ရွှေတြိဂံသို့ အလည်တစ်ခေါက် (၃)
ဒီနေ့ ခရီးစဉ်ကတော့ ကျိုင်းတုံ – တာချီလိတ်ပါ။ ၁၀၂ မိုင် ကွာဝေးပါတယ်။ ကားလမ်းကောင်းပြီး လမ်းကျယ်တဲ့အတွက် မောင်းနေကျ ကားသေးတွေနဲ့ဆိုရင် ၃ နာရီလောက်ပဲ မောင်းရတယ်လို့ သိခဲ့ရတယ်။ တာချီလိတ်ရောက်တာနဲ့ မယ်ဆိုင်ဘက်ကိုကူးပြီး မယ်ဆိုင်ဘက်မှာ နေ့လည်စာစားကြမယ်။
နယူးကျိုင်းတုံဟိုတယ်မှာ မနက်စာစားကြပြီးနောက် အနီးအနားက ဘုရားတွေကို သွားဖူးဖို့ အချိန်ရပါတယ်။ နယူးကျိုင်းတုံဟိုတယ်ဆိုတာ အရင်က အစိုးရပိုင်ခဲ့တဲ့ ကျိုင်းတုံဟိုတယ်ကို ပုဂ္ဂလိကဘက် လွဲပြောင်းပြီး လုပ်ငန်းလည်ပါတ်နေတာဖြစ်ပါတယ်။ ပြင်ဆင်ဖို့ အများကြီးလိုသေးတဲ့ အနေအထားမှာရှိပါတယ်။
မနက် ရ နာရီ ကားထွက်မယ်လို့ ဆော်အော်ထားပေမယ့် အားလုံးကတော့ အေးအေးဆေးဆေးစား၊ ဟိုတယ်ထဲ ဓါတ်ပုံတွေရိုက်၊ ဘုရားဘက်လမ်းလျှောက်စသဖြင့် လွတ်လွတ်လပ်လပ် လှုပ်ရှားနေကြတယ်။ ကျိုင်းတုံမြို့ရောက်ဖို့ သိပ်မလွယ်တာကြောင့် ဘုရားတွေ ဖူးလိုက်ကြရအောင်နော် ..
သင်္ကြန်ရက်ထဲမို့ ဘုရားတွေမှာ လူစည်ကားပါတယ်။ ဘုရားပုံတွေက ယိုးဒယားပုံတွေမို့ နဲနဲထူးခြားနေတယ်။
ကျိုင်းတုံက ထွက်လာချိန်မှာ မနက် ၈ နာရီလောက်ရှိနေပါပြီ။ ကျိုင်းတုံကထွက်လိုက်တာနဲ့ လမ်းတွေက တော်တော်ကောင်းသွားတယ်။ ဆောက်လုပ်ရေးက တာဝန်ယူခင်းထားတဲ့ လမ်းတွေက ကျယ်တယ်။ ပါတ်ဝန်းကျင်အရောင်က အစိမ်းရောင်များလာတယ်။ တောင်အမြင့်ကြီးတွေသိပ်မတွေ့ရတော့ဘူး။ မြန်မြန်လေးမောင်းလို့ရတဲ့လမ်းတွေဖြစ်ပေမယ့် ကျွန်မတို့ ကားဆရာက ဖြေးဖြေးမှန်မှန်ပဲမောင်းနေတယ်။ ကျိုင်းတုံ – တာချီလိတ် အလယ်မှာရှိတဲ့ မိုင်းဖြတ်မြို့မှာ ခဏနားပြီး ကားဘီးရေဆေးတယ်။ ကားစီးခဲ့ရတာ ရက်ရှည်လာပြီဆိုတော့ ကားစီးရင်း အိပ်ရတာ ကောင်းမှန်းသိလာပြီ။
တာချီလိတ်ကို နေ့လည် ၁၂ နာရီမှာ ရောက်ပါတယ်။ သင်္ကြန်အတက်နေ့မို့ လမ်းတွေပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေ ရှုပ်ရှက်ခတ်နေတယ်။ မဏ္ဍပ်သိပ်မတွေ့ရပေမယ့် တစ်ခုလောက်ကျော်ဖို့ တော်တော်လေးစောင့်ရတယ်။ တာချီလိတ်က ရွှေတိဂုံပုံတူစေတီကို ဝင်ပြီးမှ မယ်ဆိုင်ဘက်ကူးမယ်လို့ အဖွဲ့ခေါင်းဆောင်က စီစဉ်ပြီး ဘုရားဆီကို အရင်ပို့ပေးပါတယ်။ မယ်ဆိုင်ဘက်ကို ကူးချင်လို့ စိတ်စောနေတဲ့ ခရီးသွားတွေက ရွှေတိဂုံအစစ်ရန်ကုန်မှာရှိနေတာကို အချိန်ကုန်ခံပြီး ရွှေတိဂုံပုံတူ စေတီသေးသေးကို မပို့သင့်ဘူးလို့ တီးတိုးအတင်းပြောကြတယ်။ တစ်နေရာရပ်လိုက်ပြီဆိုရင် နာရီဝက်လို့ အချိန်ပြောလိုက်လဲ အနဲဆုံး တစ်နာရီကြာတတ်ကြတာကို သိပြီးသားဖြစ်နေလို့။
မယ်ဆိုင်ဘက်ကို ကူးဖို့ ယာယီပက်စပို့စ်လုပ်ရပါမယ်။ ကျွန်မတို့ကတော့ အဖွဲ့လိုက်မို့လို့ အချိန်မကုန်အောင် မှတ်ပုံတင်မိတ္တူကြိုပို့ပြီး ကြိုတင်လုပ်ထားတဲ့အတွက် စောင့်စရာမလိုပဲ တစ်ဖက်ကို ကူးရုံပါပဲ..
တစ်ဖက်ကို မကူးခင် ဘတ်ငွေလဲကြရတယ်။ တစ်ဘတ်ကို မြန်မာငွေ ၃ဝ ကျပ်နှုန်းဈေးရှိတယ်တဲ့။ လူ ၉ဝ လောက် လဲကြတယ်ဆိုတော့လဲ စောင့်ပေအုန်းပေါ့နော်။ ဗိုက်တော်တော်ဆာနေပြီ .. စိတ်မရှည်ချင်တော့ဘူး ..
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် တန်းစီပြီး ဂိတ်ကို ဖြတ်ကြရမယ်။ ပေ ၃၀ဝ လောက်ရှိမယ့် တံတားတစ်ခုကို လမ်းလျှောက်ပြီး ဖြတ်သွားကြရပါမယ်။
လမ်းလျှောက်ကြမယ် ..
ကဲ .. အရောက်တော့ပို့လိုက်ပြီနော် ..
နေကလဲပူ .. ထမင်းလဲ မစားရသေးလို့ ဒီမှာပဲ ခဏနားလိုက်အုန်းမယ် ..
19 comments
တညင်သား
April 30, 2014 at 8:51 am
ဗိုက်ဆာလိုက် အိပ်လိုက် ထကြည့်လိုက်နဲ့ လိုက်ခဲ့ပါတယ်အန်တီ..တံထားပေါ်မှာတင် ဘယ်မောင်း ညာမောင်း ခွဲသွားမယ်ထင်ပါတယ်…
ကြုံတုန်းလေး……. မေးမလို့ ရွှေကြေးစည် နဲ့သွားတာလား….
weiwei
April 30, 2014 at 11:51 am
ကြုံတုန်း မတရားတာလေး တစ်ခု ပြောပြရအုန်းမယ် ..
တာချီလိတ်ကနေ မယ်ဆိုင်ကို သွားတဲ့အခါ အားလုံး လမ်းလျှောက်ပြီး သွားရတယ် ..
မယ်ဆိုင်ကနေ တာချီလိတ်ကို ပြန်တဲ့အခါ ကားစီးပြီး ပြန်လို့ရတယ် ..
ဆိုလိုတာက မယ်ဆိုင်ဘက်က ယိုးဒယားကားတွေ တာချီလိတ်အထိဝင်လို့ရပြီး မြန်မာဘက်ကကားတွေ တံတားကို ဖြတ်လို့မရဘူးဆိုတဲ့သဘောပေါ့ ..
ရွှေကြေးစည်နဲ့ သွားတာ မဟုတ်ပါ ..
Wow
April 30, 2014 at 10:06 am
ရောက်တဲ့အထိ လိုက်လာတယ်နော် မွဝေ… :kwi:
weiwei
April 30, 2014 at 11:58 am
အဲဒီနားမှာ ငြိမ်ငြိမ်လေး စောင့်နေအုန်းနော် ..
ဘယ်မှ လျှောက်မသွားနဲ့ .. လျှောက်လည်ဖို့ ကားသွားငှားလိုက်အုန်းမယ် ..
မြန်မာဖုန်းလိုင်းမိတဲ့နေရာမို့လို့ တော်သေးတယ် ..
ကေဇီ
April 30, 2014 at 10:10 am
လှလိုက်တဲ့ ပန်းတွေဟယ်။
ဝေရေ။
ကျိုင်းတုံက မြေအိုးမြီးရှည် ကောင်းတယ် ဆို။
စားခဲ့သေးလားးး
🙂
weiwei
April 30, 2014 at 11:56 am
အဖွဲ့လိုက်သွားရတာဆိုတော့ ကိုယ့်သဘောနဲ့ကိုယ် ထွက်စားဖို့ အချိန်မရခဲ့ပါဘူး..
ကျိုင်းတုံကို အသွားတစ်ခါက်ဝင်တယ် (ညနေစာစားတယ်)
မိုင်းလားသွားဖို့ တစ်ခေါက်ဖြတ်တယ် (နေ့လည်စာစားတယ်)
မိုင်းလားကအပြန် တစ်ခေါက်ဖြတ်တယ် (နေ့လည်စာစားတယ်)
အောင်နိုင် မြန်မာထမင်းဆိုင်မှာ ၂ ခါနဲ့ တရုတ်ဆိုင်မှာ တစ်ခါ စားခဲ့ရတယ် ..
အောင်နိုင်က တော်တော်လေးညံ့ပါတယ် ။။ တရုတ်ဆိုင်ကတော့ မဆိုးဘူး …
kyeemite
April 30, 2014 at 12:00 pm
အလွန်ကောင်းတဲ့ခရီးသွားပို့စ်လေးပဲ…ကျုပ်ရုံးမှာတော့ ကွန်နက်ရှင် ဆိုးဝါးနေလို့
တင်စရာရှိတာမတင်နိုင်ဖြစ်နေတယ်ဗျာ :b:
weiwei
April 30, 2014 at 12:29 pm
ကော်နက်ရှင်ကတော့ အရမ်းဆိုးပါတယ်။ စိတ်ကို အရှည်ဆုံးဆွဲဆန့်ပြီး တင်ထားရတာ .. နေ့ခင်းဘက်ဆိုရင် ပိုဆိုးပါတယ်။
တကယ်တော့ ဒီလိုရေးရတင်ရတာဟာ သူများတွေသိချင်ရင် ရှာလို့ရအောင်လို့ပါ …
မြန်မာပြည်ထဲက အကြောင်းအရာတွေကို အင်တာနက်မှာရှာရင် မရှိတာများပါတယ် ..
ဥပမာ .. အကောက်တောင်သွားချင်လို့ အခြေအနေသိချင်လို့ ရှာကြည့်တယ်ဆိုပါစို့ ..
ဂဇက်မှာ ဆူးတင်ထားတဲ့ပို့စ်၊ မနိုဗွီပို့စ်နဲ့ နောက်ဆုံး ကျွန်မတင်ထားတဲ့ပို့စ် ၃ ခုသာပဲ တွေ့ရပါလိမ့်မယ်။
ရွှေတြိဂံလိုမျိုးဆိုရင်တော့ လုံးဝ မရှိသေးလို့ မှတ်တမ်းကျန်အောင် တာဝန်တစ်ခုလိုသဘောထားပြီး ဒီပို့စ်တွေကို ရေးရတာ …
ကျန်သေးတယ် .. နောက်ထပ် ၃ ပိုင်းလောက်တော့ တင်ရအုန်းမယ် ..
kai
April 30, 2014 at 1:53 pm
အကောက်တောင်က.. ယူအက်စ်မှာလည်းဖြည်းဖြည်းချင်းလူသိလာကြတယ်..
အင်တာနက်ထဲရှာရင်.. ဒီကိုရောက်လာတာလို့ပဲပြောကြတာ..။
ဆိုတော့…
ရွှေတြိဂံကို..ဒီလ.. ခရီးသွားဆောင်းပါးအနေနဲ့.. ပုံနှိပ်ဖေါ်ပြမယ်လေ…
ဝေမမရေ.. M$ Words စာမျက်နှာ.. ၃မျက်နှာစာလောက် ၁ဝရက်နေ့အမှီလုပ်ပို့ပေးနိုင်မလား..။
ပုံ.. ၅ပုံလောက်ပဲ.. ထည့်နိုင်မယ်..။
kai@myanmargazette.net
weiwei
April 30, 2014 at 2:22 pm
ဟုတ်ကဲ့ .. ရပါတယ် .. ဖောင့်နဲ့ စာလုံးဆိုဒ်လဲ ပြောပါအုန်း ..
ပျင်းစရာကောင်းတဲ့လမ်းခရီးတွေကို ခပ်သွက်သွက်ကျော်ပြီး ရွှေတြိဂံပါတ်ဝန်းကျင်ကို ဦးစားပေးပြီး ရေးပေးမယ် ..
kai
April 30, 2014 at 2:27 pm
၉လောက်ဆိုရပါတယ်..။ ပုံတွေလည်း.. Resolution အမြင့်နဲ့ပို့ပါနော..။
ကျေးကျေးကမ္ဘာ..။
alinsett (gazette)
April 30, 2014 at 12:13 pm
ကဲ
ကျနော်လည်း
ရောက်ဖူးပြီ။
Mr. MarGa
April 30, 2014 at 2:15 pm
ဒီထဲက ပထမဆုံးပုံကိုကြည့်ပြီး ဘုရားက လမ်းလည်ကောင် ရောက်နေသလားလို့ မျက်စိတောင် လည်ချင်ချင် ဖြစ်သွားတယ်
စာကလေးလွှတ်ဖို့ ခြင်းလေတွေထဲထည့်ပေးတာဆိုတော့ လွှတ်ချင်တဲ့နေရာရောက်မှလွှတ်လိုရတယ်ပေါ့လေ (အင်းး မလွှတ်ဘဲ အိမ်သယ်ပြီး ချက်စားလို့လဲ ရမလားမသိ အဟိ)
ကားပေါ်ကဆင်း ပေသုံးရာလမ်းလျှောက်ပြီး မယ်ဆိုင်ရောက်တော့ ဘယ်သူ့ဖုန်းဆက်ရမလဲဆိုတာ တွေးလိုက်ဦးမှ… 💡
nozomi
April 30, 2014 at 2:18 pm
ဒေသခံတွေ အပြောကတော့ မဝေ တို့ ဖူးခဲ့တဲ့ ကျိုင်းတုံက ဘုရားကို တစ်ခါ ဖူးဘူးရင် ကျိုင်းတုံကို နောက်တစ်ခေါက်ထပ်ရောက်တယ် ပြောတယ် ၊ မှန် မမှန် အာမ မခံနိုင်ပေမဲ့ အဲဒီ ဘုရားဖူးပြီး ကျိုင်းတုံကို ၃ ခေါက်လောက် ရောက်ဖူးတယ်
မဝေ တို့ ခဏနားတဲ့ မိုင်းဖြတ်မှာ တစ်ပတ်လောက်နေဖူးတယ်
မယ်ဆိုင်ဘက် ရောက်ပြီ ဆိုတော့ ဦးအောင်ဇေယျဘုရားနဲ့ ကင်းမြီးကောက်ကြီးကိုလဲ ရောက်ခဲ့မယ်ထင်တယ်
ရှုခင်းလေးတွေ လှတယ် သဘာဝကလှသလို ရိုက်သူရဲ့ စေတနာကြောင့်လဲ ဖြစ်မယ်ထင်တယ်
ခရီးစဉ်နဲ့ အတူ တစ်ပါတည်းလိုက်နေပါတယ် ဆိုတဲ့ အကြောင်းလေး လက်တို့တာပါ
Ma Ma
April 30, 2014 at 7:41 pm
မျက်စိနဲ့ခရီးသွားနေရလို့ပဲ….
ကိုယ်တိုင်သွားရရင် အတော်မောမယ်ထင်တယ်။
ဝင့်ပြုံးမြင့်
April 30, 2014 at 11:35 pm
ကျမကတော့ လူတစ်မျိုး ၊ ခရီးထွက်ရမှာ တော်တော်ပျင်းတယ်။ သူများတွေ ခရီးထွက်တာကိုတော့ အားကျပါတယ်။ ကိုယ်ကကျတော့ ကားစီးရင် မူးတယ်၊ ဆေးသောက်လည်း မရ။ (နားစည်ထဲကအရည်တွေက အနေအထားမမှန်ဘူး) အဲဒီဒုက္ခကြီးကို မခံနိုင်လို့ တော်ရုံနဲ့ ဘယ်မှ မသွားဘူး။ ခရီးထွက်တာ နည်းတော့ လူကလည်း ဗဟုသုတနည်းတာပေါ့။ အခုတော့ မဝေရဲ့ ဓာတ်ပုံတွေနဲ့ ခရီးကို အတူလိုက်နေတာနော်။
ကထူးဆန်း
May 3, 2014 at 10:13 am
ဆိုက်ကားတွေကနင်းသူရှေ့ က … အင်ဒိုနီးရှားမှာ က နင်းသူ နောက်က ။ စကာင်္ပူ အပျော်စီးတွေလဲ နောက်က ။ မြန်မာပြည် ကတော့ ဘေးက ။
ဘေးတွဲက အန္တရာယ်များလို့ ဘေးတွဲဖြုတ်ပြီး ရှေ့ထားမယ် နောက်ထားမယ် နဲ့ အော်ခဲ့တာ နှစ်ဘယ်လောက် ကြာသွားပြီလဲ မသိ ။ ဖြစ်မလာ ။
ဆိုက်ကားဆရာလည်း မနိုင် တက်စီဆရာလည်း မနို်င် လမ်းဘေးဈေးသည်လည်း မနိုင်တဲ့ ဒို့ ပြည်သူ့ အစိုးရ .. ခွီးးးးးးးးးးးးး
weiwei
May 3, 2014 at 11:33 am
ဗမာတွေက လွယ်အိတ်သမားတွေလို့ ငယ်ငယ်တုန်းက လူကြီးတွေပြောတာကြားဖူးခဲ့တယ် ..
လွယ်အိတ်ဆိုတဲ့အမျိုးက ရှေ့ကနေမသွား၊ နောက်ကလဲမနေပဲနဲ့ ဘေးတိုက်ပဲနေတယ်တဲ့ ..
ဗမာဆိုက်ကားတွေ ဘေးကနေ နင်းတာ အဲဒါနဲ့များ ဆက်စပ်နေသလားမသိ … 🙂
black chaw
July 24, 2014 at 8:24 pm
ပုံနှိပ်သတင်းစာထဲပါမယ်ဆိုလို့
ဂုဏ်ယူပါတယ် မဝေရေ။