ငှား၍ဝတ်ခြင်းမဝတ်ခြင်း၊ ကိုယ်တိုင်သိခြင်း မသိခြင်း-သော်ဇင်(လွိုင်ကော်)
လွန်ခဲ့တဲ့တစ်ပတ်ခန့်က သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ကို မနက် ၉နာရီလောက်ကြီး ကျွန်တော်ရောက်သွားတယ်။ သူငယ်ချင်းက ကျွန်တော့်ကိုမြင်မြင်ချင်း
“ဟာအတော်ဘဲ ဟေ့ကောင် ငါနဲ့အတူမင်္ဂလာဆောင် တစ်ခုကိုလိုက်ခဲ့စမ်းကွာ“ လို့ပြောတယ်။ အမှန်တော့ အဲဒီ မင်္ဂလာဆောင် ကလည်း ကျွန်တော်နဲ့ ခင်မင်ရင်းနှီးနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မင်္ဂလာဆောင်ပါ။ ဖိတ်စာ မရောက်တာတော့ ဘာကြောင့်လဲ မသိဘူးပေါ့ ။ ဒီတော့
“ငါက ဒီအတိုင်းလိုက်ရမှာလားကွ၊ အိမ်ခဏပြန် အဝတ်လဲလိုက်ဦးမယ်“
“လဲမနေနဲ့တော့ကွာ ငါ့အဝတ်အစားပဲမင်းယူဝတ်လိုက်တော့ ငါဝတ်တာ XL မင်းဝတ်တာလည်း XLပဲ၊ လာအခန်းထဲ သွားလဲရအောင်“ဆိုပြီး ခေါ်သွားရာက သူငယ်ချင်းရဲ့ ပွဲတက်ဝတ်စုံအပြည့်နဲ့ မင်္ဂလာဆောင်ကို ထွက်လာခဲ့ကြပါတယ်။ ကျွန်တော့် ကိုယ်ပေါ်က သူငယ်ချင်းရဲ့ ဝတ်စုံကိုဝတ်ရတာဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလို ခံစားနေရတာ လမ်းတစ်လျှောက်လုံးပါ။ ကျွန်တော့် အဝတ်အစားနဲ့ကျွန်တော်ဆို ယုံကြည်မှုအပြည့်နဲ့ ဖြစ်နေမှာလို့လည်း အိမ်ပြန် အဝတ်မလဲမိတဲ့ အတွက် နောင်တတွေရနေမိပါတယ်။ မင်္ဂလာဆောင်ရောက်တော့ တချို့ သူငယ်ချင်းတွေ ရောက်နေတာကိုလည်း တွေ့ရတယ်။ ဒီမှာ အဲဒီထဲက သူငယ်ချင်း တစ်ယောက်ထ ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် ဧည့်ပရိတ်သတ် အလည်မှာ အရှက်လုံးလုံးကွဲ သွားသလိုဖြစ်သွားရပါတယ်။ သူငယ်ချင်းက ဘယ်လို ထပြောလိုက်သလဲဆိုတော့
“ဟေ့ကောင် သော်ဇင် မင်းဝတ်ထားတာ ခန့်ကျော် အကျီကြီးမလား” တဲ့။ မသိတဲ့သူတွေအတွက်တော့ ကျွန်တော်အဲဒီနေ့ ဝတ်လာတဲ့ အဝတ်အစားဟာ သူငယ်ချင်းခန့်ကျော်ရဲ့ အဝတ်အစားပါလို့ ဘယ်သူမှရိပ်မိမှာ မဟုတ်ပါဘူး။ သိတဲ့သူတွေ အတွက်ကတော့ ဘယ်အချိန်ဘယ်ကာလမှာပဲ တွေ့တွေ့ ခုဝတ်ထားတာ ခန့်ကျော်ရဲ့ အဝတ်အစားပါလို့ သိနေမှာပါပဲ။
*********
အဲဒီအကြောင်းလေးနဲ့ စပ်လျဉ်းပြီး ကျွန်တော်ပြောချင်တာလေးရှိလာတော့ သိတတ်ခြင်းကြောင့် ပြောလိုရင်းမဟုတ်ဘဲ၊ ကြားမြင်မိခြင်းကြောင့် ပြောလိုစိတ်ဖြစ်လာရတာပါလို့ အရင်ပြောချင်ပါတယ်။ ကျွန်တော်တို့ စာရေးသူတွေထဲမှာ စာဖတ်နာသူတွေလည်း ရှိသလို ကြိုးစားဖတ်နေရသူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ဖတ်ခဲ့သမျှထဲက အကြိုက်ဆုံး စာသားလေးတွေ၊ ကဗျာ အပိုင်းအစလေးတွေလည်း ရှိကောင်းရှိမပေါ့။ တစ်ချို့က စာတစ်ပုဒ်လုံး ကြိုက်ကြတယ်။ တစ်ချို့က စာတစ်ကြောင်းတည်း ကိုပဲကြိုက်ကြတယ်။ ကဗျာကိုကြိုက်တဲ့ သူကလည်း ကဗျာတစ်ပုဒ်ထဲက အကြိုက်ဆုံး အပိုဒ်ကိုပဲ ရွေးရွတ်တတ်တာလည်း ရှိကြပါတယ်။ စာဖတ်သူတွေမှာလည်း ခံစားချက်ဆိုတာလေးတွေရှိတတ်တော့ လက်ရှိဖြစ်ပျက်နေတဲ့ခံစားမှုတွေနဲ့ တိုက်ဆိုင်လာတဲ့အခါမျိုးတွေမှာ ကိုယ်ဖတ်မိတာလေးတွေကို ဦးနှောက်ထဲ စွဲစွဲမြဲမြဲ တစ်ခါတည်း မှတ်မိသွားတတ်ကြတယ်။ အဲဒီလိုပဲ သီချင်းတွေကိုလည်း ခံစားချက်နဲ့ကိုက်ညီရင် တစ်ခါတည်းကြိုက်သွား တတ်ကြတာပဲ။
ကျွန်တော်တို့ခု စာရေးသူဖြစ်လာကြပါပြီ။ ကျွန်တော်တို့ခံစားရတာကို အိတ်သွန်ဖာမှောက်ပြောချင်တဲ့အခါမျိုး၊ ဒါမှမဟုတ် ဆင့်ပွားခံစားပြီး မျှဝေချင်တဲ့အခါမျိုးမှာ ကျွန်တော်တို့ရေးထားတဲ့ ကဗျာ ၊ ဆောင်းပါး၊ ရသစာတမ်း၊ ဝတ္ထုတိုစသဖြင့် ပုံဏ္ဍာန်မျိုးစုံထွက်ရှိလာကြပါတယ်။ အဲဒီ အမျိုးအစားတွေထဲမှာ ကျွန်တော်တို့ရေးသမျှဟာ ကိုယ်ပိုင်စိတ်ကူးနဲ့ ကွန့်မြူး ရေးထားတာတွေလည်း ပါမယ်။ ဒါမှမဟုတ် လေ့လာဖတ်ရှုထားတဲ့ စာအုပ်တွေဆီကရတဲ့ အတွေးအမြင်တွေပါမယ်။ တစ်ချို့ အရေးအသားတွေ၊ ပေးချင်တဲ့ Message တွေကို ကျွန်တော်တို့ ကိုယ်ပိုင် စကားလုံးတွေနဲ့ သုံးစွဲ ရေးသားထားကြပြီး၊ တစ်ချို့ စကားလုံးတွေကိုတော့ မူရင်းပေးချင်တဲ့ ရသ မပျက်စီးစေအောင် မူလစာရေးသူရဲ့ အရေးအသားအတိုင်း ချရေးရတာတွေလည်း ပါတာပေါ့။ ဒါကို ဖတ်မိသူတစ်ယောက်က သူအရင်ဖတ်ခဲ့ဖူးတဲ့ စာထဲက စာကြောင်းတွေ ပါလားလို့သိရှိသွားတဲ့အခါ ဒီစာရေးသူဟာ ကူးချတတ်ပါလားလို့ အထင်မရှိအောင် စာတစ်ပုဒ်ပြီးတိုင်း ကလောင်နာမည်အောက်မှာ ကိုးကားတွေ၊ ဝန်ခံချက်တွေ ရေးပေးထားရတတ်တယ် မဟုတ်လား။ ဒါမှလည်း ကျွန်တော်တို့ ရေးလိုက်တဲ့စာတစ်ပုဒ်ဟာ အပြစ်ကင်းမယ်မဟုတ်လား။
ကျွန်တော်တို့ စာတွေဟာ ကျွန်တော်တို့ကိုယ်တိုင် နှလုံးသားနဲ့ခံစားပြီး ဦးနှောက်က ဖန်တီးရေးခြယ်ထားတဲ့ ကိုယ်ပိုင်အနုပညာ စစ်စစ်ဖြစ်ဖို့လိုပါတယ်။ အချို့အကြောင်းအရာတွေကို ကိုယ်ပိုင်ဖန်တီးထားတဲ့ ဝတ္ထုတွေ၊ ကဗျာတွေမှာ မဖြစ်မနေဖြစ်စေ၊ ကိုယ်တိုင်က ကြိုက်သည်ဖြစ်စေ ထည့်သုံးရမယ့် အခြေအနေလေးတွေရှိလာတဲ့ အခါမျိုးမှာ သူများ ကဗျာတွေ၊ စာတွေကို ယူသုံးလို့ရပါတယ်။ ဒါပေမယ့် သတိပြုရမှာက ကျွန်တော်တို့စာတွေတစ်ပုဒ်ပြီးတိုင်း မူရင်း စာရေးသူကို credit ပေးဖို့သတိချပ်ရမှာဖြစ်ပါတယ်။ ကိုးကား၊ ဝန်ခံချက် မည်သို့ရေးရေးဒါဟာ မူလစာရေးသူရဲ့စာတွေကို အသိအမှတ်ပြုရာရောက်ပါတယ်။
တစ်ချို့ကပြောကြပါတယ်။ တစ်ပုဒ်လုံး ရေးချထားတာမှမဟုတ်တာ။ စာတစ်ကြောင်းထဲပဲ၊ ကဗျာတစ်ပိုဒ်ထဲပဲ ကိစ္စမရှိလောက်ပါဘူးပေါ့။ အဲဒါလည်း ကိစ္စရှိပါတယ်။ အဲဒီထည့်ရေးထားတဲ့ စာတွေကဗျာတွေကို သိတဲ့သူတွေဖတ်တဲ့အခါ ဒီစာရေးဆရာက သူများ စာတွေထည့်ရေးထားတာပဲလို့ ချက်ချင်းသိနိုင်ပါတယ်။ စာရေးသူတွေက စာဖတ်သူတွေကို အထင်သေးလို့မရပါဘူး။ တစ်ချို့စာဖတ်သူတွေဟာ စာရေးသူတွေထက်ကို စာစုံဖတ်ထားသူတွေရှိပါတယ်။ မှတ်လည်း မှတ်မိနေတတ်ကြပါတယ်။ အဲဒီအခါမျိုးတွေမှာ စာရေးသူကို စာခိုးချသူလို့ ထင်ကောင်းထင်စရာတွေဖြစ်လာတတ်ပါတယ်။
တစ်ခါတစ်လေတော့လည်း စာရေးသူကိုယ်တိုင်က မသိစိတ်မှာစွဲနေတဲ့ ဖတ်ဖူးသမျှထဲက အရေးအသားတွေကို ကိုယ်တိုင် စာရေးချိန်မှာ ချရေးတတ်တဲ့ အခါမျိုးတွေလည်း ရှိတာပေါ့။ ချစ်တယ်ဆိုတဲ့ စကားလုံးကို လူတိုင်း အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် စာရေးသူတစ်ယောက် ဖွင့်ဆိုထားတဲ့ အချစ်ရဲ့အဓိပါ္ပယ်ကို ကိုယ်က ယူသုံးတော့မယ် ဆိုရင်တော့ သူ့စကားလုံးဖြစ်တဲ့ အတွက် သူပဲပိုင်ပါတယ်။ သူ့ရင်ထဲကဖြစ်တည်လာတဲ့ စကားလုံးအသုံးအနှုန်းတွေ၊ သူရေးသားထားတဲ့ ကဗျာလေးတွေ၊ သူရေးထားတဲ့ ဒိုင်ယာလော့ခ်လေးတွေစသဖြင့် ဤသည် မရွေး ယူသုံးမိနေပြီဆိုရင် ကူးချရာရောက်နေပါပြီ။
စာရေးသူတွေမှာလည်း မိမိတို့ဖတ်ခဲ့ဖူးတဲ့ စာရေးဆရာတွေရဲ့ အရိပ်တွေ လွမ်းမိုးနေတတ်ပါတယ်။ တခါတခါတော့ ကြိုက်မှန်းမသိ ကြိုက်နေတတ်တဲ့ စကားလုံးလေးတွေရှိနေတတ်တယ်။ ကိုယ်တိုင်ရေးတဲ့အခါ ထည့်သုံးမိလိုက်တယ်။ တစ်လုံး ၊နှစ်လုံး ၊သုံးလုံးဆိုတာ ပါသွားတတ်စမြဲပါ။ မြန်မာဗျည်းက (၃၃)လုံးတည်းရှိတာပဲ။ စကားလုံး ဝေါဟာရတွဲစပ်တာတွေက အဲဒီဗျည်း(၃၃)လုံးထဲမှာပဲ တဝဲလည်လည်နေတတ်တယ်ဆိုတော့ ဒီလို ရေးမိတာကိုတော့ ကူးချတယ်လို့ ဆိုလို့မရပါဘူး။ အကယ်၍ စာတစ်ကြောင်းကို ယူသုံးတော့မယ်ဆိုရင်တော့ မူရင်း စာရေးသူရဲ့ ကလောင်နာမည်နဲ့တကွ ဝတ္ထုစာသားထဲမှာ ထည့်ရေးလို့ရပါတယ်။ ဒါမှမဟုတ် စာကြောင်းရဲ့အစနဲ့အဆုံးမှာ ကြယ်ပွင့်သင်္ကေတ (*)လေးခံပြီး ဝတ္ထုဆုံးတဲ့အခါ မည်သည့်စာရေးဆရာရဲ့ ဘယ်ဝတ္ထုပါ စကားပါဆိုပြီး ဝန်ခံလို့ရပါတယ်။
တစ်ချို့တော့ အဲဒီလောက် အထိလိုလို့လားလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ စာရေးသူအချင်းချင်း ခင်မင်ရင်းနှီးနေတာပဲ သူ့စကားလေး ငါသုံးလိုက်လဲ သူဘာမှမပြောနိုင်ပါဘူးလို့ တွက်ကောင်းတွက်တဲ့ သူတွေလည်းရှိပါတယ်။ စာရေးသူ အချင်းချင်း Respect ထားသင့်ပါတယ်။ အသက်ကြီးသည် ငယ်သည်မဟူ သူ့အနုပညာကို ကိုယ်က လေးစားမှုရှိရပါမယ်။ ကိုယ်မတွေးမိတာတွေ သူတွေးမိနိုင်တယ်။ ကိုယ်မရင့်ကျက်တာတွေ ရင့်ကျက်နေနိုင်ပါတယ်။ သူ့စာတွေထဲက ကိုယ်ဖတ်လိုက်ရတဲ့ စကား၊ စကားစုကိုကြိုက်လို့သုံးမယ်ဆိုရင်လည်း ခွင်ြ့ပုချက်တောင်းရင်တောင်း၊ မတောင်းရင် စာအောက်မှာ credit ပေးလိုက်လို့လည်း အပမ်းမကြီးပါဘူး။ တစ်ချို့သော စုန်းပြုးများကတော့ ကိုယ်ရေးသလိုလို အထင်ရောက်အောင် ပြုကျင့်ကြတယ်။ ခပ်တည်တည်ပဲ စကားလုံးတွေယူသုံးသွားတယ်။ တစ်ဖက်သူကို ဘာမှအသိမပေးကြပါဘူး။
လူ့လောက ဆိုတာကလည်း ရေးစရာ၊ ပြောစရာများ လှပါတယ်။ တခါတရံ အတွေးတူနေတတ်တာလည်း ရှိတယ်။ ဒါပေမယ့် စီနီယာ တစ်ယောက်က ရေးထားရှိနေရင် နောက်လူက လက်ရှောင်ပေးရပါတယ်။ သူ့နည်းတူ အခြားပလော့၊ ရှုထောင့်ကနေရေးလို့ရပါသေးတယ်။ ခေါင်းစဉ်တူနေရင်တောင် ပြန်ပြောင်းပေးရပါတယ်။ အဲလိုပဲ ကလောင်နာမည် တူနေရင် စီနီယာကို လေးစားမှုနဲ့ ပြောင်းပေးရပါတယ်။ တစ်ချို့ တယူသန်တွေကိုတော့မပြောလိုပါဘူး။
အဓိကပြောချင်တာကတော့ ကျွန်တော်တို့ ရေးသမျှစာတွေထဲမှာ သူများအကျီကို ကောက်လျှိုထားတာမျိုး မပါစေချင်ပါဘူး။ အကယ်၍ပါခဲ့မယ် ဆိုရင်တောင် ကျွန်တော်တို့ ငှားဝတ်ထားတယ် ဆိုတာကို ရဲရဲကြီးပြောရဲရပါမယ်။ ဘယ်အကျီပဲ ဝတ်ဝတ်ပါ အဓိကလုံခြုံဖို့ အဓိက ကျွန်တော်တို့ ဝတ်ကြပါတယ်။ ပြီးတော့ လှပဖို့အတွက် ဝတ်ကြပါတယ်။ ပြီးတော့ လိုက်ဖတ်ဖို့အတွက် အကျီရွေးကြပါတယ်။ ကျွန်တော်တို့ ကိုယ်ထက်မှာ ဝတ်ထားတဲ့ အဝတ်အစားရဲ့ အရောင်အသွေး အဆင်ကိုကြည့်ပြီး သူ့အဆင်လေးလှတယ်၊ ကိုယ့်အဆင်လေး လှတယ်နဲ့ အများက အသိအမှတ်ပြု လာကြတာပါ။
ဒီတော့ ကျွန်တော်တို့အတတ်နိုင်ဆုံး ကိုယ်ပိုင် ဒီဇိုင်းနဲ့ လှပတဲ့အရောင်တွေပေါင်းပြီး အကျီချုပ်ဝတ်ကြပါမယ်။ ရံဖန်ရံခါလိုအပ်တဲ့အခါမှာ သူတစ်ပါးဆီက အကျီတွေငှားဝတ်ကြပါမယ်။ အဲဒီအခါ ကျွန်တော်တို့ ဘယ်သူ့ဆီက ငှားဝတ်ထားပါကြောင်း မရှက်မကြောက်ပြောရဲတဲ့ သတိ္တလိုပါတယ်။
ဒီလိုပါပဲ ကျွန်တော်တို့ရေးသားထားတဲ့ စာတွေဟာလည်း ကိုယ့်စိတ်ကူးနဲ့ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အရေးဖြစ်ဖို့လိုပြီး၊ တစ်ပါးသူရဲ့ စာကို ယူရေးဖြစ်ခဲ့တယ်ဆိုရင်တောင် လေးစားတမူရှိအပ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။
****ကိုယ်ပိုင်ဒီဇိုင်းနဲ့ အကျီလေးတွေချုပ်ဝတ်နိုင်ကြပါစေ***
သော်ဇင်(လွိုင်ကော်)
Date-15th-May-2014
Time-01:38pm
*** အောက်ပါ Link မှာလည်း သွားရောက်ဖတ်ရှူနိုင်ပါသည်****
https://www.facebook.com/photo.php?fbid=10202479486934736&set=a.4804079346166.1073741825.1421606127&type=1&ref=notif¬if_t=like
11 comments
Mr. MarGa
May 15, 2014 at 2:55 pm
ငှားမဝတ်ဘဲ
မသိအောင်ဝတ်ချင်တာဗျ :mrgreenn:
နောက်တာပါဗျာ
စာရေးရာမှာ အကိုးအကားတွေ ပြန်ညွှန်းပြပေးတာက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုလို့ မြင်ပါတယ်ဗျာ
တစ်ခါတစ်ခါမှာ ခေါင်းထဲ စွဲနေတဲ့ စာသားတွေကို ဘယ်သူရေးမှန်းမသိဘဲ ထည့်ထည့်သုံးတာတွေလည်း ရှိခဲ့ပါရဲ့
အဲဒီကျတော့လည်း မှတ်ထားဖူးတဲ့ စာသားတစ်ခု ပေါ့ဗျာ နော့
စကားမစပ် ဒီစာကို ဂျာနယ်တိုက်တစ်ခုခုကို ပို့ပါဗျာ… တကယ်ကောင်းလို့ပါ 🙂
သော်ဇင် (လွိုင်ကော်)
May 15, 2014 at 4:02 pm
ပို့လိုက်ပါပြီ စောစောကလေးတင်ပို့လိုက်တယ် ရွေးမရွေးတော့ သူတို့အပိုင်းထင်တာပါပဲ ဦးမာဃရာ 😛
alinsett (gazette)
May 15, 2014 at 3:40 pm
အတွေးကောင်း
အရေးကောင်း
——
အဝတ်အစားဟာ
လူရဲ့ စိတ်နေသဘောထားကို သက်ရောက်မှုရှိတာတော့ အမှန်ပဲ
—–
သော်ဇင် (လွိုင်ကော်)
May 15, 2014 at 4:07 pm
အမာခံကြီးလည်း ချက်ချင်းလာဖတ်သွားတယ် ကျေးကျေး
lu lu
May 15, 2014 at 5:48 pm
လုလု တော့ကိုယ်ပိုင် အင်္ကျီ ဝတ်နိုင် အောင် အများကြီးလေ့လာ
သင် ယူရဦးမယ် 🙁
ကေဇီ
May 15, 2014 at 7:00 pm
ဟုတ်ပါ့။
အဆုံးစွန် ဘယ်သူမှ ကိုယ်ခိုးတာကို မသိတောင်မှ ကိုယ့်ကိုယ်ကို သူခိုးမှန်းသိနေတယ် ဆိုတာ မျိုး..!
ဘာလုပ်လုပ် လိပ်ပြာလုံဖို့ အရေးကြီးတာပဲ။
ဒီ ပို့(စ) ကိုလည်း ကြိုက်တယ်ဗျ။
ဒီ လ ၂ ပုဒ်ရှိပြီ။
🙂
ကျနော်တော့ လိပ်ပြာလုံအောင် …..
လိပ်ပြာတစ်ကောင်လောက်ဖမ်းပြီး အကျဉ်းချထားမလားလို့ပဲ။
:mrgreenn:
Paing Lay
May 15, 2014 at 8:08 pm
ကြိုက်သွားပြီဗျို့ ဖွဘုတ်မှာကျ ကိုယ်ပိုင်အတွေးအခေါ်နဲ့ သာပြောမယ်ဆိုရင် အနော်က ဆဲသံပါမိလို့ တစ်ပန်းအမြဲတမ်းရှုံးတယ်။ ဒီတော့ ကိုယ့်ဒေါသကိုယ် ပြန်ထိန်းတဲ့အနေနဲ့ ဒီက ပို့စ်တွေကို ဖွဘုတ်ပေါ်က ဘော်ဘော်တွေ သိအောင်ပြန် share ပါတယ်။ ဒါပေမယ့် သူကတော့ သူ့ရင်ထဲက ခံစားချက်တွေကို ရှေ့တန်းတင်ပြီး သူသိတာတွေပဲ လာအလွတ်ကျက်ပြသွားတယ်။(ဗန်းမော်ဆရာတော်ကြီး နှုတ်တိုက်ပြီး အာဂုံဆောင်ရွတ်သလိုကို ရွတ်ပြတာ။ ဒါပေမယ့် သူ့အမြင်တွေကိုလည်း သုံးသပ်ပြသွားပါသေးတယ်)။ ကျွန်တော်ကတော့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးနိုင်ဖို့ဆိုတာ ခက်ခဲနေပါသေးတယ်။ Try again to Try again ပေါ့ဗျာ 🙂
ကိုပေါက်(မန္တလေး)
May 16, 2014 at 12:39 pm
ကိုေ သာ် ဇင်
မ တု ဘဲ မမ သွား ကြ တာ မကြာ ခဏ ပါဘဲ။
ကိုယ ် တိုင် လဲ သူ များ ရဲ့ စကား လုံး ကေ နဆင့် ပွား လဲ ယူ ဘူး ပါတယ်။
ခေါင်း စဉ် အဖြစ ်လဲ ထု တ်သုံ းဘူး ပါ တယ်။
ဒါေ ပမယ် စာ တပုဒ် လုံး မ တာ ကေ တာ့ ဆိုး ချက်။
kyeemite
May 17, 2014 at 3:13 pm
စု..တု..ပြု…ဆိုသမို့လား ကိုသော်ရဲ့
padonmar
June 7, 2014 at 10:27 pm
ထောက်ခံပါတယ်။
Ma Ma
June 13, 2014 at 7:44 pm
မှန်လိုက်လေ။
ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အရေးနဲ့ ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ လိုတာပေ့ါ။
သော်ဇင်ရဲ့ ရေးဟန်ကိုလည်း သဘောကျတယ်။
****ကိုယ်ပိုင်ဒီဇိုင်းနဲ့ အကျီလေးတွေချုပ်ဝတ်နိုင်ကြပါစေ*** ဆိုတဲ့ ဆုတောင်းလေးလည်း သဘောကျတယ်။ 🙂