ကာဗာလေးများ-သော်ဇင်(လွိုင်ကော်)
စားပွဲတွင် ပြန့်ကျဲနေသော အရောင်များကို ကျွန်တော်မြင်သည်။ အဖြူ၊အစိမ်း၊ စိမ်းဖျော့၊ အနီ၊ ခဲပြာ၊ စသဖြင့် အရောင် ငါးမျိုးရှိသည်။ ထိုအရောင်များထဲမှ ကျွန်တော့်ကို ကြိုက်နှစ်သက်ရာတစ်ရောင်ကို ရွေးချယ်ခိုင်းမည်ဆိုလျှင် အကြိုက်နှစ်သက်ဆုံးကို ကျွန်တော် ရွေးချယ်နိုင်မည် မဟုတ်ပါ။ သို့သော် တစ်နေ့တစ်မျိုး သို့မဟုတ် တစ်ပတ်ကို အရောင် တစ်မျိုးမျိုးကိုတော့ ကျွန်တော် ပြောင်းလဲ ရွေးချယ်လေ့ရှိသည်။ ထိုသည်က အရောင်တွေကို ကြိုက်နှစ်သက်၍ မဟုတ်ပါ။ စိတ်၏ အခါအားလျှော်စွာ အာသီသပြင်းပျမှုအပေါ် ကျွန်တော် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။
(၁)
ရုပ်ဝတ္ထုအစိတ်အပိုင်းတွေကို ပြင်ဆင်နေရာချဖို့ ကျွန်တော် တော်တော်ဝါသနာပါသည်။ ရုတ်တရက် ကျွန်တော့်အခန်းထဲကို ဝင်ကြည့်လိုက်မည်ဆိုလျှင် တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ပြောင်းထားပြန်ပြီဟု လွှတ်ခနဲ ပြောမိတတ်ကြသည်။ ကျွန်တော့်အခန်းဖွဲ့စည်းပုံသည် အမြဲတသတ်မှတ်ထဲမရှိ။ ပြီးခဲ့သည့် အပတ်က ကွန်ပျူတာစားပွဲသည် အခန်း၏ အရှေ့မြောက်ထောင့်မှာ ရှိချင်ရှိမည်ဖြစ်ပြီး ယခုတွင်မူ အနောက်တောင်ဘက် ရောက်ချင် ရောက်နေတတ်သည်။ ထို့အတူ ဆက်တီစားပွဲ၊ စာအုပ်စင်၊ စာရေးကိရိယာများသည်လည်း နေရာအရွေ့ အပြောင်းများ လွန်းလှသည်။ ပုံမှန်လာနေကြ သူငယ်ချင်းများပင် ကျွန်တော့်အခန်း အပြင်အဆင်ကိုကြည့်ပြီး ကျွန်တော့်စိတ်ကိုခန့်မှန်းကြ၏။ အားလုံးသော သူငယ်ချင်းများ၏ အဖြေသည် မင်းတော်တော် စိတ်အပြောင်း အလဲများသည် ဟူ၏။ မှန်ပါသည်။ ကျွန်တော်စိတ် အပြောင်းအလဲများ တတ်ပါသည်။ သို့သော် ရုပ်ပိုင်းဆိုင်ရာ အပြင်အဆင်များကိုသာ ကျွန်တော့် စိတ်ကြိုက်ပြောင်းလဲ၍သာ ရခဲ့ပါသည်။ အချို့သော အရာများကိုတော့ ကျွန်တော်ပြောင်းလဲ မရနိုင်ခဲ့။ မြင်သာထင်သာရှိသော သက်မဲ့အရာဝတ္ထုများကို ကျွန်တော်လိုရာ ရွှေ့ပြောင်း၍ ရနိုင်သော်လည်း ဖမ်းဆုပ်၍မရသော စိတ်ကိုကား ကျွန်တော့်စိတ်တိုင်းကျ နေရာချ၍မရခဲ့ပါ။ ပြီးတော့ အဆင်အလာတွေကို ကျွန်တော်ရွှေ့ပြောင်း၍မစွမ်းသာခဲ့။ လူတို့၏ မိရိုးဖလာယုံကြည်မှု၊ ကိုးကွယ်မှု၊စသည်များကို ကျွန်တော် မပြောင်းလဲနိုင်ပါ။
တခါတလေတွင် ကျွန်တော်က ဘဝများကို ဖုန်းတစ်လုံးထဲတွင်ရှိသော Setting ဆိုသည့် Function တစ်ခုလို ပြုပြင်ပြောင်းလဲ၍ ရချင်ပါသည်။ လူတစ်ယောက်၏ အသွင်အပြင်ကို Display ဟုမြင်ကြည့်ပြီး ဖုန်းတစ်လုံး၏ မျက်နာစာလှပအောင် Wallpaperများဖြင့် ကနဦး အလှစင်ချင်သည်။ ပြီးတော့ Date&Time ဆိုသော အချိန်နေ့ရက်များ နေရာတွင် လူတစ်ယောက်၏ ကတိကဝတ်၊ ကျင့်ဝတ်၊စည်းကမ်းတွေ ထိန်းညှိသလိုမျိုး ညှိကြည့်ချင်သည်။ အခါအားလျှော်စွာ ခဏခဏ Setting ချိန်ညှိ၍ရလျှင် လက်ရှိပိုင်ဆိုင်ထားသော ကျွန်တော့်ခန္ဓာအပြင်၊ ကျွန်တော့်မနှောတွင် အစဉ်တစိုက်ပြောင်းလဲနေတတ်သော ကောင်းမှု၊ မကောင်းမှု အတွေးတွေကို Delete လုပ်ပြင်ဆင်ကြည့်ချင်သည်။
ဒါသည် ကျွန်တော့်စိတ်ကူး သက်သက်သာဖြစ်သည်။ လက်တွေ့မဖြစ်နိုင်မှန်းလည်းသိသည်။ လူသည် သက်ရှိဖြစ်နေသည့်အတွက် လူကလုပ်သော စက်ပစ္စည်းတစ်ခုကို အသုံးချခံနေရာတွင်သာ ထားမြဲဖြစ်ပြီး မိမိစိတ်အလိုအရသာ စက်ပစ္စည်းက ဖြစ်တည်လာရသည်ဟု အစွဲပြုထားကြသည်။ ကျွန်တော့်စိတ်ထဲတွင်လည်း ထိုနည်းလည်းကောင်းပင်တွေး၏။ အမြင်မလှသော ရုပ်၏သွင်ပြင်သည် စိတ်ကြောင့်ပင် လှစေ ဆိုးစေသည်ကို ကျွန်တော် သိသည်။ သို့သော် ထိုစိတ်ကို ကျွန်တော် ဖုန်းတစ်လုံး၏ အပြင်ပန်းကာဗာတစ်ခုလိုမျိုး စိတ်ရောင်စုံများနှင့် ဖုံးအုပ်ထားခဲ့ပါသည်။
(၂)
ဖုန်းဆိုင် တစ်ဆိုင်ထဲသို့ ရောက်လျှင် ကျွန်တော်ပထမဦးဆုံး လုပ်ဖြစ်သည်က ဖုန်းကာဗာများကို စိတ်ဝင်တစား ကြည့်တတ်ခြင်းဖြစ်သည်။ ကျွန်တော့်ဖုန်းနှင့် ကိုက်ညီမည့် ဖုန်းကာဗာအမျိုးအစားရှိမရှိကို ဖုန်း၏ မော်ဒယ်နံပါတ် အမျိုးအစားကို ပြောပြီးရှာမည်။ ရှိလျှင် ကျွန်တော်ရွေးချယ်ဝယ်ယူချင် ဝယ်ယူတတ်သည်။ သို့သော် ကျွန်တော့် အကြိုက်သည် အမျိုးမျိုး ပြောင်းလဲနေတတ်သောကြောင့် ဖုန်းကာဗာရှိခဲ့သည် ဆိုလျှင်တောင် ဝယ်ချင်မှ ဝယ်ဖြစ်ခဲ့သည်။ များသောအားဖြင့် အမှန်တကယ် ကာဗာတစ်ခုကို ပြောင်းလဲတပ်ဆင်နေသည့်အချိန်တွင်တော့ ဝယ်ဖြစ်၏။
ဖုန်းကာဗာတစ်ခု လက်ထဲရောက်လာသည့်အခါ လက်ရှိတပ်ဆင်ထားသော ကာဗာကိုဖြုတ်ပြီး ချက်ချင်းတပ်ဆင်ကာ ဖုန်းကို တစိမ့်စိမ့်ကြည့်ပြီး ကျေနပ်နေတတ်သည်။ ဖုန်းသည် ချက်ချင်းလက်ငင်းပင် သစ်လွင်သွားသကဲ့သို့ ခံစားရသောကြောင့် လည်းပါသည်။ ပြီးတော့ နဂိုမူလဖုန်း၏ ကာဗာလေးလည်း အရောင်မှိန်ခြင်း မရှိသေးသည့် အတွက်လည်း ပါသည်။ ထိုကဲ့သို့ကာဗာတစ်ခုချိန်းလိုက်တိုင်း ဖုန်းကိုတသသထုတ်ကိုင်နေရသည့်အရသာကိုလည်း မက်မောတတ်လာသည်။ သို့နှင့် ကျွန်တော့်လက်ထဲတွင် ဖုန်းကာဗာလေးများ ခြောက်ခုတိတိရှိလာသည်။ အဖြူ၊ အစိမ်းဖျော့၊ အစိမ်း၊ အနီ၊ အဝါ၊ မီးခိုးပြာ စသဖြင့် မတူသောအရောင်များကို ဝယ်ဖြစ်ခဲ့သည်။
ထိုမတူကွဲပြားသော အရောင်များကို ကျွန်တော် ဘာကြောင့်ဝယ်ယူခဲ့ရသနည်း ဟုမေးလျှင် အရောင်များကို ကြိုက်နှစ်သက်ခြင်း မဟုတ်ပါဘဲ ဖုန်းကာဗာများတစ်ခုနှင့်တစ်ခု မတူညီစေချင်သည်က သာပါသည်။ တခါတလေ ဖုန်းတစ်လုံးနှင့် ကျွန်တော့်ကိုယ် ကျွန်တော် ပြန်နှိုင်းယှဉ်မိသည်။ နဂိုမူလပိုင်းဆိုင်ထားသော ခန္ဓာကြီးကို ဖုန်း၏ မူလ ကိုယ်ထည်နှင့်တူသည်ဟု မှတ်ယူလိုက်၏။ သည်တွင် ကျွန်တော်သည် အမျိုးမျိုးသောအဆင်တန်ဆာများနှင့် ကျွန်တော့်ဘဝကိုခြယ်သ ဆင်ယဉ်ခဲ့သော အဖြစ်သနှစ်များကို သတိရသည်။ ရုပ်ဝတ္ထုပစ္စည်းတို့နှင့် အပြင်ပန်း အလှတရားများကို ကျွန်တော်ဖုံးအုပ် ကာကွယ်ခဲ့သည်။ မနက်မိုးလင်းအိပ်ယာထစ မျက်နာကို ကျွန်တော်မျက်နာသစ်ပြီး လိမ်းခြယ်ခဲ့သော တစ်ကိုယ်ရည်တစ်ကာယသုံး ကော်စမစ်တစ်ပစ္စည်းများ၊ ရေချိုးစဉ် သုံးခဲ့သော မျက်နာသစ်၊ ကိုယ်တိုက်ဆပ်ပြာ၊ ခေါင်းလျှော်ရည်များ။ ထိုထိုပစ္စည်းများ တရံတခါ ပြတ်လပ်သည့်အခါမျိုးတွင် ကျွန်တော် မနေတတ် မထိုင်တတ်နှင့် မရှိလျှင် မျက်နာမသစ်တတ်၊ ရေမချိုးတတ်တော့သည့်အထိ ဖြစ်ခဲ့သည်။ ထို့ပြင် လူမှာအဝတ်ဟု ဆိုသကဲ့သို့ ကျွန်တော်ကျင်လည်သွားလာတတ်သော နေရာအနေအထားအလိုက် အဝတ်အစားများကို ဆင်ယင်၏။ သာမာန်ထသွားထလာ အနေအထားတွင် ဝတ်ဆင်လေ့ရှိသည့်က တစ်မျိုး၊ ပွဲကြီးကနားကြီးများတွင် ဝတ်ဆင်သည်က တစ်ဖုံနှင့် ကျွန်တော့်ခန္ဓာကို ဖုံးကွယ်ကအမျိုးမျိုး ဝတ်ဆင်ရပြန်သည်။ သည်လို ဝတ်မှ မျက်စိပသာဒဖြစ်သည်ဟုလည်း ထင်သည်။ ထိုသည့်က လူ့ဝန်းကျင်တွင် လူမူရေးပွဲလမ်းသဘင်များအတွက် ကျွန်တော်၏ ပြင်ဆင်မှုများဖြစ်သည်။
သို့သော် ထိုထိုသော ကာဗာဟုထင်သော ရုပ်ဝတ္ထုပစ္စည်းများသည် အပြင်ပန်းလူတစ်ယောက်၏ ကြည့်ကောင်း ရှုကောင်းစေရန်သာ တက်နိုင်၏။ လူတစ်ယောက်၏ အတွင်းစိတ်ခံစားချက်များကိုတော့ မည်သို့သော ကာဗာမျိုးကမှ ဖုံးအုပ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်ကိုယ်တိုင် စိတ်၏ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းစသည့်ခံစားချက်များကို အပြုံးဖြင့်မဖုံးအုပ်မကာကွယ်နိုင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။ လူတစ်ယောက်၏ ဒေါသ၊ မောဟ၊ လောဘကို ဖုန်းကာဗာလေးများနှင့်တူသော အပြင်ပန်းအရောင်များဖြင့် ဖုန်းတစ်လုံးကိုဖုံးအုပ်သလိုမျိုး ဖုံးအုပ်၍မရနိုင်ကောင်းချေ။
(၃)
မီးပျက်နေ၏။ ခါတိုင်းလို မိုးရွာ၍မီးပျက်ခြင်းမဟုတ်ဘဲ လမ်းဘေးမီးတိုင်များ ပြင်ဆင်စိုက်ထူနေသောကြောင့် မီးပျက်ခြင်းဖြစ်သည်။ တစ်နေ့လုံးလိုလို ရပ်ကွက်တိုင်းနီးပါးလောက် နာရီအပိုင်းအခြားအလိုက် မီးပျက်သည်။ လတ်တလောတွင် ထိုမီးပျက်ခြင်းအကြောင်းအရာသည် လူတိုင်းပါးစပ်ဖျားတွင် တခုတ်တရ ပြောဆိုရလောက်အောင် ဖြစ်နေသည်။ မီးဘာကြောင့်ပျက်ရသည်ဆိုခြင်းထက် မီးပျက်၍ စိတ်ရှုပ်ရခြင်းကိုသာ အလေးသာပြောနေကြသည်။ ကျွန်တော်ကတော့ ပြင်ဆင်စိုက်ထူခြင်းဆိုသည့်အကြောင်းကိုသာ အာရုံစိုက်မိနေသည်။ ဘာကြောင့် ဓါတ်တိုင်တွေပြင်ဆင် စိုက်ထူရပါသလဲ။ ထိုကြောင့် ကျွန်တော်တို့အတွက် မည်သို့အကျိုးရှိမလဲ ဆိုသည်ကို စိတ်ဝင်တစားတွေးသည်။ ဓါတ်တိုင်များ အဟောင်းအသစ်လဲလှယ်ခြင်းကြောင့် ရရှိလာမည့်အကျိုးရလဒ်အကြောင်းက ခုရက်ပိုင်း ခေါင်းထဲနေရာယူနေသည်။ ထိုထဲကမှ ပြင်ဆင်စိုက်ထူခြင်းဆိုသည့် စကားလုံးကိုပို၍ စဉ်းစားတွေးတောနေမိ၏။
ထိုအတွေးသည် ဖုန်းကာဗာလဲလှယ်နေသည့် အချိန်တွင်မှ တိုက်ဆိုင်စွာဝင်လာနေခြင်းဖြစ်ရာ ပြောင်းလဲတပ်ဆင်ခြင်းနှင့် ပြင်ဆင် ဖြည့်စွက်ခြင်းဆိုသည့် စကားစုနှစ်ခုသည် တူမရောင်နှင့် ကွဲပြားသည်ကို ကျွန်တော်တွေ့သည်။ ပြောင်းလဲ တပ်ဆင်ခြင်းသည် အသစ်ကိုဖြစ်တည်စေ၏။ ပြင်ဆင်ဖြည့်စွက်ခြင်းသည် အပျက်ကို ဖာထေးရာရောက်၏။ သို့ဆိုလျှင် ကျွန်တော့်ဖုန်းသည် ပြင်ဆင်ဖြည့်စွက်ခြင်းခံရသည်လော၊ ပြောင်းလဲတပ်ဆင်ခြင်းခံရသည်လော။ ကာဗာလေးတစ်ခုကို တပ်ဆင်နေသည့်အချိန်တွင် ဖုန်း၏နဂိုမူလကိုယ်ထည်ပျက်စီး၍မဟုတ်ဘဲ ပိုမိုသစ်လွင်လှပေစေချင် သည့်စိတ်နှင့် လဲလှယ်မိခြင်းဖြစ်သည်။ သို့ဆိုလျှင် ကျွန်တော်၏ စိတ်ကိုပိုမိုသစ်လွင်လှပအောင် ကျွန်တော်လုပ်ခဲ့ပါသလားဟု မေးလျှင် အဖြေသည်မရှိချေ။
ယခုအချိန်ထိ ကျွန်တော်နေ့စဉ်ဘာတွေပြုပြင်နေခဲ့ပါသလဲ။ မိမိကိုယ်ကိုကိုယ်ကောင်းအောင် ကြိုးစားမည်ဆိုသည့် ဆောင်ပုဒ်လေးတစ်ခုကို ကျွန်တော်ငယ်စဉ်က အကြိမ်ပေါင်းများစွာ ရွတ်ဆိုခဲ့ဖူးပါသည်။ သို့သော်လည်း မိမိကိုယ်ကိုကိုယ် ကောင်းအောင်ဟု ဆိုရာတွင် တစ်ကိုယ်ရည်ကောင်းစားရေးကိုသာ ရှေးရှုလုပ်ဆောင်ခဲ့မိသည်။ ကျွန်တော်ပိုင်ဆိုင်လိုသော ရုပ်ဝတ္ထုများစွာအတွက် ကမာ္ဘမီးလောင် သားကောင်ချနင်းဆိုသည့် စကားကိုလည်း သုံးခဲ့ဖူးသည်။ ကျွန်တော့်ဝန်းကျင်တွင် လိုတိုင်းတ ရစေဖို့၊ လက်ညှိုးညွှန်ရာရေဖြစ်စေဖို့ မည်သူ့ မျက်နာမှ မထောက်ထားပဲ ကျွန်တော် တစ်ကိုယ်ကောင်းဆန် ခဲ့ဖူးသည်။ ထိုထိုသော ရယူပိုင်ဆိုင်မှုများအပေါ် သာယာဖူးသည်။ တစ်နေ့တစ်ခြား ကြီးမားလာသော လောဘများ၊ မောဟများနှင့် နပန်းလုံးနေခဲ့ရသည်ကို ကျွန်တော်က ပြီးပြည့်စုံသော ချမ်းသာခြင်းဟု မှားယွင်းစွာ အထင်ရောက်နေခဲ့သည်။
ဒါသည် မိမိကိုယ်ကိုကိုယ် ကောင်းအောင်ကြိုးစား တည်ဆောက်ခြင်းလော။ အမှန်က စိတ်ထားကိုကောင်းအောင် တည်ဆောက်ယူမှသာ ကျွန်တော်အပါအဝင် ကျွန်တော့်ဝန်းကျင်ကိုပါ အကျိုးဖြစ်ထွန်း ကောင်းမွန်စေမည်ဖြစ်သည်။ တစ်ချို့သော နယ်ပယ်များတွင် ကျွန်တော့်နီးတူ တစ်ကိုယ်ရည်ကောင်းစားရေး၊ ဆွေးမျိုးညာသိကာ ကောင်းစားရေး ကိုရှေးရှုပြီး ရွှေလင်ဗန်းနှင့်အချင်းဆေး မင်းမွေးသည့်သွေးဟု ကြွေးကြော်နေကြသည်။ ထိုသည်က ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့် သဘောကိုဆိုဒ်ရောက်သွားသည်။ ကျွန်တော် နေ့စဉ် ဖုန်းကာဗာလေးများ ပြောင်းခဲ့သည်။ သို့သော် ဖုန်းအတွင်းပိုင်း အပြင်အဆင်များကိုမူ ကျွန်တော်မပြင်ဆင်နိုင်ခဲ့။ ထို့နည်းတူ ကျွန်တော့်စိတ်ကိုမပြုပြင်နိုင်ခဲ့ဘဲ ရုပ်ပိုင်ဆိုင်ရာကိုသာ ဟန်ဆောင်သောအပြုံးများဖြင့်လည်းကောင်း၊ မုသာဝါဒကံကိုလှိုင်လှိုင်ကျူးလွန်၍လည်းကောင်း၊ ညစ်နွမ်းနေစေသည်။ ထို့ကြောင် ကျွန်တော်မူလ အပြင်အဆင်သည် ကျွန်တော့်ဘဝအတွက် မော်ဒယ်လ်နံပါတ် အမျိုးအစား ကျွန်တော်ကိုယ်တိုင် မခွဲထုတ်ရဲတော့ပေ။
(၄)
ယနေ့ ကျွန်တော့်ဖုန်းကာဗာကို အနီရောင်လေးတပ်ဆင်ထားသည်။ ရဲဝံ့စွာ တောက်ပြောင်လှပနေသောကြောင့် ဖုန်းကို တစိမ့်စိမ့်ကြည့် ပီတိဖြစ်၏။ ယနေ့ ကျွန်တော့်စိတ်ကို ကျွန်တော်မည်သည့်အဆုံးအမဖြင့် ကာဗာလုပ်ခဲ့သနည်းဟုမေးလျှင် အဖြေမရှိ။ နေ့စဉ် ကျွန်တော့်နေသော အခန်းအပြင်အဆင်ကို ကြည့်ကောင်းအောင် ပြင်ဆင်ပြောင်းလဲဖြစ်ဦးမည်။ ဖုန်းတစ်လုံးကိုလည်း ထိုကဲ့သို့ ကာဗာလေးများ ပြောင်းလဲတပ်ဆင်ဖြစ်ဦးမည်။ သို့သော်စိတ်ကို ကျွန်တော် ပြင်ဆင်စိုက်ထူ တည့်မတ်ဖို့ကိုတော့ ကြိုးစားဖြစ်ဦးမည်လားမသေချာပါ။
သည်တွင် ကျွန်တော့်ဘဝ၏ အလင်းရောင်ကိုပေးစွမ်းနိုင်သော အလင်းသည် မီးပျက်သကဲ့သို့ပျက်ဦးမည်။ စိတ်ကို Setting ချိန်ညှိဖို့ ထိုအခါမှသတိရမည်။ ထိုအခါ ဦးစွာ ကျွန်တော့်အပြင်ပန်းစိတ် အခြေအနေကို ဖုန်းကာဗာ ရောင်စုံလေးများနှင့်တူသော ဟန်ဆောင်သော အပြုံးအမျိုးမျိုးဖြင့် ဖုံးအုပ်ကာကွယ်ခြင်း ပြုမည် မပြုမည်ကိုတော့ ကျွန်တော်လည်း ယခုအချိန်တွင် ဝေခွဲမရသေးချေ။
သို့သော် အတက်နိုင်ဆုံး ကာဗာလေးများကိုမသုံးရန်မှာမူ ကျွန်တော့်အတွက် လိုအပ်နေပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဖုံးအုပ်ကာကွယ်ခြင်းမရှိသော ဖြူစင်သည့်စိတ်ကို လူတိုင်း အမြတ်တနိုးရှိနေကြမြဲ ဖြစ်သောကြောင့်တည်း။
သော်ဇင်(လွိုင်ကော်)
အောက်ပါ Link တွင်လည်း သွားရောက်ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/photo.php?fbid=10202462191382358&set=a.4804079346166.1073741825.1421606127&type=1&ref=notif¬if_t=like
11 comments
lu lu
May 12, 2014 at 5:24 pm
မျက်နှကိုကာဗာတပ်လို ့ရတယ်
စိတ်ကိုကာဗာတပ်လို ့ရတယ်
ဒါမဲ့ အမြဲတော့မဖြစ်နိုင် ဘူးကျကွဲသွားရင် လူပုံအလယ်
ရှက်စရာ ဖုန်းကိုကာဗာတပ်လို ့ရတယ် ကျကွဲရင် ခံသာတာပေါ့
😀
Mr. MarGa
May 12, 2014 at 7:30 pm
ဖုန်းက ဖုန်း
လူက လူ
ဖုန်း အတွင်းပိုင်းကို အဆင့်မြှင့်မယ့်အစား အသစ်တစ်လုံး ဝယ်တတ်ကြတယ်။
အဲ… လူတွေရဲ့ အတွင်းစိတ်ကတော့
အသစ်ဝယ်ထည့်လို့မရဘူးနော့
ဖုန်းတစ်လုံးဟာ ဟောင်းသွားလို့၊ မော်ဒယ်အောက်သွားလို့၊ ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အသစ်လဲတတ်ကြတယ်…
အိမ်ကမဟေသီတွေကိုလည်းး အကြောင်းပြချက် အမျိုးမျိုးနဲ့ (အဲ…. နောက်ကအသံကြားတယ် ဒီမှာတင်ရပ်မှ :mrgreenn: )
ကေဇီ
May 12, 2014 at 7:54 pm
One of my favorite posts in this month.
😀
သော်ဇင် (လွိုင်ကော်)
May 13, 2014 at 8:10 am
Thanks K Zi
kai
May 13, 2014 at 9:02 am
ကျုပ်ကတော့.. ဖုံးဖြစ်ဖြစ်.. ကင်မရာဖြစ်ဖြစ်.. တီဗီဖြစ်ဖြစ်..ကွန်ပြုတာဖြစ်ဖြစ်.. မူရင်းအတိုင်းကိုကြိုက်တယ်..။
ကာဗာမလို..
စတစ်ကာမကပ်လို.. မှန်ကာဗာမကပ်..။
ဟီး..
.. တောသားဆန်တယ်ထင်လို့…။
ROssI
May 13, 2014 at 9:26 am
ကွကိုယ် နိုကီယာ ကိုင်နေသလား.. ပန်းသီးကိုင်နေသလား ..ဆင်ခြင်ပါလေ..
တခုပြုတ်ကျ တခါဂွပ် တဲ့ စက်ရုပ် …ကိုင်ပီးတော့ညား.. အူးလေးရယ်..
လေနီးနီးလျှော့ ..အာဟွတ်..။
padonmar
May 14, 2014 at 12:51 am
စိတ်ကူးလေးရော အရေးအသားရော ကြိုက်မိပါတယ်။
alinsett (gazette)
May 14, 2014 at 5:25 pm
တွေးအားကောင်းတော့
ရေးသားတဲ့ အားပါကောင်းတယ်
အကြောင်းအရာလေးလည်း လှတယ်ဗျို့
ကျနော် ညွှန်းဆိုချင်သော ပိုစ့်များထဲမှာ
ကိုသော့် ပိုစ့်တွေ အမြဲ ပါတယ်
🙂
kyeemite
June 12, 2014 at 3:46 pm
ကြိုက်တယ်ဗျာ…အတွေးရော အရေးပါ…
တစ်ခုတော့ သတိပြုမိတယ်…
အဆင်အလာ
အလှစင်ချင်သည်
ကျွန်တော့မနှော…ဆိုတာလေးတွေမှားနေလားလို့
ခင်မင်စွာအားပေးလျှက်ပါနော 🙂
သော်ဇင် (လွိုင်ကော်)
June 13, 2014 at 9:47 am
ခုလိုထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုကြီးမိုက်
ဆက်လက်ကြိုးစားပါဦးမယ်ဗျ 🙂
Ma Ma
June 13, 2014 at 7:51 pm
ကိုယ်ပြောချင်ရာရောက်အောင် ဥပမာနဲ့သိုင်းဝိုင်းပြီး ခေါ်သွားတဲ့ ရေးဟန်ကို သဘောကျတယ်။ 🙂