ကဗျာဆရာ
ကဗျာဆရာဟာ
သူလက်လှမ်းမှီသမျှ
မြင်သမျှ ကြားသမျှကို
သေသေချာချာ စေ့စေ့ငုငု
တိတ်ဆိတ်စွာသုံးသပ်ရင်းက
လောကရဲ့တရားဓမ္မကို
စားသုံးပီးခဲ့သူဖြစ်လာတယ်။
သူ့အဖို့က
လောကကို အချိန်ပေးစောင့်ကြည့်နိုင်သူဖြစ်လာတယ် ။
တရားမှု မတရားမှု နားလည်သူလဲဖြစ်တယ် ။
ပျော်ရွှင်မှု ဝမ်းနည်းမှု
အနိုင်ရမှု ရှုံးနိမ့်မှု
အလင်းအမှောင် အပူအအေး
တစ်ပြိုင်နက်ခံစားနိုင်သူဖြစ်လာတယ် ။
နိုင်ရင်မပျော်သလို ရှုံးရမှာလည်း မကြောက်သူဖြစ်လာတယ် ။
မတရားမှု အားကို
လောကပရမတ်တရားနဲ့ယှဉ်ရင် မကိုက်ညီတာကို
တော်လှန်ချင်သူ
သူပုန်ထချင်သူဖြစ်လာတယ် ။
သူ့အနီးအနားက လူနေမှုစနစ်
မလျော်ညီတဲ့ ဓလေ့ထုံးစံ
ခေါက်ရိုးကျနေတဲ့ လူနေမှုဓလေ့စရိုက်ကို ရွံမုန်းသူဖြစ်လာတယ် ။
ကမ္ဘာကြီးကို သူ့လက်ဖဝါးပေါ်တင်ပီး
သူ့စကေး သူ့ဒီဂရီနဲ့ တိမ်းစောင်း
သူ့သဘောနဲ့သူ့စိတ်ရှိသလိုု လည်ပတ်စေ့ချင်လာတယ် ။
အဲ့ဒိအတွက် သူ့ကို
အလိုလောဘကြီးသူလို့ အလွယ်တစ်ကူမပြောလိုက်ကြပါနဲ့ ။
တစ်ကယ်တော့
ကဗျာဆရာဆိုတာ
အပြစ်မဲ့သူကိုချစ်တတ်ပီး
အပြစ်ရှိတဲ့သူတွေကို အမှုန့်ကြိတ်ချင်နေသူသာဖြစ်တယ် ။
သူ့ဝဲလက်က အန္တရာယ်မရှိတဲ့
ပန်းတွေကိုပွင့်စေပြီး
သူ့ယာလက်က
ငိုနေသူတွေရဲ့ မျက်ရည်တွေကို သုတ်ပေးနေသူသာဖြစ်တယ် ။
သူ့ခံစားမှု စံနှုန်းကိုမြှင့်တင်ပြီး
လောကကြီးကို စောင့်ကြည့်နေသူသာဖြစ်ပါတယ်။
အမှန်တရားတို့ အောင်နိုင်ပြီး
အမုန်းတရားတို့ လွင့်စင်ကွယ်ပျောက်သွားမဲ့နေ့ကို
မျှော်လင့်ချက်ကြီးကြီးနဲ့စောင့်မျှော်ရင်း
လောကကြီးကို စောင့်ရှောက်ကယ်တင်ဖို့
အဓိဌာန်မဆိုပဲ
သံဓိဌာန်ချပီးသူသာဖြစ်ပါတယ် ။နေဝန်းနီ
ဧပြီ ၃ဝ – ၂၀၁၄
၁ဝး၅၅ ည
5 comments
မဟာရာဇာ အံစာတုံး
May 1, 2014 at 12:29 am
ကဗျာဆရာဂျီး …
ကျုပ် မိန်းမ မရသေးလို့ ငိုနေရဒယ်ဗျာ ..
အိုက်ဒါ … မျက်ရည်တော့ သုတ်မပေးနဲ့ …
ဘီယာတစ်ကျိုက်လောက် ကစ်လိုက်ရင် မျက်ရည် ပျောက်တယ် …
ဘီယာ လိုက်တိုက်ပေး …. :mrgreenn:
လဂါး .. နောက်တာ …
ကဗျာဆရာတွေကို ဖွဲ့သွားတာ မိုက်သဗျာ …
ဆရာနီ ဖွဲ့သွားမှ ကဗျာဆရာတွေရဲ့ စိတ်နေစိတ်ထားကို သိမိတယ်ဗျ …
အရင်ကတော့ ကဗျာကို ကဗျာဖတ်သူတွေဘက်ကနေပဲ ကြည့်နေမိတာ …
ကဗျာ တစ်ပုဒ်ဟာ ဖတ်သူပေါ်မူတည်ပြီး အဓိပ္ပါယ်တွေ အများကြီး ကွဲသွားနိုင်တယ်တို့ .. ဘာတို့ .. ညာတို့ .. ပေါ့ဗျာ …
lu lu
May 1, 2014 at 9:23 am
ကဗျာဆရာ များလွှတ်တော်မှာ ဝင် အ ရွေးခံကြပါ လား
အမှန်တရား အတွက်ပန်းတွေ ပွင့်စေချင် လို ့
ပက်ပက်စက်စက်ထောက်ခံ မဲ ပေးလိုက်မယ်
alinsett (gazette)
May 1, 2014 at 9:32 am
ဟုတ်တယ်
အဲ့ဒါ ကဗျာဆရာပဲ
Mr. MarGa
May 1, 2014 at 2:48 pm
ဘာမှ ထပ် ဖြည့်စရာ မလိုလောက် အောင်…. ပါပဲ ဗျာ
marblecommet
May 1, 2014 at 3:32 pm
ဗိုလ်နီ့ ကဗျာ
ခေါင်းစဉ်လိုပဲ ကျော်လည်း
ဟိုတုန်းက (98) လောက်က ရေးဖူးတယ်
အိုက်ဒါကို သပြေမှာ
မောင်သာလင်း ပြန်ပြီး
ဖတ်ညွှန်းပြန်ရေးတာတော့ မှတ်မှတ်ရရ ပေါ့
တိုက်တိုက်ဆိုင်ဆိုင်လေး
အမှတ်ရသွားလို့ ရယ်ပါဗျာ…
ပြောချင်တာချင်းတူလို့ သတိရသွားတယ်
….
ဖော်ကျူ းတာတော့ မဟုတ်ပါနော့ ဗိုလ်နီ..