ယောကျာ်းတစ်ယောက်ရဲ့ အသံမဲ့ မျက်ရည်မဲ့ ငိုခြင်း
ဘုရား ဘုရား
ဒီညလည်း အိပ်မပျော် လန့်နိုးလာခဲ့ပြန်ပြီ။
အတွေးတွေနဲ့ ကြောက်လန့်တကြား လန့်နိုးခဲ့ရတဲ့ အိပ်ပျက်ညတွေ အတော်များပြီပဲ။
တကယ်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သင့်သည် ။
ဘာအတွက် ထိတ်လန့်နေသလဲ ဘာကို ကြောက်ရွံ ့နေသလဲ
ဘာက ကျွန်တော့်ကို တုန်ရီလှိုက်မောစေသလဲ
အဖြေမရှိသော ပုစ္ဆာတော့မဟုတ်ပါ ။
ရင်တွင်းတနေရာရာက တုန်တုန်ရီရီဖြစ်နေတာ သေချာသည် ။
တစ်ခုခုကို ကြောက်ရွံ ့ ထိတ်လန့်နေတာ သေချာသည်။
အချိန်က ည နှစ်နာရီ လူတွေအားလုံး အိပ်မောကျနေချိန် ဒါလည်း သေချာသည် ။
ကံကြမ္မာဆိုးတွေ ထပ်ဝင်လာမှာကို ကြောက်နေတာများလား။
အတိတ်တုန်းကလို သေချင်လောက်အောင် ပူဆွေးသောက ရောက်ခဲ့တဲ့အဖြစ်ဆိုးမျိုးတွေနဲ့ ထပ်ကြုံရမှာကို ကြောက်နေတာ ထင်ပါရဲ ့။
ဒါပေမယ့် အခုရော . . .
ဒီ လူ ရဲ့ ရပ်တည်မှုက တည်ငြိမ်အေးချမ်းနေလို့လား။
ဟင့်အင်း ။
အခု ရက်တွေဟာ ဘယ်အချိန် ထပေါက်မယ် မသိတဲ့ ဗုံးတစ်လုံးကို ရင်တထိတ်ထိတ်နဲ့ ထိုင်ကြည့်နေရချိန်ပါ ။
တချိန်မဟုတ်တချိန်မှာ တစ်စစီကြေမွပျက်စီးသွားမှာ သေချာနေတဲ့ နေ့တွေပါ ။
ဒီဘဝမှာ ဒီလို သောကတွေနဲ့ မအေးချမ်းနိုင်တာ အရင်တုန်းက ဖြစ်ခဲ့တဲ့ဘဝ ဘဝတွေမှာ ဘာဝနာ အားနည်းခဲ့လို့တဲ့ ။ ဟုတ်လား။
တရားသဘောတွေနဲ့တော့ မမြင်တတ်သေးပါဘူးလေ။ ဒါကြောင့်ပဲ ဘဝဟာ ခက်ခဲကြမ်းတမ်းလိုက်တာ ဆိုတဲ့အတွေးနဲ ့ အသက်ဆက်ရှင်ဖို့ ကြောက်လန့်နေတာ ။
လူတစ်ရာမှာ တစ်ယောက်လောက်သာ ကြုံဖူးမယ့် အဖြစ်ဆိုးတွေနဲ့ . . .
ရယ်ခြင်းနဲ ့ ငိုခြင်းကို တပြိုင်နက်တည်း လုပ်နေမိတဲ့လူ မေတ္တသုတ်ကို မျက်ရည်တွေ ကျလို့ ကျနေမှန်းမသိ ရွတ်နေမိသူ. . .
တခါတခါမှာ ဘာကိုမှ ဖမ်းဆုပ်လို့မရလောက်အောင် သွေးတွေ ဆူပွက် လူတစ်ယောက်ရဲ့ အသိဉာဏ်ဆိုတာတောင် ကင်းမဲ့လုလု ဖြစ်သွားတတ်တဲ့လူ
ကျွန်တော် . . .
တကယ့်လူ မဟုတ်သေးဘူး။
အဲဒါ သေချာပါသည် ။
ကျွန်တော် ဟာ သာမန်လူတစ်ယောက်လို လူသားအဖြစ်ရှင်သန်သွားသလို မနေထိုင်တတ်သေးသူ ။
ကစဥ့်ကလျားဖြစ်ခြင်း ကမောက်ကမနိုင်ခြင်းတွေနဲ ့ ခလုတ်တိုက် အကြိမ်ကြိမ် လဲကျနေသူ ။
ရင်ဝမှာ ဒဏ်ရာ တန်းလန်းတွေနဲ့ သွေးရူးသွေးတန်း လက်ကမ်းကြိုသူကို ရှာဖွေနေရသူ ။
ကိုယ်ခန္ဓာ အနာတရတွေက မပြောပလောက်ဘူးလေ။
ရင်ထဲက စိတ်ဒဏ်ရာတွေကတော့ ဘယ်အချိန်မှ သွေးတိတ်မယ် မသိရတာ. . .
အခုထိ . . .
အင်းးးး ဟုတ်တယ် အခုထိ
နာကျင်နေရဆဲ . . .
တခါတခါကျတော့ အရွဲ့တိုက်ပြီးတွေးမိသေးသည် ။
နာကျင်မှုနဲ့ ပက်ပက်စက်စက်ဆိုးရွားမှုတွေကပဲ
ကျွန်တော့်အတွက် သီးသန့် ပေးလာတဲ့ လက်ဆောင်လား လို ့ ။
ကောင်းမွန်ခြင်းတွေ
ဘာလို့များ ကျွန်တော့်အတွက် မဖြစ်ခဲ့သလဲ။
ကျွန်တော်ဟာ အဆင်ပြေချောမွေ့ခြင်း
ဆိုတာတွေနဲ့ မထိုက်တန်တဲ့ လူအမျိုးအစားလား ။
စိတ်သောကတွေနဲ့ ပူလောင် မွန်းကျပ်လာတိုင်း အသက်ဆက်ရှင်လိုစိတ်တွေ ကင်းမဲ့သွားတတ်သည် ။
ထွက်ပေါက် မရှိတာလား ရှိတဲ့ထွက်ပေါက်ကို မမြင်တတ်တာလား ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အခြေအနေဆိုးတွေနဲ့ ကြုံတိုင်း ရူးမတတ် မွန်းကျပ်သည် ။
သေလုအောင် နာကျင်ခံစားရသည်။
ရေနစ်ဖူးပါသည်။
ရေနစ်လို ့ မောတဲ့အမော မွန်းတဲ့အမွန်းထက် အပြန်တစ်ရာမက ဆိုးသော အခြေအနေမျိုးဖြင့်
မကြာခဏ ကျွန်တော် မောနေရသည် ။
မွန်းကျပ်လိုက်တာ ။ အသက်ရှုရတာတောင် ခက်ခဲ ။
ကိုယ့်ကိုယ်ကို ကိုယ်တိုင်အဆုံးသတ်ဖို့ ကြိုးစားခဲ့တဲ့ နှစ်ကြိမ်တုန်းက မေမေ ဆွဲထူခဲ့သည်။
ဆေးတွေ လက်တစ်ဆုပ်ကြီး သောက်ချပြီး ဆေးဘူးကလေး လွတ်ကျသံကြားလိုက်ရုံနဲ့ မေမေက သိသည်။
ကျွန်တော် ဘာလုပ်လိုက်ပြီလဲ ဆိုတာ. . . .
ချက်ချင်း အနီးနားက ဆေးရုံဆီရောက်အောင်
မေမေ ဆွဲထူခဲ့သည် ။
အဲဒီတုန်းက မေမေ့အင်အားနဲ့ ပြန်ထခဲ့ရတာ. . .
တလောကလုံး ကျွန်တော့်အတွက် သီးသန့်အမှောင်ဖုံးသွားချိန်မှာ
မေမေက
သူ ့မျက်ရည်ကို မမြင်အောင် ဝှက်ပြီး ကျွန်တော့်ကို ပြုံးပြခဲ့တာ။
အဲဒီ အလင်းရောင်တစ်စနဲ့ ကျွန်တော် အသက်ရှူခဲ့ရတာ. . .
ဒါပေမယ့် ဆိုးဝါးမှုတွေက ပြီးမသွားပါဘူး ။
တမင်ကြံစည်ထားသလိုပဲ ထပ်ကာထပ်ကာ ရောက်လာသည် ။
နောက်တစ်ချိန်ကတော့ ညနေခင်းဖြစ်သည်။
မိုးတွေ ရွာနေသည်။
ကျွန်တော့်မှာ ငိုစရာမျက်ရည် မရှိတော့ . . .
ဒါပေမယ့် မျက်ရည်မကျပဲ ပြင်းပြင်းထန်ထန် ငိုနေခဲ့တာ. . .
ဘယ်သူ ငိုဖူးလဲ
မျက်ရည်မထွက်နိုင်တော့တဲ့အထိ
ရင်ထဲမှာ ဆို့နင့်ပြီး အသက်ရှူလို့တောင်မရ
မျက်လုံးထဲမှာ
ဘာကို မှ မမြင်တော့
စိတ်ထဲမှာလည်း
နာတာတစ်ခုပဲ သိတော့တာ
ဒီခံစားမှုကြီးက ဆိုးလွန်းလို ့ အဆုံးသာ သတ်လိုက်ချင်တော့တာ
ဘယ်လိုနည်းနဲ့ ရပ်တန့်ရမလဲ
ဘာနည်းဖြစ်ဖြစ်
ဒီအမော
ဒီပူဆွေးသောက
ဒီအဆုံးစွန်ထိ စိတ်ထိခိုက်မှု ဒီဆိုးရွားမှုကြီး
ဒီအချိန်မှာ ရပ်တန့်သွားဖို့သာ အဓိက . . .
ဘာနည်းဖြစ်ဖြစ်
ဟုတ်တယ်
လုံးးးးးးးဝ မခံစားနိုင်တော့တဲ့အဆုံးးးးး
မီးဖိုချောင်ထဲက ဓါးချွန်ချွန်လေး
တစ်ချောင်းကလည်း
ဒါကို ရပ်တန့်နိုင်တယ်။
လက်ထဲက ဓါးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားမိတာ
တော်တော်နဲ့ ပြန်ဖြေယူလို့မရဘူးတဲ့
မေမေ ပြန်ပြောပြတာ
ရင်ဝနဲ့ ဓါးအချွန်နဲ့
ထိလုလု အချိန်ပဲ တဲ့။
သားးးးလေးးးးး ဆိုတဲ့ အသံကျယ်ကျယ်တစ်ခွန်းက အဲဒီဓါး
ရပ်တန့်သွားစေတာတဲ့ ။
ဒါပေမယ့် အဲဒီတုန်းက မေမေအချိန်မှီ ဘာလို့ရောက်လာတာလဲ။
ဓါးကို ပြေးယူ ကိုင်လိုက်တဲ့အချိန်ထိ
မေမေ အိမ်မှာ မရှိဘူး ။
ပြီးတော့
ရုပ်ရှင်ထဲကလို အချိန်ဆွဲနေတာလည်း မဟုတ်ဘူးလေ။
မြန်မြန်ဆန်ဆန်ပဲ ပြီးသွားမှာ ။
မေမေ သာ အချိန်မှီဆိုပြီး ရောက်မလာရင်
ကျွန်တော် ဓါးတန်းလန်းနဲ့ အဆုံးတစ်ခု
သတ်ပြီးလောက်ပြီ ။
မေမေ့ကို ကျေးဇူးတင်ပါတယ်။
ဒါပေမယ့်
မေမေသာ အဲဒီ အချိန်မှာ ရောက်မလာခဲ့ရင်လည်း ကျွန်တော့်ရင်ဝ ဓါးတန်းလန်း စိုက်ကျရုံလေးက
ဘာမှ နာမှာမဟုတ်ဘူး။
ရင်ဝမှာ ဓါးစိုက်ပြီး သေရတဲ့နာကျင်မှုတွေထက်
ပိုဆိုးတဲ့ အခါခါသေနေသလို နာကျင်မှုက ပြောပြဖို့ရာ စကားလုံးတောင်မရှိ ။
အဲဒီညနေ မရောက်ခင်ညက
မိုးတွေရွာတယ်။
မိုးရွာထဲ ကျွန်တော် ပြေးထွက်ခဲ့ရတယ်။
ပြေးမထွက်လို့မှ မရတာ။
လုံးဝ လုံးဝ လုံးဝကို မဖြစ်သင့်တဲ့ ဖြစ်ရပ်တစ်ခု အိမ်ထဲမှာ ဖြစ်နေတယ်လေ။
သံသရာ ငရဲအဆက်ဆက်ဆက်မှာ ကျွန်တော့်ကို အခါခါသေအောင် သတ်ပစ်မယ့် လူတစ်ယောက်ရှိတယ်။
ကျွန်တော့်ကို သတ်မလို့တဲ့။
ဒီတစ်ဘဝ မဟုတ် သံသရာမှာ အခါခါ သေအောင် သတ်မှာ။
သိပ်အံ့ဩဖို့ကောင်းတယ်။
အိမ်မှာ မေမေမရှိဘူး။
ကျွန်တော် မိုးတွေရွှဲရွှဲစိုပြီး ထိုင်စဉ်းစားတယ်။
နောက်ဆုံးတော့ အိမ်ပေါ်ပြန်တက်ပြီး အဲဒီအိမ်ပေါ်ကတစ်ယောက်ကို ပိုးစိုးပက်စက်ပြောပြီး မောင်းထုတ်လိုက်ရတယ်။
တကယ်တော့
အဲဒီ အချိန်က ဒေါသတွေ နာကျင်မှု တွေ
အဆုံးစွန်ထိ နာကျည်းမှုတွေနဲ့ ဘာမှ မစဉ်းစားနိုင်ခဲ့ဘူး။
မပြောသင့်ဘူးလေ။
ကျေးဇူးတရားတွေ . . .
အစဉ်အလာအရ ဦးထိပ်ထားရမှာတွေ. . .
အဲဒီလို မောင်းထုတ်ပြီး
ကျွန်တော်တို့အပေါ် ရက်စက်ရုံမက ယုတ်မာလွန်းနေပြီ ရယ်လို ့
ပြောမယ့်အစား
ကိုယ့်လျှာ ကိုယ် ကိုက်ဖြတ်ခဲ့ရမှာ။
ဒါပေမယ့် အဲဒီတုန်းက တကယ်ပြောမိခဲ့တယ်။
အဲဒီ ညနေက ရွာနေတဲ့ မိုးစက်တွေထဲမှာမျက်ရည်တွေ
အကုန်ပါသွားတယ်။
နောက်ထပ် ငိုရတော့ ဘာမျက်ရည်မှ ထွက်မလာပဲ
အသံမဲ ့ မျက်ရည်မဲ့ ငိုရပြီ။
ပိုဆိုးတယ် ။
သူငါ့အပေါ် ရက်စက်လို့ ငါလည်း သူ့အပေါ် ပြန်ရက်စက်ခဲ့မိတယ်။
ဒါပေမယ့်
ငါက သူ ့အပေါ် ရက်စက်ခြင်းကို မလုပ်သင့်တဲ့ အနေအထား ။
ကျွန်တော် လွန်တယ် ။
အဲဒီညက မိုးတွေ ခြိမ်းတော့ ကျွန်တော်လိုလူမျိုးက မိုးကြိုးပစ်ခံရလောက်အောင် ဖြစ်ခဲ့ပြီပဲ
မိုးကြိုးရယ် ပစ်ချလိုက်ပါတော့ လို ့ တွေးပြီး စောင့်နေခဲ့တာပေါ့။
ဒါပေမယ့် အဲဒီညဟာ . . .
မလုပ်သင့်တာကို လုပ်လိုက်သူက မိုးရေထဲ ထွက်ခွါသွားရတဲ့ည။
ကျွန်တော်က အိမ်ပေါ်မှာ တစ်ယောက်ထဲ. . .
အဲဒီညက ကျွန်တော့်မေမေ အိမ်မှာ မရှိဘူး။
ကျွန်တော်ရယ်
ကျွန်တော့် ညီလေးရယ်
ကျွန်တော့် ညီမလေးရယ်
ဖက် ငို လို့ပေါ့. . .
အဖေလို့ မခေါ်ချင်တော့လောက်အောင် ငရဲထဲ တွန်းပို့ပြီး
ဘယ်ဆီကိုမသိ ထွက်သွားတဲ့ အဖေကို
နာနာကျည်းကျည်းနဲ့ သည်းသည်းထန်ထန်ငို လို့ပေါ့။
နောက်တစ်နေ့ညနေမှာ ကျွန်တော့်လက်ထဲက ဓါးကို မေမေ ဆွဲလုပြီး
ကျွန်တော့် အသက်ကို ကယ်လိုက်တယ် ။
သားလေးရယ် ဆိုပြီး
မေမေက ကျွန်တော့်ကို
ဖက် ငိုတယ်။
မေမေ . . .
သားးးး
နာတယ်
ရင်ထဲက နာတယ်
ဘာဆေးနဲ့မှ ကုမရတော့တဲ့နာကျင်မှုမျိုးနဲ့ နာနေတယ်မေမေ
အခုထိ
အ
ခု
ထိ
နာ
နေ
တယ်
မေမေရယ်. . .
ကျွန်တော်တော့ အိပ်မက်ဆိုးကြီးထဲမှာ ကျောက်ရုပ်ဖြစ်သွားသလိုမျိုးးးး
တုတ်တုတ်တောင် မလှုပ်ချင်တော့ဘူး။
ထာဝရနော်
ကျွန်တော် . . .
___________
တရားထိုင်ပါ
ပေးထားတဲ့ဆေးတွေ မှန်မှန်သောက်ပါ။
တတ်နိုင်သမျှ တစ်ယောက်တည်း မနေပါနဲ့. . .
အဲဒီ စကားတွေကိုလည်း ထပ်မကြားချင်တော့ဘူး။
စိတ်ကျန်းမာရေးဆိုတဲ့စကားလုံးကိုလည်း မမြင်ချင်ဘူး။
ကျွန်တော့်စိတ် ပုံမှန်ပြန်ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မေးတဲ့
စမ်းသပ်မေးခွန်းတွေကိုလည်း မဖြေချင်ဘူး။
ကျွန်တော် မရူးပါဘူး။
နာနေတာ
ဘယ်ဆရာဝန်မှ ဆေး ပေး ကုလို့မရတဲ့နာကျင်မှု
မောလျနွမ်းနယ်မှု
လူ့ဘဝဟာ အချည်းနှီးပဲလို့ ယူဆနေမိတဲ့ စိတ်ကျမှု . . .
တကယ်တော့ တစ်ခုခု အဆိုးဝါးဆုံး ဖြစ်ပျက်သွားပြီး
အဆုံးသတ်သွားဖို့သာ ပြင်းပြင်းထန်ထန် လိုအပ်နေတယ်. . .
————–
ဘယ်သူပြောမလဲ
အသက် နှစ်ဆယ်ကျော် ယောကျာ်းတစ်ယောက် မငိုရဘူးလို့ . . .
ဘယ်သူပြောမလဲ. . .
ယောကျာ်းတစ်ယောက်ဟာ ဘဝကို အရှုံးပေးပြီး လောကထဲက ထွက်မသွားသင့်ဘူးလို့. . .
ကျေးဇူးပြုပြီး အပြစ်တင်မစောပါနဲ့ ။
ကျျွန်တော်ဆိုတဲ့ကောင်က . . .
စကားလုံးနဲ့ ဖော်ပြဖို့တောင် မတတ်စွမ်းနိုင်တဲ့ နာကျင်မှုတွေ လက်ခံယူနေရတဲ့ ယောက်ျားတစ်ယောက်လေ. . .
——————
သူရ
28 / 4 / 2014 /
အိပ်မပျော်သောည ၁နာရီ ၂၅
28 comments
lu lu
May 1, 2014 at 9:37 am
အဲလိုဘယ်သူငိုဖူးလဲ
လုလု ငိုဖူးတယ်
ကိုယ့်အသက်ကိုရန် ရှာဖူးတယ်
အ ဖေ ကြောင့် မိသားစုပျက်ခဲ့တယ်
အ မေ ကြောင့် ဘဝရဲ ့ဒုက္ခကို ကိုယ်တိုင် ဖြေရှင်းတတ်ခဲ့တယ်
အခု ဘယ်အိပ်ဆေး ကအစွမ်းထက် ပါသလဲ
တရားဘာဝနာ မှလွဲ၍ ဘယ်ဆေးမှ မစွမ်းဘူး
ယောင်္ကျား တစ်ယောက် အသံငိုတတ်တာတော့ မသိပါ
ယောင်္ကျားတစ်ယောက်ကြောင့်တော့ အသံတိတ် ငို ခဲ့ဖူးတယ်
alinsett (gazette)
May 1, 2014 at 9:59 am
အတိတ်ကို
အသံတိတ်ကလေး ကျန်ရစ်ခဲ့အောင်
ချန်ထားခဲ့နိုင်ဖို့
ကြိုးစားရဦးမှာပေါ့ လုရယ်
နော့
လုလုမှာ နာကျင်စရာအတိတ်တစ်ခု ရှိခဲ့ဖူးတာကိုး
စိတ်မကောင်းပါဘူး။
😥
lu lu
May 1, 2014 at 5:22 pm
အတိတ်ဆို တာသူက တော့တိတ်နေပါတယ်
အတိတ်ကြောင့်ဖြစ်လာတဲ့ အမှတ်တရ တွေက တခါတ လေ
တိတ်တိတ်လေးပဲ လွမ်းနေရ အောင် ဖန်တီးပြန်တယ်
လွမ်းစရာကောင်းတဲ့အတိတ်ကိုပြန်လိုချင် ပေမဲ့
နာကြည်းစရာကောင်းတဲ့အတိတ်ကို မေ့ဖို ့ကြိုးစားလည်း တိုက်ဆိုင်
မှုရှိတိုင်း ပြန် ခံစားနေမိတာ
ပျောက်ပျက်သွားဖို ့မလွယ် ပါဘူး
တိတ်တိတ်လေးပဲ လွမ်းနေရမှာပေါ့
snow smile
May 1, 2014 at 9:48 am
ဆက် ဆက် ရေ
တ ကယ် လား
ဇာတ် လမ်း လား
ဘာ ဘဲ ဖြစ် ဖြစ် ရင် ထဲ မ ကောင်း လှ ပါ
alinsett (gazette)
May 1, 2014 at 9:55 am
ဇာတ်နာတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ခံစားပြီးရေးထားတာပါ
အဲဒီထဲက ကျွန်တော်ဆိုတဲ့ကောင်လေးက
အလင်းဆက်တော့ မဟုတ်ပါဘူး။
ဝတ္ထုတစ်ပုဒ်ပါ တီနှင်းပြုံးရေ
အခုတလော ဒါမျိုး ရသ လေးတွေ ရေးကြည့်ချင်နေလို့
🙂
မိုး မင်းသား
May 1, 2014 at 10:24 am
ဆိုင်းလင် ့များဖြသ်နေတာလားဆက်ဆက်ရယ်
Kaung Kin Pyar
May 1, 2014 at 12:24 pm
ဒါမျိုး ကောင်းကင်ပြာလဲ ငိုဖူးပါတယ်။
ဘာမီတွန် ဘူးတစ်ဝက်သောက်ရုံနဲ့တော့ မသေနိုင်ဘူးဆိုတာ ငယ်ကတည်းက လက်တွေ့သိခဲ့ဖူးတယ်။ အဲ့တုန်းကလဲ ဘာမီတွန်နဲ့ အားဆေးတွေပဲ အိမ်မှာ အဆင်သင့် ရှိနေတာကိုး။
ငိုဖို့တော့ မျက်ရည်တွေ ကျန်သေးတယ်။
ဒါက တကယ့်အဖြစ်ဆိုရင်တော့ တကယ် စိတ်မကောင်းပါဘူး
alinsett (gazette)
May 1, 2014 at 1:39 pm
အော်
လူတိုင်းမှာလည်း မွန်းကျပ်ပူပင်ရတဲ့ အတိတ်ကလေးတွေ ကိုယ်စီနဲ့ကိုးးး
Kaung Kin Pyar
May 1, 2014 at 2:35 pm
အင်းးး ဖတ်သာဖတ်နေရတယ်။
ဘယ်ချိန် ဒေါ်ဖွားမေကြီး ထပ်ပေါ်လာမလဲလို့။ 😀
alinsett (gazette)
May 1, 2014 at 2:42 pm
အိုက်ဇာတ်လမ်းလေးလည်း ဖတ်ထားတယ်လား
ကျေးဇူး
ဒေါ်ဖွားမေ ပါတဲ့ ဇာတ်လမ်းလေးတွေ ထပ်ရေးဦးမယ်
အဟိ
Mr. MarGa
May 1, 2014 at 3:16 pm
လူတိုင်းမှာ ရူးသွပ်မှု တစ်ခုစီ ရှိကြတယ်။
လူတိုင်းမှာ အစွဲ ကိုယ်စီ ရှိကြတယ်။
လူတိုင်းမှာ ပြန်မဖော်ချင်တဲ့ အတိတ်တွေ ရှိကြတယ်။
အဲ… အဓိက ကွာသွားကြတာက
အဲဒီ အရာတွေကို မြင်တဲ့ အမြင်နဲ့ အဲဒါတွေကို ဘယ်လိုကျော်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ။
လူတွေရဲ့ ထပ်တူရှိတဲ့ အရာတွေထဲက မတူအောင် ခွဲပေးလိုက်တာ အဲဒါပဲ။
ကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ် ထိန်းကျောင်းမှု လို့ပဲ ပြောရလေမလား….
alinsett (gazette)
May 1, 2014 at 5:35 pm
အင်းးးးးးးးးး
marblecommet
May 1, 2014 at 3:24 pm
ပြန်လာခဲ့မယ်နော်…..
စောင့်နေမှာလား ….
alinsett (gazette)
May 1, 2014 at 5:36 pm
စောင့်နေမယ်လို့ မပြောလိုက်ဘူး
မဟာရာဇာ အံစာတုံး
May 1, 2014 at 5:41 pm
နင့်ကို ငါ အကြံတစ်ခုပေးချင်တာက
ဘုန်းကြီး အပြီးဝတ်လိုက်ပါလားကွာ ….
alinsett (gazette)
May 1, 2014 at 5:59 pm
အမငီးးး
ဝတ်မှုန်ရွှေရည်လေးနဲ့တောင် မညားလိုက်ရဘဲ
ဝတ်နိုင်ဗူးးးးး
:kwi:
ကေဇီ
May 1, 2014 at 6:19 pm
အဲလိုပဲ။
ဒါမိုးတွေ ဇာတ်နာအောင်ရေးရေးပြီး သများ မျက်ရည်တွေ ကို ချူ ချူယူတယ်
😥
alinsett (gazette)
May 1, 2014 at 6:51 pm
ငိုပါနဲ့ မမဂျီးရယ်
မမဂျီးငိုပြတော့ သားလည်း ငိုချင်လာတယ်
ဝတ်မှုန်ရွှေရည်လေးကို ဖက် ငိုလိုက်ချင်တော့တာပဲ
sorrow
May 2, 2014 at 3:43 pm
နာတို့ ကချင်တွေကတော့ ခပ်ပြတ်ပြတ်ပဲ ……စိတ်ညစ်အောင်လာလုပ်တယ်နော်…သေဖို့ပြင်ထား…..
ကွကိုယ်တော့မလုပ်ဘူူး….လေယာဉ်မယ်ဖက်တီးမလေးကို စိတ်မချလို့ …..
( အဟိဟိ ..အလွတ်ဝင်ကြွားတာ ..)
alinsett (gazette)
May 3, 2014 at 7:33 am
အဟိ
တူညားဒွေများ ကြွားစရာ ရှိဒယ်
သားသားတို့များမတော့ ရှိဘူး တစ်ယောက်မှ
TNA
May 3, 2014 at 2:17 pm
နင့်အကြောင်းတွေသိနေသူတယောက်အနေနဲ့ ဒီစာစုလေးကိုရင်နဲ့ဖတ်သွားပါတယ်။ ဒီလိုအခြေအနေမှာ လူဆိုးလေးဖြစ်မသွားတဲ့ နင့်ကို တကယ်ကို ချီးကျူးးမိတယ် အလင်းဆက်ရယ်။
alinsett (gazette)
May 3, 2014 at 3:53 pm
🙂
🙂
•*¨နန်းတော်ရာသူ •*¨
May 4, 2014 at 7:57 pm
တိတ်တိတ်လေးငိုရတဲ့အလုပ်ကြီးကိုစိတ်အပျက်ဆုံးပဲ…ကိုယ်လိုချင်တာ လူသိအောင် သိသိသာသာပဲငိုပြချင်တယ်။
😥
😀
alinsett (gazette)
May 4, 2014 at 8:07 pm
အဟိ…
ဒါလည်း… နည်းလမ်းတစ်သွယ်ပဲ..
padonmar
May 5, 2014 at 12:18 am
တကယ် မဟုတ်ဘူးလို့ ပြောပါဟယ်။စိတ်မပူချင်လို့ပါ။
alinsett (gazette)
May 5, 2014 at 7:09 am
တကယ်
.
.
.
.
.
.
.
.
.
.
မဟုတ်ပါဘူးခည
🙂
ဦးကြောင်ကြီး
May 5, 2014 at 1:58 pm
ရုပ်ကြမ်းကြီးနဲ့ နွှဲ့ပြနေဒယ်
alinsett (gazette)
May 5, 2014 at 3:27 pm
ရုပ်ကြမ်း
ဒုတ်ရမ်း
ကုတ်လှမ်း
နှုတ်သရမ်း
:kwi: