မထင်မှတ်ပဲရလိုက်သော အသိအတွေးလေးများ…

sofiadimpleAugust 10, 20101min510


မနက်ကပဲ ထမင်းစားရင်းတွေးမိနေတာလေး ပြောပြပါဦးမယ်။ ထမင်းလုတ်လေးကို ပါးစပ်ထဲ ထည့် လိုက်လို့ လျှာနဲ့ဒီချဉ်၊ငန်၊စပ်၊ အရသာလေးထိလိုက်တာနဲ့ကိုက ကြိုက်တယ် ၊မကြိုက်ဘူးဆိုတဲ့ တဏှာလေးက တန်းဖြစ် နေပါပြီ။ ကြိုက်တဲ့အရသာဆိုရင် ထပ်ပြီးအရသာခံဖို့ ဒီဟင်းကိုထပ်ထည့်လိုက်တယ်။ ဒါကိုကလောဘနဲ့နော်။ ကောင်း လိုက်တဲ့ဟင်းပဲ။ ဆိုပြီးတော့လေ တရှုးရှုးတရှဲရှဲနဲ့ ထပ်ထည့်လိုက် စားလိုက်နဲ့ကို အိုဘာပြောကောင်းမလဲနော်။ လောဘ တွေတန်းလန်းနဲ့ ထမင်းလုတ်တွေထည့်ပေးနေလိုက်တာ။ အော် ငါ့နှယ်နော်။ ခုချိန်မှာများ ကောက်ကနဲ သေသွားခဲ့ရင် တော့လား ။ သွားပေဦးပေါ့ ။ အပါယ်ဘုံကိုလေ။ စားရင်းနဲ့ကို အပါယ်သွားနေပါပေါ့လားလို့ တွေးမိသွားတယ်ဆိုရင်ပဲ တန်းပြီး ဖြတ်ရပါတော့မယ်။ ဒါကလည်းလေ ဒီစာလေးတွေ ရေးနေဖတ်နေလို့သာပေါ့။ မဟုတ်လို့ကတော့ဖြင့် ဘယ်လိုသိ ပါ့မလဲနော်။အော်ငါတော့ဖြင့်အန္တရာယ်နံပါတ်-၂နဲ့တွေ့နေပါလားလို့ သတိလေးကပ်လိုက်မိတယ်ဆိုရင်ပဲလျှာမှာဆက်တိုက် လေးလည်နေရှာတဲ့ ပဋိစ္စသမုပါဒ် စက်ဝိုင်းလေးခမျာ အရှိန်လေးလျှော့ပေးရရှာတယ်နော်။ ဒီကနေမှ တဆင့် စားနေတဲ့ သဘောလေးကို သတိလေးကပ်လို့ စားရင်စားမှန်းသိနေတာလေးသည် နာမ်တရား၊ စားနေ ဝါးနေတာသည် ရုပ်တရား ပါလား။ လို့ ပြောင်းပြီးမှတ်ပေး လိုက်တာနဲ့ပဲ ကောင်းလိုက်တာ ဆိုတဲ့တဏှာ လောဘကဝင်ခွင့်မရရှာတော့ဘူးပေါ့နော်။ ဒီမှာတင်ပဲ လည်နေတဲ့ စက်ဝိုင်းကြီး ကလည်း တဖြည်းဖြည်းအရှိန်တွေရော့လို့ ရပ်တန့်သွားပါတော့တယ်။ အင်းဒီအချိန်မှာ သာသေသွားလို့ ကတော့ သေချင်လည်းသေနိုင်ပါပြီ။ ဘာလို့လဲဆိုတော့ဉာဏ်လေးနဲ့ ဖြတ်နိုင်နေတဲ့အချိန်မို့ စိတ်ပူစရာ မလိုတော့ဘူးလေ။ အော ဉာဏ်အသိလေးသာ မကယ်လိုက်နိုင်လို့ကတော့လား ဘယ်လောက်တောင် သံသရာ ရဟတ်ကြီး မွတ်မွတ်လည်လို့ကောင်းနေမလဲ တွေးသာကြည့်ပေတော့နော်။ အော်…ဉာဏ်ဦးစီးလို့နေရတဲ့အချိန်လေးဟာ အဖိုးမဖြတ် နိုင်ပါလား လို့တွေးမိပါရဲ့။ အင်း…ဒါလေးကတော့ ထမင်းစားရင်း တွေးမိရာကရလိုက်တဲ့ အသိလေး တစ်ခု ပါပဲနော်။

နောက်တစ်ခုကတော့ အမှတ်မထင်ကြည့်လိုက်ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် လို့သာပြောချင်ပါတော့တယ်နော်။ ဖြစ်ပုံကဒီလိုလေ။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ဖြစ်ပျက်ခဲ့သော အဖြစ်လေးတစ်ခု အကြောင်းလေးပါပဲ။ ကျနော်တို့ စီးလာသောဆိုင်ကယ် ကို နောက်ကနေ အရှိန်ပြင်းပြင်းဆိုင်ကယ်၂ စီးက ဝင်ကျုံးသွားတဲ့ အဖြစ်ကလေးပါပဲ။ ဖြစ်ဖြစ်ချင်း မှာပဲ ကျနော့ ခေါင်းဟာ လမ်းနဲ့ရိုက်မိသွားတာကြောင့် ခေါင်းကြီးတစ်ခုလုံး ထူပူပြီးမူးဝေသွားတယ်ပေါ့။ အဲဒီအချိန်မှာပဲ တိုက်သွားတဲ့ဆိုင်ကယ်တစ်စီးဝေါကနဲ ထွက်သွားတာတွေ့လိုက်ပါတယ်။ ကျနော်လည်း  ချက်ခြင်းကုန်းထပြီး ဆိုင်ကယ် ပေါ်တက်လိုက်ပါတယ်။ အဲဒီမှာပဲ လဲနေတဲ့နောက်တစ်စီးက မိန်းကလေးက ထအော် ပါလေရော။ “ဘယ်ပြေးမှာ လဲ၊ဒီမှာ ဘာဖြစ်သွားသလဲ မမေးပဲနဲ့ တိုက်တုန်းကတိုက်ပြီး” ဆိုပြီးအော်ပါလေရော။ ဟောဗျာ အဲဒါမှ ဒုက္ခပဲ။ ကျနော်က ဘယ်သူ့ကိုသွားတိုက်လို့လဲ။ ဘယ်လိုဖြစ်လို့သူ့ကိုတိုက်ပါတယ်ပြောနေတာလဲ။ စသဖြင်ပေါ့ အမျိုးမျိုးစဉ်းစားပါတယ်။ ဘယ်လိုပဲစဉ်းစားစဉ်းစား ခေါင်းတစ်ခုလုံးက မူးဝေနေပြီး ဖြစ်ပျက်ပုံကို စဉ်းစားလို့မရဖြစ်နေပါတယ်။ အော် ငါများသူများကို သွားတိုက်မိသွားလေသလား ဆိုတဲ့အတွေးတွေနဲ့ပေါ့။ တကယ်တန်းပြောသာပြောရပါတယ်။ ကျနော့အကျင့် က လမ်းပေါ်သွားရင်လမ်းမှာ တွေ့သမျှလှုပ်လှုပ်ဟူသ၍ အကုန်သိမ်းကျုံးပြီး မေတ္တာတွေ ပို့နေတတ်တာလေ။ ခုတော့ဖြင့် ကိုယ်က သူများကိုများတိုက်မိ နေလေရော့သလား။ဆိုပြီး တွေးရင်းစိတ်တွေမကောင်းဖြစ်နေပါတယ်။ ဘယ်လိုက ဘယ်လိုဖြစ်သွားသလဲဆိုတာကိုစဉ်းစားလို့မရအောင်ခေါင်းမှာထုံပြီးမူးနေတာကြောင့် နောက်ဆုံးတော့ ဆက်မစဉ်းစား တော့ပဲ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ယူဆပြီ တဖက်လူကို လိုအပ်သမျှတွေ အားလုံးလိုက်လုပ်ပေးခဲ့ပါတယ်။ ဆေးခန်းကဆရာဝန်ကဘာမှမဖြစ်ဘူးပွန်းရုံပဲ့ရုံပါပဲလို့အဖြေပေးတာတောင်မကျေနပ်ရှာတာကြောင့်မလိုအပ် သော်လည်း ဓါတ်မှန်တွေဘာတွေ ရိုက်ပြီး စစ်ဆေးပေးခဲ့ပါတယ်။ အဲဒီမှာပဲ အန္တရာယ်နံပါတ်-၁ကို ထင်ထင်ရှားရှားကိုပဲ မြင်တွေ့ရပါပြီ။ “အမလေး ငါ့ခြေထောက်မှ ဖြစ်ရတယ်” ဆိုပြီးမှသူ့ခြေထောက်ကို ကိုင်လို့အော်နေရှာတဲ့ဒုက္ခကို တွေ့ရတယ်လေ။  ဒါဆိုသူပဲဖြစ်တာလားဆိုတော့ ဘယ်ဟုတ်မလဲ။ ကျနော်လည်းဖြစ်တာပါပဲ။ ခေါင်းလည်းထိတယ်။ ညာဖက်လက်ဆို တစ်ဖက်လုံးကို ပွတ်ဆွဲသွားတာကြောင့် ဘေးသားတွေအကုန် စုပ်ပြတ်သွားတာပါနော်။ ဒါပေမယ့်သူ့လိုတော့ မအော်မိပါ ဘူး။ မနာလို့လားဆိုရင် နာတာမှ တဆတ်ဆတ်တုန်နေတာပါနော်။ ဒါဆိုဘာကြောင့် အဲလိုတွေခံနိုင်နေတာလဲ ဆိုရင်တော့ ဒီတရားလေးကို တန်းပြီးနှလုံးသွင်းမိနေလို့ပါပဲ။ အော်နှလုံးသွင်းတတ်လို့ကတော့ တော်တော့်ကိုအကျိုးများပါလားလို့ တွေးရင်း ဝမ်းမြောက်မိပါတယ်။ တဆက်တည်းလည်း ဒီလိုနှလုံးသွင်းနည်းလေးမှရှိမထားတဲ့ လူတွေကို ဒါလေးတွေ ရထားရင် ကောင်းမှာပဲလို့ ခုလိုဒုက္ခတွေ မများရအောင်ဖြန့်ဝေချင်လိုက်တာ လို့တောင်တွေးနေပါသေးတယ် နော်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကြောင့် သူတစ်ပါးမှာနာကျင်မှု တစ်စုံတစ်ရာ မဖြစ်စေချင်တဲ့စေတနာအရင်းခံနဲ့ပဲ လိုတာအကုန် လုပ်ပေးခဲ့ပါတယ်။ အဲဒီကမှ သူတို့အိမ် ထိလိုက်ပို့ပေးခဲ့တာ ပေါ့။အဲအဲဒီမှာပဲအမေဖြစ်သူ ကလေ“ငါ့သမီး ထိလို့က တော့ လားဘယ်သူမှ ခွင့်မလွှတ် နိုင်ဘူးဟေ့။ ခုပဲတိုင်မယ် တောမယ်” ဆိုပြီး အော်ကြီးဟစ်ကျယ်နဲ့ဆဲပါလေတော့တယ်။ အော်လူတွေ လူတွေ ငါစွဲနေသမျှ ပူလောင်နေလိုက်တာလို့သာ တွေးရင်းသူအော်နေတာကို ဒီတိုင်းကြည့်နေလိုက်ပါတယ်။ ကျနော့ကို ရစရာမရှိအောင် တွေဆဲဆိုပြီးတော့ ခုပဲစခန်းလိုက်ခဲ့ဖို့ အော်နေတာကြောင့် သူအမြန်ဆုံး အေးချမ်းပါစေ လို့ စိတ်ထဲကမေတ္တာတွေ ပို့ပေးရင်းနဲ့ လိုက်လာခဲ့ပါတယ်။ အဲဒီမှာပဲ “အော် လူတွေဟာ အန ္တရာယ်နံပါတ် – ၂ လို့ဆိုထားခဲ့တဲ့ ကိုယ်နဲ့ ဆက်နွယ် နေတဲ့ ခန္ဓာတွေအပေါ်စွဲလမ်းရာကနေ ဒုက္ခတွေများပြီး ပူလောင်နေလိုက်တာလို့ တွေးမိပါတယ်။ ဒါပေမယ့် တရားကို နတ်စောင့်တယ် ဆိုတဲ့စကားလေးရှိတာမမေ့နဲ့ဦးနော်။ သူ့ခမျာ ဘယ်လိုပဲတက်ထောင် မောင်းနင်းတွေ လုပ်နေပါစေ သူဖြစ်ချင်သလိုဖြစ်ခွင့် မရလိုက်ရှာပါဘူး။ accident ဖြစ်တဲ့ နေရာ ဝန်းကျင်ကို မေးလိုက်တယ်ဆိုရင်ပဲ ကျနော်တို့ သွားနေတဲ့ဆိုင်ကယ်ကို သူတို့ကနောက်ကနေ ဝင်ကျုံးသွားတယ်ဆိုတဲ့အဖြေ ထွက်လာတာကြောင့် ကျနော်တို့ အမှား မဟုတ်ပဲ သူတို့အမှားဖြစ်တာကြောင့် နောက်ဆုံးမှာ တောင်းပန်ပြီးပြန်သွားကြရပါတယ်။

ကျနော့အတွက်ကတော့လေ ဒီဖြစ်ရပ်ကလေးဟာ ဇာတ်လမ်းလေးတစ်ပုဒ်ထိုင်ကြည့်လိုက်ရသလိုကို သင်ခန်းစာ တွေရလိုက် ပါတယ်။ဘယ်သူပဲမှားတာဖြစ်ပါစေ။ ကိုယ်နဲ့ ဆက်နွယ်မိသမျှတွေကိုတော့ ငြိမ်းစေချင်တဲ့ စေတနာ အခံလေး ကြောင့်ပဲသူတို့ဖက်ကမာန်တွေကျိုးပြီးအေးအေးချမ်းချမ်းပြန်သွားရတာကိုပဲကျေနပ်မိပါတယ်။ ဒါကိုသိသွားကြတဲ့မိတ်ဆွေ တွေက လာမေးရင်းပြောကြပါတယ်။ ကိုယ်လည်းတိုက်ခံရသေးတယ်။ ကိုယ်ကပဲ ကုသပေး လိုက်ရသေးတယ်။ ပြီးတော့ အဆဲလည်းခံရသေးတယ်။ဆိုတော့တချို့ကမကျေမနပ်ဖြစ်ကောင်းဖြစ်ကြပေမယ့်လို့ ကျနော့အဖို့ကတော့ ဒီလက်ရှိရေးနေ တဲ့တရားလေးကို လက်တွေ့ကျကျ ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတာကြောင့် ဒီအဖြစ်လေးဟာ သူသာတယ် ငါနာ တယ်ဆိုတာထက်အော်လူတွေတိုင်းကိုဒုက္ခရောက်စေတဲ့၊  ပူလောင်စေတဲ့ဒီအန္တရာယ်(၂)မျိုးရဲ့ ကြောက်စရာကောင်းပုံ တွေ ကိုမျက်မြင် ကိုယ်တွေ့ကြုံရပြီမို့   သိပ်အဖိုးတန်တဲ့သင်ခန်းစာပေးနို်င်တဲ့ဖြစ်ရပ်လေးမို့ မပြော မဖြစ်ပြောပြလိုက် ရပါတော့ တယ်နော်။ ယခုရေးလက်စတရားလေးအတွက်လည်းသရုပ်ပြ ပေးနေ သလိုပါပဲ။ အကယ်လို့ စာဖတ်မိ သူတွေမှာ များ ဒီလိုကိုယ်တွေ့ကပေးတဲ့ တရားအသိလေးတွေ ရှိခဲ့ရင် ပြန်လည်ဝေမျှုကြပါဦးလို့…..

dimplemit@gmail.com