ပန်းကလေးများပွင့်တော့မည် 2014
ဒီနှစ် ဇာတိမြေ အပြန် ချစ်စဖွယ်ကလေးလေးတွေအတွက် ဝါးခယ်မသားလေးရဲစည်၊ချင်ကျားပူက မမဂျီးခိုင်ဇာ၊ဆိုက်ကားသမီးဘခက် မနှင်းပြုံးတို့ ကူညီအားဖြည့်တဲ့ စာရေးကိရိယာအစုံကြောင့် ကလေးတွေကိုယ်စား အပျော်ကြီးပျော်နေမိပါတယ်။
ကလေးတွေကို ဘယ်လိုပေးရင်ကောင်းမလဲလို့ အမျိုးမျိုးစိတ်ကူးနေခဲ့ပါတယ်။
၂ရရက်နေ့ နံနက်အစောကြီး ၂နာရီ ၃ဝ ကတည်းက အိမ်က ကားမောင်းထွက်ခဲ့ကြပါတယ်။
လမ်းတလျှောက်ကတ္တရာနဲ့ ကောင်းကောင်းမောင်းလို့ရပေမယ့် ရွှေလောင်းအလွန်ကစပြီး လမ်းကြမ်းလာတာကြောင့် ဖြည်းဖြည်းမောင်းရတာ ၁၄မိုင်ခရီးကို မိနစ် ၄ဝ မောင်းရပါတယ်။
ကျမတို့ မြို့ကိုရောက်တော့ နံနက် ရနာရီထိုးပါပြီ၊နာမည်ကျော် စာတိုက်လမ်းမုန့်ဟင်းခါးကို အမီပြေး၊
တယောက် ၂ပွဲစီစားလိုက်ကြပြီးတော့ မောင်နှစ်မတသိုက် သုသာန်ကို ချီတက်ကြပါတယ်။
နှစ်စဉ် မိဘ ဘိုးဘွားတွေရဲ့ အုတ်ဂူကို သန့်ရှင်းရေးလုပ်ပြီး ကန်တော့ကြရတာ ထုံးစံပါ။
ကျမတို့လိုပဲ အခြားမိသားစုတွေလည်း မြို့ကိုပြန်လာပြီး သူတို့ဘိုးဘွားမိဘတွေကို ကန်တော့ကြတာကြောင့် သုသာန်မှာ စည်ကားနေပါတယ်။အနီးတဝိုက်က ကလေးတွေကလည်း အဲဒီမိသားစုတွေ ကန်တော့တဲ့ မုန့်တွေကို စောင့်တောင်းကြပါတယ်။များသောအားဖြင့်တော့ သူ့ထက်ငါ လုယူကြပါတယ်။
ကျမတို့မိသားစုဆိုရင်တော့ လုရင်မပေးတော့ဘူး ဆိုတာ ကလေးတွေက မှတ်မိနေကြပါတယ်။
ဒီနှစ် ကျမတို့ရောက်တာနဲ့ `ဟေ့ ၊မလုကြနဲ့၊တန်းစီပြီး ဘုရားစာ ဆိုပြရမှာကွ´လို့ သူတို့ အချင်းချင်းသတိပေးကြပါတယ်။
ကျမက ရဲစည်ပေးလိုက်တဲ့ လိပ်ပြာရောင်စုံလေးတွေ တပ်ထားတဲ့ဘောပင်လေးတွေပြပြီး လိုချင်ကြလား ကလေးတို့ ဆိုတော့ အားလုံးပဲ ဝမ်းသာအားရ ထအော်ကြပါတယ်။
ဘောလုံးဝိုင်းဝိုင်းလေးတွေအဆင် ဂါဝန်နဲ့ သမီးငယ်လေးဆို ဘုရားစာ ဆိုပြမယ် တပြင်ပြင်နဲ့ပေါ့။
ကျမက `ကျောင်းနေတဲ့ ကလေးတွေ အရှေ့ဖက်ထိုင်၊ကျောင်းမနေတဲ့ကလေးတွေ အနောက်ဖက်ထိုင်၊
ကျောင်းနေတဲ့ကလေးတွေကိုမှ စာရေးဖို့ ဘောပင်ပေးမယ်။ ကျောင်းမနေတဲ့ကလေးတွေကို မပေးဘူး ´လို့ ပြောလိုက်တော့ အဲဒီသမီးလေး စိတ်ကောက်သွားပါတယ်။ `ဘောပင်လိုချင် ကျောင်းနေပေါ့ ´ဆိုတော့ `ကျောင်းမနေပါဘူး ´လို့ နှုတ်ခမ်းစူပြီး ကောက်ပြပါတယ်။ သူက မူကြိုတက်နေတာလို့ ဘေးက ဝိုင်းပြောကြတာနဲ့ `နောင်နှစ်ကျောင်းတက်မယ်ဆိုရင်တော့ ဘောပင်တချောင်းပေးမယ်´ လို့ အပေးအယူလုပ်တော့မှ ရီပြုံးနိုင်ပါတော့တယ်။့ ချစ်စရာပန်းကလေးတွေပါ။
ကျောင်းနေတဲ့ ကလေးတွေကို စာမေးကြည့်ပြီး ဖြေနိုင်တဲ့ကလေးတွေကို ဘောပင် ၂ချောင်း၊၃ချောင်းစသည် ဆုချပေးလိုက်ပါတယ်။၄တန်းသမီးတယောက်က ဟေတုပစ္စယော ဆိုပြမယ်ဆိုပြီး ပဋ္ဌာန်း ၂၄ပစ္စည်း အကျဉ်းကို ဂျောင်းဂျောင်းပြေး ဆိုပြသွားလို့ ဘောပင် ၃ချောင်းဆုချလိုက်ပါတယ်။
ကျန်ကလေးကြီးတွေကလည်း ကဗျာရွတ်သူက ရွတ်ပြကြပါတယ်။ ဘာဆိုရမှန်းမသိတဲ့ ကလေးတွေကို ၅ အလီဆိုပြကြကွာ ဆိုတော့ လွယ်လွယ်လေး ဆိုပြီး အပြန်ပြန်အလှန်လှန်တောင် ဆိုပြကြပါသေးတယ်။
ပဋ္ဌာန်းရွတ်ပြသွားတဲ့ သမီးက `၁၆ အလီတောင်ရသေး ´ဆိုပြီး တဒေါက်ဒေါက်ရွတ်ပြလို့ ဘောပင်တွေ အများကြီးထပ်ရသွားပါတယ်။
ကျောင်းမနေတော့တဲ့ ကလေးတွေနဲ့ ကျောင်းမတက်ရသေးတဲ့ ကလေးတွေကိုတော့ နောင်နှစ် ကျောင်းတက်ပါမယ် ကတိတောင်းပြီး ဘောပင်တချောင်းစီ ပေးလိုက်ပါတယ်။
လူတွေအကုန်ပေးအပြီး ဘောပင် ၁ချောင်းကျန်တာနဲ့ `ဒီဘောပင်ဘယ်သူ့ကိုပေးရမလဲ´လို့မေးတော့ သမီးကိုပေးပါ သားကိုပေးပါ ဆိုပြီး သူ့ထက်ငါ တောင်းကြပါတယ်။
`သားတို့သမီးတို့က ကိုယ့်ထက် အားနည်းသူကို ဦးစားပေးတတ်ရမယ်။ကိုယ့်မှာ ဘောပင်တွေရပြီးရင် ထပ်မလိုချင်ရဘူး´ လို့ပြောပြတော့ ထောင်နေတဲ့ လက်ကလေးတွေ ချသွားကြပါတယ်။
ဒါနဲ့ အဲဒီဘောပင်လေးကို နောက်ဆုံးမှရောက်လာလို့ ဘောပင်မရသေးတဲ့ ကလေးကိုပေးမယ် သဘောတူလားဆိုတော့ သဘောတူကြပါတယ်။
မုန့်တွေလည်း ညီတူမျှတူဝေပေးလိုက်ပါတယ်။အားလုံး အလှည့်ကျ လူစေ့အောင်ရမယ်။လုဖို့ လက်ထောင်လာတဲ့သူကို မပေးဘူးလို့ ပြောထားတော့ ကလေးတွေ မလုပဲ စည်းကမ်းရှိရှိယူကြပါတယ်။
ကျမတို့ သုသာန်ကနေပြန်တော့ ဘောပင်လေးတွေ မြှောက်ပြပြီး နှုတ်ဆက်ကျန်ခဲ့ကြပါတယ်။
ခိုင်ဇာ့လက်ဆောင်၊မနှင်းပြုံးလက်ဆောင်နဲ့ ရဲစည်ရဲ့ ကျန်တဲ့ လက်ဆောင်လေးတွေကို ဘယ်လိုပေးခဲ့လဲဆိုတာ နောင်မှ ဆက်ရေးပါရစေ
15 comments
ko six
March 31, 2014 at 6:02 am
ဖူးတံဝင့်လို့ချီ နေကြပြီပေါ့
အနောက်တောင်အရပ်ဟာ
သူတို့ဘဝမြှင့်တင်ဖို့
မုတ်သုတ်မိုးကိုခေါ်ခဲ့ပြီ
ရေလောင်းပေါင်းသင်ပေးရုံဖြင့်
ငှက်တစ်သောင်းတို့
မိုင်ချီပျံသန်းနိုင်ကြတော့မည်
နေခြည်မှာ ရွှေရည်လောင်းဖို့ဆိုတာ
မင်း
ဒါမှမဟုတ်
ငါ
ဒါမှမဟုတ်
တတ်နိုင်သူအပေါင်းတို့က
မြင်ကွင်းကျယ်ကို ထွင်ချဲ့ခဲ့ပြီ
မျက်ဝန်းတို့ကလည်းတောက်ပလင်းလက်
အပျော်တို့
ကူးဆက်လောင်ကျွမ်းနေပါပြီဟု
padonmar
March 31, 2014 at 10:14 pm
ကိုစစ်ရေ
ကဗျာလေးကောင်းလိုက်တာ။
ကျေးဇူးပါ.
alinsett (gazette)
March 31, 2014 at 7:41 am
ချစ်စရာ့အရွယ်
ကလေးငယ်တွေ. . .
တကယ့်ကိင ပန်းကလေးများလို ဖူးပွင့်ဝေဆာမှာပါ. . .
ရေလောင်းပေါင်းသင်ပေးသူတွေ ရှိနေပြီပဲ
ရဲရဲတောက် ကေဇီ
March 31, 2014 at 7:58 am
ဦးဦးရွဲစီ ပေးတဲ့ ခဲတံလေးတွေ ကလေးတွေ မပြောနဲ့။
ကိုယ်တောင်လိုချင်တယ်။ ဟိ။
လှလို့။ ရောင်စုံပဲ။
😀
နောက်ခါဆို လွယ်အိပ်လေးတွေပါ လိုမလားမသိ။
ဦးကျောက်ခဲ
March 31, 2014 at 8:23 am
သာဓု… သာဓု… သာဓု… ပါဗျာ…
အာဟင့် ချိတ်ကောက်မယ်… ကျောက်စ်မောင်နှံကို သတင်းမပေးလို့…
🙂
ရဲရဲတောက် ကေဇီ
March 31, 2014 at 8:26 am
ပို့(စ) တင်ပါတယ်။
ကျောက် အံဆုံး ပေါက်နေတုန်းက။
😀
Ma Ma
March 31, 2014 at 8:48 am
ဒီနှစ်ပါဆိုရင် ၃နှစ်ရှိပြီထင်တယ်။
ကလေးတွေ အတော်တိုးတက်လာတာပဲ။
လုပ်ရကျိုးနပ်ပါတယ်။ 🙂
Wow
March 31, 2014 at 11:59 am
ခလေးတွေက ချစ်စရာလေးတွေ 🙂
ဦးကြောင်ကြီး
March 31, 2014 at 12:18 pm
တားလဲ ကဗျာရွတ်ပမယ်… နားထောင်
အာတီဒုံ တူမ
ကြောင်ကြီးတ
လူဂျီ းသူမ
ရှိခိုးပြ
စေတနှာ
ဗလပွ
ယှဉ်မရ
အရမ်းခြစ်တယ်ဗျ…။
kotun winlatt
March 31, 2014 at 2:56 pm
အံတီဒုံရေ…..
အပြစ်ကင်းစင်တဲ့ ကလေးတွေရဲ့ မျက်နှာလေးတွေ မြင်ရတာ စိတ်ချမ်းသာတယ်ဗျာ… နောက်တစ်ခါ သွားလှူဖြစ်ရင်ပြောပါဦး ကျနော်လည်း တတ်နိုင်သလောက် လှူချင်လို့ပါ ခမျာ….
padonmar
March 31, 2014 at 10:22 pm
ကိုထွန်းဝင်းလတ်ရေ
ခက်ခဲတဲ့နေရာတွေက ကလေးတွေအတွက် အပင်ပန်းခံလှူနေတဲ့ ကိုထွန်းဝင်းလတ်တို့ကို အားကျလို့ တနိုင်လုပ်အားလေးပါ။
နောင်နှစ်တွေကျ အသိပေးပါမယ်။
အားပေးကြတဲ့ ကေဇီ၊ဦးကျောက်၊ဝိုး၊အလက်ဆင်း၊အောင်ကြူး တို့ကို ကျေးဇူးပါ။
ဒီကလေးတွေကို ကျမပေးချင်တဲ့ မတ်စိက
(၁)သူတို့ဟာ သူများ သနားလို့ ပေးတာလေးတွေကို လုယူတောင်းယူနေရတာ မဟုတ်ပဲ သူတို့ တတ်သင့်တဲ့ စာတတ်လို့ ထိုက်ထိုက်တန်တန် ချီးမြှင့်ခံရတဲ့ဆုကို ကြိုးစားယူခွင့်ရှိသူတွေဆိုတာ သိစေချင်တယ်။
(၂)သုသာန်နားနေပေမယ့် သူတို့လည်း လူထဲကလူတွေပါပဲဆိုတာ သိရမယ်။
(၃)တော်သူဟာ တော်သလောက် ခံစားခွင့်ရှိတယ်လို့ ခံယူရမယ်။
(၄)သူတို့စိတ်ထဲ သူတပါးကို ဦးစားပေးချင်တဲ့ ပရစိတ်လေး နည်းနည်းဖြစ်ဖြစ် မွေးပေးလိုက်ချင်ပါတယ်။
ဒီမက်ဆေ့ချ် ပေးခွင့်ရအောင် ချစ်စရာ ရောင်စုံဘောပင်လေးတွေ လက်ဆောင်ပေးလိုက်တဲ့ ရဲစည်ကို ကျေးဇူးတင်ပါတယ်။
snow smile
April 1, 2014 at 6:20 am
ဆိုင် က ထဲ့ တဲ့ သူ က သေ ချာ ထဲ့ မ ပေး
ဝယ် တဲ့ သူ က လဲ နေ ပူ လို ့ မူး နေ တော့
သေ ချာ မ စစ် နိုင်
ပစ္စည်း တ ချို့ ကျန် ခဲ့ တယ် မ ပ ဒု မ္မာ ရေ
ခု ချိန် ထိ ကို သွား မ ယူ ဖြစ် သေး တာ တဲ့
kyeemite
April 1, 2014 at 10:45 am
သာဓု..သာဓု..သာဓုပါ အာတီဒုံ
ပန်းကလေးများဆက်လက်လန်းဆန်းနိုင်စေကြောင်း ဆုတောင်းပါ၏။
naywoon ni
April 5, 2014 at 11:37 pm
အင်း ဆိုင်လား မဆိုင်လားတော့မသိ ကြုံလို့ ဝင်ပြောလိုက်ရဦးမယ် ကျုပ်တို့အရပ်က တောမကျ မြို့မဟုတ်ဗျ ။ ၁ဝနှစ်အတွင်းမှာ သုဿန်က ၃ နေရာတောင်ပြောင်းပြီးပြီ ။ အစကနဦးနေရာက မြို့နဲ့နီးတယ်ဗျ …..။ သေသူကို လှည်းပေါ်တင် နောက်ကနေတွန်းလို့ပို့ကြ ပေါ့ ။ အဲ့နေရာကနေ နောက်နေရာပြောင်းတော့ ဂူ လုပ်ထားနိုင်တဲ့သူတစ်ချို့ပဲ နေရာသပ်သပ်မှတ်မှတ်ရွှေ့ကြဗျ ။ သိ််ပ်မကြာပါဘူး အဲ့မှာ ၂နှစ်လောက်နေတော့ မြို့နဲ့ ခုနှစ်မိုင်လောက်ဝေးတဲ့နေရာထပ်ရွှေပြန်ရောဗျို့ ။ အဲဘယ်သူတွေက ကိုယ့်ဘိုးဘွား မိဘတွေ နေရာလိုက်ပြောင်းပေးနိုင်လဲ ဆယ်ယောက်တောင်မရှိတော့ဘူးဗျ ။ မီးသဂြိုလ်စက်ကို ဆောက်ပီးတော့ မြေတောင်မြုပ်စရာမလိုတော့ ။ ပို့ပီးတာနဲ့တန်းပြန် ။ တတ်နိုင်တဲ့သူတွေက အထိမ်းအမှတ် တိုင်လေးစိုက်လို့ ။ မစိုက်နိုင်တဲ့သူကများပါတယ် ။ ပြီးတော့ ခုလုပ်ထားတဲ့ သုဿန်က နေရာကျဉ်းတယ်ဗျ ။ မောင်ပလဲဆင့် လား အဲ့ ဟော်တယ်ရဲ့ အရှေ့ဘက်လောက်ကျမယ်နဲ့ တူတယ် ။ တောင် ခါးပန်းပေါ်မှာ ။ ဆိုတော့ကာ သုဿန်ကို သာမာန်သူ ကပ်နေလို့မရဖူး ။ အနီးက ရွာတွေကတော့ စိတ်ညစ်လို့ပေါ့ဗျာ ။ မီးသဂြိုလ်တာ ဒီဇယ်နဲ့ကို း ညှော်တယ်တဲ့ ။ ကလေးလေးတွေက သနားဖို့ကောင်းတယ်ဗျာ ။ သူတို့မှာမှ ကပ်နေစရာ ရှိသေး ။ ကျုပ်တို့ဆီမှာတော့ စရိုက်စုံ ရပ်ကွက်တစ်ခုရှိဗျ ။ အကြောင်းကိစ္စ မရှိပဲ မသွားရဲကြဘူး ။ အဲ့ဒိရပ်ကွက်ထဲသွားရင် ဘာလိုလို အပြောခံရမှာ ကြောက်လို့ ။ အဲ့လိုကိုနာမယ်ကြီးတာ
padonmar
April 6, 2014 at 12:05 am
အဘနီရယ်
ဘာကြောင့်ပဲဖြစ်ဖြစ် ကလေးတွေပေါ်မှာတော့ အရိပ်မထိုးစေချင်ဘူး။
ကလေးဆိုတာ ဖယောင်းရုပ် ရွှံ့ ရုပ်ကလေးတွေပါ။