြစ်သည်။ ထိုသို့ ထွက်ခွာခြင်းကို မည်ကဲ့သို့ အမူအရာနှင့် ပြုလုပ်မည်နည်း။
“သမ္မတအိုင်စင်ဟောင်ဝါ ကျမ်းသစ္စာဆိုပြီးသည့်အခါ သမ္မတဟောင်း ဟယ်ရီထရူးမင်းက မီးရထားဘူတာရုံဆီသို့ လမ်းလျှောက်၍ ထွက်ခွာခဲ့သတဲ့။
ထရူးမင်းက “ဂွတ်ဘိုင်” လို့ ရိုးရိုးလေးပဲ နှုတ်ဆက်ပြီး ရထားတစ်စင်းပေါ်တက်သွားတဲ့ ပုံဟာ နေ့အလုပ်ပြီးလို့ အိမ်ပြန်တဲ့ သာမန်လူတစ်ယောက်ပုံပဲ။
ဒါဟာ ဂုဏ်သိက္ခာဖြစ်တယ်” စာလုံးများက ကျွန်မအား ပြုံးကြည့်နေကြ၏။
နောက်တစ်မျက်နှာတွင်မူ
“အကောင်းဆုံး၊ အအောင်မြင်ဆုံး အချိန်မှာ ထွက်သွားခဲ့တယ်” ဟု ဂျင်ဘရောင်း အကြောင်း ရေးသားထားပါသည်။ “မီဒီယာသမိုင်းမှာ ဝင်းချဲလ်ဆိုတာ သူ့ထက်ကြီးမားတဲ့ ဂျာနယ်လစ်မရှိဘူး။
သူ့မှာ နေ့စဉ်စာဖတ်ပရိသတ် ၈ သန်းလောက်ရှိတယ်။
ဒါပေမဲ့ သူဟာ လူမည်းအဆိုတော် ဂျိုးစဖင်းနဲ့ သူ့မိတ်ဆွေကလပ်တစ်ခုကိစ္စမှာ မိတ်ဆွေဘက်က လိုက်ရေးခဲ့လို့ မီဒီယာလောကတစ်ခုလုံးက သူ့ကို ပယ်ချလိုက်ကြတယ်။
သူ့နောက်ဆုံးဆောင်းပါးကို မိတ္တူကူးပြီး လမ်းထောင့်မှာ ဝေခဲ့ရတယ်။
မီဒီယာတွင် “ဘက်” ရှိသည်ကို သူသတိမပြုခဲ့ခြင်းဟု ဆိုနိုင်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝဲလ် ပြောသော ညွှန်ကြားချက်တစ်ခုက ပို၍ပင် မှတ်သွားဖွယ်ဖြစ်နေ၏။
သူ့အား ဗိုလ်ချုပ်တစ်ဦးက ပေးခဲ့ဖူးသော ညွှန်ကြားချက်ဟု ဆိုသည်။ ၎င်းမှာ-
“ရထားတစ်စင်းဟာ လမ်းခွဲတစ်ခုကိုရောက်ပြီး နောက်ဆုံးရပ်ရမယ့်နေရာရောက်လို့ နောက်ပြန်လှည့်ရတော့မယ် ဆိုရင် အဲဒီအချိန်ဟာ ရထားပေါ်က ဆင်းရမယ့်အချိန်ပဲ” ဟုသာဖြစ်၏။
ရထားပေါ်က ဆင်းရမယ့်အချိန်
ဆင်းရမယ့်အချိန်သည်က တစ်နေ့မှာ ရောက်လာမည်မှာ သေချာလှ၏။
ဘယ်အချိန်ဆင်းမလဲဆိုသော မေးခွန်းကို ပညာနှင့် ဆုံးဖြတ်နိုင်ဖို့ လိုပေသည်။
လာရီကင်း၏ အဆိုအရမူ ရထားလမ်းဆုံး၍ နောက်ပြန်လှည့်တော့မည့် အချိန်ဟု ဆိုသည်။
ကျွန်မတို့မှာ စဉ်းစားစရာတွေများလှ၏။
မှန်မှန်ကန်ကန် စဉ်းစားနိုင်ဖို့လည်း လိုပေသည်။
ဤစာစုကလေးများကို စာပေဟောပြောပွဲများတွင် ဝေငှပေးရန်လည်း ကျွန်မစဉ်းစားနေပါသည်။ ။
( မြန်မာသံတော်ဆင့် အတွဲ ၂ ၊ အမှတ် ၅၂ ၊ မတ်လ ၈ – ၁၄ )
9 comments
snow smile
March 17, 2014 at 10:10 am
ရ ထား ပေါ ် မှ ဆင်း ရ မဲ့ အ ချိန်
ကျွန် မ အ ကြိမ် ပေါင်း များ စွာ စော ပြီး ဆင်း ခဲ ့ ဘူး တယ်
ကျွန် မ အ ကြိမ် ပေါင်း များ စွာ နောက် ကျ ပြီး ဆင်း ခဲ့ ဘူး တယ်
ကျွန် မ အ ကြိမ် ပေါင်း များ စွာ မှန် ကန် စွာ ဆင်း ခဲ့ ဘူး တယ်
alinsett (gazette)
March 17, 2014 at 12:19 pm
အတွေးလေး ပေးသွားတာ လှလိုက်တာ
အေးအေးလူလူ ထပ်ဖတ်ဖို့ သိမ်းထားလိုက်ပါတယ်
ဘရန်းဒက် ကေဇီ
March 17, 2014 at 12:21 pm
နောက်ဆုံးရထားလေးထွက်ခွါသွားတော့………………..။
:hint:
ဆင်းဖို့ အချိန်သိဖို့ကို မပြောနဲ့။
ရထားလူကြပ်လို့ မတက်နိုင်တာ နောက်ဆုံးရထားတောင်ထွက်သွားပေါ့။
:mrgreenn:
Wow
March 21, 2014 at 1:24 pm
ဆရာမကြီးက ၅/ည နဲ့ အထိမ်းသိမ်းခံရဘူးတယ်ထင်တယ်နော်….
ရေးတဲ့စာလေးတွေမှာ နိုင်ငံရေးအတွေး အမြဲပါတယ်….
Myo Thant
March 21, 2014 at 1:58 pm
၅ / ည မဟုတ်ပါဘူး ၊
ရွေးကောက်ပွဲဆိုင်ရာဥပဒေတစ်ခုနဲ့ ၊
တရားသူကြီးက အာမခံလည်း ပေးမရ သက်သေဘယ်လောက်စုံစုံ
ထောင် ချကိုချရမယ်လို့ ပရက်ရှာပေးထားလို့ပါဆိုပြီး
ထောင် ၃ နှစ်ချခဲ့ပါတယ် ၊ ၁၁ / ၉၂ လွတ်ငြိမ်းချမ်းသာခွင့်မှာ
ဆရာမောင်ဝံသတို့နဲ့အတူ ပြန်လွတ်ခဲ့ပါတယ် ၊
၉ဝ ကိုယ်စားလှယ်တွေကို အသဲအမဲ ဖမ်းခဲ့စဉ်ကပေါ့ ၊
Wow
March 21, 2014 at 3:51 pm
အူးမျိုး အမေ မလားဟင်…
Myo Thant
March 21, 2014 at 4:33 pm
ဟုတ်ပါတယ်
weiwei
March 21, 2014 at 2:56 pm
၃ မိနစ်ပဲ ရပ်တဲ့ ကြားဘူတာတစ်ခုမှာ အဆင်းနှေးသွားလို့ မှောက်လျှက်ကျသွားခဲ့ဖူးတယ် …
Circle လို ပါတ်နေတဲ့ MRT ရထားတစ်စီးကို အသွားအပြန်မှားစီးပြီး ပါတ်ချာလည်ခဲ့ဖူးတယ် …
ဘဝရထားကြီးကနေ ဆင်းတော့မလို့ အရှိန်ယူနေတာ တကယ်ဆင်းသင့်ရဲ့လား အခုထိ မသေချာ မရေရာ ..
padonmar
March 22, 2014 at 12:26 am
ဆင်းသင့်တဲ့ အချိန် ၊ရပ်သင့်တဲ့ အချိန် သိဖို့ တော်တော်အရေးကြီးပါတယ်။
ဆင်းသင့်တဲ့ အချိန်မှာ ဆင်းသွားရင် လှလှပပ ဇာတ်သိမ်းတာပေါ့။
(အဲဒါထက် စာဖတ်ဖို့ ဆင်းသွားပုံလေး လှတယ်မထင်ဘူးလား၊
လူတွေ ကြိုက်တာ မကြိုက်တာထက် လုပ်ကွက်လှသလားလို့)