စိုင်းနှင့် စိန်ခေါ်မှုများစွာ (၁)
“……………………”
ပြောစရာစကားများကို ဒေါသတစ်ကြီးအမူအရာဖြင့် ပြောပြီးနောက် ကိုရင်စိုင်းတစ်ယောက် ကျေနပ်သွားလေ၏။ ဆိုင်ရှိဝန်ထမ်းများမှာလည်း ကိုရင်စိုင်းတို့ပြောနေကြသည်ကို ပါးစပ်အဟောင်းသားဖြင့် နားထောင်နေကြရင်း။
ဆူပါဗိုက်ဆာနှင့် မန်နေဂျာ အချီအချ ပြောနေကြခြင်းဖြစ်သည်။ မန်နေဂျာဖြစ်သူမှ သူသည် မန်နေဂျာဖြစ်ကြောင်း၊ မန်နေဂျာဖြစ်သည့်အတွက် ဆူပါဗိုက်ဆာဖြစ်သူ ကိုရင်စိုင်းမှ မန်နေဂျာဖြစ်သော သူပြောသည့်အတိုင်း လိုက်နာရမည်ဖြစ်ကြောင်း။ ဘယ်လိုနည်းနဲ့မှ အထွန့်မတက်သင့်ကြောင်းကို အော်ဟစ်ပြောဆိုလေ၏။ ကိုရင်စိုင်းလဲ ငယ်စဉ်က စစ်ရေးပြကွင်းတစ်ခုလုံးကြားအောင် အမိန့်ပေးခဲ့ရသည့်အသံအတိုင်း တိုးတိတ်ညင်သာစွာပင် လိုက်နာပါမည့်အကြောင်း၊ သို့သော် လက်မခံနိုင်ကြောင်း၊ ဖြစ်လာခဲ့လျင် မန်နေဂျာဖြစ်သည့် မန်နေဂျာမှသာ အစစအရာရာ တာဝန်ယူရန်ဖြစ်ပြီး ကိုရင်စိုင်းမှ ဘာမှတာဝန်မယူမည့်အကြောင်းပြောလေ၏။ အားလုံးထိုအခါမှ ကြားမိသဖြင့် ဝိုင်းအုံကြည့်ကြလေ၏။
သူသည်လည်း ငါမန်နေဂျာဖြစ်တဲ့အတွက် ငါပြောသလိုသာလုပ်၊ ငါပြောတာအမှန်၊ ငါ့စကားထပ် အထွန့်မတက်နဲ့ဆိုသည့်အတွက် အသာလေးနေလိုက်၏။ ဘာပဲပြောပြော ဝန်ထမ်းအားလုံးရှင်းသွားလေ၏။ မန်နေဂျာဖြစ်သောသူမှ ဆူပါဗိုက်ဆာသာဖြစ်သော ကိုရင်စိုင်းကို ခိုင်းသည့်အတွက် ကိုရင်စိုင်းမှ လိုက်နာရခြင်းဖြစ်ကြောင်း၊ ကိုရင်စိုင်း စိတ်ရော၊ ကိုယ်ပါ ပါဝင်ခြင်းမရှိကြောင်း လူတိုင်းတွေ့မြင်၊ သိရှိသွားလေ၏။
တစ်ချက်ပြုံးမိလိုက်သည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
“ဆရာ”
“အင်း.. ပြောပါ”
ကိုရင်စိုင်းမှ စာရင်းများတွက်နေရင်း ပြန်ဖြေလိုက်သည်။ လူသစ် ပန်ချာပီကောင်လေးဖြစ်၏။
” မနက်ဖြန် ကျွန်တော် ၁၂ နာရီ အလုပ်မလုပ်နိုင်ဘူးဗျာ၊ ကျွန်တော် တစ်ရက် ၉းဝဝ မအိပ်ရရင် မဖြစ်လို့ပါ”
” မရပါဘူး ဗီးကပ်စ်ရယ်၊ ငါတို့ မင်းကိုလိုအပ်လို့ပါ ”
” ဪ… ဟုတ်ကဲ့ “
ထိုမျှသာပြောပြီး သူ့အလုပ်သူဆက်လုပ်နေ၏။ နောက်ရက်တွင်မတော့ ၃ နာရီနောက်ကျပြီးမှ အလုပ်သို့ရောက်လာလေ၏။ မန်နေဂျာအီဂျစ်မှာ ဒေါသများထွက်ပြီး ၂ ရက်လစာဖြတ်သည့်စာကိုပင် ထုတ်ပြီးပြီဖြစ်သည်။
ပန်ချာပီကောင်လေးရောက်သည်နှင့် မန်နေဂျာမှ ကိုရင်စိုင်းအား ထိုကောင်လေးအားခေါ်ပြီး ဧည့်ခန်းသို့ခေါ်လာရန်ပြော၏။ ထို့နောက် သူမှ အတော်လေးစိတ်ဆိုးနေပြီဖြစ်သည့်အတွက် ကိုရင်စိုင်းမှပင် ဘာကြောင့် လစာဖြတ်ဒါဏ်ပေးသည့်အကြောင်း ရှင်းပြရန်ပြောသည့်အတွက် သုံးယောက်သား ဆုံမိသည်နှင့် ကိုရင်စိုင်းမှပင် စကားစလိုက်လေသည်။
” Mr. Vikas”
မန်နေဂျာမှ မကျေမနပ်နှင့်ကြည့်သည်။ ဘယ့်အတွက်ကြောင့်များ အောက်ခြေဝန်ထမ်းတစ်ယောက်ကို Mr. တပ်ခေါ်ရသလဲပေါ့။ ကိုရင်စိုင်းမှ သေချာရှင်းပြသည်။ လုပ်ငန်းခွင်အနေအထားအရ ဝန်ထမ်းအင်အား ဘယ်လောက်ရှိသည်၊ လုပ်ငန်းလိုအပ်ချက်ဘယ်လောက်ရှိသည်၊ ထို့အတွက်ကြောင့် ဘယ်လိုစီမံခန့်ခွဲရသည်၊ ထို့အတွက်ကြောင့် ဘယ်လို ဘယ်ကဲ့သို့သောဝန်ထမ်းများအား အချိန်ပိုလုပ်ခိုင်းရသည်၊ ထိုပန်ချာပီကောင်လေးမလာသည့်အတွက် လုပ်ငန်းခွင်တွင် အဘယ်သို့ထိခိုက်သွားရသည်….
ထိုနေရာမှာပင် မန်နေဂျာမှ ဝင်ပြောပါတော့သည်။ ထိုမျှလောက်ရှင်းပြရန်မလိုပဲ ထိုကောင်လေးအလုပ်နောက်ကျသောကြောင့် လစာနှစ်ရက်ဖြတ်သည်ဆိုသည်ကို အဘယ့်ကြောင့် အကျယ်ချဲ့နေသနည်းဟုဆိုကာ လစာဖြတ်သည့်စာတွင် ထိုကောင်လေးအား လက်မှတ်ထိုးခိုင်း၏။ ထိုတွင်မှ တစ်ချိန်လုံးငြိမ်နားထောင်နေသော ပန်ချာပီကောင်လေးနှင့် မန်နေဂျာနှင့် စကားအချီအချပြောခြင်းသို့ရောက်၏။
” ဗီးကပ်စ်.. ဒီမှာလက်မှတ်ထိုး၊ ပြီးတာနဲ့အလုပ်ထဲဝင်”
” ကျုပ်မထိုးနိုင်ဘူး.. ကျုပ်ဘာမှ မမှားဘူး”
” မင်းအလုပ်နောက်ကျတယ်မလား၊ ဒါမင်းအမှား၊ ဒီတော့ငါအရေးယူတယ်၊ လက်မှတ်ထိုးမှာသာထိုး”
” ကျုပ်မထိုးတော့ ခင်ဗျားဘာလုပ်နိုင်သလဲ ”
ဒီနေရာမှာ ပေါက်ကွဲသံစဉ်မြင့်လာပြီဖြစ်သည်။
” ဒါတော့ မင်းသဘောပဲ၊ ငါကအသိပေးတာ၊ လစာထွက်ရင် မင်းသိမှာပေါ့၊ ငါ့မှာလုပ်ပိုင်ခွင့်ရှိပြီးသား”
” ခင်ဗျားက ဘာမို့လို့ လုပ်နိုင်ရတာလဲ၊ ကျုပ်သတ်မှတ်အလုပ်ချိန်လုပ်တယ်၊ အချိန်ပိုသာမလုပ်နိုင်တာ ”
” ငါက မန်နေဂျာလေကွာ၊ မင်းငါပြောတဲ့အတိုင်းပဲလုပ်ရမှာ၊ မင်းသဘောအတိုင်းနေလို့ရတာမှ မဟုတ်တာ ”
” ကျုပ်လစာက တစ်လမှ နှစ်ပဲတစ်ပြား၊ ဒီတော့ ကျုပ်ကဘာလို့ ကျုပ်အစွမ်းရှိသလောက်လုပ်ရမှာလဲ ”
” မင်းမလုပ်နိုင်ရင် အိမ်ပြန်လေ၊ ဒီရောက်လာရင်တော့ ခိုင်းတာလုပ်ရမှာပဲ ”
ဒီနေရာတွင် ကိုရင်စို်င်းမှ ဝင်ပြောရတော့သည်။ လုပ်ငန်းသဘာဝအရ ယခုလိုလုပ်ရကြောင်း၊ တစ်ခြားသူများလဲ လုပ်ရကြောင်း၊ သူတို့အချိန်ပိုလုပ်သည့်အတွက် လစာအပြင် အချိန်ပိုကြေးပါရကြောင်း၊ မန်နေဂျာဖြစ်သော မန်နေဂျာကြီးကိုလည်း ယခုလို မပြောရန်အကြောင်းပြောသောအခါ..
” လား လား လား (သူတို့ဘာသာစကားဖြင့် မဟုတ်သေးဘူး၊ မဟုတ်သေးဘူးဟု ဆိုလိုရင်းဖြစ်သည်။) ”
” ဒီနလပိန်းတုံးကောင်ကို ခုလို ရှင်းပြနေစရာမလိုဘူး၊ လက်မှတ်ထိုးချင်ထိုး၊ မထိုးချင်နေ၊ အလုပ်ထဲခုခေါ်သွားတော့ “
ဟု ကိုရင်စိုင်းကိုပြောလေ၏။ ကိုရင်စိုင်းလဲ ယခုလောက်နှင့်ပင် တော်လောက်ပြီဖြစ်ကြောင်း၊ အလုပ်ထဲသွားကြပါစို့ဟု လက်မောင်းကိုချီပြီးခေါ်သည့်အခါ ထိုပန်ချာပီကောင်လေးမှ ကိုရင်စိုင်းလက်ကိုပုတ်ချလိုက်ပြီး ထိုမန်နေဂျာကို မေး၏။
” ခင်ဗျားက ဘာကောင်မို့လို့လဲ.. ကျူပ်ကို နလပိန်းတုံးလို့ပြောတာ”
” ဟား ဟား… မင်းကိုမင်း သိပ်တော်နေတယ်ထင်လား၊ ဘာလို့မင်းဒီအလုပ်မှာ ဒီလိုနေရာလာလုပ်သလဲ ”
” ခင်ဗျားက သိပ်ကို ထူးချွန်ထက်မြက်နေတယ်ပေါ့လေ ”
” အေး.. ငါက ဒီမှာမန်နေဂျာကွ ”
” ဒီနေ့ခင်ဗျား ကျုပ်ကို နှစ်ရက်စာ လစာဖြတ်တဲ့အတွက် ဒီနေ့ရယ်၊ မနက်ဖြန်ကျုပ်အလုပ်ပိတ်ရက်ရယ်ပေါင်းပြီး ကျူပ်အလုပ်မဆင်းဘူး ”
” မင်းလုပ်ချင်လုပ်လေ၊ တစ်ရက်မလာရင် နှစ်ရက်ဖြတ်မယ်၊ နှစ်ရက်မလာရင် လေးရက်ဖြတ်မယ်၊ အဲ့လိုမင်းသဘောအတိုင်းနေလေ၊ ငါကတော့ လုပ်စရာရှိတာလုပ်မှာပဲ ”
” ခင်ဗျားက ကျူပ်ကို လုပ်နိုင်မယ်ထင်လို့လား၊ ခင်ဗျားက ကျုပ်ကို ကစားချင်လို့လား ”
” မင်းစမ်းကြည့်လိုက်လေ၊ ငါက မန်နေဂျာကွ၊ မင်းငါနဲ့ ကစားချင်ရင် ဒီပြိုင်ပွဲအဆုံးမှာ ဘယ်သူနိုင်ပြီး ဘယ်သူရှူံးမလဲ ကြည့်လိုက်လေ၊ နောက်ဆုံးဘယ်သူမျက်ရည်နဲ့ အဆုံးသတ်ရမလဲဆိုတာ၊ မင်းလိုလူမျိုး ငါအများကြီးတွေ့ဖူးပါတယ်ကွာ.. ဟား ဟား”
ကိုရင်စိုင်းလဲ ဆက်နားမထောင်တော့ပါ။ ထထွက်လာပြီးနောက် နောက်ပြန်ခဏလှည့်ကြည့်လိုက်သည့်တစ်ခဏ သူတို့နှစ်ယောက်သား စကားတွေ စစ်ထိုးလျက်သားနှင့်။ နောက်ဆုံးတွင်မတော့ ထိုပန်ချာပီကောင်လေး အဆောင်သို့ ပြန်သွားလေ၏။
ရှူးရှူ းရှားရှားနှင့် ထိုမန်နေဂျာကြီးပြန်လာလေ၏။
နောက်နှစ်ရက်နေသောအခါ ထိုပန်ချာပီကောင်လေး အလုပ်ပြန်ဆင်းလေ၏။
သူတစ်ယောက်တည်းတော့မဟုတ်၊ ပြဿ နာအပေါင်းအဖော်များနှင့်။
စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)
6 comments
MAUNG
March 29, 2014 at 10:50 am
အပိုင်း ၂ မျှော်နေပါတယ် ကိုစိုင်း
snow smile
March 29, 2014 at 11:47 am
ဆွေ လှိုင် ဦး ရဲ့
ရင် သိမ့် တုန် ဇာတ် လမ်း တွေ ထက် တောင်
ပို ဆွဲ ဆောင် မှု ့ ရှိ သေး
( အ ပိုင်း ၂ မျှော် နေ တယ် နော် )
alinsett (gazette)
March 29, 2014 at 1:03 pm
ကျနော်တော့ စကား ဒဿန နှစ်ခု ခေါင်းထဲထည့်ထားမိတယ်။
အလုပ်သမားဘဝမှာ ခိုင်းချင်အောင်လုပ်
အလုပ်ရှင်ဘဝမှာ လုပ်ချင်အောင်ခိုင်း
———
လုပ်သင့်တာထက် ပို မလုပ်ရင်
ရသင့်တာထက် ပိုမရဘူး။
———-
🙂
ရဲရဲတောက် ကေဇီ
March 30, 2014 at 8:28 am
ဇာတ်သိမ်းမှာ ပဲ ကော်မန့်ပေးခဲ့ပြီလို့။
😀
Wow
March 31, 2014 at 10:30 am
နာက ဇောက်ထီး… အပိုင်း (၂) ဖတ်ပီးမှ (၁) ပြန်ရောက်လာတာ
kyeemite
April 1, 2014 at 4:29 pm
အားလုံးဖတ်ပီးမှမန့်တော့မယ်ဗျာ